ဒေါ်တင်တင်ညို
Policy Board Member - မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)
အကြံပေး - အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ (WLB)
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“မြန်မာပြည်ရဲ့မြေပုံက အစိတ်စိတ်အမွှာမွှာ မဖြစ်စေချင်ဘူးဆိုရင် အားလုံးအတွက် အကိုက်ညီဆုံး ဖြစ်နိုင်မယ့် ဖက်ဒရယ်ပုံစံမျိုးကိုတော့ ပိုစဉ်းစားရမယ်။ ဒါကြောင့် အရေးကြီးတာက လေးစားမှု၊ အသိအမှတ်ပြုမှု၊ သာတူညီမျှမှု ရှိဖို့ လိုပါတယ်”

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

လက်ရှိ အနေအထားအရတော့ ကျွန်မတို့နိုင်ငံမှာက နိုင်ငံရေးအရာထက် စစ်ရေးအရာမှာ တစုံတရာ တိုးတက် မှုရှိနေတာကို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ နှစ် ၁၀၂၇ operation ကနေ စတယ်လို့ ပြောလို့ရပါတယ်။ ကရင်နီမှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးကြောင့် စစ်ရေးအရှိန်အဟုန်ဟာ ထပ်ပြီး မြင့်တက်လာပါတယ်။ 

လွိုင်ကော်လို မြို့တော်ကိုတောင်မှ အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်တဲ့ အနေအထားဖြစ်တယ် ဆိုတော့ ကရင်နီ အနေနဲ့ နိုင်ငံရေးအရလည်း တိုးတက်မှုတွေရှိသလို တဖက်ကလည်း စစ်ရေးအရလည်း တိုးတက်လာတဲ့ အနေအထား တွေ့ရတဲ့အတွက် အပြောင်းအလဲတစ်ခုကို ဦးတည်နေတယ်လို့ ပြောလို့ရနိုင်ပါတယ်။

ရခိုင်မှာဆိုရင်လည်း အကြမ်းဖျင်း ပြောမယ်ဆို ပြည်နယ်တစ်ခုလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းက ရခိုင့်တပ်တော်က ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်တယ်။ ထပ်ပြီးတော့မှလည်း သိမ်းပိုက်နေတယ်။ တဖက်ကလည်း ကချင်၊ စစ်ကိုင်း၊ မကွေးဘက်အပါအဝင်ကတော့ တဖြေးဖြေးနဲ့ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အားလုံးပူးပေါင်းပြီးတော့မှ စစ်ရေးအရ အရှိန်မြင့်နေတာတွေ ရှိတယ်။

တဖက်ကလည်း နိုင်ငံရေးအရ တိုးတက်မှုလို့ ပြောမယ်ဆိုရင်တော့ ပြည်နယ်အလိုက် အုပ်ချုပ်ရေးတွေ ရှိလာဖို့ ကြိုးစားနေပါတယ်။ အတိုင်း အတာတစ်ခုအထိ နိုင်ငံရဲ့နိုင်ငံရေး အခြေအနေအရက ပိုမိုပြီးတော့မှ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုကို သွားနေတယ်လို့ မြင်ရပါတယ်။ ဒါပေမယ့် တစ်စုံလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင် တိုက်ပွဲတွေက နေ့စဉ် ရက်ဆက်ဖြစ်သလို စစ်ကောင်စီကလည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေကလည်း နေ့စဉ်ရက်ဆက် လုပ်နေတဲ့အခါကျတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးမှု တွေကတော့ တော်တော်လေး ကြီးကြီးမားမားနဲ့ ဖြစ်နေပါတယ်။

