- Published on
-
May 07th, 2025
- Author
-
အက်စတာဇေနော
Kachin Political Interim Coordination Team
KPICT
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“လူဦးရေရှိသမျှ အကုန်လုံးကို အမျိုးသမီး၊ အမျိုးသားဖြစ်ပါစေ ပြည်သူဖြစ်နေရင် အသုံးချဖို့ သင့်တယ်။ ကျွန်မတို့ကို ခွဲခြားဆက်ဆံနေရင် ကိုယ်တိုင်ရဲ့နစ်နာမှုပဲ ဖြစ်မယ်။ နိုင်ငံသားတွေအားလုံးရဲ့ နစ်နာမှုပဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
လက်ရှိနွေဦးတော်လှန်ရေးကကျွန်မတို့ အနီးခေတ်သမိုင်းမှာဆို အကြီးမားဆုံး ဒုတိယလှိုင်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကြားထဲမှာတော့ တစ်နိုင်ငံလုံးအနှံ နိုင်ငံရေးလှိုင်းတွေရှိခဲ့ပေမယ့် အနီးခေတ်မှာဆို ၈၈ နဲ့ ၂၀၂၁ ရဲ့လှိုင်းကတော့ အမြင့်မားဆုံးလှိုင်းလို့ ပြောလို့ရပါတယ်။ လှည်းနေမြေအောင်းမြင်းဇောင်းမကျန် တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးဖြစ်တယ်။
နောက်ပြီးတော့ ကျွန်မတို့တောင်တန်းမြေပြန့်တွေပါ အတူတူ ဖြတ်သန်းရတဲ့ တော်လှန်ရေးကြီးတစ်ခု ဖြစ်ပါတယ်။ ၈၈ တုန်းက တကယ်ကိုတစ်နိုင်ငံလုံးအနှံ့ အုံကြွ တော်လှန်ခဲ့တယ်ဆိုပေမယ့် တောင်တန်းမြေပြန့်ရဲ့ တကယ့်အနိဌာရုံတွေကို လက်ရှိနွေဦးတော်လှန်ရေး လောက် ထင်ထင်ရှားရှား မမြင်တွေ့ခဲ့ရဘူး။
အချိန်တိုအတွင်းမှာ ပြန်ပြီး ငြိမ်သက်သွားတယ်ဆိုတဲ့အပိုင်း ကဏ္ဍတွေ ရှိတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ ထူးခြားမှုက လူငယ်တွေအများဆုံး ပါဝင်ဦးဆောင်ခဲ့ကြ တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ အဲ့ဟာကပဲ နွေဦးတော်လှန်ရေးက လက်ရှိအချိန်ထိကို တောင့်ခံနိုင်တဲ့ အနေအထားတစ်ခု ဖြစ်နေတယ်။
နောက်ထပ်အချက်က လူထုတစုံလုံးရဲ့ဒီမိုကရေစီဆိုတဲ့အရသာကို ကာလတိုလေး မြည်းစမ်းခွင့်ရလိုက်တာ ကလည်း နွေဦးတော်လှန်ရေးကြီး လက်ရှိအခြေအနေအထိ ရပ်တည်နိုင်တာရဲ့ အကြောင်းတရားတစ်ချက် ဖြစ်ပါတယ်။ ပိတ်မိနေတဲ့အနေအထားကနေ အလင်းရောင်ကို မြင်တွေ့ခဲ့ဖူးတဲ့လူတွေအနေနဲ့ ဒီအလင်းကို မက်မောတယ်။
ဘယ်လောက်ပဲ တိုတောင်းတယ်ဆိုစေဦးတော့ ဘယ်လောက်ပဲ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကိုမခံစားရဘူးဆိုစေဦးတော့ အရင်တုန်းကဘာမှန်းမသိခဲ့တာကနေ နည်းနည်းလေး သိလိုက်ရတဲ့ အခါမှာ ရှိဖူးတော့မှ မရှိခြင်းရဲ့သဘောတရားကို နားလည်တယ်။ အဲ့အတွက်ကြောင့် ဒါကတစ်စုံလုံးကို လက်ရှိအချိန်ထိ တောင့်ခံထားနိုင်တဲ့ အကြောင်းတရား ဖြစ်ပါတယ်။
