- Published on
-
May 07th, 2025
- Author
-
နော်ဇမ်ဘာဖော
Founder - Food Not Bombs Kawthoolei
စစ်ပွဲထဲကအသက်ရှင်လွှတ်မြောက်လာသောကလေးများမိခင်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“ကိုယ်ကိုတိုင်ဟာ နိုင်ငံထဲမှာနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ဟာ နိုင်ငံရေးဖြစ်တယ်။ ကိုယ်ကိုတိုင်ဟာ နိုင်ငံ့အရေးဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာပါဝင်ဖို့ လိုအပ်တယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
နွေဦးတော်လှန်ရေးက အာဏာရူးသွပ်သူတွေရဲ့ အာဏာပြိုင်ဆိုင်မှု၊ အာဏာအပြိုင်အဆိုင်တွေရဲ့ မတရားမှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူ့တော်လှန်ရေး ဖြစ်တယ်လို့ မြင်ပါတယ်။ ဒါဟာ ဒီနွေဦးတော်လှန်ရေးမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးရဲ့ အခင်းအကျင်းတစ်ခုလို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
အာဏာရှင်ပျက်သုဉ်းရေး၊ ၂၀၀၈ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်သုံးရပ် ရှိပါတယ်။ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဦးတည်ချက် သုံးရပ်စလုံးအတွက် စံထားရမယ့်အချက်ကတော့ တရားမျှတရေး၊ တန်းတူညီမျှရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်နဲ့ ငြိမ်းချမ်းမှု ရရှိဖို့ လိုပါတယ်။
နိုင်ငံရေးဦးတည်ချက်သုံးရပ်ကို ဖော်ဆောင်တဲ့အချိန်မှာ ဒီစံတန်ဖိုးလေးချက်ကို အမြဲထည့်သွင်းစဥ်းစားပြီးတော့မှ ရေးဆွဲရမှာ ဖြစ်တယ်။ ဖော်ဆောင်ရမှာ ဖြစ်တယ်။ လက်တွေ့ကျကျ လုပ်ဆောင်ကြရမှာဖြစ်တယ်။ တခါတလေကျတော့ နိုင်ငံရေးမှာ ဘာဖြစ်တတ်လဲဆိုရင် စာရွက်ကြီးတွေထဲမှာ တော့ ကောင်းသောအရာတွေကို ရေးထားပါတယ်။
လူတွေအထင်ကြီးလောက်အောင် နိုင်ငံတကာအထင်ကြီး လောက်အောင် ပညာရှင်တွေရေးထားတဲ့ စာရွက်ကြီးတွေတော့ ရှိနေပါတယ်။ ဒါပေမယ့် ဒီအရာတွေက လက်တွေ့မှာ ဘာမှရှိမနေဘူး။ ဒီတကြိမ် နွေဦးတော်လှန်ရေးအလွန်မှာ ဒါတွေမဖြစ်ဖို့ အရေးကြီးပါတယ်။
ခုနတုန်းကပြောတဲ့ အာဏာရှင်အမြစ်ဖြတ်သွားရမယ်၊ ၂၀၀၈ လုံးဝပြတ်သုဉ်းရမယ်။ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဟာ တကယ်ပဲ အမှန်တကယ်နိုင်ငံသစ်ကြီးမှာ ပေါ်ပေါက်လာရမယ်။ ဒါတွေကို တကယ်လုပ်ဖို့ ဖြစ်ပါတယ်။ စာရွက်ထဲမှာပဲ ဦးတည်ချက်တွေထဲမှာပဲ ရှိနေတာ မျိုးမဟုတ်ပဲ တကယ်ရှိသွားဖို့ လိုပါတယ်။
