Published on

ဂျာထွယ်ပန်
 ဒုတိယပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“ကိုယ့်လမ်း ကိုယ်ဖောက်ပြီး ရေဆန်ခရီးကို သွားကြရတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒီလိုအချိန်မှာ စည်းလုံးညီညွတ်ဖို့က အင်မတန်အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှုရဖို့ နားလည်မှု၊ သည်းခံနိုင်မှုက အင်မတန်မှ အ‌ရေးကြီးပါတယ်”
 
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

နွေဦးတော်လှန်ရေးက တောင်တက်ခရီး၊ ရေဆန်ခရီးလို့လည်း ပြောလို့ရပါတယ်။ သမ္မတက ပြည်သူ့ခုခံ တော်လှန်စစ် စတင်ကြေညာတုန်းကလည်း ထည့်ပြောခဲ့တယ်။ ကျွန်မတို့ လိုအပ်လို့ တော်လှန်ရေးလုပ်ရတဲ့ အတွက် ဘယ်သူမှကြိုတင်ပြင်ဆင်ပြီး လုပ်ရတာ မဟုတ်ပါဘူး။ တော်လှန်ရေး၊ နိုင်ငံရေးကို အားလုံး တွန်းနေတဲ့အပေါ်မှာမူတည်ပြီး ပုံဖော်ကြရတာ ဖြစ်ပါတယ်။

အားလုံးရဲ့အသံကို အခြေတည်ပြီး အားလုံး ဦးဆောင်မှုနဲ့ သွားနေတာ ဖြစ်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရက တပ်ဦးအနေနဲ့သွားတာ ဖြစ်ပါတယ်။ တပ်ဦးရဲ့တာဝန်ကတော့ သူတာဝန်ခံထားတဲ့အတိုင်း ရှေ့ကိုရွေ့အောင် လုပ်ရတာ ဖြစ်ပါတယ်။ စိတ်ဓာတ် တွေကို အရင်းပြုပြီးတော့ သွားရတဲ့ ခရီးရှည်လည်း ဖြစ်ပါတယ်။ ဒီမှာပါတဲ့သူတွေအားလုံးက စွန့်လွှတ်စွန့်စား လုပ်ထားကြရပါတယ်။ ဆုံးရှုံးမှုတွေ အများကြီးနဲ့ပဲစပြီး တည်ဆောက်ရတဲ့တော်လှန်ရေး ဖြစ်သလို၊ အခုကိုယ့် လမ်း ကိုယ်ဖောက်ပြီး ရေဆန်ခရီးကို သွားနေကြတာ ဖြစ်ပါတယ်။ဒီလိုအချိန်မှာ စည်းလုံးညီညွတ်ဖို့က အင်မတန်အရေးကြီးပါတယ်။

စည်းလုံးညီညွတ်မှုရဖို့ နားလည်မှုက အင်မတန်မှ အ‌ရေးကြီးတယ်။ မတူညီတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အသိအမြင်တွေကို၊ သဘောတွေကို သဘောထားမျှအောင်ကြိုးစားယူရင်းနဲ့ ရှေ့ကို သွားဖို့ လုပ်ရတာဖြစ်တော့ ပွတ်တိုက်မှုတွေလည်း ရှိပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့က နားလည်မှု၊ သည်းခံနိုင်ဖို့က အ‌ရေးကြီးပါတယ်။ အားလုံးရဲ့ပေးဆပ်မှုတွေက အဓိပ္ပာယ်ရှိဖို့အတွက် တော်လှန်ရေး ရှေ့တိုး ဖို့အတွက် ခြုံပြီးပြောမယ်ဆိုရင် နားလည်မှုတွေ စိတ်ရှည်သည်းခံမှုတွေနဲ့သွားဖို့လိုပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ထဲမှာလည်း ပါပါတယ်။ အခန်း(၄) အပိုင်း (၁) မှာပေါ့။ ပြည်ထောင်စု မျှော်ရည် ချက်နဲ့ စံတန်ဖိုးတွေမှာ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ပါတယ်။ နောက်စုပေါင်းခေါင်းဆောင်မှု၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း၊ သဟဇာတဖြစ်ခြင်းနဲ့ မတူကွဲပြားမှုကို လက်ခံညီညွတ်ခြင်းဆိုတာ ပါတယ်။

ဂျန်ဒါ တန်းတူညီရေး၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ လူမျိုး၊ ကိုးကွယ်ယဥ်ကျေးမှုဘာသာစကား၊ ကျား၊ မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း ဖြစ်ပါတယ်။ စံတန်ဖိုးတွေကို ကြည့်လိုက်ရင်တော့ တဖက်မှာ တလျှောက်လုံး ကြီးပြင်းလာတဲ့ စစ်အာဏာရှင်စနစ်အောက်က နိုင်ငံရဲ့စံတန်ဖိုးတွေထက် အများကြီး ပိုပြီးကောင်းသွားတယ်။ ရှေ့ကို မျှော်တဲ့စံတန်ဖိုးတွေ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မတို့ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

မတူကွဲပြားမှုကို အားနည်းချက်အနေနဲ့ မမြင်ဘဲ မတူကွဲပြားမှုကို အားသာချက်အနေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဖြစ်စေချင်တာကိုပဲ ဖြစ်တာမျိုးမဟုတ်ပဲနဲ့ အားလုံးရဲ့သဘောထားတွေကို လေးစားတတ်တဲ့ စိတ်ဓာတ် တွေ အားလုံးရဲ့အမြင်တွေ၊ ပါဝင်မှုတွေကို လေးစားတတ်တဲ့စိတ်ဓာတ်တွေစပြီး မွေးမြူဖို့လိုပါတယ်။ အစပိုင်း မှာတော့ ခက်ခဲ့မယ့်ဟာတွေ ရှိရင်ရှိမှာပါ။ ကိုယ်နားလည်နေတဲ့ ပုံံစံတွေနဲ့ မကိုက်တာတွေ ဖြစ်နိုင်ပါတယ်။

ကျွန်မတို့ ဗဟုလူ့အဖွဲ့အစည်းကို သွားဖို့အတွက် ဒီအမြင်တွေ တကယ်မွေးမြူသွားဖို့ လိုပါတယ်။ အမျိုးသမီး တွေ ပါဝင်ခြင်းနဲ့ ပတ်သက်ရင်တော့ အမျိုးသမီးတွေနိုင်ငံရေးမှာ အများကြီးဆက်လက်ပါဝင်ဖို့ လိုတယ်။ ၃၀ ရာခိုင်နှုန်း ပြည့်ဖို့ကတော့ ကြိုးစားနေဆဲဖြစ်ပါတယ်။ နိုင်ငံ‌ရေးဦးဆောင်မှုကတော့ ဒေါ်အောင်ဆန်းစုကြည် က နှစ်ပေါင်းတော်တော်များများ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်ပြယုဂ်  တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကလည်း ကောင်းတဲ့ အချက်တခုပါပဲ။ တော်တော်များများက အမြင်တွေရှိကြတယ်။ အမျိုးသမီး ပါတော့ပါတယ်။ leadership နေရာမှာမထားချင်ကြဘူး။ first decision မှာ မထားချင်ကြဘူး။

အမျိုးသမီးတွေက များသောအားဖြင့် လူမှုကူညီရေးလုပ်ငန်းတွေ CSO၊ NGO တွေမှာ ပါဝင်ကြတာ များတယ်။ နိုင်ငံရေးမှာ အများကြီးပါဝင်ဖို့ လိုပါသေးတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အများကြီးလက်တွဲခေါ်ဖို့ လိုတယ်။  ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တိုင်းရေးပြည်ရေးတွေမှာ၊ လူမှုရေးရာတင်မကဘူး။ စီးပွားရေးကဏ္ဍ အသီးသီးမှာ လည်း အမျိုးသမီးတွေ ဦးဆောင် ပါဝင်ဖို့ လိုအပ်ပါတယ်။    

 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

လူမှုရေးကဏ္ဍတို့၊ တက်ကြွလှုပ်ရှားသူတို့မှာ အမျိုးသမီးတွေအများကြီး ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးကဏ္ဍ မှာလည်း တော်တဲ့အမျိုးသမီးတွေက အများကြီး ပါဝင်လာပါတယ်။ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ဒေါ်ဇင်မာအောင်တို့ မအိသဥ္ဇာ‌မောင်တို့ကလည်း ဒါတွေက အားတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့အမျိုးသမီးထု အတွက် နိုင်ငံအတွက်လည်း အားတစ်ခုဖြစ်ပါတယ်။ သူတို့လည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချလို့ရတဲ့ နေရာတွေကနေ ပါဝင်နေတာဖြစ်ပါတယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသမီးတွေပါတာ ရှိတယ်။

နောက် တခုက ဖက်ဒရယ်အဆင့်ရော၊ ဒေသန္တရအဆင့်မှာရော အမျိုးသမီးတွေကို တော်တော်တော့ နေရာပေးလာ တာကို မြင်ရတယ်။ ဒါပေမယ့် အများကြီးဆက်ပြီး လုပ်ဖို့လိုတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေထဲမှာလည်း အမျိုးသမီးတွေပါဝင်နေရာပေးဖို့ လိုအပ်တယ်။ တချို့တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ အမျိုးသမီးတွေ နေရာပေးတာတွေရှိတယ်။ တချို့ကတော့ အမျိုးသမီးခေါင်းဆောင်တွေကို သိပ်ပြီးမတွေ့ရသေးပါဘူး။  

 

၅။အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်နိုင်ဖို့အတွက် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အနေအထားတစ်ခုလုံးနဲ့ ဆိုင်တယ်။ ကျွန်မတို့ လူ့အဖွဲ့အစည်းတစ်ခုလုံး နားလည်လက်ခံလာဖို့ လိုတယ်။  ဒီအလေ့အကျင့်ကို အိမ်ကနေ စတင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့မိသားစုမှာ ကိုယ့်ရဲ့သမီးနဲ့သားကို ဆက်ဆံတာ တူတူပဲလားဆိုတာကနေ စရမှာဖြစ်ပါတယ်။ ကျွန်မတို့ကစပြီးမှ သဘောထားတွေ      တဖြေးဖြေးပြောင်းလဲလာရမှာ ဖြစ်ပါတယ်။

ဒီလိုကနေ နေရာပေါင်းစုံ ဘက်ပေါင်းစုံကနေ တွန်းရမယ့် သဘောရှိပါတယ်။ ခုန ပြောသလို နိုင်ငံရေးထဲမှာပါဝင်ဖို့ လူတွေ လေးစားအားကျရတဲ့ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေလည်း လူတွေများများ မြင်ကြဖို့ လိုတာပေါ့။ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့ ပုံရိပ်တွေကို အများကြီး မြင်ရဖို့ လိုတယ်။ အဲ့ဒါတွေလည်း အရေးကြီးပါတယ်။

 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

အမျိုးသမီးနဲ့ပတ်သက်တဲ့ ရေးရာကိစ္စတွေကတော့ မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း တော်တော်များများ ရှိနေတယ်။ အခု နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်ရော နိုင်ငံသစ်တည်ဆောက်ဖို့ အတွက်ရော အမျိုးသမီးအင်အားတွေ အများကြီးလိုပါတယ်။ တကယ်တော်တဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေကို အများကြီးလိုတယ်။ အဲ့အတွက်အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ အရည်အချင်းရှိတဲ့သူတွေကို များများလည်း ပါဝင်စေဖို့လိုတယ်။

အမျိုးသမီးတွေကို အဟန့်အတားဖြစ်စေတဲ့အရာတွေဆိုတဲ့ အရာမှာတော့ မိသားစုတွင်းကျင့်သုံးတဲ့စံနှုန်းတွေလည်း ပါဝင်ပါတယ်။  အမျိုးသမီးဖြစ်တော့ မိသားစုနဲ့ ကလေးငယ်တွေရှိရင် သူလုပ်လို့ မရတော့ဘူး။ အဲ့ဒါကိုမကောင်းဘူး ပြောတာမဟုတ်ဘူး။ သူ့ရဲ့ Natural Barrier ပေါ့နော်။ သဘောဝအလျှောက်ပါလို့မရတဲ့ နေရာမျိုးတွေလည်း ရှိနိုင်ပါတယ်။ နောက်တခုက ဥပမာ စစ်ရေးအရ ရှေ့တန်းသွားဖို့အတွက် အဟန့်အတားတွေ ရှိနိုင်ပါတယ်။ အရမ်းတော်တဲ့၊ အရမ်းသန်မာတဲ့ အမျိုးသမီး တိုက်ခိုက်ရေးသမားတွေ အများကြီးရှိတယ်။ သူတို့ကို ရှေ့တန်းသွားနိုင်အောင် သူတို့ရဲ့အရည်အချင်းတွေ အစွမ်းတွေပြနိုင်အောင် စီမံဆောင်ရွက်ပေးဖို့ လိုပါတယ်။

တပ်ထဲမှာ ဆိုရင်လည်း အမျိုးသမီးတွေအတွက် ပိုအဆင်ပြေမဲ့ အစီအမံတွေ လိုအပ်ပါတယ်။ ဥပမာ- အမျိုးသမီးနေဖို့ လုပ်ပေးတာက အစပေါ့နော်။ အမျိုးသမီးက နိုင်ငံရေးလုပ်ငန်းတွေ အင်တိုက်အားတိုက်ပါဝင်ချင်ပေမယ့်လည်း သူ့မှာနို့စို့ကလေးရှိတယ် ဆိုရင် သူ့ကိုဘယ်လိုကူညီပေးမလဲဆိုတာ အိမ်မှာရှိတဲ့ အမျိုးသား၊ ဆွေမျိုးသားချင်းတွေက စဉ်းစားသင့်တယ်။ နင်က ကလေးအမေပဲနင်ကတခြား‌ဟာတွေမလုပ်နဲ့ ကလေးနဲ့ပဲနေဆိုတာမျိုးထက် သူလည်း ကလေးတဖက်နဲ့ ကြိုးစားရမယ်။ ကြိုးစားရှာတယ်။ သူ့ကို ဝိုင်းပံ့ပိုးပေးရမယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။

 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

ဂျဲန်ဒါမခွဲဘဲ ခေါင်းဆောင်ကောင်းဖြစ်ထိုက်တဲ့သူတွေ တကယ်တော်တဲ့သူတွေ ခေါင်းဆောင်ဖြစ်ရင်တော့ အားလုံးကပျော်ရတာပေါ့။ အမျိုးသမီးဖြစ်လို့ဆိုတာမျိုးမဟုတ်ပဲနဲ့ ဘယ်သူမဆို အမျိုးသားရော အမျိုးသမီး ရော တန်းတူအခွင့်အရေးပေးရမှာ ဖြစ်ပါတယ်။ မျှတတန်းတူတဲ့အခွင့်အရေးရှိမယ်ဆိုရင် တိုင်းပြည်က ပိုပြီး တိုးတက်မှာ ဖြစ်ပါတယ်။
 

၈။ ဖြည့်စွက်ချက်။

ဒီတော်လှန်ရေးမှာ တကယ်ပဲ ထူးချွန်ပြောင်မြောက်စွာနဲ့ ရဲရဲတောက်ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ထဘီအလံတွေ တော်လှန်ရေးလုပ်ခဲ့ကြတဲ့ဖြစ်ရပ်က သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့သမိုင်းမှာ အဲ့လိုမျိုးလည်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးမှ လည်း အမျိုးသမီးတွေကတော့ community ကို အမြဲတမ်းပါဝင်လှုပ်ရှားတယ်။

အဲ့ဒါနဲ့ဆက်စပ်နေတဲ့ CSO, NGO, INGO တို့မှာ အမျိုးသမီးတွေက အများကြီးပါဝင်ကြတယ်။ အဲ့ဒါနဲ့အတူတူပဲ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေ မှာလည်း အများကြီးဆက်လက်ပြီးမှ ဒီထက်ပိုပြီးပါဝင်သင့်ပါတယ်။ ဒီလိုပါဝင်နိုင်ဖို့အတွက်လည်း ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေအားလုံး ဝိုင်းဝန်းပံ့ပိုးပေးဖို့ လိုပါတယ်။ အမျိုးသမီးဖြစ်တယ် ဆိုပြီးမှ ကန့်သတ် ထားတာမျိုးမဟုတ်ပဲ သူ့ကိုဝိုင်းဝန်းမြေတောင်မြောက် ပံ့ပိုးပေးဖို့လည်း လိုပါတယ်လို့ ပြောချင်ပါတယ်။


ကိုယ်ရဲ့မိသားစုမှာ ကိုယ့်ရဲ့သမီးနဲ့သားကို ဆက်ဆံတာ တူတူပဲလားဆိုတာကနေ စရမှာဖြစ်ပါတယ်။ ကျွန်မတို့ကစပြီးမှ သဘောထားတွေ တဖြေးဖြေးပြောင်းလဲလာရမှာ ဖြစ်ပါတယ်။ ဒီလိုကနေ နေရာပေါင်းစုံ ဘက်ပေါင်းစုံကနေ တွန်းရပါမယ်။

 
 "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

 

Published on

ဒေါ်ခင်ဥမ္မာ
ဥက္ကဌ၊ တည်ထောင်သူ
ရှေ့ပြေးအသံ (Progressive Voice)  
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“စစ်တပ်က ချထားတဲ့ ခြစားနေတဲ့ ဥပဒေ၊ သူတို့ကို ကာကွယ်ဖို့ ချထားတဲ့ ဥပဒေက ပြည်သူကို ဘယ်တုန်းကမှ မကာကွယ်ပေးတဲ့အပြင် ပြည်သူထဲမှာမှ ဒုတိယတန်းစား အထားခံရတဲ့ အမျိုးသမီးတွေက တရားမျှတမှုကိုလည်း တခါမှ မရခဲ့သလို နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ဆိုတာ အဝေးကြီးပါပဲ
 
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

ကျွန်မတို့နိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြစ်တဲ့အတွက် တိုင်းပြည်ကို လွတ်လပ်ရေးယူစဉ်ကတည်းက တိုင်းရင်းသားတန်းတူရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ အခြေခံနိုင်ငံရေးသဘောတူညီချက်၊ မူ၊ အခြေခံအုတ်မြစ်ပေါ်မှာ အခြေခံပြီး စုစည်းနေထိုင်လာခဲ့ကြပေမဲ့ တကယ်တမ်းက ဒီတိုင်းပြည်ထဲမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံဟာ နိုင်ငံရေးဖြစ်စဉ်မှာ ဘယ်တုန်းကမှ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ခွင့်၊ တန်းတူအခွင့်အရေး မရခဲ့ကြဘူး။

ဒါကြောင့် ၁၉၄၇-၄၈ နောက်ပိုင်းကတည်းက ဒီတိုင်းပြည်က Community အသီးသီး၊ တိုင်းရင်းသားလူမျိုးစုအသီးသီးက သူ့ကံကြမ္မာသူဖန်တီးခွင့်ရရေးအတွက်ကို မျိုးဆက်နဲ့ချီပြီး တော်လှန်ခဲ့ကြရတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးကို မတရားအုပ်ချုပ်ဖိနှိပ်ထားတဲ့ ဘုံရန်သူက ဒီအာဏာရှင်တစ်ခုပဲ ဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ စစ်တပ်ပေါ့နော်။

ဖက်ဆစ်စစ်တပ်သည် ဗမာမဟုတ်တဲ့ တခြားလူမျိုးတွေအပေါ်မှာ လူမျိုးရေးအရ၊ ဘာသာရေးအရ ဖိနှိပ်ခွဲခြားမှုတွေလုပ်တယ် ဆိုပေမယ့် ဗမာလူမျိုးတွေအပေါ်မှာတော့ အာဏာရှင်စနစ်ကို အာခံတယ်ဆိုရင် တော့ ဖိနှိပ်တာပါဘဲ။ ပြောချင်တာက ကျွန်မတို့နိုင်ငံရဲ့နိုင်ငံရေးသည် ဘုံရန်သူ တူတယ်ဆိုပေမယ့် ဖြတ်သန်း ကြရတဲ့ တော်လှန်ရေးဖြတ်သန်းမှုတွေ၊ နိုင်ငံရေး ရည်မှန်းချက်တွေ၊ ကြိုးစားရတဲ့ဖြစ်စဉ်တွေက မတူကြဘူး။ ဒါပေမယ့် ဘယ်ပြည်သူမှ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို မရခဲ့ကြဘူး။

ဒီအကြမ်းဖက် စစ်အုပ်စုက ခေါင်းဆောင်သာ ပြောင်းသွားတယ်၊ ဒီစစ်တပ်သည် တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာမတူညီ ကြတဲ့ လူမျိုးစုတွေ အားလုံးကြားထဲမှာ အမုန်းတရားတွေ ဖန်တီးပြီးတော့ ခွဲခြားအုပ်ချုပ်မှုကို ကျင့်သုံးတယ်။ ဒီခွဲခြားအုပ်ချုပ်ချုပ်နဲ့ပဲ ပြည်သူတွေကြားထဲမှာ အချင်းချင်းလက်ချင်း မချိတ်မိအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်တဲ့အတွက် အတူတူဖန်တီးနိုင်မယ့်၊ လက်ချင်းချိတ်နိုင်မယ့် အခြေအနေတစ်ရပ်ကို မရခဲ့ကြဘူး။

ကျွန်မတို့က ၈၈ မျိုးဆက်တွေ ဖြစ်တယ်။ ၈၈ မျိုးဆက်က တစ်ပါတီအာဏာရှင်စနစ်ကို မကြိုက်လို့တိုက်တာ။ ဒါပေမယ့် ကျွန်မတို့တိုက်တဲ့အချိန်မှာ စစ်တပ်အချင်းချင်း အာဏာသိမ်းလိုက်တော့ တစ်တိုင်းပြည်လုံးနီးပါးက ပြန်ငြိမ်ကျသွားတယ်။ ပါတီစုံဒီမိုကရေစီပေးပါမယ်လို့ ကတိပေးလိုက်တဲ့အပေါ်မှာလည်း နိုင်ငံရေးဦးဆောင် သူတွေက အဲဒီနောက်ကို မျောပြီးတော့ ပါသွားတယ်။

နှစ်ပေါင်းများစွာတိုက်ပွဲဝင်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ ပင်လုံစာချုပ်ကနေ လမ်းဖွင့်ပေး၊ အုတ်မြစ်ချပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို ဘယ်လိုသွားမလဲ၊ ပြည်မထဲမှာရှိနေတဲ့ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ နယ်စပ်ဒေသက ထိန်းချုပ်နယ်မြေတွေရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုချိတ်ဆက်ပူးပေါင်း မလဲဆိုတဲ့ စဉ်းစားချက်တွေက မရှိခဲ့ဘူးပေါ့နော်။ မြို့ပေါ်မှာနေတဲ့ နိုင်ငံရေးဦးဆောင်သူတွေကလည်း နိုင်ငံရေးအရ ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။

၈၈မျိုးဆက် ကျောင်းသားလူငယ်တွေ တောထဲဝင် လက်နက်ကိုင်တိုက်ပွဲဝင်တာကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ အကုန်လုံးက လက်မခံကြဘူး။ ရှင်းရှင်း ပြောရရင် ၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုက အသိအမှတ်မပြုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့လို ရွေးကောက်ခံလူကြီးတွေအကုန်လုံးကို ထောင်ထဲပို့လိုက်တော့မှ ကျွန်မတို့နိုင်ငံမှာ မြေပြန့် မှာရှိနေတဲ့နိုင်ငံရေးပါတီနိုင်ငံရေးနဲ့ တောထဲမှာရှိနေတဲ့ လက်နက်ကိုင်လမ်းစဉ် နိုင်ငံရေးက အချိတ်အဆက် ပိုမိုသွားတော့တယ်။ ဒါက ၁၉၉၀နောက်ပိုင်းမှာ ဖြစ်လာတာပေါ့နော်။

  ဒါပေမယ့် အခုနွေဦးတော်လှန်ရေးရဲ့ အားသာချက်က အရမ်းကြီးပါတယ်။ စစ်အုပ်စုအနေနဲ့ ခွဲခြားအုပ်ချုပ်လို့ မရတော့ဘူး။ အရင်မျိုးဆက်သစ်တွေနဲ့ မျိုးဆက်ဟောင်းတွေ ပေါင်းစပ်သွားတယ်။ ဆင်းရဲချမ်းသာမရွေး ပြည်သူအားလုံးကြားမှာ လိုချင်တဲ့ဆန္ဒတွေက ပေါင်းသွားတယ်။ အထူးခြားဆုံးက ဘယ်နိုင်ငံမှာမှလည်း မရှိတဲ့ CDM ပါပဲ။

စစ်အုပ်စုအာဏာသိမ်းတာ ဒီအချိန်ထိ မအောင်မြင်သေးတာ တိုင်းပြည်ရဲ့ ယန္တရားတွေကို ထမ်းထားရတဲ့လုပ်သားတွေက မင်းတို့အောက်တော့ မလုပ်ဘူးဆိုတာကြောင့် တိုင်းပြည်ကိုအုပ်ချုပ်လို့မရဘဲ ပထမဆုံးဇောက်ထိုးကျစေတဲ့ အရာပဲ။ ဒါဟာ ငါတို့ကို မင်းတို့ ဘယ်တော့မှအုပ်ချုပ်ခွင့်မရစေရ ဆိုတဲ့ ကြွေးကြော်သံတွေရဲ့ လက်တွေ့လုပ်ဆောင်မှုဖြစ်ပါတယ်။

ပြီးတော့ ထူးခြားမှုအနေနဲ့ ထမီတော်လှန်ရေး ဖြစ်လာပြီးတော့ အမျိုးသားကြီးစိုးတဲ့ ဖိုဝါဒကို Ideology အရ တိုက်ဖျက်တာ ဖြစ်တယ်။ အနာဂါတ်မှာ ဘယ်လိုတိုင်းပြည်မျိုး တည်ဆောက်မယ်ဆိုတာကို နွေဦးတော်လှန်ရေးက အုတ်မြစ်စချလိုက်တာဖြစ်ပါတယ်။

၁၀၂၇စစ်ဆင်ရေးမှာဆိုရင် စစ်ရေးဆိုင်ရာအရ အောင်မြင်မှုက ပိုများလာတယ်။ နိုင်ငံတကာကလည်း အမြင်တွေအများကြီးပြောင်းလာတယ်၊ သူတို့တစ်သက်လုံး ဘယ်တော့မှ ပြိုကျမှာမဟုတ်ဘူးလို့ ထင်ထားတဲ့ မြန်မာ့တပ်မတော်ဆိုတာ တကယ်တမ်းကြတော့ ပြိုကျနေပြီ၊ ဖြိုလို့ ရနေပြီ၊ ဖြိုလည်းဖြိုနေကြတယ်ဆိုတာ မြင်လာကြတယ်။

ဒီတော်လှန်ရေး ခေါင်းဆောင်လူကြီးတွေအားလုံးကို မေးခွန်း ထုတ်တယ်၊ အကြံလည်း ပြုတယ်။ တကယ်တည်ဆောက်မယ့် အနာဂါတ်ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာ ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်မှာလဲ၊ ဘယ်လိုနိုင်ငံရေးဦးဆောင်မှုမျိုးလဲဆိုတာ  ၂၀၂၄ ထဲဝင်လာတဲ့ အချိန်မှာ အားလုံးအတူတူ ဝိုင်းဝန်း အမြန်ဆုံး ကြိုးစားအဖြေထုတ်ရမယ့် စိန်ခေါ်ချက်ကြီးလို့ပဲ ပြောချင်ပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက် သင့်ပါသလဲ။

အဓိကလိုအပ်တာက လူ့အဖွဲ့အစည်းထဲမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုပါ။ လူ့အဖွဲ့အစည်းတိုင်းမှာ လူသားနဲ့ ပဋိပက္ခဆိုတာက ခွဲခြားလို့ရတယ်လို့ ကျွန်မမမြင်ဘူး။ ဒါပေမယ့် အဲဒီပဋိပက္ခကို လက်နက်ကိုင်စစ်ပွဲတွေ မဖြစ်အောင်၊ လက်နက်နဲ့ကိုင်ပြီးတော့မှ ဖြေရှင်းရတဲ့အဆင့်မျိုး မရောက်အောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အရေးကြီးပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့ အချိန်မှာ အားလုံးကြားထဲမှာ အခြေခံစံတန်ဖိုးတူနေရင် တည်ဆောက်မှုတွေက ပိုပြီးမြန်ဆန်အဆင်ပြေ သွားလိမ့်မယ်။ နိုင်ငံတော်တည်ဆောက်ရေးအတွက် အုတ်မြစ်က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု နှင့် တရားဥပဒေစိုးမိုးမှု ဖြစ်ပါတယ်။  


၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

အမြင်စုံလင်ကွဲပြားမှုကို မဖန်တီးပေးနိုင်တဲ့အခါ၊ ရေလောင်းပေါင်းသင်ပြီး ရှင်သန်ခွင့်မပေးတဲ့အခါ စစ်အာဏာ ရှင် သက်ဆိုးစေဖို့၊ တစ်ကျော့ပြန်ဖို့အတွက် ထားထားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ နိုင်ငံရေး မှာ အမြင်စုံလင်မှုကို အကောင်းဆုံးညှိနှိုင်းနိုင်ရင် ပိုပြီးတော့မှ အားကောင်းတဲ့အဖြေတွေကို ရရှိလာမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ တကယ့်အနှစ်သာရက အမြင်စုံလင်ကွဲပြားမှုကို တန်ဖိုးထားပြီး မြေတောင်မြှောက်ပေးခြင်း ဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့  ဥပဒေပြုရေးမှာဆိုရင်လည်း အနည်းဆုံး ၃၀ ရာခိုင်နှုန်း၊ အစိုးရအုပ်ချုပ်ရေး ဆိုရင်လည်း ထိပ်ပိုင်း ဆုံးဖြတ်ချက် ချတဲ့ နေရာတွေမှာ၊ ဥပဒေပြုရေး လွှတ်တော်တွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါကိုပါရမယ်။ ထိုနည်းလည်းကောင်းပဲ လုံခြုံရေးတပ်တွေမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါရမယ်။ ဒါမှသာ ထက်ဝက်ကျော်သော အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုတွေက၊ ငြိမ်းချမ်းမှုတွေက ပိုပြီးတော့ မှန်မှန်ကန်ကန်နဲ့၊ ထိထိရောက်ရောက်နဲ့ ပိုလုပ်လာနိုင်မယ် လို့ မြင်ပါတယ်။

