ဒေါ်ခင်ဥမ္မာ
ဥက္ကဌ၊ တည်ထောင်သူ
ရှေ့ပြေးအသံ (Progressive Voice)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“စစ်တပ်က ချထားတဲ့ ခြစားနေတဲ့ ဥပဒေ၊ သူတို့ကို ကာကွယ်ဖို့ ချထားတဲ့ ဥပဒေက ပြည်သူကို ဘယ်တုန်းကမှ မကာကွယ်ပေးတဲ့အပြင် ပြည်သူထဲမှာမှ ဒုတိယတန်းစား အထားခံရတဲ့ အမျိုးသမီးတွေက တရားမျှတမှုကိုလည်း တခါမှ မရခဲ့သလို နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ဆိုတာ အဝေးကြီးပါပဲ”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
ကျွန်မတို့နိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြစ်တဲ့အတွက် တိုင်းပြည်ကို လွတ်လပ်ရေးယူစဉ်ကတည်းက တိုင်းရင်းသားတန်းတူရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ အခြေခံနိုင်ငံရေးသဘောတူညီချက်၊ မူ၊ အခြေခံအုတ်မြစ်ပေါ်မှာ အခြေခံပြီး စုစည်းနေထိုင်လာခဲ့ကြပေမဲ့ တကယ်တမ်းက ဒီတိုင်းပြည်ထဲမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံဟာ နိုင်ငံရေးဖြစ်စဉ်မှာ ဘယ်တုန်းကမှ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ခွင့်၊ တန်းတူအခွင့်အရေး မရခဲ့ကြဘူး။
ဒါကြောင့် ၁၉၄၇-၄၈ နောက်ပိုင်းကတည်းက ဒီတိုင်းပြည်က Community အသီးသီး၊ တိုင်းရင်းသားလူမျိုးစုအသီးသီးက သူ့ကံကြမ္မာသူဖန်တီးခွင့်ရရေးအတွက်ကို မျိုးဆက်နဲ့ချီပြီး တော်လှန်ခဲ့ကြရတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးကို မတရားအုပ်ချုပ်ဖိနှိပ်ထားတဲ့ ဘုံရန်သူက ဒီအာဏာရှင်တစ်ခုပဲ ဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ စစ်တပ်ပေါ့နော်။
ဖက်ဆစ်စစ်တပ်သည် ဗမာမဟုတ်တဲ့ တခြားလူမျိုးတွေအပေါ်မှာ လူမျိုးရေးအရ၊ ဘာသာရေးအရ ဖိနှိပ်ခွဲခြားမှုတွေလုပ်တယ် ဆိုပေမယ့် ဗမာလူမျိုးတွေအပေါ်မှာတော့ အာဏာရှင်စနစ်ကို အာခံတယ်ဆိုရင် တော့ ဖိနှိပ်တာပါဘဲ။ ပြောချင်တာက ကျွန်မတို့နိုင်ငံရဲ့နိုင်ငံရေးသည် ဘုံရန်သူ တူတယ်ဆိုပေမယ့် ဖြတ်သန်း ကြရတဲ့ တော်လှန်ရေးဖြတ်သန်းမှုတွေ၊ နိုင်ငံရေး ရည်မှန်းချက်တွေ၊ ကြိုးစားရတဲ့ဖြစ်စဉ်တွေက မတူကြဘူး။ ဒါပေမယ့် ဘယ်ပြည်သူမှ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို မရခဲ့ကြဘူး။
ဒီအကြမ်းဖက် စစ်အုပ်စုက ခေါင်းဆောင်သာ ပြောင်းသွားတယ်၊ ဒီစစ်တပ်သည် တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာမတူညီ ကြတဲ့ လူမျိုးစုတွေ အားလုံးကြားထဲမှာ အမုန်းတရားတွေ ဖန်တီးပြီးတော့ ခွဲခြားအုပ်ချုပ်မှုကို ကျင့်သုံးတယ်။ ဒီခွဲခြားအုပ်ချုပ်ချုပ်နဲ့ပဲ ပြည်သူတွေကြားထဲမှာ အချင်းချင်းလက်ချင်း မချိတ်မိအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်တဲ့အတွက် အတူတူဖန်တီးနိုင်မယ့်၊ လက်ချင်းချိတ်နိုင်မယ့် အခြေအနေတစ်ရပ်ကို မရခဲ့ကြဘူး။