ဒီစံတန်ဖိုးလေးချက်ဟာ Humanitarian Politics လို့ခေါ်တဲ့ လူသားအခြေပြု နိုင်ငံရေးဆိုတဲ့အရာကို အခြေခံပြီးတော့မှ ပေါ်ပေါက်လာတဲ့ စံတန်ဖိုးလေးရပ်ဖြစ်ပါတယ်။ အခုချိန်မှာနိုင်ငံကြီးဟာ လူသားစံတန်ဖိုး တွေ ပျောက်ဆုံးပြီးတော့မှ နိုင်ငံရေးဟာ ပျက်စီးသွားတာဖြစ်တယ်။
နိုင်ငံရေးဟာ failed state ဖြစ်သွားတာ ဖြစ်တယ်။ နိုင်ငံရေးပျက်စီးနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သွားတာ ဖြစ်တယ်။ ဒီလိုနိုင်ငံရေးပျက်စီးနေသော နိုင်ငံတစ်နိုင်ငံမှာ လူသားကိုအခြေပြုသော လူသားစံတန်ဖိုးတွေကိုတန်ဖိုးထားတဲ့ နိုင်ငံရေးကို ဖော်ဆောင် ရမှာ ဖြစ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
နိုင်ငံရေးအမြင်စုံလင်ကွဲပြားမှုက ဘာကြောင့်အရေးကြီးသလဲဆိုရင် ဒါဟာ တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုနိုင်မှုအပေါ်မှာ မူတည်တယ်။ နိုင်ငံရေးအမြင်မတူညီကွဲပြားရခြင်းဟာ သူတို့ဖြတ်သန်းလာရတဲ့ သမိုင်းကြောင်းမတူညီတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဖြတ်သန်းလာရတဲ့သမိုင်းကြောင်းတိုင်းဟာ လူမျိုးစုတိုင်း အတွက် မတူပါဘူး။ တစ်စုနဲ့တစ်စု တစ်နေရာနဲ့တစ်နေရာ လူမျိုးတစ်မျိုးနဲ့တစ်မျိုးရဲ့ ဖြတ်သန်းလာမှု သမိုင်း ကြောင်းပေါ် မူတည်ပြီးတော့မှ သူတို့ရဲ့နိုင်ငံရေးအယူအဆဟာ ကွဲပြားသွားတယ်။
နိုင်ငံရေးရပ်တည်ချက်၊ တော်လှန်ရေးရပ်တည်ချက်တွေဟာ ကွဲပြားသွားကြတာဖြစ်တယ်။ ငါနဲ့ မတူဘူး။ ငါ့လူမျိုးနဲ့ နိုင်ငံရေးခံယူချက် မတူဘူး။ ငါ့ဒေသနဲ့ နိုင်ငံရေးခံယူချက် မတူဘူးဆိုပြီး တစ်ယောက်ကိုတစ်ယောက် ရန်လိုမုန်းတီးဖို့ မဟုတ်ဘူး။ အဓိကက သူတို့ရဲ့မူလဖြစ်တည်ခြင်း၊ နိုင်ငံရေးအယူဝါဒကွဲပြားရခြင်းရဲ့ သမိုင်းကြောင်းနောက်ခံကို နားလည် လက်ခံနိုင်ဖို့လိုတယ်။ ဒါဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။
နောက်တခုအနေနဲ့ကတော့ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အရေးကြီးတယ်။ အရေးအကြီးဆုံးဖြစ်တယ်။ ဘာကြောင့်အရေးကြီးဆုံးဖြစ်လဲဆိုရင် နိုင်ငံရေး ဆိုတာဟာ မိသားစုကနေ စတင်တယ်။ မိသားစုအရေးကနေ စတင်တယ်။ ကိုယ့်တကိုယ်ရည်အရေးကနေ စတင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးလို့ပြောမယ်ဆို ကိုယ့်ရဲ့ တစ်ကိုယ်ရည်အရေးကနေစပြီးတော့ မိသားစု အရေး၊ ရပ်ရွာအရေး၊ လူမှုအရေး၊ တိုင်းပြည်ရေးကို တစ်ဆင့်ချင်းသွားတာဖြစ်တယ်။