နောက်ပြီး နိုင်ငံတကာရဲ့ ကမ္ဘာကရွာ ဖြစ်လာတဲ့အချက်ကလည်း နွေဦးတော်လှန်ရေးကို ပံ့ပိုးပေးနေတာ ဖြစ်တယ်။ ဆက်သွယ်ရေးအပိုင်းမှာ ကျွန်မတို့ပိုပြီးတော့ ချိတ်ဆက်မှုတွေ အားကောင်းလာတယ်။ အားကောင် လာတဲ့အတွက် ယုံကြည်မှုတွေကို အချိန်တိုအတွင်း အကောင်အထည်ဖော်ပြီး အမြန်ဆုံးလုပ်နိုင်တယ်။
ဒီ သုံးချက်ကတော့ နွေဦးတော်လှန်ရေးမှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို လက်ရှိအချိန်ထိတော်လှန်ရေးအားကောင်း ဖို့ ပံ့ပိုးပေးနေတဲ့ အချက်တွေလို့ ကျွန်မမြင်ပါတယ်။ဒီအချက်တွေအပေါ်မှာ မူတည်ပြီးတော့ လက်ရှိ သုံးနှစ်တာကာလမှာ အားလုံးက တရွေ့ရွေ့နဲ့တော့ တည်ဆောက်နေကြတယ်။
အားကောင်းတဲ့အချက်တွေ ရှိသလို ကျွန်မတို့သွားသလောက် မရွေ့တဲ့အခင်းအကျင်းတွေလည်း ရှိတယ်။ ဥပမာဆိုရင် နိုင်ငံအရ နယ်နိမိတ်ချင်း ထိစပ်မယ်လို့ ရွေးချယ်ခွင့် မရတဲ့အချိန်မှာ ကျွန်မတို့က တရုတ်နဲ့ အိန္ဒိယကြားထဲက sandwish ဖြစ်နေတယ်။
ဒါကြောင့် အနောက်နိုင်ငံနဲ့ အားပြိုင်မှုရှိတဲ့ အာရှကနိုင်ငံကြီးတွေနဲ့ အိမ်နီးချင်းဖြစ်နေရခြင်း ကလည်း တော်လှန်ရေးမှာ ထင်သလောက်ရှေ့ကိုတိုးလို့မရတဲ့ လုပ်သလောက် အကောင်အထည်မပေါ်လာတဲ့ ဖိအားမျိုးတွေကို ဖြစ်စေတယ်။ နောက်တချက်က ကာလအရှည်ကြာဆုံး စနစ်တကျ အခိုင်အမာတည်ဆောက် နှင့်ပြီးသား စစ်တပ်ရဲ့ institution တွေ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမယ်။
ဒီလိုမျိုး စုဖွဲ့ထားတဲ့ အစုအဖွဲ့ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ချစားမှုတွေ ဘယ်လောက်ပဲရှိနေသည်ဆိုစေဦးတော့ အချိန်တစ်ခုကြာ အချိန်ယူပြီးတော့မှ ဖြိုဖျက်ရတဲ့အပိုင်းတွေ ရှိတယ်။
နိုင်ငံရေးအစုအဖွဲ့တွေအကြား အချိန်ကာလအတော်ကြာ ပျက်စီးနေပြီဖြစ်တဲ့ ယုံကြည်မှုကို အချိန်တိုအတွင်း ပြန်တည်ဆောက်ရတဲ့အခါမှာ တချို့သောအစုအဖွဲ့တွေရဲ့ အဖွဲ့အစည်းအပေါ်မှာ မူတည်ပြီးစဉ်းစားနေတဲ့ အဖွဲ့အစည်းဗဟိုပြု စဉ်းစားနေတဲ့အရာတွေကလည်း ညီညွတ်မှုနဲ့ စည်းလုံးမှုကို တည်ဆောက်တဲ့အခါမှာ အများကြီးအဟန့်အတား ဖြစ်နေပါသေးတယ်။ ဒါတွေက နွေဦးတော်လှန်ရေးရဲ့ အားနည်းချက်၊ အားသာချက် တွေဖြစ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ မြန့်မာ့နိုင်ငံရေးဖြစ်စဉ်မှာ နွေဦးတော်လှန်ရေးကနေတဆင့် ကျွန်မတို့ လိုချင်တဲ့ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ရဖို့ဆိုတဲ့ လက်ရှိအချိန်အထိ မျှော်လင့်ချက်ရှိတယ်။ ဘာလို့ဆို ကျွန်မတို့ရဲ့ပံ့ပိုးနေတဲ့အချက်တွေကလည်း အားကောင်းတဲ့အချက်တွေ ဖြစ်သလို ကျွန်မတို့ကို အနှောင့် အယှက်ဖြစ်စေတဲ့အရာတွေကလည်း တဖြေးဖြေးနဲ့ပြေလည်လာပြီဆိုတာကို မြင်တွေ့နိုင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
နိုင်ငံတစ်ခုလို့ပြောတဲ့အခါမှာ အဓိကအရေးကြီးတာတွေက အချုပ်အခြာအာဏာ၊ နယ်မြေ၊ ပြည်သူ၊ အစိုးရ က အခြေခံဖြစ်ပါတယ်။ ကြုံလာတဲ့အတွေ့အကြုံတွေ၊ လက်ရှိရှိနေတဲ့ အနေအထားတွေ၊ ရှေ့နိုင်ငံရေးအတွက် သူတို့ရဲ့နေထိုင်ရပ်တည်ရေးအတွက် မျှော်လင့်ချက်တွေ၊ ဒီအပေါ်တွေမှာမူတည်ပြီးတော့မှ တည်ဆောက်ဖို့ လိုပါတယ်။ စံတန်ဖိုးတွေနဲ့ အခြေခံမူတွေကို ပြည်သူရဲ့လိုအပ်ချက်အပေါ်မှာ အဓိကမူတည်ရမယ်။ မြန်မာနိုင်ငံရဲ့အနေအထားအနေနဲ့ကြည့်ရမယ်ဆိုရင် အဓိကအရေးကြီးနေတာက အဖိနှိပ်ခံတွေ တစ်ဦးနဲ့ တစ်ဦး ရပ်တည်ပေးကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်မျိုးက လိုအပ်ပါတယ်။ ဒါအတွက် စံတန်ဖိုးလို့ ပြောမယ် ဆိုရင် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု ဒီအချက်ငါးချက်ကတော့ အဓိကကျတဲ့ အချက်ဖြစ်မယ်။ ပြည်သူတွေရဲ့အားလုံးရဲ့ထောက်ခံမှု၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစုအဖွဲ့တွေရဲ့ လိုအပ်ချက်၊ လိုလားချက်အပေါ်မှာ ပြန်ပြီး တည်ဆောက်ရမယ်လို့ ယုံကြည်ပါတယ်။
ံ
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
ပဋိပက္ခတစ်ခုမှာ အမျိုးသမီးနဲ့ အမျိုးသားယှဉ်ရင် အမျိုးသားကတော့ ပိုပြီးတော့မှ အသက်ဆုံးရှုံးကြတဲ့ ပမာဏများတယ် ဆိုတာတွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားတွေရဲ့လူဦးရေ ရာခိုင်နှုန်းက သိသိသာသာ လျော့ကျသွားနိုင်တယ်ဆိုတာကို ကျွန်မတို့ ဒီအချက်အလက်တွေကြည့်ပြီး မှန်းဆလို့ရနိုင်တယ်။ နဂိုကတည်း က အမျိုးသမီးရာခိုင်နှုန်းများနေတဲ့နေရာမှာ ဒီရာခိုင်နှုန်းကို ကျွန်မတို့ကအသုံးမပြုဘူးဆိုရင် နိုင်ငံအတွက် အင်မတန်ကို ဆုံးရှုံးမှုဖြစ်တယ်။ အမျိုးသမီးမို့လို့ နေရာပေးရမယ်ဆိုတာမျိုးထက် ကျွန်မဒီမှာ highlight လုပ်ချင်တာက လူဦးရေရှိသမျှ အကုန်လုံးကို အမျိုးသမီး၊ အမျိုးသားဖြစ်ပါစေ ပြည်သူဖြစ်နေရင် အသုံးချဖို့ သင့်တယ်။ ကျွန်မတို့ကို ခွဲခြားဆက်ဆံနေရင် ကိုယ်တိုင်ရဲ့နစ်နာမှုပဲ ဖြစ်မယ်။ နိုင်ငံသားတွေအားလုံးရဲ့ နစ်နာမှုပဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ စုံလင်ကွဲပြားမှုက အရေးကြီးကြောင်း ပြသနေတဲ့ သုတေသနတွေ လည်း အများကြီးရှိခဲ့တယ်။
အမျိုးသမီးတွေအနေနဲ့ ယေဘုယျအားဖြင့်ဆိုရင် ပိုပြီးတော့မှ အသေးစိတ်ကျတဲ့ ရှုမြင်မှုတွေ ရှိတယ်။ အမြင်တွေ ရှိတယ်။ အဓိကကတော့ ပိုအသေးစိတ်ကျတဲ့အမြင်နဲ့ ဆုံးဖြတ်မှုတွေပေါ့။ နိုင်ငံတစ်နိုင်ငံမှာဆိုရင် ဘယ်လောက်ပဲ နိုင်ငံနဲ့ချီပြီး ပြောသည်ဖြစ်ပါစေဦးတော့ ပြောင်းလဲမှုတွေက မိသားစုတွေကနေ လာပါတယ်။ အိမ်ထောင်စု၊ မိသားစုတစ်ခုမှာ အမျိုးသမီးတွေက အဓိကစီမံခန့်ခွဲတဲ့အပိုင်းကို တာဝန်ယူကြပါတယ်။ အဓိကအနေနဲ့လုပ်နေကြတဲ့အမျိုးသမီးတွေရဲ့ ကဏ္ဍသာမပါဘူးဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆောက်ရေးမှာ အခြေခိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုးသုံးနှစ်တာကာလကို ကျော်ဖြတ်လာပြီဖြစ်တဲ့ အတွက်ကြောင့် အမျိုးသား တွေဟာ အမျိုးသမီးတွေနဲ့တန်းတူ ဘယ်လောက်အထိ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်လဲဆိုတာ လက်တွေ့ မှာ မြင်နေရပြီ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့် ကန့်သတ်ထားတာမျိုး မဟုတ်ပဲနဲ့ လုပ်နိုင်ရည် ရှိတဲ့အရည်အချင်းနဲ့ အစွမ်းအစပေါ်မှာ ယုံကြည်မှုပေးပြီးတော့ တကယ့်လက်တွေ့အသုံးပြုနိုင်ဖို့ အသုံးချနိုင်ဖို့ လိုပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
တော်လှန်ရေး သုံးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေလုပ်နိုင်စွမ်းရည်ကို တော်တော်များများ မြင်လာကြ တယ်၊ ယုံကြည်မှုရှိလာကြတယ် ဆိုတဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု၊ နိုင်ငံရေးဆိုင်ရာမှာ ဆုံးဖြတ်ပိုင်ခွင့် အရင်ကထက် ပိုတဲ့အနေအထားတစ်ခုကို တွေ့လာရပါတယ်။ သို့ပေမယ့်လို့လည်း ပမာဏ အနေနဲ့ဆို တော်တော်လေး နည်းနေသေးတယ်လို့ ပြောရမှာ ဖြစ်ပါမယ်။ ဒီနွေဦးတော်လှန်ရေးက စစ်အုပ်စု ပြုတ်ကျဖို့ပဲ မဟုတ်ဘူး။ အမျိုးသမီးတွေ လူလူချင်းတန်းတူညီမျှ မဆက်ဆံပဲနဲ့ ဖိုဝါဒစွဲအယူဝါဒတွေ ကလည်း ဖက်စစ်ဝါဒရဲ့အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့အနေနဲ့ သတိရဖို့ လိုပါတယ်။ လက်ရှိမှာ ကိုတာအနေနဲ့ ပါဝင်လာတဲ့ အမျိုးသမီးတွေတောင် အများအားဖြင့် တကယ့်ဆုံးဖြတ်ချက်ချရတဲ့စီနီယာတန်းမှာ မဟုတ် ကြသေးဘူး။
