- Published on
- Published on
မိဒေဝီချမ်း
(Mon State Development Center)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“စုံလင်ကွဲပြားမှုကို အပြန်အလှန် ရိုသေလက်ခံလေးစားတဲ့ စံတန်ဖိုးကို သတ်မှတ်သင့်ပါတယ်။ လူနည်းစုအခွင့်အရေးကို ချိုးဖောက်ရင်လည်း နိုင်ငံက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါဘူး”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
နွေဦးတော်လှန်ရေးက မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ စစ်ရေးအရ၊ နိုင်ငံရေးအရ အများကြီးကို အရာရောက် စေခဲ့ပါတယ်။ စစ်ကောင်စီက အဘက်ဘက်ကနေကျဆုံးနေတယ်လို့ သုံးသပ်မိတယ်။ ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးရဲ့ ထိုးစစ်ကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါတယ်။ နောက်ပြီးတော့ နွေဦးတော်လှန်ရေးမှာဆိုရင် တိုင်းရင်းသားသာမက ဗမာလူမျိုးတွေကလည်း အဓိကပါဝင်လာတယ်။
ဟိုးအရင်တုန်းကဆို တော်လှန်ရေးမှာ ဗမာလူမျိုးတွေက မပါဝင်လာကြဘူး။ တိုင်းရင်းသားလူမျိုး အနည်းစုကပဲ တော်လှန်ရေးကို စတင်ကြတယ်။ အခုကတော့တိုင်းရင်းသားပေါင်းစုံ၊ ဗမာလူမျိုးအကုန်လုံး အင်အားပေါင်းစုံနဲ့ တိုက်ခိုက်တဲ့အတွက်ကြောင့် နွေဦးတော်လှန်ရေးက ဟိုးအရင်လက်ထက်ထဲက စတင်ခဲ့တဲ့တော်လှန်ရေးထက်ကို အများကြီးကောင်းတယ် လို့ သုံးသပ်မိတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
ပထမဦးဆုံးအချက်အနေနဲ့ဆိုရင် လူ့အခွင့်အရေးကို စံတန်ဖိုးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ နောက်တခု အနေနဲ့က ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်ပေးတဲ့ဥပဒေကိုလည်း သတ်မှတ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာဆိုရင် ပြည်နယ်ဥပဒေက မရှိဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့နိုင်ငံ ဖြစ်တယ်။
တိုင်းရင်းသားတွေနဲ့ပေါင်းဖွဲ့ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေ အခွင့်အရေးမရရင် မြန်မာနိုင်ငံက မငြိမ်းချမ်းနိုင်ဘူး။ အဲ့အတွက်ကြောင့် သူ့ရဲ့ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်ပေးမှ မြန်မာ နိုင်ငံက သာယာအေးချမ်းတဲ့ နိုင်ငံကိုတည်ထောင်နိုင်မယ်။ နောက်တခုက လူနည်းစုကို အပြည့်အဝ အကာအကွယ်ပေးနိုင်တဲ့ အခွင့်အရေး ဖြစ်ရမယ်။
စုံလင်ကွဲပြားမှုကိုလည်း အပြန်အလှန် လက်ခံလေးစားရမယ်။ စစ်ကောင်စီလိုမျိုး ဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာ နိုင်ငံမဟုတ်ပဲ ခရစ်ယာန်တို့၊ အစ္စလာမ်တို့လို တခြားသော မတူညီ ကွဲပြားမှုကို လက်ခံပြီးတော့ အပြန်အလှန် ရိုသေလက်ခံလေးစားတဲ့ စံတန်ဖိုးကို သတ်မှတ်သင့်ပါတယ်။ လူနည်းစုအခွင့်အရေးကို ချိုးဖောက်ရင်လည်း နိုင်ငံက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါဘူး။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
မြန်မာနိုင်ငံပဲဖြစ်ဖြစ် တခြားနိုင်ငံပဲဖြစ်ဖြစ် နိုင်ငံတိုင်းက လူတစ်မျိုးတစ်ခုတည်းနဲ့ ဖွဲ့စည်းထားကြတာ မဟုတ်ဘူး။ လူပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ ဖြစ်တယ်။ ဒါကြောင့် လူတစ်စုကပဲ အာဏာကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ လူတစ်မျိုးတည်းကဘဲ နေရာတိုင်းမှာ စီမံပိုင်ခွင့် မရှိဘူး။ လူအားလုံးမှာ စီမံပိုင်ခွင့် ရှိပါတယ်။
အကယ်၍လူတစ်ဦးတစ်ယောက်ထဲကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုရင် အဲ့ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ပဲနဲ့ အာဏာရှင်စနစ်ကို ဦးတည်နေတဲ့နိုင်ငံအဖြစ် သုံးသပ်လို့ရတယ်။ အခုမြန်မာနိုင်ငံရဲ့ အခြေအနေလိုမျိုးပေါ့။ နောက်ပြီးတော့ လူတစ်ဦးတစ်ယောက်၊ လူတစ်စုကပဲ နိုင်ငံတခုလုံးရဲ့ အခြေအနေကို မခြုံပြီးတော့ မမြင်နိုင်ဘူး။ တခြားသောလူတွေရဲ့အမြင်ကိုနားထောင်ပြီးမှသာလျှင် အဲ့ဒီပြသနာရဲ့ အကြောင်းအရင်းအမှန် ကို ဆန်းစစ်နိုင်တယ်။ ဝေဖန်နိုင်တယ်။
အဲ့ဒါကြောင့်မို့ စုံလင်ကွဲပြားမှုက အရေးကြီးပါတယ်။ အမျိုးသမီးတွေ က ဦးဆောင်မှုနေရာမှာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဥပဒေရေးဆွဲတဲ့နေရာမှာ ပါဝင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေကပဲ အမျိုးသမီးတွေရဲ့အခွင့်အရေးကို အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ခံစားချက်ကို အပေါ်ယံလောက်ပဲမြင်နိုင်ပါတယ်။
အခုလက်ရှိအခြေအနေလိုမျိုး အမျိုးသမီး တွေရဲ့အသံက မပေါ်ထွက်လာဘူး။ အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုတွေက ပျောက်ဆုံးနေတယ်။ အဲ့ဒီအခြေ အနေနဲ့ ကြုံတွေ့ရတယ်။ အဲ့ဒီအတွက်ကြောင့် လက်ရှိအမျိုးသမီးတွေ ခေါင်းဆောင်တွေအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ထဲထဲဝင်ဝင်နဲ့ပါဝင်ဖို့ လိုပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
နွေဦးတော်လှန်ရေးမှာဆိုရင် အမျိုးသမီးပါဝင်မှုက များတယ်လို့ သုံးသပ်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားနဲ့အမျိုးသမီး ပါဝင်မှုရာခိုင်နှုန်းမတူရင်တောင်မှ အင်တာဗျူးတခုထဲမှာဆိုရင် အမျိုးသား (၃) ယောက်လောက်ပါရင် အမျိုးသမီး (၂) ယောက်လောက်ပါလာခဲ့တယ်လို့ မြင်တွေ့နိုင်တယ်။နောက်တခု အနေနဲ့က ကျွန်မရဲ့အတွေ့အကြုံအရဆိုရင် သင်တန်းတက်ခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲမှာဆိုရင် သင်တန်းနည်းပြအများစုက အမျိုးသမီးဖြစ်တာကို တွေ့ရတယ်။
နောက်ထပ် ဥပမာတစ်ခုအနေနဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးက အမျိုးသမီးဖြစ်တယ်။ ဟိုးအရင်တုန်း ဦးသိန်းစိန်ကာလမှာ အမျိုးသမီးခေါင်းဆောင်တို့ မရှိသလောက်ရှားခဲ့တယ်။ ဒါပေမယ့် အခုဆိုရင် နိုင်ငံရေးမှာပဲပြောပြော၊ ဆွေးနွေးပွဲမှာဘဲပြောပြော၊ အင်တာဗျူးတို့၊ သုံးသပ်ချက်တို့၊ သင်တန်းနည်းပြတို့မှာပဲ ပြောပြော အမျိုးသမီးပါဝင်လာနှုန်းက များလာတာ တွေ့ရပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
မြန်မာနိုင်ငံရဲ့ယဥ်ကျေးမှုတစ်ခုဖြစ်တဲ့ ဖိုဝါဒီလွှမ်းခြုံမှုက အဟန့်အတား ဖြစ်စေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသားတွေကပဲ အရာရာမှာ ဦးဆောင်နိုင်တယ်။ အမျိုးသားတွေက ဘုန်းတန်းခိုး ရှိတယ်။ အမျိုးသားတွေက ဗဟုသုတတွေနဲ့ ပြည့်စုံတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ ကိုယ်တိုင်ကိုက ကိုယ့်ကိုကိုယ် အထင်သေးကြတယ်။ တချို့အမျိုးသမီးတွေအများစုက ကျွန်မတို့ကအမျိုးသားတွေလောက်ကို ဗဟုသုတတွေ မစုံကြဘူး။ လူအရှေ့မှာထွက်မပြောနိုင်ကြဘူး။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်တွေ ထားကြ တယ်။ အဲ့ဒါကနိုင်ငံရေးမှာ အဟန့်အတားဖြစ်စေတယ်။
နောက်ထပ်တခုကလည်း အမျိုးသမီးတောင်မှ ရပ်ရွာထဲမှာဆိုရင် အမျိုးသမီးကြီးတွေက အမျိုးသမီးငယ်လေးတွေကို မထောက်ခံကြဘူး။ ဘယ်လိုဖြစ်လဲဆို သူတို့ပြောတာက အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မသက်ဆိုင်ဘူး။ ခေါင်းဆောင်လုပ်လို့ မရဘူး။ အမျိုးသားတွေ ကပဲ ခေါင်းဆောင်လုပ်လို့ရတယ်။ စသဖြင့် အမျိုးသမီးတောင်မှ အမျိုးသမီးအချင်းချင်းကို မထောက်ခံတဲ့အခါ ကျတော့ အမျိုးသားတွေကလည်း အမျိုးသမီးကိုထောက်ခံဖို့ဆိုတာ အဝေးကြီးလိုသေးတယ်။ အဲ့ဒါကလည်း အဟန့်အတားဖြစ်စေတယ်။
နောက်တစ်ခုက ပတ်ဝန်းကျင်ကလည်း အဟန့်အတားဖြစ်စေတယ်။ အကယ်၍ ကိုယ့်ရဲ့ပတ်ဝန်းကျင်က မြေတောင်မမြောက်ပေးဘူး။ ကိုယ်ကဘယ်လောက်ပဲ ခေါင်းဆောင်လုပ်ချင်ချင် ကိုယ့်ရဲ့ပတ်ဝန်းကျင်က ကိုယ့်ကို တိုက်ဖျက်လိုက်တယ်။ နင်ကရနိုင်မှာ မဟုတ်ဘူး။ နင်ကလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အားမပေးတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့အခါကျရင် ပတ်ဝန်းကျင်ရဲ့သတင်းစကားတွေကလည်း ကိုယ့်အတွက် ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ နိုင်ငံရေးထဲပါဝင်ဖို့က အဟန့်အတားဖြစ်စေပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ပထမဦးဆုံးအနေနဲ့က အဖွဲ့အစည်းအနေနဲ့ ကြည့်မယ်ဆိုရင် အမျိုးသမီး၊ အမျိုးသား၊ လူကြီးပိုင်းတွေကို လူငယ်တွေကိုလည်း advocacy လုပ်ရမယ်။ အမျိုးသမီးတွေကိုပဲ သင်တန်းပေးတာမျိုး မဟုတ်ပဲနဲ့ အမျိုးသမီးနဲ့ အမျိုးသားပါ ရောနှောပြီးတော့ advocacy ပေးရမယ်။ အမျိုးသမီးတွေအနေနဲ့ အမျိုးသားနဲ့ တန်းတူဦးဆောင်နိုင်တယ် သိလာမှာ ဖြစ်ပါတယ်။
နောက်တခုအနေနဲ့က နောက်လာမယ့်နိုင်ငံအတွက် အမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတွေများများဖတ်ထားဖို့ အရေးကြီးတယ်။ လူကြီးတွေစကားဝိုင်းမှာ ပါဝင်နိုင်အောင် လုပ်ရမယ်။ အဲ့ဒါမှ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့်က အရာရောက်မယ်။ အဲ့လိုမျိုး အမျိုးသမီးတစ်ယောက်အနေနဲ့ကိုယ်က လူကြီးဝိုင်းမှာ မသွားထားဘူး။ စာတွေမဖတ်ထားဘူး ဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းမရှိနိုင်ဘူး။
အကျိုးဆက်အနေနဲ့ တော်လှန်ရေးပြီးသွားတောင် မှ အမျိုးသမီးတွေရဲ့ပါဝင်မှုရာခိုင်နှုန်းက မများလာဘူး။အမျိုးသမီး၊ အမျိုးသား ရာခိုင်နှုန်းကွာဟမှုကိုမဖြစ်စေ ပဲနဲ့ ကိုယ်ကအမျိုးသားတွေနဲ့တန်းတူ ယှဉ်ပြိုင်နိုင်အောင် ဗဟုသုတတွေကြွယ်ဝအောင် လုပ်သင့်ပါတယ်။ နောက်တခုက public speaking ကောင်းအောင် လေ့ကျင့်ရမယ်။ နိုင်ငံရေးမှာဆိုရင် public speaking ကအများကြီးအထောက်အကူပြုတယ်။
အဲ့ဒါကသူများတွေကို အများကြီး motivate ရအောင် လုပ်နိုင်တယ်။ public speaking ကြောင့်ပဲ နိုင်ငံရဲ့ပြည်သူလူထုတွေရဲ့ အာရုံစူးစိုက်မှု၊ ပြည်သူလူထုတွေရဲ့ ချစ်ခင်မှုမြတ်နိုးမှု ရရှိတယ်။ အဲ့ဒါကြောင့် အမျိုးသမီးတွေက သတ္တိရှိရှိနဲ့လူအရှေ့မှာ ယောကျာ်းလေးခေါင်းဆောင်လိုမျိုး သူများရဲ့စိတ်ဝင်စားမှုခံရအောင် အများရဲ့ရိုသေမှုခံရအောင် လုပ်ဆောင်သင့်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးလူငယ်တွေက နိုင်ငံရေးလို့ပြောလိုက်ရင် စိတ်မဝင်စားကြဘူး။ အမျိုးသမီးခေါင်းဆောင်တွေက အရှေ့ကနေ ဦးဆောင်လုပ်ပြတဲ့အတွက်ကြောင့် အပြောင်းအလဲနိုင်ငံရေးကလည်း သူတို့နဲ့သက်ဆိုင်တယ်။ အမျိုးသားနဲ့တန်းတူပဲဆိုတာကို အများက လက်ခံလာနိုင်ကြတယ်။
နောက်တခုက လွန်ခဲ့တဲ့ ၂၀၂၀ လွှတ်တော်မှာဆိုရင် အမျိုးသမီးပါဝင်မှုက အမျိုးသမီးခုံမှာဆိုရင် ရာခိုင်နှုန်းနည်းတယ်။ ဒါကို ပြောင်းလဲ နိုင်မယ်ဆိုရင် အမျိုးသမီးနဲ့ အမျိုးသား ခုံဦးရေ တန်းတူရလာမယ်လို့ ထင်ပါတယ်။
၈။ တခြားဖြည့်စွက်ချက်ချင်တာရှိရင်ပြောပေးပါဦး။
ကျွန်မအနေနဲ့ပြောချင်တာကတော့ အမျိုးသမီးတွေအနေနဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှ အခြားသူတွေပါ ယုံကြည် မှာ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်တည်နိုင်တဲ့အမျိုးသမီးဖြစ်အောင် လုပ်ရမယ်။ အမျိုးသား တစ်ဦးတစ်ယောက်ရဲ့ အားကိုးမှုကိုမယူပဲနဲ့ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်အောင် ကြိုးစားရမယ်လို့ ပြောချင်ပါ တယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ဆရာလေး ဒေါ်ကေတုမာလာ
ဥပ္ပလဝဏ်အင်စတီကျူ့
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“ဘာသာရေးနယ်ပယ်ကထွက်လာတဲ့ အမျိုးသမီးမဝင်ရ ဆိုင်းဘုတ်တွေ ဒီလိုကန့်သတ်ချက် တွေက အမျိုးသမီးတွေကို တဆင့်နိမ့်တဲ့သူအဖြစ်ထားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ပိုပြီးအားကောင်းစေတယ်။ တကယ်တော့ ဒီကန့်သတ်ချက်တွေက ဗုဒ္ဓရဲ့ တရားတော်နဲ့လည်း ဆန့်ကျင်တယ်။ ဘာသာရေးနယ်ပယ်ကထွက်လာတဲ့ အစဉ်အလာဓလေ့ထုံးစံတွေကို ပြောင်းလဲဖို့ လိုအပ်တယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
ဒီနွေဦးတော်လှန်ရေးကို နိုင်ငံရေးစနစ်တစ်ခုကို ပြောင်းလဲဖို့ တွန်းလှန်နေတဲ့ တော်လှန်ရေးထက်ကို နိုင်ငံရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အတွေးအခေါ်တွေကိုပါ ပြောင်းလဲမယ့်တော်လှန်ရေးတစ်ခုလို့ မြင်ပါတယ်။ ဒီနွေဦးတော်လှန်ရေးက ကာလလည်း ရှည်လာတယ်။ ပေးဆပ်ရတာကလည်း ကြီးတယ်။ အဲ့အတွက်ကြောင့် ပြောင်းလဲမှုကလည်း ပိုကြီးရပါမယ်။
နိုင်ငံရေးစနစ်တစ်ခုတင် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လူတွေရဲ့ အတွေးအခေါ်ပုံစံတွေပါ ပြောင်းလဲသွားပါလိမ့်မယ်။ ဒါကြောင့်မို့ နွေဦးတော်လှန်ရေးကို နိုင်ငံအုပ်ချုပ်ရေးစနစ် တစ်ခုကို တွန်းလှန်တဲ့တော်လှန်ရေးသာမကပဲ အတွေးအခေါ်တော်လှန်ရေးလို့ပါ သတ်မှတ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
