ရဲဘော်မိဆူးပွင့်
ABSDF/ WLB-BWU
နိုင်ငံရေးဖြတ်သန်းမှု - ၁၉၈၈ - ၂၀၂၄
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားတာ၊ အမျိုးသမီးတွေကို အောက်ခြေလူတန်းစားတွေ အဖြစ်ကနေ အဆင့်ဆင့်အုပ်ချုပ်မှုနေရာတွေကို တွဲမခေါ်တာ၊ နေရာမပေးတာ၊ အမျိုးသမီးတွေနေ့စဉ်အကြမ်းဖက်ခံနေရတာကို လျစ်လျူရှုထားတာ ရှိတဲ့နိုင်ငံမျိုးတွေကို မဖွံ့ဖြိုးမတိုးတက်သေးတဲ့နိုင်ငံ၊ လူနေမှုအဆင့်အတန်းနိမ့်ကျတဲ့နိုင်ငံအဖြစ် ရှုမြင်ကြပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
မြန်မာနိုင်ငံဟာ နိုင်ငံရဲ့လက်တွေ့နိုင်ငံရေးလိုအပ်ချက်နဲ့ ကိုက်ညီမယ့်နိုင်ငံရေးစနစ်မျိုး မထူထောင်နိုင်ပဲ နှစ် ပေါင်းများစွာ စစ်တပ်ကြီးစိုးမှုအောက်ကနေ ရုန်းမထွက်နိုင်တဲ့နိုင်ငံလို့ ပြောရမှာပါ။ အဖိုးတန်သယံဇာတတွေ ကို ဖြုန်းတီး၊ တိုင်းပြည်နဲ့ပြည်သူလူထုအတွက် ကောင်းကျိုးအထွေထွေကို ဘာမှမဆောင်ကျဉ်းပေးနိုင်ပဲ ဆင်းရဲချမ်းသာကွာဟမှု အလွန်ကြီးမားပြီး တိုင်းရင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ အလုံးစုံဆုံးရှုံးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ ပြည်တွင်းစစ်နွံထဲမှာ နစ်နေခဲ့တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ စစ်အစိုးရအဆက်ဆက်က သေချာအားမထုတ်ခဲ့ဘူး။ ဖက်ဒရယ်စနစ်ကို ပုံဖျက်ငြင်းပယ်ခဲ့သလို အုပ်စုအကျိုးစီးပွားကို ဦးစားပေးရင်း ဒီမိုကရေစီစံနှုန်းတွေကိုလည်း တားမြစ်ပိတ်ပင်ခဲ့တယ်။ လက်နက်နဲ့ အာဏာကို ချုပ်ကိုင်ထားတယ်။
လက်ရှိ ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးကလည်း ဒီအခြေအနေတွေထဲက တစ်ခုပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ဖြစ်ပေမယ့်လည်း ၂၀၁၅ နဲ့ ၂၀၂၀ ကြား လွတ်လပ်မှုပါးပါးလေးပွင့်ခဲ့လို့ လူထုမျှော်လင့်ချက်တွေ ပြန်ရှင်သန်လာချိန်မှာ အတိတ်ကလို လက်နက်နဲ့ခြိမ်းခြောက်လို့မရတော့တဲ့ အနေ အထားတရပ်ကို စစ်တပ်က ရင်ဆိုင်နေရတယ်လို့ ပြောရပါမယ်။ ယခင် လူထုတော်လှန်ရေးအဆက်ဆက်က အတွေးအမြင်၊ အတွေ့အကြုံတွေနဲ့ ဒီနေ့လူငယ်တွေရဲ့ နိုင်ငံရေးအသိအမြင်၊ သဘောထား၊ သတင်းစကားတွေ အလွယ်တကူ လက်ဆင့်ကမ်းနိုင်တဲ့အချိန်လည်းဖြစ်တော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှိုင်းလုံးဟာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကြီးမားပြင်းထန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို လူထု ခေါင်းဆောင်မျိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို လူထုအကြီးအကျယ် ထောက်ခံမှုပြုခဲ့တဲ့ ဒီမိုကရေစီပါတီ မျိုး ပေါက်ဖွားပေါ်ပေါက်လာခဲ့ပေမယ့် တိုင်းပြည်ရဲ့စစ်မှန်တဲ့ အပြောင်းအလဲအတွက် မူဝါဒအခြေပြု ဦးဆောင် မှုအပိုင်းမှာ လိုအပ်ချက်တွေရှိနေတာလည်း တွေ့မြင်ရတယ်။ တသက်မှာ တကြိမ်သာကြုံရမယ့် အခုလို တော်လှန်ရေးမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အတူတကွ အောင်ပွဲကို မရယူ နိုင်ရင် ဖက်ဒရယ်ဒီမိုကရေစီအတွက် အခွင့်အလမ်းကောင်းတွေ မဆုတ်ကိုင်နိုင် ရင် လူထုဘဝတွေ တစတစ ပိုမိုကြပ်တည်းဆိုးရွားလာမယ့် အခြေအနေတွေလည်း တွေ့မြင်နေရတယ်။ လူငယ်တွေရဲ့ဦးဆောင်မှုကို အဖွဲ့အစည်းတိုင်း၊ နေရာဒေသတိုင်းမှာ မဟာဗျူဟာကျကျ မြှင့်တင်ခြင်းဟာ စိန်ခေါ်မှုနဲ့ အကြပ်အတည်း အားလုံးကို တဖြည်းဖြည်းကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
ဒီနေရာမှာ ရိုးရိုးလေး စဉ်းစားကြည့်ရင် ဒီနိုင်ငံထဲမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေရဲ့ နေ့စဉ်စားဝတ်နေရေး ပြေလည်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာတွေ တပြေးညီဖွံဖြိုးတိုးတက်မှု၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာတွေမှာ မိမိကိုယ်မိမိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်မှု၊ မတူကွဲပြားတဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကြားထဲမှာ လူမျိုးရေး၊ ဘာသာရေး၊ တန်းတူရည်တူရှိမှု၊ (လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ မိမိတို့ရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သဘာဝအရင်းအမြစ် ပိုင်ဆိုင်မှုတွေကို အလေးထားပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပိုင်ခွင့်)၊ ပြီးတော့ နိုင်ငံသားတဦးချင်းစီနဲ့ လူမျိုးအလိုက် တရားမျှတမှု၊ လုံခြုံမှုတွေအပြင် ကျားမခွဲခြားဆက်ဆံမှုတွေ၊ ကျားမရေးရာဆိုင်ရာ အခြေပြုခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေ (GBV) နဲ့ မည်သည့် အကြမ်းဖက်မှုမဆို လျော့နည်းပပျောက်အောင် မူဝါဒအရ၊ ဥပဒေအရ လုပ်ဆောင်မှု ဒီလိုအချက်တွေကို အလေးထားပြီး စံတန်ဖိုးနဲ့ အခြေခံမူတွေချမှတ်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဖက်ဒရယ်အုတ်မြစ်နဲ့ ဒီမိုကရေစီ အုတ်မြစ်ဆိုတဲ့ အခြေခံအုတ်မြစ်ကြီး ၂ ခုအပေါ် အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် စံတန်ဖိုးနဲ့ အခြေခံမူတွေ သေသေချာချာချမှတ်ဖို့ လိုအပ်နေပါတယ်။
၃။ နိုင်ငံရေးမှာအမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်ထိအရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုအပ်ပါသလဲ။
