ဒေါ်နိုးနိုးထက်စံ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ငြင်းဆိုမှုဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မတို့ လူ့အသိုင်းအဝိုင်းက ရှာဖွေဖို့လိုတယ်။ ဒါ့အပြင်ကျွန်မတို့က အမျိုးသမီးတွေကို ဖြေးဖြေးချင်း နိုင်ငံရေးထဲပါလာအောင် စည်းရုံးဖို့တာဝန်ရှိတယ်။ အဲ့ဒီလိုစည်းရုံးရေး မလုပ်မချင်း အမျိုးသမီးတွေပါဝင်မှုက အကန့်အသတ်ကြီးနေမှာဖြစ်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
မြန်မာနိုင်ငံမှာ စစ်အုပ်စု အာဏာသိမ်းခြင်းဟာ ဒီမိုကရေစီကို နောက်ပြန်ဆုတ်စေတဲ့အကြောင်းအရင်း ဖြစ်တယ်။ ဒီမိုကရေစီဖြစ်ထွန်းဖို့အတွက် အလားအလာရှိတဲ့အခင်းအကျင်းတွေ ဖန်တီးနေချိန်မှာ ဒီလို စစ်အာဏာသိမ်းမှုဟာ မတရားမှုဖြစ်တယ်ဆိုတာ လူထုတော်တော်များများက ပါဝင်ပြီးတော့ ကန့်ကွတ်တဲ့ အနေနဲ့ လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာပါတယ်။ ဒီမိုကရေစီနည်းလမ်းအရ ထုတ်ဖော်ချက်တွေကို ရပ်တန့်သွား အောင် လုပ်ခဲ့တာ စစ်အုပ်စုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို စတင်ပစ်သတ်ခဲ့တာ၊ မတရား ဖမ်းဆီး ထောင်ချခဲ့တာ၊ အကြမ်းဖက်ရိုက်နှက်ခဲ့တာ စစ်အုပ်စုဖြစ်တယ်။
ဒါကြောင့် ဒီမိုကရေစီအရေးအတွက် ပြန်လည် ခုခံတွန်းလှန်မှရမယ်ဆိုပြီး လူငယ်တွေ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲဖို့အတွက် တွန်းပို့ခံလိုက်ရတယ်။ ဒါကြောင့် အခုလူငယ်တွေမှာ နိုင်ငံရေးအရ စကားပြောရုံ သက်သက်နဲ့မရတော့ဘူး။ လက်နက်ကိုင်ပြီးတော့ ဖိအားပေးရမယ်ဆိုတဲ့အယူအဆ ပိုပြီးတော့ ပြင်းထန်လာ တယ်။ ဘာကြောင့်ပြင်းထန်လာလဲဆို စစ်အုပ်စုက တဖြေးဖြေးနဲ့ လူထုကို ရန်သူသဖွယ် စစ်မဲ့ဧရိယာတွေမှာ ဗုံးကြဲတာ၊ အိမ်တွေကိုမီးရှို့တာ၊ လူတွေကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာတွေကြောင့် လက်နက်ကိုင် တော်လှန်ရေးက အရှေ့ကိုတိုးလာတယ်။
လက်နက်ကိုင်တော်လှန်ရေးကို မူရင်းရှိထားတဲ့ EROs တွေနဲ့ စုစည်းပြီးတော့မှ ဝိုင်းဝန်းတွန်းလှန်၊ တော်လှန်ကြတာဖြစ်တယ်။ EROs တွေလည်း မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ လက်နက်ကိုင်အင်အားစုဖြစ်တယ်။ မြန်မာနိုင်ငံမှာ စစ်အုပ်စုရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီမရှိသ၍ ဘာကိစ္စမှဖြေရှင်းလို့မရဘူးဆိုတာကို လူထုက သဘောပေါက်လာတယ်။ အဲ့လိုသဘောပေါက်တဲ့အတွက် ဒီနေ့ဒီအချိန်ထိလည်း တော်လှန်နေကြတာ ဖြစ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
နိုင်ငံတစ်ခုကိုတည်ဆောက်တော့မယ်ဆို ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲဆိုတာ အရေးကြီးပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ပြောရင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့ တည်ဆောက်မှာလား။ ဒါဆို ပြည်နယ်နဲ့ ပြည်ထောင်စုကြား အခွန်ကောက်ခံမှု ပုံစံနဲ့ ငွေကြေးခွဲဝေသုံးစွဲမှုကို ဘယ်လို အာမခံချက်ထားကြမလဲ၊ ဘယ်လိုစီမံကြမလဲဆိုတာ အရေးကြီးပါတယ်။အရေးအကြီးဆုံးကတော့ လူသား အချင်းချင်း လူသားကဲ့သို့ဆက်ဆံခြင်းဟာ အခြေခံမူ ဖြစ်ဖို့လိုပါတယ်။
ကျွန်မတို့တိုင်းပြည်ဟာ လူမှုရေး ဆိုင်ရာပြောင်းလဲမှု လုပ်ဖို့မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှသာ လူသားဖြစ်တည်မှုကို မိန်းကလေးဖြစ်လို့ ယောကျာ်းလေးဖြစ်လို့ ဆိုတာမဟုတ်ပဲနဲ့ လူသားဖြစ်တယ်ဆိုတဲ့ အခြေပြု ဆက်ဆံခြင်းက အလွန်အရေးကြီး တာ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံ ဖြစ်ရမယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစိုးရ ဖြစ်ရမယ်။ ဒီလိုစနစ်မျိုး တွေနဲ့ တည်ဆောက်ဖို့ နွေဦးတော်လှန်ရေးက တောင်းဆိုနေတာလို့လဲနားလည်သဘောပေါက်ထားပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
စုံလင်ကွဲပြားမှုကြောင့် ရှုတောင့်စုံစုံလင်လင်နဲ့ လုပ်တက်ကိုင်တက်တဲ့အလေ့အကျင့်တွေ ပိုပြီးတော့ တိုးတက် ဖွံ့ဖြိုးလာတဲ့ဟာက အားကောင်းချက်ဖြစ်ပါတယ်။ စုံလင်ကွဲပြားမှုကို အသိအမှတ် မပြုရင်တော့ အားနည်းချက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် စုံလင်ကွဲပြားမှုကို တန်ဖိုးထားပြီးတော့ အားအင်းတစ်ရပ်အနေနဲ့ အရှေ့ကို တိုးဖို့လိုတယ်။ အထူးသဖြင့် စုံလင်ကွဲပြားမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေ ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်ရဲ့ အင်အားဖြစ်တယ်လို့ တိတိကျကျ ယုံကြည်ဖို့လိုတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ကြည့်မယ်ဆို အမျိုးသမီးတွေအင်အားက အများကြီးမြင်ရတယ်။ အထူးသဖြင့် ထဘီအလံထူပြီး တော်လှန်ရေးလုပ်တဲ့ အမျိုးသမီးတွေရဲ့အင်အားကို ကြည့်မယ်ဆိုရင်တောင် ဒီအင်အားအားဖြင့် ဘယ်လောက်ပါဝင်မှု အားကောင်း ခဲ့သလလဲ၊ ထိရောက်ခဲ့သလဲဆိုတာကို သက်သေပြလို့ ရသွားတယ်။
