- Published on
-
မဇင်မေသက် နိုင်ငံရေးအကျဉ်းသူဟောင်း
-
- Published on
မအတာ LGBT အရေး တက်ကြွလှုပ်ရှားသူ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“လူအချင်းချင်းကြား ဖိနှိပ်နေတာကို ဘာလို့ဖျက်ဖို့ လိုအပ်သလဲဆိုတာ လုပ်ပေးဖို့ လိုတယ်။ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ အမျိုးသမီးတွေနဲ့ LGBT တွေ ပူးပေါင်းပြီးလုပ်ရမယ်ဆိုတာ တဖြေးဖြေးနဲ့ သိလာကြတယ်”
မအတာသည် အသက် (၃၂) နှစ်အရွယ် လိင်ပြောင်းအမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိမိရဲ့ ဖြစ်တည်မှုအပေါ် လက်ခံခဲ့ပြီး မော်ဒယ်တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် သိတတ်စအရွယ်ကတည်းက LGBT တွေရဲ့အခွင့်အရေးကို စတင်လုပ်ကိုင်ခဲ့သူပါ။ ထိုနောက်ပိုင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးတွေကိုလည်း လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၈ မှာ LGBT တွေက နတ်ကတော်၊ မိတ်ကပ်ဆရာဆိုတဲ့ တံဆိပ်ကပ်ထားတာတွေကို ချိုးဖျက်ချင်တဲ့အတွက် LGBT သတင်း တင်ဆက်သူ ဖြစ်အောင် လမ်းဖောက်လျှောက်လှမ်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ မအတာဟာ သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်စွာ ဖြိုခွင်းမှုတွေ ပြုလုပ်တာကို မြင်တွေ့ရအပြီးမှာ ခုခံတော်လှန်ရေးမှာ ပါဝင်ဖို့အတွက် ကချင်ပြည်နယ်မှာ အခြေခံစစ်သင်တန်းတက်ခဲ့တယ်။ ထို့နောက် အာဏာသိမ်းမှုအောက်က အမျိုးသမီးတွေ၊ LGBT တွေရဲ့ အခွင့်အရေးကို လုပ်ကိုင်ချင်တဲ့အတွက် နယ်စပ်ကိုရွေ့ပြောင်းခဲ့တယ်။
လက်ရှိမှာ အမျိုးသမီးတွေ LGBT တွေရဲ့အခွင့်အရေးတွေ၊ သတင်းတင်ဆက်တာတွေကို လုပ်ကိုင်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ Women of the future south-east Asia 2023 award ကို ရရှိထားသူ ဖြစ်ပြီး၊ လူ့အခွင့်အရေးတွေ LGBT အရေးတွေနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ သင်တန်းတွေပေးတာ တွေကို ဆောင်ရွက်ခဲ့ပါတယ်။
လက်ရှိမှာတော့ ထောက်ပို့လုပ်ငန်းတွေ၊ LGBT တွေရဲ့အခွင့်အရေးတွေချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစာပို့တဲ့လုပ်ငန်းတွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ပူးတွဲဆောင်ရွက်တာတွေ ဆောင်ရွက် နေပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးလုပ်ငန်းများမှာလည်း တက်တက်ကြွကြွပါဝင် ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ နွေဦးတော်လှန်ရေးက မကြာခင်ရက်ပိုင်းမှာ လေးနှစ်ပြည့်ခဲ့ပါပြီ။ အစဦးဆုံးမှာ သပိတ်တွေနဲ့ ကျွန်မတို့နိုင်ငံကို ပြန်ရဖို့ ကြိုးစားခဲ့ကြတယ်။ စစ်တပ်က အသားလွတ် ပစ်သတ်လို့ အသက်တွေ အများကြီးပေးလိုက်ရတဲ့အချိန်မှာ တော်တော်များများက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။ ၂၀၂၂၊ ၂၃ လောက်မှာ လက်နက်ကိုင်လမ်းစဉ်ကို ပိုပြီးရွေးချယ်လာကြတယ်။ အဲ့နောက်ပိုင်းမှာ စစ်ကောင်စီ ဘက်က အတင်းအကြပ် လူငယ်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုတဲ့ စစ်မှုထမ်းဥပဒေကို ထုတ်လာခဲ့တယ်။ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တိုက်ခိုက်တဲ့တိုက်ပွဲတွေက အန္တရာယ်အရမ်းများလာတယ်။ အသက်တွေ ဆုံးရှုံးလာ တယ်။
လူသားအရင်းအမြစ်တွေ အများကြီးဆုံးရှုံးလာတဲ့အချိန်မှာ ဒီလေးနှစ်နီးပါးဖြစ်တဲ့ ဒီကာလမှာ စိတ်သဘောထားကွဲလွဲမှုတွေ ဖြစ်လာကြတယ်။ နင်တို့ နှစ်ဦးနှစ်ဘက်ဖြစ်နေတာ ငါတို့တွေနဲ့မဆိုင်ဘူးဆိုတဲ့ လူတစ်စု ထွက်ပေါ်လာတယ်။ third party တွေလည်း ထွက်ပေါ်လာကြတဲ့အချိန်မှာ အမှန်တိုင်းပြောရင် လေးနှစ်အတိုင်းအတာက အချိန်အရမ်းများနေပြီ အမြန်ဆုံးရပ်တန့်ဖို့အတွက် ဖြစ်နိုင်မယ့်အဖြေတခုရှိဖို့ ရပ်တန့်ဖို့အချိန်ရောက်ပြီလို့ ကျွန်မမြင်တယ်။
ကျွန်မတို့နိုင်ငံက နှစ်ပေါင်း ၇၀ ကျော် တိုက်ခဲ့ကြတယ်။ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ရှိနေတဲ့ အခင်းအကျင်းတွေက တကယ့်တကယ် မှန်ကန်တဲ့အခင်းအကျင်းတွေ ဟုတ်မနေခဲ့ကြဘူး။ အခု နွေဦးတော်လှန်ရေးကျမှသာ တကယ့်စစ်မှန်တဲ့ အခင်းအကျင်းကို ခင်းလိုက်တယ်လို့ ကျွန်မကမြင်တယ်။ ဒါသည် အရှေ့မှာ တော်လှန်ရေးလုပ်တဲ့သူတွေကို မကောင်းပြောတာ မဟုတ်ဘူး။ အဲ့တုန်းက တချို့သော လူတစုသည်တော့ မှန်ကန်တဲ့လမ်းကြောင်းမှာ လျှောက်ကြတယ်။ တချို့ကျတော့ ဒီလမ်းစဉ်အပေါ်မှာပဲ သာယာပြီး ဒီလမ်းစဉ်အပေါ်မှာ စီးပွားအမြတ်ထုတ်ကြတဲ့လူတွေ ပေါ်လာပြီး ဒုက္ခတွေ များကြတယ်။
နွေဦးတော်လှန်ရေးမှာ တဖက်နဲ့တဖက် ယှဉ်ပြိုင်အလဲထိုးကြတဲ့ပွဲတွေဖြစ်တဲ့အတွက် တဖက်က မထင်မှတ် ထားတဲ့ တိုက်ကွက်တွေ ပေါ်လာတယ်။ ကျွန်မတို့ဘက်က အစပိုင်းမှာ တိုက်ကွက်တွေ အများကြီး ထုတ်နိုင်ပေမယ့် အခုနောက်ပိုင်းမှာ ကျွန်မအနေနဲ့ သုံးသပ်ရင် အထိနာလာတယ်။ ဘယ်မှာအထိနာလဲဆို လူငယ်တွေစစ်မှုထမ်းရတဲ့ကိစ္စမှာ သိပ်ကိုအထိနာတယ်။ မနေ့ကဆို ပိုစ့်တခုတွေ့တယ်။စစ်ကောင်စီရဲ့ အခြေခံစစ်သင်တန်းကို လူငယ်တွေပျော်ပါးအောင်လို့ အရက် မူးယစ်ဆေးဝါး အကုန်လုံးချပေးထားတယ်။ မူးယစ်ဆေးဝါးတွေက သူတို့ရဲ့အဓိက လက်နက်တခု ဖြစ်နေတယ်။
ပေါ်တာဆွဲခံရတဲ့လူငယ်တွေ စစ်သင်တန်း ထဲကို ရောက်သွားတဲ့လူငယ်တွေရဲ့စိတ်တွေသည် မှန်တော့မှာ မဟုတ်ဘူး။ ဒါပေသိ ဒီဘက်က တော်လှန်ရေး အင်အားစုတွေရဲ့ ဆုံးဖြတ်ချက်တွေကလည်း သူတို့သည် စစ်ကောင်စီရဲ့တပ်အနေနဲ့ရောက်လာတာဆိုတော့ စစ်ကောင်စီအနေနဲ့ မြင်ရမယ်ဆိုတဲ့ ဖြစ်လာကြတဲ့အချိန်မှာ ဒီအခင်းအကျင်းက သိပ်ကိုရှုပ်ထွေးသွားပြီ။ စစ်ကောင်စီကလည်း ဒီအကွက်က သူတို့နိုင်ကွက်မှန်းသိတဲ့အတွက် ဒီရက်ပိုင်းမှာ အသက်မှီတဲ့သူအကုန်လုံး နိုင်ငံခြား ထွက်ခွင့်ပိတ်ချလိုက်ပြီး ဆင့်ခေါ်စာရရင် လာကိုလာရမယ်။ မဟုတ်ရင် ဖမ်းလို့ရတယ်ဆိုတဲ့ ဥပဒေပြဌာန်းလိုက်ပြီးနောက်မှာ လူမသိသူမသိ ဘာထပ်ဖြစ်လာမလဲဆိုတာ တွေးကြည့်ရင်တောင် ရင်လေးတယ်။
ဒီအချိန်မှာပဲ US မှာ သမ္မတ ဒေါ်နယ်ထရန့် တက်လာတဲ့အခါ နိုင်ငံရေးခိုလှုံခွင့်တွေကို ရပ်ဆိုင်းတယ်။ Gender case တွေဆို ကျွန်မတို့ LGBT တွေအတွက် သိပ်ကိုအန္တရာယ်များတယ်။ သတင်းတွေမျိုးစုံထွက်တယ်။ ပြသနာတွေအရမ်းများလာတဲ့အချိန်မှာ ဒီအချိန်မှာ ပြေးစရာမြေမရှိဘူး။ ဒီနေရာကနေ တတိယနိုင်ငံကို ထွက်ပြေးကြရင်လည်း မလုံခြုံလို့ပြေးကြတယ်။