လူလူချင်း တန်ဖိုးထားတဲ့ဝန်းကျင်တစ်ခု၊ သာတူညီမျှမှု ရှိတဲ့လူ့အဖွဲ့အစည်းတစ်ခု၊ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည် ဖြစ်စေချင်ပါတယ်။ ဒါကြောင့် သာတူညီမျှရှိမှု၊ လူလူချင်းတန်ဖိုးထားမှုတွေကို အခြေခံအချက်တွေ အနေနဲ့ အုတ်မြစ်ချထားသင့်တယ်လို့ ယူဆတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ လွတ်လပ်ခွင့်တွေ မရခဲ့ဘူး။
လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်တွေ မရှိခဲ့တဲ့နှစ်တွေ အကြာကြီးဖြတ်သန်းခဲ့ရတဲ့အခါကျ တော့ လွတ်လပ်ခွင့် အရသာတွေ အပြည့်အဝရတဲ့ လူအခွင့်အရေး အပြည့်အဝရရှိတဲ့ တိုင်းပြည်တစ်ခုအဖြစ် ပြန်မြင်ချင်ပါတယ်။ အဲ့လိုမျိုး နိုင်ငံသစ်တစ်ခု တည်ဆောက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါ သလဲ။
နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက အင်မတန်အရေးကြီးပါတယ်။ ဘက်တစ်ဖက်ထဲက မြင်တာမဟုတ်ပဲနဲ့ ဘက်ပေါင်းစုံမြင်မှုက ပြည့်စုံမှုကို ဖြစ်စေတယ်။ ပြီးပြည့်စုံခြင်းကို ဖြစ်စေတယ်။ တော်တော်များများပေးလေ့ရှိတဲ့ ဥပမာလိုဘဲ မျက်မမြင်ပုဏ္ဏားခြောက်ယောက်နဲ့ ဆင်တစ်ကောင် ဥပမာအတိုင်း ဆင်တစ်ကောင်လုံးကို ပေါ်ဖို့အတွက် မျက်မမြင်ပုဏ္ဏားခြောက်ယောက်လုံးရဲ့အမြင် ပေါင်းစပ်လိုက်မှသာ ဒီဆင်တစ်ကောင်ဆိုတဲ့ အမြင်ကို ပေါ်နိုင်တာ ဖြစ်ပါတယ်။
ဒီလိုပဲ ဘက်ပေါင်းစုံက နေရာမတူတဲ့ထောင့်ပေါင်းစုံကရှုမြင်မှုက ပြီးပြည့်စုံမှုကို ဖြစ်စေပါတယ်။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ဆုံးဖြတ်ချက် ချရမယ့်အခန်း ကဏ္ဍတွေမှာ အမျိုးသမီးတွေ ဘာကြောင့်ပါဝင်ဖို့ အရေးကြီးသလဲဆိုတော့ နိုင်ငံလူဦးရေရဲ့ တစ်ဝက်ကျော်က အမျိုးသမီးတွေ ဖြစ်နေတယ်။
အဲ့တော့ အမျိုးသမီးတွေရဲ့အသံကို ပိုကြားနိုင်ဖို့၊ အမျိုးသမီး တွေ ခံစားတွေ့ကြုံနေရတာတွေကို ပိုပြီးသိနိုင်မြင်နိုင်ဖို့ အမျိုးသမီးတွေ ဒီနိုင်ငံရေးထဲမှာ ပါဝင်မှသာ အမျိုး သမီးတွေကိုကိုယ်စားပြုနိုင်တဲ့၊ အမျိုးသမီးတွေအတွက် တကယ်ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အမျိုးသမီးတွေဟာ နွေဦးတော်လှန်ရေးကာလအစ ဆန္ဒဖော်ထုတ်ပွဲအချိန်ကတည်းက အမျိုးသမီးတွေက ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တယ်။ CDM လှုပ်ရှားမှုတွေမှာဆိုရင်လည်း ဦးဆောင်ပါဝင်ခဲ့တာ တွေ့ရ တယ်။ အဲ့လိုကနေစပြီး အမျိုးသမီးတွေရဲ့ဦးဆောင်မှု ကဏ္ဍတွေကို တွေ့ရတယ်။
ခုခံတော်လှန်တဲ့ နေရာမှာ အမျိုးသမီးတွေက အမျိုးသားတွေလောက် ပါဝင်တာမျိုးမရှိပေမယ့် အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်တာလည်း အတိုင်းအတာတခုအထိ တွေ့ရပါတယ်။ ဆုံးဖြတ်ချက်ချပိုင်ခွင့် ကဏ္ဍတွေမှာတော့ အခုလက်ရှိအနေနဲ့ နိုင်ငံတကာဆက်ဆံရေးပိုင်းမှာ အမျိုးသမီးတွေ ထဲထဲဝင်ဝင်လှုပ်ရှားနေတယ်။
နွေဦးတော်လှန်ရေးနဲ့ပတ်သက် ပြီး ပြည်သူလူထုရဲ့ တော်လှန်ရေးလှုပ်ရှားမှုအကြောင်းတွေကို နိုင်ငံတကာက ပိုသိအောင်လုပ်ဆောင်တဲ့ နေရာမှာဆို ဒေါ်ဇင်မာအောင်တို့လို ဦးဆောင်တဲ့အမျိုးသမီးတွေ ဦးဆောင်နေတာတွေ့ရတယ်။ တော်လှန်ရေး အတွက် အဓိကအထောက်အပံ့ပေးတဲ့ ရန်ပုံငွေရှာဖွေရေးမှာဆိုလည်း အဓိက fundraising လုပ်တဲ့ထဲမှာဆို အမျိုးသမီးတွေပါဝင်တာ တွေ့ရပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အမျိုးသမီးတွေကို အကြီးအကဲအဖြစ်၊ ခေါင်းဆောင်အဖြစ်ဦးထိပ်ထားလေ့မရှိတဲ့ အစဉ်အလာဓလေ့ထုံးစံတွေ မဟာဖိုဝါဒအားကောင်းတဲ့လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးတွေကိုယ်တိုင် မဟာဖိုဝါဒီဖြစ်နေတဲ့ လူမှုအသိုင်း အဝိုင်းကြောင့်ပါ။ ဒီလိုမျိုးအရာတွေက အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်မှုနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို အဟန့်အတား ဖြစ်စေပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ စတဲ့ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့နေရာတွေမှာ အမျိုးသမီးတွေပိုမိုရောက်ရှိလာဖို့ အမျိုးသမီးတွေတန်ဖိုးထားတဲ့ ဝန်းကျင်ဖြစ်ဖို့အတွက် အဓိကအရင်းအမြစ်မူလအကျဆုံးအရာက ဘာသာရေးနယ်ပယ်ကပေးနေတဲ့ အယူအဆ အတွေးအခေါ်တွေပါပဲ။
အဲ့ဒီဘာသာရေးနယ်ပယ်ကပေးနေတဲ့ အယူအဆအတွေးအခေါ်တွေ ပြောင်းလဲ ဖို့ကလည်းပဲ အဓိကလုပ်ဆောင်သင့်တဲ့ အချက်ထဲမှာ ပါပါတယ်။ ဒီအတွက် ဘာသာရေးနယ်ပယ်မှာ ဘာသာရေးနယ်ပယ်ကနေ ပေးနေတဲ့ မှားယွင်းတဲ့အယူအဆတွေ၊ အမျိုးသမီးကိုဖိနှိပ်ထားမှုတွေ အမျိုးသမီး ကိုခွဲခြားဆက်ဆံမှုတွေ၊ အမျိုးသမီးတွေကို ဘုန်းနိမ့်တဲ့သူအဖြစ်သတ်မှတ်တာတွေ အမျိုးသမီးတွေကို နှိမ့်ကျ တဲ့သူအဖြစ် သတ်မှတ်တယ်။ ဘာသာရေးနယ်ပယ်ကထွက်လာတဲ့ အမျိုးသမီးမဝင်ရ ဆိုင်းဘုတ်တွေ ဒီလို ကန့်သတ်ချက်တွေက အမျိုးသမီးတွေကို တဆင့်နိမ့်တဲ့သူအဖြစ်ထားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ ကို ပိုပြီးအားကောင်းစေတယ်။
တကယ်တော့ ဒီကန့်သတ်ချက်တွေက ဗုဒ္ဓရဲ့တရားတော်မှာလည်း မပါဘူး။ ဗုဒ္ဓရဲ့ တရားတော်နဲ့လည်း ဆန့်ကျင်တယ်။ ဒီလိုမျိုးအရာတွေကို လူတွေပိုပြီးသိလာအောင် ဘာသာရေး နယ်ပယ်က ထွက်လာတဲ့ အစဉ်အလာဓလေ့ထုံးစံတွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပြုပြင်ဖို့ လိုအပ်ပါတယ်။ တကယ်စစ်မှန်တဲ့တရားတော်တွေကို ပိုမိုလေ့လာပြီးတော့ critical thinking လုပ်ပါ။
တခုခုပြောလိုက်တိုင်း မှာ ဘာသာရေးဆိုတာနဲ့ အကုန်လုံးကိုမျက်စိမှိတ်ပြီး ယုံတာမျိုးမဟုတ်ပဲနဲ့ ဘာသာရေးဆိုတဲ့စကားလုံး အောက်ကနေ ပြောလာပြီဆိုရင် အားလုံးမှန်တယ်ဆိုပြီးတော့ လိုက်နာနေတာမျိုး မဟုတ်ပဲနဲ့ တကယ် ဘုရားရှင်ရဲ့ တရားတော် အစစ်အမှန်ဟုတ်မဟုတ် တကယ်လိုက်နာ လုပ်သင့်လား မလုပ်သင့်လား ဆိုတာ ခွဲခြမ်းပိုင်းခြားစိစစ်ဖို့လည်း အများကြီးလိုအပ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ critical thinking ထွန်းကားဖို့ ပိုပြီးတော့ လိုအပ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကြပ်ပြည့်ပါဝင်ခွင့်ရမယ်ဆိုရင် အမျိုးသမီးတွေရဲ့အရည်အချင်းတွေ အမျိုးသမီးတွေရဲ့အားသာချက်တွေ အသုံးပြုခွင့်ရတဲ့အတွက်ကြောင့်မို့ ဒီနိုင်ငံရေးအင်အားစုတွေ ပိုပြီး အားကောင်းလာမယ်။ အဲ့ဒါဆိုရင် အနာဂတ်နိုင်ငံရေးက ပိုပြီးအားကောင်းတဲ့ အနာဂတ်နိုင်ငံရေးလမ်းကြောင်း ပေါ်ကို သွားရတာဖြစ်လို့ အမျိုးသားတွေရဲ့ အင်အား၊ အမျိုးသမီးတွေရဲ့အင်အား နှစ်ခုလုံးကို အပြည့်အဝ အသုံးပြုလို့ ရသွားပါတယ်။
နိုင်ငံတည်ဆောက်ရေးမှာ အမျိုးသားတွေရဲ့စွမ်းဆောင်ရည်တွေ၊ ဉာဏ်ရည်တွေ၊ ခွန်အားတွေကို အသုံးချနေတာတင်မကပဲနဲ့ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်တွေ၊ အိုင်ဒီယာတွေ၊ လုပ်ရည် ကိုင်ရည်တွေကို ပေါင်းစပ်မယ်ဆို ပိုပြီးတော့ အင်အားကောင်းတဲ့နိုင်ငံကို တည်ဆောက်နိုင်လိမ့်မယ်။ အဲ့ဒါဆို အနာဂတ်နိုင်ငံကြီးက ပိုပြီးအားကောင်းတဲ့ အပြောင်းအလဲတွေကို မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီးကျဆုံးမှုစာရင်း
(၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ)
သေဆုံးသူ
၈၀၆ ဦး
ဖမ်းဆီးထိန်းသိမ်းခံရသူ
၃,၃၃၂ ဦး
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်ပြန်ချက်အား ကူးယူဖော်ပြသည်။
ပြစ်ဒဏ်ချမှတ်ခံထားရသူ
၇၈၁ ဦး
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ဒေါ်တင်တင်ညို
Policy Board Member - မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)
အကြံပေး - အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ (WLB)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“မြန်မာပြည်ရဲ့မြေပုံက အစိတ်စိတ်အမွှာမွှာ မဖြစ်စေချင်ဘူးဆိုရင် အားလုံးအတွက် အကိုက်ညီဆုံး ဖြစ်နိုင်မယ့် ဖက်ဒရယ်ပုံစံမျိုးကိုတော့ ပိုစဉ်းစားရမယ်။ ဒါကြောင့် အရေးကြီးတာက လေးစားမှု၊ အသိအမှတ်ပြုမှု၊ သာတူညီမျှမှု ရှိဖို့ လိုပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
လက်ရှိ အနေအထားအရတော့ ကျွန်မတို့နိုင်ငံမှာက နိုင်ငံရေးအရာထက် စစ်ရေးအရာမှာ တစုံတရာ တိုးတက် မှုရှိနေတာကို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ နှစ် ၁၀၂၇ operation ကနေ စတယ်လို့ ပြောလို့ရပါတယ်။ ကရင်နီမှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးကြောင့် စစ်ရေးအရှိန်အဟုန်ဟာ ထပ်ပြီး မြင့်တက်လာပါတယ်။
လွိုင်ကော်လို မြို့တော်ကိုတောင်မှ အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်တဲ့ အနေအထားဖြစ်တယ် ဆိုတော့ ကရင်နီ အနေနဲ့ နိုင်ငံရေးအရလည်း တိုးတက်မှုတွေရှိသလို တဖက်ကလည်း စစ်ရေးအရလည်း တိုးတက်လာတဲ့ အနေအထား တွေ့ရတဲ့အတွက် အပြောင်းအလဲတစ်ခုကို ဦးတည်နေတယ်လို့ ပြောလို့ရနိုင်ပါတယ်။
ရခိုင်မှာဆိုရင်လည်း အကြမ်းဖျင်း ပြောမယ်ဆို ပြည်နယ်တစ်ခုလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းက ရခိုင့်တပ်တော်က ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်တယ်။ ထပ်ပြီးတော့မှလည်း သိမ်းပိုက်နေတယ်။ တဖက်ကလည်း ကချင်၊ စစ်ကိုင်း၊ မကွေးဘက်အပါအဝင်ကတော့ တဖြေးဖြေးနဲ့ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အားလုံးပူးပေါင်းပြီးတော့မှ စစ်ရေးအရ အရှိန်မြင့်နေတာတွေ ရှိတယ်။
တဖက်ကလည်း နိုင်ငံရေးအရ တိုးတက်မှုလို့ ပြောမယ်ဆိုရင်တော့ ပြည်နယ်အလိုက် အုပ်ချုပ်ရေးတွေ ရှိလာဖို့ ကြိုးစားနေပါတယ်။ အတိုင်း အတာတစ်ခုအထိ နိုင်ငံရဲ့နိုင်ငံရေး အခြေအနေအရက ပိုမိုပြီးတော့မှ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုကို သွားနေတယ်လို့ မြင်ရပါတယ်။ ဒါပေမယ့် တစ်စုံလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင် တိုက်ပွဲတွေက နေ့စဉ် ရက်ဆက်ဖြစ်သလို စစ်ကောင်စီကလည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေကလည်း နေ့စဉ်ရက်ဆက် လုပ်နေတဲ့အခါကျတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးမှု တွေကတော့ တော်တော်လေး ကြီးကြီးမားမားနဲ့ ဖြစ်နေပါတယ်။
နေအိမ်တွေ ပျက်စီးတာတွေ စားဝတ် နေရေးကအစ အရမ်းကိုခက်ခဲလာတဲ့ အနေအထားတွေနဲ့ IDP တွေကလည်း သန်းနဲ့ချီရှိနေပေမဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကလည်း မရတဲ့အနေအထား ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုအနေနဲ့ နိုင်ငံက ပြည်သူထက်ဝက် ကျော်က ဆင်းရဲမွဲတေမှုနဲ့ ခံနေရတယ်။ ဒီတိုင်း ဆက်သွားမယ်ဆို ဒီနိုင်ငံရဲ့အနေအထားက failed state ကို ပိုမိုပြီးတော့ ဦးတည်သွားနိုင်ပါတယ်။ ကျရှုံးနိုင်ငံလို့ ပြောလို့မရသေးဘူးဆိုပေမဲ့ အဲ့ဘက်ကို တဖြေးဖြေးနဲ့ ဦးတည်နေတယ်။
အဲ့ဒါကို နိုင်ငံရေးအရ ဗျူဟာကျကျ ဟန်ချက်ညီတဲ့ တိုက်ခိုက်မှုတွေနဲ့သွားမှ အမြန်ဆုံး အောင်မြင်မှာ ဖြစ်ပါတယ်။ တဖက်မှာ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို ပြန်ပြီး အသက်သွင်းတဲ့ဟာ အခုဆိုရင်ပဲ ပေါ်တာတွေ ဆွဲတဲ့ဟာ တချို့နေရာတွေမှာ ရှိလာပြီဆိုတော့ အမျိုးသမီးရော အမျိုးသားရော စစ်မှုထမ်းရမယ့်ပုံစံမျိုးတွေဖြစ်တော့ အထူးသဖြင့် အမျိုးသမီးတွေအတွက်က လူကုန်ကူးခံရမှု ပိုများလာ နိုင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
စစ်အာဏာရှင်စနစ်တစ်ခုကို ချုပ်ငြိမ်းလိုက်တာနဲ့ တခြားသော အာဏာရှင်တွေကလည်း မထွက်လာဘူးလို့ ပြောလို့ မရဘူး။ ဘယ်အာဏာရှင်မှ ကျွန်မတို့ မြေပေါ်မှာ မရှိရေးကို စနစ်တကျနဲ့ ဘယ်လိုပုံစံမျိုး နှိမ်နှင်းမလဲ ဖြုတ်ပစ်မလဲဆိုတာက အများကြီး စဥ်းစားရပါမယ်။ အားလုံးက စုပေါင်းဦးဆောင်မှုတွေနဲ့ ပိုမိုပြီးတော့မှ ချိတ်ဆက်မှုရှိရှိနဲ့ တွန်းလှန်မှလည်း ဒီအရာတွေက ဖြစ်မှာပါ။
နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အိပ်မက်ကလည်း တော်တော်လေးတော့ စဉ်းစားရဦးမယ်။ ပြောချင်တာကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးထားတဲ့ စံတန်ဖိုးတွေက မတူဘူးပေါ့လေ။ ကျွန်မတို့ အခု ပြောနေကြတာ ဖက်ဒရယ်လို့ ပြောရင် သုံးမျိုးသုံးစားနဲ့ ပြောနေကြတာရှိတယ်။
တဖက်ကလည်း ဒီ confederation ဆိုပြီးသွားနေဖို့အတွက် ကိုယ့်ပြည်၊ ကိုယ့်ချင်း၊ ကိုယ့်မင်းနဲ့ သွားနိုင်ဖို့အတွက်ကို လုပ်နေကြတဲ့ အနေအထားတွေရှိတယ်။ တဖက် ကလည်းပဲ ပိုမိုပြီးတော့မှ centralize ဖြစ်တဲ့ ဖက်ဒရယ်တည်ဆောက်မှုပုံစံကို သွားဖို့အတွက် ကြိုးစားနေတဲ့ စစ်အာဏာရှင်အုပ်စုတွေ ရှိနေတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားတွေရဲ့တန်းတူရေးကို ရှေးရှုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မှုတစ်ခုကိုလည်း သွားဖို့အတွက် ကြိုးစားနေကြတာ ရှိတယ်။
ဒါပေမယ့် အားလုံးက အလျော့အတင်းတွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမှု မရှိရင် ခုနက ထားနေတဲ့ စံတန်ဖိုးတစ်ခုချင်းစီက ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံကို ပြည်ထောင်စုတစ်ခုအနေနဲ့ ဆက်ပြီးတော့မှ မြင်ချင်တယ်။ မြန်မာပြည် ရဲ့မြေပုံကလည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတာမျိုး မလိုချင်ဘူးဆိုရင်တော့ မြန်မာပြည်တစ်ခု လုံးအတွက် အကိုက်ညီဆုံးဖြစ်နိုင်မယ့် ဖက်ဒရယ်ပုံစံမျိုးကိုတော့ ပိုစဉ်းစားရမယ်။