အမြင်စုံလင်ကွဲပြားမှုကို နားလည်လက်ခံပြီး အကျိုးဖြစ်စေမယ့် မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ ဖော်ထုတ်ကျင့်သုံးတဲ့ အစိုးရတရပ်ပေါ်ထွန်းရေးဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးတို့နဲ့ တိုက်ရိုက်ဆက်စပ်နေ ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ ဒီမိုကရေစီဆိုတာကို ရှေ့တန်းတင်ပြီးပြောနေကြပေမယ့်လည်း လက်တွေ့မှာ ဒီမိုကရေစီဆိုတာ လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရတရပ်ပေါ် ထွန်းရေးဆိုတဲ့အဓိပ္ပါယ်ထက် အများကြီးနက်ရှိုင်းကြောင်း နားလည်နေဖို့လည်း လိုအပ်ပါ တယ်။ ကျွန်မတို့ ၁၉၈၈/ ၁၉၈၉ လောက်က နားလည်ခဲ့တဲ့ ဒီမိုကရေစီဆိုတာနဲ့ ဒီနေ့ကမ္ဘာကြီးက သွားနေတဲ့ ဒီမိုကရေစီရဲ့စံနှုန်းတွေက အများကြီးတိုးတက်ဖြစ်ထွန်းနေပါတယ်။ ကျွန်မတို့အနေနဲ့ လူဆိုးအမျိုးသားတွေ လက်ထဲက အာဏာကို လူကောင်းအမျိုးသားတွေလက်ထဲ လွှဲအပ်လိုက်တာနဲ့ တခါတည်းဒီမိုကရေစီဆိုတာ ဖြစ်သွားတော့မယ်လို့ ခပ်လွယ်လွယ် ယုံကြည်နေလို့လည်း မရတော့ပါဘူး။
ဒီမိုကရေစီစံနှုန်းတွေဟာ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုကို မဖြစ်မနေ ရှေးရှုလာရတဲ့အတွက် ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာကြရပါတယ်။ ကျွန်မတို့ ထိုင်းမြန်မာနယ်စပ် မှာတော့ ၁၉၉၀ နောက်ပိုင်း နှစ်တွေကစလို့ ဒီမိုကရေစီရဲ့ စံတန်ဖိုးကို မြှင့်တင်ရာမှာ နိုင်ငံတကာမူဘောင်တွေနဲ့အညီ အခြေခံကျကျ လုပ်ဆောင်ဖို့ အသိပညာတွေ၊ အတွေးအမြင်တွေ ရရှိခဲ့ကြပါတယ်။ နိုင်ငံရေးဦးဆောင်မှုတွေမှာ နေရာမရခဲ့တဲ့ ဖယ်ကျဉ်ထားခြင်းခံရတဲ့ လူအုပ်စုတွေ၊ အစုအဖွဲ့တွေကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်လာအောင် လုပ်ဆောင်ပေးတာ၊ လမ်းဖွင့်ပေးတာ၊ ဒါတွေဟာ ဒီမိုကရေစီရဲ့ အခြေခံအချက်တွေ ဖြစ်လာပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းတွေမှာ ကျားမ ဘယ်လောက် အချိုးကျပါဝင်နေသလဲဆိုတာကိုလည်း အရင်ဆုံးကြည့်လာကြပါတယ်။ အစိုးရတရပ် ဦးဆောင်မှု စွမ်းရည်ရှိခြင်း၊ မရှိခြင်းတွေကို ဒီလိုကျားမကွာဟမှု ကြီးမားချက်တွေအပေါ်မှာလည်း တိုင်းတာ လာကြပါတယ်။ အမျိုးသမီးတွေ ထက်ထက်မြက်မြက်နဲ့ ဦးဆောင်မှုနေရာမှာ ရှိနေကြတာကိုတွေ့တဲ့အခါ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပြယုဂ်လို့ ရှုမြင်ကြပြီး အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားတာ၊ အမျိုးသမီးတွေကို အောက်ခြေလူတန်းစားတွေအဖြစ်ကနေ အဆင့်ဆင့်အုပ်ချုပ်မှုနေရာတွေကို တွဲမခေါ်တာ၊ နေရာမပေးတာ၊ အမျိုးသမီးတွေ နေ့စဉ်အကြမ်းဖက်ခံနေရတာကို လျစ်လျူရှုထားတာရှိတဲ့နိုင်ငံမျိုးတွေကို မဖွံ့ဖြိုးမတိုးတက်သေးတဲ့နိုင်ငံ၊ လူနေမှုအဆင့်အတန်းနိမ့်ကျတဲ့နိုင်ငံအဖြစ် ရှုမြင်ကြတာကိုကြည့်ရင် နိုင်ငံ တစ်နိုင်ငံရဲ့ တိုးတက်မှု၊ အောင်မြင်မှုကို တိုင်းတာရာမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အခန်းကဏ္ဍ ကို ဖော်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတာ လွယ်လွယ်ကူကူ နားလည်နိုင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာပါဝင်ဆုံးဖြတ်ခွင့် ဘယ်လောက် အထိရှိနေပြီလဲ။
နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရှိတဲ့နေရာကို အစုလိုက်အပြုံလိုက်ရောက်လာပြီလို့ သုံးသပ်ဖို့ သိပ်စောလွန်းပါတယ်။ လက်ရှိဦးဆောင်မှုအခန်းကဏ္ဍနဲ့ ဦးဆောင်မှုအဆင့်ဆင့်ကို သုတေသန လုပ်ပြီး ဆန်းစစ်မှု သေချာလုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ကာလဟာ အရင်အနှစ် ၃၀ ကထက် အမျိုးသမီးပါဝင်မှု ကို တိုက်တွန်းလာတာ၊ စောင့်ကြည့်လာတာတွေရှိပေမယ့် နေရာအသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေကို မေးကြည့်ရင် အခက်အခဲပေါင်းစုံရှိနေတာ တွေ့ရပါတယ်။ အာဏာသိမ်းမှုကို ထုနဲ့ထည်နဲ့ ဆန့်ကျင်ဆန္ဒပြတဲ့နေရာတွေမှာ၊ တောထဲတောင်ထဲမှာ ကျရာတာဝန်ထမ်းဆောင်ပြီး တော်လှန် ရေးထဲ ဆက်ပါဝင်နေတာ၊ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ထင်ထင်ရှားရှား တွေ့ကြရ ပေမယ့် နေရာဒေသတခုချင်းစီ၊ အဖွဲ့အစည်းတခုချင်းစီကို သေချာခွဲခြမ်းစိတ်ဖြာကြည့်မှ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာမှာ ဘယ်လောက် ရာခိုင်နှုန်းရှိနေပြီလဲဆိုတာ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာ အောက်ခြေခေါင်းဆောင်တွေကနေ ထိပ်ပိုင်းခေါင်းဆောင်တွေအထိ အဆင့်ဆင့်ဇယား ဆွဲပြီး လေ့လာရင် ပါဝင်မှုပုံသဏန်ကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပြီး အနှစ်သာရအရ ဆုံးဖြတ်ချက် ပေးနိုင်တဲ့နေရာ၊ နိုင်ငံရေးအရ ဩဇာရှိတဲ့နေရာတွေမှာ ဘယ်နှစ်ယောက် ရှိနေပြီလဲ၊ ဘယ်လောက်ရာခိုင်နှုန်း ရှိနေပြီလဲဆိုတာကို ဖော်ထုတ်ဖို့လိုပါတယ်။ အချို့နေရာတွေမှာ ရာထူးပေးထားတိုင်းလည်း ဆုံးဖြတ်ချက် ချပိုင်ခွင့် အကန့်အသတ်ရှိပါတယ်၊ (ဒီနေရာမှာ သူတာဝန်ယူထားတဲ့လုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တကယ့် နိုင်ငံရေးအရ သဘောထားပေးပိုင်ခွင့်တွေကို ဆိုလိုတာဖြစ်ပါတယ်)။ ဒီ Movement ကြီး ထဲမှာ ဘယ်အစု အဖွဲ့တွေက ဦးဆောင်မှုနေရာမှာရှိနေသလဲ၊ အဲဒီနေရာမှာ အမျိုးသမီးတွေ ဘယ်လောက်ပါဝါရှိနေပြီလဲ စသဖြင့် ဖော်ထုတ်ကြည့်ဖို့လိုအပ်ပါတယ်။