အဲ့ဒါကို လူမျိုးအချင်းချင်းတွေ ကလည်း ဒီအခင်းအကျင်းထဲမှာ တော်လှန်ရေးကို ထားခဲ့တယ်ဆိုတဲ့ mind set သွတ်သွင်းခံလိုက်ရတဲ့အချိန်မှာ တယောက်ယောက် တတိယနိုင်ငံကိုထွက်သွားရင်ဝိုင်းဆဲကြတယ်။ ပြောရရင်တော့ အခင်းအကျင်းက ရှုပ်ထွေး လာပြီ။ ဒီအခင်းအကျင်းကို ဖြေရှင်းပြီးတော့ အမြန်ဆုံး မရပ်တန့်တော့ဘူးဆိုရင် ဒီအခင်းအကျင်းကြားမှာ အကွက်ရွေ့မှားတာနဲ့ အစားခံရမယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်တယ်။
မေး။ ။နိုင်ငံတခုတည်ဆောက်တဲ့အချိန်မှာ ဘယ်လိုစံနှုန်းတွေ၊ တန်ဖိုးထားမှုတွေနဲ့ တည်ဆောက်ချင် ပါသလဲ။
“အားလုံးလုံခြုံပြီးတော့ အားလုံးအတွက် အခွင့်အလမ်းတွေ အများကြီးဖန်တီးပေးနိုင်တဲ့၊ ပြည်သူကိုအကျိုးပြုပြီး ပြည်သူကိုရှေးရှုတဲ့ နိုင်ငံတခုဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါမှလည်း ကျွန်မတို့နိုင်ငံကြီးက ခေတ်အဆက်ဆက် နောက်ကျခဲ့တဲ့ဟာ ပြန်ပြီး အဆင်ပြေလာနိုင်မယ်လို့ ထင်တယ်”
ဖြေ။ ။ အစောပိုင်းကာလမှာတော့ ဒီမိုကရေစီလို့ ပြောကြတယ်။ လူအားလုံးကို မလွှမ်းခြုံတဲ့အချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီလို့ တောင်းဆိုကြတယ်။ ရှင်းတယ်။ ကျွန်မတို့လိုချင်တဲ့ပုံစံလို့ပဲ ထင်တယ်။ စိတ်ကူး ကြည့်တဲ့ ကျွန်မတို့နိုင်ငံက ယောကျာ်းသော မိန်းမသော ကျွန်မတို့ LGBT သော တခြားသော ခွဲခြားမှုတွေ မရှိဘူး။
အားလုံးအတွက် တိုင်းရင်းသားသော၊ လူမျိုးဘာသာကွဲပြားသော ဘာမှမရှိတော့ဘဲနဲ့ အားလုံးအတွက် တန်းတူညီမျှမှုတွေကို အဓိကအခြေခံထားတယ်။ အားလုံးလုံခြုံပြီးတော့ အားလုံးအတွက် အခွင့်အလမ်းတွေ အများကြီးဖန်တီးပေးနိုင်တဲ့ ပြည်သူကိုအကျိုးပြုပြီး ပြည်သူကိုရှေးရှုတဲ့ နိုင်ငံတခုဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါမှလည်း ကျွန်မတို့နိုင်ငံကြီးက ခေတ်အဆက်ဆက် နောက်ကျခဲ့တဲ့ဟာ ပြန်ပြီး အဆင်ပြေလာနိုင်မယ်လို့ ထင်တယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာအတွေးအမြင်လက်ခံမှုတွေ ဘာတွေပြောင်းလဲသွားလဲ။
ဖြေ။ ။ အားလုံးက တန်းတူညီမျှမှုတွေကို အခြေခံမူအနေနဲ့ လက်ခံလာကြတယ်။ အမျိုးသမီးတယောက်ကို ခွဲခြားရင် မကောင်းဘူးဆိုတဲ့ mind set ကတော့ ရှိတယ်။ နောက်တစ်ခုက စစ်ကောင်စီကို တော်လှန်သူနဲ့ မတော်လှန်သူတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေကြတယ်။ တခြားအကြောင်းတွေကြောင့်လည်း ပြည်တွင်းမှာပဲ နေနေရတဲ့ပြည်သူလူထုတွေ ရှိတယ်။ ဒီလိုလူတွေကျ ကျွန်မတို့ ပစ်ပယ်လို့မရဘူး။ ဒါတွေ အားလုံးက ကျွန်မတို့နိုင်ငံသားတွေပဲ ဖြစ်တယ်။ သူတို့ကို နင်တို့အစပိုင်းထဲက ဒီဘက်ကို မပါလာရ ကောင်းလား ဆိုပြီး သူတို့ကိုရန်ပြု ရန်မူတာတွေ သိပ်တော့ သဘောမတွေ့ဘူး။
ကျွန်မပြောချင်တာ boycott လုပ်ထားတဲ့လူတွေတို့ စစ်ကောင်စီလက်အောက်ကလူတွေ မဟုတ်ဘဲနဲ့ နှောင်ကြိုးတွေကြောင့် ကျန်ခဲ့ကြတဲ့ သာမာန်ပြည်သူလူထုတွေကိုတော့ ကြည့်ရှုစေချင်တယ်။ နင်တို့အစကမှမပါခဲ့တာ အခုကြခံလေ ထွက်မလာ ခဲ့နဲ့ဆိုတဲ့စိတ်က ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီက ခွဲခြားမှု မရှိရဘူး။ ကျွန်မတို့က အခုလောလောဆယ် စစ်ကောင်စီနဲ့ ရန်ဖြစ်နေကြတယ်။ စစ်မျက်နှာပြင်သည် ဦးတည်ချက်ပန်းတိုင်သည် တခုပဲဖြစ်ရမယ်။ စစ်မျက်နှာပြင်တွေ များလာတာနဲ့အမျှ ကျွန်မတို့အင်အားတွေက အောက်ကို ပြုတ်ကျလိမ့်မယ်။
မေး။ ။ လက်ရှိအချိန်မှာ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အမြင်တွေ၊ အယူအဆတွေ ပြောင်းလဲသွားပြီလား။
ဖြေ။ ။ ကျွန်မတို့တွေ နိုင်ငံရေးအခင်းအကျင်း မတိုင်ခင်မှာတုန်းကတော့ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းက အရမ်းနည်းတယ်။ NUG မှာတော့ အဲ့ထက်ပိုတဲ့ပမာဏကို သတ်မှတ်ထားတယ်လို့ ကြားတော့ကြားတယ်။ တခြားသောအပိုင်းတွေမှာဆိုရင် ပြည်သူလူထုတွေအနေနဲ့ရော တော်လှန်ရေးအင်အားစုတွေအနေနဲ့ရော အမျိုးသမီးဆိုတာ လှောင်စရာမဟုတ်ဘူး။ အမျိုးသမီးဆိုတာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်စရာမဟုတ်ဘူး။ သူတို့သည်လည်း တန်းတူဆိုပြီးအားလုံး သိသင့်သလောက်တော့ မြင်လာကြတယ်။
ကျွန်မတို့နောက်ပိုင်း generation Z တွေ ရှင်းတယ်။ LGBT သော၊ အမျိုးသမီးသော generation Z တွေက အကုန်လုံး လူငယ်ဖြစ်တဲ့ သဘာဝမှာ ခွဲခြားဆက်ဆံမှု နည်းကြတယ်။ တချို့ကျတော့လည်း သူတို့အမြင်တွေကို လူရှေ့မှာတော့ လက်ခံကြတယ်။ ရုပ်ပြအနေနဲ့ လက်ခံတယ်။ ဒါကတော့ ကျွန်မတို့အနေနဲ့ advocate လုပ်လို့မရတော့ဘူး။ သူတို့က အရိုးစွဲလာတာ နှစ်တွေကြာခဲ့ပြီ။ မပြောင်းလဲနိုင်ကြတော့ဘူး။
ကျွန်မတို့တွေ အချင်းချင်းကြား ဖိနှိပ်နေတာကို ဘာလို့ဖျက်ဖို့လိုအပ်သလဲဆိုတာ လုပ်ပေးဖို့ လိုတယ်။ ပြောင်းလဲဖို့ လိုတယ်။ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ အမျိုးသမီးတွေနဲ့ LGBT တွေ ပူးပေါင်းပြီးလုပ်ရမယ်ဆိုတာ တဖြေးဖြေးနဲ့ သိလာကြမယ်။
ဥပမာတခုပြောပြချင်တယ်။လွန်ခဲ့တဲ့ လတုန်းက ကျွန်မတို့ generation Z ထဲက တော်လှန်ရေးဘက်တော်သား အဆိုတော်တယောက်ပဲ သူ့ရဲ့သီချင်းထဲမှာစကားလုံးတခုအနေနဲ့ စောက်ခြောက်ဆိုပြီး ထည့်သုံးတယ်။ မင်းတို့ရဲတွေ စစ်ခွေးတွေ စောက်ခြောက်တွေပဲဆိုပြီး သုံံးတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာ ဖိနှိပ်တဲ့အနေနဲ့ အခြောက်လို့သုံးတယ်။ စောက်ဆိုတဲ့စကားလုံးက အရမ်းရိုင်းတဲ့စကားလုံး အဲ့နှစ်ခုကိုတွဲပြီးတော့ ကျွန်မတို့ community ကို ဖိနှိပ်လိုက်တာကို ကျွန်မတို့လက်မခံပါဘူးလို့ ကျွန်မတို့ပြောကြတယ်။
အဲ့မှာ ကျွန်မတို့ LGBT group နဲ့အဲ့အဆိုတော် ပွဲတွေဖြစ်တယ်။ ဒီခွေးတွေက ဒီအခြောက်တွေနဲ့ တန်းတူပြောတာက တော်လှန်ရေးမှာ ပါဝင်နေတဲ့ LGBT တွေကို စော်ကားရာ အရမ်းရောက်တယ်။ ဒီဟာတွေကိုပြုပြင်ရမယ်ဆိုတဲ့ဟာတွေ ပြောရရင်တော့ အွန်လိုင်းမှာရန်တွေဖြစ်ကြပြီး နောက်ပိုင်းမှာ သူ့အနေနဲ့တော့ အပြည့်အဝလက်ခံသွားတာ မဟုတ်ဘူး။ အားမတန်လို့မာန်လျော့သွားတာ။
ရလဒ်က နောက်ပိုင်းတော်လှန်ရေးအင်အားစု လူငယ်တွေက သူတို့ဗီဒီယိုလုပ်ရင်းနဲ့တို့၊ သူတို့ပြောကြဆိုကြရင်းနဲ့အခြောက်ဆိုတဲ့ စကားလုံးကို သူတို့သူငယ်ချင်းအချင်းချင်း ပြောကြမိကြတဲ့အချိန်မှာ ကျွန်မမမြင်သေးခင်မှာဘဲ သူတို့ရဲ့ဗီဒီယိုကို ကျွန်တော်တို့ မှားသွားပါတယ်။ ကျွန်တော်တို့ ပြန်ဖြုတ်ချပါတယ်။ ကျွန်တော်တို့ မသိလိုက်မသိဘာသာ ဖြစ်သွားပါတယ် ဆိုပြီး ပြောဆိုဝန်ခံကြတယ်။