ဒါကြောင့် အရေးကြီးတာ က လေးစားမှု၊ အသိအမှတ်ပြုမှု၊ နောက်တဦးတစ်ဖွဲ့ တစ်စုတစ်ဖွဲ့အပေါ်မှာ အခြေမခံဘဲနဲ့ အားလုံးတစ်ဦး တစ်ယောက်ချင်းစီအတွက် သာတူညီမျှရှိနိုင်မယ့် အခွင့်အရေးတွေကို ဖန်တီးပေးနိုင်မယ့် ဖက်ဒရယ်စနစ်က သာ ကျွန်မတို့ နိုင်ငံအတွက် အဆင်ပြေမယ်လို့ မြင်တယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ တည်ဆောက်ရေး ကဏ္ဍအသီးသီးမှာ အားလုံးက တန်းတူရည်တူပါဝင်ခွင့် ရှိရမယ်ဆိုတဲ့ အခြေအနေတစ်ခုဖြစ်ဖို့တော့ လိုပါတယ်။ စိတ်အားထက်သန်ရာ၊ ကျွမ်းကျင်ရာ၊ စွမ်းဆောင်ရည် အပေါ်မှာ မူတည်ပြီးတော့မှ မတူညီတဲ့ အခန်းကဏ္ဍ၊ မတူညီတဲ့ အခြေအနေမှာ တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။
အားလုံးကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်၊ စိတ်ဝင်စားရာကိုရွေးချယ်ခွင့် အခွင့်အလမ်းကိုတော့ ပေးဖို့ လိုအပ်တယ်။ ဒီနေရာမှာ အရေးကြီးတာက ကန့်သတ်မှုတွေ၊ ခွဲခြားမှုတွေကို သိသာစေတဲ့ လုပ်ဆောင်မှုမျိုး တွေကတော့ မရှိဖို့ လိုတယ်။ မတူညီတဲ့အနေအထားတစ်ခုကိုတော့ သိအောင်လုပ်ရမယ်။ မတူညီတဲ့အနေ အထားတစ်ခုကို တူညီတဲ့အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးရမှာ ဖြစ်ပါတယ်။
လက်ရှိ အနေအထားအရ အမျိုးသားတွေရဲ့အမြင်တွေ၊ အမျိုးသားတွေရဲ့အတွေးအခေါ်နဲ့ပဲ ဆက်ပြီး ပုံဖော်ထုဆစ်နေတာကို တွေ့နေရ သေးတယ်။ နေရာတော်တော်များများမှာ အမျိုးသမီးတွေရဲ့ ပြောဆိုခွင့်တွေကို ပိတ်ပင် ကန့်သတ်ထားတာကို တွေ့ရတယ်။
အမျိုးသမီးရဲ့ အတွေးအမြင်တွေ အမျိုးသမီးတွေရဲ့ ခံယူချက်တွေနဲ့ ပတ်သက်ရင် အမျိုးသမီးတွေ နဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေ၊ ကလေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာပိုင်းတွေ၊ IDP ကိစ္စတွေမှာပဲ အမျိုးသမီးတွေနဲ့ ပိုသက်ဆိုင်တယ်လို့ သတ်မှတ်ထားပြီးတော့ နိုင်ငံတစ်ခုကို ဘယ်လို ပုံစံမျိုးနဲ့ ပုံဖော်ထုဆစ်ကြမလဲဆိုတဲ့ ကဏ္ဍမှာတော့ အမျိုးသမီးတွေကို လုံးဝ မအပ်စပ်ဘူး၊ မသက်ဆိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သက်မှတ်တာကို လက်ရှိ နယ်ပယ်တိုင်းမှာ မြင်နေရတုန်းပဲ ဖြစ်ပါတယ်။
တချို့ နေရာတွေမှာဆိုရင် အမျိုးသမီးတွေက တစ်ခုခုပြောတော့မယ်ဆိုရင် “အမျိုးသမီးနိုင်ငံရေးပါဝင်မှုတွေ လာမပြောနဲ့။ အဲ့ဒါတွေက တနေ့တချိန်မှာ နိုင်ငံအေးချမ်းသွားရင် ဒီအရေးကိစ္စတွေ လာမယ်” ဆိုတဲ့ စဉ်းစားချက်မျိုးတွေ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးဦးဆောင်တဲ့သူတွေ ကြားထဲမှာ ရှိနေတုန်းပဲ။ ဥပမာဆိုရင် တော်လှန်ရေး အင်အားစုများလို့ နိုင်ငံရေးဘုံသဘောထားတစ်ခုကို ထုတ်မယ်ဆိုရင်တောင် ဒီနေရာမှာ အမျိုးသမီးတွေက မပါသေးဘူးဆိုတဲ့ စဉ်းစားချက်မျိုးတွေ မမြင်ရသေးပါဘူး။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
တချို့ အခြေအနေတစ်ခုချင်းစီလိုက်မှာတော့ အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ချက်ချခွင့် တစ်စုံတစ်ရာရှိနေတဲ့ အနေအထား ရှိပါတယ်။ ဥပမာ ကရင်နီပြည် IEC မှာ အမျိုးသမီးတွေကို အတွင်းရေးမှူး နေရာအထိတော့ ပေးတာတော့ ရှိတယ်။ ဒါပေမဲ့ သေချာတာတစ်ခုက ဥက္ကဌလို၊ ဒုဥက္ကဌလို၊ အထွေထွေအတွင်းရေးမှူးလို နေရာမျိုးမှာတော့ အမျိုးသားတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။
ဒီလိုမျိုး အစုအဖွဲ့မှာ ပြောရေးဆိုခွင့်လို့ ပြောလိုက် ရင် ထိပ်ပိုင်းခေါင်းဆောင်တွေကပဲ ပိုပြောခွင့်ရှိတယ်။ ဒါက ကရင်နီပြည်ဆိုတာ အတိုးတက်ဆုံးနဲ့ အမျိုးသမီးတွေကို ဦးဆောင်မှုကဏ္ဍမှာ အပေးဆုံးဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ ကျွန်မတို့ မြင်နိုင်တဲ့ နေရာ၊ နောက်တစ်ခုက NUG မှာဆိုရင် ဝန်ကြီး (၁၈) ဦးနဲ့ ဒုဝန်ကြီး (၁၇)ဦး ရှိတယ်။ အမျိုးသမီး ဝန်ကြီး (၃) ဦးနဲ့ ဒုဝန်ကြီး (၃)ဦးပဲ ပါတယ်။
အခြေအနေတစ်စုံလုံးကို ဆွေးနွေးကြလို့ ဆွေးနွေးဆုံးဖြတ်ပြီဆိုရင် အများစုရဲ့ မဲဆန္ဒနဲ့ပဲ သွားမယ်ဆို ဒီအမျိုးသမီးတွေက ရှုံးတယ်ပေါ့။ သူ့ရဲ့ ဌာနတစ်ခုချင်းစီမှာတော့ ဆုံးဖြတ်ခွင့် အတိုင်းအတာတစ်ခုအထိတော့ ရပေမဲ့။ ပြည်ထောင်စုအဆင့် အုပ်ချုပ်မှုမှာ ဆုံးဖြတ်ပိုင်ခွင့် အားနည်းနေတာ တွေ့ရပါတယ်။
အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ဦးဆောင်ဆုံးဖြတ်ချက်ချတဲ့ ထိပ်ပိုင်းတွေမှာ အမျိုးသမီးတွေ မရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာတော့ ဦးဆောင် ဦးရွက်လုပ်ကိုင်တဲ့ နေရာတွေမှာ အမျိုးသမီးအများစုကိုတော့ တွေ့နေရပါတယ်။
၅ ။အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အဓိကကတော့ အတွေးအခေါ်ပိုင်းနဲ့ ပိုဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ နိုင်ငံတစ်ခုလုံး၊ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးက ဖိုဝါဒကြီးစိုးမှုနဲ့ အသားကျနေတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်တယ်။ အမျိုးသားတွေရဲ့ ဦးဆောင် မှုနောက်ကို အမျိုးသမီးတွေက ရိုရိုကျိုးကျိုးနဲ့ လိုက်ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အင်မတန်မှ အသားကျနေတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်နေတာက အဓိကလို့ ပြောလို့ရပါတယ်။
ဒီအတွေးအခေါ်တွေကို ပြောင်းပြန်လှန်လို့ ရနိုင်တဲ့ အနေအထားတစ်ခု ဖြစ်မှ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှု၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေက ပိုပြီးတော့ တပြေးညီ တက်နိုင်မယ်။ ဒါအတွက် ကျွန်မတို့ လူထုတွေကို အများကြီး ပညာပေးတွေ လုပ်ရမယ်။ နောက်ပြီးတော့လည်း လူထုကို ပညာပေးတာနဲ့ တစ်ပြိုင်နက်တည်း ပေါ်လစီအရ ပြောင်းလဲနိုင်ရမယ်။ ဥပဒေ အရလည်း ပြောင်းလဲနိုင်ရမယ်။ ဒါမှ အပြောင်းအလဲတစ်ခု ဖြစ်နိုင်မှာပါ။
အဲ့လိုမှ မဟုတ်ရင်တော့ ဒီအကန့် အသတ် အခက်အခဲတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အရေးကြီးတာကတော့ အမျိုးသမီး တွေ ကိုယ်တိုင် လုပ်နိုင်တယ်။ ကိုယ်လုပ်လို့ ရတယ်။ ဒါအခွင့်အလမ်းနဲ့ အခြေအနေပေါ်ပဲ မူတည်တယ် ဆိုတာမျိုး အသိအမှတ်ပြုထားပြီးတော့ ကိုယ်ကိုယ်တိုင်က အသားကျနေတဲ့ စနစ်တခု အောက်ကနေ ရုန်းထွက်နိုင်တဲ့ အနေအထားတစ်ခုဖြစ်ဖို့ လိုတယ်။
ကိုယ်ကိုယ်တိုင်က ဖိုဝါဒကြီးစိုးမှုနဲ့ အသားကျနေတဲ့ စနစ်တစ်ခုကို ပိုပြီးတော့ အားကောင်းအောင် လိုက်လုပ်ပေးနေတဲ့ အနေအထားမျိုးဖြစ်နေရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အမျိုးသမီးကိုယ်တိုင်က အတွေးအခေါ်ကအစ ပြောင်းရမယ်။ ကိုယ်တိုင် အတွေးအခေါ်ကို မပြောင်းနိုင်ဘူးဆို သူများကိုလည်း ပြောင်းဖို့ ကြိုးစားလို့ မရဘူး။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။ ဘယ်လိုအရင်းအမြစ်တွေ ဖြည့်ဆည်းပေးသင့်ပါလဲ။ ဘယ်လိုအစီအမံတွေ လုပ်ဆောင်ပေးသင့်ပါသလဲ။
ကျွန်မတို့တွေက တစ်ဖက်က စွမ်းရည်မြင့်တင်ရေးတွေ အသိပညာပေးတွေက အများကြီးလုပ်ရမယ်။ ဒီအမျိုးသားတွေနဲ့ ပိုမို engagement တွေလုပ်ရမယ်။ ကိုယ်ရဲ့ စွမ်းဆောင်ရည်တွေ ပြနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ အသိပညာတွေ ဖြည့်ဖို့လည်း လိုတယ်။ တခုခုကို လုပ်မယ်ဆို risk ယူရဲရမယ်။ ရှက်တယ်၊ ကြောက်တယ်၊ မပြောရဲဘူးဆိုတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ လိုတယ်။
အမျိုးသမီးချင်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကျွမ်းကျင်မှုချင်း တူချင်မှတူမယ်။ အကုန်လုံး တော်နေဖို့လည်း မလိုဘူး။ ကဏ္ဍအသီးသီးမှာ သေချာသုံးသပ်ပြောနိုင်တယ်ဆိုရင် နိုင်ငံရေးအရ အားကောင်းတယ်ဆိုတာ မြင်သွားပြီဆိုရင် ကိုယ့်မှာ နေရာတစ်ခုရသွားပြီ။ ဒီအမျိုးသမီးတစ်ယောက်ချင်းစီက တည်ဆောက်လာရင် အချိန်တခုရောက်ရင် အမျိုးသမီးအသိုင်းအဝိုင်းတစ်ခုလုံးကို လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက လက်ခံလာတဲ့ အနေအထားရှိလာမှာပဲ အဲ့လိုမျိုး လုပ်နိုင်ရမယ်။ ပါနိုင်မယ့်လမ်းကြောင်း ရှာရမယ်။ ပလက်ဖောင်းတွေ ရှိအောင် ဖန်တီးရမယ်။
တစ်ဦး တစ်ယောက်ချင်းစီက ပိုပြီးတော့မှ စိတ်အားကိုယ်အား ထည့်ဖို့ လိုတယ်။ ပိုပြီးတော့မှ စွန့်စားလိုတဲ့ စိတ်ရှိလာဖို့ လိုတယ်။ ပိုမို ကြိုးစားအားထုတ်ရမယ်။ လွယ်လွယ်လေးနဲ့ စိတ်ဓာတ်ကျပြီး အရှုံးပေးသွားတာမျိုးတွေ မဖြစ်ရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက် မွေးထုတ်ရမယ်။ ဆက်ပြီး တွဲခေါ်ရမယ်။
အမျိုးသမီးပါဝင်လာနိုင်မဲ့ အခင်းအကျင်းတွေကိုလည်း ပိုပြီးရှိလာအောင် ဖန်တီးပေးဖို့ လိုတယ်။ တဖက်ကလည်း ကာကွယ်ပေးနိုင်တဲ့ အနေအထားမျိုးလေးတွေရှိနေဖို့ လိုပါတယ်။ ဒါမှလည်း တော်လှန်ရေးကာလအလွန်မှာ အမျိုးသမီးတွေက ကဏ္ဍပေါင်းစုံမှာ ပိုမိုပါဝင်ဦးဆောင်မဲ့နေရာတွေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အဓိကကတော့ အမျိုးသမီးတွေက အရမ်းကြီး super women တွေ ဖြစ်နေလို့ သူတို့ ပါလိုက်တာနဲ့ ဒီ အခြေအနေလေးတစ်ခုက လုံးဝပြောင်းသွားမယ် ဆိုတာမျိုးထက် ကိုယ့်နိုင်ငံမှာ လူတစ်ရာရှိနေတဲ့အချိန်မှာ လူငါးဆယ်ရဲ့ အင်အားနဲ့ အစွမ်းအစနဲ့ စဉ်းစားချက်တွေကိုပဲ သုံးတာထက် လူတစ်ရာလုံးရဲ့ အားတွေကို သုံးကြမယ်ဆိုရင် ပိုမိုပြီးတော့မှ အားကောင်းသွားမယ်။
အပြောင်းအလဲတစ်ခုကို ကြီးကြီးမားမား လုပ်ဆောင် နိုင်မယ်ဆိုတဲ့ ပုံစံမျိုးလို့ ကျွန်မက ပိုပြောချင်ပါတယ်။ တစ်ယောက်လုပ်တာထက် နှစ်ယောက်လုပ်တာ ပိုပြီး ရလဒ်ထွက်တယ်။ နှစ်ယောက်လုပ်တာထက် (၁၀) ယောက် လုပ်တာက ပိုမိုပြီးကောင်းမွန်တဲ့ ရလဒ်ထွက်တယ်။ အဲ့ဒီ သဘောတရားအတိုင်းပဲ ကျွန်မတို့ နိုင်ငံမှာ သန်းပေါင်းငါးဆယ် ရှိတယ်။
ဒါကြောင့် အမျိုးသမီးတွေ ကိုယ်တိုင်က နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သူတို့ရဲ့ ကာယ၊ ဉာဏစွမ်းအားတွေကို စွမ်းစွမ်းတမံ အသုံးပြုပြီး ပါဝင်လိုက်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံက ပိုမိုပြီးတော့မှ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်မှု၊ ဘက်ပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပြဿနာတွေ ဖြေရှင်းနိုင်မှုတွေ ပိုပြီးလုပ်နိုင်မယ်။
ဒါကြောင့် ကျွန်မတို့ ပြောတာက အမျိုးသား၊ အမျိုးသမီး လက်တွဲပြီးတော့မှ ဟန်ချက်ညီညီနဲ့ ပြန်လည် တည်ဆောက်ရေးတွေကို လုပ်ဆောင်သွားဖို့ လိုတယ်။ မတူညီတဲ့ အားတွေ မတူညီတဲ့ အင်အားတွေ၊ မတူညီတဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ် ပြုပြီးတော့မှ အပြန်အလှန် complement ဖြည့်ဆည်းသွားမှုတွေနဲ့ သွားဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။
၈။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
တချို့ကိစ္စရပ်တွေမှာတော့ ပြောရတာ လွယ်ပေမယ့် လုပ်ရတာ ခက်ပါတယ်။ အမျိုးသမီးတွေက တစ်ယောက် နဲ့ တစ်ယောက် အခြေအနေချင်း မတူကြဘူး။ ဖြတ်သန်းလာတဲ့ အနေအထားတွေ အခွင့်အလမ်းတွေ မတူ ကြတဲ့အပေါ်မှာ တစ်ဦးချင်းစီရဲ့ အကန့်အသတ်တွေက မတူညီကြဘူး။ တချို့က ပိုမိုပြီး အခွင့်အလမ်းရတယ်။ ပိုလုပ်နိုင်တယ်။
တချို့ကတော့ ပိုပြီးတော့မှ ခက်ခဲကြမ်းတမ်းဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေ ဖြတ်သန်း ရတာ ရှိတယ်။ ဘယ်လို အနေအထားပဲဖြစ်ဖြစ် ရထားတဲ့ လူ့ဘဝမှာ ကိုယ်တစ်ဦးတစ်ယောက်အတွက် သော်လည်းကောင်း၊ ကိုယ့်မိသားစုအတွက် သော်လည်းကောင်း၊ ကိုယ့်လူမှုအသိုင်းအဝိုင်းအတွက် သော်လည်း ကောင်း ကိုယ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ရအောင်လုပ်မယ်။
တခုခုတော့ ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်း အတွက် တစ်စုံတစ်ရာ အကျိုးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စဉ်းစားချက်လေးတွေ ကိုတော့ လူတိုင်းမှာ ဖြစ်လာစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကျိုးအတ္တဆိုတာ လူတိုင်းမှာရှိတယ်။ အဲ့ဒီ ကိုယ်ကျိုး အတ္တတွေက အများပြည်သူတွေအတွက်လည်း အကျိုးရှိစေမယ်ဆိုတဲ့ စဉ်းစားချက်လေးတစ်ခုသာ ထပ်ဖြည့် လိုက်မယ်ဆိုရင်တော့ ကျွန်မတို့ နိုင်ငံက ပိုမိုပြီးတော့မှ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ အနှေးအမြန် ဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
Elena
ဥက္ကဌ
အလုပ်မှုဆောင်ကော်မတီ
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“ဒီမိုကရေစီအရေးတွေ၊ ဖက်ဒရယ်အရေးတွေမှာ လူဦးရေတစ်ဝက်ကျော်တဲ့ အမျိုးသမီးတွေရဲ့ တွေးခေါ်မှု၊ သူတို့ရဲ့ လိုအပ်ချက်တွေ၊ စဉ်းစားချက်တွေကို ထည့်သွင်း မတည်ဆောက်ဘူးဆိုရင် ကျွန်မတို့ လိုချင်တဲ့နိုင်ငံက လူဦးရေတစ်ဝက်ရဲ့ နိုင်ငံတည်ဆောက်ရေး ဖြစ်လိမ့်မယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