လက်ရှိအမျိုးသမီးတွေကလည်း ကြိုးစားနေကြတယ် ပါဝင်နေကြတဲ့နည်းတူ သူ့ရဲ့ အရည်အချင်းနဲ့ စွမ်းရည် အပေါ်မှာ မူတည်ပြီးတော့မှ ကန့်သတ်မှုမထားပဲနဲ့ နေရာပေးဖို့အတွက်ကတော့ ဆက်လုပ်ရမယ့်အပိုင်း ကဏ္ဍ ဖြစ်နေသေးတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှား တွေ့နေရပြီလဲ ဆိုရင်တော့ အလယ်အလတ်တန်း ဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာ၊ ပေါ်လစီအရ ဆုံးဖြတ်ချက်ချ ရတယ်ဆိုတဲ့နေရာမှာ ပါဝင်နေတာမျိုးရှိသလို အမျိုးသမီးအများစုပါဝင်နေရတဲ့အရာက ရုံးပိုင်းဆိုင်ရာတွေ ထောက်ပို့ကဏ္ဍတွေ၊ ဆေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေ၊ ပညာရေးကဏ္ဍတွေမှာဆိုရင်တော့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရင်ကထက် တော်တော်လေး သိသိသာသာ အများကြီး ထင်ရှားလာတယ်လို့ မြင်ရတယ်။ အထူးသဖြင့်တော့ ရုံးပိုင်းဆိုင်ရာတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ပါဝင်မှုက အရင်ကထက်စာရင် အင်မတန်မှ အများကြီး တိုးတက်သွားတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ လူတွေရဲ့ဖြတ်သန်းမှုအပေါ်လည်း အများကြီးဆိုင်တယ်။ ဒီအပေါ်တွေမှာ မူတည်ပြီးတော့မှ လူ့ရဲ့အသိုင်းအဝိုင်းက သူ့ရဲ့လက်ခံတဲ့ တန်ဖိုးထားမှု၊ စံတန်ဖိုးတွေကလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဒီမိုကရေစီခေတ်ပြောင်းတစ်ခုမှာ ဒါတွေကို အချိန်အတိုင်းအတာတစ်ခု ချိုးဖျက်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် အရှိန်ရခါနီးလေးမှာပဲ အာဏာသိမ်းတာနဲ့ ဖြစ်သွားတဲ့အခါမှာ တကယ့်ခေတ်ပြောင်း၊ စနစ်ပြောင်းပုံစံမျိုးက အကောင်အထည်မဖော်ခဲ့ရဘူး။ နွေဦးတော်လှန်ရေးမှာ မပြောင်းလဲနိုင်ခဲ့သေးသော ယဥ်ကျေးမူအမွေအနှစ်ဆိုးတွေကို ဖြတ်တောက်ဖို့လိုပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ ဖြတ်တောက်မှပဲ ကျွန်မတို့ရဲ့အခွင့်အရေး တန်းတူညီမျှမှုတွေက အမျိုးသမီး၊ အမျိုးသားတင်မဟုတ်ဘူး။ လူမျိုးရေး၊ ဘာသာရေး အပေါ် အခြေခံတဲ့ အခြားသော မတူကွဲပြားမှုတွေအပေါ်မှာ အခြေခံတဲ့အရာတွေက ပြောင်းလဲလာမှာဖြစ်ပါ တယ်။ နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့ဆုံးဖြတ်နိုင်ခွင့်ကို သမိုင်းနဲ့ချီတဲ့ လူ့အဖွဲ့အစည်းထဲမှာ တည်ဆောက်လာခဲ့တဲ့ စံတန်ဖိုးတွေက တစ်ဆင့်လည်း အကန့်အသတ် ဖြစ်စေပါတယ်။ ဒီစံတန်ဖိုးတွေအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်မတို့ရဲ့တစ်ဘဝလုံးမှာ ဆုံးဖြတ်ချက်ချတာတွေ၊ ဘဝနေနည်းတွေကို သတ်မှတ်ခဲ့ကြပါတယ်။
အမျိုးသမီးနဲ့အမျိုးသားဖြစ်တည်မှုအပေါ်မှာ မူတည်ပြီးတော့မှ သူ့ရဲ့စွမ်းရည်ကို ပြောင်မြောက်အောင် သွေးနိုင် တဲ့ ကွာဟမှုတွေရှိတဲ့အခါမှာ ပါဝင်လာနိုင်မှုအတွက် ထိခိုက်လာတယ်။ အရည်အချင်းမရှိဘူး ဆိုတဲ့ခေါင်းစဉ် အောက်မှာ ပါဝင်မှုကို ကန့်သတ်လာတယ်။ ဒီလိုပါဝင်မှုမရှိလာတဲ့အတွက် ဆုံးဖြတ်မှုက ပိုပြီးတော့ ဝေးကွာ သွားတယ်။ ဒါ့ပြင် စနစ်အရဆိုလည်း ဘယ်ရာထူးမှာ အမျိုးသားမှ ဆိုတဲ့ကန့်သတ်ထားမှုတွေက စနစ်အရ ကန့်သတ်ထားတဲ့အကြောင်းအရာတွေ ဖြစ်တယ်။ နံပါတ်သုံးကကျတော့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ ကျား၊မ ရေးရာပေါ်မှာမြင်တဲ့ ရှုမြင်မှု၊ သိနားလည်မှု နဲ့ ဆိုင်ပါတယ်။ လူကိုလူလို့ မမြင်တော့ပဲနဲ့ သူ့ရဲ့မတူကွဲပြားမှု တွေမှာ တံဆိပ်ကပ်ပြီး မြင်လာတဲ့ရှုထောင့်မျိုးတွေ ဒါတွေကပဲ ကျွန်မတို့အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အများကြီး အဟန့်အတားဖြစ်စေတဲ့ အကြောင်းအရာမျိုးတွေ ဖြစ်ပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အခုလက်ရှိလုပ်ရမှာက အမျိုးသမီးတွေရဲ့ လက်ရှိပါဝင်မှုကို အသိအမှတ်ပြုပြီးတော့ လက်ခံတတ်အောင် စိတ်နေသဘောထားတွေကို ပြောင်းလဲပစ်ဖို့အတွက် အင်မတန်အရေးကြီးပါတယ်။ အခုချိန်မှာကတော့ လူဦးရေအရ အမျိုးသမီးတွေက မပါလို့မရဘူး။ မလုပ်လို့မရဘူး လက်ခံထားတယ်ဆိုတဲ့လူတွေလည်း ရှိကောင်းရှိပေမဲ့ အချိန်တစ်ခုရောက်သွားတဲ့အခါမှာ အမျိုးသားကို ပိုပြီးဦးစားပေးတယ်ဆိုတဲ့ပုံစံမျိုးတော့ ကျွန်မတို့ ပြန်ပြီးပြောင်းလဲမသွားဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ မြင်နေရသလိုမျိုး လုပ်နိုင်တဲ့အမျိုးသမီးတွေ၊ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ တကယ်ရဲရဲတောက် အစွမ်းရှိတဲ့ အမျိုးသမီးတွေရဲ့စွမ်းအင်ကို လက်ခံ ပြီးတော့ နောက်ပြောင်းလဲမဲ့အနာဂတ်မှာလည်း ဒီလူသားအရင်းမြစ်ကို ဆက်လက်အသုံးပြုသွားဖို့အတွက်ကို ကျွန်မတို့သတ္တိရှိဖို့ လိုတယ်။ အခွင့်အရေးပေးဖို့ လိုတယ်။ အားလုံးရဲ့ စိတ်ထဲမှာလည်း အမြဲယုံကြည်ထားဖို့ လိုတယ်။