ကျွန်မတို့က ၈၈ မျိုးဆက်တွေ ဖြစ်တယ်။ ၈၈ မျိုးဆက်က တစ်ပါတီအာဏာရှင်စနစ်ကို မကြိုက်လို့တိုက်တာ။ ဒါပေမယ့် ကျွန်မတို့တိုက်တဲ့အချိန်မှာ စစ်တပ်အချင်းချင်း အာဏာသိမ်းလိုက်တော့ တစ်တိုင်းပြည်လုံးနီးပါးက ပြန်ငြိမ်ကျသွားတယ်။ ပါတီစုံဒီမိုကရေစီပေးပါမယ်လို့ ကတိပေးလိုက်တဲ့အပေါ်မှာလည်း နိုင်ငံရေးဦးဆောင် သူတွေက အဲဒီနောက်ကို မျောပြီးတော့ ပါသွားတယ်။
နှစ်ပေါင်းများစွာတိုက်ပွဲဝင်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ ပင်လုံစာချုပ်ကနေ လမ်းဖွင့်ပေး၊ အုတ်မြစ်ချပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို ဘယ်လိုသွားမလဲ၊ ပြည်မထဲမှာရှိနေတဲ့ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ နယ်စပ်ဒေသက ထိန်းချုပ်နယ်မြေတွေရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုချိတ်ဆက်ပူးပေါင်း မလဲဆိုတဲ့ စဉ်းစားချက်တွေက မရှိခဲ့ဘူးပေါ့နော်။ မြို့ပေါ်မှာနေတဲ့ နိုင်ငံရေးဦးဆောင်သူတွေကလည်း နိုင်ငံရေးအရ ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။
၈၈မျိုးဆက် ကျောင်းသားလူငယ်တွေ တောထဲဝင် လက်နက်ကိုင်တိုက်ပွဲဝင်တာကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ အကုန်လုံးက လက်မခံကြဘူး။ ရှင်းရှင်း ပြောရရင် ၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုက အသိအမှတ်မပြုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့လို ရွေးကောက်ခံလူကြီးတွေအကုန်လုံးကို ထောင်ထဲပို့လိုက်တော့မှ ကျွန်မတို့နိုင်ငံမှာ မြေပြန့် မှာရှိနေတဲ့နိုင်ငံရေးပါတီနိုင်ငံရေးနဲ့ တောထဲမှာရှိနေတဲ့ လက်နက်ကိုင်လမ်းစဉ် နိုင်ငံရေးက အချိတ်အဆက် ပိုမိုသွားတော့တယ်။ ဒါက ၁၉၉၀နောက်ပိုင်းမှာ ဖြစ်လာတာပေါ့နော်။
ဒါပေမယ့် အခုနွေဦးတော်လှန်ရေးရဲ့ အားသာချက်က အရမ်းကြီးပါတယ်။ စစ်အုပ်စုအနေနဲ့ ခွဲခြားအုပ်ချုပ်လို့ မရတော့ဘူး။ အရင်မျိုးဆက်သစ်တွေနဲ့ မျိုးဆက်ဟောင်းတွေ ပေါင်းစပ်သွားတယ်။ ဆင်းရဲချမ်းသာမရွေး ပြည်သူအားလုံးကြားမှာ လိုချင်တဲ့ဆန္ဒတွေက ပေါင်းသွားတယ်။ အထူးခြားဆုံးက ဘယ်နိုင်ငံမှာမှလည်း မရှိတဲ့ CDM ပါပဲ။
စစ်အုပ်စုအာဏာသိမ်းတာ ဒီအချိန်ထိ မအောင်မြင်သေးတာ တိုင်းပြည်ရဲ့ ယန္တရားတွေကို ထမ်းထားရတဲ့လုပ်သားတွေက မင်းတို့အောက်တော့ မလုပ်ဘူးဆိုတာကြောင့် တိုင်းပြည်ကိုအုပ်ချုပ်လို့မရဘဲ ပထမဆုံးဇောက်ထိုးကျစေတဲ့ အရာပဲ။ ဒါဟာ ငါတို့ကို မင်းတို့ ဘယ်တော့မှအုပ်ချုပ်ခွင့်မရစေရ ဆိုတဲ့ ကြွေးကြော်သံတွေရဲ့ လက်တွေ့လုပ်ဆောင်မှုဖြစ်ပါတယ်။
ပြီးတော့ ထူးခြားမှုအနေနဲ့ ထမီတော်လှန်ရေး ဖြစ်လာပြီးတော့ အမျိုးသားကြီးစိုးတဲ့ ဖိုဝါဒကို Ideology အရ တိုက်ဖျက်တာ ဖြစ်တယ်။ အနာဂါတ်မှာ ဘယ်လိုတိုင်းပြည်မျိုး တည်ဆောက်မယ်ဆိုတာကို နွေဦးတော်လှန်ရေးက အုတ်မြစ်စချလိုက်တာဖြစ်ပါတယ်။