နောက်တခုက Sex အရမှာတော့ အမျိုးသမီးတွေ ကျားနဲ့ မ နှစ်မျိုးထဲဆိုပေမဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ သူ့ရဲ့ Sexual Preference ဘာပဲဖြစ်နေဖြစ်နေ သူ့ဆုံးဖြတ်ပိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်ကို ကန့်သတ်လို့ မရဘူး။ အဲဒီတော့ ပညာပေးမှုတွေ သေသေချာချာ လုပ်ပြီးတော့မှ လူမှုပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို သေချာလုပ်ရမယ်လို့ မြင်ပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကာလမှာ မျှော်လင့်ချက် ပိုကြီးတယ်။ ဒါပေမဲ့ ၃ နှစ် ကာလကို ရောက်လာပြီးတဲ့အခါမှာ အမျိုးသမီးတွေရဲ့ ထိပ်ပိုင်းဦးဆောင်မှု၊ ဆုံးဖြတ်ပိုင်ခွင့်ဆိုင်ရာတွေနဲ့ ပတ်သက်လို့ ကျွန်မ နည်းနည်းလေး အားမရဘူးလို့ပဲ ပြောရမလား၊ စိတ်ပူတယ်လို့ပဲ ပြောရမလားပေါ့။ တော်တော်များများ နေရာတွေမှာ အရမ်းထင်ထင်ရှားရှားကြီး တွေ့မနေရဘူးပေါ့။

ဥပမာ NUG မှာ အကောင်းဆုံး ကြိုးစားထားတာ ကျွန်မတို့ တွေ့ပါတယ်။ အမျိုးသမီးဝန်ကြီးတွေ ရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဆိုရင် အမျိုးသမီးဖြစ်တယ်။ အင်မတန်မှ အားရစရာကောင်းတဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးက တော်လှန်ရေးအတွက် နိုင်ငံတကာ ကိစ္စတွေမှာ အများကြီး ဦးဆောင်ပြီးလုပ်နိုင်တယ်။ အမျိုးသမီး၊ ကလေးသူငယ်ဝန်ကြီးဌာနမှာ ဆိုရင် ဝန်ကြီး၊ ဒုဝန်ကြီး ၂ ယောက်လုံးက အမျိုးသမီးတွေ ဖြစ်တယ်။ တခြားနေရာတွေမှာလည်း အမျိုးသမီးဝန်ကြီး တွေရှိတယ်။ ဒါပေမဲ့ တကယ့်ထိပ်ဆုံး ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ နိုင်ငံခြားရေးဝန်ကြီးကလွဲလို့ ကျန်တဲ့ နေရာတွေမှာက အမျိုးသမီးတွေ အများကြီးမတွေ့ရဘူးလို့ မြင်တယ်။

ပြီးတော့ ထိပ်ဆုံး ဦးဆောင်သူတွေက အမြဲတမ်း အမျိုးသားတွေပဲဖြစ်တယ်။ ဒါကလည်း တော်တော်ကြီးကို အချိန်ယူပြီး ကျော်လွှားရမယ့် နိုင်ငံရေး ထုံးတမ်းစဉ်လာကြီးလို့ မြင်တယ်။ ဒါပေမဲ့ သတိထားမိတဲ့တစ်ခုကတော့ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်သူ လို့ ပြောလိုက်တဲ့ကိစ္စတိုင်းမှာ တချို့သူတွေ ပြန်ပြောလေ့ရှိတာက ဒေါ်အောင်ဆန်းစုကြည် ရှိနေပြီပဲ။ တော်ပြီပေါ့။ ဒါမျိုးတွေ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ကြားခဲ့ရတယ်။ ပြောချင်တာက ကျွန်မတို့ နိုင်ငံရေး ယဉ်ကျေးမှုမှာ အမျိုးသမီးတွေရဲ့ ထိပ်ပိုင်းဦးဆောင်မှု၊ ဆုံးဖြတ်ချက်ချမှုတွေနဲ့ ပတ်သက်ရင် အများကြီး လိုနေပါသေးတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

အဓိကကတော့ မဟာဖိုဝါဒပေါ့။ ဒါက တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ သို့သော် မဟာဖိုဝါဒရဲ့ကြီးစိုးမှု နဲ့ စစ်တပ်ကြီးစိုးမှုအောက်မှာ နှစ် ၇၀ ကျော် ရှိလိုက်တော့ အမျိုးသမီးတွေအေပါ်မှာ ထားရှိတဲ့ သဘောထားက လူတစ်ဦးချင်းစီ၊ လူမျိုးစုထဲမှာ Internalization က အရမ်းကြီးသွားတယ်။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင် ဆုံးဖြတ်ခွင့်ဆိုတာက အဝေးကြီးပဲ။

စစ်တပ်က ချထားတဲ့ ခြစားနေတဲ့ ဥပဒေ၊ သူတို့ကို ကာကွယ်ဖို့ ချထားတဲ့ ဥပဒေက ပြည်သူကို ဘယ်တုန်းကမှ မကာကွယ်ပေးတဲ့အပြင် ပြည်သူထဲမှာမှ ဒုတိယတန်းစား အထားခံရတဲ့ အမျိုးသမီးတွေက ဘယ်တုန်းကမှ တရားမျှတမှုကိုလည်း တခါမှ မရခဲ့သလို နိုင်ငံရေးမှာ ပါဝင်ဖို့ဆိုတာက အဝေးကြီးပါပဲ။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

လူငယ်မျိုးဆက်အမျိုးသမီးတွေဆိုရင် တော်လှန်ရေးမှာ ကျရာနေရာကနေ အမျိုးမျိုးကို မညည်းမညူဘဲနဲ့ ဒုက္ခ၊ သုက္ခနဲ့ တောထဲမှာ အမျိုးသမီးဖြစ်ရခြင်းအပေါ်မှာရှိတဲ့ လိုအပ်ချက်တွေကို ကြံ့ကြံ့ခံ လက်ခံပြီးတော့မှ သူတို့ ကြိုးစားနေတယ်။ သူတို့ရဲ့ ဘဝပေးအသိ၊ ဘဝဖြတ်သန်းမှုက သူတို့ဦးဆောင်လာတဲ့အပေါ်မှာ သူတို့သည် နိုင်ငံရေး အခြေခံရှိပြီးဖြစ်တယ်။

ဒါပေမဲ့ လာမယ့် အနာဂတ်နိုင်ငံတော်အသစ်အတွက် ပြင်ဆင်မှုကို လက်ရှိ အမျိုးသမီးအဖွဲ့အစည်းတွေက တက်ညီလက်ညီနဲ့ လက်ချင်းချိတ်ပြီး သေသေချာချာလုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒီအတွက်ကို အရင်းအမြစ်တွေက သေချာပေါက်လိုတယ်။ အဲဒီအရင်းအမြစ်တွေ ကိုလည်း အခုကျွန်မတို့နိုင်ငံက အမျိုးသမီးတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက သေသေချာချာ လက်ချင်းချိတ် နိုင်မယ်ဆိုရင် ဒီလို အရင်းအမြစ်တွေကို ကျွန်မတို့ ကောင်းကောင်းဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေပါမှပဲ ကျွန်မတို့နိုင်ငံရေးက ချိန်ခွင်လျှာညီမယ်။ လူ့အသိုင်းအဝိုင်းတစ်ခု၊ နိုင်ငံတစ်ခု တည် ဆောက်တဲ့အခါမှာ ချိန်ခွင်လျှာ မညီရင် ဒီအသိုင်းအဝိုင်း၊ ဒီနိုင်ငံသည် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုဆိုတာ ဘယ်လိုမှ မရနိုင်ဘူး။ နိုင်ငံတည်ဆောက်တယ်ဆိုတာ နိုင်ငံရေးက အခြေခံဖြစ်တယ်။

နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့ နေရာမှာ၊ မူဝါဒ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ တန်းတူပါဝင်မှု၊ တင်းပြည့် ကျပ်ပြည့် ပါဝင်မှုရှိမှသာလျှင် တိုင်းပြည်ရဲ့ ထက်ဝက်နဲ့ ထက်ဝက်ကျော်သော လူဦးရေရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပြီဆိုရင် အမျိုးသားတွေ ကြိုက်သလောက် ကြိုးစားပါစေ၊ အမျိုး သမီးမပါဘဲနဲ့ သူတို့သီးသန့် ဦးဆောင်တဲ့ တိုင်းပြည်၊  လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာစရာ၊ ငြိမ်းချမ်းလာစရာ မရှိဘူးလို့ပဲ မြင်ပါတယ်။   ။
 
အနာဂတ်နိုင်ငံတော်အသစ်အတွက် ပြင်ဆင်မှုကို လက်ရှိ အမျိုးသမီးအဖွဲ့အစည်းတွေက တက်ညီလက်ညီနဲ့ လက်ချင်းချိတ်ပြီး သေသေချာချာလုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။

 
 "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media 

Published on

ဟန်နီနွေဦး
ဘဏ္ဍာရေးတာဝန်ခံ
ကျောင်းသားလက်ရုံးတပ်တော်
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“စစ်အာဏာရှင်စနစ်နဲ့အတူ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အတွေးအခေါ်ဟောင်းကို တိုက်ထုတ်နိုင်မယ်ဆိုရင် တန်းတူအခွင့်အရေးတွေ ရရှိဖို့ကြိုးစားရမဲ့ အချိန်ကာလ အပိုင်းအခြားတွေကို ထပ်ပြီးတော့ ရင်ဆိုင်တွေ့ကြုံဖို့ မလိုတော့ဘူး”
 
 
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

နွေဦးတော်လှန်ရေး စတင်ခဲ့တဲ့အချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ အခုဆို ၂၀၂၄ ဖေဖော်ဝါရီအထိဆို သုံးနှစ်ပြည့်ခဲ့ပြီ။ သုံးနှစ်တာကာလအတွင်းမှာ နိုင်ငံရေးအရ ပြောင်းလဲမှုဖြစ်စဉ်တွေကလည်း အများကြီး ကြုံတွေ့ခဲ့ပြီးပြီ။ နောက်ဆုံးဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီဘက်ကနေထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေထုတ်ပြန်ချက်ကို ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ အများကြီးထိုးနှက် ခံထားရတယ်၊ အားနည်းလာတယ်ဆိုတဲ့ အချက်ကိုပိုပြီးတော့ လှစ်ဟာပြလိုက်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဆိုးတဲ့အချက်ကတော့ လူထုကိုအများကြီးပိုခက်ခဲတဲ့၊ အခက်ခဲဆုံးလို့ ပြောလို့ရနိုင်မယ့်    အခြေအနေတရပ်ကို တွန်းပို့လိုက်တယ်လို့ မြင်မိပါတယ်။


၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

နိုင်ငံတစ်ခုတည်ဆောက်တဲ့အချိန်မှာ စံနှုန်းအရဆိုရင်တော့ ဒီမိုကရေစီစံနှုန်းနဲ့အညီ၊ ကျား၊ မ၊ ကြီးငယ်၊ ယုတ်၊ လတ်၊ အမြတ် မရွေး အားလုံးမှာ လူ့ဂုဏ်သိက္ခာနဲ့အညီ လူကိုလူလိုပဲ မြင်ကြတဲ့ ဆက်ဆံကြတဲ့ ပတ်ဝန်းကျင် တစ်ခု တည်ဆောက်သင့်တယ်လို့ မြင်ပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသဲ။

ကျွန်တော်တို့ ပြသနာတစ်ခု ဖြေရှင်းမယ်ဆိုရင်တောင်မှ ရှု့ထောင့်တစ်ခုထဲကနေပဲ ကြည့်လို့မရပါဘူး။ ကဏ္ဍပေါင်းစုံက ထည့်သွင်းစဉ်းစားရတယ်။ ရှု့ထောင့် ပေါင်းစုံကနေကြည့်မှလည်း ဒီပြသနာတစ်ခုကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ အဲ့လိုမျိုးပဲ နိုင်ငံရေးမှာဆိုရင်လည်း အမျိုးသားမရွေး၊ အမျိုးသမီးမရွေး၊ အားလုံးရဲ့ အမြင်တွေအတွေးအခေါ်တွေ သေချာပေါင်းစပ်နိုင်မှလည်း ပိုပြီးတော့အဆင်ပြေမယ်။ ရှေ့ကိုပိုပြီးသွားနိုင်မယ် လို့ မြင်ပါတယ်။

ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုတာဆိုတာထက် အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်၊ ဗီဇတွေနဲ့ ကိုက်ညီမယ့် အခုလျှောက်လှမ်းနေတဲ့ လမ်းကိုလည်း အကျိုးပြုနိုင်မယ့်၊ အလုပ်လည်းသေချာလုပ်နိုင်မယ့် ကဏ္ဍတွေ၊ နေရာတွေမှာ ပိုပြီးတော့ ပါဝင်စေချင်ပါတယ်။

အဲ့လိုမျိုးပါဝင်နေတဲ့သူ တစ်ဦးတစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို    တိုးမြင့်ရင်းနဲ့ တော်လှန်ရေးမှာဆက်ပြီးတော့ ပါဝင်လုပ်သင့်တယ်လို့ မြင်ပါတယ်။ မဖြစ်မနေပါဝင်ဖို့ လိုတယ်ဆိုတာထက် ကျွန်တော်တို့နဲ့ ပိုပြီးတော့ကိုက်ညီမယ့် ပတ်ဝန်းကျင်တစ်ခု၊ ကဏ္ဍတွေမှာရှိနေဖို့က ပိုအရေးကြီးမယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

နိုင်ငံရေးထဲမှာ ဘာကြောင့် ထဲထဲဝင်ဝင်ပါဝင်ဖို့ အရေးကြီး လဲဆိုရင် အမျိုးသားဖြစ်နေလို့ရယ် မဟုတ်ဘူး။ အမျိုးသမီးဖြစ်နေလို့ရယ် မဟုတ်ဘူး။ ဒါက နိုင်ငံသားတိုင်းရဲ့ အရေး ဖြစ်နေတဲ့အတွက်ကြောင့်မို့ နိုင်ငံ့အရေးက အားလုံးနဲ့လွတ်ကင်းလို့ မရဘူး။ ဒါကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အသိတစ်ခုရှိဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒါကြောင့် အားလုံးအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ဖို့အရေးကြီးပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

လက်ရှိနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရှိနေပြီလဲဆိုရင် အရေအတွက်အားဖြင့်တော့ ပမာဏအများကြီးတော့ မရှိသေးဘူး။ သို့ပေမယ့် အမျိုးသမီးတွေ ရဲ့ကဏ္ဍတွေမှာ ပါဝင်မှုနှုန်းထားကတော့ ပိုပြီးတိုးမြှင့်လာတာကို တွေ့ရတယ်။

အမျိုးသမီးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှားတွေ့မြင်နိုင်လဲဆိုရင် အရင်တုန်းက စစ်မှုထမ်းရမယ် ဆိုတာက အမျိုးသားတွေပဲ လုပ်ရမယ်ဆိုတဲ့ ဖိုဝါဒကြီးစိုးတဲ့ အမြင်တစ်ခုရှိခဲ့တယ်။ အခုနွေဦး တော်လှန်ရေး ကာလမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊ ကိုယ့်ရဲ့စိတ်ပိုင်းဖြတ်မှုတစ်ခုနဲ့ ‌ရှေ့တန်း စစ်မြေပြင်မှာရော၊ နောက်တန်းမှာရော ကျရာတာဝန် ထမ်းဆောင်နေကြတယ်။

ဒါတွေက သိသာထင်ရှားတဲ့ သက်သေတွေပါပဲ။ နောက်ထပ်အကောင်းဆုံးဥပမာရပ်တွေအနေနဲ့ အမျိုးသမီး ဝန်ကြီးတွေ ထွက်ပေါ်လာ ကြတယ်။ ပြီးတော့ စစ်ရေးအမြင်အရ ကြည့်မယ်ဆို ခုနကရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ စစ်မေတွေ အပါအဝင် ဆေးတပ်ဖွဲ့ဝင် ညီမငယ်တွေ၊ အမတွေ နောက်တန်းမှာဆိုရင်လည်း ဘဏ္ဍာရေးထောက်ပို့ အစရှိသဖြင့် တာဝန်ထမ်းဆောင်နေတဲ့ စစ်မေတွေရှိတယ်။

လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းအကြီးတွေမှာ ဆိုရင်လည်း ရှေ့တန်းမှာ‌ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတပ်ကြပ်ကြီးတွေ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးနိုင်တဲ့ အမျိုးသမီး ဗဟိုကော်မတီအဖွဲ့ဝင်တွေက အစတွေ့လာရတယ်။ ဒါက တကယ့်ကို အပြောင်းအလဲကြီးတစ်ခု စတင်လာနိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

နွေဦးတော်လှန်ရေးမတိုင်ခင် ဟိုးလွန်ခဲ့တဲ့နှစ်တွေထဲက စစ်အာဏာရှင်စနစ်နဲ့ အတူတည်ရှိနေခဲ့တဲ့ ဖိုဝါဒကြီးစိုးမှုတွေ၊ တခြားသော ယဥ်ကျေးမှု၊ ဓလေ့ထုံးစံတွေအပေါ်မှာ ရှိခဲ့တဲ့ အခြေပြုခဲ့တဲ့    ရှေးရိုးစွဲတဲ့ အတွေးအခေါ်ဟောင်းတွေက နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့တာ ဖြစ်တယ်။ ဒါတွေက အဟန့်အတား ဖြစ်ပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေ၊ လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုပြီး‌တော့ ပါဝင်နိုင်ဖို့ အတွက်ဆိုရင် အမျိုးသားတွေရော အမျိုးသမီးတွေရာ စစ်အာဏာရှင်ပပျောက်ရေးအတွက် တိုက်ပွဲ ဝင်နေ ကြသလိုမျိုး အတွေးအခေါ်ဟောင်းတွေ စနစ်ဆိုးတွေကိုလည်း အတွေးအခေါ်တော်လှန်ရေး တစ်ရပ်အနေနဲ့ အင်တိုက်အားတိုက် တိုက်ထုတ်ဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ်နဲ့အတူ ဒီအတွေးအခေါ်ဆိုးတွေကိုလည်း ဆွဲခေါ်ယူသွားနိုင်ဖို့ အပြီးသတ်ပပျောက်ချေမှုန်းနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

နိုင်ငံရေးမှာအမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိအရေးကြီးလဲဆိုတဲ့ အဖြေနဲ့ ဆက်စပ်ပြီး ဖြေကြား ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခုနပြောသလိုရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ပါဝင်လာမှာ ဖြစ်တဲ့ အတွက်ကြောင့် အ‌ရောင်အသွေးစုံလင်တဲ့ အတွေးအခေါ်သစ်တွေ၊ အတွေးအခေါ်ကောင်းတွေ၊ ပေါင်းစပ်မှု စုံလင်ကွဲပြားမှု ပိုပြီးတော့ ရှိလာနိုင်မယ်လို့လည်း မြင်တယ်။

​ဘယ်လို အကျိုးများလာနိုင်မလဲဆိုရင် ကျွန်တော် တို့အနေနဲ့ ဒီလိုမျိုး စစ်အာဏာရှင်စနစ်နဲ့အတူ ဒီလိုမျိုး အတွေးအခေါ်ဟောင်းတွေကို တိုက်ထုတ်နိုင်ခဲ့တယ် ဆိုရင်တော့ အမျိုးသမီးတွေအနေနဲ့လည်း တန်းတူအခွင့်အရေးတွေ ရရှိဖို့ကြိုးစားခဲ့ရတဲ့ အချိန်ကာလ အပိုင်းအခြားတွေကို ထပ်ပြီးတော့ ရင်ဆိုင်တွေ့ကြုံဖို့ မလိုတော့ဘူး။ အမျိုးသားမရွေး၊ အမျိုးသမီးမရွေး လူကိုလူကိုမြင်နိုင်မယ့် ပတ်ဝန်းကျင်ရပ်ဝန်းတစ်ခု တည်ဆောက်လာနိုင်မယ်။ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပြည့်ဝတဲ့ နိုင်ငံတော်သစ်တစ်ခုကိုလည်း မြင်တွေ့လာနိုင်မယ်လို့ မြင်မိပါတယ်။

 
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

မဖြိုးဖြိုးအောင်
 Program Director
The Wings Institute
 


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“ ဘယ်အမျိုးသမီးပဲဖြစ်ဖြစ် ရေခံမြေခံကောင်းကောင်းနဲ့ ‌ရေလောင်းပေါင်းသင်ပေးမယ်၊ ခေါင်းဆောင်မှုစနစ်တွေလည်း ဖန်တီးပေးနိုင်တယ်ဆိုရင် ခေါင်းဆောင်ကောင်းအမျိုးသမီးတွေ လူငယ်တွေ ပေါ်ထွက်လာနိုင်တယ်လို့ မြင်ပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

နွေဦးတော်လှန်ရေးဟာ ကျွန်မတို့ တိုင်းပြည်မှာ ဖြစ်‌လေ့ဖြစ်ထရှိတဲ့ ဖြစ်ခဲ့ဖူးတဲ့ သာဓကရှိတဲ့ အကြောင်းအရာ တစ်ခု တဖန်ထပ်ဖြစ်လာတယ် မြင်ပါတယ်။ ကျွန်မတို့ပြည်သူက ရွေးချယ်တင်မြောက်တဲ့ အစိုးရတစ်ခု ရှိခဲ့ တယ်။ အဲအစိုးရနဲ့ ပြည်သူတွေကြားမှာ နိုင်ငံရေးသမားတွေကြားထဲမှာ နိုင်ငံရေးအရ ဒီမိုက‌ရေစီနည်းကျ ပြန်ပြီးညှိနှိုင်းဆွေးနွေးပြီးတော့ အမျိုးသားတည်ဆောက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလမှာပဲ မတရားစစ်အာဏာ သိမ်းခံလိုက်ရတယ်။

​၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကိုတစ်စုံတစ်ရာ အုပ်ချုပ်ဖို့အတွက် အခွင့်အလမ်းပေးထားတာဖြစ်နေတဲ့ အတွက် အဲ့ဒီအောက်ကနေပဲ အာဏာသိမ်းခံလိုက်ရတယ်။ အဲအချိန်မှာ ပြည်သူအနေနဲ့ ဒီမိုကရေစီအစိုးရ တစ်ရပ်ကိုပဲ လိုလားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အလိုမရှိဘူး။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မယ် အစရှိ သဖြင့် ကျွန်မတို့ရဲ့ တကယ့်စစ်မှန်တဲ့ လိုလားချက်တွေ ပေါ်ပေါက်လာတယ်။ အရင်တော်လှန်ရေးတွေနဲ့ ယှဉ်ရင်  NUCC ဖွဲ့စည်းနိုင်ခြင်းကတော့ ထူးထူးခြားခြားပဲသမိုင်းမှာ network ကြီးကြီးမားမားဖွဲ့စည်းနိုင်တာ ဖြစ်ပါတယ်။ 

တော်လှန်ရေးက ထင်သ‌လောက် ခရီးမပေါက်တဲ့ကိစ္စရပ်တွေလည်း အများကြီး ရှိပါတယ်။ လက်တလောမှာ လည်း ခေါင်းဆောင်မှုဆိုင်ရာ အခက်အခဲတွေ အများကြီးဖြစ်နေတာကိုလည်း တွေ့ရတယ်။ NUG နဲ့ NUCC ကြားထဲမှာ ခေါင်းဆောင်မှုအခက်အခဲတွေရှိနေတာ၊ ဆုံးဖြတ်ချချက်တဲ့အပိုင်းမှာ လေးကန်နေတာမျိုးတွေက လက်တွေ့ကြုံနေရတဲ့ အမှန်တရားဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ ပြောရရင်တော့ တော်လှန်ရေးထဲမှာတော့ လက်နက်ကိုင်တော်လှန်ရေးကလည်း အနေအထားတစ်ခု ရရှိနေတယ်။ လူထုလှုပ်ရှားမှုကတော့ အရင်က လောက် အားမကောင်း‌တော့တဲ့အတွက် ကျွန်မအမြင်ကတော့ လူထုလှုပ်ရှားမှုတွေ ထပ်ပြီးတော့ မြှင့်တင်ဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ လူထုလှုပ်ရှားမှုက တကယ့်နိုင်ငံရေးအရ အားသာမှု ပိုပြီးဖြစ်စေလိမ့်မယ်လို့ မြင်ပါတယ်။

တိုင်းပြည်ရဲ့အနာဂတ်အတွက်ကို စဉ်းစားပြီးတော့ လူထုလှုပ်ရှားမှုနည်းလမ်းတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းနှစ်ခုလုံးက ဟန်ချက်ညီညီနဲ့ အချိတ်ဆက်မိမိ သွားနိုင်တယ်ဆိုရင် ကျွန်မတို့တကယ်ရှိနေတဲ့နေရာထက် အရှေ့ကိုပိုရွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့လိုဖြစ်လာဖို့လည်း  မျှော်လင့်တယ်။ ကျွန်မတို့ တိုင်းပြည်ကအခုဆိုရင် တစ်ချို့နေရာတွေမှာလည်း အတိုင်းအတာတစ်ခုထိ စစ်ကောင်စီရဲ့အုပ်ချုပ်မှုက ကင်းလွတ်လာတဲ့နေရာတွေလည်း ရှိလာပြီ။

အဲနေရာတွေမှာလည်း နိုင်ငံရေး နည်းနာအရ အုပ်ချုပ်မှုပုံစံမျိုးတွေနဲ့ ပြင်ဆင်နိုင်မယ်ဆိုရင် ပြည်တွင်းထဲက ပြည်သူတွေကိုပါ ကျွန်မတို့အနေနဲ့ နမူနာပြပြီးသား ဖြစ်တယ်။  တကမ္ဘာလုံးကိုလည်း စစ်တပ်နဲ့ အရပ်သားအုပ်ချုပ်မှုနဲ့ ဘာကွာခြားလဲဆိုတာကို တိတိကျကျပြပြီးသား ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
 
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

ကျွန်မတို့အဖွဲ့အစည်းကိုယ်တိုင်က Nation Building ကို ဦးတည်တယ်။ ရုပ်ကော နာမ်ကော နှစ်ခုလုံးပါတဲ့ နိုင်ငံတော်တည်ဆောက်ရေးက အရေးကြီးပါတယ်။ အဲ့လိုတည်ဆောက်တဲ့နေရာမှာ ကျွန်မတို့ အဖွဲ့အစည်းရဲ့ စံတန်ဖိုး၊ Version ဖြစ်သလို၊ နိုင်ငံတော်သီချင်းမှာလည်း အမြဲတမ်းပါတဲ့ Equality၊ Freedom နဲ့ Justice  ကို စံတန်ဖိုးအနေနဲ့ ထားဖို့လိုပါတယ်။

နောက်ပိုင်းမှာ Equality ထက်  Equity နဲ့ Liberty ဆိုပြီး စဉ်းစားလာ ကြတယ်။ အရင်တုန်းကကာတွန်းတစ်ခု ရှိတယ်။ နံရံတစ်ခု ရှိတယ်။ နံရံရဲ့တစ်ဖက်မှာ ဘောလုံးပွဲ ရှိတယ်။ နံရံထက် ခေါင်းတစ်လုံးအရပ်မြင့်တဲ့သူက ဘောလုံးပွဲကို ကောင်းကောင်းမြင်ရတယ်။ ဒုတိယ တစ်ယောက်ကတော့ နံရံရဲ့တစ်ဝက်ပဲ မြင်ရတယ်။ နောက်ဆုံးတစ်ယောက်ကတော့ နံရံထက် နိမ့်တော့ လုံးဝ မမြင်ရဘူး။ ဒုတိယတစ်ယောက်မှာ ခုံအသေးခုပေးပြီးတော့ နောက်ဆုံးတစ်ယောက်မှာ ခုံနည်းနည်း ပိုကြီးတာ ခုပေးလိုက်တာကိုကျတော့ Equity  လို့ပြောတာ။  

အားလုံးတန်းတူမြင်နိုင်ဖို့ ကာနေတဲ့ နံရံကိုဖြိုချလိုက်တာ ကတော့ Liberty ပါ။ ဒီတိုင်းပြည်ကိုဖက်ဒရယ်ပဲသွားသွား Confederate ပဲ သွားသွား ငါတို့က ဒီတိုင်းပြည်ကိုတစ်နိုင်ငံထဲသားချင်း ငါတို့အတူတူပဲ ငါတို့အချင်းချင်း ဝိုင်းပြီးတော့ တည်ဆောက် ကြမယ်ဆိုတဲ့ Nation Building မျိုး မဖြစ်ပဲနဲ့ တစ်သက်လုံး   Equality တောင် မခံခဲ့ရတဲ့ပြည်သူပြည်သားတွေကို အားနာရပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

ဒီတိုင်းပြည်မှာရှိနေတဲ့သူတွေအတွက် ထည့်မစဉ်းစားတာမျိုး မရှိရအောင် အသံများများပါနိုင်လေ ပိုကောင်း လေပါ။ မပါနိုင်သေးတဲ့သူအတွက်လည်း ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ နောက်တခုက ဒီမိုကရေစီအရေး လှုပ်ရှားမှုမျိုးစုံမှာ ဟိုးအရင်စပြီဆိုကတည်းက အမျိုးသမီးတွေက အများကြီး ပါဝင်ခဲ့ကြတယ်။ အနီးဆုံး စစ်အာဏာသိမ်းမှုကို ဆန္ဒပြရာမှာလည်း အမျိုးသမီးတွေ‌ ရှေ့တန်းကပါခဲ့တယ်၊ CDM ဖြစ်လာတော့လည်း ပါခဲ့ကြတယ်။

နောက်ဆုံးလက်နက်ကိုင်တော်လှန်ရေးထဲမှာ အမျိုးသမီးတွေ ရှေ့တန်းကပါခဲ့ကြတာ တွေ့ရ တယ်။ ပထမဆုံးပစ်သတ်ခံရတာတောင်မှ အမျိုးသမီးအများစု ဖြစ်တယ်။ ကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်၊ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ပြီးတော့ ဒီနေရာမှာပါဝင်နေကြတဲ့ အမျိုးသမီးတွေကို အများကြီးအလေးပြုရတယ်။

တချိန်တည်းမှာ ခေါင်းဆောင်မှုအပိုင်းတွေ၊ ဆွေးနွေးငြင်းခုန်ရမယ့်အပိုင်းတွေမှာရော ကျွန်မတို့အမျိုးသမီး တွေ မပါသင့်ဘူးလား။ နေရာစုံမှာ ပါကိုပါရမယ်။ ဒီအမျိုးသမီးတွေက စွန့်လွှတ်ခဲ့တယ်။ ဒီအမျိုးသမီးတွေမှာ အဲ့ဒီနေရာဒေသ အဲ့ဒီလုပ်ငန်း၊ အဲ့ဒီဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ၊ အမြင်တွေ အများကြီး ရှိတယ်။ အဲ့ဒီအမြင်တွေအပေါ်မှာ ကိုယ်စားပြုခွင့်တွေ ထုတ်‌ဖော်ပြောခွင့်တွေဆွေးနွေးခွင့်တွေရှိတယ်။ အဲ့ အတွက်ကြောင့် သူတို့ပါရမယ်။ ခေါင်းဆောင်မှုအပိုင်းမှာလည်း မဖြစ်မနေပါကိုပါရမယ်။