နေအိမ်တွေ ပျက်စီးတာတွေ စားဝတ် နေရေးကအစ အရမ်းကိုခက်ခဲလာတဲ့ အနေအထားတွေနဲ့  IDP‌ တွေကလည်း သန်းနဲ့ချီရှိနေပေမဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကလည်း မရတဲ့အနေအထား ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုအနေနဲ့ နိုင်ငံက ပြည်သူထက်ဝက် ကျော်က ဆင်းရဲမွဲတေမှုနဲ့ ခံနေရတယ်။ ဒီတိုင်း ဆက်သွားမယ်ဆို ဒီနိုင်ငံရဲ့အနေအထားက failed state ကို ပိုမိုပြီးတော့ ဦးတည်သွားနိုင်ပါတယ်။ ကျရှုံးနိုင်ငံလို့ ပြောလို့မရသေးဘူးဆိုပေမဲ့ အဲ့ဘက်ကို တဖြေးဖြေးနဲ့ ဦးတည်နေတယ်။

အဲ့ဒါကို နိုင်ငံရေးအရ  ဗျူဟာကျကျ ဟန်ချက်ညီတဲ့ တိုက်ခိုက်မှုတွေနဲ့သွားမှ အမြန်ဆုံး အောင်မြင်မှာ ဖြစ်ပါတယ်။ တဖက်မှာ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို ပြန်ပြီး အသက်သွင်းတဲ့ဟာ အခုဆိုရင်ပဲ ‌ပေါ်တာတွေ ဆွဲတဲ့ဟာ တချို့နေရာတွေမှာ ရှိလာပြီဆိုတော့ အမျိုးသမီးရော အမျိုးသားရော စစ်မှုထမ်းရမယ့်ပုံစံမျိုးတွေဖြစ်တော့ အထူးသဖြင့် အမျိုးသမီးတွေအတွက်က လူကုန်ကူးခံရမှု ပိုများလာ နိုင်ပါတယ်။  
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

စစ်အာဏာရှင်စနစ်တစ်ခုကို ချုပ်ငြိမ်းလိုက်တာနဲ့ တခြားသော အာဏာရှင်တွေကလည်း မထွက်လာဘူးလို့ ပြောလို့ မရဘူး။ ဘယ်အာဏာရှင်မှ ကျွန်မတို့ မြေပေါ်မှာ မရှိရေးကို စနစ်တကျနဲ့ ဘယ်လိုပုံစံမျိုး နှိမ်နှင်းမလဲ ဖြုတ်ပစ်မလဲဆိုတာက အများကြီး စဥ်းစားရပါမယ်။ အားလုံးက စုပေါင်းဦးဆောင်မှုတွေနဲ့ ပိုမိုပြီးတော့မှ ချိတ်ဆက်မှုရှိရှိနဲ့ တွန်းလှန်မှလည်း ဒီအရာတွေက ဖြစ်မှာပါ။

နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အိပ်မက်ကလည်း တော်တော်လေးတော့ စဉ်းစားရဦးမယ်။ ပြောချင်တာကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးထားတဲ့ စံတန်ဖိုးတွေက မတူဘူးပေါ့လေ။ ကျွန်မတို့ အခု ပြောနေကြတာ ဖက်ဒရယ်လို့ ပြောရင် သုံးမျိုးသုံးစားနဲ့ ပြောနေကြတာရှိတယ်။

တဖက်ကလည်း ဒီ confederation ဆိုပြီးသွားနေဖို့အတွက် ကိုယ့်ပြည်၊ ကိုယ့်ချင်း၊ ကိုယ့်မင်းနဲ့ သွားနိုင်ဖို့အတွက်ကို လုပ်နေကြတဲ့ အနေအထားတွေရှိတယ်။ တဖက် ကလည်းပဲ ပိုမိုပြီးတော့မှ centralize ဖြစ်တဲ့ ဖက်ဒရယ်တည်ဆောက်မှုပုံစံကို သွားဖို့အတွက် ကြိုးစားနေတဲ့ စစ်အာဏာရှင်အုပ်စုတွေ ရှိနေတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားတွေရဲ့တန်းတူရေးကို ရှေးရှုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မှုတစ်ခုကိုလည်း သွားဖို့အတွက် ကြိုးစားနေကြတာ ရှိတယ်။

