Spring
 ပြည်သူ့စစ်သားဇနီးများ
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“နိုင်ငံရေးမှာ များသောအားဖြင့်က မွေးရာပါအခွင့်အရေးနဲ့ ဦးစားပေးခံရတဲ့သူတွေ ကပဲ ဆုံးဖြတ်တဲ့အခါ လူနည်းစုတွေ ခွဲခြားဆက်ဆံခံရတဲ့သူတွေအတွက်ကို ထည့်သွင်းစဉ်းစားတယ်ဆိုရင်တောင် အလုံးစုံပြည့်ပြည့်ဝဝ မဖြစ်နိုင်ဘူး။ ဘာလို့ဆို ခွဲခြားဆက်ဆံခံရတယ်ဆိုတာ ကိုယ်ခံစားရတာကိုယ်ပဲ သိတယ်”


၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်က စပြီးတော့ တန်းတူညီမျှအခွင့်အရေးကို မရကြတဲ့ လူနည်းစု၊ တိုင်းရင်းသား လူမျိုးတွေက စတင်ပြီး အခွင့်အရေးကို တောင်းဆိုတာကနေ လက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ နိုင်ငံပြည် တွင်းစစ်‌ အကြာရှည်ဆုံးနိုင်ငံတစ်ခု  ဖြစ်လာခဲ့တယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာဆို ပြောရရင် ၁၉၆၂ မှာ စစ်တပ်က အာဏာစသိမ်းတယ်။ အဲ့အချိန်ကနေစပြီးနောက်ပိုင်း ၇၄ တို့ ၈၈တို့မှာ နိုင်ငံရေးအပြောင်းအလဲ တော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့တယ်။

ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို အသက်သွင်းနေတဲ့ စစ်တပ်ဆိုတဲ့ institution ကြီးကို အမြစ်ဖြတ်နိုင်ခဲ့ခြင်း မရှိဘူး။ အရင်တုန်းကဆိုရင်လည်း ပြည်မနဲ့ တိုင်းရင်းသားဒေသ ဆိုပြီး ခွဲခြားလိုက်သလို၊ ဝါဒဖြန့်တဲ့အခါကျတော့ တိုင်းပြည်ချောက်ထဲကျွန်မယ့်အချိန်မှာ စစ်တပ်က အမြဲကယ် လိုက်တာ။

တိုင်းပြည်ကို တခြား တရုတ်ဖြူတွေ၊ ကူမင်တန်တွေ၊ ဗကပတို့၊ သူပုန်တွေ ရန်ကနေ ငါတို့က ပြည်သူကိုကာကွယ်ပေးထားတာ၊ ကယ်တင်ပေးထားတာဆို‌ပြီး ခေတ်အဆက်ဆက်မှာ သူရဲကောင်း အယောင်ဆောင်ပြီး၊ သူတို့အာဏာတည်မြဲဖို့အတွက်၊ သက်ဆိုးရှည်ဖို့အတွက်ကိုပဲ နည်းမျိုးစုံနဲ့ လှည့်ဖြားပြီး လုပ်ခဲ့ကြတယ်။

အဲ့ခေတ်မှာက နည်းပညာတွေမပေါ်သေးဘူး။ သူတို့ပြောသမျှကိုပဲ ယုံရတယ်။     စစ်တပ်က နိုင်ငံမှာရှိသမျှ နေရာဒေသ၊ ကဏ္ဍအသီးသီးမှာ သူတို့ကပဲ လက်ဝါးကြီးအုပ်ထားတယ်။ အဲ့လိုနဲ့ ၂၀၁၁ ဒီမိုကရေစီစနစ်မရခင် အထိ ပြည်မမှာရှိတဲ့ပြည်သူလူထုက စစ်တပ်ရဲ့စနစ်အောက်၊ ယန္တရားအောက်မှာပဲ နေသားကျလာတယ်။ ကျလာတဲ့အခါမှာ သူတို့အနေနဲ့က တိုင်းရင်းသားတွေရဲ့ မညီမျှမှုတွေ၊ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုတွေ လုပ်ခံနေရတယ်ဆိုတာမျိုးတွေကို ပိုပြီးတော့ မေ့လျော့လာကြတယ်။

