သဉ္ဇာရွှန်းလဲ့ရည်
ဦးဆောင်ကော်မတီအဖွဲ့ဝင် (Sisters to Sisters)
လှုံ့ဆော်စည်းရုံးရေးမှူး
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ-ACDD

​ 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“အတင်းမတူတူအောင် အတင်းစုစည်းစရာလည်းမလိုသလို မတူတူအောင်လည်း လိုက်လုပ်စရာ မလိုဘူး။ စုစည်းမှုတွေကတဆင့် နိုင်ငံတည်‌ဆောက်ရေးမှာ မတူညီတဲ့ အသွင်လဏ္ခာတွေ၊ စနစ်တွေရဲ့ ပြဌာန်းချက်တွေက   အားလုံးကို တပြေးညီသက်ရောက်မှုတဲ့တွေ ဖြစ်အောင် လုပ်ပေးဖို့ပဲ လိုပါတယ်”
 
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
နွေဦးတော်လှန်ရေးက ဒီနေ့ချိန်ထိ ရက်ပေါင်း (၁၀၀၀) ကျော်အထိ ပြည်သူအားလုံး လူထုလူတန်းစားအားလုံး စုစည်းပါဝင်နိုင်တယ်ဆိုတာက လွန်ခဲ့သောနှစ်ပေါင်း (၇၀) ကျော်ကတည်းက ကိုယ့်ရဲ့ရပ်တည်ချက် ခံယူချက် တွေကို မယိမ်းမယိုင်ပဲနဲ့ ရပ်ခံဆောင်ရွက်ခဲ့ကြတဲ့ အလုပ်သမား၊ လယ်သမား၊ တောင်သူလယ်သမား တပ်ပေါင်းစုတွေ၊ အစုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ တိုင်းရင်းသားတော်လှန်‌ရေးအစုအဖွဲ့တွေရဲ့ စံနမူနာကောင်းတွေကြောင့်သာလျှင် ဖြစ်ပါတယ်။ နောက်ဆက်တွဲ လူငယ်ထုတွေရဲ့ သွေးစည်းညီညွတ်မှုတွေ ကြောင့် အခုနွေဦးတော်လှန်ရေးက တကယ့်ကိုခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတာ ဖြစ်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ နွေဦးတော်လှန်ရေးရဲ့ တောင်းဆိုမှုတွေကို ကြည့်မယ်ဆို ၁၉၆၂၊ ၁၉၈၈၊ ၂၀၀၇၊ စတဲ့တော်လှန်ရေး၊ လူထုအုံကြွမှုအသီးသီးရဲ့ နောက်ဆက်တွဲရည်မှန်းချက်တွေထက်တဆင့် မြင့်လာတာကို မြင်ရပါတယ်။ အရင်ကဆို ဒီမိုကရေစီကို မနည်းအသက်နဲ့ရင်းလို့ တောင်းခဲ့ရတာကနေ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာတွေ စံနှုန်းတန်ဖိုးတွေ အခြေခံတဲ့ တော်လှန်ရေးရည်မှန်းချက်တွေ ဖြစ်လာတယ်။ တန်ဖိုးထားမှုတွေ ဖြစ်လာတယ်။ တန်ဖိုးထားမှုတွေဆိုတာက လုပ်ရပ်ကို ဖော်ပေါ်တဲ့အတွေးအခေါ်တွေ ဖြစ်တယ်။ လက်ရှိမှာ တော့ ဒါအတွက် ကိုယ်တွင်းအလုပ်တွေ အများကြီးလုပ်ပြီး အတွေးအမြင်တွေ ခံယူချက်တွေ ပိုပြီး ခိုင်ကြည်အောင် ဆောင်ရွက်ဖို့ လိုနေပါသေးတယ်။
 
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည် ဆောက်သင့်ပါသလဲ။
