မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း။
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“နိုင်ငံရေးအရ တက်လာသည့်အစိုးရတိုင်းဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအား ဖယ်ရှားရေးအတွက် ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းအစီအစဉ်တွေမှာ ကျောထောက် နောက်ခံပေးဖို့ လိုပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

မြန်မာနိုင်ငံရေးဖြစ်စဉ်ကဆိုရင် အရင်ကအာဏာသိမ်းမှုနဲ့ ယခုအာဏာသိမ်းမှုက မတူပါဘူး။ အရင်ကဆိုရင် ပြည်သူတွေဆူပူ‌အောင်သူတို့ကပဲ လုပ်ပြီး အာဏာသိမ်းတယ်။ အခုအာဏာသိမ်းမှုကတော့ လူထုက တင် မြှောက်ထားတဲ့ရွေးကောက်ခံအစိုးရ နှင့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် အခြားနိုင်ငံရေး‌ ခေါင်းဆောင်တွေ ကိုပါ ဖမ်းဆီးပြီး လူထူကပေးအပ်ထားတဲ့ အာဏာကိုပါစစ်တပ်ကနေပြီး သိမ်းလိုက်တာ ဖြစ်လို့ လူထုကနေပြီးတော့ ပြန်တော်လှန်တာမျိုးပါ။

နိုင်ငံရေးပါတီတွေအနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံမှာ အင်အားကြီးပါတီက ၂ခုပဲ ရှိတယ်။ NLD ပါတီနဲ့  ကြံ့ခိုင်ရေးပါတီ ပေါ့။ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ သန္ဓေဟာဆိုရင် စစ်တပ်က မွေးထုတ်ပေးထားသော အရင်းမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ စစ်တပ်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှိနေတယ်။ သူက သန္ဓေတည်ပြီးတော့ မွေးဖွားထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီကလည်း သူ့ရဲ့နိုင်ငံရေးအင်အားတစ်ရပ်အနေနဲ့ ရှိနေသေးတယ်။

တချိန်တည်းမှာ  အလုံးစုံ ပြီးပြည့်စုံခြင်း မရှိသော ပင်လုံစာချုပ်ထဲမှကိုက တိုင်းရင်းသားတွေရဲ့ မကျေနပ်မှုများစွာက ရှိနေပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ‌ရေးဟာ ဟိုးအရင်ကတည်းမှာကိုက ပဋိပက္ခပေါင်းများစွာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ အဲထဲကနေ ပြီးတော့ ဆယ်စုနှစ်မက စစ်ကောင်စီ၏ လက်ဝါးကြီးအုပ်မှုကို တော်လှန်နေရတာ ဖြစ်တဲ့အတွက်၊ အခက်အခဲ များစွာ ရှိနေတဲ့ကြားထဲကနေ ကျွန်မတို့သည် နွေဦးတော်လှန်ရေးဟာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။

အဲဒီအတွက် ပြည်သူတွေကတော့ စစ်ကောင်စီကို အမြစ်ပြတ်အောင်တိုက်မယ် ဆိုတဲ့ ဘုံဆန္ဒကတော့ တူကြတယ်။ အခြား မတူကွဲပြားမှုတွေ၊ အမြင်တွေ၊ ရှုထောင့်တွေ၊ ချဉ်းကပ်မှုတွေ အမျိုးမျိုးအဖုံဖုံ ရှိနေကြတဲ့အပေါ်မှာပဲ ကျွန်မတို့အနေနဲ့ကတော့ ဒီနွေဦးတော်လှန်ရေးက မပြတ်ယွင်းသော ပန်းတိုင်ဆီကို တစိုက်မတ်မတ်သွားနေကြပါတာ ဖြစ်ပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက် သင့်ပါသလဲ။

နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါ လူ့အခွင့်အရေးကို အခြေခံမူအနေနဲ့ ထားဖို့လိုပါတယ်။ လူ တစ်ယောက်ရယ်လို့ ဖြစ်လာရင် လူဂုဏ်သိက္ခာရှိရှိ နေထိုင်မှု၊ ရှင်သန်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်တွေရှိမယ်၊ လွတ်လပ်စွာရေးသားခွင့်တွေရှိမယ်၊ ကြွေးကြော်မှုတွေ ရှိရပါမယ်။ ဒီလိုအခြေခံလူ့အခွင့်အရေးတွေကိုလည်း ကျွန်မတို့က စည်းတွေ၊ ဘောင်တွေထားရမယ်။ ဒါတွေကို ပါးစပ်ကနေပဲ ပြောနေလို့မရဘူး။ အသက်သွင်းဖို့ဆိုရင်တော့ ကောင်းမွန်တဲ့ဥပဒေတစ်ရပ်ရှိဖို့ လိုတယ်။