သူတို့ဆုံးဖြတ်ချက် ကလည်း ခုနပြောသလို တကယ်ကို လိုအပ်တဲ့ဆုံးဖြတ်ချက်တွေ ဖြစ်တယ်။ အဲ့လိုနေရာမှာ ခြွင်းချက်တွေ ထည့်ပြီးပြောရမယ်ဆိုရင် အမျိုးသမီးခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က မှားနိုင်တယ်၊ လူငယ်ကို ဆုံးဖြတ်ချက်ချတဲ့နေရာပေးလိုက်ရင် မှားနိုင်တယ်လို့ ပြောရင် သာမန်ရိုးကျ လူကြီးအမျိုးသားရဲ့ ခေါင်းဆောင် မှုတွေကရော ဆုံးဖြတ်ချက်တွေကရော မမှားနိုင်ဘူးလား။

အမျိုးသမီးဖြစ်ခြင်း၊ လူငယ်ဖြစ်ခြင်း အသက်အရွယ် ကန့်သတ်ခြင်းအပေါ်မှာ အကြုံးမဝင်ဘူး။ ခေါင်းဆောင်မှုဆိုတာက  သတင်းအချက်အလက်တွေအပေါ် ဘယ်လောက်မျှော်မြင်သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိလဲဆိုတာ ဖြစ်ပါတယ်။  အဲ့တော့ ခေါင်းဆောင်မှုကို ဂျဲန်ဒါ၊ အသက်အရွယ်၊ လူမျိုး တခုခုနဲ့ ကန့်သတ်တာ မှားယွင်းတဲ့အယူအဆလို့ ကျွန်မက မြင်ပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

အခုလက်ရှိမှာတော့ မြေပြင်သပိတ်အဖွဲ့တွေကအစ အဖွဲ့အစည်းအသီးသီးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုတွေ၊ ဦးဆောင်မှုတွေကိုတော့ မြင်တွေ့နေရတယ်။ တစ်ဦးချင်းစီမြေပြင်လှုပ်ရှားတဲ့ သပိတ်အဖွဲ့တွေနေစပြီး နိုင်ငံရေးဦး‌ဆောင်တဲ့လူတွေကိုပံ့ပိုးတဲ့ ပညာရှင်ကဏ္ဍတွေမှာပါ အမျိုးသမီးတွေကို တော်တော်တွေ့ရပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်ရလဲဆိုတဲ့အပေါ်မှာတော့ နောက်ထပ် မေးခွန်း ထုတ်စရာဖြစ်ပါတယ်။

NUG အစိုးရအဖွဲ့တစ်ခုလုံးအနေနဲ့ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်ရှိလဲ ဆိုတာတော့ ကျွန်မတို့ တိတိကျကျသိဖို့ ခက်ခဲတယ်။ ဝန်ကြီးဌာနတွေ အစည်းအဝေးတွေမှာတော့ သေသေချာချာမသိရပေမယ့် NUG ဆိုရင်တော့ မဇင်မာအောင်ရဲ့လှုပ်ရှားမှုတော်တော်များများ ကျွန်မတို့ မြင်ရတယ်။ သူကနိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တယ်။

လက်ရှိ NUG ရဲ့မူဝါဒတွေ လုပ်ဆောင်မှု အောင်မြင်မှု ဒါတွေ ကိုယ်စားပြုနေရတဲ့သူဖြစ်တဲ့အခါကျတော့ သူ့ရဲ့အသံတွေ နိုင်ငံတကာအသံတွေနဲ့၊ နိုင်ငံတကာမှာ ရှိတဲ့အင်အားစုတွေ မြန်မာ့အရေးကို ကူညီဆောင်ရွက်နေတဲ့ အင်အားစုတွေနဲ့ တွေ့တဲ့နေရာမှာ တော်တော်ထဲထဲဝင်ဝင် တွေ့ဆုံနေတာတွေပြောဆိုနေတာတွေ ကျွန်မတို့မြင်ရတယ်။ အဲ့လိုမြင်ရတယ်ဆိုပေ မယ့် NUG မှာဘယ်‌လောက်အထိ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်က ရာခိုင်နှုန်းများလဲ။ ထည့်သွင်း စဉ်းစားခြင်း ခံရလဲမရလဲဆိုတာတော့ ကျွန်မအနေနဲ့မသိနိုင်ဘူး။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

လူ့အဖွဲ့အစည်းမှာ ဦးဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီးကို ထည့်စဉ်းစားတာ နည်းတယ်။ များသောအားဖြင့် supportive role မှာနေကြတာ များတယ်။ ကျွန်မရဲ့အမြင်ကတော့ အမျိုးသမီးနဲ့အမျိုးသားဆိုတာထက် ရှေ့တန်းထွက်ရမယ့်လူက အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ရှေ့တန်းထွက်မယ့်လူ ရှိကိုရှိတယ်။ လူ တစ်ယောက်နဲ့တစ်ယောက်က အားသာချက်အားနည်းချက်က တယောက်နဲ့တစ်ယောက်မတူဘူး။ အမျိုးသမီး ဖြစ်ခြင်း အမျိုးသားဖြစ်ခြင်းနဲ့မဆိုင်ဘူး။

တကယ်တမ်းက လူ့အဖွဲ့အစည်းမှာ အရိုးစွဲတဲ့အလေ့အထအကျင့်တွေကြောင့်ပါ။ အမျိုးသမီးကို ခေါင်းဆောင် တင်လို့ ရတယ်၊ ဒီအမျိုးသမီးလည်း ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အလေ့အထတွေကို အကျင့်မဖြစ်သေးဘူး။ အခုချိန်မှာတော့ ကမ္ဘာကြီးက ပြောင်းလာတယ်။ အိမ်အလုပ်ဆိုတာ အမျိုးသားတစ်ယောက်ထဲ လုပ်ရတာ မဟုတ်ဘူး။ အမျိုးသမီး လည်း အလုပ်လုပ်တာမျိုး ကိုယ့်ကိုကိုယ် ရပ်တည်ရတာမျိုး အမျိုးသမီးလည်း ခေါင်းဆောင်ရတာမျိုး ဒါမျိုးတွေ မြင်လာတယ်။

ဒီခေတ်သစ်ရေစီးကြောင်းနဲ့အညီ လိုက်တော့စီးလာကြတယ်။ ဒါပေမယ့် အရိုးစွဲတဲ့ တချို့စီနီယာ Citizen ခေါင်းဆောင်မှုအဟောင်းတွေကတော့ ဒါတွေကို အလေ့အထ မဖြစ်သေးဘူး။ လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ စိုးရိမ်မှုတွေကတော့ Culture နဲ့အလေ့အထပေါ်မှာ မူတည်ပြီးတော့ ဆက်ပြီးတော့ ရှိနေတုန်းပဲ။အဲ့ဟာက အဟန့်အတားဖြစ်နေတုန်းပဲလို့ မြင်ပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

အမျိုးသမီးတွေ ဝင်လာနိုင်ဖို့အတွက် ကိုတာစနစ်လိုမျိုးကနေတစ်ဆင့် နောက်မှာ ပံ့ပိုးကူညီမှုတွေ ရထားတဲ့ အမျိုးသမီးတွေကလည်း ဝင်လာမယ်။ အဲ့ကနေ နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်မှုက အလေ့အထတွေ ဖြစ်လာ မယ်ဆိုရင် တဖြေးဖြေးနဲ့ ပံ့ပိုးစရာမလိုပဲ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဆုံးဖြတ်နိုင်မှုက အလိုအလျောက် ဖြစ်လာမယ်လို့ မြင်ပါတယ်။

အာဏာမသိမ်းခင်ကအထိ ကျွန်မတို့တိုင်းပြည်ရဲ့ နံပါတ်တစ်ခေါင်းဆောင် က ဒေါ်အောင်ဆန်းစုကြည်လို့ လက်ခံထားပြီးသား ဖြစ်ပါတယ်။ အမျိုးသမီးခေါင်းဆောင်မှု အလေ့အကျင့် ဖြစ်ထားပြီးသားပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တခြားအမျိုးသမီးနဲ့ မတူဘူး။‌ ဒေါ်စုမို့လိုလုပ်နိုင်တာ တခြားမိန်းမတွေဆို လုပ်နိုင်ချင်မှလုပ်နိုင်မှာဆိုတာမျိုး ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းက ဟိုဘက်စွန်း ဒီဘက်စွန်း ခုန်ကူးတက်တဲ့ အ‌လေ့အကျင့်၊ သူရဲကောင်းကိုးကွယ်တဲ့စဉ်းစားချက်မျိုးကိုလည်း ကျွန်မတို့လူ့အဖွဲ့အစည်းက ရှိပါတယ်။

တကယ်တမ်းဆိုရင်တော့ အမျိုးသမီးဆိုတာ ဘယ်အမျိုးသမီးပဲဖြစ်ဖြစ် ရေခံမြေခံကောင်းကောင်းနဲ့ ‌ရေလောင်းပေါင်းသင်နိုင်တယ်ဆိုရင် ခေါင်းဆောင်မှုစနစ်တွေလည်း ဖန်တီးနိုင်တယ်ဆိုရင် ခေါင်းဆောင် ကောင်းအမျိုးသမီးတွေ လူငယ်တွေ ပေါ်ထွက်လာနိုင်တယ်လို့ မြင်ပါတယ်။
 

၇။ လူ့အခွင့်အရေးရှုထောင့် အရ တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ ဘယ်လို ပုံစံနဲ့ ချိုးဖောက်ခံနေရတာတွေ ရှိပါသလဲ။ အနာဂတ်မှာ အမျိုးသမီးတွေ လူ့အခွင့်အရေးအပြည့်အဝရရှိဖို့ ဘယ်လို အစီအမံတွေ ဆောင်ရွက်သင့်ပါသလဲ။

အခုကာလမှာ အမျိုးသမီးတွေ တရားမဲ့ဖမ်းဆီးခံရတာတွေ သတ်ဖြတ်ခံရသလို၊ ထပ်တိုးတာကတော့ လိင်ပိုင်း ဆိုင်ရာ နှိပ်စက်ညှင်းပန်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့အပိုင်းတွေ ပိုပြီးများတယ်။ တချို့ အမျိုးသားတွေလည်း ခံရတာရှိတယ်။ အမျိုးသမီးတွေကတော့ ပိုပြီးများများစားစား ခံရတယ်။ အဲ့ဒီအပိုင်းမှာ လည်း ဒါက စစ်တမ်းသဘောမျိုးဖြစ်တဲ့အတွက် တချက်ထည့်ပြောချင်တာက စစ်အာဏာသိမ်းတဲ့ စစ်ကောင်စီ က ကျူးလွန်တာမျိုးတွေ အများကြီးရှိသလိုပဲ တော်လှန်ရေးတပ်တွေဘက်မှာလည်း လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်မှုတွေ ကြားနေရတာ၊ မြင်နေရတာရှိတယ်။ ဒီမိုကရေစီကို လိုလားတဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာ ဒါတွေကို ရှောင်ရှားရမယ်လို့ မြင်ပါတယ်။

လူတွေ အတူတူရှိရင် ဖြစ်တာပဲလို့ သတ်မှတ်တာမျိုး မဟုတ်ပဲနဲ့ ဒါမျိုးမဖြစ်အောင် ကြိုတင်စီမံဖို့  လိုပါတယ်။ ပထမအဆင့်အနေနဲ့ သေချာတာက ဒီလိုကိစ္စရပ်မျိုးတွေက ဖြစ်နိုင်တဲ့အခါကျတော့ ကြိုတင်ကာကွယ်မှုတွေ မဖြစ်မနေ လုပ်သင့်တယ်။ ဖြစ်လာခဲ့ရင်လည်း ဘယ်လို အပြစ်ပေးအရေးယူမယ်ဆိုတာ ကြိုတင်ပြဌာန်းထားဖို့လိုတယ်။

တကယ်ဖြစ်လာခဲ့ရင်လည်း ပြဌာန်းထားမှု တွေနဲ့အညီ တကယ်အပြစ်ပေး အရေးယူမှုတွေကို ဆောင်ရွက်ကြဖို့ လိုတယ်။ Transitional justice သဘော တရားအရဆို စနစ်ကိုပါ ပြင်ရမယ်။ အပြစ်ပေးအရေးယူတာ တင်မကပဲနဲ့ အပြစ်ပေးအရေးယူတဲ့နောက်ပိုင်းမှာ ဒီစနစ်မှာ ဘာတွေ ချို့ယွင်းလဲ။ ပြန်ပြီး ပြင်ဆင်တဲ့ပုံစံမျိုးတွေ လုပ်သင့်တယ်။ ဒီလိုကိစ္စမျိုးတွေ မပေါ်အောင် ကျွန်မတို့က တကယ်ကို စံနမူနာပြအနေနဲ့ ပြင်ဆင်တာတွေ ထိန်းသိမ်းတာတွေကို မဖြစ်မနေလုပ်ရလိမ့် မယ်လို့ ယူဆပါတယ်။

အဲ့ဒါမှလည်း ကျွန်မတို့ယုံကြည်တဲ့တန်ဖိုးထားမှုက တကယ်ကိုအမှန်တရားဖြစ်မှာ ဖြစ်တယ်။ တဖက်မှာက ဘာစိုးရိမ်စိတ်ပူရလဲဆိုတော့  နစ်နာဆုံးရှုံးတဲ့သူတွေက စနစ်ကြီးတစ်ခုလုံးကို အယုံအကြည် မရှိတော့တာ၊ တော်လှန်ရေးတခုလုံးကို အယုံအကြည်မရှိတော့တာတွေ ဖြစ်လာရင် တော်လှန်ရေးတခုလုံးကိုပါ နစ်နာစေတယ်လို့ ယူဆပါတယ်။
 

၈။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အစုအဖွဲ့ပေါင်းစုံကနေ ပါဝင်ပြီး စဥ်းစားအုပ်ချုပ်တဲ့စနစ်မျိုးဖြစ်မှလည်း တကယ်ကိုငြိမ်းချမ်းတဲ့ တိုင်းပြည် ဖြစ်လာမှာဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ရင် လူတစ်စုအတွက် လူနည်းစုတစ်စုအတွက် တခြားအုပ်ချုပ်မှုတစ်စု အတွက် ကန့်သတ်ထားတဲ့နိုင်ငံဖြစ်ရင် အဲ့နိုင်ငံရေးက ငြိမ်းချမ်းမှာ မဟုတ်ဘူး။

နိုင်ငံရေးပန်းတိုင်ကို ရောက်ဖို့ ဆို ဘယ်သူဘယ်ဝါကန့်သတ်တာ မဟုတ်ပဲနဲ့ အမျိုးသမီးတွေရော အမျိုးသားတွေရော ကျား၊ မ လူငယ်၊ လူမျိုးစုတွေ အားလုံးပါဝင်တဲ့စနစ်မျိုး အားလုံးကိုကိုယ်စားပြုနိုင်တဲ့ အားလုံးနိုင်ငံ‌ရေးထဲမှာပါဝင်တဲ့ စနစ်မျိုး ဖြစ်မှသာလျှင် ကျွန်မတို့သွားချင်တဲ့ တန်းတူညီမျှတဲ့တိုင်းပြည်တစ်ခု ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


၉။ ဖြည့်စွက်ချက်။ 

ကျွန်မတို့ကိုဒီလူ့အဖွဲ့အစည်းမှာ အမျိုးသမီးပါဝင်ဖို့အတွက် မိသားစု၊ လူ့အဖွဲ့အစည်းက နောက်ပြန်ဆွဲတဲ့ အဟန့်အတားအကန့်အသတ်တွေရှိသလို ကျွန်မတို့ကိုယ်တိုင်လည်း တစ်သက်လုံး ဖိုဝါဒကြီးစိုးတဲ့ စနစ်ထဲမှာ လူ့အဖွဲ့အစည်းထဲမှာ လည်ပတ်ခဲ့တာဆိုတော့ ကျွန်မတို့ကိုယ်တိုင်လည်း ကိုယ့်ဟာကို ခပ်လျိုလျိုလေး နောက်မှာဆုတ်နေတာ အလေ့အကျင့် အလေ့အထ ဖြစ်နေတယ်။

အမျိုးသမီးဖြစ်လို့ အိမ်တွင်းရေးနဲ့ သက်ဆိုင်သလို တချိန်မှာ အပြင်ကကိစ္စတွေက ကျွန်မတို့မိသားစုအရေးကို လာပြီး ပတ်သက်လာမှာ ဖြစ်တဲ့အတွက် အားလုံးကို မျက်စိဖွင့်နားကိုစွင့်ပြီးတော့ ရလာတဲ့အချက်အလက်တွေ လေ့လာဆည်းပူးမှုတွေနဲ့ ဖြည့်ဆည်းနိုင်မယ်ဆို ဒီထက်ပိုပြီး အဆင့်တွေကို မြင့်လို့ရမယ်။

ဒီထက်ပိုပြီး စိတ်ဝင်စားတာတွေ များလာမယ်။ ကိုယ်ကိုကိုလည်း ယုံကြည်မှုရှိလာမယ်၊ ပိုပြီးတော့ ရှေ့ကိုရောက်လာမယ်။ ရှိရင်းစွဲခေါင်းဆောင်မှုအလေ့အထ ကို အပြင်မှာ လေ့ကျင့်မယ်။ တာဝန်ကို ခွဲယူတဲ့အလေ့အထတွေကို အိမ်တွေမှာ လေ့ကျင့်မယ်။ ဒါဆိုရင် အမျိုးသမီးခေါင်းဆောင်တွေ အမျိုးသမီးဦးဆောင်မှုတွေ အများကြီးမြင်တွေ့လာမှာ အသေအချာပါပဲ။

စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ ကင်းလွတ်တဲ့နေရာတွေမှာ နိုင်ငံရေးနည်းနာ အရ အုပ်ချုပ်မှုပုံစံမျိုးနဲ့ နမူနာပြ အုပ်ချုပ်ပြနိုင်မယ်ဆိုရင် တကမ္ဘာလုံး ကိုလည်း စစ်တပ်နဲ့ အရပ်သားအုပ်ချုပ်မှုနဲ့ ဘာကွာခြားလဲဆိုတာကို တိတိကျကျ ပြပြီးသား ဖြစ်ပါလိမ့်မယ်


 
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media​

Published on

​နော်ဇမ်ဘာဖော
 Founder - Food Not Bombs Kawthoolei
စစ်ပွဲထဲကအသက်ရှင်လွှတ်မြောက်လာသောကလေးများမိခင်
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“ကိုယ်ကိုတိုင်ဟာ နိုင်ငံထဲမှာနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ဟာ နိုင်ငံရေးဖြစ်တယ်။ ကိုယ်ကိုတိုင်ဟာ နိုင်ငံ့အရေးဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာပါဝင်ဖို့ လိုအပ်တယ်”


၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

နွေဦးတော်လှန်ရေးက အာဏာရူးသွပ်သူတွေရဲ့ အာဏာပြိုင်ဆိုင်မှု၊ အာဏာအပြိုင်အဆိုင်တွေရဲ့ မတရားမှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူ့တော်လှန်ရေး ဖြစ်တယ်လို့ မြင်ပါတယ်။ ဒါဟာ ဒီနွေဦးတော်လှန်ရေးမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးရဲ့ အခင်းအကျင်းတစ်ခုလို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

အာဏာရှင်ပျက်သုဉ်းရေး၊ ၂၀၀၈ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်သုံးရပ် ရှိပါတယ်။ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံ‌ရေးဦးတည်ချက် သုံးရပ်စလုံးအတွက် စံထားရမယ့်အချက်ကတော့ တရားမျှတရေး၊ တန်းတူညီမျှရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်နဲ့  ငြိမ်းချမ်းမှု ရရှိဖို့ လိုပါတယ်။

နိုင်ငံရေးဦးတည်ချက်သုံးရပ်ကို ဖော်ဆောင်တဲ့အချိန်မှာ ဒီစံတန်ဖိုးလေးချက်ကို အမြဲထည့်သွင်းစဥ်းစားပြီးတော့မှ ရေးဆွဲရမှာ ဖြစ်တယ်။ ဖော်ဆောင်ရမှာ ဖြစ်တယ်။ လက်တွေ့ကျကျ လုပ်ဆောင်ကြရမှာဖြစ်တယ်။ တခါတလေကျတော့ နိုင်ငံရေးမှာ ဘာဖြစ်တတ်လဲဆိုရင် စာရွက်ကြီးတွေထဲမှာ တော့ ကောင်းသောအရာတွေကို ရေးထားပါတယ်။

လူတွေအထင်ကြီးလောက်အောင် နိုင်ငံတကာအထင်ကြီး လောက်အောင် ပညာရှင်တွေရေးထားတဲ့ စာရွက်ကြီးတွေတော့ ရှိနေပါတယ်။ ဒါပေမယ့် ဒီအရာတွေက လက်တွေ့မှာ ဘာမှရှိမနေဘူး။ ဒီတကြိမ် နွေဦးတော်လှန်ရေးအလွန်မှာ ဒါ‌တွေမဖြစ်ဖို့ အရေးကြီးပါတယ်။

ခုနတုန်းကပြောတဲ့ အာဏာရှင်အမြစ်ဖြတ်သွားရမယ်၊ ၂၀၀၈ လုံးဝပြတ်သုဉ်းရမယ်။ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဟာ တကယ်ပဲ အမှန်တကယ်နိုင်ငံသစ်ကြီးမှာ ပေါ်ပေါက်လာရမယ်။ ဒါတွေကို တကယ်လုပ်ဖို့ ဖြစ်ပါတယ်။ စာရွက်ထဲမှာပဲ ဦးတည်ချက်တွေထဲမှာပဲ ရှိနေတာ မျိုးမဟုတ်ပဲ တကယ်ရှိသွားဖို့ လိုပါတယ်။

ဒီစံတန်ဖိုးလေးချက်ဟာ Humanitarian Politics  လို့ခေါ်တဲ့ လူသားအခြေပြု နိုင်ငံရေးဆိုတဲ့အရာကို အခြေခံပြီးတော့မှ ပေါ်ပေါက်လာတဲ့  စံတန်ဖိုးလေးရပ်ဖြစ်ပါတယ်။ အခုချိန်မှာနိုင်ငံကြီးဟာ လူသားစံတန်ဖိုး တွေ ပျောက်ဆုံးပြီးတော့မှ နိုင်ငံရေးဟာ ပျက်စီးသွားတာဖြစ်တယ်။

နိုင်ငံရေးဟာ failed state ဖြစ်သွားတာ ဖြစ်တယ်။ နိုင်ငံရေးပျက်စီးနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သွားတာ ဖြစ်တယ်။ ဒီလိုနိုင်ငံရေးပျက်စီးနေသော နိုင်ငံတစ်နိုင်ငံမှာ လူသားကိုအခြေပြုသော လူသားစံတန်ဖိုးတွေကိုတန်ဖိုးထားတဲ့ နိုင်ငံ‌ရေးကို ဖော်ဆောင် ရမှာ ဖြစ်ပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

နိုင်ငံရေးအမြင်စုံလင်ကွဲပြားမှုက ဘာကြောင့်အရေးကြီးသလဲဆိုရင် ဒါဟာ တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုနိုင်မှုအပေါ်မှာ မူတည်တယ်။ နိုင်ငံရေးအမြင်မတူညီကွဲပြားရခြင်းဟာ သူတို့ဖြတ်သန်းလာရတဲ့ သမိုင်းကြောင်းမတူညီတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဖြတ်သန်းလာရတဲ့သမိုင်းကြောင်းတိုင်းဟာ လူမျိုးစုတိုင်း အတွက် မတူပါဘူး။ တစ်စုနဲ့တစ်စု တစ်နေရာနဲ့တစ်နေရာ လူမျိုးတစ်မျိုးနဲ့တစ်မျိုးရဲ့ ဖြတ်သန်းလာမှု သမိုင်း ကြောင်းပေါ် မူတည်ပြီးတော့မှ သူတို့ရဲ့နိုင်ငံရေးအယူအဆဟာ ကွဲပြားသွားတယ်။

နိုင်ငံရေးရပ်တည်ချက်၊  တော်လှန်ရေးရပ်တည်ချက်‌တွေဟာ ကွဲပြားသွားကြတာဖြစ်တယ်။ ငါနဲ့ မတူဘူး။ ငါ့လူမျိုးနဲ့ နိုင်ငံရေးခံယူချက် မတူဘူး။ ငါ့ဒေသနဲ့ နိုင်ငံရေးခံယူချက် မတူဘူးဆိုပြီး တစ်ယောက်ကိုတစ်ယောက် ရန်လိုမုန်းတီးဖို့ မဟုတ်ဘူး။ အဓိကက သူတို့ရဲ့မူလဖြစ်တည်ခြင်း၊ နိုင်ငံရေးအယူဝါဒကွဲပြားရခြင်းရဲ့ သမိုင်းကြောင်းနောက်ခံကို နားလည် လက်ခံနိုင်ဖို့လိုတယ်။ ဒါဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။

နောက်တခုအနေနဲ့ကတော့ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အရေးကြီးတယ်။ အရေးအကြီးဆုံးဖြစ်တယ်။ ဘာကြောင့်အရေးကြီးဆုံးဖြစ်လဲဆိုရင် နိုင်ငံရေး ဆိုတာဟာ  မိသားစုကနေ စတင်တယ်။ မိသားစုအရေးကနေ စတင်တယ်။ ကိုယ့်တကိုယ်ရည်အရေးကနေ စတင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးလို့ပြောမယ်ဆို ကိုယ့်ရဲ့ တစ်ကိုယ်ရည်အရေးကနေစပြီးတော့ မိသားစု အရေး၊ ရပ်ရွာအရေး၊ လူမှုအရေး၊ တိုင်းပြည်ရေးကို တစ်ဆင့်ချင်းသွားတာဖြစ်တယ်။

ဒါကြောင့် ကိုယ်ကိုတိုင် ဟာ နိုင်ငံထဲမှာနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ဟာ နိုင်ငံရေးဖြစ်တယ်။ ကိုယ်ကိုတိုင်ဟာ နိုင်ငံ့အရေး ဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာပါဝင်ဖို့ လိုအပ်တယ်။ အဲ့လိုမျိုး ပါဝင်သင့်တယ်လို့ အနေအထားရှိတဲ့အချိန်မှာ ဘာကအရေးကြီးဆုံးလဲဆို အမျိုးသမီးတစ်ယောက် ဟာ ကိုယ့်ကိုကိုယ် နိုင်ငံရေးမှာ အရေးကြီးဆုံးဖြစ်တယ်။ အ‌ရေးကြီးတယ်ဆိုတဲ့ ခံယူချက်ရှိဖို့ လိုတယ်။ အမျိုးသမီးတစ်ယောက်ဟာ အဲ့ဒီခံယူချက်မရှိဘူး။ အဲ့လို ခံယူချက်မရှိဘူးဆိုရင် ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု ဟာ လျော့နည်းသွားမှာ ဖြစ်တယ်။ တန်ဖိုးထားမှုဟာ ရှိမှာ မဟုတ်ဘူး။

ဒါကြောင့် အမျိုးသမီးဟာ နိုင်ငံရေးမှာ ဘယ်လောက်အထိ အရေးကြီးသလဲဆိုရင် အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုယ်သူဘယ်လောက်အထိ တန်ဖိုးထားပြီးတော့မှ အသက်ရှင်နေသလဲ။ ရှင်သန်နေသလဲ။ အမျိုးသမီး တစ်ယောက်ဟာ သူ့ကိုယ်သူ ဘယ်လောက်တန်ဖိုးရှိတယ်လို့ ခံယူထားလဲဆိုတဲ့အရာပေါ်မှာ မူတည်ပါတယ်။အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ ပါဝင်သင့်သလဲဆိုရင် ကိုယ်ကိုတိုင်က ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ဖို့ပြင်ဆင်ထားသလဲအပေါ် မူတည်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု၊ ဦးဆောင်သွား နိုင်ဖို့၊ တာဝန်ယူသွားနိုင်ဖို့၊ တာဝန်ခံသွားနိုင်တဲ့အမျိုးသမီး၊ တာဝန်ယူတာဝန်ခံနိုင်တဲ့အမျိုးသမီးအဖြစ် ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီးတော့ ဘယ်လောက်အထိ တည်ဆောက်ထားသလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ကိုယ်ကိုတိုင် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုနဲ့ နိုင်ငံရေးရဲ့ဘယ်ကဏ္ဍမှာမဆို ကိုယ့်ရဲ့တည်ဆောက်ထားမှု ကျွမ်းကျင်ရာကနေ တာဝန်ယူ၊  တာဝန်ခံပြီးတော့ ပါဝင်လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။

 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

အမျိုးသမီးတွေရဲ့နေရာရမှု၊ တာဝန်ယူဆုံးဖြတ်ပိုင်ခွင့်ရှိမှု နိုင်ငံရေးမှာဦးဆောင်နိုင်မှု ဆိုတာ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ ဖော်ပြလို့ရတဲ့ကာလ မဟုတ်တဲ့အတွက်ကြောင့် ဒါတော့ ကျွန်မလည်း မမြင်နိုင်ပါဘူး။ မတွေ့ရပါဘူး။ ဒါပေမယ့် မတွေ့ရတဲ့ကြားက သိသိသာသာသတိထားမိတဲ့ ခေါင်းဆောင် အမျိုးသမီး တစ်ယောက်ကိုတော့ ကျွန်မတွေ့တယ်။

သူကတော့ US ကနေ ဗိုလ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ဆရာမမီမီဝင်းဘတ် သူ့ကိုတော့ သတိထားမိတယ်။ သူကတော့သိသိသာသာ ထင်ထင်ရှားရှားရှိလာတဲ့ အမျိုးသမီးခေါင်းဆောင်လို့ ကျွန်မ မြင်တယ်။ တကယ်လုပ်ကိုင်စွမ်းအားရှိပြီးတော့မှ ပညာရှိတယ်။ လုပ်နိုင်ကိုင်နိုင်ရှိတယ်။ စစ်ဘက် ဆိုင်ရာ ဗိုလ်မှူး‌ဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ခဲ့တယ်။ မီဒီယာတွေကနေတဆင့် စစ်နဲ့ပတ်သက်ပြီးတော့မှ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ထွက်ပေါ်လာတဲ့ ဘာအရေးအခင်းကိုမဆို ဆွေးနွေးအကြံပေးနေတာကို တွေ့ရတယ်။

ဒီနေရာမှာဘာပြောချင်လဲဆိုတော့ ဒီအရာကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးဆိုတာဟာ နိုင်ငံရေးမှ မဟုတ်ဘူး၊ စစ်ရေးမှာလည်း ဦးဆောင်နိုင်တယ်ဆိုတာကို ကျွန်မ ပြောချင်တယ်။ နိုင်ငံတစ်နိုင်ငံတည်ဆောက်တဲ့နေရာမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ တည်ဆောက်ရေးကို ဖိုခနောင့် ညီညီသွားနိုင်မှ တည်ဆောက်နိုင်တာဖြစ်တယ်။ မျှမျှတတ ဖော်ဆောင်သွားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဆရာမမီမီဝင်းဘတ်ကတော့ ဂုဏ်လည်းယူတယ်။ အတုလည်းယူပါတယ်။

