Elena
ဥက္ကဌ
အလုပ်မှုဆောင်ကော်မတီ
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“ဒီမိုကရေစီအရေးတွေ၊ ဖက်ဒရယ်အရေးတွေမှာ လူဦးရေတစ်ဝက်ကျော်တဲ့ အမျိုးသမီးတွေရဲ့ တွေးခေါ်မှု၊ သူတို့ရဲ့ လိုအပ်ချက်တွေ၊ စဉ်းစားချက်တွေကို ထည့်သွင်း မတည်ဆောက်ဘူးဆိုရင် ကျွန်မတို့ လိုချင်တဲ့နိုင်ငံက လူဦးရေတစ်ဝက်ရဲ့ နိုင်ငံတည်ဆောက်ရေး ဖြစ်လိမ့်မယ်”
 
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
နွေဦးတော်လှန်ရေးက သုံးနှစ်ကျော်လာပြီဆိုတဲ့အခါမှာ နိုင်ငံရေးအတက်အကျတွေ အပြောင်းအလဲတွေ အများကြီးရှိတယ်။ တစ်စုတစ်ဖွဲ့လူငယ်ဆိုတဲ့ ရှုထောင့်ကနေ တွန်းလှန်ကြတဲ့ တော်လှန်ရေးတွေထက် မတူကွဲ ပြားတဲ့ အလွှာပေါင်းစုံပါဝင်တဲ့ တော်လှန်‌‌‌ရေး ဖြစ်ပါတယ်။ တော်လှန်ရေးတစ်ရပ်ဆိုတာ အနိမ့်အမြင့် အတက်အကျ ရှိပါတယ်။ အမျိုးသမီးအရေးနဲ့ ပြောရမယ်ဆိုရင် NUCC Charter လိုမျိုးမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါရမယ်ဆိုတဲ့ဟာမျိုးကို သတ်မှတ်ထားခဲ့တယ်။ အမျိုးသမီးတွေ ပိုပြီးပါဝင်ခွင့် ရလာတယ်။ တော်လှန်လူထုကြီးက ဖိုဝါဒီတွေ၊ လိင်ခွဲခြားမှုစနစ်တွေကို တခဲနက်တွန်းလှန်ခဲ့ကြတယ်။ လူထုထဲမှာ အမြစ်တွယ်နေတဲ့ စစ်ဝါဒီကြောင့်ရော ယဥ်ကျေးမှု လူ့အဖွဲ့အစည်း အသိုက်အဝန်းကြောင့်ရော ဖြစ်နေတဲ့ဟာ တွေက တခါတည်းနဲ့ ပျက်သွားတာ မဟုတ်ဘူး။ ပြန် ပြန်ပေါ်လာတယ်။ ပြန်ပေါ်လာတဲ့အခါတွေမှာ ကျွန်မတို့က ဒါတွေကို ပြန်ပြောရတယ်။ တော်လှန်ရေးမှာ စစ်ရေးအင်အား ကြီးလာတဲ့ တပြိုင်နက်တည်းမှာပဲ နိုင်ငံရေးပြောဆိုဆွေးနွေးမှု၊ နိုင်ငံရေးအင်အားစုတွေက ကောင်းနေဖို့ အရေးကြီးတယ်။ မဟုတ်ရင် လက်နက် မကိုင်ဘဲနဲ့ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အင်အားစုတွေရဲ့ အသံတွေက တဖြေးဖြေး နည်းလာပြီး တဖြေးဖြေး ပြန်ပျောက်လာလိမ့်မယ်။ နိုင်ငံရေးအကြောင်းအရာတွေကို စဉ်ဆက်မပြတ် ပြောနေဖို့ အရေးကြီးပါတယ်။ ဒီတော်လှန်‌ရေးကြီးဟာ စနစ်ပြောင်းတော်လှန်ရေး ဖြစ်တယ်။ ဒီစနစ်ကို ပြောင်းဖို့အတွက် ဆို ဆက်သွားရမယ်။ ဆက်ပြောရမယ်ဆိုတာ ယုံကြည်ပါတယ်။
 
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