အပြင်မှာလည်း စကားပြောနေရင် အခြောက်တွေကဘာဖြစ်တယ် ညာဖြစ်တယ်ဆိုရင် ကျွန်မနားမှာရှိနေရင် ကျွန်မမျက်နှာကိုကြည့်လိုက်ပြီး မပြောရဲကြတော့ဘူး။ မပြောရဲတာလို့ပဲပြောပြော ဒီစကားလုံးက ပပျောက်သွားဖို့လိုတယ်။ သူတို့ရဲ့ mind set ထဲမှာ ဒါပြောရင် သူတို့တွေ ငါတို့ကို ဝိုင်းဆဲလိမ့်မယ်ဆိုတဲ့ mind set မြင်လာပြီဆိုရင် ဒါသေချာပေါက်သုံးလို့မရဘူး။ အန္တရာယ်ကြီးတယ်ဆိုတာ မြင်လာတယ်။
အဲ့လိုမျိုးပဲ အမျိုးသမီးတွေအနေနဲ့ဆိုလည်း ဓမ္မတာ လာမှုအပေါ်မှာ နိမ့်ကျတယ်ဆိုတာကို ပြောကြတာ ရှိတယ်။ တကယ့်တကယ် တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေလောက်ပဲ အထူးပြုပြီး တော်လှန်ကြတယ်။ ပုန်ကန်ကြတယ်။ တချို့နိုင်ငံရေးကြောင့် ရောက်လာတဲ့အမျိုးသမီးတွေဆို ဒါတွေပြောရင် သူတို့ စိတ်မဝင်စားကြဘူး။
အဲ့ဒါတွေကြောင့် အဲ့လိုအမျိုးသမီးတွေကြောင့် ဒီမှာရှိနေကြတဲ့ အိမ်ထောင်ရေးအတွင်းမှာ အကြမ်းဖက်မှုတွေ အများကြီးကြားနေရတာရှိတယ်။ အမျိုးသမီးတွေအနေနဲ့လည်း သတ္တိရှိဖို့လိုတယ်။ women power အားကောင်းအောင် အများကြီးပြန်လုပ်ပေးဖို့လည်း လိုသေးတယ်။ဒါတွေသည် နိုင်ငံရေးစနစ် မကောင်းခဲ့တဲ့ နောက်ဆက်တွဲအကျိုးရလဒ်တွေဆိုတာကို ပြည်သူကို ပြောဖို့ လိုအပ်တယ်။
အမျိုးသမီးတွေအပေါ်မှာ ရှိနေတဲ့ rape case တွေ မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရပြီး ဖြစ်လာတဲ့ single mom တွေဖြစ်ကြတဲ့ case တွေဆို အန္တရာယ်များတယ်။ ဒါတွေနဲ့ပတ်သက်ပြီး reproductive health နဲ့ Sex and Gender နဲ့ပတ်သက်တာ အမျိုးသမီးတွေကို အများကြီး advocacy လုပ်ရမယ်။ အများကြီး awareness ပေးရမယ်။ LGBTတွေက လိင်ပိုင်းဆိုင်ရာနည်းနည်းပွင့်လင်းတော့ ဒီအပြုအမူက ဘယ်လိုဆိုတာ တယောက်နဲ့ တယောက် မျှဝေသင်ကြားပေးကြတာ ရှိတယ်။ အမျိုးသမီးတွေမှာ အဲ့လို society သိပ်ပြီးမတွေ့ရဘူး။ ရှက်စရာလို့ သတ်မှတ်နေကြတုန်းပဲ။
နောက်ဆုံးမဖြစ်မနေမို့လို့ သမီးရည်းစားနဲ့ နေလိုက်ကြတယ်ဆို အကာအကွယ်ကို ဘယ်လိုကာကွယ်ကြလဲ ကျွန်မတို့ရဲ့ မျိုးဆက်မပွားအောင် ဘာဆေးဝါးတွေသုံးမလဲဆိုတာ လိုကိုလိုအပ်တယ်။ အမျိုးသမီးတွေကို အမျိုးသားတွေက target ထားပြီး ချစ်လို့ကြိုက်လို့ဆိုတဲ့ ကိစ္စရပ်မျိုးပဲ ဖြစ်ဖြစ် တခြားအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျူးလွန်မှုတွေက ကျွန်မတို့ အခွင့်အရေးကို ထိပါးတယ်ဆိုတာကို မေ့မထားဖို့ လိုတယ်။ အမျိုးသမီးအရေးလှုပ်ရှားတဲ့သူတွေက ငါတို့ အမျိုးသမီးတွေ ရှေ့ရောက်ဖို့ပဲ တွေးနေကြပြီးတော့ အမျိုးသမီးတွေရဲ့ empowerment ကို မေ့နေတတ် ကြတယ်။ ကျွန်မအနေနဲ့ ဒီဟာကွက်တွေကို အရမ်းမြင်ထားတဲ့အချက်ဖြစ်တော့ ပြုပြင်ပြောင်းလဲစေချင်တယ်။
“တချို့နေရာမှာ အမျိုးသမီးတွေပါဝင်ရင် သူတို့ရဲ့လုပ်ငန်းကိစ္စတွေ နှောင့်နှေးတယ်ဆိုတဲ့ အတွေးအမြင်တွေ ရှိနေကြတုန်းပဲ”
မေး။ ။ နွေဦးတော်လှန်ရေးက စနစ်ပြောင်းတော်လှန်ရေးဖြစ်လာဖို့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ဘယ်လိုပါဝင်လာဖို့ အရေးကြီးပါသလဲ။
ဖြေ။ ။ စနစ်ပြောင်းဖို့ အမျိုးသမီးတွေ တန်းတူညီမျှပါဝင်တယ်လို့ ပြောတယ်။ တချိန်တည်းမှာ အမျိုးသမီးတွေပါဝင်မှု မြင့်တက်ဖို့ အကုန်လုံးပါဝင်ဖို့ အမျိုးသားတွေအနေနဲ့ အမျိုးသမီးလုပ်နိုင်မှုစွမ်းရည်မှာ လက်ခံဖို့ဆိုတဲ့အပိုင်းတွေကိုပါ အများကြီးမြင်ဖို့ လိုတယ်။ ထမင်းချက်ဟင်းချက်ပဲလို့ မတွေးဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ ability ရှိတဲ့ဟာ လုပ်ဖို့တွေးဖို့ လိုအပ်တယ်။ တချို့နေရာမှာ အမျိုးသမီးတွေပါဝင်ရင် သူတို့ရဲ့လုပ်ငန်းကိစ္စတွေ နှောင့်နှေးတယ်ဆိုတဲ့ အတွေးအမြင်တွေ ရှိနေကြတုန်းပဲ။
အမျိုးသားတွေကို အဲ့အတွက် သင်တန်းတွေ awareness တွေ သွားလုပ်ဖို့ လိုတယ်။ ကျွန်မကိုယ်တိုင် လွန်ခဲ့တဲ့နှစ်လလောက်က မြေပြင်ဆင်းပြီးတော့ sex and gender issue သွားသင်တယ်။ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းကိုမြှင့်တင်ပေးဖို့ ဆိုတဲ့အချိန်မှာ တချို့တော်လှန်ရေးရဲဘော်တွေက လုံးဝလက်မခံဘူး။ ကျွန်မကို အရမ်းစိတ်ဆိုးကြတယ်။ ကျွန်မတို့ပါဝင်နိုင်တဲ့ အခွင့်အရေးတောင်းတဲ့အချိန်မှာ ကျွန်မတို့အမျိုးသမီးတွေဘက်က သန်မာနေဖို့ လိုတယ်။
ဟိုဘက်က ရာသီလာမှုအပေါ် ညည်းညူမှုကို ထောက်ပြတဲ့အချိန်မှာဆိုရင် ဟုတ်တယ်။ ကျွန်မ ကိုယ်တိုင် အဲ့လိုအမျိုးသမီးတချို့ကို တွေ့ရတဲ့အချိန်မှာ ဒါ သူတို့ပြောတာ မမှားဘူးဆိုတာ မြင်လာတယ်။ မဟုတ်ဘူးလို့ ကိုယ်က အကြောက်အကန်ငြင်းခဲ့ပေမယ့် တချို့သောအမျိုးသမီးတွေရဲ့ လုပ်ရက်က မှားနေသေးတယ်။ အဲ့လိုဟာတွေကို ဘယ်လိုပြန်ပြီး အမျိုးသမီးတွေ အချင်းချင်းပြန် handle လုပ်ကြမလဲဆိုတာ အရေးကြီး ပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ များလာဖို့ ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ အမျိုးသမီးတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ဒီအမျိုးသမီးတွေပါဝင်ခွင့်အတွက် တောင်းဆို ဆွေးနွေးတာတွေ advocacy လုပ်ဖို့ လိုအပ်တယ်။ လုပ်နေကြတဲ့အဖွဲ့တွေလည်း တွေ့ပါတယ်။ Sisters to sisters တို့ BWU တို့ WLB တို့ အမျိုးသမီးအဖွဲ့တွေ အများကြီးရှိပါတယ်။ သူတို့တွေလည်း အဲ့အတွက်ကို အများကြီး ကြိုးစားနေကြတယ်။ ဒါပေမယ့် အများကြီးပါလာဖို့ တောင်းဆိုဖို့ လိုသေးတယ်။တောင်းဆိုတာ မအောင်မြင်ဘူးဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ပါမလဲဆိုတာကိုလည်း ထပ်ဆင့်စဉ်းစားဖို့ လိုအပ်ပါတယ်။
လုပ်နိုင်စွမ်းရှိသူတွေနေရာပေးဖို့ လိုတယ်။ အဲ့အတွက်ကိုလည်း လက်ခံပေးဖို့ လိုတယ်။ အမျိုးသမီး အချင်းချင်းပဲဖြစ်ဖြစ် LGBT အချင်းချင်းပဲဖြစ်ဖြစ် တခြားသူတယောက်ကို ကိုယ့်နေရာကို ပေးလိုက်ရမှာ သိပ်ကို ဝန်လေးကြတယ်။ ကျွန်မတို့ အဲ့ mindset တွေကိုရအောင် ပြင်ရမယ်။ အဲ့ဒါတွေကြောင့် ကိုယ်က ဘယ်သူပဲဖြစ်ဖြစ် တကယ် ability ရှိတယ်ဆို သူသာတယ်။ ငါသာတယ် မလုပ်ရဘူး။ တင်ပေးဖို့ လိုတယ်။
“အမျိုးသမီးပါဝင်ခွင့်ကို အများကြီးပါလာဖို့ တောင်းဆိုဖို့ လိုသေးတယ်။ တောင်းဆိုတာ မအောင်မြင်ဘူးဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ပါမလဲ ဆိုတာကိုလည်း ထပ်ဆင့်စဉ်းစားဖို့ လိုအပ်ပါတယ်”
မေး။ ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လို့ရမယ့် အနာဂတ်နိုင်ငံရေးဖြစ်လာပြီ ဆိုရင် ဘယ်လိုအပြောင်းအလဲအချိုးအကွေ့တွေဖြစ်လာမယ်လို့ထင်လဲ။