 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

အမျိုးသမီးတွေက နိုင်ငံရေးပိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာက အမျိုးသမီးတွေကရော နိုင်ငံရေးပိုင်းမှာ တကယ်ကျွမ်းကျင်သလား။ တကယ်လည်း အရည်အချင်းမရှိဘဲနဲ့ နိုင်ငံရေးမှာ ဦး‌ဆောင်ခွင့်မရဘူးဆိုတဲ့ အရာ ကိုပဲ သွားနေမယ်ဆို ဘယ်တော့မှရမှာမဟုတ်ဘူး။ ကိုယ်အရည်အချင်းမရှိပဲနဲ့ နေရာလိုချင်တာ ဒါတရားမျှတ တဲ့လုပ်ရပ်မဟုတ်ဘူးလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ နိုင်ငံရေးမှာ တကယ်ဦးဆောင်နိုင်တယ်။ တကယ်ပဲ အရည်အချင်းရှိတယ်။ တကယ်လမ်းပြနိုင်တယ်။ တကယ်လုပ်နိုင်တဲ့အရည်အချင်းရှိလို့ အမျိုးသမီး တစ်ယောက်ဟာ နေရာမရဘူးဆိုရင် ဒါဟာမဖြစ်သင့်တဲ့အရာ၊ တရားမမျှတတဲ့အရာ ဖြစ်ပါတယ်။  

အဲ့လိုနိုင်ငံရေးကို ကောင်းကောင်း ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေဖြစ်အောင် တည်ဆောက်ရမှာ ဖြစ်တယ်။ အဲ့လိုမတည်‌ဆောက်နိုင်သရွေ့ကတော့ အဲ့ဒါဟာ အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာ ဦးဆောင်နိုင်ခွင့်မရတဲ့ အဟန့်အတားပဲ ဖြစ်တယ်။ နောက်တချက်ကတော့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ ဆုံးဖြတ်ပိုင်ခွင့် ရနိုင်ဖို့ဆိုရင် တလွဲမာနမရှိဖို့လိုတယ်။

အမျိုးသမီးအခွင့်အရေးဆိုတဲ့အရာကို ကိုင်ဆွဲပြီးတော့မှ တလွဲမာန တွေနဲ့သွားနေတဲ့ အမျိုးသမီးရေးရာတွေ ရှိနေသ၍လည်း အမျိုးသမီးတွေကနိုင်ငံရေးမှာ ဦးဆောင်ခွင့်ရမှာ မဟုတ်ဘူး။ အမျိုးသမီးအခွင့်အရေးနဲ့ feminist လို့ခေါ်တဲ့အမျိုးသမီးရေးရာဟာ မတူပါဘူး။ အဲ့ဒါကို သေချာသိဖို့လိုမှာ ဖြစ်တယ်။

ဒီနေ့ အမျိုးသမီးကဏ္ဍကို လုပ်ဆောင်နေတဲ့ အမျိုးသမီးတော်တော်များများဟာ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးရေးရာကို မကွဲပြားကြပါဘူး။ Women right နဲ့  feminist ဆိုတဲ့အရာကို ကွဲကွဲပြားပြားမရှိသေးသ၍ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာနေရာရမှာ မဟုတ်ဘူး။ ဒါဟာ အဟန့်အတား ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့ကတော့ တကယ်ပဲနိုင်ငံရေးမှာ ဦးဆောင်ဦးရွက်နိုင်တဲ့အမျိုးသမီးတွေကို  နေရာပေးဖို့ လူ့အသိုင်းအဝိုင်းက ပြည်သူတွေက ဆန္ဒရှိသလား။ လူ့အသိုင်းအဝိုင်း၊ ပြည်သူတွေက ဆန္ဒမရှိ ခြင်းကလည်း အဟန့်အတားဖြစ်ပါတယ်။ ဘာကြောင့် အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပြည်သူလူထုနဲ့ လူ့အဖွဲ့အစည်းတွေက နေရာမပေးချင်တဲ့သမိုင်းကြောင်းဟာလည်း ရှိပါတယ်။ပြည်သူနဲ့ လူ့အဖွဲ့အစည်းက နေပြီးတော့မှ နိုင်ငံရေးမှာ ဦးဆောင်ခွင့်ပေးလိုက်တဲ့ အမျိုးသမီးက နိုင်ငံကြီးကို တကယ်ဦးဆောင်နိုင်ခဲ့ရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်စေတဲ့အချက်ဖြစ်တဲ့အတွက် ဒီအချက်ဟာလည်း အဟန့်အတားဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး အချက်ကတော့ လူမျိုးစုတိုင်းမှာရှိနေတဲ့ ရိုးရာယဥ်ကျေးမှုဆိုင်ရာ လူမှုရေးခံယူချက် ဖြစ်ပါတယ်။အဲ့ဒီအရာ ကလည်း အမျိုးသမီးကိုနေရာမပေးခြင်း၊ ချိုးနှိမ်ထားခြင်းဆိုတဲ့ လူမျိုးစုတိုင်းမှာရှိနေတဲ့ လူမှုရေးအရ အစွဲကြောင့်လည်း ဖြစ်ပါတယ်။ ဒီအရာတွေကလည်း အမျိုးသမီးတွေကို နိုင်ငံရေးမှာ နေရာမရဖို့ ရန်အတွက် အဟန့်အတား ဖြစ်စေတဲ့အရာ ဖြစ်စေပါတယ်။

 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

လက်ရုံးရည်နဲ့ နှလုံးရည်ပြည့်ဝသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အမျိုးသမီးတွေ ဖြစ်ဖို့လိုအပ်တယ်။ အမျိုးသမီးတွေ လုပ်နိုင်စွမ်းအားကို တကယ်ပဲ ကိုယ်ကိုတိုင်လက်တွေ့ကျကျလုပ်နိုင်တဲ့ စွမ်းအားကို တည်ဆောက်ထားနိုင်တဲ့ အမျိုးသမီးတွေ ဖြစ်ဖို့လိုတယ်။ အဲ့ဒီအရာဟာ နိုင်ငံတော်သစ်ပြန်လည်တည်ဆောက် ရေးမှာ အခြေခံအကျဆုံးသော ကိစ္စဖြစ်တယ်။

ဘယ်လိုအရင်းအမြစ်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်မလဲ ဆိုတဲ့နေရာမှာလည်း အမျိုးသမီးတွေ သူတို့နေထိုင်တဲ့နေရာ၊ သူတို့ကျင်လည်တဲ့နေရာ၊ သူတို့ရဲ့အခြေအနေ၊ သူတို့ရဲ့အနေအထားတွေမှာ ဘယ်အရာတွေကဖြည့်ဆည်းပေးဖို့ လိုအပ်သလဲဆိုတဲ့အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့က ဒါဖြည့်ဆည်းပေးရမယ်လို့ သွားလုပ်ပေးတော့ သူလိုနေတာ မဟုတ်နေဘူး ဆိုတာ မဖြစ်ဖို့လိုတယ်။ ဒီအလွဲတွေ မဖြစ်ဖို့လိုပါတယ်။

ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ နေ့စဉ်ရှင်သန်မှုနဲ့ လက်တွေ့ဘဝမှာ အခြေခံ ကျကျ ဘာတွေကို တကယ်လိုအပ်သလဲဆိုတဲ့အရာပေါ်မှာ မူတည်ပြီးတော့ အမျိုးသမီးတွေကို ဖြည့်ဆည်း ပေးသွားရမှာ ဖြစ်ပါတယ်။ စီမံပေးတဲ့နေရာမှာကတော့ အောက်ခြေအဆင့်ကနေ တစ်ဆင့်ခြင်းစီမံပေးရမှာ ဖြစ်တယ်။ အသေးစိတ် စီမံဆောင်ရွက်ပေးရမှာ ဖြစ်တယ်။

အခြေခံမခိုင်ပဲနဲ့ တိုင်းပြည်တစ်ခုကို ပြန်တည် ဆောက်လို့ မရတော့ဘူး။ နိုင်ငံရေးကျိုးကျသွားတဲ့အချိန်မှာ အစစအရာရာ အခြေခံကနေတည်ဆောက်ရမှာ ဖြစ်တယ်။ ဒါကြောင့် အခြေခံဖြစ်တဲ့ မိမိကိုယ်ကိုမိမိ ခိုင်မာအောင်တည်ဆောက်ရမယ်၊ မိမိ မိသားစု အသိုင်းအဝိုင်းကို ခိုင်မာအောင်တည်ဆောက်ရမယ်။ မိမိရပ်ရွာအသိုင်းအဝိုင်းကို ခိုင်မာအောင် တည်ဆောက် ရမယ်။ မိမိရဲ့မြို့နယ်ကို ခိုင်မာအောင် တည်ဆောက်ရမယ်။ မိမိရဲ့တိုင်းပြည်ကြီးကို ခိုင်မာအောင် တည် ဆောက်ရမယ်။

ကိုယ်ကိုတိုင်က လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှု မရှိဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ လူတစ်ယောက်က တိုင်းပြည်ကြီးကို တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအနေနဲ့ လူ့အခွင့် အရေးကို အပြည့်အဝရရှိအောင် ဦးဆောင်နိုင်ဖို့ လုပ်ဆောင်နိုင်ဖို့ဆိုရင် တာဝန်ယူနိုင်မှု၊ တာဝန်ခံနိုင်မှု မရှိတဲ့ အမျိုးသမီးတွေကို တာဝန်မပေးမိဖို့ လိုတယ်။

မိမိကိုယ်ကိုတောင် လွတ်မြောက်အောင် မလုပ်နိုင်တဲ့အမျိုးသမီး တွေကို တာဝန်ပေးမိတယ်။ ခေါင်းဆောင်နေရာကို ထားမိတယ် ဆိုရင်တော့ တိုင်းပြည်ကြီးမှာ ဘာမှ တကယ် တည်‌ဆောက်နိုင်မှာ မဟုတ်ပါဘူး။ တာဝန်ယူတာဝန်ခံနိုင်တဲ့ အမျိုးသမီးတွေကို တိုင်းပြည်မှာဦး‌ဆောင်ခွင့် ရအောင် ဦးဆောင်လုပ်ဆောင်နိုင်တဲ့ နေရာကိုပေးပါ။

 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေဟာ နိုင်ငံရေးမှာတင်းပြည့်ကြပ်ပြည့်ပါဝင်ဖို့ဆိုတာက အမျိုးသမီးတွေဟာ တင်းပြည့်ကြပ်ပြည့် ပါဝင်နိုင်အောင် ပြန်သုံးသပ်ရမှာ ဖြစ်တယ်။ ပြန်လည်စဥ်းစားရမှာ ဖြစ်တယ်။ တကယ်ပဲ လုပ်ဆောင်နိုင်တဲ့ စွမ်းအားတွေ၊ အရည်အချင်းတွေ၊ ဦးဆောင်နိုင်မှုတွေ တာဝန်ယူတာဝန်ခံနိုင်မှုတွေ မရှိတဲ့ အဲ့ဒီအရာတွေကို မလုပ်ဆောင်နိုင်တဲ့ နိုင်ငံရေးကို ဦးဆောင်မယ့် အမျိုးသမီးတွေ ဖြစ်နေမယ်ဆိုရင်တော့ ဘယ်လိုမှ တင်းပြည့် ကြပ်ပြည့်နေရာရလာမှာ မဟုတ်ပါဘူး။ နေရာပေးခဲ့ရင်လည်း တိုင်းပြည်ကြီးက ဘာမှထူးလာမှာမဟုတ်ပါဘူး။ မုန့်လုံးစက္ကူကပ် ဒုံရင်းဒုံရင်းပဲ ထပ်ဖြစ်နေဦးမှာဖြစ်ပါတယ်။
 

၈။ ဖြည့်စွက်ချက်။ 

ဒီနွေဦးတော်လှန်ရေးကာလမှာတော့ အမျိုးသမီးတွေကလည်း တော်တော်များများ ကြိုးစားနေကြမယ်လို့ ကျွန်မယုံကြည်တယ်။ အမျိုးသမီးတွေ တော်တော်များများကလည်း ကိုယ်ရှိတဲ့ ကဏ္ဍကို ကိုယ်လုပ်နိုင်တဲ့ နေရာ ကိုယ်ဦးဆောင်နိုင်တဲ့အပိုင်းတွေကနေ လုပ်ဆောင်နေမယ်လို့ ကျွန်မကယုံကြည်တယ်။ ကိုယ်ရှိနေတဲ့ ကဏ္ဍ၊ ကိုယ်လုပ်ဆောင်နေတဲ့အပိုင်းကို ခုနပြောသလို တာဝန်ယူတာဝန်ခံနိုင်ပြီးတော့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ ဆက်လက်ပြီးတော့ ကြိုးစားဖို့အားပေးချင်တယ်။ စိတ်ဓာတ်မကျဖို့လည်း အားပေး ချင်တယ်။

​နိုင်ငံတစ်နိုင်ငံကို ပြန်လည်တည်ဆောက်ရေးကို ဦးတည်တယ်ဆိုရင် ခုနပြောတဲ့ ဖိုခနောင့်သုံးခုပေါ့၊ နိုင်ငံရေး၊ စစ်ရေးနဲ့ တည်ဆောက်ရေးအပိုင်းမှာ ကိုယ်ဘယ်အပိုင်းမှာ ရှိနေသလဲဆိုတာကို ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပါ။ ကိုယ့်ရဲ့ ရှိနေတဲ့အပိုင်းကို ကိုယ်အကောင်းဆုံးတာဝန်ယူ၊ တာဝန်ခံပြီးတော့ တည် ဆောက်သွားပါလို့ အကြံပြုချင်ပါတယ်။ အားပေးချင်ပါတယ်။



အခုချိန်မှာနိုင်ငံကြီးဟာ လူသားစံတန်ဖိုးတွေ ပျောက်ဆုံးပြီးတော့မှ နိုင်ငံရေးဟာ ပျက်စီးသွားတာဖြစ်တယ်။ နိုင်ငံရေးဟာ failed state ဖြစ်သွားတာ ဖြစ်တယ်။
 

"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရဲဘော်မိဆူးပွင့်
 ABSDF/ WLB-BWU
နိုင်ငံရေးဖြတ်သန်းမှု - ၁၉၈၈ - ၂၀၂၄


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
 

“အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားတာ၊ အမျိုးသမီးတွေကို အောက်ခြေလူတန်းစားတွေ အဖြစ်ကနေ အဆင့်ဆင့်အုပ်ချုပ်မှုနေရာတွေကို တွဲမခေါ်တာ၊ နေရာမပေးတာ၊ အမျိုးသမီးတွေနေ့စဉ်အကြမ်းဖက်ခံနေရတာကို လျစ်လျူရှုထားတာ ရှိတဲ့နိုင်ငံမျိုးတွေကို မဖွံ့ဖြိုးမတိုးတက်သေးတဲ့နိုင်ငံ၊ လူနေမှုအဆင့်အတန်းနိမ့်ကျတဲ့နိုင်ငံအဖြစ် ရှုမြင်ကြပါတယ်
 
 
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
မြန်မာနိုင်ငံဟာ နိုင်ငံရဲ့လက်တွေ့နိုင်ငံရေးလိုအပ်ချက်နဲ့ ကိုက်ညီမယ့်နိုင်ငံရေးစနစ်မျိုး မထူထောင်နိုင်ပဲ နှစ် ပေါင်းများစွာ စစ်တပ်ကြီးစိုးမှုအောက်ကနေ ရုန်းမထွက်နိုင်တဲ့နိုင်ငံလို့ ပြောရမှာပါ။ အဖိုးတန်သယံဇာတတွေ ကို ဖြုန်းတီး၊ တိုင်းပြည်နဲ့ပြည်သူလူထုအတွက် ကောင်းကျိုးအထွေထွေကို ဘာမှမဆောင်ကျဉ်းပေးနိုင်ပဲ ဆင်းရဲချမ်းသာကွာဟမှု အလွန်ကြီးမားပြီး တိုင်းရင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ အလုံးစုံဆုံးရှုံးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ ပြည်တွင်းစစ်နွံထဲမှာ နစ်နေခဲ့တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ စစ်အစိုးရအဆက်ဆက်က သေချာအားမထုတ်ခဲ့ဘူး။ ဖက်ဒရယ်စနစ်ကို ပုံဖျက်ငြင်းပယ်ခဲ့သလို အုပ်စုအကျိုးစီးပွားကို ဦးစားပေးရင်း ဒီမိုကရေစီစံနှုန်းတွေကိုလည်း တားမြစ်ပိတ်ပင်ခဲ့တယ်။ လက်နက်နဲ့ အာဏာကို ချုပ်ကိုင်ထားတယ်။
လက်ရှိ ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးကလည်း ဒီအခြေအနေတွေထဲက တစ်ခုပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ဖြစ်ပေမယ့်လည်း ၂၀၁၅ နဲ့ ၂၀၂၀ ကြား လွတ်လပ်မှုပါးပါးလေးပွင့်ခဲ့လို့ လူထုမျှော်လင့်ချက်တွေ ပြန်ရှင်သန်လာချိန်မှာ အတိတ်ကလို လက်နက်နဲ့ခြိမ်းခြောက်လို့မရတော့တဲ့ အနေ အထားတရပ်ကို စစ်တပ်က ရင်ဆိုင်နေရတယ်လို့ ပြောရပါမယ်။  ယခင် လူထုတော်လှန်ရေးအဆက်ဆက်က အတွေးအမြင်၊ အတွေ့အကြုံတွေနဲ့ ဒီနေ့လူငယ်တွေရဲ့ နိုင်ငံရေးအသိအမြင်၊ သဘောထား၊ သတင်းစကားတွေ အလွယ်တကူ လက်ဆင့်ကမ်းနိုင်တဲ့အချိန်လည်းဖြစ်တော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှိုင်းလုံးဟာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကြီးမားပြင်းထန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို လူထု ခေါင်းဆောင်မျိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို လူထုအကြီးအကျယ် ထောက်ခံမှုပြုခဲ့တဲ့ ဒီမိုကရေစီပါတီ မျိုး ပေါက်ဖွားပေါ်ပေါက်လာခဲ့ပေမယ့် တိုင်းပြည်ရဲ့စစ်မှန်တဲ့ အပြောင်းအလဲအတွက် မူဝါဒအခြေပြု ဦးဆောင် မှုအပိုင်းမှာ လိုအပ်ချက်တွေရှိနေတာလည်း တွေ့မြင်ရတယ်။ တသက်မှာ တကြိမ်သာကြုံရမယ့် အခုလို တော်လှန်ရေးမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အတူတကွ အောင်ပွဲကို မရယူ နိုင်ရင်  ဖက်ဒရယ်ဒီမိုကရေစီအတွက် အခွင့်အလမ်းကောင်းတွေ မဆုတ်ကိုင်နိုင် ရင်  လူထုဘဝတွေ တစတစ ပိုမိုကြပ်တည်းဆိုးရွားလာမယ့် အခြေအနေတွေလည်း တွေ့မြင်နေရတယ်။ လူငယ်တွေရဲ့ဦးဆောင်မှုကို အဖွဲ့အစည်းတိုင်း၊ နေရာဒေသတိုင်းမှာ မဟာဗျူဟာကျကျ မြှင့်တင်ခြင်းဟာ စိန်ခေါ်မှုနဲ့ အကြပ်အတည်း အားလုံးကို တဖြည်းဖြည်းကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
 
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
ဒီနေရာမှာ ရိုးရိုးလေး စဉ်းစားကြည့်ရင် ဒီနိုင်ငံထဲမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေရဲ့ နေ့စဉ်စားဝတ်နေရေး ပြေလည်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာတွေ တပြေးညီဖွံဖြိုးတိုးတက်မှု၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာတွေမှာ မိမိကိုယ်မိမိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်မှု၊ မတူကွဲပြားတဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကြားထဲမှာ လူမျိုးရေး၊ ဘာသာရေး၊ တန်းတူရည်တူရှိမှု၊ (လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ မိမိတို့ရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သဘာဝအရင်းအမြစ် ပိုင်ဆိုင်မှုတွေကို အလေးထားပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပိုင်ခွင့်)၊ ပြီးတော့ နိုင်ငံသားတဦးချင်းစီနဲ့ လူမျိုးအလိုက် တရားမျှတမှု၊ လုံခြုံမှုတွေအပြင် ကျားမခွဲခြားဆက်ဆံမှုတွေ၊ ကျားမရေးရာဆိုင်ရာ အခြေပြုခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေ (GBV) နဲ့ မည်သည့် အကြမ်းဖက်မှုမဆို လျော့နည်းပပျောက်အောင် မူဝါဒအရ၊ ဥပဒေအရ လုပ်ဆောင်မှု ဒီလိုအချက်တွေကို အလေးထားပြီး စံတန်ဖိုးနဲ့ အခြေခံမူတွေချမှတ်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဖက်ဒရယ်အုတ်မြစ်နဲ့ ဒီမိုကရေစီ အုတ်မြစ်ဆိုတဲ့ အခြေခံအုတ်မြစ်ကြီး ၂ ခုအပေါ် အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် စံတန်ဖိုးနဲ့ အခြေခံမူတွေ သေသေချာချာချမှတ်ဖို့ လိုအပ်နေပါတယ်။
 
၃။ နိုင်ငံရေးမှာအမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်ထိအရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုအပ်ပါသလဲ။
အမြင်စုံလင်ကွဲပြားမှုကို နားလည်လက်ခံပြီး အကျိုးဖြစ်စေမယ့် မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ ဖော်ထုတ်ကျင့်သုံးတဲ့ အစိုးရတရပ်ပေါ်ထွန်းရေးဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးတို့နဲ့ တိုက်ရိုက်ဆက်စပ်နေ ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ ဒီမိုကရေစီဆိုတာကို ရှေ့တန်းတင်ပြီးပြောနေကြပေမယ့်လည်း လက်တွေ့မှာ ဒီမိုကရေစီဆိုတာ လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရတရပ်ပေါ် ထွန်းရေးဆိုတဲ့အဓိပ္ပါယ်ထက် အများကြီးနက်ရှိုင်းကြောင်း နားလည်နေဖို့လည်း လိုအပ်ပါ တယ်။ ကျွန်မတို့ ၁၉၈၈/ ၁၉၈၉ လောက်က နားလည်ခဲ့တဲ့ ဒီမိုကရေစီဆိုတာနဲ့ ဒီနေ့ကမ္ဘာကြီးက သွားနေတဲ့ ဒီမိုကရေစီရဲ့စံနှုန်းတွေက အများကြီးတိုးတက်ဖြစ်ထွန်းနေပါတယ်။ ကျွန်မတို့အနေနဲ့ လူဆိုးအမျိုးသားတွေ လက်ထဲက အာဏာကို လူကောင်းအမျိုးသားတွေလက်ထဲ လွှဲအပ်လိုက်တာနဲ့  တခါတည်းဒီမိုကရေစီဆိုတာ ဖြစ်သွားတော့မယ်လို့ ခပ်လွယ်လွယ် ယုံကြည်နေလို့လည်း မရတော့ပါဘူး။
ဒီမိုကရေစီစံနှုန်းတွေဟာ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုကို မဖြစ်မနေ ရှေးရှုလာရတဲ့အတွက် ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာကြရပါတယ်။ ကျွန်မတို့ ထိုင်းမြန်မာနယ်စပ် မှာတော့ ၁၉၉၀ နောက်ပိုင်း နှစ်တွေကစလို့ ဒီမိုကရေစီရဲ့ စံတန်ဖိုးကို မြှင့်တင်ရာမှာ နိုင်ငံတကာမူဘောင်တွေနဲ့အညီ အခြေခံကျကျ လုပ်ဆောင်ဖို့ အသိပညာတွေ၊ အတွေးအမြင်တွေ ရရှိခဲ့ကြပါတယ်။ နိုင်ငံရေးဦးဆောင်မှုတွေမှာ နေရာမရခဲ့တဲ့ ဖယ်ကျဉ်ထားခြင်းခံရတဲ့ လူအုပ်စုတွေ၊ အစုအဖွဲ့တွေကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်လာအောင် လုပ်ဆောင်ပေးတာ၊ လမ်းဖွင့်ပေးတာ၊ ဒါတွေဟာ ဒီမိုကရေစီရဲ့ အခြေခံအချက်တွေ ဖြစ်လာပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ရင်  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းတွေမှာ ကျားမ ဘယ်လောက် အချိုးကျပါဝင်နေသလဲဆိုတာကိုလည်း အရင်ဆုံးကြည့်လာကြပါတယ်။ အစိုးရတရပ် ဦးဆောင်မှု စွမ်းရည်ရှိခြင်း၊ မရှိခြင်းတွေကို ဒီလိုကျားမကွာဟမှု ကြီးမားချက်တွေအပေါ်မှာလည်း တိုင်းတာ လာကြပါတယ်။ အမျိုးသမီးတွေ ထက်ထက်မြက်မြက်နဲ့ ဦးဆောင်မှုနေရာမှာ ရှိနေကြတာကိုတွေ့တဲ့အခါ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပြယုဂ်လို့ ရှုမြင်ကြပြီး အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားတာ၊ အမျိုးသမီးတွေကို အောက်ခြေလူတန်းစားတွေအဖြစ်ကနေ အဆင့်ဆင့်အုပ်ချုပ်မှုနေရာတွေကို တွဲမခေါ်တာ၊ နေရာမပေးတာ၊ အမျိုးသမီးတွေ နေ့စဉ်အကြမ်းဖက်ခံနေရတာကို လျစ်လျူရှုထားတာရှိတဲ့နိုင်ငံမျိုးတွေကို မဖွံ့ဖြိုးမတိုးတက်သေးတဲ့နိုင်ငံ၊ လူနေမှုအဆင့်အတန်းနိမ့်ကျတဲ့နိုင်ငံအဖြစ် ရှုမြင်ကြတာကိုကြည့်ရင် နိုင်ငံ တစ်နိုင်ငံရဲ့ တိုးတက်မှု၊ အောင်မြင်မှုကို တိုင်းတာရာမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အခန်းကဏ္ဍ ကို ဖော်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတာ လွယ်လွယ်ကူကူ နားလည်နိုင်ပါတယ်။
 
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာပါဝင်ဆုံးဖြတ်ခွင့် ဘယ်လောက် အထိရှိနေပြီလဲ။
နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရှိတဲ့နေရာကို အစုလိုက်အပြုံလိုက်ရောက်လာပြီလို့ သုံးသပ်ဖို့ သိပ်စောလွန်းပါတယ်။ လက်ရှိဦးဆောင်မှုအခန်းကဏ္ဍနဲ့ ဦးဆောင်မှုအဆင့်ဆင့်ကို သုတေသန လုပ်ပြီး ဆန်းစစ်မှု သေချာလုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ကာလဟာ အရင်အနှစ် ၃၀ ကထက် အမျိုးသမီးပါဝင်မှု ကို တိုက်တွန်းလာတာ၊ စောင့်ကြည့်လာတာတွေရှိပေမယ့် နေရာအသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေကို မေးကြည့်ရင် အခက်အခဲပေါင်းစုံရှိနေတာ တွေ့ရပါတယ်။ အာဏာသိမ်းမှုကို ထုနဲ့ထည်နဲ့ ဆန့်ကျင်ဆန္ဒပြတဲ့နေရာတွေမှာ၊ တောထဲတောင်ထဲမှာ ကျရာတာဝန်ထမ်းဆောင်ပြီး တော်လှန် ရေးထဲ ဆက်ပါဝင်နေတာ၊ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ထင်ထင်ရှားရှား တွေ့ကြရ ပေမယ့် နေရာဒေသတခုချင်းစီ၊ အဖွဲ့အစည်းတခုချင်းစီကို သေချာခွဲခြမ်းစိတ်ဖြာကြည့်မှ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာမှာ ဘယ်လောက် ရာခိုင်နှုန်းရှိနေပြီလဲဆိုတာ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာ အောက်ခြေခေါင်းဆောင်တွေကနေ ထိပ်ပိုင်းခေါင်းဆောင်တွေအထိ အဆင့်ဆင့်ဇယား ဆွဲပြီး လေ့လာရင် ပါဝင်မှုပုံသဏန်ကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပြီး အနှစ်သာရအရ ဆုံးဖြတ်ချက် ပေးနိုင်တဲ့နေရာ၊ နိုင်ငံရေးအရ ဩဇာရှိတဲ့နေရာတွေမှာ ဘယ်နှစ်ယောက် ရှိနေပြီလဲ၊ ဘယ်လောက်ရာခိုင်နှုန်း ရှိနေပြီလဲဆိုတာကို ဖော်ထုတ်ဖို့လိုပါတယ်။ အချို့နေရာတွေမှာ ရာထူးပေးထားတိုင်းလည်း ဆုံးဖြတ်ချက် ချပိုင်ခွင့် အကန့်အသတ်ရှိပါတယ်၊ (ဒီနေရာမှာ သူတာဝန်ယူထားတဲ့လုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တကယ့် နိုင်ငံရေးအရ သဘောထားပေးပိုင်ခွင့်တွေကို ဆိုလိုတာဖြစ်ပါတယ်)။ ဒီ Movement ကြီး ထဲမှာ ဘယ်အစု အဖွဲ့တွေက ဦးဆောင်မှုနေရာမှာရှိနေသလဲ၊ အဲဒီနေရာမှာ အမျိုးသမီးတွေ ဘယ်လောက်ပါဝါရှိနေပြီလဲ စသဖြင့် ဖော်ထုတ်ကြည့်ဖို့လိုအပ်ပါတယ်။
 