လူအချင်းချင်းခွဲခြားခြင်း မရှိဘဲနဲ့ လူ့ဂုဏ်သိက္ခာတွေကို တန်ဖိုးထားတဲ့ နိုင်ငံမှာပဲ အသက်ရှင်ချင်တယ်။ ကြီးပြင်းချင်တယ်။ အခုတော့ ကျွန်မတို့က အဲ့လို အခင်းအကျင်းတော့ မရသေးဘူး။ ဒါပေမယ့် လာမယ့် တခြား မျိုးဆက်တွေမှာ အဲ့လိုမျိုးနိုင်ငံတော်ကို ဘာလို့မဖန်တီးနိုင်ရမှာလဲ။ အဲ့လိုမျိုး နိုင်ငံကို တန်ဖိုးထားပြီး တည်ဆောက်နိုင်ဖို့ အ‌ရေးကြီးတယ်။ လူ့အခွင့်အရေးလို့ ပြောလိုက်ပြီဆိုရင် တစ်ဦးတယောက်ချင်းစီရဲ့ အခွင့်အရေးနဲ့ အစုအဖွဲ့ရဲ့ အခွင့်အရေးဆိုတာ ရှိပါတယ်။ ကျွန်မတို့ ပြောနေတဲ့ နိုင်ငံရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတရားမျှတမှု နိုင်ငံရေးမှာ အချင်းချင်းအပြန်အလှန်လေးစားတန်ဖိုးထားမှုတွေဟာ အစုအဖွဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အစုအဖွဲ့အခွင့်အရေးကို ကြိုးစားတဲ့အခါမှာ တဖက်မှာက တစ်ဦးတစ်ယောက် ချင်းစီရဲ့ အခွင့်အရေးတွေကို မထိခိုက်ဘဲနဲ့ ဘယ်လိုမျိုးသွားလို့ရလဲဆိုတဲ့ နည်းလမ်းကို ရှာနိုင်ရင် အားလုံးအတွက် နိုင်ငံကောင်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့တော့ နိုင်ငံတစ်ခု ဖန်တီးတဲ့အခါမှာ လူတိုင်းလွတ်လပ်မှု ရှိရမယ်။ လူတိုင်းတရားမျှတမှု ရှိရမယ်။ လူတိုင်း တန်းတူညီမျှမှု ရှိရမယ်။ ဒါတွေက အရေးကြီးပါတယ်။ ကိုယ် မဖြစ်ချင်တာတွေလည်း ပြောရင်းနဲ့ ကိုယ် ဖြစ်ချင်တာတွေလည်း ရအောင် တည်ဆောက်တဲ့ နိုင်ငံဖြစ်ဖို့ လိုပါတယ်။
 
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
မတူကွဲပြားမှုတွေကို အဓိကပြသနာတက်နေရတဲ့ အကြောင်းအရင်းက စုံလင်ကွဲပြားတဲ့သူတွေ၊ စုံလင်ကွဲပြားမှု တွေကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ မစဉ်းစားခဲ့တဲ့ အခါမှာ ဒီနိုင်ငံမှာနေမယ်ဆိုရင် အကုန်လုံးက ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား ဆိုပြီးတော့ အကုန်လုံး  ဒီခေါင်းစဥ်တခုကြီးအောက်ကို လာရမယ်။ ပြုရမယ်။ ကျန်တာတွေ မေ့ထားလိုက်ရမယ်ဆိုတာ ဖြစ်နေတယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ နံပါတ်တစ်က ကျွန်မတို့ သမိုင်းကြောင်းတွေ၊ ရှင်သန်ခဲ့ရတဲ့ ဓလေ့တွေ နိုင်ငံရေးအခင်းအကျင်းတွေက မတူဘူး။ အဲ့လိုမျိုး မတူတဲ့ဟာတွေကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ကျန်တာ အကုန်လုံး ဖျောက်ဖျက်ခံလိုက်ရတယ်။ ဖျက်သိမ်းခံလိုက်ရတော့ ဒီနိုင်ငံသည် ငါတို့နဲ့မသက်ဆိုင်ဘူးလို့ ခံစားလာရတယ်။ ကြာလာတဲ့အခါမှာ ကိုယ်တွေပြောတဲ့ မိခင်ဘာသာစကားကနေအစ သမိုင်းတွေ၊ ယဥ်ကျေးမှုတွေက ဘာတစ်ခုမှ ဖော်ပြခြင်း မခံရတဲ့အခါမှာ ငါတို့ အတူတူရှိနေတယ်ဆိုတာ ဒီနေရာကို ငါတို့ အတူတူပိုင်ကြတယ်ဆိုတဲ့ ခံစားချက်က ပျောက်လာတယ်။ စုံလင်ကွဲပြားမှုကို ထည့်သွင်းမစဉ်းစားဘူး ဆိုရင် တဦးချင်း၊ တစ်ဖွဲ့ချင်းရဲ့ အကျိုးစီးပွားကို ပိုပြီးတော့ကျင့်သုံးလို့ရနိုင်တဲ့ အခင်းအကျင်းဖြစ်အောင် ငါတို့ဘာလုပ်ကြမလဲဆိုတာ တွေးတော့တယ်။ အဲ့ဒါမျိုးတွေသည် ကျွန်မတို့ ခုနတုန်းက စုံလင်ကွဲပြားမှုတွေကို ထည့်သွင်း မစဉ်းစားခဲ့လို့ ဖြစ်လာတဲ့ ပြသနာတွေပဲ ဖြစ်တယ်။ အဲ့ဒီဟာသည် လက်ရှိမြင်နေရတဲ့ ပြဿနာအရင်းခံဘဲ ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုမျိုးအမြင်မတူတာ၊ အတွေးအခေါ်မတူတာတွေကို နိုင်ငံတည်ဆောက်ရေး ကိုယ့်ရဲ့ဒေသ တည်ဆောက်ရေးတွေမှာ အသုံးပြုနိုင်မယ်ဆိုရင် အားတွေအများကြီး ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိပါတယ်။ ဂျဲန်ဒါသဘောအရ နိုင်ငံရေးစာအုပ်တွေ လှန်ကြည့်လိုက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေပဲ ကြည့်ကြည့်၊ ဘယ်နေရာပဲ ကြည့်ကြည့်၊ မိန်းမတွေရဲ့ သမိုင်းက မပါဘူး။ သမိုင်းစာအုပ်တွေမှာ အရေးပေးပြီး ဖော်ပြခြင်း မခံရတဲ့ဟာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဒီမိုကရေစီအရေးတို့၊ ဖက်ဒရယ်အရေးတို့ ပြောတယ်။ အားလုံးပါဝင်မှု တွေ ရှိရမယ်။ ကိုယ်စားပြုမှုတွေ ရှိရမယ်လို့ ပြောပြီးတော့မှ လူဦးရေတစ်ဝက်ကျော်တဲ့ အမျိုးသမီးတွေရဲ့ တွေးခေါ်မှု၊ သူတို့ရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ စဉ်းစားချက်တွေကို ထည့်သွင်း မတည်ဆောက်ဘူးဆိုရင် ကျွန်မတို့ လိုချင်တဲ့နိုင်ငံက လူဦးရေတစ်ဝက်ရဲ့ နိုင်ငံတည်ဆောက်ရေး ဖြစ်လိမ့်မယ်။ စစ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်နိုင်မှသာလျှင် ကျူးလွန်ခံရတဲ့လူအမျိုးသမီးတွေအတွက် အပြည့်အဝ တရားမျှတမှုပေးနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် လူမျိုးစုအရ‌ရော၊ ဂျဲန်ဒါအရ‌ရော ကျွန်မတို့က ဘယ်ဟာကိုမှ ချန်ခဲ့လို့ မရပါဘူးလို့ ဆွေးနွေးချင်ပါတယ်။
 
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ခေတ်အဆက်ဆက်တော်လှန်ရေးတွေမှာ အမျိုးသမီးတွေပါဝင်ခဲ့ပေပမဲ့ အသိအမှတ်ပြု မခံခဲ့ရဘူး။ သို့ပေမဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ အတိုင်းအတာတခုအထိ အသိအမှတ်ပြုလာကြတယ်။ အရင်တုန်းက အမျိုးသမီးလှုပ်ရှားတက်ကြွသူတွေကို အခွင့်အရေးတောင်းနေတဲ့ အမျိုးသမီးအုပ်စုကြီးလို့ပဲ အမြင်ခံရခဲ့တဲ့ ကာလတွေလည်း