ဒါကြောင့် ကိုယ်ကိုတိုင် ဟာ နိုင်ငံထဲမှာနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ဟာ နိုင်ငံရေးဖြစ်တယ်။ ကိုယ်ကိုတိုင်ဟာ နိုင်ငံ့အရေး ဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာပါဝင်ဖို့ လိုအပ်တယ်။ အဲ့လိုမျိုး ပါဝင်သင့်တယ်လို့ အနေအထားရှိတဲ့အချိန်မှာ ဘာကအရေးကြီးဆုံးလဲဆို အမျိုးသမီးတစ်ယောက် ဟာ ကိုယ့်ကိုကိုယ် နိုင်ငံရေးမှာ အရေးကြီးဆုံးဖြစ်တယ်။ အရေးကြီးတယ်ဆိုတဲ့ ခံယူချက်ရှိဖို့ လိုတယ်။ အမျိုးသမီးတစ်ယောက်ဟာ အဲ့ဒီခံယူချက်မရှိဘူး။ အဲ့လို ခံယူချက်မရှိဘူးဆိုရင် ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု ဟာ လျော့နည်းသွားမှာ ဖြစ်တယ်။ တန်ဖိုးထားမှုဟာ ရှိမှာ မဟုတ်ဘူး။
ဒါကြောင့် အမျိုးသမီးဟာ နိုင်ငံရေးမှာ ဘယ်လောက်အထိ အရေးကြီးသလဲဆိုရင် အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုယ်သူဘယ်လောက်အထိ တန်ဖိုးထားပြီးတော့မှ အသက်ရှင်နေသလဲ။ ရှင်သန်နေသလဲ။ အမျိုးသမီး တစ်ယောက်ဟာ သူ့ကိုယ်သူ ဘယ်လောက်တန်ဖိုးရှိတယ်လို့ ခံယူထားလဲဆိုတဲ့အရာပေါ်မှာ မူတည်ပါတယ်။အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ ပါဝင်သင့်သလဲဆိုရင် ကိုယ်ကိုတိုင်က ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ဖို့ပြင်ဆင်ထားသလဲအပေါ် မူတည်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု၊ ဦးဆောင်သွား နိုင်ဖို့၊ တာဝန်ယူသွားနိုင်ဖို့၊ တာဝန်ခံသွားနိုင်တဲ့အမျိုးသမီး၊ တာဝန်ယူတာဝန်ခံနိုင်တဲ့အမျိုးသမီးအဖြစ် ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီးတော့ ဘယ်လောက်အထိ တည်ဆောက်ထားသလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ကိုယ်ကိုတိုင် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုနဲ့ နိုင်ငံရေးရဲ့ဘယ်ကဏ္ဍမှာမဆို ကိုယ့်ရဲ့တည်ဆောက်ထားမှု ကျွမ်းကျင်ရာကနေ တာဝန်ယူ၊ တာဝန်ခံပြီးတော့ ပါဝင်လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အမျိုးသမီးတွေရဲ့နေရာရမှု၊ တာဝန်ယူဆုံးဖြတ်ပိုင်ခွင့်ရှိမှု နိုင်ငံရေးမှာဦးဆောင်နိုင်မှု ဆိုတာ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ ဖော်ပြလို့ရတဲ့ကာလ မဟုတ်တဲ့အတွက်ကြောင့် ဒါတော့ ကျွန်မလည်း မမြင်နိုင်ပါဘူး။ မတွေ့ရပါဘူး။ ဒါပေမယ့် မတွေ့ရတဲ့ကြားက သိသိသာသာသတိထားမိတဲ့ ခေါင်းဆောင် အမျိုးသမီး တစ်ယောက်ကိုတော့ ကျွန်မတွေ့တယ်။
သူကတော့ US ကနေ ဗိုလ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ဆရာမမီမီဝင်းဘတ် သူ့ကိုတော့ သတိထားမိတယ်။ သူကတော့သိသိသာသာ ထင်ထင်ရှားရှားရှိလာတဲ့ အမျိုးသမီးခေါင်းဆောင်လို့ ကျွန်မ မြင်တယ်။ တကယ်လုပ်ကိုင်စွမ်းအားရှိပြီးတော့မှ ပညာရှိတယ်။ လုပ်နိုင်ကိုင်နိုင်ရှိတယ်။ စစ်ဘက် ဆိုင်ရာ ဗိုလ်မှူးဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ခဲ့တယ်။ မီဒီယာတွေကနေတဆင့် စစ်နဲ့ပတ်သက်ပြီးတော့မှ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ထွက်ပေါ်လာတဲ့ ဘာအရေးအခင်းကိုမဆို ဆွေးနွေးအကြံပေးနေတာကို တွေ့ရတယ်။
ဒီနေရာမှာဘာပြောချင်လဲဆိုတော့ ဒီအရာကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးဆိုတာဟာ နိုင်ငံရေးမှ မဟုတ်ဘူး၊ စစ်ရေးမှာလည်း ဦးဆောင်နိုင်တယ်ဆိုတာကို ကျွန်မ ပြောချင်တယ်။ နိုင်ငံတစ်နိုင်ငံတည်ဆောက်တဲ့နေရာမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ တည်ဆောက်ရေးကို ဖိုခနောင့် ညီညီသွားနိုင်မှ တည်ဆောက်နိုင်တာဖြစ်တယ်။ မျှမျှတတ ဖော်ဆောင်သွားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဆရာမမီမီဝင်းဘတ်ကတော့ ဂုဏ်လည်းယူတယ်။ အတုလည်းယူပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အမျိုးသမီးတွေက နိုင်ငံရေးပိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာက အမျိုးသမီးတွေကရော နိုင်ငံရေးပိုင်းမှာ တကယ်ကျွမ်းကျင်သလား။ တကယ်လည်း အရည်အချင်းမရှိဘဲနဲ့ နိုင်ငံရေးမှာ ဦးဆောင်ခွင့်မရဘူးဆိုတဲ့ အရာ ကိုပဲ သွားနေမယ်ဆို ဘယ်တော့မှရမှာမဟုတ်ဘူး။ ကိုယ်အရည်အချင်းမရှိပဲနဲ့ နေရာလိုချင်တာ ဒါတရားမျှတ တဲ့လုပ်ရပ်မဟုတ်ဘူးလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ နိုင်ငံရေးမှာ တကယ်ဦးဆောင်နိုင်တယ်။ တကယ်ပဲ အရည်အချင်းရှိတယ်။ တကယ်လမ်းပြနိုင်တယ်။ တကယ်လုပ်နိုင်တဲ့အရည်အချင်းရှိလို့ အမျိုးသမီး တစ်ယောက်ဟာ နေရာမရဘူးဆိုရင် ဒါဟာမဖြစ်သင့်တဲ့အရာ၊ တရားမမျှတတဲ့အရာ ဖြစ်ပါတယ်။