အမျိုးသမီးတွေ၊ ဂျဲန်ဒါနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့အရာတွေမှာ ဘယ်လိုမျိုး နားလည်ပြီးတော့မှ ဘယ်လို တန်ဖိုးထားမှုတွေကို တည်ဆောက်သင့်သလဲဆိုတဲ့ဟာမျိုး ဒါတွေနဲ့ပတ်သက်တဲ့ အသိပညာတွေကို အခြေခံ ရှိထားတဲ့လူတွေအနေနဲ့ အချိန်တိုအတွင်း သဘောပေါက်သွားမယ့် သင်တန်းလိုမျိုးတွေ၊ ဟောပြောပွဲ လိုမျိုးတွေ informal၊ non-formal education တွေ ပြုလုပ်မှသာ လူ့အဖွဲ့အစည်းနဲ့ အသားကျနေတဲ့ အယူအဆအလွဲတွေကို အမြန်ဆုံး ပြန်ပြီးတော့မှ ပြုပြင်နိုင်မယ်။ ဒါ့ပြင် ပညာရေးသင်ရိုးမှာလည်း ထည့်သွင်း ပြီးတော့မှ ရေးဆွဲဖို့လိုတယ်။ မတူကွဲပြားတဲ့အရာအားလုံးကို ဘယ်လိုမျိုး ပေါင်းစည်းရမယ်ဆိုတဲ့ သဘော တရားရေးရာကို နားလည်မယ်ဆိုရင် ဂျဲန်ဒါဆိုတဲ့အတွေးအခေါ်က အဲ့လောက်ကြီး မခက်ခဲဘူး။ အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီး နောက်ထပ်တချက်က conflict တွေကို sensitivity ရှိဖို့ အလေးထားဖို့ လိုပါတယ်။ သာမာန်ပြည်သူလူထုတွေ သာမာန်ပြည်သူလူထုလို့ပြောတဲ့အခါမှာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူတွေပါမယ်။ စိတ်မဝင်စားတဲ့လူတွေ ရှိမယ်။ ဒါကြောင့် ပုံမှန်ပြည်သူအားလုံးကို ခြုံငုံပြီး အသိပညာပေးဖို့ လိုပါတယ်။ နိုင်ငံရေးအရ ဦးစီးတဲ့ NUG အနေနဲ့ အစိုးရတစ်ရပ်ရဲ့ဝန်ကြီးဌာနအသီးသီးမှာ အမျိုးသမီးတွေ ရဲ့ပါဝင်မှုကို လေးစားပြီး အမြဲထည့်သွင်းလုပ်ဆောင်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်စုံလုံး အချိန်တိုအတွင်း အမြန်ဆုံးလျစ်လျူရှုမှု ပပျောက်ဖို့နဲ့ ပြည့်ပြည့်ဝဝပါဝင်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