၁၀၂၇စစ်ဆင်ရေးမှာဆိုရင် စစ်ရေးဆိုင်ရာအရ အောင်မြင်မှုက ပိုများလာတယ်။ နိုင်ငံတကာကလည်း အမြင်တွေအများကြီးပြောင်းလာတယ်၊ သူတို့တစ်သက်လုံး ဘယ်တော့မှ ပြိုကျမှာမဟုတ်ဘူးလို့ ထင်ထားတဲ့ မြန်မာ့တပ်မတော်ဆိုတာ တကယ်တမ်းကြတော့ ပြိုကျနေပြီ၊ ဖြိုလို့ ရနေပြီ၊ ဖြိုလည်းဖြိုနေကြတယ်ဆိုတာ မြင်လာကြတယ်။
ဒီတော်လှန်ရေး ခေါင်းဆောင်လူကြီးတွေအားလုံးကို မေးခွန်း ထုတ်တယ်၊ အကြံလည်း ပြုတယ်။ တကယ်တည်ဆောက်မယ့် အနာဂါတ်ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာ ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်မှာလဲ၊ ဘယ်လိုနိုင်ငံရေးဦးဆောင်မှုမျိုးလဲဆိုတာ ၂၀၂၄ ထဲဝင်လာတဲ့ အချိန်မှာ အားလုံးအတူတူ ဝိုင်းဝန်း အမြန်ဆုံး ကြိုးစားအဖြေထုတ်ရမယ့် စိန်ခေါ်ချက်ကြီးလို့ပဲ ပြောချင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက် သင့်ပါသလဲ။
အဓိကလိုအပ်တာက လူ့အဖွဲ့အစည်းထဲမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုပါ။ လူ့အဖွဲ့အစည်းတိုင်းမှာ လူသားနဲ့ ပဋိပက္ခဆိုတာက ခွဲခြားလို့ရတယ်လို့ ကျွန်မမမြင်ဘူး။ ဒါပေမယ့် အဲဒီပဋိပက္ခကို လက်နက်ကိုင်စစ်ပွဲတွေ မဖြစ်အောင်၊ လက်နက်နဲ့ကိုင်ပြီးတော့မှ ဖြေရှင်းရတဲ့အဆင့်မျိုး မရောက်အောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အရေးကြီးပါတယ်။
ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့ အချိန်မှာ အားလုံးကြားထဲမှာ အခြေခံစံတန်ဖိုးတူနေရင် တည်ဆောက်မှုတွေက ပိုပြီးမြန်ဆန်အဆင်ပြေ သွားလိမ့်မယ်။ နိုင်ငံတော်တည်ဆောက်ရေးအတွက် အုတ်မြစ်က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု နှင့် တရားဥပဒေစိုးမိုးမှု ဖြစ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
အမြင်စုံလင်ကွဲပြားမှုကို မဖန်တီးပေးနိုင်တဲ့အခါ၊ ရေလောင်းပေါင်းသင်ပြီး ရှင်သန်ခွင့်မပေးတဲ့အခါ စစ်အာဏာ ရှင် သက်ဆိုးစေဖို့၊ တစ်ကျော့ပြန်ဖို့အတွက် ထားထားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ နိုင်ငံရေး မှာ အမြင်စုံလင်မှုကို အကောင်းဆုံးညှိနှိုင်းနိုင်ရင် ပိုပြီးတော့မှ အားကောင်းတဲ့အဖြေတွေကို ရရှိလာမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ တကယ့်အနှစ်သာရက အမြင်စုံလင်ကွဲပြားမှုကို တန်ဖိုးထားပြီး မြေတောင်မြှောက်ပေးခြင်း ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဥပဒေပြုရေးမှာဆိုရင်လည်း အနည်းဆုံး ၃၀ ရာခိုင်နှုန်း၊ အစိုးရအုပ်ချုပ်ရေး ဆိုရင်လည်း ထိပ်ပိုင်း ဆုံးဖြတ်ချက် ချတဲ့ နေရာတွေမှာ၊ ဥပဒေပြုရေး လွှတ်တော်တွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါကိုပါရမယ်။ ထိုနည်းလည်းကောင်းပဲ လုံခြုံရေးတပ်တွေမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါရမယ်။ ဒါမှသာ ထက်ဝက်ကျော်သော အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုတွေက၊ ငြိမ်းချမ်းမှုတွေက ပိုပြီးတော့ မှန်မှန်ကန်ကန်နဲ့၊ ထိထိရောက်ရောက်နဲ့ ပိုလုပ်လာနိုင်မယ် လို့ မြင်ပါတယ်။