နွေဦးတော်လှန်ရေးက သုံးနှစ်ကျော်လာပြီဆိုတဲ့အခါမှာ နိုင်ငံရေးအတက်အကျတွေ အပြောင်းအလဲတွေ အများကြီးရှိတယ်။ တစ်စုတစ်ဖွဲ့လူငယ်ဆိုတဲ့ ရှုထောင့်ကနေ တွန်းလှန်ကြတဲ့ တော်လှန်ရေးတွေထက် မတူကွဲ ပြားတဲ့ အလွှာပေါင်းစုံပါဝင်တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ တော်လှန်ရေးတစ်ရပ်ဆိုတာ အနိမ့်အမြင့် အတက်အကျ ရှိပါတယ်။ အမျိုးသမီးအရေးနဲ့ ပြောရမယ်ဆိုရင် NUCC Charter လိုမျိုးမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါရမယ်ဆိုတဲ့ဟာမျိုးကို သတ်မှတ်ထားခဲ့တယ်။ အမျိုးသမီးတွေ ပိုပြီးပါဝင်ခွင့် ရလာတယ်။ တော်လှန်လူထုကြီးက ဖိုဝါဒီတွေ၊ လိင်ခွဲခြားမှုစနစ်တွေကို တခဲနက်တွန်းလှန်ခဲ့ကြတယ်။ လူထုထဲမှာ အမြစ်တွယ်နေတဲ့ စစ်ဝါဒီကြောင့်ရော ယဥ်ကျေးမှု လူ့အဖွဲ့အစည်း အသိုက်အဝန်းကြောင့်ရော ဖြစ်နေတဲ့ဟာ တွေက တခါတည်းနဲ့ ပျက်သွားတာ မဟုတ်ဘူး။ ပြန် ပြန်ပေါ်လာတယ်။ ပြန်ပေါ်လာတဲ့အခါတွေမှာ ကျွန်မတို့က ဒါတွေကို ပြန်ပြောရတယ်။ တော်လှန်ရေးမှာ စစ်ရေးအင်အား ကြီးလာတဲ့ တပြိုင်နက်တည်းမှာပဲ နိုင်ငံရေးပြောဆိုဆွေးနွေးမှု၊ နိုင်ငံရေးအင်အားစုတွေက ကောင်းနေဖို့ အရေးကြီးတယ်။ မဟုတ်ရင် လက်နက် မကိုင်ဘဲနဲ့ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အင်အားစုတွေရဲ့ အသံတွေက တဖြေးဖြေး နည်းလာပြီး တဖြေးဖြေး ပြန်ပျောက်လာလိမ့်မယ်။ နိုင်ငံရေးအကြောင်းအရာတွေကို စဉ်ဆက်မပြတ် ပြောနေဖို့ အရေးကြီးပါတယ်။ ဒီတော်လှန်ရေးကြီးဟာ စနစ်ပြောင်းတော်လှန်ရေး ဖြစ်တယ်။ ဒီစနစ်ကို ပြောင်းဖို့အတွက် ဆို ဆက်သွားရမယ်။ ဆက်ပြောရမယ်ဆိုတာ ယုံကြည်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
လူအချင်းချင်းခွဲခြားခြင်း မရှိဘဲနဲ့ လူ့ဂုဏ်သိက္ခာတွေကို တန်ဖိုးထားတဲ့ နိုင်ငံမှာပဲ အသက်ရှင်ချင်တယ်။ ကြီးပြင်းချင်တယ်။ အခုတော့ ကျွန်မတို့က အဲ့လို အခင်းအကျင်းတော့ မရသေးဘူး။ ဒါပေမယ့် လာမယ့် တခြား မျိုးဆက်တွေမှာ အဲ့လိုမျိုးနိုင်ငံတော်ကို ဘာလို့မဖန်တီးနိုင်ရမှာလဲ။ အဲ့လိုမျိုး နိုင်ငံကို တန်ဖိုးထားပြီး တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်။ လူ့အခွင့်အရေးလို့ ပြောလိုက်ပြီဆိုရင် တစ်ဦးတယောက်ချင်းစီရဲ့ အခွင့်အရေးနဲ့ အစုအဖွဲ့ရဲ့ အခွင့်အရေးဆိုတာ ရှိပါတယ်။ ကျွန်မတို့ ပြောနေတဲ့ နိုင်ငံရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတရားမျှတမှု နိုင်ငံရေးမှာ အချင်းချင်းအပြန်အလှန်လေးစားတန်ဖိုးထားမှုတွေဟာ အစုအဖွဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အစုအဖွဲ့အခွင့်အရေးကို ကြိုးစားတဲ့အခါမှာ တဖက်မှာက တစ်ဦးတစ်ယောက် ချင်းစီရဲ့ အခွင့်အရေးတွေကို မထိခိုက်ဘဲနဲ့ ဘယ်လိုမျိုးသွားလို့ရလဲဆိုတဲ့ နည်းလမ်းကို ရှာနိုင်ရင် အားလုံးအတွက် နိုင်ငံကောင်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့တော့ နိုင်ငံတစ်ခု ဖန်တီးတဲ့အခါမှာ လူတိုင်းလွတ်လပ်မှု ရှိရမယ်။ လူတိုင်းတရားမျှတမှု ရှိရမယ်။ လူတိုင်း တန်းတူညီမျှမှု ရှိရမယ်။ ဒါတွေက အရေးကြီးပါတယ်။ ကိုယ် မဖြစ်ချင်တာတွေလည်း ပြောရင်းနဲ့ ကိုယ် ဖြစ်ချင်တာတွေလည်း ရအောင် တည်ဆောက်တဲ့ နိုင်ငံဖြစ်ဖို့ လိုပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
မတူကွဲပြားမှုတွေကို အဓိကပြသနာတက်နေရတဲ့ အကြောင်းအရင်းက စုံလင်ကွဲပြားတဲ့သူတွေ၊ စုံလင်ကွဲပြားမှု တွေကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ မစဉ်းစားခဲ့တဲ့ အခါမှာ ဒီနိုင်ငံမှာနေမယ်ဆိုရင် အကုန်လုံးက ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား ဆိုပြီးတော့ အကုန်လုံး ဒီခေါင်းစဥ်တခုကြီးအောက်ကို လာရမယ်။ ပြုရမယ်။ ကျန်တာတွေ မေ့ထားလိုက်ရမယ်ဆိုတာ ဖြစ်နေတယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ နံပါတ်တစ်က ကျွန်မတို့ သမိုင်းကြောင်းတွေ၊ ရှင်သန်ခဲ့ရတဲ့ ဓလေ့တွေ နိုင်ငံရေးအခင်းအကျင်းတွေက မတူဘူး။ အဲ့လိုမျိုး မတူတဲ့ဟာတွေကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ကျန်တာ အကုန်လုံး ဖျောက်ဖျက်ခံလိုက်ရတယ်။ ဖျက်သိမ်းခံလိုက်ရတော့ ဒီနိုင်ငံသည် ငါတို့နဲ့မသက်ဆိုင်ဘူးလို့ ခံစားလာရတယ်။ ကြာလာတဲ့အခါမှာ ကိုယ်တွေပြောတဲ့ မိခင်ဘာသာစကားကနေအစ သမိုင်းတွေ၊ ယဥ်ကျေးမှုတွေက ဘာတစ်ခုမှ ဖော်ပြခြင်း မခံရတဲ့အခါမှာ ငါတို့ အတူတူရှိနေတယ်ဆိုတာ ဒီနေရာကို ငါတို့ အတူတူပိုင်ကြတယ်ဆိုတဲ့ ခံစားချက်က ပျောက်လာတယ်။ စုံလင်ကွဲပြားမှုကို ထည့်သွင်းမစဉ်းစားဘူး ဆိုရင် တဦးချင်း၊ တစ်ဖွဲ့ချင်းရဲ့ အကျိုးစီးပွားကို ပိုပြီးတော့ကျင့်သုံးလို့ရနိုင်တဲ့ အခင်းအကျင်းဖြစ်အောင် ငါတို့ဘာလုပ်ကြမလဲဆိုတာ တွေးတော့တယ်။ အဲ့ဒါမျိုးတွေသည် ကျွန်မတို့ ခုနတုန်းက စုံလင်ကွဲပြားမှုတွေကို ထည့်သွင်း မစဉ်းစားခဲ့လို့ ဖြစ်လာတဲ့ ပြသနာတွေပဲ ဖြစ်တယ်။ အဲ့ဒီဟာသည် လက်ရှိမြင်နေရတဲ့ ပြဿနာအရင်းခံဘဲ ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုမျိုးအမြင်မတူတာ၊ အတွေးအခေါ်မတူတာတွေကို နိုင်ငံတည်ဆောက်ရေး ကိုယ့်ရဲ့ဒေသ တည်ဆောက်ရေးတွေမှာ အသုံးပြုနိုင်မယ်ဆိုရင် အားတွေအများကြီး ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိပါတယ်။ ဂျဲန်ဒါသဘောအရ နိုင်ငံရေးစာအုပ်တွေ လှန်ကြည့်လိုက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေပဲ ကြည့်ကြည့်၊ ဘယ်နေရာပဲ ကြည့်ကြည့်၊ မိန်းမတွေရဲ့ သမိုင်းက မပါဘူး။ သမိုင်းစာအုပ်တွေမှာ အရေးပေးပြီး ဖော်ပြခြင်း မခံရတဲ့ဟာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဒီမိုကရေစီအရေးတို့၊ ဖက်ဒရယ်အရေးတို့ ပြောတယ်။ အားလုံးပါဝင်မှု တွေ ရှိရမယ်။ ကိုယ်စားပြုမှုတွေ ရှိရမယ်လို့ ပြောပြီးတော့မှ လူဦးရေတစ်ဝက်ကျော်တဲ့ အမျိုးသမီးတွေရဲ့ တွေးခေါ်မှု၊ သူတို့ရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ စဉ်းစားချက်တွေကို ထည့်သွင်း မတည်ဆောက်ဘူးဆိုရင် ကျွန်မတို့ လိုချင်တဲ့နိုင်ငံက လူဦးရေတစ်ဝက်ရဲ့ နိုင်ငံတည်ဆောက်ရေး ဖြစ်လိမ့်မယ်။ စစ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်နိုင်မှသာလျှင် ကျူးလွန်ခံရတဲ့လူအမျိုးသမီးတွေအတွက် အပြည့်အဝ တရားမျှတမှုပေးနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် လူမျိုးစုအရရော၊ ဂျဲန်ဒါအရရော ကျွန်မတို့က ဘယ်ဟာကိုမှ ချန်ခဲ့လို့ မရပါဘူးလို့ ဆွေးနွေးချင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ခေတ်အဆက်ဆက်တော်လှန်ရေးတွေမှာ အမျိုးသမီးတွေပါဝင်ခဲ့ပေပမဲ့ အသိအမှတ်ပြု မခံခဲ့ရဘူး။ သို့ပေမဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ အတိုင်းအတာတခုအထိ အသိအမှတ်ပြုလာကြတယ်။ အရင်တုန်းက အမျိုးသမီးလှုပ်ရှားတက်ကြွသူတွေကို အခွင့်အရေးတောင်းနေတဲ့ အမျိုးသမီးအုပ်စုကြီးလို့ပဲ အမြင်ခံရခဲ့တဲ့ ကာလတွေလည်း ရှိခဲ့တယ်။ မနည်းတွန်းကြ ပြုကြရတယ်။ ဒီကာလမှာကျတော့ စစ်ရေးမှာပဲ ကြည့်ကြည့်၊ နိုင်ငံရေးမှာပဲ ကြည့်ကြည့် ပါဝင်နေတဲ့အမျိုးသမီးတွေ အများကြီးပဲ။ ဒါကြောင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနေတဲ့အပိုင်းတွေ NUCC လိုမျိုး ကဏ္ဍတွေမှာ မူအားဖြင့် ကျွန်မတို့ ပါဝင်ခွင့်ရလာပြီ။ တကယ့်ကို ဆွေးနွေးချက်တွေ တန်းတူဖြစ်အောင်၊ စဉ်းစားချက်တွေ တန်းတူဖြစ်အောင် ကြိုးစားရမှာတော့ အများကြီး ကျန်ပါသေးတယ်။ အခုထက်ထိက စစ်ရေးကဏ္ဍမှာဆိုရင် အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု၊ ပါဝင်နိုင်မှုတွေမှာ နောက်ရောက်နေဆဲ ဖြစ်တယ်။ ရှိတော့ ရှိကြတယ်။ တဖက်မှာလည်း ERO တွေ၊ တော်လှန်ရေးအဖွဲ့အစည်း တွေမှာ အမျိုးသမီးပါဝင်မှုနှုန်း တိုးလာတာကို တွေ့ရပါတယ်။ အဲ့တော့ ဒီထက်ပိုပြီးတော့ ကျွန်မတို့ရဲ့ ဆွေးနွေးချက်တွေ ဘောင်ဝင်တန်းဝင်ဖြစ်အောင် နှစ်ဆ ကြိုးစားရတာ ဖြစ်တယ်။ အဲ့ဒါကတော့ ပေးထားတဲ့ အခင်းအကျင်းဖြစ်တယ်။ ကျွန်မတို့ စကားတစ်ခါ ပြောခါနီးကျရင် ဒီဟာက ဂျဲန်ဒါ issue လို့ ခေါင်းစဉ်တပ်လိုက်ပြီဆိုရင် အနောက်ပို့ခံရမှာစိုးတဲ့အတွက် ကျွန်မတို့မှာ ဗျူဟာပေါင်းစုံအမျိုးမျိုး သုံးပြီး ဆွေးနွေးပြောဆိုနေရတုန်းဘဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အားစိုက်မှု အားထုတ်မှုတွေကြောင့်ပဲ ဒီအခင်း အကျင်းအထိ ရောက်လာတယ်လို့ ပြောလို့ရပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
စနစ်ပြောင်းတော်လှန်ရေးမှာ မိန်းမတွေရော၊ ယောကျာ်းတွေရော လူငယ်တွေရော အကုန်ပါရမယ်လို့ ပြောတာ လွယ်တယ်။ တကယ်တမ်းကျတော့ လူ့အသိုက်အဝန်းထဲမှာ စွဲနေတဲ့ အတွေးအခေါ်အမြင်တွေက မပြောင်းသေးဘူး။ မူဝါဒရေးရာအားဖြင့် NUCC ရဲ့ဖက်ဒရယ်ချာတာမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း တိုင်းက အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဖို့အတွက်ကို အာမခံပေးရမှာ ဖြစ်ပေမဲ့ လက်ရှိ အချိန်အထိ မမြင်ရသေးဘူး။ အမျိုးသမီးတွေက ဒီနေရာမှာ ပါဝင်ဖို့အတွက် အခွင့်အလမ်းဖြစ်အောင် ဘယ်လိုတွေ ဖန်တီးပေးရမလဲ။ ဒီနေရာမှာ ပါဝင်ခွင့် ပိုပြီးတော့ သင့်တင့်လျှောက်ပတ်အောင် ဘာတွေကို လုပ်ပေးရမလဲ။ စီမံဆောင်ရွက်ပေးရမလဲ။ ထပ်ဆင့် မူဝါဒနောက်ဆက်တွဲ အကောင်အထည်ဖော်ပေးရမယ့်ဟာတွေကို အမျိုးသမီး မရှိဘူးဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ရပ်သွားတယ်။ အဲ့တော့ ဒါမျိုးတွေဆိုရင်လည်း စိန်ခေါ်ချက် ထဲမှာ ရှိနေတယ်။
နောက်တခုကကျတော့ ယောကျာ်းတစ်ယောက် နိုင်ငံရေးလုပ်တော့ နိုင်ငံရေး၊ ရိုးရိုးသာမာန်အဖွဲ့အစည်း တစ်ခုက နိုင်ငံရေးလုပ်ရင် နိုင်ငံရေး၊ အမျိုးသမီးနိုင်ငံရေးအဖွဲ့က နိုင်ငံရေးလုပ်ရင် အမျိုးသမီးအရေး အဲ့လိုမျိုး တွေ ခွဲခြားဆက်ဆံတာကလည်း ကျွန်မတို့က နိုင်ငံရေးအရ ပြောဆိုဆွေးနွေးတဲ့အခါမှာ ခွဲခြားဆက်ဆံမှုတွေ ကို ဖြစ်စေတယ်။ အဲ့လိုမျိုး နာမည်တပ်တဲ့ဟာတွေကလည်းပဲ ကျွန်မတို့ရဲ့ နိုင်ငံရေးမှာ နိုင်ငံရေးတန်းတူ ညီမျှစွာ ဆွေးနွေးခွင့်မရအောင် လုပ်နေတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်တယ်လို့ ဆွေးနွေးချင်ပါတယ်။ နံပါတ်လေး အနေနဲ့ကတော့ ကျွန်မတို့ရဲ့ အသက်ငယ်သော အမျိုးသမီးများအပေါ်မှာ ကျွန်မတို့ရဲ့ နိုင်ငံရေးမှာ ရှိနေသော Gate keeper နေရာဦးထားသူများဟာ အမျိုးသားတွေ ဖြစ်နေတယ်။ အဲ့လိုမျိုး အမျိုးသား friendly ဖြစ်တဲ့ space မှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေအတွက် အဆင်ပြေတဲ့ အခင်းအကျင်း အသိုက်အဝန်း မဖြစ်နေဘူး။ အဲ့ဒါတွေကို မသိသလိုလုပ်ပြီး၊ မတုံ့ပြန်၊ မခေါ်လိုက်တဲ့ဟာတွေ စကားမပြော လိုက်တဲ့ဟာတွေဆိုလည်း ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုကို လျော့သွားစေတယ်ပေါ့နော်။ ဒါကလည်း စိန်ခေါ်မှုဖြစ်ပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
နံပါတ်တစ်က ခွဲခြားဆက်ဆံတဲ့ဥပဒေတွေ၊ ခွဲခြားဆက်ဆံနေတဲ့အခင်းအကျင်း၊ မူဝါဒတွေရှိတယ်ဆိုရင် ဖျက်ကို ဖျက်ရမယ်။ နံပါတ်နှစ်က ဂျဲန်ဒါဆိုလည်း ဂျဲန်ဒါမူဝါဒတွေ၊ ဂျဲန်ဒါအခင်းအကျင်းတွေကို ဖန်တီး ပေးထားတဲ့ဥပဒေတွေ ရှိရမယ်။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်းမရှိရဆိုတဲ့ သတ်မှတ်ချက်တွေ ပြဌာန်းပေးဖို့ လိုပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး Zero Tolerance ဆိုတဲ့ သတ်မှတ် ချက်မျိုးတွေ အဖွဲ့အစည်းတိုင်းမှာ ရှိရမယ်။ မူဝါဒရှိတိုင်းလည်း လူ့အဖွဲ့အစည်းက မပြောင်းလဲဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲ့အတွက် လူထုကို ပြန်ပြီး အသိပညာပေးတဲ့ အစီအစဉ်တွေ လုပ်ဖို့ လိုပါတယ်။