ဖြေ။ ။ ကျွန်မတို့ ဖက်ဒရယ်ဒီမိုကရေစီမှာ အရောင်အသွေးစုံ၊ ပန်းပွင့်တွေစုံပြီးတော့ ပန်းခင်းတခုကိုသွားရင် အဖြူရောင်တခုထဲ ရှိတဲ့ပန်းခင်းက မလှဘူးမဟုတ်ဘူး လှပါတယ်။ ဒါပေမယ့် တမျိုးထဲဆို သီးသန့်ဆန်လွန်း အားကြီးတယ်။ မြက်ခင်းစိမ်းလေးပေါ်မှာ ရောင်စုံပန်းခင်းရှိတယ်ဆို သိပ်ကို မျက်စိပသာဒ ဖြစ်တဲ့အတွက် မျက်စိပိုအေးတယ်လို့ ကျွန်မအနေနဲ့ ယူဆတယ်။ အမျိုးသမီးတွေတင်မကဘဲ LGBT တွေကိုပါ တန်းတူ ညီတူဖြစ်တဲ့အချိန်မှာ ရောင်စုံပန်းခင်းကြီးဖြစ်လာပါလိမ့်မယ်။
မေး။ ။ ခွဲခြားဆက်ဆံမှုမရှိတဲ့ နိုင်ငံအသစ်တခုကို ရောက်နိုင်မယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ ကျွန်မတို့တွေအကုန်လုံး အင်အားနဲ့ကြိုးစားနေကြတယ်ဆိုတော့ မရောက်ဘူးတော့ မရှိပါဘူး။ ဒါပေမယ့် အားမတန်ဘဲ မာန်လျော့လိုက်ကြတာ၊ ဒီအချိန်မှာ ရပ်နားသွားကြတဲ့သူတွေလည်း ရှိတယ်။ မဖြစ်ဘူးလို့ မထင်နဲ့။ ကျွန်မတို့ generation မှာက ဒီနေ့လုပ်ပြီး မနက်ဖြန်မြင်ရမယ်လို့ ထင်ကြတယ်။ အဲ့လို တွေးလို့မရဘူး။ generation အလိုက် mindset ချိန်းရတဲ့အလုပ်ဖြစ်တဲ့အတွက် generation ကြီးအလိုက် စောင့်ရမှာ ဖြစ်တယ်။ ကျွန်မတို့ အခုလုပ်တာသည် အခုအတွက် မဟုတ်ဘူး။ ကျွန်မတို့တိုင်းပြည် နောက် ကျွန်မတို့သားသမီးတွေ နောက်ထပ်ပေါ်လာမယ့်သူတွေအတွက် လုပ်တာဖြစ်တယ်လို့ သိဖို့ လိုအပ်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
နန်းဖြူဖြူလင်း နည်းပညာအကြံပေးဆွေးနွေးသူ
ဂျန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေကကဏ္ဍစုံမှာ ပါဝင်ရုံတင်မကဘူး၊ အမျိုးသမီးရော အမျိုးသားရောရဲ့ အတွေးအခေါ်ပွင့်လင်းလာဖို့ ကျား၊မတန်းတူရေးအသိအမြင်ရှိဖို့ လူ့အခွင့်အရေးအကြောင်း သိနားလည်ဖို့ အဓိကကျပါတယ်”
နန်းဖြူဖြူလင်းဟာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့နှင့် ဂျန်ဒါနှင့်ဖွံ့ဖြိုးရေးမဟာသိပ္ပံဘွဲ့ကို ရရှိထားသူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့တစ်ခုမှာ ကျား - မ ရေးရာ (ဂျန်ဒါ) နည်းပညာအကြံပေးအဖြစ် (၁၀)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသမီးအဖွဲ့များ၊ ငြိမ်းချမ်းရေးနှင့် ကျား၊မတန်းတူညီမျှရေး ကွန်ရက်များမှာလည်း အချိန်ပိုင်း နည်းပညာ အကြံပေးအနေနဲ့ ပါ၀င်နေသူတစ်ဦး ဖြစ်ပါသည်။
သူမဟာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ ကျား-မတန်းတူရေး ပါ၀င်လာစေရန် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်း၊ ငြိမ်းချမ်းရေးမှာ ပါဝင်နေတဲ့ ခေါင်းဆောင်များအား ကျား-မ တန်းတူညီမျှရေးအပါအဝင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရှုထာင့်မှ ကိုယ်စားပြုအရေးဆိုခြင်း များကို တိုက်တွန်းအကြံပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသမီးကွန်ရက်များနဲ့ အတူပူးပေါင်းကာ စစ်အာဏာရှင်အပါ၀င် အာဏာရှင်စနစ် မှန်သမျှ ဆန့်ကျင်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ကျား-မ တန်းတူညီမျှရေးနှင့် ငြိမ်းချမ်းရေး၊ တရားမျှတရေးအတွက် အရေးဆိုလှုပ်ရှားနေသူလည်း တစ်ဦးဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်ပေးပါရှင့်။
ဖြေ။ ။ ကျွန်မကိုယ်တိုင်ကလည်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့သူ ဖြစ်တယ်။ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိကလုပ်နေတဲ့သူဖြစ်တဲ့အတွက် လက်ရှိနွေဦးတော်လှန်ရေးနဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ကျားမတန်းတူညီမျှရေးရှုထောင့်၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရှုထောင့်ကနေ သုံးသပ်တာကို လုပ်ချင်ပါတယ်။ ကျား၊မတန်းတူညီမျှရေး ရှုထောင့်နဲ့ ပြောမယ်ဆိုရင် ကိုလိုနီကိုတော်လှန်ကတည်းက အမျိုးသမီးတွေကပါဝင်လာခဲ့ကြတယ်၊ ကိုယ့်ဒေသကို စောင့်ရှောက်တဲ့ နေရာမှာလည်း ပါဝင်လာခဲ့တယ်။
နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၊ ၆၂ ခုနှစ် စစ်အာဏာရှင်ကို တော်လှန်ကြတဲ့အခါမှာ အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ပါတယ်။ ၈၈ မှာလည်း ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ပါတယ်။ဒါပေမယ့် သူတို့ရဲ့ပါဝင်မှုကို စနစ်တကျမှတ်တမ်းတင်ထားခြင်း မရှိဘူး။ နည်းပါးခဲ့တယ်။ နည်းပါးခဲ့တဲ့အတွက် အမျိုးသမီးတွေက နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လာမှုတွေကြည့်ရင် ဘယ်နားက reference ယူရမှန်းမသိလောက်အောင် ဖြစ်တယ်။
ဒါပေမယ့် နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ်တို့၊ နောက်ထပ် နိုင်ငံရေးနဲ့တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးအစုအဖွဲ့တွေက စပြီးတော့ documentation တွေ လုပ်လာခဲ့တယ်။ လုပ်လာခဲ့တဲ့အခါမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက ပိုပြီးတော့ မှတ်တမ်းမှတ်ရာကျန်ပြီးတော့ ပိုပါဝင်လာ သယောင် တွေ့နေရပါတယ်။ တကယ်တမ်းက ခေတ်အဆက်ဆက်က ပါဝင်လာခဲ့ကြတာပါ။
နွေဦးတော်လှန်ရေး နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုလို့ ပြောတဲ့အခါမှာ သူတို့တွေကို ဘယ်လောက်အထိ လူမှုအသိုင်းအဝိုင်းက လေးစားသလဲ၊ ဘယ်လောက်အထိ နေရာပေးသလဲ၊ သူတို့ကိုယ်တိုင်ကရော လုံခြုံမှု ဘယ်လောက်အထိခံစားရသလဲဆိုတာနဲ့ အများကြီး ဆက်စပ်နေပါတယ်။ လူတယောက်က လုံခြုံမှုမရှိဘူးလို့ ခံစားရရင် သူ့ရဲ့နေ့စဉ်ဘဝပါဝင်မှုတွေကိုတောင် သူက ပြန်ကန့်သတ်တတ်ကြတယ်။
အဲ့တော့ အမျိုးသမီးတွေ များများပါဝင်လာစေချင်သလား၊ သူတို့ရဲ့စိတ်ပိုင်းခန္ဓာပိုင်းပြီးတော့၊ သူတို့ရဲ့ပတ်ဝန်းကျင်ရော လုံခြုံမှုရှိအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီမှာ security နဲ့ပတ်သက်ရင် စစ်ကောင်စီဘက်က အကြမ်းဖက်တာ အရမ်းများတယ်။ မတရားဖမ်းဆီးတာတွေလည်း အရမ်းများတယ်။ မလုံခြုံတဲ့ကြားထဲကကို မတရားမှုကို တော်လှန်ချင်တဲ့လူတွေက အမျိုးသမီးရော အမျိုးသားရော၊ နောက်ထပ်လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေရာ မသန်စွမ်းတွေရော အများကြီး ပါဝင်လာကြတယ်။
အဲ့ဒါတွေကို အချင်းချင်းလေးစားမှုရှိပြီးတော့ အချင်းချင်း အကြမ်းမဖက်ဖို့ ကလည်း လိုတယ်။ Safe space လေးတွေရအောင် လုပ်ဖို့လိုပါတယ်။ အရင်တုန်းကဆို နိုင်ငံရေးလား အမျိုးသားတွေက ပိုသိတယ်။ အမျိုးသားတွေက ပြောကြလိမ့်မယ်ဆိုတာကနေ အခုဆိုရင် နိုင်ငံရဲ့အရေး ဖြစ်တဲ့အတွက် နိုင်ငံသူ နိုင်ငံသားတိုင်းက ပါဝင်ပတ်သက်ခွင့်ရှိတယ်ဆိုတဲ့ အမြင်နဲ့ရလာပြီလို့ မြင်ပါတယ်။