နွေဦးတော်လှန်ရေးမှာ လက်သုံးချောင်ထောင်ပြီးတော့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာလူတိုင်းသိတယ်။ ပထမလက်ကတော့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်တွေအားလုံးကိုတိုက်ဖျက်ရေးဖြစ်တယ်။  ဒုတိယလက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် စစ်အုပ်စုရဲ့ကြီးစိုးမှုကို တိုက်ဖျက်ရေး ဖြစ်တယ်။ နောက်ဆုံးလက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်စနစ်ကို တည်ဆောက်ရေး ဖြစ်တယ်။ အဲ့သုံးချက်နဲ့တင် ကျွန်မတို့ရဲ့စံနှုန်းတန်ဖိုးတွေက ဘာဖြစ်ရမလဲဆိုတာ ထပ်မံချဲ့ထွင်ပြီး တွေးကြည့်လို့ ရပါ တယ်။ ပထမဆုံးအချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးအပြင် အာဏာရှင်စနစ်တွေအားလုံး တိုက်ဖျက်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် ဖိုဝါဒ၊ လူမျိုးကြီးဝါဒ၊ မဟာဗမာလူမျိုးကြီးဝါဒ စတာတွေကို အမြစ်ဖြတ် ဖြိုချရမှာ ဖြစ်ပါတယ်။ စစ်တပ်က သူတို့ကသာလျှင်အဖ သူတို့ကသာလျှင် အမိဆိုတဲ့ ပြည်သူတွေအပေါ်မှာ တက်ထိုင်ပြီးတော့ ဂုတ်ခွစီးချင်တဲ့ အတွေးအခေါ်အပေါ် အခြေခံပြီး တိုင်းပြည်ကို ချယ်လှယ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့မကြိုက်နေတဲ့ အကြောင်းအရာတွေက ထပ်မလုပ်ရမယ့် အရာတွေ ဖြစ်တယ်။ ဒါတွေက ကျွန်မတို့ရဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေ ဖြစ်လာတယ်။ အဲ့မှာ ဖက်ဒရယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေက အသစ်တွေပြန်ပြီး ဖန်တီးနေစရာမလိုအောင် နိုင်ငံတကာမှာစံတွေ၊ တန်ဖိုးတွေက သက်မှတ်ထားတာရှိသလို ကိုယ့်နိုင်ငံ၊ ဒေသနဲ့ကိုက်ညီတဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေကိုလည်း ပြောင်းလဲထည့်သွင်းပြီးတော့ တော်လှန်ရေးရဲ့ပန်းတိုင်အနေနဲ့ သွားလို့ရပါတယ်။ အဲ့မှာလည်း ဘုံအနေနဲ့ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီဆိုပြီး အများစုက လက်ခံထားတယ်။ သို့သော် အခြားသော ကိုယ့်ဒေသအလိုက် လိုအပ်နေတဲ့စံနှုန်းတန်ဖိုးတွေကလည်း ပြုပြင်ပြောင်းလဲပြီးတော့ ကျွန်မတို့အားလုံးက အသိအမှတ်ပြုရမယ်။ အသိအမှတ်ပြုခြင်းအားဖြင့် ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။
 
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
စုံလင်ကွဲပြားမှုဆိုပြီး သုံးထားတာသဘောကျတယ်။ တော်တော်များများက မတူကွဲပြားမှု၊ ကွဲခြားမှု၊ ကွဲပြားမှု စသဖြင့် သုံးကြတာများတယ်။ အဲ့လိုသုံးလိုက်ရင်ကို သူ့ရဲ့အနှစ်သာရကို ပျောက်သွားစေတယ်။ ကျွန်မတို့က တူနေတာကို ကြိုက်တယ်။ တူတူပဲ လုပ်တာ ကြိုက်တယ်။ တခြားစဉ်းစားချက်တွေ တွေးခေါ်ချက်တွေကို သိပ်ပြီးလက်မခံချင်တော့ဘူး။ အဲ့တော့ အဲ့ဒီမှာ diversity ကို ထည့်သွင်းစဉ်းစားတာက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်သလို ရှိပြီးသားယဉ်ကျေးမှုကို တွန်းကန်ဖို့အတွက် diversity သည် အကောင်းဆုံး ဖြစ်ပါတယ်။  