ရှိခဲ့တယ်။ မနည်းတွန်းကြ ပြုကြရတယ်။ ဒီကာလမှာကျတော့ စစ်ရေးမှာပဲ ကြည့်ကြည့်၊ နိုင်ငံရေးမှာပဲ ကြည့်ကြည့် ပါဝင်နေတဲ့အမျိုးသမီးတွေ အများကြီးပဲ။ ဒါကြောင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနေတဲ့အပိုင်းတွေ NUCC လိုမျိုး ကဏ္ဍတွေမှာ မူအားဖြင့် ကျွန်မတို့ ပါဝင်ခွင့်ရလာပြီ။ တကယ့်ကို ဆွေးနွေးချက်တွေ တန်းတူဖြစ်အောင်၊ စဉ်းစားချက်တွေ တန်းတူဖြစ်အောင် ကြိုးစားရမှာတော့ အများကြီး ကျန်ပါသေးတယ်။ အခုထက်ထိက စစ်ရေးကဏ္ဍမှာဆိုရင် အမျိုးသမီးတွေရဲ့  ဦးဆောင်နိုင်မှု၊ ပါဝင်နိုင်မှုတွေမှာ နောက်‌ရောက်နေဆဲ ဖြစ်တယ်။ ရှိတော့ ရှိကြတယ်။ တဖက်မှာလည်း ERO တွေ၊ တော်လှန်ရေးအဖွဲ့အစည်း တွေမှာ အမျိုးသမီးပါဝင်မှုနှုန်း တိုးလာတာကို တွေ့ရပါတယ်။ အဲ့တော့ ဒီထက်ပိုပြီးတော့ ကျွန်မတို့ရဲ့ ဆွေးနွေးချက်တွေ ဘောင်ဝင်တန်းဝင်ဖြစ်အောင် နှစ်ဆ ကြိုးစားရတာ ဖြစ်တယ်။ အဲ့ဒါကတော့ ပေးထားတဲ့ အခင်းအကျင်းဖြစ်တယ်။ ကျွန်မတို့ စကားတစ်ခါ ပြောခါနီးကျရင် ဒီဟာက ဂျဲန်ဒါ issue လို့ ခေါင်းစဉ်တပ်လိုက်ပြီဆိုရင် အနောက်ပို့ခံရမှာစိုးတဲ့အတွက် ကျွန်မတို့မှာ ဗျူဟာပေါင်းစုံအမျိုးမျိုး သုံးပြီး ဆွေးနွေးပြောဆိုနေရတုန်းဘဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အားစိုက်မှု အားထုတ်မှုတွေကြောင့်ပဲ ဒီအခင်း အကျင်းအထိ ရောက်လာတယ်လို့ ပြောလို့ရပါတယ်။
 
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
စနစ်ပြောင်းတော်လှန်ရေးမှာ မိန်းမတွေရော၊ ယောကျာ်းတွေရော လူငယ်တွေရော အကုန်ပါရမယ်လို့ ပြောတာ လွယ်တယ်။ တကယ်တမ်းကျတော့ လူ့အသိုက်အဝန်းထဲမှာ စွဲနေတဲ့ အတွေးအခေါ်အမြင်တွေက မပြောင်းသေးဘူး။ မူဝါဒရေးရာအားဖြင့် NUCC ရဲ့ဖက်ဒရယ်ချာတာမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း တိုင်းက အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဖို့အတွက်ကို အာမခံပေးရမှာ ဖြစ်ပေမဲ့ လက်ရှိ အချိန်အထိ မမြင်ရသေးဘူး။  အမျိုးသမီးတွေက ဒီနေရာမှာ ပါဝင်ဖို့အတွက် အခွင့်အလမ်းဖြစ်အောင် ဘယ်လိုတွေ ဖန်တီးပေးရမလဲ။ ဒီနေရာမှာ ပါဝင်ခွင့် ပိုပြီးတော့ သင့်တင့်လျှောက်ပတ်အောင် ဘာတွေကို လုပ်ပေးရမလဲ။ စီမံဆောင်ရွက်ပေးရမလဲ။ ထပ်ဆင့် မူဝါဒ‌နောက်ဆက်တွဲ အကောင်အထည်ဖော်ပေးရမယ့်ဟာတွေကို အမျိုးသမီး မရှိဘူးဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ရပ်သွားတယ်။ အဲ့တော့ ဒါမျိုးတွေဆိုရင်လည်း စိန်ခေါ်ချက် ထဲမှာ ရှိနေတယ်။