ဂျဲန်ဒါမှာဆို ပြောတဲ့ အသုံးအနှုန်းတစ်ခု ရှိပါတယ်။ ကျွန်မတို့ မိသားစုတွေသည် မိသားစုကိုယ့်အသိုက်အဝန်း ကိုယ့်ပတ်ဝန်းကျင်တွေက ကျွန်မတို့ရဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဂျဲန်ဒါအုပ်ချုပ်မှုပုံစံတွေကို ဖန်တီးပေးတယ်ပေါ့။ တည်ဆောက်မဲ့ institution တွေမှာ ဂျဲန်ဒါခွဲခြားမှုတွေ မရှိဖို့ဆိုရင် မူဝါဒတွေအပြင် institution ထဲမှာ ရှိနေတဲ့လူတွေကိုလည်းပဲ ဂျဲန်ဒါအတွေးအခေါ် ပြောင်းလဲဖို့ လုပ်ပေးဖို့လိုတယ်။ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေ မှာ ခေါင်းဆောင်မှုကဏ္ဍတွေမှာ နိုင်ငံရေးကဏ္ဍတွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါတဲ့ ကိုတာစနစ်ကို ယာယီစီမံချက်အနေနဲ့ သုံးသင့်တယ်။ နောက်တခုက ဒီလို မျိုးအမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍတွေ မှာ ပါဝင်လာနိုင်မှုအပေါ်မှာ အမျိုးသမီးအချင်းချင်း၊ အမျိုးသမီးအစုအဖွဲ့အချင်းချင်း နိုင်ငံရေးမှာပါနေတဲ့ အဖွဲ့အစည်းတွေအချင်းချင်း ပိုပြီးချိတ်ဆက်မှု အားကောင်းကောင်းနဲ့ ကျွန်မတို့ တွန်းနိုင်ဖို့ အရေးကြီးတယ်။ အမျိုးသမီးခွဲခြားဆက်ဆံမှုတွေကြုံရင် ဒါ ကိုယ့်ဒေသ၊ ကိုယ့်နေရာ မဟုတ်လို့ ဆိုပြီး အသံမထွက်ဘဲ နေလို့ မရဘူး။ ကျွန်မတို့ အတူတူ အသံထွက်ဖို့ အရေးကြီးတယ်။ အတူတူ တိုက်တွန်းနိုးဆော်မှုတွေ လုပ်ဖို့ အရေးကြီးပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေ အုပ်ချုပ်တိုင်း လည်း ကောင်းသွားမှာ မဟုတ်ဘူး။ အမျိုးသားတွေအုပ်ချုပ်တိုင်းလည်း ကောင်းသွားမှာမဟုတ်ဘူး။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် LGBT ဖြစ်ဖြစ်သူတို့ရဲ့ ဂျဲန်ဒါအပေါ်မှာ မမူတည်ပဲနဲ့ သူတို့ရဲ့ ခေါင်းဆောင်မှုပေါ်မှာ မူတည်လိမ့်မယ်။ သို့သော် ဘာဖြစ်လာနိုင်မလဲဆိုတဲ့အခါမှာ ကျွန်မတို့ ငယ်ငယ်ကလေး ထဲက ကြီးလာတဲ့အခါ အမျိုးသမီး ခေါင်းဆောင်ဆိုတာ မမြင်ဖူးဘူး။ အဲ့တော့ နံပါတ်တစ်က ကျွန်မ ရုပ်ရှင်တွေ၊ သမိုင်းတွေမှာ အကုန်လုံး အမျိုးသားတွေချည်းပဲ မြင်တော့ ကျွန်မ စိတ်ထဲမှာ ဘာတွေးလိုက်လဲဆိုတော့ ငါသည် ခေါင်းဆောင်ဖြစ်ခွင့်မရှိတဲ့ လူတစ်ယောက်လို့ အလိုလို သတ်မှတ် လိုက်တယ်။ နိုင်ငံရေး role model အမျိုးသမီးခေါင်းဆောင်တွေ အများကြီး မရှိဘူး။ လက်ချိုးရေလို့ ရတယ်။ အဲ့ဒီဟာက ကျွန်မတို့ရဲ့ အိပ်မက်တွေ အနာဂတ်တွေကို အများကြီးပျက်သွားစေတယ်။ အမျိုးသမီး ခေါင်းဆောင်တွေ အများကြီး ပေါ်ထွက်လာတယ်၊ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ ပြသနိုင်တယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးခေါင်းဆောင် အသစ်တွေကို အများကြီးလက်တွဲခေါ်ပေးနိုင်တယ်။ အမျိုးသမီးတွေ ပါဝင်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ပိုပြီးတည်ဆောက်နိုင်တယ်။ အခု နွေဦးတော်လှန်ရေး အောင်မြင်တဲ့ဟာလည်း အမျိုးသမီးတွေ အများကြီးပါလာတာကြောင့် ဖြစ်တယ်။ ဒါသည်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တစ်စိတ်တစ်ပိုင်းအဖြေဖြစ် လာမယ်လို့လည်း မြင်ပါတယ်။ အမျိုးသားအမြင်က ထွက်လာတဲ့ ဗျူဟာနဲ့ အမျိုးသမီးအမြင်နဲ့ စဉ်းစားတဲ့ဗျူဟာတူမှာ မဟုတ်ဘူး။ အဲ့လို အမြင်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေပြီးတော့ ကျွန်မတို့ အတူတူ ဆွေးနွေးနိုင်ကြတယ်။ အရှေ့ကို သွားနိုင်ကြတယ်ဆိုရင် သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခင်းအကျင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံအခင်းအကျင်းက ပိုပြီး မြန်မြန်ရောက်မယ်။ အဖြေ စုံစုံလင်လင်ရမယ်လို့ ထင်ပါတယ်။
၈။ ဖြည့်စွက်ချက်။
အမျိုးသမီးတွေ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ဖို့အတွက် အရမ်းကြိုးစားရတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကိုယ့်ပိုင်ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ရပ်တည်ရာကို လုပ်ခွင့် ရှိတယ်။ ဒီတော်လှန်ရေးမှာ ပါကြရတဲ့အခါ အလုပ်လုပ်ကြရတဲ့အခါမှာ ကိုယ်ယုံကြည်ရာ ကိုယ်ရှင်သန်ရာကို လူ့အသိုက်အဝိုင်းရဲ့ ရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် မှေးမှိန်သွားစရာ မလိုဘူး။ ကိုယ့်ယုံကြည်ချက် အတိုင်း ကိုယ်ဆက်သွားလို့ ရတယ်။ ယောကျာ်းဆန်တဲ့ မိန်းမဖြစ်မှ ယောကျာ်းလို မိန်းမ၊ ငါက သူများနဲ့ မတူတဲ့ မိန်းမဖြစ်တော့မှ ဒီနိုင်ငံရေးအခင်းအကျင်းကြီးမှာ ရင်ဘောင်တန်းပြီး ရပ်တည်နိုင်တယ်ဆိုပြီးလည်း တွေးစရာ မလိုဘူး။ အမျိုးသမီးတစ်ဦးတစ်ယောက်ချင်းစီလည်း မတူဘူး။ ယောကျာ်း တစ်ယောက်ချင်းစီလည်း မတူဘူး။ အဲ့တော့ ကိုယ်မတူတဲ့ ကိုယ့်အရည်အသွေးနဲ့အတူတူ ကျရာကဏ္ဍမှာ ကိုယ်ပါလို့ ရတယ်။ ကိုယ်ကျရာကဏ္ဍမှာ ကိုယ်ပါတဲ့အခါမှာ ဘယ်သူကနေပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံ တယ်ဆိုရင် ကျွန်မတို့က အချင်းချင်း feminist အရေးကို ယုံကြည်တဲ့ လူအချင်းချင်း ကူညီပြီးတော့ ရှေ့ဆက်သွားဖို့ ပြောချင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ဆရာမဆန်းဆန်း
ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးအခွင့်အရေးကို မြှင့်တင်ခြင်းဟာ အမျိုသမီးတွေရဲ့ လုံခြုံစိတ်ချရမှု၊ ရပ်တည်နိုင်မှု၊ ရှင်သန်နိုင်မှုတင်မဟုတ်ပဲနဲ့ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အထိပါ အကျိုးသက်ရောက်မှု ရှိလာမယ်လို့ ယုံကြည်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
လက်ရှိနွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် ကျွန်မတို့ အခုနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို နွေဦးတော်လှန်ရေး (Spring Revolution) လို့ ခေါ်ကြတယ်။ ဒါပေမယ့် ကျွန်မရဲ့ အမြင်ကတော့ ကျွန်မတို့ နိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှု၊ စနစ်ပြောင်းတဲ့ လှုပ်ရှားမှုတွေကတော့ အမျိုးမျိုး ဖြစ်လာခဲ့ကြတယ်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း လှုပ်ရှားမှုတွေ ဆက်တိုက်ကို ဖြစ်လာတာ။
အဲ့ဒါတွေကို တော်လှန်ရေးလို့ နာမည်မတပ်ခဲ့ဘူး။ ဒီ ၂၀၂၀ လူထုလှုပ်ရှားမှုကို အခြားနိုင်ငံအချို့က နိုင်ငံရေးလှုပ်ရှားတဲ့ နာမည်ကို နမူနာယူပြီး နွေဦးတော်လှန်ရေးလို့ နာမည်တပ်လိုက်တယ်။ ဒီနိုင်ငံရဲ့နွေဦးတော်လှန်ရေး ထူးခြားချက်ကတော့ နိုင်ငံရေးရော စစ်ရေးရော တွဲပါနေတာပါပဲ ဖြစ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
ဒီမိုကရေစီစံတန်ဖိုးတွေ အပါအဝင် နိုင်ငံတစ်ခုပေါ် မူတည်ပြီးတော့ သူ့ရဲ့ နိုင်ငံအလိုက် စံတန်ဖိုးတွေ ရှိရမယ်လို့ မြင်ပါတယ်။ နိုင်ငံတစ်ခုဟာ ဒီမိုကရေစီကို အခြေတည်ပြီး တည်ဆောက်မယ်ဆိုရင် အဆင်ပြေ နိုင်တယ်လို့ ကျွန်မ အယူအဆရှိခဲ့တယ်။ ဒါပေမယ့် အခုနွေဦးတော်လှန်ရေးဖြစ်ပြီးတဲ့ နောက်ပိုင်း နိုင်ငံ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတဲ့အခါ နိုင်ငံတစ်ခုမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း မှာပါတဲ့ လူသားအခြေခံမူတွေကို ကျွန်မတို့ မဖြစ်မနေ အခြေခံရမယ်လို့ ကျွန်မကတော့ ယူဆတယ်။ ဒါမှ သာလျှင် ကျွန်မတို့က မတူကွဲပြားတဲ့ လူတွေကြားထဲမှာ ဘုံသဘောတူညီချက်ကို ဘုံခံစားချက်၊ ဘုံခံယူချက်၊ ဘုံသာတူညီမျှမှု ရနိုင်မယ်လို့ ထင်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလိုက်ရင် မတူကွဲပြားမှုကို အခြေခံထားတာ ဖြစ်ပါတယ်။ အမြင်စုံလင်ကွဲပြားမှု က မပါမဖြစ်လောက်အောင်ကို အရေးပါတယ်။ လက်ရှိ တော်လှန်ရေးနဲ့ တော်လှန်ရေးအလွန် ကာလတွေမှာ အမျိုးသမီးတွေဟာ မိမိတာဝန်ယူနိုင်ရင် ယူနိုင်သလောက် အခန်းကဏ္ဍစုံမှာ မဖြစ်မနေ ပါဝင်ဖို့ လိုအပ်တယ်၊ ကမ္ဘာနဲ့ အမြဲတမ်း ယှဉ်ထိုးကြည့်လိုက်ရင် ကြာလေလေ ကျွန်မတို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုပြီးတော့ အရေးပါလာတယ်ဆိုတာ မြင်တွေ့ရပါတယ်။ နိုင်ငံရေးဆိုတာ ကျား ၊ မ မရွေး လူအားလုံးနဲ့ဆိုင်ပါတယ်၊ လူအားလုံးအတွက်အရေးကြီးတယ်၊ ဒါ့ကြောင့် အမျိုးသမီးတွေဟာလဲ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဖို့ မဖြစ်မနေ အရေးကြီးတယ်လို့ ပြောချင်ပါတယ်၊
၄။လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ကျွန်မ အမြင်ပြောရရင်တော့ ထင်သာမြင်သာတော့ မရှိသေးဘူး။ ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးအခွင့် အရေးရှုထောင့်က ကြည့်ရင် အခွင့်အရေးရှိနေတယ်လို့ ယူဆရပါတယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အမျိုးသမီး အခွင့်အရေးအပေါ် ဖိနှိပ်ချုပ်ချယ်ထားတာ မရှိဘူးလို့ မြင်ရပေမယ့် တကယ်တမ်း ထဲထဲဝင်ဝင် လုပ်ကြည့်တဲ့အခါမှာ အခွင့်အရေးအပြည့်အဝ မရနေဘူး။
တကယ်တမ်း လုပ်ကြည့်ရင် အခက်အခဲတွေ အများကြီးရှိတယ်။ အခု နွေဦးတော်လှန်ရေးကာလမှာလည်း ကျွန်မတို့ မြင်နေရတယ်။ အပြင်က ကြည့်ရင် နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါလို့ရတယ်မြင်ရတယ်။ နာမည်အရတော့ ဟုတ်တယ်။ တကယ်တမ်းကျတော့ အခက်အခဲတွေ အများကြီး ရှိနေသေးတယ်။ ဥပမာပေးဖို့ ကျွန်မတော့ လောလောဆယ် သိပ်တောင် မတွေ့ဘူး။ ဘာလို့ဆို ကျွန်မတို့ ကိုယ်တိုင်ပါနေရတဲ့အခါမှာ တော်တော်လေးကို ရုန်းကန်နေရပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
တော်လှန်ရေးမတိုင်ခင်ကာလတုန်းက ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးက တကယ်တမ်း လုပ်ကြည့် ရင် မရှိဘူး။ ကျွန်မတို့မှာ နဂိုရှိပြီးသား အမျိုးသမီးတွေရဲ့ ရရှိရမယ့် လုပ်ပိုင်ခွင့်တွေတောင်မှ ယဉ်ကျေးမှုအရ ကန့်သတ်တာ၊ လူမှုရေးအရ၊ စီးပွားရေးအရ ကန့်သတ်ထားတာ ရှိပါတယ်။ နိုင်ငံရေးဆို ပိုတောင် အဟန့်အတား များနေသေးတယ်၊ ဒါက အရင်ကာလ အခြေအနေပါ။
အခုလို တော်လှန်ရေးကာလမှာ ပိုတောင်မှ အခက်အခဲက များလာနေတယ်။ အထူးသဖြင့် စစ်ပွဲဖြစ်ပြီဆို အရင်ဆုံး ထိခိုက်နစ်နာတာ အမျိုးသမီးတွေ၊ ကလေးတွေဖြစ်ပါတယ်။ တဖက်မှာ ပြန်ကြည့်ရင် ဒီစစ်ပွဲကို ဖန်တီးတာလည်း အမျိုးသမီးတွေ မဟုတ်ဘူး။ အမျိုးသမီးတွေ ဦးဆောင်ပြီးဖြစ်တဲ့ စစ်ပွဲဆိုတာလည်း မရှိသေးဘူး။
ပြဿနာအများစုက အမျိုးသားတွေကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ပုံစံနဲ့ ကျွန်မတို့က သူတို့ရဲ့ နောက်ကလိုက်ပြီး သူတို့ရဲ့ ပြဿနာကို နဖူးတွေ့ဒူးတွေ့ ခံစားရတာဆိုတော့ အမျိုးသမီးတွေအတွက် အဲ့ဒီအရာတွေက နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ ဆုံးဖြတ်နိုင်ဖို့ အခက်အခဲဖြစ်စေတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ အချက်တွေကို နိုင်ငံသစ်အတွက် အခြေခံမူတွေမှာ ပါနိုင်သလောက် ထည့်ရမယ်၊ တစ်ဖက်ကလည်း အထူးသဖြင့် အမျိုးသမီးအချင်းချင်းတွေ ကြားထဲမှာရော၊ အမျိုးသမီးရော အမျိုးသားရော ကြားမှာပါ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို သိရှိနားလည်လာအောင် မျှဝေရပါမယ်။
လက်ရှိအချိန်မှာ ကတည်းက လူ့အခွင့်အရေးဆိုတာ ဘာလဲ။ သာတူညီမျှဆိုတာဘာလဲ။ ကျားမတန်းတူ ညီမျှမှုဆိုတာဘာလဲ စတဲ့ အခွင့်အရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို အခုကတည်းက ကြိုတင်ပြင်ဆင် ထားပြီး အသိပညာပေးမှု ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ တချိန်ချိန်မှာ ဖက်ဒရယ်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီပဲ ဖြစ်ဖြစ် တစ်ခုခုကိုတည်ဆောက်တဲ့အချိန်မှာ ဒီအချက်တွေကို သိပြီးပြီဆိုရင် ကျွန်မတို့အတွက် အမျိုးသမီး အခွင့်အရေးဆိုတာ သီးခြားလိုက်လုပ်နေစရာ မလိုတော့ဘူး။ ကျွန်မတို့က ကျွဲကူးရေပါ တခါတည်းပါ ပြီးသားဖြစ်နေတဲ့ အနေအထားလို့ ကျွန်မက ယူဆပါတယ်။
နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုအရေးအရ အပြောင်းအလဲဖြစ်ပြီဆို အရင်ဆုံးထိခိုက်ခံစားရတာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အဲ့ဒါကို ဘယ်လို ကြိုတင်ကာကွယ်မလဲ။ အမျိုးသမီးတွေ အခန်းကဏ္ဍကို ဘယ် လို တိုးမြှင့်မလဲ။ အမျိုးသမီး တစ်ယောက်ချင်းစီ သော်လည်းကောင်း၊ အစုအဖွဲ့လိုက်ချင်းသော်လည်းကောင်း၊ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကို တိုးတက်အောင် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ၊ အစိုးရကရော၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကရော ကူညီပြီး အစီအစဉ်တွေ ဆွဲရမယ်။ မဖြစ်မနေ ဆွဲရမယ်။
ဦးစားပေးအနေနဲ့ အမျိုးသမီးတွေရဲ့ ပညာရေးပေါ့။ အမျိုးသမီးတစ်ယောက်ဟာဆိုရင် အနည်းဆုံး အလယ်တန်းပညာအဆင့် မဖြစ်မနေတတ်အောင် စီမံချက်ချပြီး အရင်ဆုံးဆောင်ရွက်ဖို့ လိုကိုလိုတယ်။ အဲ့လိုမျိုး ပညာရေး အဆင့်တစ်ခု ရောက်မှသာလျှင် သူတို့ရဲအတွေးအခေါ်အယူအဆ၊ သူတို့ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပါဝင်တဲ့ အခန်းကဏ္ဍကို တိုးမြှင့်ပေးနိုင်မယ်။
အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ သူတို့မှာ ရှိသင့်ရှိထိုက်တဲ့ ပညာအရည်အချင်း မရှိရင် ဘယ်လောက်ပဲ သူတို့ကို အကူအညီပေးသည်ဖြစ်စေ ခဏတဖြုတ်ပဲရမယ်။ ရေရှည် သူတို့ဘာသာသူတို့ ရှာဖွေရပ်တည်နိုင်ဖို့ ကူညီနိုင်မယ့် အခြေအနေမရှိဘူး။ ဒါ့ကြောင့် သူတို့ရဲ့ပညာရေးကို မဖြစ်မနေ ပံ့ပိုးပေးဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေသာ အနာဂတ်နိုင်ငံရေးမှာ တကယ့်ကို ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းနိုင်မယ်၊ ဦးဆောင်မှု ရနိုင်မယ်ဆိုရင် စစ်ပွဲတွေတောင် ဖြစ်လာမှာမဟုတ်တော့ဘူး။ အဲ့လောက်ကို လွန်လွန်ကျူးကျူး ပြောချင် ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးဆိုတာက မိခင်စိတ်ရှိတယ်။ အရာရာကို စဉ်းစားပုံက ဘယ်သောအခါမှ အမျိုးသားတွေနဲ့မတူဘူး။ အဲ့တော့ အမျိုးသမီးတွေက အထိအခိုက်အပျက်အစီးနဲ့ အကျိုးကျေးဇူး နှိုင်းယှဥ်ကြည့်လေ့ရှိတယ်။