နောက်တခုက စစ်တပ်က ပညာရေးတင် မကဘူး၊ စီးပွားရေးတွေ လူမှု‌ရေးတွေမှာလည်း ခက်ခဲကြပ်တည်းနေ‌အောင်လုပ်တဲ့အခါကျတော့ ပြည်သူလူထု က သူတို့ရဲ့အသက်ရှင်ရပ်တည်ရေးအတွက် လုံးပန်းနေရတာနဲ့တင် တခြားနိုင်ငံရေးတွေ၊ တခြားလူနည်းစု တွေရဲ့အခွင့်အရေးတွေ ညီမျှနေလား။ မညီမျှနေလားဆိုတာကိုလည်း သူတို့မှာစဉ်းစားချိန်မရှိတော့ဘူး။ အဲ့လိုမျိုးနဲ့ပဲစစ်တပ်က အခုချိန်ထိကို ချုပ်ကိုင်လာတယ်။

အခုလက်ရှိ ၂၀၂၁ အာဏာသိမ်းတဲ့အခါမှာ ဒါကမဖြစ်သင့်ဘူး။  ငါတို့ရဲ့အခွင့်အရေးကိုသူတို့က မတရား ချိုးဖောက်နေတာ၊ မတရားလုယူလိုက်တာဆိုမျိုးတွေက လူငယ်တိုင်း၊ ပြည်သူလူထုတိုင်း ရင်ထဲမှာ ရောက်လာတယ်။ အဲ့အတွက်ကိုလည်း နွေဦးတော်လှန်ရေးကပေါ်ပေါက်လာခဲ့တာဖြစ်တယ်။

နောက်တစ်ခုက အရင်တုန်းကကျတော့ စစ်တပ်ပြောတဲ့ဟာကိုပဲ နားထောင်ပြီးတော့ ယုံကြည်ခဲ့တာ။ အခုလက်ရှိကကြတော့ စစ်တပ်ကလုပ်တာမဟုတ်ဘူးလို့ လိမ်နေလိုက်ရင် လိမ်လိုက်ပြီးတာနဲ့ သိပ်မကြာဘူး သက်သေက ပေါ်လာရော။ လိုင်းပေါ်ကနေပြီးတော့ ပြည်သူလူထုက အမှန်တရားကဘာလဲ သိလာရတယ်။

အဲ့အခါ ဟိုအရင်တုန်းက တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က မတရားဖမ်းဆီးနှိက်စက်တာမျိုးတွေ မီးရှို့တာတို့၊ အမျိုးသမီးတွေအပေါ်မှာ အဲ့လိုမျိုး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာမျိုးတွေက တကယ်ဖြစ်ခဲ့တာပါလား။ အခုပြည်တွင်းမှာ မြို့ကြီးပြကြီးတွေမှာတောင်မှ သူတို့ကတကယ်လုပ်နေတာ ပါလား ဆိုတာမျိုးတွေ သိလာရတယ်။

ကျွန်မအနေနဲ့ မြင်မိတာက အခုနွေဦးတော်လှန်ရေးက အရင်တုန်းက အဖြစ်အပျက်တွေနဲ့မတူပဲနဲ့ တကယ့်ကို မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာပေးမယ်လို့လည်း မြင်တယ်။ ပြီးတော့နွေဦးတော်လှန်ရေးက စစ်အာဏာရှင်နဲ့ စစ်တပ် အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြတ် ခြေမှုန်းနိုင်လိမ့်မယ်လို့လည်း မြင်ပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

နိုင်ငံတော်သစ်တည်ဆောက်တဲ့အခါ နိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတိုင်းရဲ့ရပိုင်ခွင့်ကို အဓိကတန်ဖိုးထား အလေးထားသင့်တယ်လို့ မြင်တယ်။ နိုင်ငံသားဆိုတဲ့နေရာမှာလည်း လူမျိုးကြီးတစ်ခု၊ အမြဲအားသာနေတဲ့ အရာတစ်ခုပေါ်မှာ အခြေခံတာမဟုတ်ပဲနဲ့ မတူညီတဲ့ကွဲပြားနေတဲ့ လူနည်းစုတွေရော၊ လူနည်းစုတွေမှာရှိတဲ့ လူနည်းစုတွေကလည်း ကျွန်မတို့နိုင်ငံသားဖြစ်တယ်။ သူတို့တွေရဲ့အခက်အခဲ သူတို့တွေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားရတယ်။