နိုင်ငံသားတွေအနေနဲ့ နိုင်ငံတော်ကို ဖွဲ့စည်းမယ်၊ အခြေခံဥပဒေကို ရေးဆွဲမယ်ဆိုရင် ပြည်သူတွေ ထံကနေ ဆင်းသက်လာတဲ့ သဘောဆန္ဒတွေပါတဲ့ အခြေခံဥပဒေမျိုးတွေဖြစ်နေဖို့ လိုအပ်ပါတယ်။ တဖန် နိုင်ငံရေးအရ ဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ လူသားတိုင်း ကျား၊ မ တန်းတူအခွင့်အရေးတွေ ရှိနေဖို့ လိုအပ်ပါတယ်။

ပြည်နယ်တွေအနေနဲ့လည်း ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိနေရမယ်။ အဲဒီလိုကိုယ်ပိုင်ပြဌာန်းခွင့် တွေရှိနေတဲ့ ပြည်နယ်တွေကို စုဖွဲ့ပြီးတော့မှ ကျွန်မတို့က ပြည်ထောင်စုတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားအနည်းစုတွေကို အားလုံးနဲ့ သာတူညီမျှဖြစ်အောင် ထူးကဲတဲ့အခွင့်အရေးမျိုးတွေ ပေးအပ်ဖို့ လည်း လိုအပ်ပါတယ်။

ဒီမိုကရေစီဆိုတာဟာ လူအများကအုပ်ချုပ်ခွင့်ရပြီး၊ လူအနည်းစုရဲ့ အခွင့်အရေးကို လည်း ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးအရ ကျား၊ မဆိုင်ရာ လိင်စိတ် ခံစားမှုတွေကို ခွဲခြားမှုမရှိဖို့လည်း လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီကို အခြေခံထားပြီးတော့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့် ဒါမျိုးတွေလည်း ရှိနေဖို့ လိုအပ်ပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

နိုင်ငံရေးအမြင်နဲ့ ချဉ်းကပ်တဲ့အခါမှာ ရှုထောင့်တွေ မျိုးစုံရှိပါတယ်။ အဲဒီမတူကွဲပြားမှုတွေကို အပေါ်ယံနဲသာ ကြည့်မယ်ဆိုရင် ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကိုလိုချင်တယ်ဆိုရင်တော့ သည်မတူကွဲပြားမှုတွေကို တစ်ယောက်နဲ့ တစ်ယောက် အမြင်စုံဖလှယ်ပြီးတော့ ဖေးဖေးမမနဲ့ သွားရပါမယ်၊ထိန်း‌ကျောင်းရပါမယ်။

အဲဒီလိုပဲ အခြေခံမူတွေကို ရေးဆွဲတဲ့အခါကြရင် မတူကွဲပြားမှုတွေအပေါ်မှာပဲ ကျွန်မတို့က သူ့ရဲ့လိုအပ်ချက်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကို နားလည်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ အဲဒီအပေါ်မှာပဲ ကျွန်မတို့က မတူကွဲပြားမှုကို စိန်ခေါ်မှုလို့ မသတ်မှတ်ဘဲ အဲဒီအပေါ်မှာပဲ အခြေခံပြီးတော့ ရှုထောင့်ပေါင်းစုံ၊ အမြင်ပေါင်းစုံ ကို ခြေကုပ်ယူပြီးတော့မှ အောင်မြင်မှုဆီကို သွားရမှာ ဖြစ်ပါတယ်။ ဒါကိုစိန်ခေါ်မှုလို့ခေါ်သလိုပဲ အောင်မြင်မှု လို့လည်း မြင်မိပါတယ်။
 
 
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

အမျိုးသမီးတွေဆိုတာ တစ်ယောက်ချင်းစီအနေနဲ့ကြည့်လိုက်မယ်ဆိုရင်  အရေးမပါသူ ဘာမှ မဟုတ်သူတွေလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ သို့သော် ကျွန်မတို့က တစ်နိုင်ငံလုံးဆိုင်ရာအနေအထား၊ တစ်ကမ္ဘာလုံး ဆိုင်ရာ အနေအထားနဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ အမျိုးသမီးထုတွေရဲ့ အခန်းကဏ္ဍက တကယ်ကိုကြီးမြတ်တဲ့၊ တကယ်ကို လေးလေးနက်နက်နဲ့ စဉ်းစားရမယ့်ကိစ္စတစ်ရပ်လို့ မြင်ပါတယ်။