တဖက်မှာလည်း အမျိုးသမီးဆိုတာ တွေဝေတယ်။ သူတို့လို ရဲရဲဝင့်ဝင့် မရှိဘူးလို့ ယူဆမယ်။ တဖက်ကလည်း ဒါဟာ အန္တရာယ်ကင်းနိုင်တဲ့ အနေအထားတစ်ခုကို ရွေးချယ်တယ်လို့ ယူဆတယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ယှဥ်ပြီး တကယ်ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ မှာပါရမယ် ဆိုရင် ဒီထက်ပိုပြီး လုံခြုံစိတ်ချတဲ့ လူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်တစ်ခု ရကိုရမယ်လို့ ယုံကြည်ပါတယ်။
၈။ ဖြည့်စွက်ချက်။
ခေတ်အဆက်ဆက် အမျိုးသမီးတွေက သူတို့နည်း သူတို့ဟန်နဲ့ သူတို့အခွင့်အရေးတွေကို ရဖို့ ကြိုးစားခဲ့ ကြတယ်။ အခု လက်ရှိမှာလည်း ကျွန်မတို့ ကြိုးစားနေတယ်။ ကြိုးစားမှုက လက်ရှိ ကျွန်မတို့အတွက် အခွင့်အရေးရရုံတင် မကဘူး။ နောင်လာမယ့် မျိုးဆက်၊ အမျိုးသမီးငယ်လေးတွေ၊ သားစဉ်မြေးဆက်အတွက် ကျွန်မတို့က လမ်းခင်းပေးတဲ့ ကြိုးစားမှုတွေ ဖြစ်ပါတယ်။
ဒါ့ကြောင့် အမျိုးသမီးအချင်းချင်း လက်တွဲ ချိတ်ဆက်ပြီးတော့ ဒီအလုပ်ကို မဖြစ်မနေ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒါက အမျိုးသမီး တွေရဲ့ လုံခြုံစိတ်ချရမှု၊ ရပ်တည်နိုင်မှုမှု၊ ရှင်သန်နိုင်မှုတင်မဟုတ်ပဲနဲ့ လူမျိုးတစ်မျိုးမှ နိုင်ငံတနိုင်ငံရဲ့ အနာဂတ် အထိပါ ကျွန်မတို့ရဲ့ ကြိုးစားမှုက အကျိုးသက်ရောက်မှု ရှိလာမယ်လို့ ယုံကြည်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
Ying Mwe Lyan
ဦးဆောင်ကော်မတီဝင် (Tai Student Union)
ရှမ်းလူငယ်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“မိန်းမတစ်ယောက် ဘာမှမလုပ်နိုင်ဘူးဆိုတဲ့အချိန်က လက်သည်းနီဆိုးထားပြီး မခြောက်သေးတဲ့အချိန်ပဲ ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသမီးတွေ ကိုယ်တိုင်က ကိုယ့်အရည်အချင်းကို ကိုယ်တိုင်သိပြီး ကိုယ်ကျရာ အခန်းကဏ္ဍကနေ ပါဝင်စေချင်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
လက်ရှိ နွေဦးတော်လှန်ရေးက လမ်းစတစ်ခုကိုရောက်နေပြီလို့ မြင်ပါတယ်။ ၂၀၂၁ အာဏာသိမ်းတော့ လမ်းတွေပေါ်မှာ ဆန္ဒပြကြတယ်။ လက်နက်ကိုင်ပြီး တော်လှန်တဲ့သူတွေက တော်လှန်ကြတယ်။ နည်းမျိုးစုံနဲ့ နိုင်ငံတဝန်းလုံးမှာ ဆက်လက် တော်လှန်နေကြတယ်။ လက်ရှိမှာတော့ နိုင်ငံရေးအပြောင်းအလဲ အများကြီး ရှိလာတယ်လို့ မြင်တွေ့နေရပါတယ်။၊
ဒါပေမယ့် စစ်ကောင်စီဖက်ကလည်း စစ်မှုထမ်းဥပဒေတွေ၊ ဖိနှိပ်မှုတွေ ကို အများကြီးလုပ်လာတယ်။ အဲ့ဒီလို လုပ်နေတာရှိနေတဲ့ကြားထဲကကိုမှ ကျွန်မတို့ လူငယ်တွေ၊ ပြည်သူတွေအနေနဲ့ ကြံ့ကြံ့ခံပြီးတော့မှ ဆက်လက် တော်လှန်နေကြဆဲဖြစ်တဲ့အတွက်ကြောင့် မဝေးတော့တဲ့ ကာလတစ်ခုမှာ နွေဦး တော်လှန်ရေးရဲ့ ရောင်နီကို မြင်နေကြရပြီလို့ ပြောလို့ရပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့် ပါသလဲ။
အရေးကြီးဆုံးကတော့ လာမယ့် နိုင်ငံတော်သစ်မှာ လူမျိုး၊ ဘာသာ တိမ်းညွှတ်မှုမရှိတဲ့၊ လူမျိုးစွဲ၊ ဘာသာစွဲ ကင်းတဲ့ နိုင်ငံတော်သစ်တစ်ခု ဖြစ်လာဖို့ လိုတယ်။ နောက်တစ်ခုကတော့ တန်းတူညီမျှမှုရှိရမယ်။
တန်းတူ ညီမျှမှုဆိုတာ ကျွန်မတို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေအားလုံး အလွှာမရွေး တန်းတူ ညီမျှမှုရှိတဲ့ နိုင်ငံ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ လိုတယ်။ နောက်တစ်ခုကတော့ ကျား၊ မတန်းတူညီမျှရေးကလည်း အရေးကြီးတဲ့ အချက်တစ်ခုပေါ့။ ဒီအချက်တွေကို စနစ်တကျ အခြေခံထားရှိပြီး တည်ဆောက်ဖို့ လိုတယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။
၄။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေး နဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
အဓိကကတော့ နိုင်ငံရေးမှာ အမျိုးသမီးတွေအနေနဲ့ မဖြစ်မနေ ဘယ်လို ကဏ္ဍက ပါဝင်ဖို့ လိုအပ်သလဲဆိုရင် ကျွန်မအနေနဲ့ကတော့ နိုင်ငံရေး၊ စစ်ရေးစတဲ့ ဘယ်ကဏ္ဍမဆို ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးတွေအနေနဲ့ ပါဝင်သင့်တယ်လို့ အရင်ဆုံးပြောချင်ပါတယ်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ တခြား လူမှုရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးကဏ္ဍမှာပဲဖြစ်ဖြစ် ဘယ်ကဏ္ဍမှာမဆို အမျိုးသမီးတွေရဲ့ အသံက အရေးကြီးပါတယ်။
အမျိုးသမီးတွေရဲ့ အမြင်၌က တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အကြားမှာလည်း မတူနိုင်ဘူးပေါ့နော်။ ဒါကြောင့် အဲဒီလိုမတူညီနိုင်တဲ့ နေရာတွေမှာ အမျိုးသမီးတွေရဲ့ အသံက ဆိတ်သုဉ်းသွားမယ်ဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးက ပိုပြီးတော့ နစ်နာမယ်၊ ပိုပြီးတော့ ဆုံးရှုံးတာတွေ ရှိလာနိုင်မယ်။
ဒါကြောင့်မလို့ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ တခြားဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် အမြင် စုံလင်ကွဲပြားမှုမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းသည် လည်း အမျိုးသားတွေနဲ့ တန်းတူရှိတယ်။ ဒါ့အပြင် ပိုပြီးတော့ တော်တဲ့နေရာတွေလည်းရှိနေတဲ့အတွက် အမျိုးသမီးတွေရဲ့ ပါဝင်ခြင်းသည် ပိုပြီးတော့ ကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု၊ ပိုပြီးတော့ ကောင်းတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ရှေ့ရှုသွားနိုင်တယ်လို့ မြင်ပါတယ်။
၅။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
နွေဦးတော်လှန်ရေးကာလ သပိတ်ကော်မတီအများစုမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေ၊ အခန်းကဏ္ဍတွေ သီးသန့်ပါဝင်ထားတာကို တွေ့ရပါတယ်။ အမျိုးသမီးခေါင်းဆောင် တင်မြှောက်ပြီး လုပ်ဆောင်နေကြတာတွေ ကိုလည်း တွေ့ရတယ်။ ဒါပေမယ့် အားနည်းနေတာကတော့ စစ်ရေး၊ နိုင်ငံရေးဖက်ကမှာတော့ အမျိုးသမီးပါဝင်ဆုံးဖြတ်ပိုင်ခွင့် အားနည်းနေတာကို တွေ့နေရသေးတယ်။ ဒါပေမယ့် သပိတ်ကော်မတီ တော်တော်များများမှာ အထူးသဖြင့် နိုင်ငံရေးကိစ္စ တော်တော်များများ အမျိုးသမီးအသံတွေ တွေ့နေရပြီလို့ ပြောလို့ရပါတယ်ရှင့်။
၆။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အဓိကကတော့ ကျွန်မ ထင်တာကတော့ အမျိုးသမီးတွေကို မြင်တဲ့ ထင်မြင်ယူဆချက်တွေပေါ့နော်။ ဥပမာ-စစ်ရေးကဏ္ဍတွေမှာဆိုရင် အမျိုးသမီးတွေက အကြမ်းမခံနိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ မြင်ကြတာတွေ ရှိတယ်။ နောက်တစ်ခုကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အမျိုုးသမီးတွေမှာဆိုရင် ကျွန်မတို့ မြန်မာလူမှု အသိုင်းအဝိုင်းနဲ့ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ရှေးကတည်းကပါလာတဲ့ ရှေးရိုးစွဲအမြင်၊ ယဉ်ကျေးမှု ဘောင်တွေက အကန့်အသတ်ဖြစ်နေတယ်လို့ ကျွန်မအနေနဲ့ မြင်မိတယ်။
ဥပမာပြောရမယ်ဆိုရင် နိုင်ငံရေး ကိစ္စတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်မှုတွေ၊ နောက်တစ်ခုကတော့ sexual harassment လို ကိစ္စမျိုးတွေမှာ တချို့အမျိုးသမီးတွေဆိုရင် ပါဝင်ချင်တယ်၊ လုပ်ချင်ကြတယ်။ ဒါပေမယ့် Gender ခွဲခြားပြီး လုပ်နေကြတဲ့ ကိစ္စမျိုးတွေက အဟန့်အတားဖြစ်နေတယ်။ အဲဒီတော့ ခြုံငြုံပြီးတော့ ပြောရမယ်ဆိုရင် အဓိကကတော့ ရှေးရိုးစွဲယဉ်ကျေးမှုနဲ့ ဘာသာရေးဓလေ့ထုံးတမ်းတွေရယ် sexual harassment လို ကိစ္စမျိုးတွေအကုန်လုံး လည်း ပါပါတယ်။ ဒါတွေက အဟန့်အတားဖြစ်နေစေပါတယ်။
၇။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ဒီမေးခွန်းကို ကျွန်မအနေနဲ့ နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘယ်လိုအရင်းအမြစ်တွေ ကို ဖြည့်ဆည်းပေးသင့်လဲဆိုတော့ လက်ရှိတော်လှန်ရေးကာလမှာ အောက်ခြေမှာ ပါဝင်နေတဲ့ လူတစ်ယောက် ချင်းကစလို့ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်၊ တန်းတူညီမျှခွင့်၊ အမျိုးသမီးတွေကိုယ်တိုင် ဘာတွေကိုရနိုင်တယ် ဆိုတာကို ကျွန်မတို့ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော ဘယ်သူမဆို အသိပေးတာ၊ သင်တန်းပေးတာ အဲ့ဒီလိုကိစ္စမျိုးတွေကို အခုကတည်းက စတင်သင့်ပြီ၊ လုပ်သင့်ပြီ။
နောက်တစ်ခုကကြတော့ ခေါင်းဆောင်ပိုင်း တွေအနေနဲ့လည်း သွားပြီးတော့ ဘယ်လို ရှိသင့်တယ်၊ ဘယ်လို လုပ်သင့်တယ်ဆိုတာ လေ့လာထားဖို့ လိုပြီလို့ ကျွန်မအနေနဲ့ ထင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်သစ်တည်ဆောက်တဲ့အချိန်မှာ ကျွန်မတို့ လုပ်ရမယ့် အလုပ်ကကျတော့ အခြေခံဥပဒေမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်ကို သီးသန့်တစ်ခါတည်း ထည့်သွင်းရေးသားရမယ်၊ ထည့်သွင်းပြောဆိုရမယ်လို့ ကျွန်မအနေနဲ့ ထင်မိပါတယ်။
၈။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
တကယ်လို့ အမျိုးသမီးတွေရဲ့အမြင်သည် တခြားအမျိုးသားတွေနဲ့ မတူဘူး။ ကျွန်မတို့ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း လုပ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ အနာဂါတ်နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုများလာရင် အမျိုးသမီးတွေကြုံတွေ့နေရတဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကနေ ကာကွယ်နိုင်မယ်။ နောက်တစ်ခုကတော့ အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းမှုကို ပိုပြီးတော့ ကြိုက်တယ် ဆိုတော့ ငြိမ်းချမ်းရေးမှာ ပဋိပက္ခတွေကို ပိုပြီးတော့ လျော့နည်းသွားစေနိုင်လိမ့်မယ်လို့ ကျွန်မအနေနဲ့ ထင်ပါတယ်။
၉။ ဖြည့်စွက်ချက်။
ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ရပိုင်ခွင့်ကို ကိုယ် ကိုယ်တိုင်သိဖို့ လိုတယ်။ ကိုယ် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လိုတယ်။ နောက်တစ်ခုကကြတော့ ကျွန်မ ဖတ်ဖူးတဲ့စာသားပေါ့နော်။ ဘယ်သူ ရေးခဲ့တာ လည်းတော့ ကျွန်မ မမှတ်မိဘူး။ အဲ့ဒါကတော့ မိန်းမတစ်ယောက် ဘာမှမလုပ်နိုင်ဘူး ဆိုတဲ့အချိန်က လက်သည်းနီဆိုးထားလို့ လက်သည်းနီ မခြောက်သေးတဲ့အချိန်ပဲ ရှိတယ်တဲ့။
အဲဒီတော့ ကျွန်မတို့ အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်အရည်အချင်းကို ကိုယ်ကိုယ်တိုင်သိပြီး နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ တော်လှန်ရေး မှာ ဖြစ်ဖြစ် ကိုယ်ကျရာ အခန်းကဏ္ဍကနေ ပါဝင်စေချင်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။
အနာဂါတ်နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု များလာရင် အမျိုးသမီးတွေကြုံတွေ့နေရတဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှု တွေကနေ ကာကွယ်လာနိုင်မှာ ဖြစ်သလို နိုင်ငံတွင်းပဋိပက္ခတွေကို ပိုပြီးတော့ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
Spring
ပြည်သူ့စစ်သားဇနီးများ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“နိုင်ငံရေးမှာ များသောအားဖြင့်က မွေးရာပါအခွင့်အရေးနဲ့ ဦးစားပေးခံရတဲ့သူတွေ ကပဲ ဆုံးဖြတ်တဲ့အခါ လူနည်းစုတွေ ခွဲခြားဆက်ဆံခံရတဲ့သူတွေအတွက်ကို ထည့်သွင်းစဉ်းစားတယ်ဆိုရင်တောင် အလုံးစုံပြည့်ပြည့်ဝဝ မဖြစ်နိုင်ဘူး။ ဘာလို့ဆို ခွဲခြားဆက်ဆံခံရတယ်ဆိုတာ ကိုယ်ခံစားရတာကိုယ်ပဲ သိတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်က စပြီးတော့ တန်းတူညီမျှအခွင့်အရေးကို မရကြတဲ့ လူနည်းစု၊ တိုင်းရင်းသား လူမျိုးတွေက စတင်ပြီး အခွင့်အရေးကို တောင်းဆိုတာကနေ လက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ နိုင်ငံပြည် တွင်းစစ် အကြာရှည်ဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာဆို ပြောရရင် ၁၉၆၂ မှာ စစ်တပ်က အာဏာစသိမ်းတယ်။ အဲ့အချိန်ကနေစပြီးနောက်ပိုင်း ၇၄ တို့ ၈၈တို့မှာ နိုင်ငံရေးအပြောင်းအလဲ တော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့တယ်။
ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို အသက်သွင်းနေတဲ့ စစ်တပ်ဆိုတဲ့ institution ကြီးကို အမြစ်ဖြတ်နိုင်ခဲ့ခြင်း မရှိဘူး။ အရင်တုန်းကဆိုရင်လည်း ပြည်မနဲ့ တိုင်းရင်းသားဒေသ ဆိုပြီး ခွဲခြားလိုက်သလို၊ ဝါဒဖြန့်တဲ့အခါကျတော့ တိုင်းပြည်ချောက်ထဲကျွန်မယ့်အချိန်မှာ စစ်တပ်က အမြဲကယ် လိုက်တာ။
တိုင်းပြည်ကို တခြား တရုတ်ဖြူတွေ၊ ကူမင်တန်တွေ၊ ဗကပတို့၊ သူပုန်တွေ ရန်ကနေ ငါတို့က ပြည်သူကိုကာကွယ်ပေးထားတာ၊ ကယ်တင်ပေးထားတာဆိုပြီး ခေတ်အဆက်ဆက်မှာ သူရဲကောင်း အယောင်ဆောင်ပြီး၊ သူတို့အာဏာတည်မြဲဖို့အတွက်၊ သက်ဆိုးရှည်ဖို့အတွက်ကိုပဲ နည်းမျိုးစုံနဲ့ လှည့်ဖြားပြီး လုပ်ခဲ့ကြတယ်။