ဒါပေမယ့် အားလုံးက အလျော့အတင်းတွေနဲ့ ညှိနှိုင်းလုပ်‌ဆောင်သွားမှု မရှိရင် ခုနက ထားနေတဲ့ စံတန်ဖိုးတစ်ခုချင်းစီက ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံကို ပြည်‌ထောင်စုတစ်ခုအနေနဲ့ ဆက်ပြီးတော့မှ မြင်ချင်တယ်။ မြန်မာပြည် ရဲ့မြေပုံကလည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတာမျိုး မလိုချင်ဘူးဆိုရင်တော့ မြန်မာပြည်တစ်ခု လုံးအတွက် အကိုက်ညီဆုံးဖြစ်နိုင်မယ့် ဖက်ဒရယ်ပုံစံမျိုးကိုတော့ ပိုစဉ်းစားရမယ်။

ဒါကြောင့် အရေးကြီးတာ က လေးစားမှု၊ အသိအမှတ်ပြုမှု၊ နောက်တဦးတစ်ဖွဲ့ တစ်စုတစ်ဖွဲ့အပေါ်မှာ အခြေမခံဘဲနဲ့ အားလုံးတစ်ဦး တစ်ယောက်ချင်းစီအတွက် သာတူညီမျှရှိနိုင်မယ့် အခွင့်အရေးတွေကို ဖန်တီးပေးနိုင်မယ့် ဖက်ဒရယ်စနစ်က သာ ကျွန်မတို့ နိုင်ငံအတွက် အဆင်ပြေမယ်လို့  မြင်တယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ တည်ဆောက်ရေး ကဏ္ဍအသီးသီးမှာ အားလုံးက တန်းတူရည်တူပါဝင်ခွင့် ရှိရမယ်ဆိုတဲ့ အခြေအနေတစ်ခုဖြစ်ဖို့တော့ လိုပါတယ်။ စိတ်အားထက်သန်ရာ၊ ကျွမ်းကျင်ရာ၊ စွမ်းဆောင်ရည် အပေါ်မှာ မူတည်ပြီးတော့မှ မတူညီတဲ့ အခန်းကဏ္ဍ၊ မတူညီတဲ့ အခြေအနေမှာ တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။

အားလုံးကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်၊ စိတ်ဝင်စားရာကိုရွေးချယ်ခွင့် အခွင့်အလမ်းကိုတော့ ပေးဖို့ လိုအပ်တယ်။ ဒီနေရာမှာ အရေးကြီးတာက ကန့်သတ်မှုတွေ၊  ခွဲခြားမှုတွေကို သိသာစေတဲ့ လုပ်ဆောင်မှုမျိုး တွေကတော့ မရှိဖို့ လိုတယ်။ မတူညီတဲ့အနေအထားတစ်ခုကိုတော့ သိ‌အောင်လုပ်ရမယ်။ မတူညီတဲ့အနေ အထားတစ်ခုကို တူညီတဲ့အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးရမှာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရ အမျိုးသားတွေရဲ့အမြင်တွေ၊ အမျိုးသားတွေရဲ့အတွေးအခေါ်နဲ့ပဲ ဆက်ပြီး ပုံဖော်ထုဆစ်နေတာကို တွေ့နေရ သေးတယ်။ နေရာတော်တော်များများမှာ အမျိုးသမီးတွေရဲ့ ပြောဆိုခွင့်တွေကို ပိတ်ပင် ကန့်သတ်ထားတာကို တွေ့ရတယ်။

အမျိုးသမီးရဲ့ အတွေးအမြင်တွေ အမျိုးသမီးတွေရဲ့ ခံယူချက်တွေနဲ့ ပတ်သက်ရင် အမျိုးသမီးတွေ နဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေ၊ ကလေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာပိုင်းတွေ၊ IDP ကိစ္စတွေမှာပဲ အမျိုးသမီးတွေနဲ့ ပိုသက်ဆိုင်တယ်လို့ သတ်မှတ်ထားပြီးတော့ နိုင်ငံတစ်ခုကို ဘယ်လို ပုံစံမျိုးနဲ့ ပုံဖော်ထုဆစ်ကြမလဲဆိုတဲ့ ကဏ္ဍမှာတော့ အမျိုးသမီးတွေကို လုံးဝ မအပ်စပ်ဘူး၊ မသက်ဆိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သက်မှတ်တာကို လက်ရှိ နယ်ပယ်တိုင်းမှာ မြင်နေရတုန်းပဲ ဖြစ်ပါတယ်။