ကိုယ့်နိုင်ငံမှာလည်း စုံလင်ကွဲပြားတဲ့စဉ်းစားချက်တွေ အတွေးအခေါ်တွေကြားထဲကနေမှ ဘုံသ‌ဘောတူညီ ချက်တွေ စဉ်းစားချက်တွေကို စုစည်းလို့ရပါတယ်။ အတင်းမတူတူအောင် အတင်းစုစည်းစရာလည်းမလိုသလို မတူတူအောင်လည်း လိုက်လုပ်စရာမလိုဘူး။ စုစည်းမှုတွေကတဆင့် နိုင်ငံတည်‌ဆောက်ရေးမှာ မတူညီတဲ့ အသွင်လဏ္ခာတွေ စနစ်တွေရဲ့ ပြဌာန်းချက်တွေကလည်း အားလုံးကို တပြေးညီသက်ရောက်မှုတဲ့ဟာတွေ ဖြစ်လာအောင် စုံလင်ကွဲပြားမှုကိုလည်း အသိအမှတ်ပြုလေးစားတတ်အောင် အခြေခံကလေးငယ်တွေကအစ သင်ကြားပေးဖို့လိုတယ်။ အမျိုးသမီးတွေဟာ အများစုသော အင်အားစုဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းတောင် ကျော်တယ်။ အများစုသောအင်အားစုရဲ့ပါဝင်မှုကို အလဟဿမဖြစ်အောင် စနစ်တကျတန်းတူပါဝင်ခွင့်ကို ဖန်တီးပေးဖို့လိုတယ်။ တန်းတူပါဝင်ခွင့်လို့ပြောတာက လျော့နေလို့ပြောနေရတဲ့ အနေအထားဖြစ်ပါတယ်။ တန်းတူထက်ကျော်လို့ တော်ရင်တော်သလို ယောကျာ်းဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် အခြား LGBT တွေပဲဖြစ်ဖြစ် တော်ရင်‌တော်သလို သင့်တော်ရင်တော်သလို ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရှိလာရမယ်။ သို့သော် တန်းတူမဖြစ်အောင် ခွဲခြားထားတဲ့အရာတွေကို ကျွန်မတို့တိုက်ဖျက်ရမယ်။
 
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အမျိုးသမီးတွေက နှစ်ပေါင်းများစွာကတည်းက တော်လှန်ရေးတွေမှာ မားမားမတ်မတ်ရပ်တည်တယ်။ ပြည်သူ ထဲကပြည်သူတွေဖြစ်သလို စစ်အာဏာရှင်စနစ်ရဲ့ဆိုးကျိုးကို တော်တော်လေးကို ထဲထဲဝင်ဝင်သိနေတာလည်း အမျိုးသမီးတွေ ဖြစ်တယ်။ ဒါကြောင့် ဒီတော်လှန်ရေးတွေမှာ အမျိုးသမီးတွေက ထိပ်ကပါဝင်ကြပါတယ်။ သို့သော် ကျွန်မမြင်ရတဲ့အခင်းအကျင်းမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို သိပ်ပြီးအားမပေးတာရှိတယ်။ လုံခြုံရေး အကြောင်းပြချက်တွေမျိူးစုံနဲ့ ကိုယ့်ကိုကိုယ် censor လုပ်တာလည်းရှိသလို ပတ်ဝန်းကျင်ကလည်း သိပ်ပြီး အ‌လေးမထားဘူး။ သတင်းမီဒီယာတွေရဲ့ဦးဆောင်မှုကို ကြည့်ရင် အမျိုးသားတွေများတယ်။ အမျိုးသားတွေ ဆိုတာ သူ့သဘောသဘာဝကိုက အမျိုးသားကိုပဲ ပိုပြီးဦးစားပေးတတ်တယ်။ ဒီလိုဖြစ်နေတဲ့ အခါကျတော့ သူ့ရဲ့ highlight လုပ်တဲ့မီဒီယာမီးမောင်းထိုးမှုတွေကလည်း အမျိုးသားတွေကို ဖြစ်လာခဲ့တယ်။ ဒါကြောင့် အမျိုးသမီးတွေနည်းတယ်လို့ မြင်ခဲ့တာပေါ့။