၅။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာပါဝင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်နေစေသလဲ။
လက်နက်ကိုင်တိုက်ပွဲအားကောင်းတဲ့ကာလတွေမှာတော့ စစ်ရေးခေါင်းဆောင်တွေဆီမှာ စစ်ရေး၊ နိုင်ငံရေး အာဏာ ရှိပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ အရှိန်လျော့ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ဆိုတဲ့ အချိန်ကာလ တစ်ခုရောက်လာရင်လည်း စစ်ကိုဦးဆောင်ခဲ့တဲ့သူတွေရဲ့အခန်းကဏ္ဍကပဲ ရှေ့ကိုပြန်ရောက်လာတတ်တဲ့ သဘောသဘာဝရှိပါတယ်။ စစ်ရေးတိုက်ပွဲအရှိန်ကောင်းလေလေ အမျိုးသမီးတွေရဲ့နိုင်ငံရေးဆိုင်ရာ ပါဝင်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှုတွေက အနောက်မှာကျန်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက် ၁၃၂၅ မှာ အမျိုးသမီးတွေ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာကို ရောက်ရှိလာဖို့၊ အမျိုးသမီးတွေကို စစ်ပွဲကာလ တလျှောက်လုံးမှာ  အကူအညီပေးဖို့၊ အကာအကွယ်ပေးဖို့၊ ပူးပေါင်း ဆောင်ရွက်ခွင့်တွေ၊ ဆုံးဖြတ်ခွင့်တွေပေးဖို့၊ အရေးကြီးဆုံးဖြတ်ချက်အဖြစ် ချမှတ်ခဲ့ပါတယ်။ ဒီနေရာမှာ အစဉ်အလာနဲ့ ဓလေ့ထုံးတမ်းတွေကြောင့်ဖြစ်စေ၊ သမရိုးကျယုံကြည်မှုနဲ့ ပုံစံခွက်အမြင်တွေကြောင့်ဖြစ်စေ၊ မဟာဖိုဝါဒအတွေးအမြင်တွေကြောင့်ဖြစ်စေ၊ စစ်ရေးလှုပ်ရှားမှု အကြီးအကျယ် အားကောင်းနေလို့ဖြစ်စေ၊ အမျိုးသမီးတွေရဲ နိုင်ငံရေးဆိုင်ရာပါဝင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို အဟန့်အတားဖြစ်စေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
 
၆။ နိုင်ငံသစ်တည်ဆောက်ရာမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လစ်လျူရှုမှုတွေပပျောက်ဖို့  ပြည့်ပြည့်ဝဝနဲ့ပိုမိုပါဝင်လာစေဖို့ ဘာတွေကိုလုပ်ဆောင်သင့်ပါသလဲ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်မှာ  အမျိုးသမီးများနိုင်ငံရေးပါဝင်မှုအတွက် လမ်းညွှန်မူတွေ ပါဝင်နေ အောင် ထည့်သွင်းရပါမယ်။ ပြည်ထောင်စုအဆင့်၊ ဖက်ဒရယ်ယူနစ်(ပြည်နယ်)အဆင့်တွေမှာ ဒီလမ်းညွှန်မူ တွေ မလွဲမသွေ ပါဝင်အောင် ပြင်ဆင်ထားရပါမယ်။ ပြည်သူလူထုအကြား ပညာပေးမှုတွေကို ကျယ်ကျယ် ပြန့်ပြန့် အခုချိန်ကတည်းကစပြီး လုပ်ဆောင်ထားကြရပါမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကနေတဆင့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးများဦးဆောင်မှုနဲ့ ပါတ်သက်တဲ့မူဝါဒတွေ မလွဲမသွေထားရှိလာအောင် စည်းရုံးလှုံ့ဆော်ရပါမယ်။ အနာဂတ်မှာ ပေါ်ပေါက်လာ မယ့် ကြားကာလအစိုးရဖြစ်စေ၊ အသွင်ကူးပြောင်းရေးကာလအစိုးရဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ဖြစ်စေ အမျိုးသမီးများဦးဆောင်မှုအပေါ် အာမခံမယ့် မူဝါဒနှင့် လုပ်ငန်းစဉ်မရှိသော၊  မည်သည့်အစိုးရမျိုးကိုမှ လက်သင့်မခံဆိုတဲ့ ကြွေးကျော်သံတွေ၊ သတိပေးမှုတွေ၊ ဖော်ထုတ်နေကြဖို့ လိုအပ်ပါတယ်။ အသေးစိတ် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေလည်း အများကြီးရှိပါတယ်။ ဒါတွေကို အခုချိန်ကတည်းက သေသေချာချာ ပြင်ဆင်ထားကြဖို့ အရေးတကြီးလိုအပ်ပါတယ်။
 
၇။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်နဲ့ပါဝင်ခွင့်ရမယ်ဆိုရင် အနာဂတ်မှာ ဘယ်လို အပြောင်းအလဲမျိုးတွေ မြင်တွေ့ရမလဲ။ ဘယ်လိုအကျိူများဖြစ်စေမလဲ။
ကမ္ဘာကြီးမှာ ကျားတွေ၊ မတွေ၊ ကျားမဆိုင်ရာ လိင်သဘောထားရပ်တည်မှု ကွဲပြားသူတွေ စသဖြင့် လူတွေလူတွေ စုပေါင်းနေထိုင်ကြတာဖြစ်ပါတယ်။ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလည်း ဒီလိုပါပဲ။ လူမျိုးတိုင်း၊ ဘာသာတိုင်းကို ကြည့်မယ်ဆိုရင်လည်း ကျားရယ် မရယ်၊ လိင်သဘောထားရပ်တည်မှုကွဲပြားသူတွေရယ် ရှိနေတာဟာ ဖြစ်တည်မှု ဖြစ်ပါတယ်။ ဒီလိုပကတိဖြစ်တည်မှုတွေကို အခြေမခံတဲ့၊ ထည့်သွင်းစဉ်းစားခြင်း မပြုတဲ့ တည်ဆောက်မှုတွေဟာ ခိုင်မာမှုအတွက် အာမခံချက် အလွန်နည်းပါးပါတယ်။ လူတိုင်းလူတိုင်းကို မိမိ နိုင်ငံကောင်းကျိုး၊ ကမ္ဘာကြီးကောင်းကျိုးအတွက် အင်အားရှိသမျှ ပါဝင်ဆောင်ရွက်ခွင့်ရှိအောင် လမ်းဖွင့် ထားပေးရပါမယ်။ နိုင်ငံရေးနိုးကြားသောတိုင်းပြည်နှင့် နိုင်ငံရေးနိုးကြားသော ပြည်သူများအဖြစ်မှ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်လို့ရမှာဖြစ်ပြီး တစု တဖွဲ့ရဲ့နိုင်ငံရေးပါဝင်မှုကို လမ်းပိတ်ထားခဲ့ရင် ဒီအစုအဖွဲ့ရဲ့ နိုင်ငံရေးနိုးကြားမှုကို ပိတ်ပင်ခြင်းပဲဖြစ်ပါမယ်။ နိုင်ငံရေးနိုးကြားမှု အားနည်းတဲ့လူအုပ်စုကြီး ကြီးကြီးမားမားရှိနေပြီဆိုရင် ဒီတိုင်းပြည်ဟာ အာဏာရှင်စနစ်ပုံစံ အမျိုးမျိုးကို ပြန်ပြီးဖိတ်ခေါ်နေတဲ့တိုင်းပြည် အဖြစ်သာ နိဂုံးချုပ်မှာသေချာပါတယ်။
ဒီ Movement ကြီးထဲမှာ ဘယ်အစုအဖွဲ့တွေက ဦးဆောင်မှုနေရာမှာ ရှိနေသလဲ၊ အဲဒီနေရာမှာ အမျိုးသမီးတွေ ဘယ်လောက်ပါဝါရှိနေပြီလဲ စသဖြင့် ဖော်ထုတ်ကြည့်ဖို့လိုအပ်ပါတယ်။
 

"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

​ အက်စတာဇေနော
Kachin Political Interim Coordination Team 
KPICT
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“လူဦးရေရှိသမျှ အကုန်လုံးကို အမျိုးသမီး၊ အမျိုးသားဖြစ်ပါစေ ပြည်သူဖြစ်နေရင် အသုံးချဖို့ သင့်တယ်။ ကျွန်မတို့ကို ခွဲခြားဆက်ဆံနေရင် ကိုယ်တိုင်ရဲ့နစ်နာမှုပဲ ဖြစ်မယ်။ နိုင်ငံသားတွေအားလုံးရဲ့ နစ်နာမှုပဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

လက်ရှိနွေဦးတော်လှန်ရေးကကျွန်မတို့ အနီးခေတ်သမိုင်းမှာဆို အကြီးမားဆုံး ဒုတိယလှိုင်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကြားထဲမှာတော့ တစ်နိုင်ငံလုံးအနှံ နိုင်ငံရေးလှိုင်းတွေရှိခဲ့ပေမယ့် အနီးခေတ်မှာဆို ၈၈ နဲ့ ၂၀၂၁ ရဲ့လှိုင်းကတော့ အမြင့်မားဆုံးလှိုင်းလို့ ပြောလို့ရပါတယ်။ လှည်းနေမြေအောင်းမြင်းဇောင်းမကျန် တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးဖြစ်တယ်။

နောက်ပြီးတော့ ကျွန်မတို့တောင်တန်းမြေပြန့်တွေပါ အတူတူ ဖြတ်သန်းရတဲ့ တော်လှန်ရေးကြီးတစ်ခု ဖြစ်ပါတယ်။ ၈၈ တုန်းက တကယ်ကိုတစ်နိုင်ငံလုံးအနှံ့ အုံကြွ တော်လှန်ခဲ့တယ်ဆိုပေမယ့် တောင်တန်းမြေပြန့်ရဲ့ တကယ့်အနိဌာရုံတွေကို လက်ရှိနွေဦးတော်လှန်ရေး လောက် ထင်ထင်ရှားရှား မမြင်တွေ့ခဲ့ရဘူး။

အချိန်တိုအတွင်းမှာ ပြန်ပြီး ငြိမ်သက်သွားတယ်ဆိုတဲ့အပိုင်း ကဏ္ဍတွေ ရှိတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ ထူးခြားမှုက လူငယ်တွေအများဆုံး ပါဝင်ဦးဆောင်ခဲ့ကြ တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ အဲ့ဟာကပဲ နွေဦးတော်လှန်ရေးက လက်ရှိအချိန်ထိကို တောင့်ခံနိုင်တဲ့ အနေအထားတစ်ခု ဖြစ်နေတယ်။

နောက်ထပ်အချက်က လူထုတစုံလုံးရဲ့ဒီမိုကရေစီဆိုတဲ့အရသာကို ကာလတိုလေး မြည်းစမ်းခွင့်ရလိုက်တာ ကလည်း နွေဦးတော်လှန်ရေးကြီး လက်ရှိအခြေအနေအထိ ရပ်တည်နိုင်တာရဲ့ အကြောင်းတရားတစ်ချက် ဖြစ်ပါတယ်။  ပိတ်မိနေတဲ့အနေအထားကနေ အလင်းရောင်ကို မြင်တွေ့ခဲ့ဖူးတဲ့လူတွေအနေနဲ့ ဒီအလင်းကို မက်မောတယ်။

ဘယ်လောက်ပဲ တိုတောင်းတယ်ဆိုစေဦးတော့ ဘယ်လောက်ပဲ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကိုမခံစားရဘူးဆိုစေဦးတော့ အရင်တုန်းကဘာမှန်းမသိခဲ့တာကနေ နည်းနည်းလေး သိလိုက်ရတဲ့ အခါမှာ ရှိဖူးတော့မှ မရှိခြင်းရဲ့သဘောတရားကို နားလည်တယ်။ အဲ့အတွက်ကြောင့် ဒါကတစ်စုံလုံးကို လက်ရှိအချိန်ထိ တောင့်ခံထားနိုင်တဲ့ အကြောင်းတရား ဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံတကာရဲ့ ကမ္ဘာကရွာ ဖြစ်လာတဲ့အချက်ကလည်း နွေဦးတော်လှန်ရေးကို ပံ့ပိုးပေးနေတာ ဖြစ်တယ်။ ဆက်သွယ်ရေးအပိုင်းမှာ ကျွန်မတို့ပိုပြီးတော့ ချိတ်ဆက်မှုတွေ အားကောင်းလာတယ်။ အားကောင် လာတဲ့အတွက် ယုံကြည်မှုတွေကို အချိန်တိုအတွင်း အကောင်အထည်ဖော်ပြီး အမြန်ဆုံးလုပ်နိုင်တယ်။

ဒီ သုံးချက်ကတော့ နွေဦးတော်လှန်ရေးမှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို လက်ရှိအချိန်ထိတော်လှန်ရေးအားကောင်း ဖို့ ပံ့ပိုးပေးနေတဲ့ အချက်တွေလို့ ကျွန်မမြင်ပါတယ်။ဒီအချက်တွေအပေါ်မှာ မူတည်ပြီးတော့ လက်ရှိ သုံးနှစ်တာကာလမှာ  အားလုံးက တရွေ့ရွေ့နဲ့တော့ တည်ဆောက်နေကြတယ်။

​အားကောင်းတဲ့အချက်တွေ ရှိသလို ကျွန်မတို့သွားသ‌လောက် မရွေ့တဲ့အခင်းအကျင်းတွေလည်း ရှိတယ်။ ဥပမာဆိုရင်  နိုင်ငံအရ နယ်နိမိတ်ချင်း ထိစပ်မယ်လို့ ရွေးချယ်ခွင့် မရတဲ့အချိန်မှာ ကျွန်မတို့က တရုတ်နဲ့ အိန္ဒိယကြားထဲက sandwish ဖြစ်နေတယ်။

ဒါကြောင့် အနောက်နိုင်ငံနဲ့ အားပြိုင်မှုရှိတဲ့ အာရှကနိုင်ငံကြီးတွေနဲ့ အိမ်နီးချင်းဖြစ်နေရခြင်း ကလည်း တော်လှန်ရေးမှာ ထင်သ‌လောက်‌ရှေ့ကိုတိုးလို့မရတဲ့ လုပ်သလောက် အကောင်အထည်မပေါ်လာတဲ့ ဖိအားမျိုးတွေကို ဖြစ်စေတယ်။ နောက်တချက်က ကာလအရှည်ကြာဆုံး စနစ်တကျ အခိုင်အမာတည်ဆောက် နှင့်ပြီးသား စစ်တပ်ရဲ့ institution တွေ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမယ်။

ဒီလိုမျိုး စုဖွဲ့ထားတဲ့ အစုအဖွဲ့ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ချစားမှုတွေ ဘယ်လောက်ပဲရှိနေသည်ဆိုစေဦးတော့ အချိန်တစ်ခုကြာ အချိန်ယူပြီးတော့မှ ဖြိုဖျက်ရတဲ့အပိုင်းတွေ ရှိတယ်။
နိုင်ငံရေးအစုအဖွဲ့တွေအကြား အချိန်ကာလအတော်ကြာ ပျက်စီးနေပြီဖြစ်တဲ့ ယုံကြည်မှုကို အချိန်တိုအတွင်း ပြန်တည်ဆောက်ရတဲ့အခါမှာ တချို့သောအစုအဖွဲ့တွေရဲ့ အဖွဲ့အစည်းအပေါ်မှာ မူတည်ပြီးစဉ်းစားနေတဲ့ အဖွဲ့အစည်းဗဟိုပြု စဉ်းစားနေတဲ့အရာတွေကလည်း ညီညွတ်မှုနဲ့ စည်းလုံးမှုကို တည်ဆောက်တဲ့အခါမှာ အများကြီးအဟန့်အတား ဖြစ်နေပါသေးတယ်။ ဒါတွေက နွေဦးတော်လှန်ရေးရဲ့ အားနည်းချက်၊ အားသာချက် တွေဖြစ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ မြန့်မာ့နိုင်ငံရေးဖြစ်စဉ်မှာ နွေဦးတော်လှန်ရေးကနေတဆင့် ကျွန်မတို့ လိုချင်တဲ့ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ရဖို့ဆိုတဲ့ လက်ရှိအချိန်အထိ  မျှော်လင့်ချက်ရှိတယ်။ ဘာလို့ဆို ကျွန်မတို့ရဲ့ပံ့ပိုးနေတဲ့အချက်တွေကလည်း အားကောင်းတဲ့အချက်တွေ ဖြစ်သလို ကျွန်မတို့ကို အနှောင့် အယှက်ဖြစ်စေတဲ့အရာတွေကလည်း တဖြေးဖြေးနဲ့ပြေလည်လာပြီဆိုတာကို မြင်တွေ့နိုင်ပါတယ်။
 
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
နိုင်ငံတစ်ခုလို့ပြောတဲ့အခါမှာ အဓိကအရေးကြီးတာတွေက အချုပ်အခြာအာဏာ၊ နယ်မြေ၊ ပြည်သူ၊ အစိုးရ က အခြေခံဖြစ်ပါတယ်။ ကြုံလာတဲ့အတွေ့အကြုံတွေ၊ လက်ရှိရှိနေတဲ့ အနေအထားတွေ၊ ရှေ့နိုင်ငံရေးအတွက် သူတို့ရဲ့နေထိုင်ရပ်တည်ရေးအတွက် မျှော်လင့်ချက်တွေ၊ ဒီအပေါ်တွေမှာမူတည်ပြီးတော့မှ တည်ဆောက်ဖို့ လိုပါတယ်။ စံတန်ဖိုးတွေနဲ့ အခြေခံမူတွေကို ပြည်သူရဲ့လိုအပ်ချက်အပေါ်မှာ အဓိကမူတည်ရမယ်။ မြန်မာနိုင်ငံရဲ့အနေအထားအနေနဲ့ကြည့်ရမယ်ဆိုရင် အဓိကအရေးကြီးနေတာက အဖိနှိပ်ခံတွေ တစ်ဦးနဲ့ တစ်ဦး ရပ်တည်ပေးကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်မျိုးက လိုအပ်ပါတယ်။ ဒါအတွက် စံတန်ဖိုးလို့ ပြောမယ် ဆိုရင် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု ဒီအချက်ငါးချက်ကတော့ အဓိကကျတဲ့ အချက်ဖြစ်မယ်။ ပြည်သူတွေရဲ့အားလုံးရဲ့ထောက်ခံမှု၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစုအဖွဲ့တွေရဲ့ လိုအပ်ချက်၊ လိုလားချက်အပေါ်မှာ ပြန်ပြီး တည်‌ဆောက်ရမယ်လို့ ယုံကြည်ပါတယ်။

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
ပဋိပက္ခတစ်ခုမှာ အမျိုးသမီးနဲ့ အမျိုးသားယှဉ်ရင် အမျိုးသားကတော့ ပိုပြီးတော့မှ အသက်ဆုံးရှုံးကြတဲ့  ပမာဏများတယ် ဆိုတာတွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားတွေရဲ့လူဦးရေ ရာခိုင်နှုန်းက သိသိသာသာ လျော့ကျသွားနိုင်တယ်ဆိုတာကို ကျွန်မတို့ ဒီအချက်အလက်တွေကြည့်ပြီး မှန်းဆလို့ရနိုင်တယ်။ နဂိုကတည်း က အမျိုးသမီးရာခိုင်နှုန်းများနေတဲ့နေရာမှာ ဒီရာခိုင်နှုန်းကို ကျွန်မတို့ကအသုံးမပြုဘူးဆိုရင် နိုင်ငံအတွက် အင်မတန်ကို ဆုံးရှုံးမှုဖြစ်တယ်။ အမျိုးသမီးမို့လို့ နေရာပေးရမယ်ဆိုတာမျိုးထက် ကျွန်မဒီမှာ highlight လုပ်ချင်တာက လူဦးရေရှိသမျှ အကုန်လုံးကို အမျိုးသမီး၊ အမျိုးသားဖြစ်ပါစေ ပြည်သူဖြစ်နေရင် အသုံးချဖို့ သင့်တယ်။ ကျွန်မတို့ကို ခွဲခြားဆက်ဆံနေရင် ကိုယ်တိုင်ရဲ့နစ်နာမှုပဲ ဖြစ်မယ်။ နိုင်ငံသားတွေအားလုံးရဲ့ နစ်နာမှုပဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ စုံလင်ကွဲပြားမှုက အရေးကြီးကြောင်း ပြသနေတဲ့ သုတေသနတွေ လည်း အများကြီးရှိခဲ့တယ်။
အမျိုးသမီးတွေအနေနဲ့ ယေဘုယျအားဖြင့်ဆိုရင် ပိုပြီးတော့မှ အသေးစိတ်ကျတဲ့ ရှုမြင်မှုတွေ ရှိတယ်။ အမြင်တွေ ရှိတယ်။ အဓိကကတော့ ပိုအသေးစိတ်ကျတဲ့အမြင်နဲ့ ဆုံးဖြတ်မှုတွေပေါ့။ နိုင်ငံတစ်နိုင်ငံမှာဆိုရင် ဘယ်လောက်ပဲ နိုင်ငံနဲ့ချီပြီး ပြောသည်ဖြစ်ပါစေဦးတော့ ပြောင်းလဲမှုတွေက မိသားစုတွေကနေ လာပါတယ်။ အိမ်ထောင်စု၊ မိသားစုတစ်ခုမှာ အမျိုးသမီးတွေက အဓိကစီမံခန့်ခွဲတဲ့အပိုင်းကို တာဝန်ယူကြပါတယ်။ အဓိကအနေနဲ့လုပ်နေကြတဲ့အမျိုးသမီးတွေရဲ့ ကဏ္ဍသာမပါဘူးဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆောက်ရေးမှာ အခြေခိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုးသုံးနှစ်တာကာလကို ကျော်ဖြတ်လာပြီဖြစ်တဲ့ အတွက်ကြောင့် အမျိုးသား တွေဟာ အမျိုးသမီးတွေနဲ့တန်းတူ ဘယ်လောက်အထိ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်လဲဆိုတာ လက်တွေ့ မှာ မြင်နေရပြီ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့် ကန့်သတ်ထားတာမျိုး မဟုတ်ပဲနဲ့ လုပ်နိုင်ရည် ရှိတဲ့အရည်အချင်းနဲ့ အစွမ်းအစပေါ်မှာ ယုံကြည်မှုပေးပြီးတော့ တကယ့်လက်တွေ့အသုံးပြုနိုင်ဖို့ အသုံးချနိုင်ဖို့ လိုပါတယ်။
 
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
တော်လှန်ရေး သုံးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေလုပ်နိုင်စွမ်းရည်ကို တော်တော်များများ မြင်လာကြ တယ်၊ ယုံကြည်မှုရှိလာကြတယ် ဆိုတဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု၊ နိုင်ငံရေးဆိုင်ရာမှာ ဆုံးဖြတ်ပိုင်ခွင့် အရင်ကထက် ပိုတဲ့အနေအထားတစ်ခုကို တွေ့လာရပါတယ်။ သို့ပေမယ့်လို့လည်း ပမာဏ အနေနဲ့ဆို တော်တော်လေး နည်းနေသေးတယ်လို့ ပြောရမှာ ဖြစ်ပါမယ်။ ဒီနွေဦးတော်လှန်ရေးက စစ်အုပ်စု ပြုတ်ကျဖို့ပဲ မဟုတ်ဘူး။ အမျိုးသမီးတွေ လူလူချင်းတန်းတူညီမျှ မဆက်ဆံပဲနဲ့ ဖိုဝါဒစွဲအယူဝါဒတွေ ကလည်း ဖက်စစ်ဝါဒရဲ့အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ  ကျွန်မတို့အနေနဲ့ သတိရဖို့ လိုပါတယ်။ လက်ရှိမှာ ကိုတာအနေနဲ့ ပါဝင်လာတဲ့ အမျိုးသမီးတွေတောင် အများအားဖြင့် တကယ့်ဆုံးဖြတ်ချက်ချရတဲ့စီနီယာတန်းမှာ မဟုတ် ကြသေးဘူး။
လက်ရှိအမျိုးသမီးတွေကလည်း ကြိုးစားနေကြတယ် ပါဝင်နေကြတဲ့နည်းတူ သူ့ရဲ့ အရည်အချင်းနဲ့ စွမ်းရည် အပေါ်မှာ မူတည်ပြီးတော့မှ ကန့်သတ်မှုမထားပဲနဲ့ နေရာပေးဖို့အတွက်ကတော့ ဆက်လုပ်ရမယ့်အပိုင်း ကဏ္ဍ ဖြစ်နေသေးတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှား တွေ့နေရပြီလဲ ဆိုရင်တော့ အလယ်အလတ်တန်း ဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာ၊ ပေါ်လစီအရ ဆုံးဖြတ်ချက်ချ ရတယ်ဆိုတဲ့နေရာမှာ ပါဝင်နေတာမျိုးရှိသလို အမျိုးသမီးအများစုပါဝင်နေရတဲ့အရာက ရုံးပိုင်းဆိုင်ရာတွေ ထောက်ပို့ကဏ္ဍတွေ၊ ဆေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေ၊ ပညာရေးကဏ္ဍတွေမှာဆိုရင်တော့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရင်ကထက် တော်တော်လေး သိသိသာသာ အများကြီး ထင်ရှားလာတယ်လို့ မြင်ရတယ်။ အထူးသဖြင့်တော့ ရုံးပိုင်းဆိုင်ရာတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ပါဝင်မှုက အရင်ကထက်စာရင် အင်မတန်မှ အများကြီး တိုးတက်သွားတယ်။
 
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ လူတွေရဲ့ဖြတ်သန်းမှုအပေါ်လည်း အများကြီးဆိုင်တယ်။ ဒီအပေါ်တွေမှာ မူတည်ပြီးတော့မှ လူ့ရဲ့အသိုင်းအဝိုင်းက သူ့ရဲ့လက်ခံတဲ့ တန်ဖိုးထားမှု၊ စံတန်ဖိုးတွေကလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဒီမိုကရေစီခေတ်ပြောင်းတစ်ခုမှာ ဒါတွေကို အချိန်အတိုင်းအတာတစ်ခု ချိုးဖျက်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် အရှိန်ရခါနီးလေးမှာပဲ အာဏာသိမ်းတာနဲ့ ဖြစ်သွားတဲ့အခါမှာ တကယ့်ခေတ်ပြောင်း၊ စနစ်‌ပြောင်းပုံစံမျိုးက အကောင်အထည်မဖော်ခဲ့ရဘူး။ နွေဦးတော်လှန်ရေးမှာ မပြောင်းလဲနိုင်ခဲ့သေးသော ယဥ်ကျေးမူအမွေအနှစ်ဆိုးတွေကို ဖြတ်တောက်ဖို့လိုပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ ဖြတ်တောက်မှပဲ ကျွန်မတို့ရဲ့အခွင့်အရေး တန်းတူညီမျှမှုတွေက အမျိုးသမီး၊ အမျိုးသားတင်မဟုတ်ဘူး။ လူမျိုးရေး၊ ဘာသာရေး အပေါ် အခြေခံတဲ့ အခြားသော မတူကွဲပြားမှုတွေအပေါ်မှာ အခြေခံတဲ့အရာတွေက ပြောင်းလဲလာမှာဖြစ်ပါ တယ်။ နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့ဆုံးဖြတ်နိုင်ခွင့်ကို သမိုင်းနဲ့ချီတဲ့ လူ့အဖွဲ့အစည်းထဲမှာ တည်ဆောက်လာခဲ့တဲ့ စံတန်ဖိုးတွေက တစ်ဆင့်လည်း အကန့်အသတ် ဖြစ်စေပါတယ်။ ဒီစံတန်ဖိုးတွေအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်မတို့ရဲ့တစ်ဘဝလုံးမှာ ဆုံးဖြတ်ချက်ချတာတွေ၊ ဘဝနေနည်းတွေကို သတ်မှတ်ခဲ့ကြပါတယ်။
အမျိုးသမီးနဲ့အမျိုးသားဖြစ်တည်မှုအပေါ်မှာ မူတည်ပြီးတော့မှ သူ့ရဲ့စွမ်းရည်ကို ပြောင်မြောက်အောင် သွေးနိုင် တဲ့ ကွာဟမှုတွေရှိတဲ့အခါမှာ ပါဝင်လာနိုင်မှုအတွက် ထိခိုက်လာတယ်။ အရည်အချင်းမရှိဘူး ဆိုတဲ့ခေါင်းစဉ် အောက်မှာ ပါဝင်မှုကို ကန့်သတ်လာတယ်။ ဒီလိုပါဝင်မှုမရှိလာတဲ့အတွက် ဆုံးဖြတ်မှုက ပိုပြီးတော့ ဝေးကွာ သွားတယ်။ ဒါ့ပြင် စနစ်အရဆိုလည်း ဘယ်ရာထူးမှာ အမျိုးသားမှ ဆိုတဲ့ကန့်သတ်ထားမှုတွေက စနစ်အရ ကန့်သတ်ထားတဲ့အကြောင်းအရာတွေ ဖြစ်တယ်။ နံပါတ်သုံးကကျတော့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ ကျား၊မ ရေးရာပေါ်မှာမြင်တဲ့ ရှုမြင်မှု၊ သိနားလည်မှု နဲ့ ဆိုင်ပါတယ်။ လူကိုလူလို့ မမြင်တော့ပဲနဲ့ သူ့ရဲ့မတူကွဲပြားမှု တွေမှာ တံဆိပ်ကပ်ပြီး မြင်လာတဲ့ရှုထောင့်မျိုးတွေ ဒါတွေကပဲ ကျွန်မတို့အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အများကြီး အဟန့်အတားဖြစ်စေတဲ့ အကြောင်းအရာမျိုးတွေ ဖြစ်ပါတယ်။
 