တချို့ နေရာတွေမှာဆိုရင် အမျိုးသမီးတွေက တစ်ခုခုပြောတော့မယ်ဆိုရင် “အမျိုးသမီးနိုင်ငံရေးပါဝင်မှုတွေ လာမပြောနဲ့။ အဲ့ဒါတွေက တနေ့တချိန်မှာ နိုင်ငံအေးချမ်းသွားရင် ဒီအရေးကိစ္စတွေ လာမယ်” ဆိုတဲ့ စဉ်းစားချက်မျိုးတွေ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးဦးဆောင်တဲ့သူတွေ ကြားထဲမှာ ရှိနေတုန်းပဲ။ ဥပမာဆိုရင် တော်လှန်ရေး အင်အားစုများလို့ နိုင်ငံရေးဘုံသဘောထားတစ်ခုကို ထုတ်မယ်ဆိုရင်တောင် ဒီနေရာမှာ အမျိုးသမီးတွေက မပါသေးဘူးဆိုတဲ့ စဉ်းစားချက်မျိုးတွေ မမြင်ရသေးပါဘူး။

 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

တချို့ အခြေအနေတစ်ခုချင်းစီလိုက်မှာတော့ အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ချက်ချခွင့် တစ်စုံတစ်ရာရှိနေတဲ့ အနေအထား ရှိပါတယ်။ ဥပမာ ကရင်နီပြည် IEC မှာ အမျိုးသမီးတွေကို အတွင်းရေးမှူး နေရာအထိတော့ ပေးတာ‌တော့ ရှိတယ်။ ဒါပေမဲ့ သေချာတာတစ်ခုက ဥက္ကဌလို၊ ဒုဥက္ကဌလို၊ အထွေထွေအတွင်းရေးမှူးလို နေရာမျိုးမှာတော့ အမျိုးသားတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ 

ဒီလိုမျိုး အစုအဖွဲ့မှာ ပြောရေးဆိုခွင့်လို့ ပြောလိုက် ရင် ထိပ်ပိုင်းခေါင်းဆောင်တွေကပဲ ပိုပြောခွင့်ရှိတယ်။ ဒါက ကရင်နီပြည်ဆိုတာ အတိုးတက်ဆုံးနဲ့ အမျိုးသမီးတွေကို ဦးဆောင်မှုကဏ္ဍမှာ အပေးဆုံးဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ ကျွန်မတို့ မြင်နိုင်တဲ့ နေရာ၊ နောက်တစ်ခုက  NUG မှာဆိုရင် ဝန်ကြီး (၁၈) ဦးနဲ့ ဒုဝန်ကြီး (၁၇)ဦး ရှိတယ်။ အမျိုးသမီး ဝန်ကြီး (၃) ဦးနဲ့ ဒုဝန်ကြီး (၃)ဦးပဲ ပါတယ်။

အခြေအနေတစ်စုံလုံးကို ဆွေးနွေးကြလို့ ဆွေးနွေးဆုံးဖြတ်ပြီဆိုရင် အများစုရဲ့ မဲဆန္ဒနဲ့ပဲ သွားမယ်ဆို ဒီအမျိုးသမီးတွေက ရှုံးတယ်ပေါ့။ သူ့ရဲ့ ဌာနတစ်ခုချင်းစီမှာတော့ ဆုံးဖြတ်ခွင့် အတိုင်းအတာတစ်ခုအထိတော့ ရပေမဲ့။ ပြည်ထောင်စုအဆင့် အုပ်ချုပ်မှုမှာ ဆုံးဖြတ်ပိုင်ခွင့် အားနည်းနေတာ တွေ့ရပါတယ်။

အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ဦးဆောင်ဆုံးဖြတ်ချက်ချတဲ့ ထိပ်ပိုင်းတွေမှာ အမျိုးသမီးတွေ မရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာတော့ ဦးဆောင် ဦးရွက်လုပ်ကိုင်တဲ့ နေရာတွေမှာ အမျိုးသမီးအများစုကိုတော့ တွေ့နေရပါတယ်။

 

၅ ။အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

အဓိကကတော့ အတွေးအခေါ်ပိုင်းနဲ့ ပိုဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ နိုင်ငံတစ်ခုလုံး၊ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးက ဖိုဝါဒကြီးစိုးမှုနဲ့ အသားကျနေတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်တယ်။ အမျိုးသားတွေရဲ့ ဦးဆောင် မှုနောက်ကို အမျိုးသမီးတွေက ရိုရိုကျိုးကျိုးနဲ့ လိုက်ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အင်မတန်မှ အသားကျနေတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်နေတာက အဓိကလို့ ပြောလို့ရပါတယ်။

ဒီအတွေးအခေါ်တွေကို ပြောင်းပြန်လှန်လို့ ရနိုင်တဲ့ အနေအထားတစ်ခု ဖြစ်မှ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှု၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေက ပိုပြီးတော့ တပြေးညီ တက်နိုင်မယ်။ ဒါအတွက် ကျွန်မတို့ လူထုတွေကို အများကြီး ပညာပေးတွေ လုပ်ရမယ်။ နောက်ပြီးတော့လည်း လူထုကို ပညာပေးတာနဲ့ တစ်ပြိုင်နက်တည်း ပေါ်လစီအရ ပြောင်းလဲနိုင်ရမယ်။ ဥပဒေ အရလည်း ပြောင်းလဲနိုင်ရမယ်။ ဒါမှ အပြောင်းအလဲတစ်ခု ဖြစ်နိုင်မှာပါ။

အဲ့လိုမှ မဟုတ်ရင်တော့ ဒီအကန့် အသတ် အခက်အခဲတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အရေးကြီးတာကတော့ အမျိုးသမီး တွေ ကိုယ်တိုင် လုပ်နိုင်တယ်။ ကိုယ်လုပ်လို့ ရတယ်။ ဒါအခွင့်အလမ်းနဲ့ အခြေအနေပေါ်ပဲ မူတည်တယ် ဆိုတာမျိုး  အသိအမှတ်ပြုထားပြီးတော့ ကိုယ်ကိုယ်တိုင်က အသားကျနေတဲ့ စနစ်တခု အောက်ကနေ ရုန်းထွက်နိုင်တဲ့ အနေအထားတစ်ခုဖြစ်ဖို့ လိုတယ်။

ကိုယ်ကိုယ်တိုင်က ဖိုဝါဒကြီးစိုးမှုနဲ့ အသားကျနေတဲ့ စနစ်တစ်ခုကို ပိုပြီးတော့ အားကောင်းအောင် လိုက်လုပ်ပေးနေတဲ့ အနေအထားမျိုးဖြစ်နေရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အမျိုးသမီးကိုယ်တိုင်က အတွေးအခေါ်ကအစ ပြောင်းရမယ်။ ကိုယ်တိုင် အတွေးအခေါ်ကို မပြောင်းနိုင်ဘူးဆို  သူများကိုလည်း ပြောင်းဖို့  ကြိုးစားလို့ မရဘူး။

 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။ ဘယ်လိုအရင်းအမြစ်တွေ ဖြည့်ဆည်းပေးသင့်ပါလဲ။ ဘယ်လိုအစီအမံတွေ လုပ်ဆောင်ပေးသင့်ပါသလဲ။

ကျွန်မတို့တွေက တစ်ဖက်က စွမ်းရည်မြင့်တင်ရေးတွေ အသိပညာပေးတွေက အများကြီးလုပ်ရမယ်။ ဒီအမျိုးသားတွေနဲ့ ပိုမို engagement တွေလုပ်ရမယ်။ ကိုယ်ရဲ့ စွမ်းဆောင်ရည်တွေ ပြနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ အသိပညာတွေ ဖြည့်ဖို့လည်း လိုတယ်။ တခုခုကို လုပ်မယ်ဆို risk ယူရဲရမယ်။ ရှက်တယ်၊ ကြောက်တယ်၊ မပြောရဲဘူးဆိုတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ လိုတယ်။