ထိုနည်းလည်းကောင်း ဟိုးဝေးလှတဲ့ နောက်ခံကို ပြန်ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးပညာတက်လူငယ်တွေ ကိုယ်တိုင်က ၁၃၀၀ ပြည့် အရေးတော်ပုံမှာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှု အမျိုးသမီးတွေရဲ့ပါဝင်မှုက အားကောင်းကောင်းနဲ့ ပါဝင်ခဲ့တာ ဖြစ်တယ်။ အမျိုးသမီးတွေအနေနဲ့ စာပေအားဖြင့်သော်လည်းကောင်း၊ ယဥ်ကျေးမှုအားဖြင့်သော်လည်းကောင်း မီဒီယာအားဖြင့်သော်လည်းကောင်း ပါဝင်ပြီး အပြောင်းအလဲ လုပ်နိုင်တဲ့အခြေအနေ တည်ရှိခဲ့တယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း ထိုနည်းလည်းကောင်း မြင်ရပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးတွေ တကယ်ပါဝင်မှုက အများကြီးဖြစ်လာသလို တဖက်မှာလည်း တော်လှန်ရေးဆိုတဲ့သဘောအရ တချို့ကိစ္စတွေကြတော့ လျှို့ဝှက်ထားရတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒါပေမယ့် မြင်သာထင်သာရှိတဲ့ဥပမာအနေနဲ့ NUG မှာ ကြည့်ရင် နိုင်ငံခြားရေးရာဝန်ကြီးက အမျိုးသမီး ဖြစ်တယ်။ ထိုနည်းလည်းကောင်း အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနမှာဝန်ကြီးရော ဒုဝန်ကြီးရော အမျိုးသမီးတွေ ဖြစ်တယ်။
ဒီနေရာမှာ ထောက်ပြချင်တာလေးတစ်ခုကို ပြောပြချင်တာက အမျိုးသမီးဖြစ်တော့ အမျိုးသမီးတွေ၊ ကလေးတွေရဲ့တာဝန်ကို ယူရမယ်ဆိုတာ ဝန်ကြီးဌာနတွေမှာပါ အစွဲရှိနေသေးပုံရတယ်။ တကယ်ဆို အဲ့လို အမျိုးသမီးနဲ့လူငယ်ဝန်ကြီးဌာနတွေမှာ အမျိုးသားဒုဝန်ကြီးဖြစ်နေတာ ပိုပြီးကောင်းမယ်လို့ ယူဆပါတယ်။ ဒါဆိုရင် Gender ညီမျှမှုကို ပိုဖော်ဆောင်နိုင်တာပေါ့။
နောက်တစ်ခုက NUCC မှာ မူဝါဒရေးဆွဲရေးကိစ္စမှာ ပါဝင်နေတဲ့အမျိုးသမီးတွေကို ကြည့်မယ်ဆိုလည်း ပါဝင်နေတဲ့ နောက်ခံအသီးသီးက အတက်နိုင်ဆုံး အမျိုးသမီးကိုယ်စားလှယ်တွေကို နေရာပေးနေတာကို တွေ့ရပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုကိုကိစ္စကို လှုပ်ရှားနေတဲ့သူတွေထဲမှာ အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံလည်း ရှိတယ်။ အဲ့ဒီအဖွဲ့ချုပ်ထဲမှာ အဖွဲ့ဝင်အဖွဲ့အစည်း စုစုပေါင်းပေါင်း ၁၂ ဖွဲ့ ရှိတယ်။ ဒီလိုစုစည်းနိုင်တဲ့အတွက် နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေကို ဖယ်ထားလို့ မရတော့ဘူး။
ကျွန်မတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာဆိုရင် အနည်းဆုံးအမျိုးသမီးသုံးဆယ်ရာခိုင်နှုန်း ပါရမယ့် ပေါ်လစီရှိသလို တပြိုင်နက်ထဲမှာ အမျိုးသမီးတွေပါဝင်ဖို့အတွက် ကမ်းလှမ်းတာစည်းရုံးရေးလုပ်တာ ကြိုးစားပြီး လုပ်ကြတယ်။ ဒါပေမယ့်လည်း ဒီပေါ်လစီမပြည့်မြောက်သေးတာ တွေ့ရပါတယ်။