အဲ့ခေတ်မှာက နည်းပညာတွေမပေါ်သေးဘူး။ သူတို့ပြောသမျှကိုပဲ ယုံရတယ်။ စစ်တပ်က နိုင်ငံမှာရှိသမျှ နေရာဒေသ၊ ကဏ္ဍအသီးသီးမှာ သူတို့ကပဲ လက်ဝါးကြီးအုပ်ထားတယ်။ အဲ့လိုနဲ့ ၂၀၁၁ ဒီမိုကရေစီစနစ်မရခင် အထိ ပြည်မမှာရှိတဲ့ပြည်သူလူထုက စစ်တပ်ရဲ့စနစ်အောက်၊ ယန္တရားအောက်မှာပဲ နေသားကျလာတယ်။ ကျလာတဲ့အခါမှာ သူတို့အနေနဲ့က တိုင်းရင်းသားတွေရဲ့ မညီမျှမှုတွေ၊ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုတွေ လုပ်ခံနေရတယ်ဆိုတာမျိုးတွေကို ပိုပြီးတော့ မေ့လျော့လာကြတယ်။
နောက်တခုက စစ်တပ်က ပညာရေးတင် မကဘူး၊ စီးပွားရေးတွေ လူမှုရေးတွေမှာလည်း ခက်ခဲကြပ်တည်းနေအောင်လုပ်တဲ့အခါကျတော့ ပြည်သူလူထု က သူတို့ရဲ့အသက်ရှင်ရပ်တည်ရေးအတွက် လုံးပန်းနေရတာနဲ့တင် တခြားနိုင်ငံရေးတွေ၊ တခြားလူနည်းစု တွေရဲ့အခွင့်အရေးတွေ ညီမျှနေလား။ မညီမျှနေလားဆိုတာကိုလည်း သူတို့မှာစဉ်းစားချိန်မရှိတော့ဘူး။ အဲ့လိုမျိုးနဲ့ပဲစစ်တပ်က အခုချိန်ထိကို ချုပ်ကိုင်လာတယ်။
အခုလက်ရှိ ၂၀၂၁ အာဏာသိမ်းတဲ့အခါမှာ ဒါကမဖြစ်သင့်ဘူး။ ငါတို့ရဲ့အခွင့်အရေးကိုသူတို့က မတရား ချိုးဖောက်နေတာ၊ မတရားလုယူလိုက်တာဆိုမျိုးတွေက လူငယ်တိုင်း၊ ပြည်သူလူထုတိုင်း ရင်ထဲမှာ ရောက်လာတယ်။ အဲ့အတွက်ကိုလည်း နွေဦးတော်လှန်ရေးကပေါ်ပေါက်လာခဲ့တာဖြစ်တယ်။
နောက်တစ်ခုက အရင်တုန်းကကျတော့ စစ်တပ်ပြောတဲ့ဟာကိုပဲ နားထောင်ပြီးတော့ ယုံကြည်ခဲ့တာ။ အခုလက်ရှိကကြတော့ စစ်တပ်ကလုပ်တာမဟုတ်ဘူးလို့ လိမ်နေလိုက်ရင် လိမ်လိုက်ပြီးတာနဲ့ သိပ်မကြာဘူး သက်သေက ပေါ်လာရော။ လိုင်းပေါ်ကနေပြီးတော့ ပြည်သူလူထုက အမှန်တရားကဘာလဲ သိလာရတယ်။
အဲ့အခါ ဟိုအရင်တုန်းက တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က မတရားဖမ်းဆီးနှိက်စက်တာမျိုးတွေ မီးရှို့တာတို့၊ အမျိုးသမီးတွေအပေါ်မှာ အဲ့လိုမျိုး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာမျိုးတွေက တကယ်ဖြစ်ခဲ့တာပါလား။ အခုပြည်တွင်းမှာ မြို့ကြီးပြကြီးတွေမှာတောင်မှ သူတို့ကတကယ်လုပ်နေတာ ပါလား ဆိုတာမျိုးတွေ သိလာရတယ်။
ကျွန်မအနေနဲ့ မြင်မိတာက အခုနွေဦးတော်လှန်ရေးက အရင်တုန်းက အဖြစ်အပျက်တွေနဲ့မတူပဲနဲ့ တကယ့်ကို မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာပေးမယ်လို့လည်း မြင်တယ်။ ပြီးတော့နွေဦးတော်လှန်ရေးက စစ်အာဏာရှင်နဲ့ စစ်တပ် အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြတ် ခြေမှုန်းနိုင်လိမ့်မယ်လို့လည်း မြင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
နိုင်ငံတော်သစ်တည်ဆောက်တဲ့အခါ နိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတိုင်းရဲ့ရပိုင်ခွင့်ကို အဓိကတန်ဖိုးထား အလေးထားသင့်တယ်လို့ မြင်တယ်။ နိုင်ငံသားဆိုတဲ့နေရာမှာလည်း လူမျိုးကြီးတစ်ခု၊ အမြဲအားသာနေတဲ့ အရာတစ်ခုပေါ်မှာ အခြေခံတာမဟုတ်ပဲနဲ့ မတူညီတဲ့ကွဲပြားနေတဲ့ လူနည်းစုတွေရော၊ လူနည်းစုတွေမှာရှိတဲ့ လူနည်းစုတွေကလည်း ကျွန်မတို့နိုင်ငံသားဖြစ်တယ်။ သူတို့တွေရဲ့အခက်အခဲ သူတို့တွေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားရတယ်။
ကျွန်မတို့လည်း ငယ်ငယ်တုန်းကတော့မသိဘူး။ ဒီတိုင်းပဲ ဗမာအဖေအမေဆီကပဲ မွေးဖွားလာတယ်။ပြည်မက မြို့ပေါ်မှာပဲ ကြီးပြင်းလာတယ်။ အဲ့ဒီအခါကျတော့ ပစားပေးထားတဲ့စနစ်ထဲမှာပဲ အသားတကျပဲ စီးဆင်းသွားခဲ့တယ်။ ပညာရေးစနစ်ဆိုလည်း ဘယ်လောက်ပဲမကောင်းဘူးပြောပြော ဒီနိုင်ငံမှာ ရှိနေတဲ့ပညာရေးစနစ်ထဲမှာ ကျွန်မတို့ကသက်တောင့်သက်သာနဲ့ ပညာသင်ခွင့်ရတယ်။
အဲ့ဒီအချိန်မှာ တိုင်းရင်းသားဒေသတွေမှာကြတော့ သူတို့အနေနဲ့ကြရင်သူတို့မှာ ဘာသာစကားအခက်အခဲရှိမယ်။ သူတို့ရဲ့ နေရာဒေသပေါ်မူတည်ပြီး ရာသီဥတုကွဲပြားသွားတဲ့ အချက်အလက်တွေအပေါ်မှာ သူတို့အနေနဲ့ ကျောင်းသွား ရတာအခက်အခဲဖြစ်မယ်။ တိုင်းရင်းသားဒေသတွေ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ဒေသတွေမှာ မိုးတွင်းမှာ ကျောင်းတက်ခြင်းကသူတို့အတွက် အခက်အခဲတစ်ခုဖြစ်တယ်။
ဒါပေမယ့်လည်း သူတို့အနေနဲ့က ပညာသင်ချင်တယ်ဆို အခက်အခဲရှိရှိနဲ့ပဲ သွားပြီးတက်ရတာပဲ။ အဲ့လိုမှမတက်ဘူးဆိုရင် သူတို့မှာ ပညာသင် မယ့်အခွင့်အရေး ဆုံးရှုံးသွားတယ်။ နိုင်ငံတော်သစ် တည်ဆောက်တဲ့အခါမှာကျရင် အဲ့လိုမျိုးမဖြစ်စေချင်ဘူး။နိုင်ငံသားဆိုတဲ့နေရာမှာ လူနည်းစုပဲဖြစ်ပါစေ သူတို့ရဲ့အခွင့်အရေး သူတို့အဆင်ပြေလား မပြေလား။ သူတို့ အနေနဲ့ ဘယ်လိုအခွင့်အရေးမျိုးက သူတို့အတွက် ပိုပြီးတော့ အားသာချက်ဖြစ်မလဲ သူတို့အတွက် အဆင်ပြေမလဲဆိုတဲ့ အဲ့လိုအရာမျိုးတွေကို ထည့်သွင်းစဥ်းစား စေချင်တယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါ သလဲ။
စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတာလည်း ဖိုဝါဒပဲ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့နိုင်ငံမှာက မွေးဖွားလာတဲ့အချိန်ထဲက ယောကျာ်းလေးဆိုရင် ဘုန်းကံမြင့်တယ်။ ဒါကဘာသာရေး၊ ယဥ်ကျေးမှု ဓလေ့ ထုံးတမ်းတွေအရ မွေးကတည်းက ယောကျာ်လေးက အခွင့်အရေး ပိုပြီးရနေပြီးသား ဖြစ်ပါတယ်။ မွေးဖွားစဉ် ကတည်းက ဘာမှမလုပ်ရသေးခင်တောင် ခွဲခြားသတ်မှတ် ထားပြီးသားပေါ့နော်။
အဲ့လိုအချိန်မှာ ဒီလိုသေးငယ် တဲ့အရာတွေ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကနေပဲ အမျိုးသားတွေက ပညာတတ်သွားတယ်။ အချိန်တန်တော့ စီးပွားရေး၊ နိုင်ငံရေး၊ နယ်ပယ်အသီးသီးမှာ ဝင်ပြီးတော့ တာဝန်ယူထမ်းဆောင်တယ်။ တာဝန်ယူလိုက်ကြတယ်။ သူတို့က အသာစီးရနေပြီးသား ဖြစ်တဲ့အတွက် သူတို့စဉ်းစားဆုံးဖြတ်တဲ့ အခါမှာလည်း အသာစီးကနေဘဲ လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်ကြတယ်။ ငါတို့ကအခွင့်အရေးရနေတာလို့ မတွေးပဲနဲ့ ငါတို့ကတော့ ဒီလိုဆိုရင် အဆင်ပြေတယ်ဆိုပြီးတော့ တွေးလိုက်တယ်။
နိုင်ငံရေးမှာ များသောအားဖြင့်က မွေးရာပါအခွင့်အရေးနဲ့ ဦးစားပေးခံရတဲ့သူတွေကပဲ ဆုံးဖြတ်တဲ့အခါ လူနည်းစုတွေ ခွဲခြားဆက်ဆံခံရတဲ့သူတွေအတွက်ကို ထည့်သွင်းစဉ်းစားတယ်ဆိုရင်တောင် အလုံးစုံပြည့်ပြည့် ဝဝမဖြစ်နိုင်ဘူး။ ဘာလို့ဆို ခွဲခြားဆက်ဆံခံရတယ်ဆိုတာ ကိုယ်ခံစားရတာကိုယ်ပဲ သိတယ်။
ကိုယ့်အဆင် မပြေမှုကို ကိုယ်ကိုတိုင်ကထုတ်ဖော်ပြီး ပြောရမယ်။ ပြီးရင်ထုတ်ဖော်ပြီး ဆွေးနွေးရမယ်။ အဲ့လိုမျိုးလုပ်ပိုင်ခွင့် မရှိဘူးဆို တခြားသူကကိုယ်ချင်းစာတယ်ဆိုတာက ပြည့်ပြည့်ဝဝ မဖြစ်နိုင်ဘူး။ အဲ့အတွက်ကို နိုင်ငံရေးမှ မဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကဏ္ဍပေါင်းစုံမှာက စုံလင်ကွဲပြားမှုက လိုအပ်ပါတယ်။
အမျိုးသမီးတွေကိုတကယ့်ဦးဆောင်ဆုံးဖြတ်ရမယ့်နေရာမျိုးတွေ တကယ့်အချက်အချာ နေရာမျိုးတွေမှာ အမျိုးသမီးတွေကို နေရာထားတာမျိုးမရှိဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာဆိုလည်း အမျိုးသမီးတွေက ကဏ္ဍအသီးသီးမှာ ပါဝင်နေတယ်။ အခုနောက်ပိုင်းဆိုရင် အမျိုးသမီးအခွင့်အရေးတို့ ထုတ်ဖော်ပြောတဲ့ သူများလာတဲ့အခါမှာ အမျိုးသမီးတွေကို သုံးတော့သုံးတယ်။ဒါပေမယ့်အိမ်ဖြည့်အနေနဲ့ သဘောမျိုးပဲ သုံးတာရှိတယ်။ တကယ့်ဆုံးဖြတ်ရမယ့်နေရာမျိုးကျတော့ အမျိုးသားတွေကိုထားကြတယ်။ အမျိုးသမီးတွေကို သူတို့ရှေ့ကနေပြောသွားတာတွေကို နောက်ကနေ တောက်တိုမယ်ရ လိုက်ပြီးလုပ်ပေးရတဲ့နေရာမျိုးမှာပဲ အမျိုးသမီးတွေကို ထားတာမျိုးဘဲ ရှိနေသေးပါတယ်။
၄။လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အခုလက်ရှိအမျိုးသမီးတွေတွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေ ကျွန်မတို့ တက်တယ်။ ကဏ္ဍအသီးသီးက အမျိူးသမီးတွေ ပါဝင်ကြတယ်။ သူတို့တွေကလည်း ပြန်ပြောတယ်။ လက်ရှိဆိုလည်း အမျိုးသမီးတွေ မဖြစ်မနေ (၃၀) ရာခိုင်နှုန်း ပါရမယ်ဆိုလို့သာ အမျိုးသမီးတွေကိုပါဝင်ပြီးတော့ ထည့်ထားကြတယ်။ ဒါပေမယ့် တကယ့်ဆုံးဖြတ်ချက် ကြီးကြီးမားမားချရမယ့် နေရာမျိုးတွေမှာ အမျိုးသမီးတွေက မပါဘူး။ တကယ်လို့ အမျိုးသမီးတွေကပါခဲ့ရင်လည်း အမျိုးသမီးတွေရဲ့အသံကို သူတို့က နားတော့ထောင်လိုက်တယ်။ ဒါပေမယ့် လိုက်မလုပ်ဘူး။ အမျိုးသမီးရဲ့အသံကို အသိအမှတ် မပြုဘူး။ အဲ့လိုမျိုးတွေက အခုလက်ရှိအချိန်ထိ တော်လှန် ရေးမှာလည်း ဖြစ်နေတုန်းပဲ။
ဒါပေမယ့် ကျား၊ မတန်းတူညီမျှမှုကို တန်ဖိုးထားတယ်ဆိုတဲ့ အဖွဲ့တွေမှာတော့ အမျိုးသမီးတွေက ဦးဆောင်နေတဲ့နေရာတွေမှာ ပါဝင်နေတာ တွေ့ရတယ်။ မြေပြင်အဖွဲ့တွေမှာလိုမျိုး သပိတ်ကော်မတီလို နေရာတွေမှာလည်း အမျိုးသမီးတွေ ဦးဆောင်နေတာကို အများကြီး မြင်တွေ့လာရတယ်။ အရင်တုန်းက အခြေအနေနဲ့စာရင်တော့ ဒီနွေဦးတော်လှန်ရေး (၃) နှစ်တာ ကာလအတွင်းမှာ အမျိုးသမီး တွေက ပိုပိုပြီးတော့ပါဝင်လာနိုင်တယ်။ ဦးဆောင်လာနိုင်ကြတယ်လို့ မြင်တယ်။
ဒီထက်တော့ပိုပြီးတော့ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ပြီးတော့ အမျိုးသမီးအခွင့်အရေး ဆိုတာကို ပါးစပ်ထဲတွေ၊ စာအုပ်ထဲတွေ၊ မူတွေထဲမှာ တင်မဟုတ်ပဲနဲ့ တကယ့်လက်တွေမှာကို အမျိုးသမီး အခွင့်အရေးကို တန်ဖိုးထားစေချင်တယ်။ အမျိုးသမီးတွေ၊ လူနည်းစုတွေ ကို တန်းတူအခွင့်အရေး ပေးနိုင်တဲ့အချိန်ကမှ တကယ်ကိုပဲ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့အချိန်ဖြစ်မှာလို့ ကျွန်မကသုံးသပ်ပါတယ်။
၅။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးအခွင့်အရေး ဆိုတာ ဘာလဲ။ အမျိုးသမီးတွေက ဘာရပိုင်ခွင့်ရှိတယ်။ အမျိုးသမီးအခွင့်အရေးထဲမှာ ဘာတွေပါတယ်ဆိုတာမျိုး ကျွန်မတို့ကများသောအားဖြင့်က အမျိုးသမီးအချင်းချင်းမှာကိုပဲ အရင်ဆုံး မျှဝေပေးလေ့ရှိတယ်။ ဒါ့ပြင် အမျိုးသားတွေကိုလည်း အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးတွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ အသိပညာပေးသင့်ပါတယ်။
အမျိုးသားတွေကိုယ်တိုင်က အမျိုးသမီးတွေကလည်း လူပဲ။ ငါတို့နဲ့တူတူပဲ။ သူတို့မှာ လည်း ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ် ရှိတယ်။ လုပ်နိုင်စွမ်းရှိတယ် ဆိုတာမျိုးတွေကို အသိအမှတ်ပြုလာဖို့ အတွက်က သူတို့အနေနဲ့ အမျိုးသမီးအခွင့်ရေးကို သိရမယ်။ ကျား၊မတန်းတူညီမျှရေးကို သူတို့အနေနဲ့က တကယ်သိရှိနားလည်ပြီးတော့ လက်ခံအသိအမှတ်ပြုဖို့ ကျွန်မတို့ အများကြီး တိုက်တွန်းလှုံ့ဆော် စည်းရုံးသင့်ပါတယ်။
ကျောင်းသင်ခန်းစာ တွေမှာလည်း ကျား၊မတန်းတူညီမျှမှုတွေ အမျိုးသမီးအခွင့်အရေး၊ လူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ သင်ကြားပေးတာတွေ၊ ပညာပေးသင်တန်း၊ ဟောပြောတာပဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲလေးတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။
၆။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေလည်း အသိဉာဏ်ပညာတွေရှိတယ်။ ဆုံးဖြတ်နိုင်စွမ်းလည်း ရှိတယ်။ ဒါ့ပြင် အမျိုးသားတွေ ထက်ပိုပြီး ပိုပြီးစေ့စေ့စပ်စပ်လုပ်နိုင်စွမ်း ရှိတယ်။ ကိုယ့်မှာ လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင် လုပ်နိုင်စွမ်းကို ထုတ်ပြခွင့် မရကြဘူး။ တကယ့်လို့သာ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့လုပ်နိုင်စွမ်းတွေ စွမ်းဆောင်ရည်တွေကို ပြည့်ပြည့်ဝဝသာလုပ်နိုင်မယ်ဆိုရင် နိုင်ငံကလည်း ပိုပြီးတော့ ကောင်းမွန်လာမယ်။
လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခန်းကဏ္ဍအသီးသီးမှာလည်း အိုင်ဒီယာတစ်ခုထဲသွားတာ မဟုတ်တော့ဘူးပေါ့။ မတူညီတဲ့ အိုင်ဒီယာမျိုးစုံရတဲ့အတွက်ကို ပိုပြီးတော့ ကောင်းမွန်တဲ့အဖွဲ့အစည်း စနစ်တစ်ခုကိုပိုပြီး ဖွဲ့စည်းဖော်ဆောင် လာနိုင်မယ်လို့ထင်မြင်မိပါတယ်။
၇။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
အမျိုးသမီးတွေကလည်း တကယ်လူသားတစ်ယောက်ပဲ ဖြစ်တယ်။ အမျိုးသမီးဖြစ်နေလို့ မလုပ်နိုင်ဘူးဆိုတာ မရှိဘူး။ ဒီစနစ်ကြီးကြောင့်သာ အမျိုးသမီးတွေက ရှေ့ထွက်ခွင့်မရတာပေါ့။ အဲ့လိုမျိုးအခြေအနေမှာ အမျိုး သမီးတွေအနေနဲ့ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်ကိုတိုင်က အသိအမှတ်ပြုဖို့ လိုတယ်။ ကိုယ်ကိုကိုယ် ချစ်ဖို့လိုတယ်။ ကိုယ့်ရဲ့ရပ်တည်မှုက ကိုယ့်ကိုကိုယ်အတွက်ပဲ ဖြစ်သင့်တယ်။
ငါက မိန်းကလေးဖြစ်လို့ ရပါ့မလား ဖြစ်ပါ့မလား ဆိုပြီး တွေးပူမနေစေချင်ဘူး။ အရာအားလုံးကို ခက်ခဲတယ် ဆိုလည်း အမျိုးသမီးတွေက ပိုပြီးအခက်အခဲတွေ ကြုံတွေ့လာရင်တောင် အမျိုးသမီးတွေက ပိုပြီးကြံကြံခံ ရင်ဆိုင်နိုင်တယ်။ အဲ့တော့ ကိုယ့်ကိုကိုယ်ချစ်ပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားပါ။ အမျိုးသမီးတွေ ကလည်း ဦးဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို အားပေးစကားပြောချင်ပါတယ်။
ငါက မိန်းကလေးဖြစ်လို့ ရပါ့မလား ဖြစ်ပါ့မလား ဆိုပြီး တွေးပူမနေစေချင်ဘူး။ အရာအားလုံးကို ခက်ခဲတယ် ဆိုလည်း အမျိုးသမီးတွေက ပိုပြီးအခက်အခဲတွေ ကြုံတွေ့လာရင်တောင် အမျိုးသမီးတွေက ပိုပြီးကြံကြံခံ ရင်ဆိုင်နိုင်တယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း။