“လူတယောက်က လုံခြုံမှုမရှိဘူးလို့ ခံစားရရင် သူ့ရဲ့နေ့စဉ်ဘဝပါဝင်မှုတွေကိုတောင် ပြန်ပြီး ကန့်သတ်တတ်ကြတယ်။ အဲ့တော့ အမျိုးသမီးတွေ များများပါဝင်လာစေချင်သလား၊ သူတို့ရဲ့စိတ်ပိုင်းခန္ဓာပိုင်းပြီးတော့၊ သူတို့ရဲ့ပတ်ဝန်းကျင်ရော လုံခြုံမှုရှိအောင် လုပ်ပေးဖို့ လိုပါတယ်”
မေး။ ။ နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့အခါမှာ ဘယ်လိုအခြေခံမူတွေ၊ စံတန်ဖိုးတွေနဲ့ တည်ဆောက် ချင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့တန်းတူညီမျှရေးက မရရှိနေဘူး။ အဲ့ဒါကြောင့် စစ်မှန်တဲ့တန်းတူညီမျှရေး ရရှိဖို့လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) ထဲမှာတော့ စံတန်ဖိုးတွေက ပါပြီးသားပဲ။ အဲ့မှာလည်း တန်းတူညီမျှရေးကို တွေ့ရတယ်။ ပြီးတော့ မခွဲခြားဖို့လည်း လိုတယ်။ နောက်ခံ background ဘယ်လိုပဲဖြစ်ဖြစ် ခွဲခြားဖို့ မလိုဘူး။ တဦးနဲ့တဦး လေးစားတန်ဖိုးထားတက်ဖို့လည်း လိုလိမ့်မယ်။
ငြိမ်းချမ်းရေး ဆိုတာ လက်နက်ကိုင် ပဋိပက္ခတွေမရှိတိုင်း ငြိမ်းချမ်းတယ်လို့ ပြောလို့မရဘူး။ နည်းမျိုးစုံနဲ့ အကြမ်းဖက်တာ၊ နည်းမျိုးစုံနဲ့ ခွဲခြားတာတွေ နည်းမျိုးစုံနဲ့တန်းတူညီမျှမှု မရှိတာတွေ အဲ့ဒါတွေအကုန်လုံးကို ပပျောက်အောင် လုပ်နိုင်တဲ့စံတန်ဖိုးကို ထားမှရမှာ အဲ့ဒီအခြေခံမူတွေပေါ်မှာပဲ မူတည်ပြီး နိုင်ငံကိုတည်ဆောက်ရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဘာတွေပြောင်းလဲသွားတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဘယ်လောက်အထိ ပြောင်းလဲသွားလဲက လူအမျိုးမျိုး ရှိပါတယ်။ တော်လှန်ရေးမှာ စိတ်ရော လူရော ပါဝင်လာတဲ့သူတွေ ကျရင်တော့ ကိုယ့်အတွေးအခေါ်ကိုကအစ စိန်ပြန်ခေါ်ပြီး အပြောင်းအလဲလုပ်တယ်။ အရင်တုန်းကဆိုရင် လူမျိုးကြီးဝါဒကို သေချာသဘောမပေါက်တဲ့သူတွေက အခုတော့သဘောပေါက်လာပြီ။ အရင်တုန်းကဆိုရင် စစ်တပ်မှိုင်းမိနေတာ။ တိုင်းရင်းသားလက်နက်ကိုင်တွေက သူပုန်တွေ မိုင်းထောင်ပြီးတော့ တံတားတွေဖျက်တဲ့သူတွေဆိုပြီး ဂျင်းထည့်ခံထားရတဲ့သူတွေကလည်း တကယ်တမ်း ကိုယ်တိုင်တောခို ရတဲ့အခါမှာ မဟုတ်ဘူးဆိုတာ သိလာကြတယ်။
ဒီလိုမျိုး လူတွေကို နှိပ်စက်နေတာက အဓိကတရားခံက ဘယ်သူလဲဆိုတာကို မြင်လာတယ်။ ကိုယ့်အခွင့်အရေးမဆုံးရှုံးအောင်လို့ ပြန်လည်တွန်းလှန်တိုက်ခိုက်နေရတဲ့ သူတွေပါလားဆိုတဲ့ အမြင်ရှုထောင့်တွေ ပြောင်းလဲသွားတာ အများကြီးတွေ့လာရတယ်။ ပညာရေးဆိုရင် လည်း ဒါကျက်၊ ဒါသင် ဆိုတာမဟုတ်တော့ဘဲနဲ့ ကျောင်းသားတွေကို discussion တွေ များများလုပ်ခိုင်းတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့တခါမှ အဘွားကြီးတွေ မတွေးဖူးတဲ့ click to donate တို့ ဒစ်ဂျစ်တယ် နည်းပညာတွေကိုရအောင်အသုံးပြုပြီးတော့ အလှူငွေတွေရအောင်၊ ဝင်ငွေတွေရအောင် လုပ်နိုင်တယ်။
သူပုန်တို့၊ နောက် The Way တို့၊ အတူတကွတို့ တော်လှန်ရေးထုတ်ကုန်တွေကို ပြည်တွင်းမှာတင် မဟုတ်ဘူး။ ပြည်ပအထိရောက်အောင် ဈေးကွက်တွေလည်း လုပ်နိုင်တယ်။ နောက် ဘဏ်တွေ၊ NUG Pay တို့ အဲ့ဒါတွေ ကလည်း အတွေးသစ်အမြင်သစ်နဲ့ ခေတ်နဲ့လိုက်ပြီး တော်လှန်ရေးဘက်က စီးပွားရေးတွေ ဈေးကွက်ချဲ့ တာတွေ တွေ့ရပါတယ်။ ဒါက တော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ဟာတွေ ပြောတာဖြစ်တယ်။
ပြည်တွင်းမှာက ဝမ်းနည်းစရာကောင်းလောက်အောင် ကုန်ဈေးနှုန်းကလည်း မတရားကြီးလာတော့ လူလတ် တန်းစားနဲ့အောက်ခြေလူတန်းစားတွေ ကျောကော့အောင် ခံနေရတယ်။ စီးပွားရေးရော၊ ကျန်းမာရေးရော၊ အတွေးအခေါ်ရော အကုန်လုံးက လူတစုလေးပဲ ကောင်းစားနေပြီးတော့ တကယ့် လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားကတော့ ကျောကော့နေအောင်ခံရတဲ့ ပြောင်းလဲမှုတွေ ရှိနေပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်သွားသလဲ။
ဖြေ။ ။ စစ်မှန်တဲ့ပြောင်းလဲမှု ဟုတ်ရဲ့လားလို့ ကျွန်မက သံသယရှိတယ်။ ဘာလို့လဲဆို ကြားဖန်များရင် စကားလုံးတွေ သုံးတတ်တယ်လေ။ ဆိုလိုတာက တော်လှန်ရေးဘက်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူတွေက ကျားမတန်းတူ ညီမျှရေးတို့၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့၊ GBV တို့၊ ခွဲခြားဆက်ဆံမှုတို့၊ equality တို့ကို အမျိုးသမီးအဖွဲ့တွေကလည်း တောက်လျှောက်ပြောနေကြတယ်။ အဲ့ဒါတွေက ရင်ထဲက လာတဲ့ပြောင်းလဲမှုဟုတ်လား မဟုတ်လား ကျွန်မမသိဘူး။
အဲလိုပြောလာတိုင်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင် ခွင့်ကို လျစ်လျူမရှုဘူးလို့ ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ နေရာပေးပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင် က နေရာမယူတာ၊ လုံခြုံရေးအကြောင်းပြပြီးတော့ သူတို့ မလုပ်နိုင်တာ ဆိုတာလည်း ကြားနေရတုန်းပဲ။ NUG ကို မြန်မာပြန်ထားတာပဲကြည့် ပြည်သူ့အစိုးရလို့ ပြောလို့မရဘူးလား၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ national ဆိုတာကို အမျိုးသားလို့သုံးရမယ်၊ ပြုပြင်ပြောင်းလဲလို့မရဘူးလို့ ဘယ်ဘုရားကဟောခဲ့တာလဲ။
ဘယ်ကျမ်းဂန် က ပါတာလဲ၊ အခုဆိုရင် တန်းတူညီမျှရေးအတွက် လုပ်လာပြီဆိုရင် ဒါတွေကို ထည့်သွင်း စဉ်းစားလို့ မရဘူးလား။ Neutral ဖြစ်တဲ့အသုံးတွေကို သုံးလို့မရဘူးလား။ အဲ့ဒါတွေကို တဖြေးဖြေးနဲ့ နားလည် လာတော့မှပဲ ကျားမတန်းတူညီမျှရေးကို ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ကျွန်မထင်ပါတယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးတခုအောင်မြင်ဖို့ အမျိုးသမီးတွေက ဘယ်ကဏ္ဍမှာ ပိုပြီးပါဝင်လာဖို့ အရေးကြီးလဲ။
ဖြေ။ ။ ကဏ္ဍစုံပါဝင်ဖို့အရေးကြီးသလို အမျိုးသမီးတွေရဲ့ mindset ကလည်း ပြောင်းလဲဖို့ အရေးကြီးတယ်။ အမျိုးသမီးတိုင်းသည် အမျိုးသမီးအခွင့်အရေးကို မွေးရာပါစိတ်ဝင်စားနေတဲ့သူတွေ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ခေတ်အဆက်ဆက်က ထည့်လာတဲ့ ယဉ်ကျေးမှုစံနှုန်းတွေကြောင့်ပါ။ မိန်းမဆိုတာက နိမ့်ကျတယ်။ ယောကျာ်းက ပိုပြီးမြင့်မြတ်တယ်။