ဒီဘက်ကာလကမ္ဘာအရွေ့မှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို တမင်တကာကို ခုတုံးလုပ်ပေးရတဲ့ အနေ အထားတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ မီဒီယာတွေ အနေနဲ့လည်း မဖြစ်မနေ အမျိုးသမီးကို ရှာဖွေ လာရတယ်။ အမျိုးသမီးခေါင်းဆောင်တွေကို highlight လုပ်ပေးဖို့ကြိုးစားလာရတယ်။ အဲ့နောက်ဆက်တွဲမှာ တော့ ၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက ပိုပြီးများတယ်လို့ မြင်လာတယ်။ အမှန်ကတော့ အရင်ထဲကလည်းဒီအတိုင်းပါပဲ အခုလည်းဒီအတိုင်းပါပဲလို့ ကျွန်မတော့တွေးတယ်။ ဆုံးဖြတ် ပိုင်ခွင့်အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ နိုင်ငံရေးစနစ်တွေအရ ယနေ့ အချိန်ထိ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မယူနိုင်ကြသေးဘူး။ အခုနွေဦးတော်လှန်ရေးမှာဆို NUG မှာဆိုအမျိုးသမီးပါဝင်မှုက မကြုံစဖူး တိုးတက်လာတယ်။ ပါဝင်မှုတွေ အများကြီးရှိတယ်ဆိုသော်ငြား ခေါင်းဆောင်မှုနေရာတွေကို ကြည့်ရင် အမျိူးသမီးတွေနည်းတယ်။ အမျိုးသမီး တွေ နောက်ကွယ်မှာပဲနေရတဲ့ အနေအထားတွေကို ပြန်ပြင်ဖို့ လိုပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
လူမှုရေး၊ ဘာသာရေး၊ ယဥ်ကျေးမှု အပါအဝင် နိုင်ငံရေးစနစ်တွေကြောင့် ဖြစ်ပါတယ်။ စနစ်တွေထဲမှာ စဉ်ဆက်မပြတ်ပြောတာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း အမျိုးသမီး ထည့်ကိုထည့်ရမယ်။ အမျိုးသမီးတွေ ပါဝင်ရမယ်လို့ ပြောတော့ တွေ့တဲ့အမျိုးသမီးကို ကောက်ထည့်တာမျိုးလည်း အားမပေးဘူး။ အဲ့ဒီအနေအထား မှာ ကျွန်မတို့နှစ်မျိုးကို ကြည့်ရမယ်။ ဒီနိုင်ငံရေးစနစ်တွေနဲ့ ပြုပြင်ပြောင်းလဲလာတဲ့ ဥပဒေတွေမှာ အမျိုးသမီး တွေရဲ့ပါဝင်မှု အခန်းကဏ္ဍ ဘယ်လောက်အထိအလေးပေးထားလဲ ဦးစားပေးထားလဲဆိုတဲ့ အကြောင်းအရာနဲ့ နောက်တခုက ပါဝင်ဆောင်ရွက်နေတဲ့ သူတွေရဲ့ခေါင်းဆောင်တွေရဲ့ အမျိုးသမီးအရေး၊ မတူကွဲပြားစုံလင်မှု အပေါ် ဘယ်လောက်နားလည်ထားသလဲဆိုတဲ့ သူတို့ရဲ့နိုင်ငံရေးနားလည်မှု နိုင်ငံရေးအရ လက်ခံထားမှု ကြည့်ရမယ်။
 
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ  အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ခေါင်းဆောင်ပိုင်းတွေရဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုတန်ဖိုးကို နားလည်အောင် လုပ်ရမယ်။ အမျိုးသမီးတွေကို အရင်းအမြစ်တွေ ပေးရမယ်။ ပံ့ပိုးမှုတွေလုပ်ရမယ်ဆိုတဲ့အပိုင်းမှာလည်း နီးစပ်ရာအစုအဖွဲ့တွေကို ပေးလိုက် တာမဟုတ်ပဲနဲ့ လူတန်းစားအလွှာစုံက အမျိုးသမီးတွေရဲ့ပါဝင်မှုကို ဘယ်လောက်ထည့်သွင်း စဉ်းစားလဲ။ Intersectional feminism ပေါ့။ လုံးဝမတူနေတဲ့အစုအဖွဲ့အသီးသီးမှာ အမျိုးသမီးတွေက ကဏ္ဍအစုံမှာ ရုန်းကန်နေရတယ်။ အမျိုးသမီးလို့ ပြောရင် နိုင်ငံရေးနားလည်တယ်ဆို ဘွဲ့ရတွေကိုပဲ အရင်းအမြစ်တွေ ပေးမှာလား။ လယ်သမား၊ အလုပ်သမားအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုထည့်သွင်း စဉ်းစားမှာ လဲ။ လူနည်းစုတိုင်းရင်းသားတွေကို ကျွန်မတို့ထည့်သွင်းစဥ်းစားဖို့ လိုပါတယ်။ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း လူနည်းစုကို ပိုပြီးဦးစားပေးသင့်ပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေလို မျိုးစဥ်ဆက်မပြတ် ဖိနှိပ်ခံနေရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေကိုရော ဖိတ်ခေါ်နေပြီလား။ ထပ်ပြီးတော့ အရင်းအမြစ်တွေကို လက်လှမ်း မှီအောင် ဘယ်လောက်အထိ လုပ်ထားနိုင်လဲ။ နိုင်ငံတော်အဆင့်စဉ်းစားတဲ့သူတွေအနေနဲ့က ကဏ္ဍအစုံကို လွှမ်းခြုံမိအောင်သွားနိုင်မှသာလျှင် တပြေးညီမြင့်တက်လာမယ်။ မဟုတ်လို့ကတော့ အသိုင်းအဝိုင်း တစ်ခု မဟုတ်တစ်ခုက ကျန်နေခဲ့သရွေ့ လူထုလူတန်းစားအစုံရဲ့တော်လှန်ရေးက အရှေ့မရောက်ဘူး။ လူတစ်မျိုး အစုအဖွဲ့တစ်စုံပဲ လွတ်မြောက်သွားလိမ့်မယ်။ အားလုံးလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
အဲအတွက် လက်ရှိခေါင်းဆောင်တွေရဲ့ political will ကို အမြဲတမ်းစဉ်ဆက်မပြတ် ကြည့်နေရမယ်။ အမြဲတမ်း ထောက်ပြ ပြောဆိုနေရမယ်။ နားလည်မှုတွေ တက်အောင်လုပ်ရမယ်။ အမျိုးသမီးတွေက အရင်းအမြစ်တွေ မျိုးစုံကို လိုနေတာဖြစ်တယ်။ ဘဏ္ဍာရေးဆိုင်ရာအပြင်၊ နည်းပညာ၊ စိတ်ပိုင်းရုပ်ပိုင်းပံ့ပိုးထောက်ပံ့မှုတွေ အရေးကြီးဆုံးအချက်က အမျိုးသမီးတွေ စစ်ဘေးရှောင်နေရတယ်။ အမျိုးသမီးတွေ ထောင်ထဲရောက်နေ တယ်။ ပိုက်ဆံဘယ်လောက်ဆိုပြီးသတ်မှတ်လိုက်တာထက် ပိုအရေးကြီးတာက သူတို့နစ်နာနေတဲ့အချိန်၊ သူတို့ထိခိုက်နေတဲ့အချိန်မှာ ဘယ်လောက်အထိ အတူရပ်တည်ပေးလဲဆိုတာက အရေးကြီးဆုံးဖြစ်တယ်။ အဲ့လိုမျိုးနစ်နာနေရတဲ့ဟာမှာ သူတို့နဲ့အတူရပ်တည်ပြီးတော့ သူတို့နဲ့ကာကွယ်ပြောဆိုပေးတယ်။ သူတို့ အကြောင်းကို ဖလှယ်ပေးတယ်။ ပြောပေးတယ်ဆိုတာကလည်း သိပ်ကိုတန်ဖိုးရှိတဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။ ဒီလိုအရင်းအမြစ်က အရေးကြီးဆုံးဖြစ်မယ်လို့လည်း မြင်ပါတယ်။
 
 
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
ဘယ်လူသားမှ သူတို့ရဲ့ မွေးဖွားလာတဲ့ လိင်အင်္ဂါအပေါ် မူတည်ပြီးတော့ ခွဲခြားမခံရဘူးဆိုတဲ့ လုံခြုံတဲ့ဝန်းကျင် တစ်ခုကို ရောက်သွားတဲ့အချိန်မှာ လူထုလူတန်းစားအစုံ၊ ဂျဲန်ဒါအစုံပါအဝင် ဆောင်ရွက်လာနိုင်တဲ့အခင်း အကျင်းမှာ ဘယ်လူသားမဆို မွေးဖွားလာကတည်းက သူတို့ဘယ်လိုနည်းနဲ့ မွေးဖွားသည်ဖြစ်စေ၊ ဘယ်လို မိသားစုမှာမွေးဖွား သည်ဖြစ်စေ သူတို့ရဲ့မွေးဖွားကြီးပြင်းလာရတဲ့ ဖြစ်တည်မှုတွေအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတဲ့ ခံစားချက်က အဲ့လူတစ်‌ယောက်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်‌ပေးလိုက်တာ ဖြစ်တယ်။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအပြည့်နဲ့ ရှင်သန်ခွင့်ရှိမယ်ဆိုရင် ကြိုးစားချင်စိတ် ရှိတဲ့သူ ဖြစ်လာမယ်။ အဲ့လိုအနေအထားမှာ အဓိကအကျဆုံးကတော့ ဘယ်လူသားမဆို သူတို့ရဲ့စိတ်ဆန္ဒအတိုင်း လုပ်တာရှိမယ်၊ မလုပ်တာရှိမယ်။ သူတို့က ဂုဏ်သိက္ခာအပြည့်နဲ့ ရှင်သန်ရပ်တည် သေဆုံးခွင့် ရှိလာမယ်။ အမျိုးသမီးတွေက နိုင်ငံရေးမှာ တင်းပြည့်ကြပ်ပြည့်ပါဝင်ချင်ရင် ပါဝင်ခွင့်ရမယ်ဆိုလို့ကတော့ သေချာတာ ကတော့ စစ်ပွဲတွေချုပ်ငြိမ်းဖို့ အနီးစပ်ဆုံးဖြစ်မယ်။ တဖြေးဖြေးနဲ့ အသိုင်းအဝိုင်းတစ်ခုလုံး တစ်စုံလုံးစာ တိုးတက်လာဖို့အတွက် အမျိုးသမီးတွေက အများကြီးစွမ်းဆောင်လာနိုင်မှာ ဖြစ်တယ်။ ဒါကတော့ ကျွန်မတို့ မျိုးဆက်အသီးသီးအတွက် အကျိုးအများဆုံး စဉ်းစားချက် ဖြစ်လာမယ်လို့ ထင်တယ်။
 
၈။ ဖြည့်စွက်ချက်။ 
ကျွန်မတို့အမျိုးသမီးတွေ ကဏ္ဍအစုံမှာ ကျရာကဏ္ဍက ပါဝင်နေကြတာဖြစ်တယ်။ နိုင်ငံရေးလို့ပြောရင်လည်း ကျရာ ကဏ္ဍမှာ ကိုယ်နိုင်ရာကိုဆောင်ရွက်နေရတယ်။ အမျိုးသမီးတွေက အိမ်တွင်းမှာလည်း ဖိနှိပ်မှုခံရတယ်။ stereotype ပတ်ဝန်းကျင်မှာ သတ်မှတ်ထားတဲ့ပုံသေကားချပ် စဉ်းစားချက်တွေကြားမှာ ရုန်းကန်ရတယ်။ ကိုယ်ဖြစ်ချင်တာတောင်မှ အဲ့ရုန်းကန်မှုတွေကို အိမ်မှာအရင်တိုက်ရတယ်။ အိမ်မှာတိုက်ပြီး လမ်းပေါ်မှာ တိုက်ရတယ်။ အလုပ်ခွင်တွေမှာ တိုက်ရတယ်။ ပြီးရင် နိုင်ငံရေးကဏ္ဍတွေမှာ တိုက်ရတယ်။ ဆန္ဒပြပွဲလုပ်ရင် တောင် အမျိုးသမီးတွေနောက်မှာနေ၊ တခုခုဖြစ်မှာစိုးလို့။ ဒါပေမယ့် အဲ့လိုတခုခုဖြစ်မှာစိုးလို့ လို့ပြောလိုက်တာ က သူ့ရဲ့ရုပ်ခန္ဓာဗေဒဖြစ်တည်မှုပေါ်မှာ စိုးရိမ်တယ်ဆိုသော်ငြား အမျိုးသမီးတွေက ရှေ့တန်းမှာ ပါဝင်နေတယ် ဆိုတဲ့ပုံရိပ်ကို ကျသွားစေတယ်။ အဲ့ကြားထဲမှာမှ အမျိုးသမီးတွေကရုန်းနေရတယ်ဆိုတော့ ကိုယ့်အချင်းချင်း ကြားမှာ ဖေးမပေးပါ။ စာနာပေးပါ။ ဂရုစိုက်ပေးပါ။ သူများထက်ပိုပြီး နားလည်ပေးဖို့လိုတယ်။ အချင်းချင်း အပြိုင်အဆိုင်တွေရှိတာက ပြသနာမဟုတ်ဘူး။ သို့သော် ကျွန်မတို့က အမျိုးသမီးဖြစ်တည်မှုပေါ် မူတည်ပြီး ရုန်းကန်နေရတဲ့ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း ရုန်းကန်ရမှုတွေကို အချင်းချင်းစာနာပြီး သွေးစည်းညီညွတ်မှု ပြဖို့က ဒီတော်လှန်ရေးမှာ အထက်မြက်ဆုံးလက်နက်တစ်ခုဖြစ်တယ်လို့ ကျွန်မကမြင်ပါတယ်။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media