အဲ့လိုနိုင်ငံရေးကို ကောင်းကောင်း ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေဖြစ်အောင် တည်ဆောက်ရမှာ ဖြစ်တယ်။ အဲ့လိုမတည်ဆောက်နိုင်သရွေ့ကတော့ အဲ့ဒါဟာ အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာ ဦးဆောင်နိုင်ခွင့်မရတဲ့ အဟန့်အတားပဲ ဖြစ်တယ်။ နောက်တချက်ကတော့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ ဆုံးဖြတ်ပိုင်ခွင့် ရနိုင်ဖို့ဆိုရင် တလွဲမာနမရှိဖို့လိုတယ်။
အမျိုးသမီးအခွင့်အရေးဆိုတဲ့အရာကို ကိုင်ဆွဲပြီးတော့မှ တလွဲမာန တွေနဲ့သွားနေတဲ့ အမျိုးသမီးရေးရာတွေ ရှိနေသ၍လည်း အမျိုးသမီးတွေကနိုင်ငံရေးမှာ ဦးဆောင်ခွင့်ရမှာ မဟုတ်ဘူး။ အမျိုးသမီးအခွင့်အရေးနဲ့ feminist လို့ခေါ်တဲ့အမျိုးသမီးရေးရာဟာ မတူပါဘူး။ အဲ့ဒါကို သေချာသိဖို့လိုမှာ ဖြစ်တယ်။
ဒီနေ့ အမျိုးသမီးကဏ္ဍကို လုပ်ဆောင်နေတဲ့ အမျိုးသမီးတော်တော်များများဟာ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးရေးရာကို မကွဲပြားကြပါဘူး။ Women right နဲ့ feminist ဆိုတဲ့အရာကို ကွဲကွဲပြားပြားမရှိသေးသ၍ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာနေရာရမှာ မဟုတ်ဘူး။ ဒါဟာ အဟန့်အတား ဖြစ်နေဦးမှာ ဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့ကတော့ တကယ်ပဲနိုင်ငံရေးမှာ ဦးဆောင်ဦးရွက်နိုင်တဲ့အမျိုးသမီးတွေကို နေရာပေးဖို့ လူ့အသိုင်းအဝိုင်းက ပြည်သူတွေက ဆန္ဒရှိသလား။ လူ့အသိုင်းအဝိုင်း၊ ပြည်သူတွေက ဆန္ဒမရှိ ခြင်းကလည်း အဟန့်အတားဖြစ်ပါတယ်။ ဘာကြောင့် အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပြည်သူလူထုနဲ့ လူ့အဖွဲ့အစည်းတွေက နေရာမပေးချင်တဲ့သမိုင်းကြောင်းဟာလည်း ရှိပါတယ်။ပြည်သူနဲ့ လူ့အဖွဲ့အစည်းက နေပြီးတော့မှ နိုင်ငံရေးမှာ ဦးဆောင်ခွင့်ပေးလိုက်တဲ့ အမျိုးသမီးက နိုင်ငံကြီးကို တကယ်ဦးဆောင်နိုင်ခဲ့ရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်စေတဲ့အချက်ဖြစ်တဲ့အတွက် ဒီအချက်ဟာလည်း အဟန့်အတားဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး အချက်ကတော့ လူမျိုးစုတိုင်းမှာရှိနေတဲ့ ရိုးရာယဥ်ကျေးမှုဆိုင်ရာ လူမှုရေးခံယူချက် ဖြစ်ပါတယ်။အဲ့ဒီအရာ ကလည်း အမျိုးသမီးကိုနေရာမပေးခြင်း၊ ချိုးနှိမ်ထားခြင်းဆိုတဲ့ လူမျိုးစုတိုင်းမှာရှိနေတဲ့ လူမှုရေးအရ အစွဲကြောင့်လည်း ဖြစ်ပါတယ်။ ဒီအရာတွေကလည်း အမျိုးသမီးတွေကို နိုင်ငံရေးမှာ နေရာမရဖို့ ရန်အတွက် အဟန့်အတား ဖြစ်စေတဲ့အရာ ဖြစ်စေပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