ကျွန်မတို့လည်း ငယ်ငယ်တုန်းကတော့မသိဘူး။ ဒီတိုင်းပဲ ဗမာအဖေအမေဆီကပဲ မွေးဖွားလာတယ်။ပြည်မက မြို့ပေါ်မှာပဲ ကြီးပြင်းလာတယ်။ အဲ့ဒီအခါကျတော့ ပစားပေးထားတဲ့စနစ်ထဲမှာပဲ အသားတကျပဲ စီးဆင်းသွားခဲ့တယ်။ ပညာ‌ရေးစနစ်ဆိုလည်း ဘယ်လောက်ပဲမကောင်းဘူးပြောပြော ဒီနိုင်ငံမှာ ရှိနေတဲ့ပညာရေးစနစ်ထဲမှာ  ကျွန်မတို့ကသက်တောင့်သက်သာနဲ့ ပညာသင်ခွင့်ရတယ်။

အဲ့ဒီအချိန်မှာ တိုင်းရင်းသားဒေသတွေမှာကြတော့ သူတို့အနေနဲ့ကြရင်သူတို့မှာ ဘာသာစကားအခက်အခဲရှိမယ်။ သူတို့ရဲ့ နေရာဒေသပေါ်မူတည်ပြီး ရာသီဥတုကွဲပြားသွားတဲ့ အချက်အလက်တွေအပေါ်မှာ သူတို့အနေနဲ့ ကျောင်းသွား ရတာအခက်အခဲဖြစ်မယ်။ တိုင်းရင်းသားဒေသတွေ၊ လမ်းပန်းဆက်သွယ်‌ရေး မကောင်းတဲ့‌ဒေသတွေမှာ မိုးတွင်းမှာ ကျောင်းတက်ခြင်းကသူတို့အတွက် အခက်အခဲတစ်ခုဖြစ်တယ်။

ဒါပေမယ့်လည်း သူတို့အနေနဲ့က ပညာသင်ချင်တယ်ဆို အခက်အခဲရှိရှိနဲ့ပဲ သွားပြီးတက်ရတာပဲ။ အဲ့လိုမှမတက်ဘူးဆိုရင် သူတို့မှာ ပညာသင် မယ့်အခွင့်အရေး ဆုံးရှုံးသွားတယ်။ နိုင်ငံတော်သစ် တည်ဆောက်တဲ့အခါမှာကျရင် အဲ့လိုမျိုးမဖြစ်စေချင်ဘူး။နိုင်ငံသားဆိုတဲ့နေရာမှာ လူနည်းစုပဲဖြစ်ပါစေ သူတို့ရဲ့အခွင့်အရေး သူတို့အဆင်ပြေလား မပြေလား။ သူတို့ အနေနဲ့ ဘယ်လိုအခွင့်အရေးမျိုးက သူတို့အတွက် ပိုပြီးတော့ အားသာချက်ဖြစ်မလဲ သူတို့အတွက်      အဆင်ပြေမလဲဆိုတဲ့ အဲ့လိုအရာမျိုးတွေကို ထည့်သွင်းစဥ်းစား စေချင်တယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါ သလဲ။

စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတာလည်း ဖိုဝါဒပဲ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့နိုင်ငံမှာက မွေးဖွားလာတဲ့အချိန်ထဲက ယောကျာ်းလေးဆိုရင် ဘုန်းကံမြင့်တယ်။ ဒါကဘာသာရေး၊ ယဥ်ကျေးမှု ဓလေ့ ထုံးတမ်းတွေအရ မွေးကတည်းက ယောကျာ်လေးက အခွင့်အရေး ပိုပြီးရနေပြီးသား ဖြစ်ပါတယ်။ မွေးဖွားစဉ် ကတည်းက ဘာမှမလုပ်ရသေးခင်တောင် ခွဲခြားသတ်မှတ် ထားပြီးသားပေါ့နော်။