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အရေးကြီးတယ်၊ ပေးရမယ်ဆိုတာ သိပေမယ့် အခုချိန်ထိ အမျိုးသမီးတွေရဲ့ပါဝင်မှု အားနည်း နေသေးတယ်ဆိုတာကို တွေ့နေရတုန်းပဲ။ တော်လှန်ရေးတစ်ခုလုံးနဲ့ပြောကြမယ်ဆို ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေပါနေသော်လည်း လက်တွေ့လုပ်ငန်းတွေမှာ ဖြစ်ဖြစ်မြောက်မြောက် ပါဝင်ခွင့် ရှိနေသလားဆိုတာတော့ အခုချိန်ထိမေးခွန်းရှိနေသေးတယ်လို့ ကျွန်မမြင်ရတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
ခပ်တိုတိုထောက်ပြရမယ်ဆိုရင် ပထမဆုံးတစ်ခုကတော့ လက်နက်ကိုင်အင်အားစုထဲမှာဆိုရင်အများအားဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေက ခွန်အားနည်းတယ်လို့ ယုံကြည်ကြတယ်။ အဲ့ယုံကြည်မှုက မဟုတ်ပါ ဘူးလို့ ငြင်းလို့မရဘူး။ ဒုတိယတစ်ခုကကျတော့ အမျိုးသမီးဆိုတော့ တချို့အမျိုးသားတွေပဲဖြစ်ဖြစ် အမျိုးသမီးအချင်းချင်းပဲဖြစ်ဖြစ် ညှာတာတယ်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ တခုခုလုပ်လိုက်ရင် အမျိုးသားတွေ ဦးဆောင်ပြီးတော့ လုပ်ကြတယ်။
ဒါပေမဲ့ အမျိုးသမီးတွေက ကိုယ့်ရဲ့ပါဝင်မှုကို ကိုယ်ကိုတိုင်ဆုံးဖြတ်ဖို့လိုပါတယ်။ အမျိုးသမီးအများစုက တယောက်ယောက်ရဲ့ဆုံးဖြတ်ချက်ကို သူစေတနာနဲ့လုပ်တာပဲဆိုတဲ့ ဒီစဉ်းစား ချက်ရှိကြတယ်။ နိုင်ငံရေးမှာ ကိုယ်ကိုတိုင်လုပ်မှ ကိုယ်ကိုတိုင် ဆုံးဖြတ်လို့ရတာ သူများရဲ့စဉ်းစားချက်တွေနဲ့ ကိုယ်ကဆုံးဖြတ်ချက်ထဲ ပါလို့မရဘူး။ ရနေရင်လည်း ထိုင်နေတာပဲဖြစ်မှာ။ အဲ့ဟာကလည်း အဟန့်အတား တစ်ခု ဖြစ်ပါတယ်။
နောက်တခုက ကျွန်မတို့အမြဲတမ်းပြောနေတဲ့ Gender Box ထဲက မထွက်သေးတဲ့ အကြောင်းအရာတွေ ရှိနေသေးတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း တခါတလေကျရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနေသေးတာတွေ့ရတယ်။ တကယ်တော့ အမျိုးသမီးတွေက တကယ်ဆုံးဖြတ်ချက် ချရတော့မယ်ဆိုရင် ဘယ်လောက်ပင်ပန်းပါစေ သူတို့မှာ ဆုံးဖြတ်နိုင်တဲ့စွမ်းရည်ရှိတယ်။
ဒါပေမယ့် အားနည်းချက်က ဘာလဲဆို ခေါင်းဆောင်အနေနဲ့ ဦးဆောင်ရတာ့မယ်၊ စပြီး ဦးဆောင်မှုကိုယူရတော့မယ်ဆိုရင် အမျိုးသမီးတွေဟာ တခြားလူတွေကို ဦးစားပေးတက်တဲ့ အလေ့အကျင့်ရှိတယ်။ ဒါ့အပြင် ဥပဒေအရကလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အဟန့်အတားဖြစ်စေတဲ့ကိစ္စရပ်တွေ ရှိတယ်။
ဥပမာဆိုပါစို့ ပေါ်လစီအရ အမျိုးသမီးတွေအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါရမယ်ဆိုရင် လက်တွေ့ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းလိုအပ်တယ်။ ပတ်ဝန်းကျင်အဝန်းအဝိုင်းအမြင်တွေကို ပြန်ပြီးပြင်ဆင်ရမဲ့အပိုင်းတွေရှိတယ်။ လုပ်ပုံကိုင်ပုံပြောင်းလဲရမှာ ရှိတယ်။ ကိုယ်နဲ့နီးစပ်တဲ့ အမျိုးသမီးတွေခေါ်လာတာ ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်မှာ တစ်စုံတစ်ရာနာမည် ရှိတဲ့သူတွေကို ခေါ်လာလို့ရတာမျိုးနဲ့ အလွယ်တကူ ပုံဖော်ရတာ မဟုတ်ဘူး။