လက်ရုံးရည်နဲ့ နှလုံးရည်ပြည့်ဝသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အမျိုးသမီးတွေ ဖြစ်ဖို့လိုအပ်တယ်။ အမျိုးသမီးတွေ လုပ်နိုင်စွမ်းအားကို တကယ်ပဲ ကိုယ်ကိုတိုင်လက်တွေ့ကျကျလုပ်နိုင်တဲ့ စွမ်းအားကို တည်ဆောက်ထားနိုင်တဲ့ အမျိုးသမီးတွေ ဖြစ်ဖို့လိုတယ်။ အဲ့ဒီအရာဟာ နိုင်ငံတော်သစ်ပြန်လည်တည်ဆောက် ရေးမှာ အခြေခံအကျဆုံးသော ကိစ္စဖြစ်တယ်။
ဘယ်လိုအရင်းအမြစ်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်မလဲ ဆိုတဲ့နေရာမှာလည်း အမျိုးသမီးတွေ သူတို့နေထိုင်တဲ့နေရာ၊ သူတို့ကျင်လည်တဲ့နေရာ၊ သူတို့ရဲ့အခြေအနေ၊ သူတို့ရဲ့အနေအထားတွေမှာ ဘယ်အရာတွေကဖြည့်ဆည်းပေးဖို့ လိုအပ်သလဲဆိုတဲ့အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့က ဒါဖြည့်ဆည်းပေးရမယ်လို့ သွားလုပ်ပေးတော့ သူလိုနေတာ မဟုတ်နေဘူး ဆိုတာ မဖြစ်ဖို့လိုတယ်။ ဒီအလွဲတွေ မဖြစ်ဖို့လိုပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ နေ့စဉ်ရှင်သန်မှုနဲ့ လက်တွေ့ဘဝမှာ အခြေခံ ကျကျ ဘာတွေကို တကယ်လိုအပ်သလဲဆိုတဲ့အရာပေါ်မှာ မူတည်ပြီးတော့ အမျိုးသမီးတွေကို ဖြည့်ဆည်း ပေးသွားရမှာ ဖြစ်ပါတယ်။ စီမံပေးတဲ့နေရာမှာကတော့ အောက်ခြေအဆင့်ကနေ တစ်ဆင့်ခြင်းစီမံပေးရမှာ ဖြစ်တယ်။ အသေးစိတ် စီမံဆောင်ရွက်ပေးရမှာ ဖြစ်တယ်။
အခြေခံမခိုင်ပဲနဲ့ တိုင်းပြည်တစ်ခုကို ပြန်တည် ဆောက်လို့ မရတော့ဘူး။ နိုင်ငံရေးကျိုးကျသွားတဲ့အချိန်မှာ အစစအရာရာ အခြေခံကနေတည်ဆောက်ရမှာ ဖြစ်တယ်။ ဒါကြောင့် အခြေခံဖြစ်တဲ့ မိမိကိုယ်ကိုမိမိ ခိုင်မာအောင်တည်ဆောက်ရမယ်၊ မိမိ မိသားစု အသိုင်းအဝိုင်းကို ခိုင်မာအောင်တည်ဆောက်ရမယ်။ မိမိရပ်ရွာအသိုင်းအဝိုင်းကို ခိုင်မာအောင် တည်ဆောက် ရမယ်။ မိမိရဲ့မြို့နယ်ကို ခိုင်မာအောင် တည်ဆောက်ရမယ်။ မိမိရဲ့တိုင်းပြည်ကြီးကို ခိုင်မာအောင် တည် ဆောက်ရမယ်။
ကိုယ်ကိုတိုင်က လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှု မရှိဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ လူတစ်ယောက်က တိုင်းပြည်ကြီးကို တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအနေနဲ့ လူ့အခွင့် အရေးကို အပြည့်အဝရရှိအောင် ဦးဆောင်နိုင်ဖို့ လုပ်ဆောင်နိုင်ဖို့ဆိုရင် တာဝန်ယူနိုင်မှု၊ တာဝန်ခံနိုင်မှု မရှိတဲ့ အမျိုးသမီးတွေကို တာဝန်မပေးမိဖို့ လိုတယ်။