အမျိုးသမီးချင်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကျွမ်းကျင်မှုချင်း တူချင်မှတူမယ်။ အကုန်လုံး တော်နေဖို့လည်း မလိုဘူး။ ကဏ္ဍအသီးသီးမှာ သေချာသုံးသပ်ပြောနိုင်တယ်ဆိုရင် နိုင်ငံရေးအရ အားကောင်းတယ်ဆိုတာ မြင်သွားပြီဆိုရင် ကိုယ့်မှာ နေရာတစ်ခုရသွားပြီ။ ဒီအမျိုးသမီးတစ်ယောက်ချင်းစီက တည်ဆောက်လာရင် အချိန်တခုရောက်ရင် အမျိုးသမီးအသိုင်းအဝိုင်းတစ်ခုလုံးကို လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက လက်ခံလာတဲ့ အနေအထားရှိလာမှာပဲ အဲ့လိုမျိုး လုပ်နိုင်ရမယ်။ ပါနိုင်မယ့်လမ်းကြောင်း ရှာရမယ်။ ပလက်ဖောင်းတွေ ရှိအောင် ဖန်တီးရမယ်။

တစ်‌ဦး တစ်ယောက်ချင်းစီက ပိုပြီးတော့မှ စိတ်အားကိုယ်အား ထည့်ဖို့ လိုတယ်။ ပိုပြီးတော့မှ စွန့်စားလိုတဲ့ စိတ်ရှိလာဖို့ လိုတယ်။ ပိုမို ကြိုးစားအားထုတ်ရမယ်။ လွယ်လွယ်လေးနဲ့ စိတ်ဓာတ်ကျပြီး အရှုံးပေးသွားတာမျိုးတွေ မဖြစ်ရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက် မွေးထုတ်ရမယ်။ ဆက်ပြီး တွဲခေါ်ရမယ်။

အမျိုးသမီးပါဝင်လာနိုင်မဲ့ အခင်းအကျင်းတွေကိုလည်း ပိုပြီးရှိလာအောင် ဖန်တီးပေးဖို့ လိုတယ်။ တဖက်ကလည်း ကာကွယ်ပေးနိုင်တဲ့ အနေအထားမျိုးလေးတွေရှိနေဖို့ လိုပါတယ်။ ဒါမှလည်း တော်လှန်ရေးကာလအလွန်မှာ အမျိုးသမီးတွေက ကဏ္ဍပေါင်းစုံမှာ ပိုမိုပါဝင်ဦးဆောင်မဲ့နေရာတွေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။



၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အဓိကကတော့ အမျိုးသမီးတွေက အရမ်းကြီး super women တွေ ဖြစ်နေလို့ သူတို့ ပါလိုက်တာနဲ့ ဒီ အခြေအနေလေးတစ်ခုက လုံးဝပြောင်းသွားမယ် ဆိုတာမျိုးထက် ကိုယ့်နိုင်ငံမှာ လူတစ်ရာရှိနေတဲ့အချိန်မှာ လူငါးဆယ်ရဲ့ အင်အားနဲ့ အစွမ်းအစနဲ့ စဉ်းစားချက်တွေကိုပဲ သုံးတာထက် လူတစ်ရာလုံးရဲ့ အားတွေကို သုံးကြမယ်ဆိုရင် ပိုမိုပြီးတော့မှ အားကောင်းသွားမယ်။

အပြောင်းအလဲတစ်ခုကို ကြီးကြီးမားမား လုပ်ဆောင် နိုင်မယ်ဆိုတဲ့ ပုံစံမျိုးလို့ ကျွန်မက  ပိုပြောချင်ပါတယ်။ တစ်ယောက်လုပ်တာထက် နှစ်ယောက်လုပ်တာ ပိုပြီး ရလဒ်ထွက်တယ်။ နှစ်ယောက်လုပ်တာထက် (၁၀) ယောက် လုပ်တာက ပိုမိုပြီးကောင်းမွန်တဲ့ ရလဒ်ထွက်တယ်။ အဲ့ဒီ သဘောတရားအတိုင်းပဲ ကျွန်မတို့ နိုင်ငံမှာ သန်းပေါင်းငါးဆယ် ရှိတယ်။