အဲ့လိုအချိန်မှာ ဒီလိုသေးငယ် တဲ့အရာတွေ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကနေပဲ အမျိုးသားတွေက ပညာတတ်သွားတယ်။ အချိန်တန်တော့ စီးပွားရေး၊ နိုင်ငံရေး၊ နယ်ပယ်အသီးသီးမှာ ဝင်ပြီးတော့ တာဝန်ယူထမ်းဆောင်တယ်။ တာဝန်ယူလိုက်ကြတယ်။ သူတို့က အသာစီးရနေပြီးသား ဖြစ်တဲ့အတွက် သူတို့စဉ်းစားဆုံးဖြတ်တဲ့ အခါမှာလည်း အသာစီးကနေဘဲ လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်ကြတယ်။  ငါတို့ကအခွင့်အ‌ရေးရနေတာလို့ မတွေးပဲနဲ့ ငါတို့ကတော့ ဒီလိုဆိုရင် အဆင်ပြေတယ်ဆိုပြီးတော့ တွေးလိုက်တယ်။

နိုင်ငံရေးမှာ များသောအားဖြင့်က မွေးရာပါအခွင့်အရေးနဲ့ ဦးစားပေးခံရတဲ့သူတွေကပဲ ဆုံးဖြတ်တဲ့အခါ လူနည်းစုတွေ ခွဲခြားဆက်ဆံခံရတဲ့သူတွေအတွက်ကို ထည့်သွင်းစဉ်းစားတယ်ဆိုရင်တောင် အလုံးစုံပြည့်ပြည့် ဝဝမဖြစ်နိုင်ဘူး။ ဘာလို့ဆို ခွဲခြားဆက်ဆံခံရတယ်ဆိုတာ ကိုယ်ခံစားရတာကိုယ်ပဲ သိတယ်။

ကိုယ့်အဆင် မပြေမှုကို ကိုယ်ကိုတိုင်ကထုတ်ဖော်ပြီး ပြောရမယ်။ ပြီးရင်ထုတ်ဖော်ပြီး ဆွေးနွေးရမယ်။ အဲ့လိုမျိုးလုပ်ပိုင်ခွင့် မရှိဘူးဆို တခြားသူကကိုယ်ချင်းစာတယ်ဆိုတာက ပြည့်ပြည့်ဝဝ မဖြစ်နိုင်ဘူး။ အဲ့အတွက်ကို နိုင်ငံရေးမှ မဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာ‌ရေး၊ ကဏ္ဍပေါင်းစုံမှာက စုံလင်ကွဲပြားမှုက လိုအပ်ပါတယ်။

အမျိုးသမီးတွေကိုတကယ့်ဦးဆောင်ဆုံးဖြတ်ရမယ့်နေရာမျိုးတွေ တကယ့်အချက်အချာ နေရာမျိုးတွေမှာ အမျိုးသမီးတွေကို နေရာထားတာမျိုးမရှိဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာဆိုလည်း အမျိုးသမီးတွေက ကဏ္ဍအသီးသီးမှာ ပါဝင်နေတယ်။ အခုနောက်ပိုင်းဆိုရင် အမျိုးသမီးအခွင့်အရေးတို့ ထုတ်ဖော်ပြောတဲ့ သူများလာတဲ့အခါမှာ အမျိုးသမီးတွေကို သုံးတော့သုံးတယ်။ဒါပေမယ့်အိမ်ဖြည့်အနေနဲ့ သဘောမျိုးပဲ သုံးတာရှိတယ်။ တကယ့်ဆုံးဖြတ်ရမယ့်နေရာမျိုးကျတော့ အမျိုးသားတွေကိုထားကြတယ်။ အမျိုးသမီးတွေကို သူတို့ရှေ့ကနေပြောသွားတာတွေကို နောက်ကနေ တောက်တိုမယ်ရ လိုက်ပြီးလုပ်ပေးရတဲ့နေရာမျိုးမှာပဲ အမျိုးသမီးတွေကို ထားတာမျိုးဘဲ ရှိနေသေးပါတယ်။
 