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အခုလက်ရှိလုပ်ရမှာက အမျိုးသမီးတွေရဲ့ လက်ရှိပါဝင်မှုကို အသိအမှတ်ပြုပြီးတော့ လက်ခံတတ်အောင် စိတ်နေသဘောထားတွေကို ပြောင်းလဲပစ်ဖို့အတွက် အင်မတန်အရေးကြီးပါတယ်။ အခုချိန်မှာကတော့ လူဦးရေအရ အမျိုးသမီးတွေက မပါလို့မရဘူး။ မလုပ်လို့မရဘူး လက်ခံထားတယ်ဆိုတဲ့လူတွေလည်း ရှိကောင်းရှိပေမဲ့ အချိန်တစ်ခုရောက်သွားတဲ့အခါမှာ အမျိုးသားကို ပိုပြီးဦးစားပေးတယ်ဆိုတဲ့ပုံစံမျိုးတော့ ကျွန်မတို့ ပြန်ပြီးပြောင်းလဲမသွားဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ မြင်နေရသလိုမျိုး လုပ်နိုင်တဲ့အမျိုးသမီးတွေ၊ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ တကယ်ရဲရဲတောက် အစွမ်းရှိတဲ့ အမျိုးသမီးတွေရဲ့စွမ်းအင်ကို လက်ခံ ပြီးတော့ နောက်ပြောင်းလဲမဲ့အနာဂတ်မှာလည်း ဒီလူသားအရင်းမြစ်ကို ဆက်လက်အသုံးပြုသွားဖို့အတွက်ကို ကျွန်မတို့သတ္တိရှိဖို့ လိုတယ်။ အခွင့်အရေးပေးဖို့ လိုတယ်။ အားလုံးရဲ့ စိတ်ထဲမှာလည်း အမြဲယုံကြည်ထားဖို့ လိုတယ်။
အမျိုးသမီးတွေ၊ ဂျဲန်ဒါနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့အရာတွေမှာ ဘယ်လိုမျိုး နားလည်ပြီးတော့မှ ဘယ်လို တန်ဖိုးထားမှုတွေကို တည်ဆောက်သင့်သလဲဆိုတဲ့ဟာမျိုး ဒါတွေနဲ့ပတ်သက်တဲ့ အသိပညာတွေကို အခြေခံ ရှိထားတဲ့လူတွေအနေနဲ့ အချိန်တိုအတွင်း သဘောပေါက်သွားမယ့် သင်တန်းလိုမျိုးတွေ၊ ဟောပြောပွဲ လိုမျိုးတွေ informal၊ non-formal education တွေ ပြုလုပ်မှသာ လူ့အဖွဲ့အစည်းနဲ့ အသားကျနေတဲ့ အယူအဆအလွဲတွေကို အမြန်ဆုံး ပြန်ပြီးတော့မှ ပြုပြင်နိုင်မယ်။ ဒါ့ပြင် ပညာရေးသင်ရိုးမှာလည်း ထည့်သွင်း ပြီးတော့မှ ရေးဆွဲဖို့လိုတယ်။ မတူကွဲပြားတဲ့အရာအားလုံးကို ဘယ်လိုမျိုး ပေါင်းစည်းရမယ်ဆိုတဲ့ သဘော တရားရေးရာကို နားလည်မယ်ဆိုရင် ဂျဲန်ဒါဆိုတဲ့အတွေးအခေါ်က အဲ့လောက်ကြီး မခက်ခဲဘူး။ အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီး နောက်ထပ်တချက်က conflict တွေကို sensitivity ရှိဖို့ အလေးထားဖို့ လိုပါတယ်။ သာမာန်ပြည်သူလူထုတွေ သာမာန်ပြည်သူလူထုလို့ပြောတဲ့အခါမှာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူတွေပါမယ်။ စိတ်မဝင်စားတဲ့လူတွေ ရှိမယ်။ ဒါကြောင့် ပုံမှန်ပြည်သူအားလုံးကို ခြုံငုံပြီး အသိပညာပေးဖို့ လိုပါတယ်။  နိုင်ငံရေးအရ ဦးစီးတဲ့ NUG အနေနဲ့ အစိုးရတစ်ရပ်ရဲ့ဝန်ကြီးဌာနအသီးသီးမှာ အမျိုးသမီးတွေ ရဲ့ပါဝင်မှုကို လေးစားပြီး အမြဲထည့်သွင်းလုပ်ဆောင်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်စုံလုံး အချိန်တိုအတွင်း အမြန်ဆုံးလျစ်လျူရှုမှု ပပျောက်ဖို့နဲ့ ပြည့်ပြည့်ဝဝပါဝင်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
လူ့အဖွဲ့အစည်းမှာ အမျိုးသမီးလို့ လိင်အရသတ်မှတ်ခံရတဲ့သူတွေအနေနဲ့ ပါဝင်မှုကို ကန့်သတ်လိုက်မယ်ဆိုရင် အားလုံးအတွက် နစ်နာမှုပဲ။ အမျိုးသားတွေအနေနဲ့ သတိပြုရမှာက ကိုယ့်ရဲ့မဟာအမျိုးသားဝါဒကပဲ အမျိုးသားတွေကို ပင်ပန်းစေတဲ့အချက်တွေဖြစ်တယ်ဆိုတာကို မြင်ဖို့လိုပါတယ်။ အားလုံး နိုင်ငံတစ်နိုင်ငံကို တည်ထောင်တဲ့နေရာမှာ အမျိုးသား၊ အမျိုးသမီး မခွဲခြားနေပဲနဲ့ ဒီနိုင်ငံရဲ့ ပြည်သူပြည်သားတွေအနေနဲ့ နိုင်တဲ့ဝန်ကိုထမ်းကြဖို့ တကယ့်အခွင့်အရေးကြိုးစားတဲ့သူ တကယ်စွမ်းရည်ရှိတဲ့သူတွေကို အားလုံးပါဝင်ကြဖို့ အတွက် အခွင့်အရေးပေးမယ်ဆို အားလုံးအတွက် အကျိုးရှိတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ လည်း ဒါကို မြင်ဖို့လိုပါတယ်။ လူ့အဖွဲ့အစည်းကသတ်မှတ်ထားတဲ့ စံတွေကြားထဲမှာ အမျိုးသမီးတွေကိုယ်တိုင် ကလည်း တခါတလေကျရင် အမျိုးသားဦးဆောင်မှ သဘောကျတယ်ဆိုတဲ့ အနေအထားမျိုး ရှိတာပေါ့နော်။ မသိစိတ်မှာ လွှမ်းမိုးနေတဲ့အရာတွေ ဖြစ်ကောင်းဖြစ်ပေမယ့် ဒီလိုအရာတွေကို အမျိုးသမီးတွေကိုယ်တိုင် မြင်ပြီးတော့ ပြည်သူအားလုံးရဲ့ ကလေးလူကြီး မခွဲခြားနေပဲနဲ့ နိုင်ရာဝန်ထမ်းပြီး၊ ဆောင်ရွက်ကြမယ်ဆိုရင် ပျက်စီးပြိုယွင်းနေတဲ့ ပင်ပန်းနေတဲ့နိုင်ငံတော်ကို ပြန်ပြီးတည်ဆောက်ရာမှာ အမြန်ဆုံးအကောင်အထည် ဖော်နိုင်လိမ့်မယ်။ ပိုပြီးတော့မှ ထင်ရှားတဲ့အပြောင်းအလဲတွေကို ကျွန်မတို့မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
 
၈။ ဖြည့်စွက်ချက်။ 

မြန်မာနိုင်ငံရဲ့အနေအထားနဲ့ဆိုရင် အဓိကအရေးကြီးတာက အဖိနှိပ်ခံတွေ
တစ်ဦးနဲ့ တစ်ဦး ရပ်တည်ပေးကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်မျိုးက လိုအပ်ပါတယ်။
 

အမျိုးသမီးတွေအနေနဲ့ တဦးနဲ့တစ်ဦး ပံ့ပိုးကြဖို့အတွက် အများကြီးလိုအပ်နေသေးတယ်။ မြန်မာ့လူ့အဖွဲ့ အစည်းမှာ ကျား၊ မ တန်းတူမညီမျှမှုက လက်ရှိအချိန်ထိ တင်းပြည့်ကျပ်ပြည့်မရသေးတဲ့အချိန်ဖြစ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး ဖေးမပြီးတော့ ပိုပြီးတော့မှ ပတ်ဝန်းကျင်ရဲ့ တန်ဖိုးထားမှု၊ စံတန်ဖိုးတွေကြောင့် ကျွန်မတို့ရဲ့အရည်အချင်းတွေ ကန့်သတ်ခံခဲ့ရတာတွေကို တွန်းလှန်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်  ပံ့ပိုးပေးရင်းနဲ့ အရည်အချင်းရှိတဲ့လူတွေ ပြောင်မြောက်လာအောင် အစွမ်းပြ နေပြီးသားလူတွေ ပိုပြီးတော့ လုပ်နိုင်ခွင့်၊ လုပ်ပိုင်ခွင့်အခွင့်အရေးတွေ တန်းတူညီမျှမှုရှိလာအောင် နိုင်ငံ တည်ဆောကတဲ့နေရာမှာ အတူတကွပါဝင်သွားကြရအောင် ကိုယ့်ကိုကိုယ်လည်း မကန့်သတ်ထားဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

နာင်းအိသီရိ
အလုပ်အမှုဆောင်
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
 


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“ကျွန်မတို့ရဲ့ အနာဂတ်၊ ကံကြမ္မာ၊ ဆုံးဖြတ်ပိုင်ခွင့်တွေဟာ အခြားသူတွေဆီက တောင်းခံရမှာ မဟုတ်ဘဲ ကျွန်မတို့ ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ကျွန်မတို့ လုပ်ဆောင်ရမှာတွေကို မလုပ်ရင် ကျွန်မတို့ကို အခြားက ဝင်ဆုံးဖြတ်လုပ်ဆောင်သွားပါလိမ့်မယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

ကိုလိုနီခေတ် လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက စပြီး အာဏာရှင်စနစ်က ပုံစံအမျိုးမျိုးနဲ့ တည်ရှိခဲ့တယ်။  ဗမာပြည်နိုင်ငံရေးမှာ စစ်တပ်ဟာ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုးခဲ့ပြီး ဖက်ဆစ်လက္ခဏာတွေ ဖြစ်တဲ့ လူမျိုးစုဒေသတွေမှာ ထိုးစစ်ဆင်မှုတွေ၊ နယ်မြေရှင်းလင်းရေးဆိုပြီး မတရားဖမ်းဆီး သတ်ဖြတ်မှုတွေ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ စသဖြင့် လုပ်ခဲ့တယ်။ ဒီအာဏာရှင်ဖက်ဆစ်စစ်တပ်ကို ကျွန်မတို့ရဲ့ နောင်တော်မျိုးဆက်အသီးသီးက အစဉ်တစိုက် တော်လှန်ခဲ့ကြတယ်။

အခု လက်ရှိနွေဦးတော် လှန်ရေးဟာ တကျော့ပြန် အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာရပြီး ဒီတော်လှန်ရေးဟာ ကျွန်မတို့ရဲ့ နောင်တော်မျိုးဆက်တွေရဲ့  သမိုင်းပေးအမွေတခုဖြစ်တဲ့ တော်လှန်ရေးအဆက်ပဲ ဖြစ်တယ်။ ဒီနွေဦးတော်လှန် ရေးဟာ စစ်တပ်ရဲ့ နောက်ဆုံးနိဂုံးချုပ် တော်လှန်ရေးတရပ် ဖြစ်လိမ့်မယ်။ ပြည်သူလုထု တရပ်လုံးကလည်း ကျရာနေရာကနေ ကဏ္ဍအသီးသီးလိုက်ကို ကိုယ်နိုင်တဲ့ရှုထောင့်ကနေ ပါဝင်နေကြတာကို တွေ့ရတယ်။

လူထု တရပ်လုံး လှုပ်ရှားမှုကနေ ကျွန်မတို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အထိကို လျှောက်နိုင်ခဲ့ကြတယ်။ နောက် ရင်ကြားစေ့ရေး ပြတ်သုဉ်းသွားသည်အထိ သွားနိုင်ခဲ့ကြတယ်ပေါ့။

ဒီ ၂၀၂၁ အာဏာသိမ်းပြီးမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ အိုးအိမ်နေအိမ်ဖျက်ဆီး မီးရှို့၊ ပြည်သူတွေကို ပေါ်ပေါ်ထင်ထင်  သတ်ဖြတ်မှု တွေကို နေရာမျိုးစုံ၊ အခြေအနေမျိုးစုံမှာ ခြွင်းချက်မရှိ ပြောင်ကျကျ ဖက်ဆစ်စရိုက်ကို တွေ့မြင်လာရတာ တွေဟာ တလျှောက်လုံး အမှောင်ချထားခံရတဲ့ ပြည်သူလူထုဟာ ဒီအချိန်မှာ စစ်တပ်ဟာ ဘာလဲဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်လာရစေတာပဲ ဖြစ်တယ်။

ကျွန်မတို့ မွေးလာကတည်းက ကြီးပျင်းလာတဲ့ကာလ တလျှောက်လုံးက ဖိနှိပ်မှုတွေနဲ့ စနစ်တကျဘောင်ထဲမှာ ကြီးပျင်းလာခဲ့ရတယ်။ စစ်ဝါဒမှိုင်းတွေဟာလည်း ကျွန်မတို့ နေ့စဉ်လူနေမှုဘဝမှာလည်း သာမန်လို့ထင်ရအောင် စနစ်တကျနဲ့ စိမ့်ဝင်တည်ရှိနေတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ ကျွန်မတို့ဟာ ကိုယ့်အသက်တောင် ကိုယ်မပိုင်ပါဘူး။ စစ်အာဏာရှင်စနစ်အောက် မှာ ဘာမှလည်း မျှော်လင့်နေလို့ မရဘူး။ ကျွန်မတို့ဟာ စစ်တပ်ပြုတ်ကျသွားလည်း စစ် (၃) စစ်ဖြစ်တဲ့ ဖိနှိပ်ရေး ယန္တရားကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဒီစနစ်ထဲ ထပ်ပြီး လည်နေမှာပဲ ဖြစ်တယ်။ 

ဒီစနစ် စက်ဝန်းရဲ့အ​တွေးအ​ခေါ်တစ်ခုခုကို လက်ခံမိတာနဲ့ ဒီဖိနှိပ်မှုစနစ်ကြီးကို အ​ထောက်အပံ့ပြုနေမှာပဲ ဖြစ်တယ်။  ကျွန်မတို့ဟာ စစ်ဝါဒကို​ တော်လှန်​ရေးမှာ မသိသာတဲ့ဖိနှိပ်မှုတစ်ခုလို့ ပြောလို့ မရပါဘူး။ ဒီလို စစ်အာဏာရှင်စနစ် စစ်ဝါဒရဲ့ အဓိကထောက်တိုင် လက္ခဏာတွေ ဖြစ်တဲ့ လိင်၊ လူတန်းစား၊ လူမျိုး၊ ဘာသာ စတဲ့ အခြေပြုဖိနှိပ်မှုတွေကိုပါ တပါတည်းအမြစ်ဖြတ် တော်လှန်ရမှာပဲ ဖြစ်တယ်။

ဒါမှမဟုတ်ရင် ကျွန်မတို့ လူ့အဖွဲ့အစည်းဟာ စစ်တပ်ပြုတ် ကျသွားလည်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားလည်း ဖိနှိပ်မှုက ဆက်ရှိနေမှာပဲ ဖြစ်တယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်က စစ်တပ် စစ်အာဏာရှင်စနစ်ဖြစ်တဲ့ ဘုံရန်သူကို တိုက်တာထက်  စနစ်ကြီးတခုလုံးကို တိုက်နေတာပဲ ဖြစ်တယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည် ဆောက်သင့်ပါသလဲ။

အဓိကက နိုင်ငံတခု တည်ဆောက်ရာမှာ နံပါတ် ၁ ချက်က လူတဦးတယောက်ရဲ့ မွေးရာပါ ရကို ရရမယ့် အခြေခံလူ့အခွင့်အရေးစံနှုန်းရှိဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရှင်သန်ခွင့်၊ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုတွေပေါ့။ ဒါပေမဲ့ တခုရှိတာက ကျွန်မတို့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိပေမဲ့ ကျွန်မတို့က တဦး၊ တယောက် ပတ်ဝန်းကျင်ကို မထိခိုက်မိစေဖို့ လိုတယ်။

မတူကွဲပြားမှု၊ အတွေးအခေါ်မျိုးစုံကို နားလည်သည်းခံနိုင်ဖို့ လိုမယ်။ ဆွေးနွေးငြင်းခုံရတာလည်း ဒါက ကောင်းမွန်တဲ့ အချက် ပေါ့။ ကျွန်မတို့ နိုင်ငံမှာ လူမျိုးပေါင်းစုံရှိတော့ လူနည်းစုက လူများစုရဲ့ သဘောဆန္ဒကို လိုက်နာရမှာထက် လူနည်းစုတွေရဲ့ အခွင့်အရေးကို ရအောင်ကာကွယ်လေးစားဦးစားပေးရမှာပဲ ဖြစ်တယ်။

လူ့အဖွဲ့အစည်းထဲမှာ တဦးတယောက်ရဲ့ ရသင့်ရထိုက်တာတွေကို မကျန်ခဲ့စေဖို့ လိုတယ်။ ဒါက အရေးကြီးဆုံးပဲ။ နောက်တချက်က ကျွန်မတို့က ကျား၊ မ၊ အခြား လို့ ခွဲရမှာ မဟုတ်ဘဲ လူသားတိုင်းကို လူလို့ မြင်နိုင်ဖို့ကလည်း ပိုပြီး အရေးကြီးတယ်။ လူ လူချင်း ကျွန်ပြုတဲ့စနစ်တွေ၊ ဖိနှိပ်မှုယန္တရားတွေ၊ အတွေးအခေါ်ဟောင်း၊ အယူအဆ ဟောင်းတွေ ကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ လိုတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

လူတိုင်းမှာ မတူညီတဲ့ တွေးခေါ်မျှော်မြင်မှုတွေ ရှိတယ်။ အမြင်စုံလင်မှုတွေ ပါဝင်နိုင်ဖို့က အရမ်းအရေးကြီး တယ်။ ဒီထဲမှာမှ ကျွန်မတို့ အမျိုးသမီးတွေနဲ့ LGBTQ တွေရဲ့ စကားသံတွေဟာ  ဘယ်တုန်းကမှ မပါဝင်ခဲ့နိုင်ဘူး။ ကျွန်မတို့ ပြည်သူတွေ အားလုံးဟာ ဖိနှိပ်ခံရချင်း တူရင်တောင် အမျိုးသမီးတွေနဲ့ LGBTQ ‌တွေဟာ အဲ့ဒီတူညီတဲ့ ဖိနှိပ်ပေါ်မှာမှ ရိုးရာဓလေ့ယဉ်ကျေးမှုအဟောင်း၊ အစဉ်အလာဟောင်း၊  ဖိုဝါဒကြီးစိုးတဲ့ စနစ် ကျားစံပြုဝါဒ စတဲ့ ဖိနှိပ်မှုတွေပါ ထပ်မံ ဖိနှိပ်ခံနေရတာ ဖြစ်တယ်။

ဒါကြောင့် ကျွန်မတို့အပေါ်မှာ ဖိနှိပ်နေတဲ့ အရာတွေကို ကိုယ်တိုင်ချိုးဖျက်ပြီး ကျွန်မတို့ရဲ့ အတွေးအခေါ်၊ အမြင်တွေကို ပြသရလိမ့်မယ်။ နိုင်ငံရေးမှာ ကျွန်မတို့မပါဝင်အောင် တားဆီးနေတဲ့ ဒီအတွေးအခေါ်ဟောင်းတွေနဲ့ စနစ်ကြီးက စနစ်တကျ ဘောင်သွင်းခဲ့ တာကြောင့် ကိုယ်ကိုယ်တိုင် လက်ခံမိနေရင်တောင် အခုချိန်မှာ ထိုးထွက်ပြီး ကဏ္ဍအသီးသီးမှာ ပါဝင်လှုပ်ရှား ပြီး လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်ကြဖို့ လိုတယ်။

နိုင်ငံရေးမှာ အမျိုးသမီးတွေသာ ပါဝင်ရမှာ မဟုတ်ဘဲ LGBTQ တွေပါ ပါဝင်ရမယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့က လူ့အဖွဲ့အစည်း ထဲမှာ နေထိုင်နေတဲ့ လူသားတွေ ဖြစ်နေလို့ပဲ။ နိုင်ငံရေးမှာ ကျွန်မတို့ အမျိုးသမီးတွေ LGBTQ တွေကို ဖယ်ထားရင်၊ ပါမလာခဲ့ရင်၊ ပါဝင်ဖို့အတွက် အဟန့်အတားတွေ ဖြစ်နေရင်၊ မဖန်တီးနိုင်ရင် ကျွန်မတို့ရဲ့ အနာဂတ်ကို ဖယ်ရှားတာနဲ့ အတူတူပဲ ဖြစ်တယ်။

ဒီလူ့အဖွဲ့အစည်းဟာလည်း တရားမျှတမှု မရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်သလို၊ ဒီလူ့အဖွဲ့အစည်း တိုးတက်ဖို့လည်း  အခက်တွေ့စေလိမ့်မယ်။ ဒါ့ကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ အရေးကြီးလား၊ အရေးမကြီးဘူးလား ဆိုတဲ့ ပြောနေ၊ ဆွေးနွေးနေတာကို ချိုးဖျက်လိုက်ပြီးသားဖြစ်တယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

ကျွန်မအနေနဲ့ ပြောရရင် ကျွန်မတို့တွေ အခုထိ ပါဝင်ဆုံးဖြတ်ခွင့်တွေက မရှိသေးဘူး။ နည်းနေသေးတယ်လို့ မြင်တယ်။ ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်မှာ ကျွန်မတို့ အဖိနှိပ်ခံအုပ်စုတွေဖြစ်တဲ့ အမျိုးသမီး LGBTQ နဲ့ ကျောမွဲ၊ ရိုဟင်ဂျာတွေဟာ ကျွန်မတို့ရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေ၊ အမြင်တွေကို ရဲရဲထင်ထင် ပြောဆို ပါဝင်လာနိုင်တယ်။

ဒီနိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ တော်လှန်ရေးလုပ်ငန်းစဉ်မှာလည်း ထဲထဲဝင်ဝင် လုပ်ဆောင်လာနိုင်တာ တွေ့ရတယ်။ စုဖွဲ့မှုလည်း အားကောင်းလာပြီး အရင်ကထက် ပိုပြီး စုစည်းမိလာတယ်။ ဒါက ကျွန်မတို့ရဲ့ အားသာမှုတခုပဲ ဖြစ်တယ်။ ကျွန်မတို့က ကျွန်မတို့ရဲ့ အဆုံးအဖြတ်တွေကို သူများဆီက တောင်းခံရတာမျိုးမဟုတ်ဘဲ ကျွန်မတို့ကိုယ်တိုင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အနာဂတ်ကို ထုဆစ်ရမှာ ဖြစ်တယ်။

နောက်တခုက တလျှောက်လုံးမှာ ကျွန်မတို့ အမျိုးသမီး ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ လက်ခံလိုက်မိတဲ့ အရာတခု ရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင် ကျွန်မတို့ ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်ကို ပေထရီအာခီ လူ့အဖွဲ့အစည်း ဆီကနေ တောင်းနေတာပဲ။ ဥပဒေအရ ပြဌာန်းပေးဖို့တွေ၊ ဘယ်လောက်ရာခိုင်နှုန်း ပါဖို့တွေက အဓိပ္ပာယ် ရှိမနေဘူး။

ကျွန်မတို့က ဘာကြောင့် တောင်းနေရမှာလဲ။ ကျွန်မတို့ကို ကျွန်မတို့ ကိုယ်တိုင် ဒုတိယတန်းစားလို့ သတ်မှတ်လိုက်တာပဲ ဖြစ်တယ်။ ရာခိုင်နှုန်းတောင်းနေလို့ ပါရင်လည်း ဒါက အိမ်ဖြည့်သာသာပဲ။ နောက်ထပ် ဥပမာအနေနဲ့ ပြောရရင် အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုရဲ့ သားကောင်အဖြစ် မသတ်မှတ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ တောင်းဆိုနေတာဟာ ကျွန်မတို့ကို ကျွန်မတို့ ကိုယ်တိုင် အကာကွယ်ခံ၊ အစောင့်ရှောက်ခံ ဒါက လိုအပ်တယ်ဆိုတာမျိုး လက်ခံထားကြတဲ့ အမြင်ကနေ ဥပဒေတည်ဆောက်ထားတယ်လို့ပဲ ကျွန်မ မြင်တယ်။

ဥပဒေ၊ မူဝါဒတွေနဲ့ ပြဌာန်း ကာကွယ်ရမှာ မဟုတ်ဘူး။ ဥပဒေ၊ မူဝါဒဆိုတာ ယာယီကြားခံ အကာကွယ်ပဲ ဖြစ်တယ်။ လိင်အခြေပြုဖိနှိပ်မှုကို ဥပဒေနဲ့ ဖြေရှင်းလို့ မရဘူး။ ပြီးတော့ ဒီနွေဦးတော်လှန်‌ရေး မှာ ကျွန်မ နောက်တခု ဘာမြင်မိလဲဆိုရင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းလိုက်တယ်။

ဒါက ကောင်းလားဆိုရင် တဖက်က ကြည့်ရင် ကျွန်မတို့ကို ကလေးသူငယ်ဆိုတဲ့ အားနည်း သူ အစောင့်ရှောက်ခံတွေနဲ့တွဲလျက် အားနည်းတဲ့ အစောင့်ရှောက်ခံတွေအဖြစ် တဆင့်လျှော့ချတာမျိုး တွေ့ရတယ်။  ဒါကြောင့်မို့လို့ ကျွန်မတို့ ဒီကာလမှာ ဘာကိုမှ ပါဝင်ဆုံးဖြတ်ခွင့်ကို မရသေးဘူး။ ကျွန်မတို့ ကိုယ်တိုင် မထိုးဖောက်နိုင်သေးဘူးလို့ မြင်တယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

ခေတ်အဆက်ဆက်မှာ ကျွန်မတို့ အမျိုးသမီးတွေကို ဒုတိယတန်းစားလို့ မြင်ခဲ့ကြတာ ဖြစ်တယ်။ လူလို့ မမြင်နိုင်ခဲ့ဘဲ လူသားအဖြစ်ကနေ တဆင့်နိမ့်ပုံစံမျိုးနဲ့ ဘာမှ မစွမ်းနိုင်တဲ့ သူတွေလို့ သတ်မှတ်ခဲ့ကြတယ်။ ကျွန်မ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ကျွန်မတို့ အပေါ်မှာ တူညီတဲ့ ဖိနှိပ်မှုတွေ ရှိစေကာမူ အမျိုးသမီးတွေနဲ့ LGBTQ တွေဟာ ဖိနှိပ်မှုတွေကို တောင်လို အထပ်ထပ် ခံစားနေရတာပဲ ဖြစ်တယ်။

အဲ့ဒီတော့ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းတွေကြားမှာ ကျွန်မတို့ဟာ ဘောင်ခတ်မိနေပြီး နိုင်ငံရေးထဲမှာ ပါဝင်ဖို့အတွက် အတားအဆီးတွေ ဖြစ်နေတာပဲ။ နောက်မမြင်နိုင်‌တဲ့ ရသယောင်ဖြစ်နေတဲ့အားလုံးပါဝင်နေပါတယ်၊ ကျွန်မ တို့ကို လမ်းဖွင့်ပေးပါတယ်၊ ခွဲမခြားပါဘူးဆိုပြီး အမျိုးသားထု၊ ပေထရီအာခီဖြစ်နေတဲ့ လူ့အဖွဲ့အစည်းဟာ ကျွန်မတို့ကို နားလည်သယောင်နဲ့ ဒီအပေါ်မှာ ပါဝါ ယူနေတာမျိုး ဖြစ်တယ်။ အမြတ်ထုတ်တယ်လို့ ပြောရမှာပဲ။

အဲ့ဒီတော့ ကျွန်မတို့ အသံတွေ၊ ကျွန်မတို့ ပြောနေတဲ့ တန်းတူညီ မျှမှု၊ ရပ်တည်ချက်တွေက ဘာလဲဆိုတာ နားလည်ဖို့ လိုတယ်။ ဒါကို ကျွန်မတို့အနေနဲ့ ကျယ်ကျယ် လောင်လောင်နဲ့ ပြောကို ပြောရမှာ ဖြစ်တယ်။ အခု လက်ရှိ ဖြစ်နေတဲ့ အနေအထားမှာလည်း  တချို့ အမျိုးသားတွေဟာ ကျွန်မတို့အပေါ် လက်ခံသယောင်၊ ပြောရရင် Feminist ဖြစ်ပါတယ်ပေါ့ ဆိုတာမျိုးနဲ့ ပါဝါ ပြန်တည်ဆောက်နေတာကို တွေ့နေရသလို၊ တဖက်မှာလည်း ဒီမတရားပါဘူးဆိုတဲ့ မတရားမှုတွေကို မကြိုက် လို့ တော်လှန်နေပါတယ် ဆိုတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာတောင် အရိုးဆွေးနေတဲ့ လိင်အခြေပြု ဖိနှိပ်မှုကြီး ရှိနေတာကို ဒီကနေ့ ကာလမှာ မကြာခဏ တွေ့ရှိနေရတာပဲ ဖြစ်တယ်။

ဒါတွေဟာ ကျွန်မတို့ အဓိ ကတိုက်ဖျက်ရမယ့် အမြစ်ပဲ။ အဲ့ဒီတော့ စနစ်တကျကို တည်ဆောက်ထားတဲ့ စနစ်တွေ၊ အဲ့အတွေးအခေါ် ဟောင်း၊ ကမ္ဘာဟောင်းကို တိုက်ဖျက် စွန့်လွှတ်ပြီး ကျွန်မတို့ ကမ္ဘာသစ်ကို သွားဖို့ လိုတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ဆုံးဖြတ်ပိုင်ခွင့်တွေ လျှစ်လျူရှုမှုတွေကို အရင်မပြောခင် ကျွန်မတို့ လူ့အဖွဲ့အစည်း အစကို ပြန်ကြည့်ရလိမ့် မယ်။ ဖိနှိပ်မှုတွေရဲ့ အခြေခံအကျဆုံး အုတ်မြစ်က လိင်အခြေပြုဖိနှိပ်မှုပဲ။ လိင်အခြေပြုဖိနှိပ်မှု အကြောင်းကို ကျွန်မတို့ ပြောရမယ်။ လိင်အခြေပြုဖိနှိပ်မှုဆိုတာ လိင်အပေါ်မူတည်ပြီး အခြားသော ခွဲခြားမှုတွေကို လုပ်နေတာ။ ဒါက ပြောရရင် မတရားမှုမှန်သမျှကို တိုက်ဖျက်နေတဲ့ နိုင်ငံရေးအတွေးအခေါ် ဖြစ်တယ်။ ဘယ်လို စနစ်တွေပြောင်းပြောင်း စနစ်တိုင်းမှာ ပေထရီအာခီက ရှိနေတာ။

လိင်အခြေပြုဖိနှိပ်မှုအကြောင်း မပြောသ၍ ကျွန်မတို့ ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး။ အခု မကြာခဏ ကြားနေရတဲ့ တခုခုလုပ်မယ်ဆို၊ ပြောမယ်ဆို အမျိုးသမီး ဘယ်လောက်ပါရမယ်။ မပါလို့ မရဘူးဆိုတာက ဘာစံနှုန်းနဲ့ တိုင်းတာလဲ။ အမလိင် ဖြစ်တည်မှု အပေါ် ရာခိုင်နှုန်းနဲ့ တိုင်းတာလား။ မိန်းမ ပါရင် ပြီးရော၊ ဒါက ပြည့်စုံပြီ၊ ညီမျှပြီဆိုတာမျိုးလား။ ဒါက ကျွန်မအနေနဲ့ အဓိပ္ပာယ်မရှိဘူးလို့ မြင်တယ်။

ဘာလို့လဲဆိုရင် (၁) အချက် - အမလိင် ပါတာနဲ့ မိန်းမလို့ သတ်မှတ်တာပဲ။ ဆိုတော့ အမလိင်ပါတိုင်း ကျွန်မတို့ မိန်းမလို့ သတ်မှတ်လို့ မရဘူး။ မွေးရာပါ သဘာဝအရ ဖြစ်ပေါ်လာတဲ့ အထီး၊ အမ ဒီလိင်နှစ်မျိုးတည်းအပေါ် သတ်မှတ်ပြီး ယောကျာ်းဖြစ်တယ်၊ မိန်းမဖြစ်တယ်လို့ လိင်ကို ကြည့်ပြီး တထစ်ချပြောလို့ မရဘူး။ ဒီအပေါ်မှာ လိင်စိတ်ခံယူမှုဆိုတာ ရှိတယ်။ အဲ့ဒါကို ထုတ်ပြောချင် တဲ့သူ ရှိကောင်း ရှိမယ်။ မရှိရင် မရှိဘူး။ ဒါက လွတ်လပ်ခွင့်ပဲ။