နိုင်ငံရေးနယ်ပယ်ဆိုတာက နိုင်ငံရေးအရ တကယ်စိတ်ဝင်တစားနဲ့ လူထုအကျိုးပြုချင်တဲ့သူတွေ တိုင်းပြည်ကို ပြုပြင်မွမ်းမံချင်တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးတွေကိုပဲ ခေါ်လာလို့ရမယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ငြင်းဆိုမှုဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မတို့ လူ့အသိုင်းအဝိုင်းက ရှာဖွေဖို့လိုတယ်။
ဒါ့အပြင်ကျွန်မတို့က အမျိုးသမီးတွေကို ဖြေးဖြေးချင်း နိုင်ငံရေးထဲပါလာအောင် စည်းရုံးဖို့တာဝန်ရှိတယ်။ အဲ့ဒီလိုစည်းရုံးရေး မလုပ်မချင်း အမျိုးသမီးတွေပါဝင်မှုက အကန့်အသတ်ကြီးနေမှာ ဖြစ်ပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ပထမဆုံးတစ်ခုကတော့ အမျိုးသမီးတွေအနေနဲ့ ပါရမီဖြည့်ဘက်ဆိုတဲ့စိတ်ကို ဖျောက်လိုက်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပါရမီဖြည့်ဘက်ဆိုတာ အပြန်အလှန်လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ နိုင်ငံရေးလုပ်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတောင်မှ အမျိုးသား တွေ အချိန်မရွေးအစည်းအဝေးတက်လို့ ရတယ်။ အချိန်မရွေး အလုပ်လုပ်လို့ ရတယ်။ အမျိုးသမီးတွေက အစည်းအဝေးတက်ဖို့တောင် တော်တော်အကန့်အသတ်ကြီးတယ်။ အိမ်မှုကိစ္စကို အမျိုးသမီးက ပိုပြီးတာဝန်ယူရတယ်ဆိုတဲ့ အခြေအနေက ဒီကနေ့ အမျိုးသမီးတွေရဲ့လက်တွေ့ဘဝဘဲ။
နောက်ကွယ်ကနေ အမျိုးသားတွေက တစ်ချိန်လုံး အမျိုးသမီးတွေကို အိမ်မှုကိစ္စလုပ်ဖို့အတွက် တွန်းအားပေး နေတတ်တယ်။ အမျိုးသမီးတစ်ယောက် နိုင်ငံရေးလုပ်နိုင်ဖို့၊ အလုပ်တစ်ခုခုကို လုပ်နိုင်ဖို့ အခက်အခဲတွေထဲမှာ အဲ့လို အဟန့်အတားတွေကြောင့်လဲ အများကြီးပါတယ်။ အဲ့ဒါကို အမျိုးသမီးတွေကိုယ်တိုင်က ကျော်ဖြတ်ရမယ်။ ထောက်ပြဖို့လိုတယ်။
ဘယ်အရာကိုစွန့်ပြီးတော့ ဘယ်ကိစ္စကိုလုပ်ရမလဲဆိုတာ အမျိုးသမီးတွေ ဆုံးဖြတ်နိုင်ဖို့ ပိုလိုတယ်။ နောက်ကွယ်မှာမနေပဲ ကန့်လန့်ကာရှေ့ကို ထွက်လာဖို့လိုတယ်။ ဒုတိယတချက်ကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လုပ်ရမယ့်အလုပ်တွေကို သေချာလေ့လာဖို့လိုတယ်။ အမျိုးသမီးတွေအနေနဲ့ ဘာပဲ လုပ်ချင်လုပ်ချင် လေ့လာမှုအား ဖြတ်လိုက်လို့ မရဘူး။ ဆက်..ဆက်ပြီးတော့ လေ့လာရမယ်။