အမျိုးသားထုတွေရဲ့ လုပ်ပိုင်ခွင့်၊ အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်ဆိုပြီးတော့ ခွဲခြားနေစရာမလိုဘူး။ အားလုံးဟာ အမျိုးသားရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ သူလည်း တစ်ကျပ်၊ ကိုယ်လည်း တစ်ကျပ်လို့ဆိုတဲ့ ကျား-မ တန်းတူညီမျှဖို့ လိုပါတယ်။

နောက်ပြီးတော့ တချို့ဌာနဆိုင်ရာတွေမှာဆိုရင် ရာထူးကြီးတဲ့နေရာတွေကို အမျိုးသမီးတွေကို မပေးတာ များတယ်။ ငြိမ်းချမ်းရေးဆိုင်ရာအကြီးအကဲတွေ၊ တကယ့်ခေါင်းဆောင်ပိုင်း တွေမှာဆိုရင်လည်း အမျိုးသမီး တွေကို ဖယ်ကျဉ်ထားတာတွေ ရှိတယ်။ ဒီလိုကိစ္စမျိုးတွေက လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်မလို့ အမျိုးသမီး တွေအနေနဲ့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသန္တအရေး ဘယ်ကိစ္စမှာမဆို ထဲထဲဝင်ဝင် ပါဝင်နေဖို့ လိုအပ်တယ်။

ကျွန်မတို့ ၂၀၁၅ လောက်ကထိ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှု၊ ဆုံးဖြတ်နိုင် မှုအားက နည်းသေးတယ်လို့ ကျွန်မအနေနဲ့ ထင်တယ်။ ၂၀၁၆ ခုနှစ်လောက် ကတောင်မှ ပြည်ထောင်စု လွှတ်တော်မှာ ဆိုရင် အမျိုးသားက (၄၂၄) ဦးရှိပြီးတော့မှ အမျိုးသမီးက (၆၇) ဦးပဲ ရှိတယ်။ ရာခိုင်နှုန်း အရဆိုရင် ၁၀ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိတယ်။

တိုင်းရင်းသားဒေသတွေမှာဆိုရင် ဝန်ကြီး (၂၄) ဦးမှာမှ အမျိုးသမီးက (၅) ဦးလောက်ပဲ ရှိတယ်။ အဲဒီတော့ နိုင်ငံရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အားက အင်မတန်ကို နည်းနေတယ်။ ဒါကြောင့်မလို့ ကျွန်မတို့တွေက အားမရသေးဘူးလို့ပဲပြောရမှာပေါ့၊ ကော်မတီ တွေဖွဲ့တဲ့အခါကြရင်လည်း အဲဒီကော်မတီတွေမှာ အမျိုးသမီးတွေရဲ့ ဥက္ကဌဖြစ်ခွင့်က အင်မတန်ကို နည်းနေသေးတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

နိုင်ငံရဲ့ယဉ်ကျေးမှုတွေကလည်း တခါတလေကျရင် ကျွန်မတိုအတွက် အဟန့်အတား ဖြစ်စေတယ်။ ရိုးရာ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ကိုးကွယ်မှုတွေကလည်း အဟန့်အတားဖြစ်စေတယ်။ အခုလက်ရှိ နွေဦး တော်လှန်ရေးမှာရော၊ ယခင်ကရော ဆုံးဖြတ်ပိုင်ခွင့်မှာ အမျိုးသမီးတွေက ရာခိုင်နှုန်းအားဖြင့် နည်းတယ်။ ဒီမိုကရေစီနည်းကျကျနဲ့ မဲခွဲတဲ့အခါ အမျိုးသမီးတွေ၏ လုပ်ပိုင်ခွင့်က ပိုပြီး အားနည်းပါတယ်။ ဒါကြောင့်မလို့ ကျွန်မတို့လိုအပ်တာက တန်းတူအခွင့်အရေးပါ။

နောက်ပြီးတော့ အမျိုးသားဖိုဝါဒီတွေကနေပြီးတော့လည်း ဖယ်ကျဉ်ထားတာတွေကြောင့် ကျွန်မတို့အမျိုးသမီးတွေကပြောဆိုခွင့်၊ ခေါင်းဆောင်ခွင့်ရဖို့တွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ လက်ရှိတော်လှန်ရေးကာလအရဆိုရင်တော့ နိုင်ငံရေးဆိုင်ရာတွေနဲ့ တွေးခေါ် မယ်ဆိုရင် အမြင်မတူမှုတွေရှိမယ်၊ နောက်ပြီး ဘာသာရေးအလေ့အထတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှု တွေရှိမယ်။ ဒါတွေက ထိန်းချုပ်မှုတွေ၊ အဟန့်အတားတွေဖြစ်နေတယ်လို့ မြင်ပါတယ်။