(၂) အချက် - ဟုတ်ပြီ။ မိန်းမပါတော့ရော ကျွန်မတို့က လိင်အခြေပြုဖိနှိပ်မှုကို နားလည် လက်ခံတဲ့ လူဖြစ်သွားပြီလား။  ဆိုလိုတာက Sexist, Racist ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ဒါက ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်မနေဘူး။ စောစောက ပြောသလို အိမ်ဖြည့်သာသာနဲ့ မိန်းမ ပါရင်ပြီး‌ရော ဆိုတာမျိုး ဖြစ်နေမှာ။ ဆိုတော့ ဖိနှိပ်မှု ဆိုတာ ဘယ်လိုမျိုးလဲ။

ငါတို့ အမျိုးသမီးတွေနဲ့ LGBTQ တွေဟာ ဘာကြောင့် လူ့အဖွဲ့အစည်းထဲ ဖယ်ကျဉ်ခံထားရတာလဲ ဆိုတာ ပြောကို ပြောရလိမ့်မယ်။ လူ့အဖွဲ့အစည်းထဲ စနစ်တကျ ရိုက်သွင်းထားတဲ့ ကျွန်မတို့ အဖိနှိပ်ခံအုပ်စုတွေအပေါ် အထပ်ထပ်ဖိနှိပ်နေတဲ့ အထက်အောက်စနစ် ဖိနှိပ်ရေးယန္တရားကို ပြောရမယ်။

ဖိနှိပ်တဲ့ အုပ်ချုပ်သူလူတန်းစား နေရာမှာ ဘယ်ဂျန်ဒါ၊ ဘယ်အစိုးရတစုစုက အစားထိုး ပြောင်းလဲ ပြောင်းလဲ ဖိနှိပ်မှုက ပျောက်သွားမှာ မဟုတ် ဘဲ လက်နက်၊ အင်အား၊ ပါဝါ၊ လူ့အဖွဲ့အစည်းအပေါ် အမြတ်ထုတ်တဲ့စနစ်၊ အရင်းရှင် ပေထရီအာခီက ဆက်ရှိ နေဦးမှာပဲ ဖြစ်တယ်။  ဒါ့ကြောင့် နိုင်ငံတော် တည်ဆောက်ရေးမှာ ဖိနှိပ်မှုကို ရင်ဆိုင် ကြုံတွေ့ရတဲ့ အဖိနှိပ်ခံ အုပ်စုတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ အသံ၊ အကြံ ပါဝင် မနေဘူးဆိုရင် ဒီနိုင်ငံတော်သစ် ဒီလူ့အဖွဲ့အစည်းသစ်ဟာ တည်ဆောက်လို့ ရမှာမဟုတ်ဘူး။

ဒီပုပ်သိုးဆွေးမြေ့နေတဲ့ လူ့အဖွဲ့အစည်းဟာ လွတ်မြောက်လာမှာ မဟုတ်ဘူး။ အဲ့ဒီတော့ ကျွန်မတို့ အဆုံးအဖြတ်ကို ကျွန်မတို့ အပြည့်အဝ လုပ်နိုင်ဖို့အတွက် ကျွန်မတို့ ကိုယ်တိုင်က အရင်းအမြစ်ပဲ ဖြစ်တယ်။ ကျွန်မတို့ အားလုံး ပါဝင်နိုင်ဖို့ ကျွန်မတို့ စုစည်းဖို့ လိုတယ်။ ဖန်တီးကြဖို့ လိုတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အနာဂတ်လူ့အဖွဲ့အစည်းမှာ ကျွန်မတို့ အမျိုးသမီးတွေ ပါဝင်လာနိုင်ပြီ၊ အဖိနှိပ်ခံတွေ၊ လူနည်းစုတွေ  ပါဝင်လုပ်ဆောင်နိုင်ပြီဆိုရင် ဒါသေချာတယ် ကျွန်မတို့ လူ့အဖွဲ့အစည်း ‌ရှေ့ကို ရောက်လာပြီ ဖြစ်တယ်။ လူ့အဖွဲ့အစည်းဟာလည်း အရောင်အသွေးစုံလင်ကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်လာပြီး တရားမျှတတဲ့ တန်းတူညီတဲ့ ကမ္ဘာသစ် ဖြစ်လာမှာပဲ။

အဲ့ဒီတော့ အကျိုးဖြစ်တယ် မဖြစ်ဘူးလို့ စဉ်းစားတာထက် ဒါက လူ့အဖွဲ့အစည်းမှာ ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတာကိုပဲ နားလည်ဖို့ လိုတယ်။ ဖြစ်ကို ဖြစ်ရမယ်။ ဖြစ်အောင် လည်း လုပ်ရမှာ ဖြစ်တယ်။ စောနက ပြောခဲ့သလို ကျွန်မတို့ အမျိုးသမီးထု၊ LGBTQ နဲ့ အဖိနှိပ်ခံတွေ မလွတ် မြောက်ဘူးဆိုရင် ကျွန်မတို့ လူ့အဖွဲ့အစည်းဟာလည်း လွတ်မြောက်လာမှာ မဟုတ်ဘူး။ ဒါကို ကျွန်မ ထပ်ကာ ထပ်ကာ ပြောရလိမ့်မယ်။ ဒါက အရေးကြီးဆုံး ဖြစ်တာကြောင့်ပဲ။
 

၈။ ဖြည့်စွက်ချက်။ 

ကျွန်မအနေနဲ့ကတော့ ဒီနွေဦးတော်လှန်ရေးမှာ စစ်သုံးစစ်အပြင် လိင်အခြေပြုဖိနှိပ်မှုကိုပါ တော်လှန်ရမှာ ဖြစ်တယ်။ ကျွန်မတို့ အမျိုးသမီးတွေ အဖိနှိပ်ခံတွေ မပါလာရင် ‌ဒီတော်လှန်ရေးက အလုံးစုံတော်လှန်တဲ့ တော်လှန်ရေးဖြစ်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ တော်လှန်ရေး ဖြစ်လာမှာ မဟုတ်ဘူး။ ဘယ်တော့မှလည်း လွတ်မြောက်မှာ မဟုတ်ဘူး။ ဒီဖိနှိပ်မှုယန္တရားထဲ လည်ပတ်နေဦးမှာပဲ ဖြစ်တယ်။

ကျွန်မတို့ တော်လှန်ရေးခရီး လမ်းက ဝေးနေမှာ အသေအချာပဲ။ ကျွန်မတို့တွေ လွတ်မြောက်ရေးမှာ လူတဦး၊ တယောက်လေးတောင် ကျန်ခဲ့လို့ မရပါဘူး။ အားလုံး လွတ်မြောက်ဖို့ လိုတယ်။ တဦး၊ တယောက် ကျန်ခဲ့ရင် ဒါက မလွတ်မြောက် သေးဘူး။ ဆက်ပြီး တော်လှန်ရမှာ ဖြစ်တယ်။ဒါ့အပြင် ကျွန်မတို့က နေ့စဉ် စနစ်ကိုလည်း ဝေဖန်ဆန်းစစ်ရမှာ ဖြစ်သလို၊ ကိုယ့်ကိုကိုယ်လည်း ဝေဖန်ဆန်းစစ်ရမှာ ဖြစ်တယ်။

ကျွန်မတို့ တွင်တွင်ပြောနေတဲ့ ဖမ်မနစ်ဇင် ဆိုတာ အမျိုးသမီးအခွင့်အရေးအတွက်လောက်ပဲ မဟုတ်ဘူး။  စနစ်ကို ဝေဖန်နေတာ၊ ဖိနှိပ်မှုကို ပြောနေတာ။ အလုံးစုံ လွတ်မြောက်ရေးကို ပြောနေတာ။ ကိုယ်တိုင် လှုပ်ရှားလုပ်ဆောင်ရမှာလည်း ဖြစ်တယ်။ ဒါတွေကို မပြော၊ မလုပ်ရင် ဖမ်မနစ် မဟုတ်ဘူး။ ဖမ်မနစ်တွေရဲ့ နောက်ဆုံးပန်းတိုင်ကလည်း ဖမ်မနစ်ဇင် မရှိတော့ဖို့၊ ချုပ်ငြိမ်းသွားဖို့ပဲ ဖြစ်တယ်။

အဲ့ဒီတော့ ကျွန်မတို့ရဲ့ အနာဂတ်၊ ကံကြမ္မာ၊ ဆုံးဖြတ်ပိုင်ခွင့်တွေဟာ အခြားသူတွေဆီက တောင်းခံရမှာ မဟုတ်ဘဲ ကျွန်မတို့ ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ကျွန်မတို့ လုပ်ဆောင်ရမှာတွေကို မလုပ်ရင် ကျွန်မတို့ကို အခြားက ဝင်ဆုံးဖြတ် လုပ်ဆောင်သွားလိမ့်ပါမယ်။

ဖမ်မနစ်တွေရဲ့ နောက်ဆုံးပန်းတိုင်ကလည်း ဖမ်မနစ်ဇင် မရှိတော့ဖို့၊ ချုပ်ငြိမ်းသွားဖို့ပဲ ဖြစ်တယ်။

"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/fil


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

 

Published on

ဒေါ်နိုးနိုးထက်စံ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
 

 အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ငြင်းဆိုမှုဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မတို့ လူ့အသိုင်းအဝိုင်းက ရှာဖွေဖို့လိုတယ်။ ဒါ့အပြင်ကျွန်မတို့က အမျိုးသမီးတွေကို ဖြေးဖြေးချင်း နိုင်ငံရေးထဲပါလာအောင် စည်းရုံးဖို့တာဝန်ရှိတယ်။ အဲ့ဒီလိုစည်းရုံးရေး မလုပ်မချင်း အမျိုးသမီးတွေပါဝင်မှုက အကန့်အသတ်ကြီးနေမှာဖြစ်ပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

မြန်မာနိုင်ငံမှာ စစ်အုပ်စု အာဏာသိမ်းခြင်းဟာ ဒီမိုကရေစီကို နောက်ပြန်ဆုတ်စေတဲ့အကြောင်းအရင်း ဖြစ်တယ်။ ဒီမိုကရေစီဖြစ်ထွန်းဖို့အတွက် အလားအလာရှိတဲ့အခင်းအကျင်းတွေ ဖန်တီးနေချိန်မှာ ဒီလို စစ်အာဏာသိမ်းမှုဟာ မတရားမှုဖြစ်တယ်ဆိုတာ လူထုတော်တော်များများက ပါဝင်ပြီးတော့ ကန့်ကွတ်တဲ့ အနေနဲ့ လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာပါတယ်။ ဒီမိုကရေစီနည်းလမ်းအရ ထုတ်ဖော်ချက်တွေကို ရပ်တန့်သွား အောင် လုပ်ခဲ့တာ စစ်အုပ်စုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို စတင်ပစ်သတ်ခဲ့တာ၊ မတရား ဖမ်းဆီး ထောင်ချခဲ့တာ၊ အကြမ်းဖက်ရိုက်နှက်ခဲ့တာ စစ်အုပ်စုဖြစ်တယ်။

ဒါကြောင့် ဒီမိုက‌ရေစီအရေးအတွက် ပြန်လည် ခုခံတွန်းလှန်မှရမယ်ဆိုပြီး လူငယ်တွေ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲဖို့အတွက် တွန်းပို့ခံလိုက်ရတယ်။ ဒါကြောင့် အခုလူငယ်တွေမှာ နိုင်ငံရေးအရ စကားပြောရုံ သက်သက်နဲ့မရတော့ဘူး။  လက်နက်ကိုင်ပြီးတော့ ဖိအားပေးရမယ်ဆိုတဲ့အယူအဆ ပိုပြီးတော့ ပြင်းထန်လာ တယ်။ ဘာကြောင့်ပြင်းထန်လာလဲဆို စစ်အုပ်စုက တဖြေးဖြေးနဲ့ လူထုကို ရန်သူသဖွယ် စစ်မဲ့ဧရိယာတွေမှာ ဗုံးကြဲတာ၊ အိမ်တွေကိုမီးရှို့တာ၊ လူတွေကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာတွေကြောင့် လက်နက်ကိုင် တော်လှန်ရေးက  အရှေ့ကိုတိုးလာတယ်။

လက်နက်ကိုင်တော်လှန်ရေးကို  မူရင်းရှိထားတဲ့ EROs တွေနဲ့ စုစည်းပြီးတော့မှ ဝိုင်းဝန်းတွန်းလှန်၊ တော်လှန်ကြတာဖြစ်တယ်။ EROs တွေလည်း မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ လက်နက်ကိုင်အင်အားစုဖြစ်တယ်။ မြန်မာနိုင်ငံမှာ စစ်အုပ်စုရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီမရှိသ၍ ဘာကိစ္စမှဖြေရှင်းလို့မရဘူးဆိုတာကို လူထုက သဘောပေါက်လာတယ်။ အဲ့လိုသဘောပေါက်တဲ့အတွက် ဒီနေ့ဒီအချိန်ထိလည်း တော်လှန်နေကြတာ ဖြစ်ပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

နိုင်ငံတစ်ခုကိုတည်ဆောက်တော့မယ်ဆို ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲဆိုတာ အရေးကြီးပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ပြောရင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့ တည်ဆောက်မှာလား။ ဒါဆို ပြည်နယ်နဲ့ ပြည်ထောင်စုကြား အခွန်ကောက်ခံမှု ပုံစံနဲ့ ငွေကြေးခွဲဝေသုံးစွဲမှုကို ဘယ်လို အာမခံချက်ထားကြမလဲ၊ ဘယ်လိုစီမံကြမလဲဆိုတာ အရေးကြီးပါတယ်။အရေးအကြီးဆုံးကတော့ လူသား အချင်းချင်း လူသားကဲ့သို့ဆက်ဆံခြင်းဟာ အခြေခံမူ ဖြစ်ဖို့လိုပါတယ်။

ကျွန်မတို့တိုင်းပြည်ဟာ လူမှုရေး ဆိုင်ရာပြောင်းလဲမှု လုပ်ဖို့မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှသာ လူသားဖြစ်တည်မှုကို မိန်းကလေးဖြစ်လို့ ယောကျာ်းလေးဖြစ်လို့ ဆိုတာမဟုတ်ပဲနဲ့ လူသားဖြစ်တယ်ဆိုတဲ့ အခြေပြု ဆက်ဆံခြင်းက အလွန်အရေးကြီး တာ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံ ဖြစ်ရမယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစိုးရ ဖြစ်ရမယ်။   ဒီလိုစနစ်မျိုး တွေနဲ့ တည်ဆောက်ဖို့ နွေဦးတော်လှန်ရေးက တောင်းဆိုနေတာလို့လဲနားလည်သဘောပေါက်ထားပါတယ်။ 
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

စုံလင်ကွဲပြားမှုကြောင့် ရှုတောင့်စုံစုံလင်လင်နဲ့ လုပ်တက်ကိုင်တက်တဲ့အလေ့အကျင့်တွေ ပိုပြီးတော့ တိုးတက် ဖွံ့ဖြိုးလာတဲ့ဟာက အားကောင်းချက်ဖြစ်ပါတယ်။ စုံလင်ကွဲပြားမှုကို အသိအမှတ် မပြုရင်တော့ အားနည်းချက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် စုံလင်ကွဲပြားမှုကို တန်ဖိုးထားပြီးတော့ အားအင်းတစ်ရပ်အနေနဲ့ အရှေ့ကို တိုးဖို့လိုတယ်။ အထူးသဖြင့် စုံလင်ကွဲပြားမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေ ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်ရဲ့ အင်အားဖြစ်တယ်လို့ တိတိကျကျ ယုံကြည်ဖို့လိုတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ကြည့်မယ်ဆို အမျိုးသမီးတွေအင်အားက အများကြီးမြင်ရတယ်။ အထူးသဖြင့် ထဘီအလံထူပြီး တော်လှန်ရေးလုပ်တဲ့ အမျိုးသမီးတွေရဲ့အင်အားကို ကြည့်မယ်ဆိုရင်တောင် ဒီအင်အားအားဖြင့် ဘယ်လောက်ပါဝင်မှု အားကောင်း ခဲ့သလလဲ၊ ထိရောက်ခဲ့သလဲဆိုတာကို သက်သေပြလို့ ရသွားတယ်။

ထိုနည်းလည်းကောင်း ဟိုးဝေးလှတဲ့ နောက်ခံကို ပြန်ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးပညာတက်လူငယ်တွေ ကိုယ်တိုင်က ၁၃၀၀ ပြည့် အရေးတော်ပုံမှာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှု အမျိုးသမီးတွေရဲ့ပါဝင်မှုက အားကောင်းကောင်းနဲ့ ပါဝင်ခဲ့တာ ဖြစ်တယ်။ အမျိုးသမီးတွေအနေနဲ့ စာပေအားဖြင့်သော်လည်းကောင်း၊ ယဥ်ကျေးမှုအားဖြင့်သော်လည်းကောင်း မီဒီယာအားဖြင့်သော်လည်းကောင်း ပါဝင်ပြီး အပြောင်းအလဲ လုပ်နိုင်တဲ့အခြေအနေ တည်ရှိခဲ့တယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း ထိုနည်းလည်းကောင်း မြင်ရပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးတွေ တကယ်ပါဝင်မှုက အများကြီးဖြစ်လာသလို တဖက်မှာလည်း တော်လှန်ရေးဆိုတဲ့သဘောအရ တချို့ကိစ္စတွေကြတော့ လျှို့ဝှက်ထားရတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒါပေမယ့် မြင်သာထင်သာရှိတဲ့ဥပမာအနေနဲ့ NUG မှာ ကြည့်ရင် နိုင်ငံခြားရေးရာဝန်ကြီးက အမျိုးသမီး ဖြစ်တယ်။ ထိုနည်းလည်းကောင်း အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနမှာဝန်ကြီးရော ဒုဝန်ကြီးရော အမျိုးသမီးတွေ ဖြစ်တယ်။

ဒီနေရာမှာ ထောက်ပြချင်တာလေးတစ်ခုကို ပြောပြချင်တာက အမျိုးသမီးဖြစ်တော့ အမျိုးသမီးတွေ၊ ကလေးတွေရဲ့တာဝန်ကို ယူရမယ်ဆိုတာ ဝန်ကြီးဌာနတွေမှာပါ အစွဲရှိနေသေးပုံရတယ်။ တကယ်ဆို အဲ့လို အမျိုးသမီးနဲ့လူငယ်ဝန်ကြီးဌာနတွေမှာ အမျိုးသားဒုဝန်ကြီးဖြစ်နေတာ ပိုပြီးကောင်းမယ်လို့ ယူဆပါတယ်။ ဒါဆိုရင် Gender ညီမျှမှုကို ပိုဖော်ဆောင်နိုင်တာပေါ့။

နောက်တစ်ခုက NUCC မှာ မူဝါဒရေးဆွဲရေးကိစ္စမှာ ပါဝင်နေတဲ့အမျိုးသမီးတွေကို ကြည့်မယ်ဆိုလည်း ပါဝင်နေတဲ့ နောက်ခံအသီးသီးက အတက်နိုင်ဆုံး အမျိုးသမီးကိုယ်စားလှယ်တွေကို နေရာပေးနေတာကို တွေ့ရပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုကိုကိစ္စကို လှုပ်ရှားနေတဲ့သူတွေထဲမှာ အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံလည်း ရှိတယ်။ အဲ့ဒီအဖွဲ့ချုပ်ထဲမှာ အဖွဲ့ဝင်အဖွဲ့အစည်း စုစုပေါင်းပေါင်း ၁၂ ဖွဲ့ ရှိတယ်။ ဒီလိုစုစည်းနိုင်တဲ့အတွက် နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေကို ဖယ်ထားလို့ မရတော့ဘူး။

ကျွန်မတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာဆိုရင် အနည်းဆုံးအမျိုးသမီးသုံးဆယ်ရာခိုင်နှုန်း ပါရမယ့် ပေါ်လစီရှိသလို တပြိုင်နက်ထဲမှာ အမျိုးသမီးတွေပါဝင်ဖို့အတွက် ကမ်းလှမ်းတာစည်းရုံးရေးလုပ်တာ ကြိုးစားပြီး လုပ်ကြတယ်။ ဒါပေမယ့်လည်း ဒီပေါ်လစီမပြည့်မြောက်သေးတာ တွေ့ရပါတယ်။

အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အရေးကြီးတယ်၊ ပေးရမယ်ဆိုတာ သိပေမယ့် အခုချိန်ထိ အမျိုးသမီးတွေရဲ့ပါဝင်မှု အားနည်း နေသေးတယ်ဆိုတာကို တွေ့နေရတုန်းပဲ။ တော်လှန်ရေးတစ်ခုလုံးနဲ့ပြောကြမယ်ဆို ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေပါနေသော်လည်း လက်တွေ့လုပ်ငန်းတွေမှာ ဖြစ်ဖြစ်မြောက်မြောက် ပါဝင်ခွင့် ရှိနေသလားဆိုတာတော့ အခုချိန်ထိမေးခွန်းရှိနေသေးတယ်လို့ ကျွန်မမြင်ရတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

ခပ်တိုတိုထောက်ပြရမယ်ဆိုရင် ပထမဆုံးတစ်ခုကတော့ လက်နက်ကိုင်အင်အားစုထဲမှာဆိုရင်အများအားဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေက ခွန်အားနည်းတယ်လို့  ယုံကြည်ကြတယ်။ အဲ့ယုံကြည်မှုက မဟုတ်ပါ ဘူးလို့ ငြင်းလို့မရဘူး။ ဒုတိယတစ်ခုကကျတော့ အမျိုးသမီးဆိုတော့ တချို့အမျိုးသားတွေပဲဖြစ်ဖြစ် အမျိုးသမီးအချင်းချင်းပဲဖြစ်ဖြစ် ညှာတာတယ်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ တခုခုလုပ်လိုက်ရင် အမျိုးသားတွေ ဦးဆောင်ပြီးတော့ လုပ်ကြတယ်။

ဒါပေမဲ့ အမျိုးသမီးတွေက ကိုယ့်ရဲ့ပါဝင်မှုကို ကိုယ်ကိုတိုင်ဆုံးဖြတ်ဖို့လိုပါတယ်။ အမျိုးသမီးအများစုက တယောက်ယောက်ရဲ့ဆုံးဖြတ်ချက်ကို သူစေတနာနဲ့လုပ်တာပဲဆိုတဲ့ ဒီစဉ်းစား ချက်ရှိကြတယ်။ နိုင်ငံရေးမှာ ကိုယ်ကိုတိုင်လုပ်မှ ကိုယ်ကိုတိုင် ဆုံးဖြတ်လို့ရတာ သူများရဲ့စဉ်းစားချက်တွေနဲ့ ကိုယ်ကဆုံးဖြတ်ချက်ထဲ ပါလို့မရဘူး။ ရနေရင်လည်း ထိုင်နေတာပဲဖြစ်မှာ။ အဲ့ဟာကလည်း အဟန့်အတား တစ်ခု ဖြစ်ပါတယ်။

နောက်တခုက ကျွန်မတို့အမြဲတမ်းပြောနေတဲ့  Gender Box ထဲက မထွက်သေးတဲ့ အကြောင်းအရာတွေ ရှိနေသေးတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း တခါတလေကျရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနေသေးတာတွေ့ရတယ်။ တကယ်တော့ အမျိုးသမီးတွေက တကယ်ဆုံးဖြတ်ချက် ချရတော့မယ်ဆိုရင် ဘယ်လောက်ပင်ပန်းပါစေ သူတို့မှာ ဆုံးဖြတ်နိုင်တဲ့စွမ်းရည်ရှိတယ်။

ဒါပေမယ့် အားနည်းချက်က ဘာလဲဆို ခေါင်းဆောင်အနေနဲ့ ဦး‌ဆောင်ရတာ့မယ်၊ စပြီး ဦးဆောင်မှုကိုယူရတော့မယ်ဆိုရင် အမျိုးသမီးတွေဟာ တခြားလူတွေကို ဦးစားပေးတက်တဲ့ အလေ့အကျင့်ရှိတယ်။ ဒါ့အပြင် ဥပဒေအရကလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အဟန့်အတားဖြစ်စေတဲ့ကိစ္စရပ်တွေ ရှိတယ်။

ဥပမာဆိုပါစို့ ပေါ်လစီအရ အမျိုးသမီးတွေအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါရမယ်ဆိုရင် လက်တွေ့ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းလိုအပ်တယ်။ ပတ်ဝန်းကျင်အဝန်းအဝိုင်းအမြင်တွေကို ပြန်ပြီးပြင်ဆင်ရမဲ့အပိုင်းတွေရှိတယ်။  လုပ်ပုံကိုင်ပုံပြောင်းလဲရမှာ ရှိတယ်။ ကိုယ်နဲ့နီးစပ်တဲ့ အမျိုးသမီးတွေခေါ်လာတာ ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်မှာ တစ်စုံတစ်ရာနာမည် ရှိတဲ့သူတွေကို ခေါ်လာလို့ရတာမျိုးနဲ့ အလွယ်တကူ ပုံဖော်ရတာ မဟုတ်ဘူး။

နိုင်ငံရေးနယ်ပယ်ဆိုတာက နိုင်ငံရေးအရ တကယ်စိတ်ဝင်တစားနဲ့ လူထုအကျိုးပြုချင်တဲ့သူတွေ တိုင်းပြည်ကို ပြုပြင်မွမ်းမံချင်တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးတွေကိုပဲ ခေါ်လာလို့ရမယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ငြင်းဆိုမှုဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မတို့ လူ့အသိုင်းအဝိုင်းက ရှာဖွေဖို့လိုတယ်။

ဒါ့အပြင်ကျွန်မတို့က အမျိုးသမီးတွေကို ဖြေးဖြေးချင်း နိုင်ငံရေးထဲပါလာအောင် စည်းရုံးဖို့တာဝန်ရှိတယ်။ အဲ့ဒီလိုစည်းရုံးရေး မလုပ်မချင်း အမျိုးသမီးတွေပါဝင်မှုက အကန့်အသတ်ကြီးနေမှာ ဖြစ်ပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ပထမဆုံးတစ်ခုကတော့ အမျိုးသမီးတွေအနေနဲ့ ပါရမီဖြည့်ဘက်ဆိုတဲ့စိတ်ကို ဖျောက်လိုက်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပါရမီဖြည့်ဘက်ဆိုတာ အပြန်အလှန်လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ နိုင်ငံရေးလုပ်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတောင်မှ အမျိုးသား တွေ အချိန်မရွေးအစည်းအဝေးတက်လို့ ရတယ်။ အချိန်မရွေး အလုပ်လုပ်လို့ ရတယ်။ အမျိုးသမီးတွေက အစည်းအဝေးတက်ဖို့တောင် တော်တော်အကန့်အသတ်ကြီးတယ်။ အိမ်မှုကိစ္စကို အမျိုးသမီးက ပိုပြီးတာဝန်ယူရတယ်ဆိုတဲ့ အခြေအနေက ဒီကနေ့ အမျိုးသမီးတွေရဲ့လက်တွေ့ဘဝဘဲ။

နောက်ကွယ်ကနေ အမျိုးသားတွေက တစ်ချိန်လုံး အမျိုးသမီးတွေကို အိမ်မှုကိစ္စလုပ်ဖို့အတွက် တွန်းအားပေး နေတတ်တယ်။ အမျိုးသမီးတစ်ယောက် နိုင်ငံရေးလုပ်နိုင်ဖို့၊ အလုပ်တစ်ခုခုကို လုပ်နိုင်ဖို့ အခက်အခဲတွေထဲမှာ အဲ့လို အဟန့်အတားတွေကြောင့်လဲ အများကြီးပါတယ်။ အဲ့ဒါကို အမျိုးသမီးတွေကိုယ်တိုင်က ကျော်ဖြတ်ရမယ်။ ထောက်ပြဖို့လိုတယ်။

ဘယ်အရာကိုစွန့်ပြီးတော့ ဘယ်ကိစ္စကိုလုပ်ရမလဲဆိုတာ အမျိုးသမီးတွေ ဆုံးဖြတ်နိုင်ဖို့ ပိုလိုတယ်။ နောက်ကွယ်မှာမနေပဲ ကန့်လန့်ကာရှေ့ကို ထွက်လာဖို့လိုတယ်။ ဒုတိယတချက်ကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လုပ်ရမယ့်အလုပ်တွေကို သေချာလေ့လာဖို့လိုတယ်။ အမျိုးသမီးတွေအနေနဲ့ ဘာပဲ လုပ်ချင်လုပ်ချင် လေ့လာမှုအား ဖြတ်လိုက်လို့ မရဘူး။ ဆက်..ဆက်ပြီးတော့ လေ့လာရမယ်။

ကိုယ်ရောက် နေတဲ့နေရာက ပထမအဆင့်ဆို အဲ့ပထမအဆင့်ကနေ ဖြေးဖြေးချင်းပြန်ဆင်းဖို့အတွက် ကိုယ့်နေရာမှာ ဘယ်သူပြန်ရှိရမလဲ အမျိုးသမီးတစ်ယောက်ယောက်ကို ပြန်ထားနိုင်ဖို့အတွက် ဒါကိုလည်း လုပ်ဖို့ အ‌ရေးကြီးတယ်။ ထိုနည်း လည်းကောင်းပဲ အဖွဲ့အစည်းတိုင်းမှာရှိနေတဲ့ အမျိုးသားတွေကိုယ်တိုင်ကလည်း စည်းရုံးရေး လုပ်နေတဲ့ အမျိုးသားတွေကိုပဲ ပြန်ပြီးမြင်နေလို့မရဘူး။ အမျိုးသမီးတွေကိုလည်း စည်းရုံးဖို့လိုတယ်။

ကျွန်မတို့မှာ ဂျဲန်ဒါပြသနာတွေကဘာရှိသလဲဆိုရင် ကျွန်မတို့နိုင်ငံမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေပဲ ဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်က အမျိုးသားတွေကို စည်းရုံးရင်လည်း အမြင်တစ်မျိုး မြင်ကြတယ်။ အမျိုးသားတွေက အမျိုးသမီးတွေကို စည်းရုံးရင်လည်း အမြင်တမျိုးမြင်ကြတော့ အမျိုးသမီး အချင်းချင်း စည်းရုံး၊ အမျိုးသားအချင်းချင်း စည်းရုံးဆိုတာဖြစ်လာတယ်။