၅။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာပါဝင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်နေစေသလဲ။
လက်နက်ကိုင်တိုက်ပွဲအားကောင်းတဲ့ကာလတွေမှာတော့ စစ်ရေးခေါင်းဆောင်တွေဆီမှာ စစ်ရေး၊ နိုင်ငံရေး အာဏာ ရှိပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ အရှိန်လျော့ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ဆိုတဲ့ အချိန်ကာလ တစ်ခုရောက်လာရင်လည်း စစ်ကိုဦးဆောင်ခဲ့တဲ့သူတွေရဲ့အခန်းကဏ္ဍကပဲ ရှေ့ကိုပြန်ရောက်လာတတ်တဲ့ သဘောသဘာဝရှိပါတယ်။ စစ်ရေးတိုက်ပွဲအရှိန်ကောင်းလေလေ အမျိုးသမီးတွေရဲ့နိုင်ငံရေးဆိုင်ရာ ပါဝင်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှုတွေက အနောက်မှာကျန်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက် ၁၃၂၅ မှာ အမျိုးသမီးတွေ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာကို ရောက်ရှိလာဖို့၊ အမျိုးသမီးတွေကို စစ်ပွဲကာလ တလျှောက်လုံးမှာ အကူအညီပေးဖို့၊ အကာအကွယ်ပေးဖို့၊ ပူးပေါင်း ဆောင်ရွက်ခွင့်တွေ၊ ဆုံးဖြတ်ခွင့်တွေပေးဖို့၊ အရေးကြီးဆုံးဖြတ်ချက်အဖြစ် ချမှတ်ခဲ့ပါတယ်။ ဒီနေရာမှာ အစဉ်အလာနဲ့ ဓလေ့ထုံးတမ်းတွေကြောင့်ဖြစ်စေ၊ သမရိုးကျယုံကြည်မှုနဲ့ ပုံစံခွက်အမြင်တွေကြောင့်ဖြစ်စေ၊ မဟာဖိုဝါဒအတွေးအမြင်တွေကြောင့်ဖြစ်စေ၊ စစ်ရေးလှုပ်ရှားမှု အကြီးအကျယ် အားကောင်းနေလို့ဖြစ်စေ၊ အမျိုးသမီးတွေရဲ နိုင်ငံရေးဆိုင်ရာပါဝင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို အဟန့်အတားဖြစ်စေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
၆။ နိုင်ငံသစ်တည်ဆောက်ရာမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လစ်လျူရှုမှုတွေပပျောက်ဖို့ ပြည့်ပြည့်ဝဝနဲ့ပိုမိုပါဝင်လာစေဖို့ ဘာတွေကိုလုပ်ဆောင်သင့်ပါသလဲ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်မှာ အမျိုးသမီးများနိုင်ငံရေးပါဝင်မှုအတွက် လမ်းညွှန်မူတွေ ပါဝင်နေ အောင် ထည့်သွင်းရပါမယ်။ ပြည်ထောင်စုအဆင့်၊ ဖက်ဒရယ်ယူနစ်(ပြည်နယ်)အဆင့်တွေမှာ ဒီလမ်းညွှန်မူ တွေ မလွဲမသွေ ပါဝင်အောင် ပြင်ဆင်ထားရပါမယ်။ ပြည်သူလူထုအကြား ပညာပေးမှုတွေကို ကျယ်ကျယ် ပြန့်ပြန့် အခုချိန်ကတည်းကစပြီး လုပ်ဆောင်ထားကြရပါမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကနေတဆင့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးများဦးဆောင်မှုနဲ့ ပါတ်သက်တဲ့မူဝါဒတွေ မလွဲမသွေထားရှိလာအောင် စည်းရုံးလှုံ့ဆော်ရပါမယ်။ အနာဂတ်မှာ ပေါ်ပေါက်လာ မယ့် ကြားကာလအစိုးရဖြစ်စေ၊ အသွင်ကူးပြောင်းရေးကာလအစိုးရဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ဖြစ်စေ အမျိုးသမီးများဦးဆောင်မှုအပေါ် အာမခံမယ့် မူဝါဒနှင့် လုပ်ငန်းစဉ်မရှိသော၊ မည်သည့်အစိုးရမျိုးကိုမှ လက်သင့်မခံဆိုတဲ့ ကြွေးကျော်သံတွေ၊ သတိပေးမှုတွေ၊ ဖော်ထုတ်နေကြဖို့ လိုအပ်ပါတယ်။ အသေးစိတ် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေလည်း အများကြီးရှိပါတယ်။ ဒါတွေကို အခုချိန်ကတည်းက သေသေချာချာ ပြင်ဆင်ထားကြဖို့ အရေးတကြီးလိုအပ်ပါတယ်။
၇။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်နဲ့ပါဝင်ခွင့်ရမယ်ဆိုရင် အနာဂတ်မှာ ဘယ်လို အပြောင်းအလဲမျိုးတွေ မြင်တွေ့ရမလဲ။ ဘယ်လိုအကျိူများဖြစ်စေမလဲ။
ကမ္ဘာကြီးမှာ ကျားတွေ၊ မတွေ၊ ကျားမဆိုင်ရာ လိင်သဘောထားရပ်တည်မှု ကွဲပြားသူတွေ စသဖြင့် လူတွေလူတွေ စုပေါင်းနေထိုင်ကြတာဖြစ်ပါတယ်။ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလည်း ဒီလိုပါပဲ။ လူမျိုးတိုင်း၊ ဘာသာတိုင်းကို ကြည့်မယ်ဆိုရင်လည်း ကျားရယ် မရယ်၊ လိင်သဘောထားရပ်တည်မှုကွဲပြားသူတွေရယ် ရှိနေတာဟာ ဖြစ်တည်မှု ဖြစ်ပါတယ်။ ဒီလိုပကတိဖြစ်တည်မှုတွေကို အခြေမခံတဲ့၊ ထည့်သွင်းစဉ်းစားခြင်း မပြုတဲ့ တည်ဆောက်မှုတွေဟာ ခိုင်မာမှုအတွက် အာမခံချက် အလွန်နည်းပါးပါတယ်။ လူတိုင်းလူတိုင်းကို မိမိ နိုင်ငံကောင်းကျိုး၊ ကမ္ဘာကြီးကောင်းကျိုးအတွက် အင်အားရှိသမျှ ပါဝင်ဆောင်ရွက်ခွင့်ရှိအောင် လမ်းဖွင့် ထားပေးရပါမယ်။ နိုင်ငံရေးနိုးကြားသောတိုင်းပြည်နှင့် နိုင်ငံရေးနိုးကြားသော ပြည်သူများအဖြစ်မှ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်လို့ရမှာဖြစ်ပြီး တစု တဖွဲ့ရဲ့နိုင်ငံရေးပါဝင်မှုကို လမ်းပိတ်ထားခဲ့ရင် ဒီအစုအဖွဲ့ရဲ့ နိုင်ငံရေးနိုးကြားမှုကို ပိတ်ပင်ခြင်းပဲဖြစ်ပါမယ်။ နိုင်ငံရေးနိုးကြားမှု အားနည်းတဲ့လူအုပ်စုကြီး ကြီးကြီးမားမားရှိနေပြီဆိုရင် ဒီတိုင်းပြည်ဟာ အာဏာရှင်စနစ်ပုံစံ အမျိုးမျိုးကို ပြန်ပြီးဖိတ်ခေါ်နေတဲ့တိုင်းပြည် အဖြစ်သာ နိဂုံးချုပ်မှာသေချာပါတယ်။
ဒီ Movement ကြီးထဲမှာ ဘယ်အစုအဖွဲ့တွေက ဦးဆောင်မှုနေရာမှာ ရှိနေသလဲ၊ အဲဒီနေရာမှာ အမျိုးသမီးတွေ ဘယ်လောက်ပါဝါရှိနေပြီလဲ စသဖြင့် ဖော်ထုတ်ကြည့်ဖို့လိုအပ်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media