ကိုယ်ရောက် နေတဲ့နေရာက ပထမအဆင့်ဆို အဲ့ပထမအဆင့်ကနေ ဖြေးဖြေးချင်းပြန်ဆင်းဖို့အတွက် ကိုယ့်နေရာမှာ ဘယ်သူပြန်ရှိရမလဲ အမျိုးသမီးတစ်ယောက်ယောက်ကို ပြန်ထားနိုင်ဖို့အတွက် ဒါကိုလည်း လုပ်ဖို့ အရေးကြီးတယ်။ ထိုနည်း လည်းကောင်းပဲ အဖွဲ့အစည်းတိုင်းမှာရှိနေတဲ့ အမျိုးသားတွေကိုယ်တိုင်ကလည်း စည်းရုံးရေး လုပ်နေတဲ့ အမျိုးသားတွေကိုပဲ ပြန်ပြီးမြင်နေလို့မရဘူး။ အမျိုးသမီးတွေကိုလည်း စည်းရုံးဖို့လိုတယ်။
ကျွန်မတို့မှာ ဂျဲန်ဒါပြသနာတွေကဘာရှိသလဲဆိုရင် ကျွန်မတို့နိုင်ငံမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေပဲ ဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်က အမျိုးသားတွေကို စည်းရုံးရင်လည်း အမြင်တစ်မျိုး မြင်ကြတယ်။ အမျိုးသားတွေက အမျိုးသမီးတွေကို စည်းရုံးရင်လည်း အမြင်တမျိုးမြင်ကြတော့ အမျိုးသမီး အချင်းချင်း စည်းရုံး၊ အမျိုးသားအချင်းချင်း စည်းရုံးဆိုတာဖြစ်လာတယ်။
နိုင်ငံရေးနယ်ပယ်မှာ ပိုကျယ်ပြန့်တာ အမျိုးသား အများစုဖြစ်တယ်။ အမျိုးသားတစ်ယောက် နိုင်ငံရေးထဲကို ပါလာပြီဆိုရင် နေရာပေးဖို့ အဆင့်သင့် ဖြစ်ကြတယ်။ အမျိုးသမီးတစ်ယောက်က သိနေတတ်နေတယ် ဆိုရင်တောင် နေရာပေးဖို့ အဆင်သင့် မဖြစ်ကြဘူး။ အဲ့ဒါက နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အဓိကအကန့်အသတ် အကြီးဆုံးဖြစ်တယ်။
နွေဦးတော်လှန်ရေးမှာတော့ ဒီလိုအကန့်အသတ်တွေကျော်လွှားဖို့ လိုတယ်။ ဒါကလည်း နွေဦးတော်လှန်ရေးရဲ့ တကယ့်တောင်းဆိုချက်တွေ ဖြစ်ပါတယ်။ အမျိုးသမီးရေးရာဝန်ကြီးဌာနကလည်း အမျိုးသမီးတွေနောက်ခံမှာ အခက်အခဲဖြစ်နေရင် သူတို့အတွက် သုတေသနစာတမ်းတွေကို ဖတ်ပေးတာတွေ။ လေ့လာစရာတွေပြောပြတာမျိုး စသည်ဖြင့် နောက်ကွယ်ကအမျိုးသမီးတွေကို ကူညီဖို့လိုတယ်။
နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ဘဝ save ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စဉ်းစားချက်နဲ့ လုပ်ဆောင်မှုတွေလို တယ်။ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချတဲ့နေရာရောက်လာနိုင်ဖို့ကိုလည်း ယာယီအထူးလုပ်ဆောင်ချက်တွေ လုပ်ပေးဖို့လိုတယ်။
နိုင်ငံရေးဆိုတာက အမျိုးသမီးပဲလုပ်လုပ် အမျိုးသားပဲလုပ်လုပ် နိုင်ငံရေးသိပ္ပံကို နားလည်ဖို့လိုတယ်။ ကိုယ်ဘယ်လမ်းကိုသွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်လိုနိုင်ငံရေး အတွေးအခေါ်အယူအဆရှိမျိုးကို ယုံကြည် တာလဲ၊ ဘယ်သူတွေနဲ့ လက်တွဲလုပ်မှာလဲ၊ ဘယ်လိုလုပ်မှာလဲ၊ တကယ်တကိုယ်တည်း တည်ဆောက်လို့ ရလား မရလားဘူးလား၊ အဲ့ဒီကိစ္စကတော့ အမျိုးသမီးတွေကိုမှ သင်ပေးရတာ လို့ကျွန်မမယူဆဘူး။ အမျိုးသားတွေလည်း သင်ပေးရမယ်။