နိုင်ငံရေးနယ်ပယ်မှာ ပိုကျယ်ပြန့်တာ အမျိုးသား အများစုဖြစ်တယ်။ အမျိုးသားတစ်ယောက် နိုင်ငံရေးထဲကို ပါလာပြီဆိုရင် နေရာပေးဖို့ အဆင့်သင့် ဖြစ်ကြတယ်။ အမျိုးသမီးတစ်ယောက်က သိနေတတ်နေတယ် ဆိုရင်တောင် နေရာပေးဖို့ အဆင်သင့် မဖြစ်ကြဘူး။ အဲ့ဒါက နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အဓိကအကန့်အသတ် အကြီးဆုံးဖြစ်တယ်။

နွေဦးတော်လှန်ရေးမှာတော့ ဒီလိုအကန့်အသတ်တွေကျော်လွှားဖို့ လိုတယ်။ ဒါကလည်း နွေဦးတော်လှန်ရေးရဲ့ တကယ့်တောင်းဆိုချက်တွေ ဖြစ်ပါတယ်။ အမျိုးသမီးရေးရာဝန်ကြီးဌာနကလည်း အမျိုးသမီးတွေနောက်ခံမှာ အခက်အခဲဖြစ်နေရင် သူတို့အတွက် သုတေသနစာတမ်းတွေကို ဖတ်ပေးတာတွေ။ လေ့လာစရာတွေပြောပြတာမျိုး စသည်ဖြင့် နောက်ကွယ်ကအမျိုးသမီးတွေကို ကူညီဖို့လိုတယ်။

နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ဘဝ save ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စဉ်းစားချက်နဲ့ လုပ်ဆောင်မှုတွေလို တယ်။ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချတဲ့နေရာရောက်လာနိုင်ဖို့ကိုလည်း ယာယီအထူးလုပ်ဆောင်ချက်တွေ လုပ်ပေးဖို့လိုတယ်။

နိုင်ငံရေးဆိုတာက အမျိုးသမီးပဲလုပ်လုပ် အမျိုးသားပဲလုပ်လုပ် နိုင်ငံရေးသိပ္ပံကို နားလည်ဖို့လိုတယ်။ ကိုယ်ဘယ်လမ်းကိုသွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်လိုနိုင်ငံရေး အတွေးအခေါ်အယူအဆရှိမျိုးကို ယုံကြည် တာလဲ၊ ဘယ်သူတွေနဲ့ လက်တွဲလုပ်မှာလဲ၊ ဘယ်လိုလုပ်မှာလဲ၊ တကယ်တကိုယ်တည်း တည်ဆောက်လို့ ရလား မရလားဘူးလား၊ အဲ့ဒီကိစ္စကတော့  အမျိုးသမီးတွေကိုမှ သင်ပေးရတာ လို့ကျွန်မမယူဆဘူး။ အမျိုးသားတွေလည်း သင်ပေးရမယ်။

ဘာကြောင့်လဲဆို နိုင်ငံရေးယုံကြည်ချက်မဲ့ပြီး နိုင်ငံရေးလုပ်နေတာက ခိုင်မာတဲ့ နိုင်ငံရေးသမား ဖြစ်လာမှာ မဟုတ်လို့ဘဲ။ နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံရေးယုံကြည်ချက် ခိုင်မာတဲ့ သူကမှ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ စည်းရုံးရေးနဲ့ မူဝါဒခိုင်မာရေးဟာ တဆက်တစပ်တည်း ရှိတယ်ဆိုတာ နားလည်မှာ ဖြစ်တယ်၊။

ဒါမှ နိုင်ငံရေးမျိုးဆက် မွေးထုတ်ခြင်းက မှန်ကန်မှာ ဖြစ်တယ်။ နောက်တနည်းနဲ့ ပြောရမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ချတဲ့ နေရာတိုင်းက သူတွေဟာ မှန်ကန် မျှတမှုရှိတယ်လို့ ပြောရမှာပါဘဲ။ အဲ့ဒါတွေကျော်လွှားနိုင်ရင် ကျွန်မတို့ဆီမှာ တန်းတူညီမျှမှုဆိုတာ ဖြစ်လာနိုင်ပါတယ်။
 

၇။အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေကတော့ ရှင်းရှင်းလေးပြောရရင် စစ်ပွဲကိုမလိုလားဘူး။ စစ်ပွဲကိုမလိုလားတဲ့အတွက် ငြိမ်းချမ်း ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အသိုင်းအဝိုင်းကိုပဲ တည်ဆောက်ဖို့ကြိုးစားကြမဲ့ သဘောထား ပိုရှိပါတယ်။ လက်တလောမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တိုက်ပွဲဆိုတာကလည်း လက်တလောအရ ခုခံတွန်းလှန် တော်လှန်ရတာ ဖြစ်ပါတယ်။

အဲ့တော့ အမျိုးသမီးတွေက နိုင်ငံရေးမှာပါဝင်လာရင် သူတို့ရဲ့ စဉ်းစားချက် ကတော့ အတက်နိုင်ဆုံးနိုင်ငံကို ငြိမ်းချမ်းအောင်လုပ်မယ်။ တိုးတက်‌အောင်လုပ်မယ်။ အနာဂတ် လူငယ် မျိုးဆက်သစ် သားသမီးတွေကို မပင်ပန်း မဆင်းရဲအောင် လုပ်မယ်။ အခြေခံအားဖြင့် အမေတွေကိုပဲ စဉ်းစားလိုက်ရင် ထင်သာမြင်သာရှိပါတယ်။

မိခင်တိုင်းက ကိုယ့်သားသမီးလုံခြုံရေးကိုစိတ်ပူပြီးတော့ ကိုယ့် သားသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်စဉ်းစားနေတဲ့သူတွေ ဖြစ်တယ်။ နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီး တွေ ပါဝင်လာရင်လည်း အဲ့စဉ်းစားချက်က အခြေခံအားဖြင့် ပိုမိုခိုင်မာလာလိမ့်မယ်လို့ ကျွန်မယူဆပါတယ်။


၈။ ဖြည့်စွက်ချက်။ 

ပထမဆုံးတစ်ခုကတော့ ရှေ့ကိုထွက်ခဲ့ပါ။ နိုင်ငံရေးစိတ်ဝင်စားရင် နိုင်ငံရေးပါတီတွေထဲကို ဝင်ဖို့မကြောက် ပါနဲ့။ နိုင်ငံရေးပါတီဆိုတာက ကိုယ်သွားမယ့် နိုင်ငံရေးလောကအတွက် ခြေလှမ်းဆက်ပေးမှာ ဖြစ်ပါတယ်။ ဘယ်ပါတီကို စိတ်ဝင်စားလဲ စဉ်းစားပါ။ ပါတီတွေ အများကြီးရှိတယ်။ ပါတီထဲလည်း ဝင်ပြီဆို လှုပ်ရှားမှုကို တကယ်လုပ်တဲ့အခါမှာ စဉ်ဆက်မပြတ်လေ့လာမှုတွေ အလုပ်လုပ်သွားတယ်ဆိုရင် အမျိုးသမီးတွေ ပါဝင်မှုက တကယ်ထိရောက်တဲ့ပါဝင်မှုပုံစံ ဖြစ်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။



"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

Liliane
တည်ထောင်သူ
Politics for Women Myanmar


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“လူတိုင်းကို ရွေးချယ်ခွင့်ပေးပါ။ ရွေးချယ်မှု အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုကို တပါတည်း ပေးအပ်ကြပါ။ တာဝန်ယူပြီး တာဝန်ကျေပွန်မှု၊ တာဝန်ခံနိုင်မှု ရှိမှသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို စပြီးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

ပင်လုံစာချုပ်ကိုအခြေပြုပြီး ပြည်ထောင်စုနိုင်ငံတော်တစ်ခု တည်ဆောက်ခဲ့ပေမဲ့ အမျိုးသားလူထု တန်းတူ ညီမျှရေး၊ လူတစ်ဦးချင်းရဲ့ တန်းတူရေးတွေကို မျက်ကွယ်ပြုပြီး တပြည်ထောင်စနစ်ကို အတင်းသွတ်သွင်းမှု ကြောင့် မဖြစ်ပွားအပ်တဲ့ ညီနောင်အချင်းချင်းကြား သွေးချောင်းစီးပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာခဲ့ရပါတယ်။

ထိုသွေးချောင်းစီးပြည်တွင်းစစ်ကြီးကို ငြိမ်းသတ်နိုင်ဖို့ လက်ရှိအချိန်အထိ နည်းမှန်းလမ်းမှန်ရောက်အောင် စိတ်ဆန္ဒအားဖြင့်သော်လည်းကောင်း၊ နိုင်ငံရေးအားဖြင့်သော်လည်းကောင်း အဖက်ဖက်က နိုင်ငံရေးကို ဦးဆောင်တာဝန်ယူနေကြတဲ့ ခေါင်းဆောင်တွေရဲ့ လုံလောက်အောင် မကြိုးစားနိုင်ခဲ့တဲ့အတွက် တိုင်းပြည်ကြီး ရွှေပုံပေါ်ထိုင်ပြီး ပြည်သူတွေ ဆင်းရဲတွင်း နက်နေကြရတာဖြစ်ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးဟာ ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ပြည်သူတွေနဲ့ ပြည်တွင်းစစ်ကြီးကို ပုံစံမျိုးစုံနဲ့ မျက်ကွက်ပြုထားသူတွေအကြား အတိုင်းအတာတစ်ခုအထိ အချင်းချင်းကြား ပေါင်းစီးပြီး စစ်အာဏာရှင်ကို တွန်းလှန်တဲ့ စနစ်ပြောင်း တော်လှန်ရေးတစ်ရပ် ဖြစ်ပါတယ်။သို့ပေမဲ့ တချိန်တည်းမှာ နွေဦးတော်လှန်ရေးဟာ ပြည်တွင်းစစ်အားလုံးရဲ့ အဆုံးသတ်ဖြစ်ဖို့လိုသလို၊ ပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက် ခရီးစဖြစ်ဖို့ လိုပါတယ်။

ဒါ့ကြောင့် လူတမျိုးကောင်းစားရေး၊ လူတစ်စုကောင်းစားရေး၊ လူတစ်ယောက်ကောင်းစားရေး ဖြစ်မဲ့လမ်းကို ရှောင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် မငြိမ်းနိုင်သ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်အုတ်မြစ်ချနိုင်ဖို့၊ ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်တစ်ခု တည်ဆောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ အတွက် ပြည်တွင်းစစ်ဖြစ်စေတဲ့ အကြောင်းအရင်းကို သေချာဖြေရှင်းဖို့ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးမှာ စိတ်ဆန္ဒရှိဖို့ လိုပါတယ်။ ချည်းကပ်တဲ့လမ်းကြောင်းနဲ့ အားစိုက်ထုတ်မှုလည်း အပြည့်အဝရှိဖို့ လိုပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

တော်လှန်ရေးတစ်ရပ်အောင်မြင်ခြင်းဟာ ရန်သူပျက်စီးခြင်းထက် မိမိလိုလားတဲ့နိုင်ငံတော်စနစ်သစ်ကို အောင် မြင်အောင် အုတ်မြစ်ချတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ရန်သူကိုဝိုင်းပြီး ဖြိုချနိုင်ပြီးတော့ လိုလားတဲ့ နိုင်ငံတော်ကို မတည်ဆောက်နိုင်ဘူးဆိုရင်လည်း တော်လှန်ရေး ကျဆုံးခြင်း ဖြစ်ပါတယ်။ အဲလိုမျိုး အာဏာရှင် စနစ်ကို ဖြိုချပြီး စနစ်သစ်ကို မတည်ဆောက်နိုင်တဲ့၊ တနည်း တော်လှန်ရေး လမ်းခုလတ်မှာ ကျဆုံးကျန်ခဲ့တဲ့ နိုင်ငံတော်အများကြီး ရှိပါတယ်။

ဥပမာအားဖြင့် - ရုရှားတော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေး၊ အာရပ်တော်လှန်ရေး၊ စသည်။ ဒါကြောင့် တော်လှန်ရေးတစ်ရပ်အောင်မြင်ဖို့အတွက် အသစ်တည်ဆောက်မဲ့ နိုင်ငံရေး စနစ်နဲ့ နိုင်ငံရေးအတွေးအခေါ်တွေကိုအတွက် ကိုက်ညီမဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ လူမှုရေးယဉ်ကျေးမှုကို လက်ရှိအချိန်ကတည်းက ပြုပြင်ဖို့လိုပါတယ်။

ကျွန်မတို့ သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် လူ အချင်းချင်းတန်းတူညီမှုနဲ့ လူမျိုးအချင်းချင်းကြား၊ နယ်မြေအချင်းချင်းကြား ခွဲခြားမှုမရှိအောင် တစ်ဦးတစ် ယောက်၊ တစ်စုတစ်ဖွဲ့နဲ့ လူ့အဖွဲ့စည်းတစ်ခုလုံးကြားမှာ ရှိနေတဲ့ အာဏာရှင်ယဉ်ကျေးမှုတွေကို ပယ်သတ်ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို တည်ဆောက်ဖို့ လိုပါတယ်။အာဏာရှင်ယဉ်ကျေးမှု ရှိတဲ့နေရာမှာ ဒီမိုကရေစီစနစ် ကိုတည်ဆောက်မယ်ဆိုရင် သိပ်မကြာခင်မှာ ဒီမိုကရေစီစနစ်ဟာ အာဏာရှင်စနစ်ကို တဖြည်းဖြည်းနဲ့ အရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အာဏာရှင်ယဉ်ကျေးမှု စိတ်အခံနဲ့ ဒီမိုကရေစီကို သွားတဲ့အခါမှာ ပုံစံမျိုးစုံနဲ့ အာဏာရှင်တွေ ထွက်ပေါ်လာနေတာ၊ ထွက်ပေါ်လာမဲ့အလားအလာ တွေကို မြင်တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဒီမိုကရေစီယဉ်ကျေးမှုကို စတင်ကျင့်သုံးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

စုံလင်ကွဲပြားမှုဟာ လူသားဖြစ်တည်မှုရဲ့ အခြေခံအကျဆုံးလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ဖယ်ထုတ်ခံလိုက်ရတဲ့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ သေးလျှီပိန်ရှုံ့သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့လူ့အဖွဲ့အစည်းဟာ လွတ်လပ်စွာ‌ ရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်တာကြောင့် လူသားအရင်းအမြစ်တော်တော်များများ အကြောင်းမဲ့ ဆုံးရှုံးခဲ့ကြရတာဖြစ်ပါတယ်။

ထင်သာ မြင်သာရှိတဲ့ဥပမာအနေနဲ့ ကျောင်းဆရာမဖြစ်ချင်တဲ့သူတစ်ယောက်ကို ဆေးကျောင်း တက်ခိုင်းလိုက်တာကြောင့် အလွန်တော်တဲ့ကျောင်းဆရာမတစ်ယောက်ကို ဆုံးရှုံးလိုက်ရသလို၊ အလွန်တော်တဲ့ဆရာဝန် တစ်ဦးကိုလည်း ဆုံးရှုံးလိုက်ရပါတယ်။တချိန်တည်းမှာ ကာယကံရှင် ထိုလူကလည်း သူ့ရဲ့ လူသားဆန်မှု၊ လူသားတန်ဖိုးကို သူကိုယ်တိုင် မမြင်နိုင်တော့ဘဲ ဆုံးရှုံးရပါတယ်။

အဆိုးဘက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက် စီးလိုက်ကြတဲ့သူတွေ မနည်းပါဘူး။ မြန်မာ့ပညာရေးမှာ တက္ကသိုလ်တက်ပြီး ထိုဘာသာရပ်နဲ့ အသက်မွေး ဝမ်းကျောင်းမပြုသူတွေ အလွန်များပါတယ်။ ဒါဟာ လွတ်လပ်စွာရွေးချယ်ခွင့်ကို ကန့်သတ်မှု၊ စုံလင်ကွဲပြားမှု ကို အလေးမထားခြင်းရဲ့ ပြယုဂ်ဖြစ်ပါတယ်။

ထို့နည်းတူ အမျိုးသမီးတွေအနေနဲ့ လူသားတယောက်မှာရှိတဲ့ လွတ်လပ်စွာရွေးချယ်ခွင့်၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်အတွက် ဘာကြောင့် ကန့်သတ်ထားဖို့ လိုအပ်ပါသလဲ။ အမျိုးသမီးတွေဟာ စနစ်တစ်ခုရဲ့ အခြေခံအကျဆုံး လူသားတွေ ဖြစ်သလို၊ လူ့အရင်းအမြစ်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အဆုံးအဖြတ်‌ပေးမဲ့ လူတွေ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ လိုအပ်ချက်နဲ့၊ လိုချင်တဲ့စိတ်ဆန္ဒ၊ အပြောင်းအလဲကို အမျိုးသားတစ်ယောက် မသိနိုင်ပါဘူး။

အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို မသိတဲ့ အမျိုးသားတွေက နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုကို အလေးမထားဘဲ လျစ်လျူရှုကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တွေမှာ အုပ်စိုးထားတာဟာ အမျိုးသမီးတွေအပေါ် အမျိုးသားတွေက အခွင့်အရေးချိုးဖောက်တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဖျက်စီးနေတာဖြစ်ပါတယ်။ အခွင့်အရေးချိုးဖောက်နေတဲ့သူတွေ အုပ်ချုပ်မဲ့တိုင်းပြည်ဟာ ဘယ်တော့မှာ မအေးချမ်းနိုင်ပါဘူး။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

လက်ရှိတော်လှန်ရေးရဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်က နာမည်ခံသက်သက်သာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံရေးအပြောင်းအလဲအတွက် စတီယာတိုင်ကိုင်ထားသူတွေဟာ အမျိုးသားတွေကို ဖြစ်နေပါတယ်။ အမျိုးသမီးတွေရဲ့ တောင်းဆိုသံတွေဟာ လက်ရှိအချိန်အထိ နိုင်ငံရေး အဝန်းအဝိုင်းထဲ ရောက်ဖို့ ဝေးနေဆဲဖြစ်ပါတယ်။

အမျိုးသမီးခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်က နိုင်ငံ့ အရေးကို တိုးတက်အောင်လုပ်ဆောင်ဖို့အပြင် အမျိုုးသမီးအားလုံးရဲ့ လိုလားချက်ကိုလည်း ထုတ်ဖော်ပြောနိုင်ဖို့ လိုပါတယ်။ ကိုယ်ရှိနေတဲ့နေရာမှာ အမျိုးသမီးတွေအလုံအလောက်မရှိနေသေးဘူးဆိုရင် အမျိုးသားတွေ အဝန်းအဝိုင်းဘဲ ဆက်ဖြစ်နေသေးတယ်ဆိုရင် အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ဒီကိစ္စမှာ မိမိတို့ အားစိုက် လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။

အမျိုးသားအဝန်းအဝိုင်းမှာ အမျိုးသမီးအချို့ ခေါင်းဆောင်ဖြစ်ခွင့်ရှိနေတယ်ဆိုရင် အဲအမျိုသမီးက ဘယ်လောက်ဘဲတော်တော်၊ အမျိုးသမီးတွေအတွက် အပြောင်းအလဲကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အမျိုးသမီးခေါင်းဆောင်ဦးရေ တိုးလာရုံနဲ့ မကျေနပ်ဘဲ နိုင်ငံရေးထဲမှာ အပြောင်းအလဲလုပ်နိုင်မဲ့ အမျိုးသမီးထု အလုံအလောက် ပါဝင်နေဖို့ အရေးတကြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

အမျိုးသမီးတွေဟာ လူသားဖြစ်စကတည်းက အမျိုးသမီးတွေကို ဖိနှိပ်နှိပ်ကွပ်ချုပ်ချယ်ခဲ့တဲ့ သမိုင်းကြောင်း တွေကို မေ့လိုက်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် အမျိုးသမီးတွေကို ဖိနှိပ်မှု လျော့ပေါ့ခဲ့တာ နှစ်ပေါင်း (၅၀) တောင် မပြည့်သေးဘူးလို့ ဆိုလို့ရပါတယ်။ အဲဒီ နှစ်ပေါင်း (၅၀) မှာလည်း အမျိုးသမီးတွေအပေါ် ဖိနှိပ်ခံရမှုအတွက် အမျိုးသားအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ပေးခဲ့ခြင်းလည်းမရှိသလို၊ လက်ဆွဲခေါ်ခဲ့ခြင်းလည်း မရှိပါဘူး။

ဖိနှိပ်သူက ဖိနှိပ်ခံခဲ့ရတဲ့အမျိုးသမီးတွေ အပေါ် အလုပ်မနိုင်ကောင်းလား၊ မသိရကောင်းလား၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရကောင်းလားဆိုပြီး အပြစ်တင်သံနဲ့ နိုင်လိုမင်းထက် ပြုမှုတွေကိုသာ မြင်နေရတုန်း ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို မသိကျိုးကျွံပြုပြီး လက်ရှိအချိန်အထိ နေရာမဖယ်ပေးသေးဘဲနဲ့ ဆက်ထိုင်နေတာ၊ ဆက်ထိုင်နေတာကို မထောက်ပြကြတာဟာ လူ့အဖွဲ့အစည်းရဲ့ ရှက်ဖွယ်ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အမျိုးသမီးရော၊ အမျိုးသားရော မလေးစားခြင်းဟာ လူ့အသိုင်းအဝိုင်းရဲ့ တဖက်သတ်အတ္တကြီးမှုနဲ့ အာဏာရှင်ဆန်မှုဖြစ်ပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ပထမဆုံးအနေနဲ့ ကိုယ့်အဝိုင်းအဝန်းမှာ အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာ အပြည့်အဝပါနေလားဆိုတာ အမျိုးသားရော၊ အမျိုးသမီးရောက အလေးထားပြီး ကြည့်ဖို့လိုပါတယ်။ မရှိနေဘူးဆိုရင် ဘာကြောင့် မရှိနေသေးတာလဲဆိုတာကို ကြည့်ပြီး နေရာဖယ်ပေးဖို့၊ ထိုနေရာကို ယူလာနိုင်ဖို့ အစီအမံတွေလုပ်ဆောင်ပေးဖို့ လိုပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုတည်းက တူတူ ထွက်လာတဲ့အထဲမှာ ဘာကြောင့် အမျိုးသမီးတွေက နောက်ကျကျန်ခဲ့ရတာလဲ။ တကယ်ဘဲအမျိုးသမီးတွေ မလုပ်တတ်မကိုင်တတ်ဖြစ်နေတာလား။ အမျိုးသားနဲ့ လူ့အဖွဲ့အစည်းတွေက တဖက်သတ်အနေနဲ့ အဲလိုထင်မြင်နေတာလား ဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို အထင်မြင်သေးတဲ့၊ ကရုမစိုက်တတ်တဲ့စိတ်ကို ပြုပြင်ဖို့လိုပါတယ်။ အမျိုးသမီးတွေရဲ့ ရွေးချယ်ခွင့််ကို ဘယ်လိုအကြောင်းပြချက်နဲ့ဘဲဖြစ်ဖြစ် ဘောင်မခတ်ဖို့ လိုပါတယ်။ တော်လှန်ရေးမှာ ပါဝင်လာတဲ့ အမျိုးသမီးတိုင်းက သေရဲတယ်ဆိုတာ သေချာပြီးသားဖြစ်ပါတယ်။

ဒါကြောင့် ထိခိုက်နစ်နာမှာစိုးလို့ဆိုတာနဲ့ လုပ်ကိုင်နေတဲ့အလုပ်ကို တာဝန်မပေးတာဟာ အမျိုးသမီးစွမ်းရည်ကို အထင်သေးလိုက်တာနဲ့ တူတူဘဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေလည်း လုပ်ကိုင်နိုင်စွမ်းတွေကို အကုန်ထုတ်ပြ ပြီး စွန့်စားမှု၊ နာကျင်မှု၊ ချိုမြိန်မှုတွေကို ရင်ဆိုင်ခံစားနိုင်တယ်ဆိုတာကို လက်ခံပေးဖို့ လိုပါတယ်။
 

၇။ လူ့အခွင့်အရေးရှုထောင့်အရ တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ ဘယ်လို ပုံစံနဲ့ ချိုးဖောက်ခံ နေရတာတွေ ရှိပါသလဲ။

လက်ရှိတော်လှန်ရေးမှာ အမျိုးသမီးတွေကို စစ်ကောင်စီရဲ့ မုဒိမ်းကျင့်တာတွေ၊ လိင်အကြမ်းဖက်မှုတွေကို ကျုးလွန်တာတွေ အလွန်များပြားပါတယ်။ တချိန်တည်းမှာ တော်လှန်ရေးဘက်တော်သားအချင်းချင်းက လည်း မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာကိုတွေ တွေ့ရပါတယ်။ ဒါက ဘာကိုဆိုလိုတာ လဲဆိုတော့ အမျိုးသားတွေက အမျိုးသမီးတွေကို နှိပ်စက်လို့ရတဲ့သူလို့ မြင်လို့ဖြစ်ပါတယ်။

အိမ်တွင်းအကြမ်း ဖက်မှုကိုလည်း သာမာန်ဖြစ်စဉ်တစ်ခုလို ရှုမြင်နေတာက အမျိုးသမီးကို လူသားလို့ မမြင်နေလို့ ဖြစ်ပါတယ်။ လူအချင်းချင်းကြားမှာ တစ်ဦးကတစ်ဦးအပေါ် နှိပ်စက်လို့ရတယ်၊ ဖိနှိပ်လို့ ရတယ်၊ အနိုင်ယူလို့ရတယ် ဆိုတာဟာ အာဏာရှင်စနစ်ရဲ့ ဇစ်မြစ်ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့အတွက်ဆိုရင် ကိုယ့်အဝန်းအဝိုင်းမှာ အာဏာရှင်စရိုက်တွေကို အကြောင်းပြချက်ကင်းစွာ လက်မခံဖို့ လိုပါတယ်။

ဒီလို ကျူးလွန်မှုတွေအတွက် အကြောင်းပြပေးဖို့ ရှိနေသေးတယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းဟာ တရားမဲ့တဲ့ လူအဖွဲ့အစည်းဘဲ ဖြစ်ပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက် အိမ်တွင်းအကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ၊ တော်လှန်ရေးမှာ ခွဲခြားဆက်ဆံခံရတာတွေဟာ ထိုအမျိုးသမီး၊ အမျိုးသားတွေမှာဘဲ တာဝန်ရှိတာမဟုတ်ဘူး။ ကျူးလွန်တဲ့ အမျိုးသားအတွက် အကြောင်းပြချက်ပေးခွင့်ရအောင်ဆက်ရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ကျူးလွန်မှု ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးတစ်ယောက်ကို စစ်ကောင်စီ စစ်သားက လိင်အကြမ်းဖက်ခြင်းဟာ စစ်တပ်တစ်ခုလုံးက ကျူးလွန်ခြင်းဖြစ်သလို၊ တော်လှန်ရေးဘက်တော် သားအချင်းချင်း လိင်အကြမ်းဖက်ခြင်းဟာ တော်လှန်ရေးတစ်ရပ်လုံးရဲ့ အမျိုးသမီးထုအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြီး ဖြစ်တယ်ဆိုတာကို မြင်ဖို့ လိုပါတယ်။


၈။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို တင်းပြည့်ကျပ်ပြည့် ရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် လူသားတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်က ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုယ်တာဝန်ခံနိုင်တဲ့ လူ့အဖွဲ့ အစည်းဟာ တရှိန်ထိုးတိုးတက်လာမှာဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့သူ တစ်ယောက်ချင်း ဟာ တော်လှန်ရေးအောင်မြင်ဖို့၊ စစ်အာဏာရှင်အပါအဝင်၊ အာဏာရှင်စနစ်တွေ ပြန်ထွက်ပေါ်မလာလို့ တာဝန်ခံဖို့ လိုပါတယ်။

တာဝန်မခံနိုင်ဘဲ၊ အဖွဲ့အစည်းတစ်ခုမှာ ပါဝင်လှုပ်ရှားမှု၊ နေရာယူမှုဟာ လူ့အဖွဲ့ အစည်း ပရမ်းပတာဖြစ်ဖို့အတွက် လမ်းစဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းကို ရွေးချယ်ခွင့်ပေးပါ။ ရွေးချယ်မှု အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုကို တပါတည်း ပေးအပ်ကြပါ။ တာဝန်ယူပြီး တာဝန်ကျေပွန်မှု၊ တာဝန်ခံမှု ရှိမှသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို စပြီးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။


၉။ ဖြည့်စွက်ချက်။ 

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ လူသားဖြစ်မှုကို ဘယ်တော့မှာ ဈေးမလျော့လိုက်ဖို့ လိုပါတယ်။ အမျိုးသမီး တွေ ဖိနှိပ်ခံလိုက်လို့ရှိရင် ဖိနှိပ်မှုကြီးတစ်ရပ်ကို မွေးထုတ်ပေးလိုက်သလို၊ ဖိနှိပ်သူတွေကို မွေးထုတ်ပေးလိုက် တာဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ ဖိနှိပ်ခံရသူတွေက ဆက်ပြီး ဖိနှိပ်မခံရရေးအတွက် ဖိနှိပ်လိုသူတွေကို တွန်းလှန်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် တော်လှန်ရေးအောင်မြင်ဖို့အတွက်ဆို နေ့စဉ်ဒူဝမှာ လူအချင်းချင်း ဖိနှိပ်ချုပ်ချယ်လို့ မရဘူးဆိုတာကို မြင်အောင်လုပ်ဖို့လိုပါတယ်။ အမျိုးသမီးဆိုတာ အမြဲတမ်းတစ်ယောက် တည်းမဟုတ်ပါဘူး။အမျိုးသမီးဆိုတာ အမျိုးသမီးထုကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း မလုပ်ချင်ရင်၊ တစ်ယောက်တည်းမလုပ်နိုင်ရင် အမျိုးသမီးအဖွဲ့တွေနဲ့အတူ တွန်းလှန်ပါ။

အမျိုးသမီးအဖွဲ့အစည်းတွေကလည်း အမျိုးသမီးအရေးကို အမျိုးသမီးတွေနဲ့အတူတကွ တပေါင်းတည်းလုပ် နိုင်ဖို့ ပိုပြီးချိတ်ဆက်ပေါင်းစည်းနိုင်ဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသမီးအရေးဆိုတာ လူသားအားလုံးအရေး ဖြစ်တာကြောင့်၊ အမျိုးသမီးတွေအနေနဲ့ ကဏ္ဍအားလုံးမှာ ပြည့်ပြည့်ဝဝတာဝန်ရှိပါတယ်။ အမျိုးသမီးတွေ အပြည့်အဝ မပါဝင်နိုင်ခြင်းဟာ အမျိုးသမီးတွေရဲ့ ညံ့ဖျင်းမှုနဲ့ အမျိုးသားတွေရဲ့ လောဘကြီးမှု၊ လူသားမဆန်မှု ကြောင့် ဖြစ်ပါတယ်။ 


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 

https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media