သူတို့က အဲ့ဒီသွန်သင်မှုအောက်မှာကြီးပြင်းလာရတဲ့အခါမှာ ဒါတွေဟာ သဘာဝပါပဲ၊ ဒါတွေဟာပုံမှန်ပါပဲ ဆိုတာလေးနဲ့ ငါတို့မိန်းမတွေ ဘုရားပေါ်မတက်ရဘူး။ ငါတို့မိန်းမတွေ ညစ်ပတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ဟာကို ဒါဟုတ်တယ်ဆိုပြီး လက်ခံလိုက်တဲ့သူတွေက အများကြီး၊ အဲတော့ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေကကဏ္ဍစုံမှာ ပါဝင်ရုံတင်မကဘူး။ အမျိုးသမီးရော အမျိုးသားရောရဲ့ အတွေးအခေါ်ပွင့်လင်းလာဖို့ ကျား၊မတန်းတူရေးအသိအမြင်ရှိဖို့ လူ့အခွင့်အရေးအကြောင်း သိနားလည်ဖို့ လိုပါတယ်။
မေး။ ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံတာခံရဖူးလား။
ဖြေ။ ။ အမျိုးသမီးဆိုတာနဲ့ကို ခွဲခြားခံထိပြီ။ ၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတခုမှာ အကျိုးဆောင်အနေနဲ့ ပါဝင်ပြီးတော့ လုပ်ရတယ်။ လုပ်ရတဲ့အခါမှာ documentation တွေကို ကွန်ပျူတာနဲ့ စာရိုက်နေတဲ့အချိန်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က လူကြီးတွေရော တပ်မတော်ဘက်က အရာရှိကြီးတွေရော “ဟဲ့ကောင်မလေးတဲ့ ဒီ stick ထဲကို ထည့်ပေးတဲ့”။ အဲ့တော့ကျွန်မက ကောင်မလေးမဟုတ်ဘူး ကောင်မကြီး လို့ ပြန်ပြောလိုက်တာ သူတို့က အဲ့တော့ ဆရာမလို့ ပြန်ပြောင်းခေါ်တယ်။
ဆိုလိုတာက အဲ့နေရာမှာ အမျိုးသားတယောက်ဆိုရင် ဟဲ့ကောင်လေးလို့ မပြောဘူး။ faciliator တယောက်ကို အဲ့လိုပြောမှာ မဟုတ်ဘူး။ နောက်ပြီးရင် တခုခုပြောရင် ခင်ဗျားတို့တွေက ၃၀ ရာခိုင်နှုန်းတောင်းဆိုဖို့ပဲ သိတဲ့သူတွေ၊ တခြားဘာမှသိတဲ့သူတွေ မဟုတ်ဘူးဆိုတဲ့ အဲ့အမြင်လည်းရှိတယ်။ ကျွန်မတို့က ကျွန်မတို့တင်မကဘူး။ နိုင်ငံရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေ၊ လွှတ်တော်အမတ် တွေပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှာဖြစ်ဖြစ် ပါတီနိုင်ငံရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေ ဖြစ်ဖြစ် CSO မှာပါဝင်နေတဲ့အမျိုးသမီးတွေဖြစ်ဖြစ်၊ ငါတို့လည်းသိပါတယ်ဆိုပြီး သက်သေပြရတယ်။ စာတွေ အသားကုန် ဖတ်ရတယ်။ နားလည်အောင်လုပ်ရတယ်။
ကိုယ့်စကားပြောတာကို အလေးမထားရင် လက်ကိုမရရအောင် ထောင်ပြီးတော့ ဆက်ပြောရတယ်။ အဲ့လိုခွဲခြားမှုက ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်း အရင်းခေါက်ခေါက်တွေ ဆီကလည်း လာတယ်။ အမျိုးသားခရီးထွက်မယ်ဆိုရင်တော့ ကလေးကို ဘယ်သူ ကြည့်မလဲဆိုတဲ့စကား ဘယ်သူမှ မမေးဘူး။ အမျိုးသမီး ခရီးထွက်မယ်ဆို ကလေးက ဘယ်နှနှစ်လဲ ထားခဲ့ရက်တယ်နော်။ အဲ့ဒါတွေက လူမှုစံနှုန်းအရ ပြောနေတယ်ဆိုပေမယ့် ခွဲခြားဆက်ဆံမှုပဲ။ stereotyping တွေက ခွဲခြားဆက်ဆံမှုကို ဦးတည်စေပါတယ်။
“ကျွန်မတို့က ကဏ္ဍတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးတိုင်းကို ရှိစေချင်တာပါလို့ ပြောရင်လည်း လွန်ရာကျွန်မလား မသိဘူး”
မေး။ ။ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ရနေပြီလို့ ပြောချင်ပါသလဲ။
ဖြေ။ ။ NUG ကိုပဲ ကြည့်ကြည့် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတာက ဘယ်သူတွေလဲ။ ဒုသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေထဲမှာ အမျိုးသမီးဘယ်နှယောက် ပါနေလဲ။ NUCC, JCC , PDF ခေါင်းဆောင်တွေကို ကြည့်လိုက်။ ဘယ်သူတွေက ဆုံးဖြတ်ချက်ကို တိုက်ရိုက်ချနေလဲ။ အဲ့တော့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ position power တွေမှာ balance ဖြစ်နေရဲ့လား၊ အနည်းဆုံး ၃၀ ရာခိုင်နှုန်းတောင် မရှိနေသေးတဲ့ အနေအထားမှာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာတွေ ရနေပါပြီ၊ အများကြီး တိုးတက်လာပြီလို့ ကျွန်မက သိပ်မပြောချင်ပါဘူး။
ဒါပေမယ့် ကိုယ့်ရဲ့ဆွေးနွေးချက်တွေကို အလေးထားလာအောင်တော့ အမျိုးသမီးတွေက ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ အမျိုးသမီးဝန်ကြီးဌာန ရှိတယ်ဆိုတာတခုထဲနဲ့ အမျိုးသမီးတွေလည်း ဆုံးဖြတ်ချက်ချရနေပြီလို့ပြောရင် ဟိုးအရင်တုန်းကလို နိုင်ငံရဲ့ခေါင်းဆောင်နေရာမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်လုံးရှိနေတာပဲ ခင်ဗျားတို့က ဘာလုပ်ချင်သေးတာလဲ၊ ကျွန်မတို့က ကဏ္ဍတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးတိုင်းကို ရှိစေချင်တာပါလို့ ပြောရင်လည်း လွန်ရာကျမလား မသိဘူး။
မေး။ ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လျစ်လျူရှုမှုတွေပပျောက်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။
ဖြေ။ ။ ပေါ်လစီကတော့ လိုတယ်လို့ပြောပေမယ့် တကယ်တမ်းက လူတွေရဲ့နှလုံးသားထဲက လက်ခံလာနိုင်မှု၊ လူကိုလူလို မြင်တတ်ဖို့ အရမ်းအရေးကြီးတယ်။ လူကို ယောကျာ်းဖြစ်ခြင်း မိန်းမဖြစ်ခြင်းနဲ့ သွားမကြည့်ဘဲနဲ့ လူ့တန်ဖိုးကို မြင်တတ်ဖို့ လိုပါတယ်။ အဲ့လိုဖြစ်လာမှလည်း ပိုပြီးအဆင်ပြေတယ်။ လူမှုစံနှုန်းတွေ အလေ့အထတွေကလည်း လူ့တန်ဖိုးကို လေးစားပြီးတော့ လူသားတိုင်းကိုလူကိုလူလို့ပဲမြင်၊ ကျားဖြစ်ခြင်း မဖြစ်ခြင်း လူမျိုးနွယ်စု ဘာသာမတူခြင်း အသားရောင်ကွဲခြင်းတွေ တခုလပ်တို့ မုဆိုးမတို့ အပျိုကြီးတို့၊ လက်ရှိအိမ်ထောင်နဲ့တို့ အဲ့ဒါတွေကို ထည့်မတွက်ဘဲနဲ့ လူကိုလူလိုမြင်တတ်ဖို့က တော်တော်ကြီးကြိုးစားရဦးမယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုမိုထွက်လာဖို့ ဘာတွေလုပ်ရမလဲ။
ဖြေ။ ။ အမျိုးသမီးအချင်းချင်းလည်း နေရာပေးဖို့လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေက နှလုံးသား ကြီးကြီးလေး ကျယ်ကျယ်လေး ထားဖို့လိုမယ်။ တဆင့်ပြီးတဆင့် လက်တွဲခေါ်ယူတက်ဖို့ လိုမယ်။ တချို့ဆို ပြောတော့သာ women empowerment တို့ women leadership တို့ ပြောတယ်။ တကယ်တမ်း empower လည်း ဖြစ်လာရော generation gap ရဲ့ဒဏ်ကိုလူတွေက မခံနိုင်ဘူး။ ကြည့်စမ်း ပြန်ပြောနေလိုက်တာ တခွန်းမကျန် ငါတို့ကို မခန့်တာလား ဆိုတဲ့ဟာမျိုးတွေ။ ခေါင်းဆောင်သစ်တွေ မွေးထုတ်လာပြီဆို ခေါင်းဆောင်သစ်တွေ နေရာပေးတက်ဖို့လည်း လိုသေးတယ်။ အဲ့ဒါမှ ခေါင်းဆောင်အသစ် တွေ အများကြီးရှိလာမှာ။
“အမျိုးသမီးအချင်းချင်းလည်း နေရာပေးဖို့လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေက နှလုံးသားကြီးကြီးလေး ကျယ်ကျယ်လေး ထားဖို့လိုမယ်။ တဆင့်ပြီးတဆင့် လက်တွဲခေါ်ယူတက်ဖို့ လိုမယ်။ တချို့ဆို ပြောတော့သာ women empowerment တို့ women leadership တို့ ပြောတယ်။ တကယ်တမ်း empower လည်း ဖြစ်လာရော generation gap ရဲ့ဒဏ်ကို လူတွေက မခံနိုင်ဘူး”
မေး။ ။ အမျိုးသမီးတွေပါဝင်လာရင် အနာဂတ်နိုင်ငံရေးကို ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင် မလဲ။