နောက်တခုကကျတော့ ယောကျာ်းတစ်‌ယောက် နိုင်ငံရေးလုပ်တော့ နိုင်ငံရေး၊ ရိုးရိုးသာမာန်အဖွဲ့အစည်း တစ်ခုက နိုင်ငံရေးလုပ်ရင် နိုင်ငံရေး၊ အမျိုးသမီးနိုင်ငံရေးအဖွဲ့က နိုင်ငံရေးလုပ်ရင် အမျိုးသမီးအရေး အဲ့လိုမျိုး တွေ ခွဲခြားဆက်ဆံတာကလည်း ကျွန်မတို့က နိုင်ငံရေးအရ ပြောဆိုဆွေးနွေးတဲ့အခါမှာ ခွဲခြားဆက်ဆံမှုတွေ ကို ဖြစ်စေတယ်။ အဲ့လိုမျိုး နာမည်တပ်တဲ့ဟာတွေကလည်းပဲ ကျွန်မတို့ရဲ့ နိုင်ငံရေးမှာ နိုင်ငံရေးတန်းတူ ညီမျှစွာ ဆွေးနွေးခွင့်မရအောင် လုပ်နေတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်တယ်လို့ ဆွေးနွေးချင်ပါတယ်။ နံပါတ်လေး အနေနဲ့ကတော့ ကျွန်မတို့ရဲ့ အသက်ငယ်သော အမျိုးသမီးများအပေါ်မှာ ကျွန်မတို့ရဲ့ နိုင်ငံရေးမှာ ရှိနေသော Gate keeper နေရာဦးထားသူများဟာ အမျိုးသားတွေ ဖြစ်နေတယ်။ အဲ့လိုမျိုး အမျိုးသား friendly ဖြစ်တဲ့ space မှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေအတွက် အဆင်ပြေတဲ့ အခင်းအကျင်း အသိုက်အဝန်း မဖြစ်နေဘူး။ အဲ့ဒါတွေကို မသိသလိုလုပ်ပြီး၊ မတုံ့ပြန်၊ မခေါ်လိုက်တဲ့ဟာတွေ စကားမပြော လိုက်တဲ့ဟာတွေဆိုလည်း ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုကို လျော့သွားစေတယ်ပေါ့နော်။ ဒါကလည်း စိန်ခေါ်မှုဖြစ်ပါတယ်။
 
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
နံပါတ်တစ်က ခွဲခြားဆက်ဆံတဲ့ဥပဒေတွေ၊ ခွဲခြားဆက်ဆံနေတဲ့အခင်းအကျင်း၊ မူဝါဒတွေရှိတယ်ဆိုရင် ဖျက်ကို ဖျက်ရမယ်။ နံပါတ်နှစ်က ဂျဲန်ဒါဆိုလည်း ဂျဲန်ဒါမူဝါဒတွေ၊  ဂျဲန်ဒါအခင်းအကျင်းတွေကို ဖန်တီး ပေးထားတဲ့ဥပဒေတွေ ရှိရမယ်။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်းမရှိရဆိုတဲ့ သတ်မှတ်ချက်တွေ ပြဌာန်းပေးဖို့ လိုပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး Zero Tolerance ဆိုတဲ့ သတ်မှတ် ချက်မျိုးတွေ အဖွဲ့အစည်းတိုင်းမှာ ရှိရမယ်။ မူဝါဒရှိတိုင်းလည်း လူ့အဖွဲ့အစည်းက မပြောင်းလဲဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲ့အတွက် လူထုကို ပြန်ပြီး အသိပညာပေးတဲ့ အစီအစဉ်တွေ လုပ်ဖို့ လိုပါတယ်။