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“နိုင်ငံရေးအရ တက်လာသည့်အစိုးရတိုင်းဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအား ဖယ်ရှားရေးအတွက် ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းအစီအစဉ်တွေမှာ ကျောထောက် နောက်ခံပေးဖို့ လိုပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
မြန်မာနိုင်ငံရေးဖြစ်စဉ်ကဆိုရင် အရင်ကအာဏာသိမ်းမှုနဲ့ ယခုအာဏာသိမ်းမှုက မတူပါဘူး။ အရင်ကဆိုရင် ပြည်သူတွေဆူပူအောင်သူတို့ကပဲ လုပ်ပြီး အာဏာသိမ်းတယ်။ အခုအာဏာသိမ်းမှုကတော့ လူထုက တင် မြှောက်ထားတဲ့ရွေးကောက်ခံအစိုးရ နှင့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် အခြားနိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဖမ်းဆီးပြီး လူထူကပေးအပ်ထားတဲ့ အာဏာကိုပါစစ်တပ်ကနေပြီး သိမ်းလိုက်တာ ဖြစ်လို့ လူထုကနေပြီးတော့ ပြန်တော်လှန်တာမျိုးပါ။
နိုင်ငံရေးပါတီတွေအနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံမှာ အင်အားကြီးပါတီက ၂ခုပဲ ရှိတယ်။ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီ ပေါ့။ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ သန္ဓေဟာဆိုရင် စစ်တပ်က မွေးထုတ်ပေးထားသော အရင်းမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ စစ်တပ်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှိနေတယ်။ သူက သန္ဓေတည်ပြီးတော့ မွေးဖွားထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီကလည်း သူ့ရဲ့နိုင်ငံရေးအင်အားတစ်ရပ်အနေနဲ့ ရှိနေသေးတယ်။
တချိန်တည်းမှာ အလုံးစုံ ပြီးပြည့်စုံခြင်း မရှိသော ပင်လုံစာချုပ်ထဲမှကိုက တိုင်းရင်းသားတွေရဲ့ မကျေနပ်မှုများစွာက ရှိနေပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရေးဟာ ဟိုးအရင်ကတည်းမှာကိုက ပဋိပက္ခပေါင်းများစွာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ အဲထဲကနေ ပြီးတော့ ဆယ်စုနှစ်မက စစ်ကောင်စီ၏ လက်ဝါးကြီးအုပ်မှုကို တော်လှန်နေရတာ ဖြစ်တဲ့အတွက်၊ အခက်အခဲ များစွာ ရှိနေတဲ့ကြားထဲကနေ ကျွန်မတို့သည် နွေဦးတော်လှန်ရေးဟာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။
အဲဒီအတွက် ပြည်သူတွေကတော့ စစ်ကောင်စီကို အမြစ်ပြတ်အောင်တိုက်မယ် ဆိုတဲ့ ဘုံဆန္ဒကတော့ တူကြတယ်။ အခြား မတူကွဲပြားမှုတွေ၊ အမြင်တွေ၊ ရှုထောင့်တွေ၊ ချဉ်းကပ်မှုတွေ အမျိုးမျိုးအဖုံဖုံ ရှိနေကြတဲ့အပေါ်မှာပဲ ကျွန်မတို့အနေနဲ့ကတော့ ဒီနွေဦးတော်လှန်ရေးက မပြတ်ယွင်းသော ပန်းတိုင်ဆီကို တစိုက်မတ်မတ်သွားနေကြပါတာ ဖြစ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက် သင့်ပါသလဲ။
နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါ လူ့အခွင့်အရေးကို အခြေခံမူအနေနဲ့ ထားဖို့လိုပါတယ်။ လူ တစ်ယောက်ရယ်လို့ ဖြစ်လာရင် လူဂုဏ်သိက္ခာရှိရှိ နေထိုင်မှု၊ ရှင်သန်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်တွေရှိမယ်၊ လွတ်လပ်စွာရေးသားခွင့်တွေရှိမယ်၊ ကြွေးကြော်မှုတွေ ရှိရပါမယ်။ ဒီလိုအခြေခံလူ့အခွင့်အရေးတွေကိုလည်း ကျွန်မတို့က စည်းတွေ၊ ဘောင်တွေထားရမယ်။ ဒါတွေကို ပါးစပ်ကနေပဲ ပြောနေလို့မရဘူး။ အသက်သွင်းဖို့ဆိုရင်တော့ ကောင်းမွန်တဲ့ဥပဒေတစ်ရပ်ရှိဖို့ လိုတယ်။
နိုင်ငံသားတွေအနေနဲ့ နိုင်ငံတော်ကို ဖွဲ့စည်းမယ်၊ အခြေခံဥပဒေကို ရေးဆွဲမယ်ဆိုရင် ပြည်သူတွေ ထံကနေ ဆင်းသက်လာတဲ့ သဘောဆန္ဒတွေပါတဲ့ အခြေခံဥပဒေမျိုးတွေဖြစ်နေဖို့ လိုအပ်ပါတယ်။ တဖန် နိုင်ငံရေးအရ ဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ လူသားတိုင်း ကျား၊ မ တန်းတူအခွင့်အရေးတွေ ရှိနေဖို့ လိုအပ်ပါတယ်။
ပြည်နယ်တွေအနေနဲ့လည်း ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိနေရမယ်။ အဲဒီလိုကိုယ်ပိုင်ပြဌာန်းခွင့် တွေရှိနေတဲ့ ပြည်နယ်တွေကို စုဖွဲ့ပြီးတော့မှ ကျွန်မတို့က ပြည်ထောင်စုတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားအနည်းစုတွေကို အားလုံးနဲ့ သာတူညီမျှဖြစ်အောင် ထူးကဲတဲ့အခွင့်အရေးမျိုးတွေ ပေးအပ်ဖို့ လည်း လိုအပ်ပါတယ်။
ဒီမိုကရေစီဆိုတာဟာ လူအများကအုပ်ချုပ်ခွင့်ရပြီး၊ လူအနည်းစုရဲ့ အခွင့်အရေးကို လည်း ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးအရ ကျား၊ မဆိုင်ရာ လိင်စိတ် ခံစားမှုတွေကို ခွဲခြားမှုမရှိဖို့လည်း လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီကို အခြေခံထားပြီးတော့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့် ဒါမျိုးတွေလည်း ရှိနေဖို့ လိုအပ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
နိုင်ငံရေးအမြင်နဲ့ ချဉ်းကပ်တဲ့အခါမှာ ရှုထောင့်တွေ မျိုးစုံရှိပါတယ်။ အဲဒီမတူကွဲပြားမှုတွေကို အပေါ်ယံနဲသာ ကြည့်မယ်ဆိုရင် ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကိုလိုချင်တယ်ဆိုရင်တော့ သည်မတူကွဲပြားမှုတွေကို တစ်ယောက်နဲ့ တစ်ယောက် အမြင်စုံဖလှယ်ပြီးတော့ ဖေးဖေးမမနဲ့ သွားရပါမယ်၊ထိန်းကျောင်းရပါမယ်။
အဲဒီလိုပဲ အခြေခံမူတွေကို ရေးဆွဲတဲ့အခါကြရင် မတူကွဲပြားမှုတွေအပေါ်မှာပဲ ကျွန်မတို့က သူ့ရဲ့လိုအပ်ချက်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကို နားလည်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ အဲဒီအပေါ်မှာပဲ ကျွန်မတို့က မတူကွဲပြားမှုကို စိန်ခေါ်မှုလို့ မသတ်မှတ်ဘဲ အဲဒီအပေါ်မှာပဲ အခြေခံပြီးတော့ ရှုထောင့်ပေါင်းစုံ၊ အမြင်ပေါင်းစုံ ကို ခြေကုပ်ယူပြီးတော့မှ အောင်မြင်မှုဆီကို သွားရမှာ ဖြစ်ပါတယ်။ ဒါကိုစိန်ခေါ်မှုလို့ခေါ်သလိုပဲ အောင်မြင်မှု လို့လည်း မြင်မိပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အမျိုးသမီးတွေဆိုတာ တစ်ယောက်ချင်းစီအနေနဲ့ကြည့်လိုက်မယ်ဆိုရင် အရေးမပါသူ ဘာမှ မဟုတ်သူတွေလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ သို့သော် ကျွန်မတို့က တစ်နိုင်ငံလုံးဆိုင်ရာအနေအထား၊ တစ်ကမ္ဘာလုံး ဆိုင်ရာ အနေအထားနဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ အမျိုးသမီးထုတွေရဲ့ အခန်းကဏ္ဍက တကယ်ကိုကြီးမြတ်တဲ့၊ တကယ်ကို လေးလေးနက်နက်နဲ့ စဉ်းစားရမယ့်ကိစ္စတစ်ရပ်လို့ မြင်ပါတယ်။
အမျိုးသားထုတွေရဲ့ လုပ်ပိုင်ခွင့်၊ အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်ဆိုပြီးတော့ ခွဲခြားနေစရာမလိုဘူး။ အားလုံးဟာ အမျိုးသားရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ သူလည်း တစ်ကျပ်၊ ကိုယ်လည်း တစ်ကျပ်လို့ဆိုတဲ့ ကျား-မ တန်းတူညီမျှဖို့ လိုပါတယ်။
နောက်ပြီးတော့ တချို့ဌာနဆိုင်ရာတွေမှာဆိုရင် ရာထူးကြီးတဲ့နေရာတွေကို အမျိုးသမီးတွေကို မပေးတာ များတယ်။ ငြိမ်းချမ်းရေးဆိုင်ရာအကြီးအကဲတွေ၊ တကယ့်ခေါင်းဆောင်ပိုင်း တွေမှာဆိုရင်လည်း အမျိုးသမီး တွေကို ဖယ်ကျဉ်ထားတာတွေ ရှိတယ်။ ဒီလိုကိစ္စမျိုးတွေက လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်မလို့ အမျိုးသမီး တွေအနေနဲ့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသန္တအရေး ဘယ်ကိစ္စမှာမဆို ထဲထဲဝင်ဝင် ပါဝင်နေဖို့ လိုအပ်တယ်။
ကျွန်မတို့ ၂၀၁၅ လောက်ကထိ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှု၊ ဆုံးဖြတ်နိုင် မှုအားက နည်းသေးတယ်လို့ ကျွန်မအနေနဲ့ ထင်တယ်။ ၂၀၁၆ ခုနှစ်လောက် ကတောင်မှ ပြည်ထောင်စု လွှတ်တော်မှာ ဆိုရင် အမျိုးသားက (၄၂၄) ဦးရှိပြီးတော့မှ အမျိုးသမီးက (၆၇) ဦးပဲ ရှိတယ်။ ရာခိုင်နှုန်း အရဆိုရင် ၁၀ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိတယ်။
တိုင်းရင်းသားဒေသတွေမှာဆိုရင် ဝန်ကြီး (၂၄) ဦးမှာမှ အမျိုးသမီးက (၅) ဦးလောက်ပဲ ရှိတယ်။ အဲဒီတော့ နိုင်ငံရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အားက အင်မတန်ကို နည်းနေတယ်။ ဒါကြောင့်မလို့ ကျွန်မတို့တွေက အားမရသေးဘူးလို့ပဲပြောရမှာပေါ့၊ ကော်မတီ တွေဖွဲ့တဲ့အခါကြရင်လည်း အဲဒီကော်မတီတွေမှာ အမျိုးသမီးတွေရဲ့ ဥက္ကဌဖြစ်ခွင့်က အင်မတန်ကို နည်းနေသေးတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
နိုင်ငံရဲ့ယဉ်ကျေးမှုတွေကလည်း တခါတလေကျရင် ကျွန်မတိုအတွက် အဟန့်အတား ဖြစ်စေတယ်။ ရိုးရာ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ကိုးကွယ်မှုတွေကလည်း အဟန့်အတားဖြစ်စေတယ်။ အခုလက်ရှိ နွေဦး တော်လှန်ရေးမှာရော၊ ယခင်ကရော ဆုံးဖြတ်ပိုင်ခွင့်မှာ အမျိုးသမီးတွေက ရာခိုင်နှုန်းအားဖြင့် နည်းတယ်။ ဒီမိုကရေစီနည်းကျကျနဲ့ မဲခွဲတဲ့အခါ အမျိုးသမီးတွေ၏ လုပ်ပိုင်ခွင့်က ပိုပြီး အားနည်းပါတယ်။ ဒါကြောင့်မလို့ ကျွန်မတို့လိုအပ်တာက တန်းတူအခွင့်အရေးပါ။
နောက်ပြီးတော့ အမျိုးသားဖိုဝါဒီတွေကနေပြီးတော့လည်း ဖယ်ကျဉ်ထားတာတွေကြောင့် ကျွန်မတို့အမျိုးသမီးတွေကပြောဆိုခွင့်၊ ခေါင်းဆောင်ခွင့်ရဖို့တွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ လက်ရှိတော်လှန်ရေးကာလအရဆိုရင်တော့ နိုင်ငံရေးဆိုင်ရာတွေနဲ့ တွေးခေါ် မယ်ဆိုရင် အမြင်မတူမှုတွေရှိမယ်၊ နောက်ပြီး ဘာသာရေးအလေ့အထတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှု တွေရှိမယ်။ ဒါတွေက ထိန်းချုပ်မှုတွေ၊ အဟန့်အတားတွေဖြစ်နေတယ်လို့ မြင်ပါတယ်။
ဒါ့ပြင် ပညာရေးနဲ့ လုပ်ငန်းပိုင်းမှာလည်း ကန့်သတ်မှုတွေ ရှိနေတယ်။ ဒါတွေက ကျွန်မတို့အမျိုးသမီးတွေရဲ့ နေရာရမှုတွေ၊ အောင်မြင်မှုတွေနဲ့ ခေါင်းဆောင်မှု၊ လွတ်လပ်စွာပြောဆိုမှုတွေအတွက် အကန့်အသတ်၊ အဟန့်အတား ဖြစ်နေ စေပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ဖွဲ့စည်းပုံဥပဒေသစ်ရေးဆွဲတဲ့အခါမှာ ကျား- မ တန်းတူညီမျှရေးကို အမျိုးသားရေး လိုအပ်ချက်တစ်ရပ်အနေနဲ့ မြင်သင့်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင်၊ အစိုးရပိုင်းဆိုင်ရာ၊ ဌာနပိုင်းဆိုင်ရာတွေ၊ နိုင်ငံရေးပိုင်း ဆိုင်ရာ၊ လွှတ်တော်ပိုင်းဆိုင်ရာတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ထဲထဲဝင်ဝင်သတ်မှတ်ထားပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
နောက်ပြီးတော့ အမျိုးသမီးတွေပါဝင်မှုအားကောင်းလာဖို့ဆိုရင် နိုင်ငံတော် အစိုးရအနေနဲ့ ဗျူဟာကောင်းကောင်းတွေနဲ့ စီမံချက်ရေးဖို့လိုသလို၊ အမျိုးသမီးစွမ်းရည်တွေကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။ အဲဒီလိုပေးပြီးတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အကျယ်တဝင့်ထုတ်ဖော် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
အဲဒီအပေါ်မှာ မတူကွဲပြားမှုတွေကို ကျွန်မတို့က ဒီမိုကရေစီနည်းကျကျနဲ့ စီမံခန့်ခွဲမှုကောင်းကောင်း လုပ်ပေးမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ ပေါ်လွင် လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်စုဖွဲ့လာဖို့အတွက်ကိုလည်း နိုင်ငံတော်ကနေပြီးတော့ ထောက်ပံ့ပေးဖို့၊ စီမံပေးဖို့ လိုပါတယ်။ ဒါမှသာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းတူလုပ်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
ကျွန်မတို့ကအနာဂါတ်နိုင်ငံမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေ မြင်နိုင်မလဲဆိုတာမျိုးက လက်ရှိနွေဦး တော်လှန်ရေးကတော့ သာဓကပြစရာ ဖြစ်ပါတယ်။ ဒီအာဏာသိမ်းလိုက်ကတည်းကိုက အမျိုးသမီးခေါင်း ဆောင်တွေက ပေါ်ထွက်လာခဲ့တယ်။ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရမှာ ဒေါ်ဇင်မာအောင်ဆိုရင်လည်း အမျိုးသားတွေနဲ့တန်းတူ နိုင်ငံတကာကို သွားလာဆက်ဆံနေတယ်။ နောက်ပြီးတော့ ကျွန်မတို့ CRPH၊ CRYH တို့မှာ ဆိုရင်လည်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အရင်ကထက် ပါဝင်မှုအား ပိုကောင်းလာပါတယ်။
အဲဒီတော့ ကျွန်မတို့အမြင်အရဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးတွေရဲ့ စုဖွဲ့မှုအားက ပိုကောင်းလာတယ်။ အဲဒီလိုစုဖွဲ့မှုအား ပိုကောင်းလာလေလေ နိုင်ငံရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးလုပ်ငန်းတွေက ပိုပြီးတော့ ချောမွေ့လာလေလေ ဖြစ်ပါတယ်။ အမျိုးသားထုက အမျိုးသမီးရယ်လို့ ခွဲခြားဆက်ဆံနေသမျှကာလဟာ အမျိုးသမီးများအတွက် ခေါင်းဆောင်မှုရော၊အခွင့်အရေးရရှိမှုရော အဟန့်အတားဖြစ်နေမှာပဲ ဆိုတာ သတိချပ် သင့်ပါတယ်။
နိုင်ငံရေးအရ တက်လာသည့်အစိုးရတိုင်းဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအား ဖယ်ရှားရေး အတွက် ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းအစီအစဉ်တွေမှာ ကျောထောက် နောက်ခံရှိနေပြီး၊ အာမခံမှု အပြည့်အဝ ပေးထားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on