၄။လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

အခုလက်ရှိအမျိုးသမီးတွေတွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေ ကျွန်မတို့ တက်တယ်။ ကဏ္ဍအသီးသီးက အမျိူးသမီးတွေ ပါဝင်ကြတယ်။ သူတို့တွေကလည်း ပြန်ပြောတယ်။ လက်ရှိဆိုလည်း  အမျိုးသမီးတွေ မဖြစ်မနေ (၃၀) ရာခိုင်နှုန်း ပါရမယ်ဆိုလို့သာ အမျိုးသမီးတွေကိုပါဝင်ပြီးတော့ ထည့်ထားကြတယ်။ ဒါပေမယ့် တကယ့်ဆုံးဖြတ်ချက် ကြီးကြီးမားမားချရမယ့် နေရာမျိုးတွေမှာ အမျိုးသမီးတွေက မပါဘူး။ တကယ်လို့ အမျိုးသမီးတွေကပါခဲ့ရင်လည်း အမျိုးသမီးတွေရဲ့အသံကို သူတို့က နားတော့ထောင်လိုက်တယ်။ ဒါပေမယ့် လိုက်မလုပ်ဘူး။ အမျိုးသမီးရဲ့အသံကို အသိအမှတ် မပြုဘူး။ အဲ့လိုမျိုးတွေက အခုလက်ရှိအချိန်ထိ တော်လှန် ရေးမှာလည်း ဖြစ်နေတုန်းပဲ။

ဒါပေမယ့် ကျား၊ မတန်းတူညီမျှမှုကို တန်ဖိုးထားတယ်ဆိုတဲ့ အဖွဲ့တွေမှာတော့ အမျိုးသမီးတွေက ဦး‌ဆောင်နေတဲ့နေရာတွေမှာ ပါဝင်နေတာ တွေ့ရတယ်။ မြေပြင်အဖွဲ့တွေမှာလိုမျိုး သပိတ်ကော်မတီလို နေရာတွေမှာလည်း အမျိုးသမီးတွေ ဦးဆောင်နေတာကို အများကြီး မြင်တွေ့လာရတယ်။ အရင်တုန်းက အခြေအနေနဲ့စာရင်တော့ ဒီနွေဦးတော်လှန်‌ရေး (၃) နှစ်တာ ကာလအတွင်းမှာ အမျိုးသမီး တွေက ပိုပိုပြီးတော့ပါဝင်လာနိုင်တယ်။ ဦးဆောင်လာနိုင်ကြတယ်လို့ မြင်တယ်။

ဒီထက်တော့ပိုပြီးတော့ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ပြီးတော့ အမျိုးသမီးအခွင့်အရေး ဆိုတာကို    ပါးစပ်ထဲတွေ၊ စာအုပ်ထဲတွေ၊ မူတွေထဲမှာ တင်မဟုတ်ပဲနဲ့ တကယ့်လက်တွေမှာကို  အမျိုးသမီး အခွင့်အရေးကို တန်ဖိုးထားစေချင်တယ်။ အမျိုးသမီးတွေ၊ လူနည်းစုတွေ ကို တန်းတူအခွင့်အရေး ပေးနိုင်တဲ့အချိန်ကမှ တကယ်ကိုပဲ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အ‌ရေးကို တန်ဖိုးထားတဲ့အချိန်ဖြစ်မှာလို့ ကျွန်မကသုံးသပ်ပါတယ်။
 

၅။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

အမျိုးသမီးအခွင့်အရေး ဆိုတာ ဘာလဲ။ အမျိုးသမီးတွေက ဘာရပိုင်ခွင့်ရှိတယ်။ အမျိုးသမီးအခွင့်အရေးထဲမှာ ဘာတွေပါတယ်ဆိုတာမျိုး ကျွန်မတို့ကများသောအားဖြင့်က အမျိုးသမီးအချင်းချင်းမှာကိုပဲ အရင်ဆုံး မျှဝေပေးလေ့ရှိတယ်။ ဒါ့ပြင် အမျိုးသားတွေကိုလည်း အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးတွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ အသိပညာပေးသင့်ပါတယ်။

အမျိုးသားတွေကိုယ်တိုင်က အမျိုးသမီးတွေကလည်း လူပဲ။ ငါတို့နဲ့တူတူပဲ။ သူတို့မှာ လည်း ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ် ရှိတယ်။ လုပ်နိုင်စွမ်းရှိတယ် ဆိုတာမျိုးတွေကို အသိအမှတ်ပြုလာဖို့ အတွက်က သူတို့အနေနဲ့ အမျိုးသမီးအခွင့်ရေးကို သိရမယ်။ ကျား၊မတန်းတူညီမျှရေးကို သူတို့အနေနဲ့က တကယ်သိရှိနားလည်ပြီးတော့ လက်ခံအသိအမှတ်ပြုဖို့ ကျွန်မတို့ အများကြီး တိုက်တွန်းလှုံ့ဆော် စည်းရုံးသင့်ပါတယ်။