ဂျဲန်ဒါမှာဆို ပြောတဲ့ အသုံးအနှုန်းတစ်ခု ရှိပါတယ်။ ကျွန်မတို့ မိသားစုတွေသည် မိသားစုကိုယ့်အသိုက်အဝန်း ကိုယ့်ပတ်ဝန်းကျင်တွေက ကျွန်မတို့ရဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဂျဲန်ဒါအုပ်ချုပ်မှုပုံစံတွေကို ဖန်တီးပေးတယ်ပေါ့။ တည်ဆောက်မဲ့ institution တွေမှာ ဂျဲန်ဒါခွဲခြားမှုတွေ မရှိဖို့ဆိုရင် မူဝါဒတွေအပြင် institution ထဲမှာ ရှိနေတဲ့လူတွေကိုလည်းပဲ ဂျဲန်ဒါအတွေးအခေါ် ပြောင်းလဲဖို့ လုပ်ပေးဖို့လိုတယ်။ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေ မှာ ခေါင်းဆောင်မှုကဏ္ဍတွေမှာ နိုင်ငံရေးကဏ္ဍတွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါတဲ့ ကိုတာစနစ်ကို ယာယီစီမံချက်အနေနဲ့ သုံးသင့်တယ်။ နောက်တခုက ဒီလို မျိုးအမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍတွေ မှာ ပါဝင်လာနိုင်မှုအပေါ်မှာ အမျိုးသမီးအချင်းချင်း၊ အမျိုးသမီးအစုအဖွဲ့အချင်းချင်း နိုင်ငံရေးမှာပါနေတဲ့ အဖွဲ့အစည်းတွေအချင်းချင်း ပိုပြီးချိတ်ဆက်မှု အားကောင်းကောင်းနဲ့ ကျွန်မတို့ တွန်းနိုင်ဖို့ အရေးကြီးတယ်။ အမျိုးသမီးခွဲခြားဆက်ဆံမှုတွေကြုံရင် ဒါ ကိုယ့်ဒေသ၊ ကိုယ့်နေရာ မဟုတ်လို့ ဆိုပြီး အသံမထွက်ဘဲ နေလို့ မရဘူး။ ကျွန်မတို့ အတူတူ  အသံထွက်ဖို့ အရေးကြီးတယ်။ အတူတူ တိုက်တွန်းနိုး‌ဆော်မှုတွေ လုပ်ဖို့ အရေးကြီးပါတယ်။
 
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေ အုပ်ချုပ်တိုင်း လည်း ကောင်းသွားမှာ မဟုတ်ဘူး။ အမျိုးသားတွေအုပ်ချုပ်တိုင်းလည်း ကောင်းသွားမှာမဟုတ်ဘူး။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ်  LGBT ဖြစ်ဖြစ်သူတို့ရဲ့ ဂျဲန်ဒါအပေါ်မှာ မမူတည်ပဲနဲ့ သူတို့ရဲ့ ခေါင်းဆောင်မှုပေါ်မှာ မူတည်လိမ့်မယ်။ သို့သော် ဘာဖြစ်လာနိုင်မလဲဆိုတဲ့အခါမှာ ကျွန်မတို့ ငယ်ငယ်ကလေး ထဲက ကြီးလာတဲ့အခါ အမျိုးသမီး ခေါင်းဆောင်ဆိုတာ မမြင်ဖူးဘူး။ အဲ့တော့ နံပါတ်တစ်က ကျွန်မ ရုပ်ရှင်တွေ၊ သမိုင်းတွေမှာ အကုန်လုံး အမျိုးသားတွေချည်းပဲ မြင်တော့ ကျွန်မ စိတ်ထဲမှာ ဘာတွေးလိုက်လဲဆိုတော့ ငါသည် ခေါင်းဆောင်ဖြစ်ခွင့်မရှိတဲ့ လူတစ်ယောက်လို့ အလိုလို သတ်မှတ် လိုက်တယ်။ နိုင်ငံရေး role model အမျိုးသမီးခေါင်းဆောင်တွေ အများကြီး မရှိဘူး။ လက်ချိုး‌ရေလို့ ရတယ်။ အဲ့ဒီဟာက ကျွန်မတို့ရဲ့ အိပ်မက်တွေ အနာဂတ်တွေကို အများကြီးပျက်သွားစေတယ်။ အမျိုးသမီး ခေါင်းဆောင်တွေ အများကြီး ပေါ်ထွက်လာတယ်၊ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ ပြသနိုင်တယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးခေါင်းဆောင် အသစ်တွေကို