လူ့အဖွဲ့အစည်းမှာ အမျိုးသမီးလို့ လိင်အရသတ်မှတ်ခံရတဲ့သူတွေအနေနဲ့ ပါဝင်မှုကို ကန့်သတ်လိုက်မယ်ဆိုရင် အားလုံးအတွက် နစ်နာမှုပဲ။ အမျိုးသားတွေအနေနဲ့ သတိပြုရမှာက ကိုယ့်ရဲ့မဟာအမျိုးသားဝါဒကပဲ အမျိုးသားတွေကို ပင်ပန်းစေတဲ့အချက်တွေဖြစ်တယ်ဆိုတာကို မြင်ဖို့လိုပါတယ်။ အားလုံး နိုင်ငံတစ်နိုင်ငံကို တည်ထောင်တဲ့နေရာမှာ အမျိုးသား၊ အမျိုးသမီး မခွဲခြားနေပဲနဲ့ ဒီနိုင်ငံရဲ့ ပြည်သူပြည်သားတွေအနေနဲ့ နိုင်တဲ့ဝန်ကိုထမ်းကြဖို့ တကယ့်အခွင့်အရေးကြိုးစားတဲ့သူ တကယ်စွမ်းရည်ရှိတဲ့သူတွေကို အားလုံးပါဝင်ကြဖို့ အတွက် အခွင့်အရေးပေးမယ်ဆို အားလုံးအတွက် အကျိုးရှိတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ လည်း ဒါကို မြင်ဖို့လိုပါတယ်။ လူ့အဖွဲ့အစည်းကသတ်မှတ်ထားတဲ့ စံတွေကြားထဲမှာ အမျိုးသမီးတွေကိုယ်တိုင် ကလည်း တခါတလေကျရင် အမျိုးသားဦးဆောင်မှ သဘောကျတယ်ဆိုတဲ့ အနေအထားမျိုး ရှိတာပေါ့နော်။ မသိစိတ်မှာ လွှမ်းမိုးနေတဲ့အရာတွေ ဖြစ်ကောင်းဖြစ်ပေမယ့် ဒီလိုအရာတွေကို အမျိုးသမီးတွေကိုယ်တိုင် မြင်ပြီးတော့ ပြည်သူအားလုံးရဲ့ ကလေးလူကြီး မခွဲခြားနေပဲနဲ့ နိုင်ရာဝန်ထမ်းပြီး၊ ဆောင်ရွက်ကြမယ်ဆိုရင် ပျက်စီးပြိုယွင်းနေတဲ့ ပင်ပန်းနေတဲ့နိုင်ငံတော်ကို ပြန်ပြီးတည်ဆောက်ရာမှာ အမြန်ဆုံးအကောင်အထည် ဖော်နိုင်လိမ့်မယ်။ ပိုပြီးတော့မှ ထင်ရှားတဲ့အပြောင်းအလဲတွေကို ကျွန်မတို့မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
၈။ ဖြည့်စွက်ချက်။
“မြန်မာနိုင်ငံရဲ့အနေအထားနဲ့ဆိုရင် အဓိကအရေးကြီးတာက အဖိနှိပ်ခံတွေ
တစ်ဦးနဲ့ တစ်ဦး ရပ်တည်ပေးကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်မျိုးက လိုအပ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ တဦးနဲ့တစ်ဦး ပံ့ပိုးကြဖို့အတွက် အများကြီးလိုအပ်နေသေးတယ်။ မြန်မာ့လူ့အဖွဲ့ အစည်းမှာ ကျား၊ မ တန်းတူမညီမျှမှုက လက်ရှိအချိန်ထိ တင်းပြည့်ကျပ်ပြည့်မရသေးတဲ့အချိန်ဖြစ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး ဖေးမပြီးတော့ ပိုပြီးတော့မှ ပတ်ဝန်းကျင်ရဲ့ တန်ဖိုးထားမှု၊ စံတန်ဖိုးတွေကြောင့် ကျွန်မတို့ရဲ့အရည်အချင်းတွေ ကန့်သတ်ခံခဲ့ရတာတွေကို တွန်းလှန်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးပေးရင်းနဲ့ အရည်အချင်းရှိတဲ့လူတွေ ပြောင်မြောက်လာအောင် အစွမ်းပြ နေပြီးသားလူတွေ ပိုပြီးတော့ လုပ်နိုင်ခွင့်၊ လုပ်ပိုင်ခွင့်အခွင့်အရေးတွေ တန်းတူညီမျှမှုရှိလာအောင် နိုင်ငံ တည်ဆောကတဲ့နေရာမှာ အတူတကွပါဝင်သွားကြရအောင် ကိုယ့်ကိုကိုယ်လည်း မကန့်သတ်ထားဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media