နောက်တခုက Sex အရမှာတော့ အမျိုးသမီးတွေ ကျားနဲ့ မ နှစ်မျိုးထဲဆိုပေမဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ သူ့ရဲ့ Sexual Preference ဘာပဲဖြစ်နေဖြစ်နေ သူ့ဆုံးဖြတ်ပိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်ကို ကန့်သတ်လို့ မရဘူး။ အဲဒီတော့ ပညာပေးမှုတွေ သေသေချာချာ လုပ်ပြီးတော့မှ လူမှုပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို သေချာလုပ်ရမယ်လို့ မြင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကာလမှာ မျှော်လင့်ချက် ပိုကြီးတယ်။ ဒါပေမဲ့ ၃ နှစ် ကာလကို ရောက်လာပြီးတဲ့အခါမှာ အမျိုးသမီးတွေရဲ့ ထိပ်ပိုင်းဦးဆောင်မှု၊ ဆုံးဖြတ်ပိုင်ခွင့်ဆိုင်ရာတွေနဲ့ ပတ်သက်လို့ ကျွန်မ နည်းနည်းလေး အားမရဘူးလို့ပဲ ပြောရမလား၊ စိတ်ပူတယ်လို့ပဲ ပြောရမလားပေါ့။ တော်တော်များများ နေရာတွေမှာ အရမ်းထင်ထင်ရှားရှားကြီး တွေ့မနေရဘူးပေါ့။
ဥပမာ NUG မှာ အကောင်းဆုံး ကြိုးစားထားတာ ကျွန်မတို့ တွေ့ပါတယ်။ အမျိုးသမီးဝန်ကြီးတွေ ရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဆိုရင် အမျိုးသမီးဖြစ်တယ်။ အင်မတန်မှ အားရစရာကောင်းတဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးက တော်လှန်ရေးအတွက် နိုင်ငံတကာ ကိစ္စတွေမှာ အများကြီး ဦးဆောင်ပြီးလုပ်နိုင်တယ်။ အမျိုးသမီး၊ ကလေးသူငယ်ဝန်ကြီးဌာနမှာ ဆိုရင် ဝန်ကြီး၊ ဒုဝန်ကြီး ၂ ယောက်လုံးက အမျိုးသမီးတွေ ဖြစ်တယ်။ တခြားနေရာတွေမှာလည်း အမျိုးသမီးဝန်ကြီး တွေရှိတယ်။ ဒါပေမဲ့ တကယ့်ထိပ်ဆုံး ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ နိုင်ငံခြားရေးဝန်ကြီးကလွဲလို့ ကျန်တဲ့ နေရာတွေမှာက အမျိုးသမီးတွေ အများကြီးမတွေ့ရဘူးလို့ မြင်တယ်။
ပြီးတော့ ထိပ်ဆုံး ဦးဆောင်သူတွေက အမြဲတမ်း အမျိုးသားတွေပဲဖြစ်တယ်။ ဒါကလည်း တော်တော်ကြီးကို အချိန်ယူပြီး ကျော်လွှားရမယ့် နိုင်ငံရေး ထုံးတမ်းစဉ်လာကြီးလို့ မြင်တယ်။ ဒါပေမဲ့ သတိထားမိတဲ့တစ်ခုကတော့ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်သူ လို့ ပြောလိုက်တဲ့ကိစ္စတိုင်းမှာ တချို့သူတွေ ပြန်ပြောလေ့ရှိတာက ဒေါ်အောင်ဆန်းစုကြည် ရှိနေပြီပဲ။ တော်ပြီပေါ့။ ဒါမျိုးတွေ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ကြားခဲ့ရတယ်။ ပြောချင်တာက ကျွန်မတို့ နိုင်ငံရေး ယဉ်ကျေးမှုမှာ အမျိုးသမီးတွေရဲ့ ထိပ်ပိုင်းဦးဆောင်မှု၊ ဆုံးဖြတ်ချက်ချမှုတွေနဲ့ ပတ်သက်ရင် အများကြီး လိုနေပါသေးတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အဓိကကတော့ မဟာဖိုဝါဒပေါ့။ ဒါက တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ သို့သော် မဟာဖိုဝါဒရဲ့ကြီးစိုးမှု နဲ့ စစ်တပ်ကြီးစိုးမှုအောက်မှာ နှစ် ၇၀ ကျော် ရှိလိုက်တော့ အမျိုးသမီးတွေအေပါ်မှာ ထားရှိတဲ့ သဘောထားက လူတစ်ဦးချင်းစီ၊ လူမျိုးစုထဲမှာ Internalization က အရမ်းကြီးသွားတယ်။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင် ဆုံးဖြတ်ခွင့်ဆိုတာက အဝေးကြီးပဲ။