ဘာကြောင့်လဲဆို နိုင်ငံရေးယုံကြည်ချက်မဲ့ပြီး နိုင်ငံရေးလုပ်နေတာက ခိုင်မာတဲ့ နိုင်ငံရေးသမား ဖြစ်လာမှာ မဟုတ်လို့ဘဲ။ နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံရေးယုံကြည်ချက် ခိုင်မာတဲ့ သူကမှ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ စည်းရုံးရေးနဲ့ မူဝါဒခိုင်မာရေးဟာ တဆက်တစပ်တည်း ရှိတယ်ဆိုတာ နားလည်မှာ ဖြစ်တယ်၊။
ဒါမှ နိုင်ငံရေးမျိုးဆက် မွေးထုတ်ခြင်းက မှန်ကန်မှာ ဖြစ်တယ်။ နောက်တနည်းနဲ့ ပြောရမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ချတဲ့ နေရာတိုင်းက သူတွေဟာ မှန်ကန် မျှတမှုရှိတယ်လို့ ပြောရမှာပါဘဲ။ အဲ့ဒါတွေကျော်လွှားနိုင်ရင် ကျွန်မတို့ဆီမှာ တန်းတူညီမျှမှုဆိုတာ ဖြစ်လာနိုင်ပါတယ်။
၇။အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေကတော့ ရှင်းရှင်းလေးပြောရရင် စစ်ပွဲကိုမလိုလားဘူး။ စစ်ပွဲကိုမလိုလားတဲ့အတွက် ငြိမ်းချမ်း ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အသိုင်းအဝိုင်းကိုပဲ တည်ဆောက်ဖို့ကြိုးစားကြမဲ့ သဘောထား ပိုရှိပါတယ်။ လက်တလောမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တိုက်ပွဲဆိုတာကလည်း လက်တလောအရ ခုခံတွန်းလှန် တော်လှန်ရတာ ဖြစ်ပါတယ်။
အဲ့တော့ အမျိုးသမီးတွေက နိုင်ငံရေးမှာပါဝင်လာရင် သူတို့ရဲ့ စဉ်းစားချက် ကတော့ အတက်နိုင်ဆုံးနိုင်ငံကို ငြိမ်းချမ်းအောင်လုပ်မယ်။ တိုးတက်အောင်လုပ်မယ်။ အနာဂတ် လူငယ် မျိုးဆက်သစ် သားသမီးတွေကို မပင်ပန်း မဆင်းရဲအောင် လုပ်မယ်။ အခြေခံအားဖြင့် အမေတွေကိုပဲ စဉ်းစားလိုက်ရင် ထင်သာမြင်သာရှိပါတယ်။
မိခင်တိုင်းက ကိုယ့်သားသမီးလုံခြုံရေးကိုစိတ်ပူပြီးတော့ ကိုယ့် သားသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်စဉ်းစားနေတဲ့သူတွေ ဖြစ်တယ်။ နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီး တွေ ပါဝင်လာရင်လည်း အဲ့စဉ်းစားချက်က အခြေခံအားဖြင့် ပိုမိုခိုင်မာလာလိမ့်မယ်လို့ ကျွန်မယူဆပါတယ်။
၈။ ဖြည့်စွက်ချက်။
ပထမဆုံးတစ်ခုကတော့ ရှေ့ကိုထွက်ခဲ့ပါ။ နိုင်ငံရေးစိတ်ဝင်စားရင် နိုင်ငံရေးပါတီတွေထဲကို ဝင်ဖို့မကြောက် ပါနဲ့။ နိုင်ငံရေးပါတီဆိုတာက ကိုယ်သွားမယ့် နိုင်ငံရေးလောကအတွက် ခြေလှမ်းဆက်ပေးမှာ ဖြစ်ပါတယ်။ ဘယ်ပါတီကို စိတ်ဝင်စားလဲ စဉ်းစားပါ။ ပါတီတွေ အများကြီးရှိတယ်။ ပါတီထဲလည်း ဝင်ပြီဆို လှုပ်ရှားမှုကို တကယ်လုပ်တဲ့အခါမှာ စဉ်ဆက်မပြတ်လေ့လာမှုတွေ အလုပ်လုပ်သွားတယ်ဆိုရင် အမျိုးသမီးတွေ ပါဝင်မှုက တကယ်ထိရောက်တဲ့ပါဝင်မှုပုံစံ ဖြစ်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media