မိမိကိုယ်ကိုတောင် လွတ်မြောက်အောင် မလုပ်နိုင်တဲ့အမျိုးသမီး တွေကို တာဝန်ပေးမိတယ်။ ခေါင်းဆောင်နေရာကို ထားမိတယ် ဆိုရင်တော့ တိုင်းပြည်ကြီးမှာ ဘာမှ တကယ် တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ တာဝန်ယူတာဝန်ခံနိုင်တဲ့ အမျိုးသမီးတွေကို တိုင်းပြည်မှာဦးဆောင်ခွင့် ရအောင် ဦးဆောင်လုပ်ဆောင်နိုင်တဲ့ နေရာကိုပေးပါ။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေဟာ နိုင်ငံရေးမှာတင်းပြည့်ကြပ်ပြည့်ပါဝင်ဖို့ဆိုတာက အမျိုးသမီးတွေဟာ တင်းပြည့်ကြပ်ပြည့် ပါဝင်နိုင်အောင် ပြန်သုံးသပ်ရမှာ ဖြစ်တယ်။ ပြန်လည်စဥ်းစားရမှာ ဖြစ်တယ်။ တကယ်ပဲ လုပ်ဆောင်နိုင်တဲ့ စွမ်းအားတွေ၊ အရည်အချင်းတွေ၊ ဦးဆောင်နိုင်မှုတွေ တာဝန်ယူတာဝန်ခံနိုင်မှုတွေ မရှိတဲ့ အဲ့ဒီအရာတွေကို မလုပ်ဆောင်နိုင်တဲ့ နိုင်ငံရေးကို ဦးဆောင်မယ့် အမျိုးသမီးတွေ ဖြစ်နေမယ်ဆိုရင်တော့ ဘယ်လိုမှ တင်းပြည့် ကြပ်ပြည့်နေရာရလာမှာ မဟုတ်ပါဘူး။ နေရာပေးခဲ့ရင်လည်း တိုင်းပြည်ကြီးက ဘာမှထူးလာမှာမဟုတ်ပါဘူး။ မုန့်လုံးစက္ကူကပ် ဒုံရင်းဒုံရင်းပဲ ထပ်ဖြစ်နေဦးမှာဖြစ်ပါတယ်။
၈။ ဖြည့်စွက်ချက်။
ဒီနွေဦးတော်လှန်ရေးကာလမှာတော့ အမျိုးသမီးတွေကလည်း တော်တော်များများ ကြိုးစားနေကြမယ်လို့ ကျွန်မယုံကြည်တယ်။ အမျိုးသမီးတွေ တော်တော်များများကလည်း ကိုယ်ရှိတဲ့ ကဏ္ဍကို ကိုယ်လုပ်နိုင်တဲ့ နေရာ ကိုယ်ဦးဆောင်နိုင်တဲ့အပိုင်းတွေကနေ လုပ်ဆောင်နေမယ်လို့ ကျွန်မကယုံကြည်တယ်။ ကိုယ်ရှိနေတဲ့ ကဏ္ဍ၊ ကိုယ်လုပ်ဆောင်နေတဲ့အပိုင်းကို ခုနပြောသလို တာဝန်ယူတာဝန်ခံနိုင်ပြီးတော့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ ဆက်လက်ပြီးတော့ ကြိုးစားဖို့အားပေးချင်တယ်။ စိတ်ဓာတ်မကျဖို့လည်း အားပေး ချင်တယ်။
နိုင်ငံတစ်နိုင်ငံကို ပြန်လည်တည်ဆောက်ရေးကို ဦးတည်တယ်ဆိုရင် ခုနပြောတဲ့ ဖိုခနောင့်သုံးခုပေါ့၊ နိုင်ငံရေး၊ စစ်ရေးနဲ့ တည်ဆောက်ရေးအပိုင်းမှာ ကိုယ်ဘယ်အပိုင်းမှာ ရှိနေသလဲဆိုတာကို ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပါ။ ကိုယ့်ရဲ့ ရှိနေတဲ့အပိုင်းကို ကိုယ်အကောင်းဆုံးတာဝန်ယူ၊ တာဝန်ခံပြီးတော့ တည် ဆောက်သွားပါလို့ အကြံပြုချင်ပါတယ်။ အားပေးချင်ပါတယ်။
အခုချိန်မှာနိုင်ငံကြီးဟာ လူသားစံတန်ဖိုးတွေ ပျောက်ဆုံးပြီးတော့မှ နိုင်ငံရေးဟာ ပျက်စီးသွားတာဖြစ်တယ်။ နိုင်ငံရေးဟာ failed state ဖြစ်သွားတာ ဖြစ်တယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media