ဖြေ။ ။ အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိတဲ့လူ့အဖွဲ့အစည်း ဖြစ်လာလိမ့်မယ်၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးတွေးခေါ်မှုတွေ ရှိလိမ့်မယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကို လုံးဝမကြိုက်ဘူး။ အဲ့ဒါကို ကာကွယ်တားဆီးအောင်လည်း လုပ်တယ်။ အကြမ်းဖက်ခံ ရတဲ့သူတွေကို ပြန်ပြီးကုစားပေးတယ်။ အဲ့ဒါတွေလုပ်တဲ့အခါမှာ အကြမ်းဖက်တာ ကောင်းတာ မဟုတ်ဘူး။
လူ့အခွင့်အရေးကို ချိုးဖောက်တာ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိလာအောင်လို့ code of conduct ပဲပြောပြော ethical guide line ပဲပြောပြော basic principle ပါလာအောင် နိုင်ငံရေးအစုအဖွဲ့ တိုင်းမှာ ဒီဟာလေးတွေကို စိမ့်ဝင်သွားအောင် စံတန်ဖိုးတွေ စိမ့်ဝင်သွားအောင် အသည်းအသန် အမျိုးသမီး အခွင့်အရေးကို လေးစားလိုက်နာအောင် အမျိုးသားတွေကပါ ကြိုးစားမယ်ဆိုရင် နိုင်ငံရေးက ကျွန်မတို့ရဲ့ နိုင်ငံကို ကြည့်လိုက်တဲ့အခါမှာ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံရေး အနေနဲ့မြင်ရလိမ့်မယ်လို့ ကျွန်မ ရဲရဲကြီးအာမခံရဲတယ်။
မေး။ ။ အနာဂတ်နိုင်ငံသစ်မှာ အမျိုးသမီးပါဝင်မှု တန်းတူညီမျှရှိတဲ့ နိုင်ငံကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ လူငယ်တွေကိုပဲ မျှော်လင့်တော့တယ်။ လူကြီးတွေက အရိုးတွေဆွေးနေပြီ အမျိုးသမီးပါဝင်တွေသာ လျှောက်ပြောနေတာ။ တကယ်တမ်း နှလုံးသားထဲမှာ နေရာပေးနိုင်မှုက ခက်တယ်။ အဲ့တော့ လူငယ်တွေကို အတွေးအခေါ်ပြောင်းအောင်လို့ လုပ်မှရမယ်။ သူတို့လည်း ပြောင်းနေပြီလို့ ထင်တယ်။ လူငယ်တွေကတော့ သူတို့လက်ခံရင် လက်ခံတယ်။ သူတို့လက်မခံရင် လက်မခံဘူး။ အဲ့ဒီဟန်မဆောင်တဲ့ မျိုးဆက်သစ်တွေဆီမှာ တကယ့်ကိုစစ်မှန်တဲ့ သန္ဓေတည်ဖို့အတွက် လုပ်ရမယ်။
မတူကွဲပြားမှုကို လေးစားတက်ဖို့ တန်းတူ ညီမျှရေးကို အလေးပေးတက်ဖို့ ဘယ်လိုမှ ခွဲခြားမှုကိုမလုပ်ဖို့ အကြမ်းဖက်ရင် အကြမ်းဖက်တဲ့လူကိုအရေးယူဖို့ အဲ့ဒါတွေကိုသာသူတို့ရဲ့ နှလုံးသားထဲမှာ တကယ်ပဲလက်ခံမယ်ဆိုရင် အရမ်းလှသွားမယ်။ အဲ့လိုလှသွားတဲ့အခါ အမျိုးသမီးတွေကိုဖြစ်စေ မတူကွဲပြားတဲ့သူတွေကိုဖြစ်စေ နေရာမပေးရင် နေရာပေးအောင် အဲ့လူငယ်ထု အဲ့လူထုက ပြန်တောင်းဆိုလိမ့်မယ် ကာကွယ်ပေးလိမ့်မယ်။
မေး။ ။ ဖြည့်စွက်ပြောကြားချက်။
ဖြေ။ ။ တကယ်တမ်းကအမျိုးသမီးတွေကလေ ခေတ်အဆက်ဆက်တာဝန်တွေကို ထမ်းလာတာ အဲ့ဒါက မိသားစုတခုနဲ့ပဲကြည့် တကယ်တမ်းနိုင်ငံတနိုင်ငံက မိသားစုတွေအများကြီးနဲ့ စုဖွဲ့ထားတာ။ မိသားစုတစုကိုပဲ ကြည့် အဖေတယောက်ထဲက တာဝန်ထမ်းရင် အဲ့အဖေဘယ်လောက်ပင်ပန်းလဲ၊ တုံးတုံးအအ ငါပြောသမျှကိုပဲ လုပ်ဆိုလုပ်တဲ့ အဲ့အမျိုးသမီးနဲ့ဆို အဲ့အမျိုးသားဘယ်လောက်ပင်ပန်းလဲ။
ဒိုးတူဘောင်ဘက် လုပ်တဲ့သူရှိရင် နှစ်ဦးနှစ်ဖက် ဝန်တွေမပေါ့ဘူးလား။ နှစ်ဦးနှစ်ဖက်ဝန်ပေါ့တဲ့အပြင် သားသမီးတွေကို ပြုစုထိန်းကျောင်းတဲ့အခါ နှစ်ဦးနှစ်ဖက် အတူတူထိန်းကျောင်းရင် အဲ့သားသမီးတွေက ပိုပြီးတော့ ထက်မြက်လာမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်ဝန်လေးခံလဲဆိုတာ အမျိုးသားတွေကို မေးကြည့်ချင်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
ဂျာမုန်း သတင်းတင်ဆက်သူ
People's Spring
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေအပါအဝင် ဖိနှိပ်ခံလူနည်းစု အစုအဖွဲ့တွေဟာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ အပြင်ပန်းအပြလှဖို့ ဟန်ပြနေရာပေးရမယ့် အိမ်ဖြည့်တွေ၊ ထမင်းသိုးဟင်းသိုးတွေ မဟုတ်ဘူး။ အမှန်တကယ်ပဲ ပြောဆိုခွင့်၊ ဖန်တီးခွင့်၊ တွေးတောခွင့် တန်းတူညီမျှပေးကြဖို့ လိုပါတယ်”
ဂျာမုန်းဟာ မန္တလေးဇာတိဖြစ်ပြီး မွေးချင်း ၄ ယောက်ရှိတဲ့ထဲက ဒုတိယမြောက်ဖြစ်ပါတယ်။ ၂၀၁၈ မှာ တက္ကသိုလ်ပြီးနောက် ဝါသနာပါရာ အိပ်မက်ကို စတင်အကောင်အထည်ဖော်ဖို့ မရင်းနှီးတဲ့ မီဒီယာနယ်ပယ်ကို ၂၀၁၉ ခုနစ်မှာ သတင်းတင်ဆက်သူအဖြစ်နဲ့ ရောက်လာခဲ့ပါတယ်။
အာဏာမသိမ်းခင်ကာလတုန်းက သာမာန်မြို့နေလူတန်းစား လူငယ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သူပါ။ ဒါပေမယ့် သတင်းတင်ဆက်သူအလုပ်ကတဆင့် သတင်းတွေဖတ်မိ သိလာရင်း အုပ်ချုပ်သူ အာဏာရှင်အဆက်ဆက်ရဲ့ ဆုံးဖြတ်ချက်လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ထိခိုက်နစ်နာခဲ့ရမှု တွေ ခံစားသိရှိလာတဲ့အချိန် အဲဒီတုန်းကအခိုက်အတန့်တွေမှာ မသိလိုက်မသိဘာသာနဲ့ နေခဲ့မိတာတွေ ပြန်တွေးရင်း အပြစ်ရှိစိတ်တွေဖြစ်ခဲ့မိတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ ဒီတစ်ခါမှာတော့ ကိုယ်က သေချာလည်းသိတယ်၊ ပါဝင်နိုင်မယ့် အခန်းကဏ္ဍ၊ အခွင့်အရေးလည်းရှိတယ်ဆိုတော့ ဒီတစ်ကြိမ်မှာ မသိကျိုးကျွံပြုမိရင် ဒီနောင်တတွေနဲ့ တစ်သက်လုံးနေပျော်မယ် မထင်ဘူးဆိုတဲ့အတွေးနဲ့ လုပ်နိုင်စွမ်းရှိသ၍ ပြောင်းလဲနိုင်စွမ်းရှိသမျှ အရွေ့တွေမှာ ပါဝင်မယ်ဆိုတဲ့အတွေးနဲ့ တော်လှန်ရေးကို ထဲထဲဝင်ဝင်ပါဝင်ခဲ့သူပါ။
တော်လှန်ရေးနယ်မြေတစ်နေရာမှာ သတင်းတင်ဆက်သူ၊ သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ရင်း နေရာပြောင်းရွှေ့ရင်း အတွေ့အကြုံတွေယူရင်း အရွေ့တွေမှာပါဝင်ရင်းနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး People's Spring သတင်းဌာနမှာ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေပါတယ်။ People's Spring ကတော့ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံတစ်ဝန်းအပြင် ကမ္ဘာတလွှားကသတင်းတွေကိုပါ လူမှုကွန်ယက် မီဒီယာပလက်ဖောင်းတွေကတဆင့် တင်ဆက်ပေးနေတဲ့ လွတ်လပ်သောသတင်းဌာနတစ်ခု ဖြစ်ပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲ သွားတယ်လို့ ထင်လား။ ဘာတွေပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကာလမှာတော့ အမျိုးသမီးတွေအပေါ် ခွဲခြားခြင်းမပြုဖို့၊ တန်းတူညီမျှအခွင့်အရေးပေးဖို့ အပိုင်းတွေမှာ အများစုက ပိုပြီးအမြင်ပွင့်လင်းလာကြတယ်။ နယ်ပယ်တချို့မှာ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်နိုင်ရေး မူဝါဒတွေချမှတ်ပြီး လုပ်ဆောင်လာကြတဲ့အခါ လုပ်ကိုင်နိုင်စွမ်း၊ အတွေးအမြင်၊ ခံစားချက်၊ ခံယူချက် မတူတာတွေထဲကမှ ပိုကောင်းမွန်တဲ့အရာတွေကို ရှာတွေ့လာကြတယ်၊ ပိုအလုပ်ဖြစ်လာကြတယ်။