အများကြီးလက်တွဲခေါ်ပေးနိုင်တယ်။ အမျိုးသမီးတွေ ပါဝင်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ပိုပြီးတည်ဆောက်နိုင်တယ်။ အခု နွေဦးတော်လှန်ရေး အောင်မြင်တဲ့ဟာလည်း အမျိုးသမီးတွေ အများကြီးပါလာတာကြောင့် ဖြစ်တယ်။ ဒါသည်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တစ်စိတ်တစ်ပိုင်းအဖြေဖြစ် လာမယ်လို့လည်း မြင်ပါတယ်။  အမျိုးသားအမြင်က ထွက်လာတဲ့ ဗျူဟာနဲ့ အမျိုးသမီးအမြင်နဲ့ စဉ်းစားတဲ့ဗျူဟာတူမှာ မဟုတ်ဘူး။ အဲ့လို အမြင်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေပြီးတော့ ကျွန်မတို့ အတူတူ ဆွေးနွေးနိုင်ကြတယ်။ အရှေ့ကို သွားနိုင်ကြတယ်ဆိုရင် သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခင်းအကျင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံအခင်းအကျင်းက ပိုပြီး မြန်မြန်ရောက်မယ်။ အဖြေ စုံစုံလင်လင်ရမယ်လို့ ထင်ပါတယ်။
 
 ၈။ ဖြည့်စွက်ချက်။ 
အမျိုးသမီးတွေ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ဖို့အတွက် အရမ်းကြိုးစားရတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကိုယ့်ပိုင်ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ရပ်တည်ရာကို လုပ်ခွင့် ရှိတယ်။ ဒီတော်လှန်ရေးမှာ ပါကြရတဲ့အခါ အလုပ်လုပ်ကြရတဲ့အခါမှာ ကိုယ်ယုံကြည်ရာ ကိုယ်ရှင်သန်ရာကို လူ့အသိုက်အဝိုင်းရဲ့ ရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် မှေးမှိန်သွားစရာ မလိုဘူး။ ကိုယ့်ယုံကြည်ချက် အတိုင်း ကိုယ်ဆက်သွားလို့ ရတယ်။ ယောကျာ်းဆန်တဲ့ မိန်းမဖြစ်မှ ယောကျာ်းလို မိန်းမ၊ ငါက သူများနဲ့ မတူတဲ့ မိန်းမဖြစ်တော့မှ ဒီနိုင်ငံရေးအခင်းအကျင်းကြီးမှာ ရင်ဘောင်တန်းပြီး ရပ်တည်နိုင်တယ်ဆိုပြီးလည်း တွေးစရာ မလိုဘူး။ အမျိုးသမီးတစ်ဦးတစ်ယောက်ချင်းစီလည်း မတူဘူး။ ယောကျာ်း တစ်ယောက်ချင်းစီလည်း မတူဘူး။ အဲ့တော့ ကိုယ်မတူတဲ့ ကိုယ့်အရည်အသွေးနဲ့အတူတူ ကျရာကဏ္ဍမှာ ကိုယ်ပါလို့ ရတယ်။ ကိုယ်ကျရာကဏ္ဍမှာ ကိုယ်ပါတဲ့အခါမှာ ဘယ်သူကနေပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံ တယ်ဆိုရင် ကျွန်မတို့က အချင်းချင်း feminist အရေးကို ယုံကြည်တဲ့ လူအချင်းချင်း ကူညီပြီးတော့ ရှေ့ဆက်သွားဖို့ ပြောချင်ပါတယ်။



"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media