ဒါ့ပြင် ပညာရေးနဲ့ လုပ်ငန်းပိုင်းမှာလည်း ကန့်သတ်မှုတွေ ရှိနေတယ်။ ဒါတွေက ကျွန်မတို့အမျိုးသမီးတွေရဲ့ နေရာရမှုတွေ၊ အောင်မြင်မှုတွေနဲ့ ခေါင်းဆောင်မှု၊ လွတ်လပ်စွာပြောဆိုမှုတွေအတွက် အကန့်အသတ်၊ အဟန့်အတား ဖြစ်နေ စေပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ဖွဲ့စည်းပုံဥပဒေသစ်ရေးဆွဲတဲ့အခါမှာ ကျား- မ တန်းတူညီမျှရေးကို အမျိုးသားရေး လိုအပ်ချက်တစ်ရပ်အနေနဲ့ မြင်သင့်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင်၊ အစိုးရပိုင်းဆိုင်ရာ၊ ဌာနပိုင်းဆိုင်ရာတွေ၊ နိုင်ငံရေးပိုင်း ဆိုင်ရာ၊ လွှတ်တော်ပိုင်းဆိုင်ရာတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ထဲထဲဝင်ဝင်သတ်မှတ်ထားပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

နောက်ပြီးတော့ အမျိုးသမီးတွေပါဝင်မှုအားကောင်းလာဖို့ဆိုရင် နိုင်ငံတော် အစိုးရအနေနဲ့ ဗျူဟာကောင်းကောင်းတွေနဲ့ စီမံချက်ရေးဖို့လိုသလို၊ အမျိုးသမီးစွမ်းရည်တွေကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။ အဲဒီလိုပေးပြီးတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အကျယ်တဝင့်ထုတ်ဖော် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

အဲဒီအပေါ်မှာ မတူကွဲပြားမှုတွေကို ကျွန်မတို့က ဒီမိုကရေစီနည်းကျကျနဲ့ စီမံခန့်ခွဲမှုကောင်းကောင်း လုပ်ပေးမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ ပေါ်လွင် လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်စုဖွဲ့လာဖို့အတွက်ကိုလည်း နိုင်ငံတော်ကနေပြီးတော့ ထောက်ပံ့ပေးဖို့၊ စီမံပေးဖို့ လိုပါတယ်။ ဒါမှသာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းတူလုပ်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

ကျွန်မတို့ကအနာဂါတ်နိုင်ငံမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေ မြင်နိုင်မလဲဆိုတာမျိုးက လက်ရှိနွေဦး တော်လှန်ရေးကတော့ သာဓကပြစရာ ဖြစ်ပါတယ်။ ဒီအာဏာသိမ်းလိုက်ကတည်းကိုက အမျိုးသမီးခေါင်း ဆောင်တွေက ပေါ်ထွက်လာခဲ့တယ်။ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရမှာ ဒေါ်ဇင်မာအောင်ဆိုရင်လည်း အမျိုးသားတွေနဲ့တန်းတူ နိုင်ငံတကာကို သွားလာဆက်ဆံနေတယ်။ နောက်ပြီးတော့ ကျွန်မတို့ CRPH၊ CRYH တို့မှာ ဆိုရင်လည်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အရင်ကထက် ပါဝင်မှုအား ပိုကောင်းလာပါတယ်။

အဲဒီတော့ ကျွန်မတို့အမြင်အရဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးတွေရဲ့ စုဖွဲ့မှုအားက ပိုကောင်းလာတယ်။ အဲဒီလိုစုဖွဲ့မှုအား ပိုကောင်းလာလေလေ နိုင်ငံရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးလုပ်ငန်းတွေက ပိုပြီးတော့ ချောမွေ့လာလေလေ ဖြစ်ပါတယ်။ အမျိုးသားထုက အမျိုးသမီးရယ်လို့ ခွဲခြားဆက်ဆံနေသမျှကာလဟာ အမျိုးသမီးများအတွက် ခေါင်းဆောင်မှုရော၊အခွင့်အရေးရရှိမှုရော အဟန့်အတားဖြစ်နေမှာပဲ ဆိုတာ သတိချပ် သင့်ပါတယ်။

နိုင်ငံရေးအရ တက်လာသည့်အစိုးရတိုင်းဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအား ဖယ်ရှားရေး အတွက် ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းအစီအစဉ်တွေမှာ ကျောထောက် နောက်ခံရှိနေပြီး၊ အာမခံမှု အပြည့်အဝ ပေးထားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media