ကျောင်းသင်ခန်းစာ တွေမှာလည်း ကျား၊မတန်းတူညီမျှမှုတွေ အမျိုးသမီးအခွင့်အရေး၊ လူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ သင်ကြားပေးတာတွေ၊     ပညာပေးသင်တန်း၊ ဟောပြောတာပဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲလေးတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။
 

၆။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေလည်း အသိဉာဏ်ပညာတွေရှိတယ်။ ဆုံးဖြတ်နိုင်စွမ်းလည်း ရှိတယ်။ ဒါ့ပြင် အမျိုးသားတွေ ထက်ပိုပြီး ပိုပြီးစေ့စေ့စပ်စပ်လုပ်နိုင်စွမ်း ရှိတယ်။ ကိုယ့်မှာ လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင် လုပ်နိုင်စွမ်းကို ထုတ်ပြခွင့် မရကြဘူး။ တကယ့်လို့သာ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့လုပ်နိုင်စွမ်းတွေ စွမ်းဆောင်ရည်တွေကို ပြည့်ပြည့်ဝဝသာလုပ်နိုင်မယ်ဆိုရင် နိုင်ငံကလည်း ပိုပြီးတော့ ကောင်းမွန်လာမယ်။

လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခန်းကဏ္ဍအသီးသီးမှာလည်း အိုင်ဒီယာတစ်ခုထဲသွားတာ မဟုတ်တော့ဘူးပေါ့။ မတူညီတဲ့ အိုင်ဒီယာမျိုးစုံရတဲ့အတွက်ကို ပိုပြီးတော့ ကောင်းမွန်တဲ့အဖွဲ့အစည်း စနစ်တစ်ခုကိုပိုပြီး ဖွဲ့စည်းဖော်ဆောင် လာနိုင်မယ်လို့ထင်မြင်မိပါတယ်။
 

၇။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

အမျိုးသမီးတွေကလည်း တကယ်လူသားတစ်ယောက်ပဲ ဖြစ်တယ်။ အမျိုးသမီးဖြစ်နေလို့ မလုပ်နိုင်ဘူးဆိုတာ မရှိဘူး။ ဒီစနစ်ကြီးကြောင့်သာ အမျိုးသမီးတွေက ရှေ့ထွက်ခွင့်မရတာပေါ့။     အဲ့လိုမျိုးအခြေအနေမှာ အမျိုး သမီးတွေအနေနဲ့ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်ကိုတိုင်က အသိအမှတ်ပြုဖို့ လိုတယ်။ ကိုယ်ကိုကိုယ် ချစ်ဖို့လိုတယ်။ ကိုယ့်ရဲ့ရပ်တည်မှုက ကိုယ့်ကိုကိုယ်အတွက်ပဲ ဖြစ်သင့်တယ်။

ငါက မိန်းကလေးဖြစ်လို့ ရပါ့မလား ဖြစ်ပါ့မလား ဆိုပြီး တွေးပူမနေစေချင်ဘူး။ အရာအားလုံးကို ခက်ခဲတယ် ဆိုလည်း အမျိုးသမီးတွေက ပိုပြီးအခက်အခဲတွေ ကြုံတွေ့လာရင်တောင် အမျိုးသမီးတွေက ပိုပြီးကြံကြံခံ ရင်ဆိုင်နိုင်တယ်။ အဲ့တော့ ကိုယ့်ကိုကိုယ်ချစ်ပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားပါ။ အမျိုးသမီးတွေ ကလည်း ဦးဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို အားပေးစကားပြောချင်ပါတယ်။ 


ငါက မိန်းကလေးဖြစ်လို့ ရပါ့မလား ဖြစ်ပါ့မလား ဆိုပြီး တွေးပူမနေစေချင်ဘူး။ အရာအားလုံးကို ခက်ခဲတယ် ဆိုလည်း အမျိုးသမီးတွေက ပိုပြီးအခက်အခဲတွေ ကြုံတွေ့လာရင်တောင် အမျိုးသမီးတွေက ပိုပြီးကြံကြံခံ ရင်ဆိုင်နိုင်တယ်။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media