ဒါကြောင့် အမျိုးသမီးတွေ ကိုယ်တိုင်က နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သူတို့ရဲ့ ကာယ၊ ဉာဏစွမ်းအားတွေကို စွမ်းစွမ်းတမံ အသုံးပြုပြီး ပါဝင်လိုက်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံက ပိုမိုပြီးတော့မှ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်မှု၊ ဘက်ပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပြဿနာတွေ ဖြေရှင်းနိုင်မှုတွေ ပိုပြီးလုပ်နိုင်မယ်။

ဒါကြောင့် ကျွန်မတို့ ပြောတာက အမျိုးသား၊ အမျိုးသမီး လက်တွဲပြီးတော့မှ ဟန်ချက်ညီညီနဲ့ ပြန်လည် တည်‌ဆောက်ရေးတွေကို လုပ်ဆောင်သွားဖို့ လိုတယ်။ မတူညီတဲ့ အားတွေ မတူညီတဲ့ အင်အားတွေ၊ မတူညီတဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ် ပြုပြီး‌တော့မှ အပြန်အလှန် complement ဖြည့်ဆည်းသွားမှုတွေနဲ့ သွားဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။

 

၈။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

တချို့ကိစ္စရပ်တွေမှာတော့ ပြောရတာ လွယ်ပေမယ့် လုပ်ရတာ ခက်ပါတယ်။ အမျိုးသမီးတွေက တစ်ယောက် နဲ့ တစ်ယောက် အခြေအနေချင်း မတူကြဘူး။ ဖြတ်သန်းလာတဲ့ အနေအထားတွေ အခွင့်အလမ်းတွေ မတူ ကြတဲ့အပေါ်မှာ တစ်ဦးချင်းစီရဲ့ အကန့်အသတ်တွေက မတူညီကြဘူး။ တချို့က ပိုမိုပြီး အခွင့်အလမ်းရတယ်။ ပိုလုပ်နိုင်တယ်။

တချို့ကတော့ ပိုပြီးတော့မှ ခက်ခဲကြမ်းတမ်းဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေ ဖြတ်သန်း ရတာ ရှိတယ်။ ဘယ်လို အနေအထားပဲဖြစ်ဖြစ် ရထားတဲ့ လူ့ဘဝမှာ ကိုယ်တစ်ဦးတစ်ယောက်အတွက် သော်လည်း‌‌ကောင်း၊ ကိုယ့်မိသားစုအတွက် သော်လည်းကောင်း၊ ကိုယ့်လူမှုအသိုင်းအဝိုင်းအတွက် သော်လည်း ကောင်း ကိုယ်နိုင်တဲ့ဘက်ကနေပြီး‌တော့မှ ရအောင်လုပ်မယ်။

​တခုခုတော့ ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်း အတွက် တစ်စုံတစ်ရာ အကျိုးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စဉ်းစားချက်လေးတွေ ကိုတော့ လူတိုင်းမှာ ဖြစ်လာစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကျိုးအတ္တဆိုတာ လူတိုင်းမှာရှိတယ်။ အဲ့ဒီ ကိုယ်ကျိုး အတ္တတွေက အများပြည်သူတွေအတွက်လည်း အကျိုးရှိစေမယ်ဆိုတဲ့ စဉ်းစားချက်လေးတစ်ခုသာ ထပ်ဖြည့် လိုက်မယ်ဆိုရင်တော့ ကျွန်မတို့ နိုင်ငံက ပိုမိုပြီးတော့မှ အပြုသ‌ဘောဆောင်တဲ့ ပြောင်းလဲမှုတွေ အနှေးအမြန် ဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။

 
 
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media