စစ်တပ်က ချထားတဲ့ ခြစားနေတဲ့ ဥပဒေ၊ သူတို့ကို ကာကွယ်ဖို့ ချထားတဲ့ ဥပဒေက ပြည်သူကို ဘယ်တုန်းကမှ မကာကွယ်ပေးတဲ့အပြင် ပြည်သူထဲမှာမှ ဒုတိယတန်းစား အထားခံရတဲ့ အမျိုးသမီးတွေက ဘယ်တုန်းကမှ တရားမျှတမှုကိုလည်း တခါမှ မရခဲ့သလို နိုင်ငံရေးမှာ ပါဝင်ဖို့ဆိုတာက အဝေးကြီးပါပဲ။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
လူငယ်မျိုးဆက်အမျိုးသမီးတွေဆိုရင် တော်လှန်ရေးမှာ ကျရာနေရာကနေ အမျိုးမျိုးကို မညည်းမညူဘဲနဲ့ ဒုက္ခ၊ သုက္ခနဲ့ တောထဲမှာ အမျိုးသမီးဖြစ်ရခြင်းအပေါ်မှာရှိတဲ့ လိုအပ်ချက်တွေကို ကြံ့ကြံ့ခံ လက်ခံပြီးတော့မှ သူတို့ ကြိုးစားနေတယ်။ သူတို့ရဲ့ ဘဝပေးအသိ၊ ဘဝဖြတ်သန်းမှုက သူတို့ဦးဆောင်လာတဲ့အပေါ်မှာ သူတို့သည် နိုင်ငံရေး အခြေခံရှိပြီးဖြစ်တယ်။
ဒါပေမဲ့ လာမယ့် အနာဂတ်နိုင်ငံတော်အသစ်အတွက် ပြင်ဆင်မှုကို လက်ရှိ အမျိုးသမီးအဖွဲ့အစည်းတွေက တက်ညီလက်ညီနဲ့ လက်ချင်းချိတ်ပြီး သေသေချာချာလုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒီအတွက်ကို အရင်းအမြစ်တွေက သေချာပေါက်လိုတယ်။ အဲဒီအရင်းအမြစ်တွေ ကိုလည်း အခုကျွန်မတို့နိုင်ငံက အမျိုးသမီးတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက သေသေချာချာ လက်ချင်းချိတ် နိုင်မယ်ဆိုရင် ဒီလို အရင်းအမြစ်တွေကို ကျွန်မတို့ ကောင်းကောင်းဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေပါမှပဲ ကျွန်မတို့နိုင်ငံရေးက ချိန်ခွင်လျှာညီမယ်။ လူ့အသိုင်းအဝိုင်းတစ်ခု၊ နိုင်ငံတစ်ခု တည် ဆောက်တဲ့အခါမှာ ချိန်ခွင်လျှာ မညီရင် ဒီအသိုင်းအဝိုင်း၊ ဒီနိုင်ငံသည် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုဆိုတာ ဘယ်လိုမှ မရနိုင်ဘူး။ နိုင်ငံတည်ဆောက်တယ်ဆိုတာ နိုင်ငံရေးက အခြေခံဖြစ်တယ်။
နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့ နေရာမှာ၊ မူဝါဒ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ တန်းတူပါဝင်မှု၊ တင်းပြည့် ကျပ်ပြည့် ပါဝင်မှုရှိမှသာလျှင် တိုင်းပြည်ရဲ့ ထက်ဝက်နဲ့ ထက်ဝက်ကျော်သော လူဦးရေရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပြီဆိုရင် အမျိုးသားတွေ ကြိုက်သလောက် ကြိုးစားပါစေ၊ အမျိုး သမီးမပါဘဲနဲ့ သူတို့သီးသန့် ဦးဆောင်တဲ့ တိုင်းပြည်၊ လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာစရာ၊ ငြိမ်းချမ်းလာစရာ မရှိဘူးလို့ပဲ မြင်ပါတယ်။ ။
အနာဂတ်နိုင်ငံတော်အသစ်အတွက် ပြင်ဆင်မှုကို လက်ရှိ အမျိုးသမီးအဖွဲ့အစည်းတွေက တက်ညီလက်ညီနဲ့ လက်ချင်းချိတ်ပြီး သေသေချာချာလုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media