နောက်ပြီး ပတ်ဝန်းကျင်က ကွဲပြားတဲ့အစုအဖွဲ့အသီးသီးကြားမှာလည်း ပေါင်းကူးတံတား သဖွယ်ဖြစ်ပြီး ပိုကောင်းတဲ့အဝန်းအဝိုင်း၊ ရလဒ်တွေကို ရရှိလာစေတယ်။ ဒါပေမယ့် ဒါက တချို့သောနယ်ပယ်တွေမှာပဲ ဖြစ်တယ်၊ နေရာအများစုမှာတော့ အသိပညာမျှဝေရေး အစီအစဉ်တွေ ပိုလုပ်ဆောင်ဖို့ လိုနေပါသေးတယ်။
အားလုံးပါဝင်ခွင့်ရှိတဲ့ inclusive policies ဆိုတာကို နည်းမှန်လမ်းမှန်အသုံးပြုတတ်မှ ပိုကောင်းတဲ့ အရွေ့တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ အမျိုးသမီးတွေအပါအဝင် ဖိနှိပ်ခံလူနည်းစု အစုအဖွဲ့တွေဟာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ အပြင်ပန်းအပြလှဖို့ ဟန်ပြနေရာပေးရမယ့် အိမ်ဖြည့်တွေ၊ ထမင်းသိုး ဟင်းသိုးတွေ မဟုတ်ဘူး။ အမှန်တကယ်ပဲ ပြောဆိုခွင့်၊ ဖန်တီးခွင့်၊ တွေးတောခွင့် တန်းတူညီမျှပေးကြဖို့ လိုတယ်။
ပြီးတော့ တန်းတူအခွင့်အရေး equality လို့ပြောတဲ့အခါလည်း equity ညီမျှမှုကို သတိထားဖို့ လိုပါတယ်။ တချို့သောသူတွေက တောက်လျှောက်ဖိနှိပ်ခံရ၊ အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့အခါမှာ equality တန်းတူ အခွင့်အရေးပေးတဲ့အခါမှာတောင် အခြားသူတွေနဲ့ယှဉ်ရင် သူ့အတွက်က တန်းတူဖြစ်မနေတော့တဲ့ အခြေအနေမှာ equity ညီမျှမှုကို သတိချပ်ပြီး လိုအပ်တဲ့ပံ့ပိုးမှု၊ ထည့်သွင်းစဉ်းစားပေးမှုတွေ လုပ်ဆောင်ဖို့ လိုတယ်။ ဒါကို အဲ့လူက အခွင့်ထူးခံလုပ်နေတာပဲလို့ ခေါင်းစဉ်တပ်လို့ မရဘူးပေါ့၊ ပိုပြီးဖြန့်ကျက်မြင်နိုင်ဖို့ လိုပါတယ်။
မေး။ ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ အစုအဖွဲ့အသီးသီးအတွက် တန်းတူညီမျှမှုရှိတဲ့စနစ်တစ်ခု ပီပီပြင်ပြင် အကောင်အထည်ပေါ်လာဖို့ လိုတာပေါ့။ မူဝါဒအရ မဖြစ်လို့သာ ပါဝင်ခွင့်ပေးထားတာမျိုးမဟုတ်ဘဲ အယောက်စီတိုင်းရဲ့ စိတ်ထဲမှာလည်း အသိပညာအမြင်ပွင့်လင်းပြီး ကျေလည်နေမှသာ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ အမြတ်ထုတ်မှုတွေမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်တယ်။
ပြီးတော့ တဖက်မှာလည်း ကိုယ်က ဘယ်နယ်ပယ်ကပဲဖြစ်ပါစေ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုယ်တတ်ကျွမ်းတဲ့အရာကိုသာမက ဆက်စပ်တဲ့ပညာရပ်တွေကိုပါ စဉ်ဆက်မပြတ်လေ့လာဖို့၊ ခေတ်ရေစီးကြောင်းမှာ ပြတ်ကျန်မနေရအောင် မျက်စိဖွင့် နားစွင့်ပြီး လိုက်လျောညီထွေရှိစေဖို့၊ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရဲရင့်ဖို့၊ ကိုယ်စွမ်းကိုယ်စတွေကို နည်းမှန်လမ်းမှန်နဲ့ ထုတ်ဖော်အသုံးပြုတတ်ဖို့၊ အမျိုးသမီးအချင်းချင်း ပိုပြီး လက်တွဲဖေးမစောင့်ရှောက်ဖို့ ဒီအချက်တွေ အဓိကလိုအပ်တယ်လို့ မြင်ပါတယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးကြီး ပါသလဲ။
“ညဘက်မှာ မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုကျူးလွန်ကြသလိုပဲ သတင်းအမှောင်ချ ခံရရင် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကိုတောင် မသိနိုင်တော့သလို ခုထက်ပိုဆိုးတဲ့အရာတွေ လုပ်နေရင်လည်း ဘာမှတ်တမ်းမှမကျန်တော့ဘူး။ အချင်းချင်းကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး ကိုယ့်ကိုတိုက်ရိုက်မထိသ၍ နေသာသလို နေကြပြီးတော့ တော်လှန်ရေးအရွေ့မှာ အရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းကြား စုစည်းမှုလည်း ပြိုကွဲနိုင်ပါတယ်”
ဖြေ။ ။ မီဒီယာကတဆင့် ကမ္ဘာကြီးမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့အရာတွေကို မှတ်တမ်းတင် ဖော်ပြရသလို၊ တဖက်မှာလည်း ပြည်သူတွေ သိသင့်တဲ့အရာတွေကို အနုစိတ်တင်ပြရင်း အသိပညာပေးရတာမျိုးလည်း ရှိတယ်။ ဒါကြောင့် စာဖတ်သူတွေရဲ့ ခံယူချက် အတွေးအမြင်တွေကို အဆိပ်မခတ်မိဖို့လည်း သိပ်အရေးကြီး ပါတယ်။ လက်ရှိဒီတော်လှန်ရေးအခင်းအကျင်းမှာဆိုလည်း မီဒီယာရဲ့အခန်းကဏ္ဍက သက်ရောက်မှု သိပ်ကြီး ပါတယ်။
လွတ်လပ်တဲ့သတင်းမီဒီယာတွေမရှိရင် အပြန်အလှန်ဝါဒဖြန့်ချီကြရင်းနဲ့ပဲ အမှန်တရားတွေကို ဝေဝါး စေသလို သမိုင်းလည်း ပျောက်ပါလိမ့်မယ်။ ဒီကာလမှာ သတင်းအချက်အလက် မစီးဆင်းနိုင်အောင် စစ်ကောင်စီရဲ့ အင်တာနက်ပိတ်ဆို့ဖြတ်တောက်တာ ခံထားရတဲ့နယ်မြေတွေ အများကြီး ရှိပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုခွင့် စိန်ခေါ်မှုရှိတဲ့နေရာတွေက သတင်းဖြစ်ရပ်တွေကိုပါ မီဒီယာတွေက ရယူပြီးဖော်ပြပေး ရတယ်။
ညဘက်မှာ မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုကျူးလွန်ကြသလိုပဲ သတင်းအမှောင်ချခံရရင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကိုတောင် မသိနိုင်တော့သလို ခုထက်ပိုဆိုးတဲ့အရာတွေ လုပ်နေရင်လည်း ဘာမှတ်တမ်းမှ မကျန်တော့တာ၊ အချင်းချင်းကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး ကိုယ့်ကိုတိုက်ရိုက်မထိသ၍ နေသာသလို နေကြပြီးတော့ တော်လှန်ရေးအရွေ့မှာအရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းကြား စုစည်းမှုလည်း ပြိုကွဲနိုင်ပါတယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာတွေကြုံရလား။ ဘယ်လိုပုံစံနဲ့ ခွဲခြားဆက်ဆံခံခဲ့ရလဲ။
ဖြေ။ ။ ကိုယ်တိုင်မီဒီယာအလုပ်လုပ်တဲ့အခါ ခွဲခြားဆက်ဆံခံရဖူးလားဆိုရင်တော့ အလုပ်ဝင်စမှာ အသက်ငယ်တာ၊ မိန်းကလေးဖြစ်နေတာမျိုးကြောင့် သတင်းအင်တာဗျူးမေးရတဲ့အခါ အထင်သေးသလို မဖြေချင်သလိုနဲ့ အဖက်လုပ်မခံရသလိုမျိုး ကြုံဖူးတယ်။ ပြီးတော့ မြေပြင်သတင်းရိုက်ကူးရေး ကွင်းဆင်းဖို့မှာ အမျိုးသမီးဖြစ်တဲ့အတွက် ကရိကထများတာ၊ လုံခြုံရေးပိုစိတ်ပူရတာ၊ ပင်ပန်းမခံနိုင်တာ စတဲ့ အကြောင်း ပြချက်တွေပေးပြီး ကိုယ့်ထက် အခြားသော အမျိုးသားသတင်းထောက်တွေကို ရွေးချယ် စေလွှတ်တာမျိုး သတင်းဌာနတစ်ခုမှာတော့ ကြုံခဲ့ဖူးပါတယ်။ဒါပေမယ့် ကျွန်မကတော့ ကိုယ်ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဒါကို ဘယ်လိုရအောင်လုပ်ဆောင်မလဲ၊ ဒီအတွက် ဘာစိန်ခေါ်မှု တွေရှိလဲ၊ ကိုယ်ဘာတွေ ပြင်ဆင်ဖို့လိုလဲ ဒါတွေပဲ အဓိကထားတွေးပြီး ဖြစ်ချင်တာကိုဖြစ်အောင် လုပ်လေ့ ရှိပါတယ်။
အမျိုးသမီးဖြစ်လို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကန့်သတ်ခံရခြင်းတွေ၊ ချိုးနှိမ်လိုက်ရမှုတွေက ငယ်ဘဝမှာ မိသားစု၊ ကျောင်း စာသင်ခန်း ထဲကစလို့ ကြီးပြင်းလာတဲ့အခါ လူမှုအဝန်းအဝိုင်း၊ လုပ်ငန်းခွင်အားလုံးမှာ တောက်လျှောက် အနည်းနဲ့အများ ရင်ဆိုင်လာရတဲ့အခါ အမျိုးသမီးအများစုက မဝံ့မရဲ စိတ်အားငယ်မှု၊ တွေဝေမှု၊ မပြောရဲ မလုပ်ရဲတဲ့စိတ်တွေ ဖြစ်လေ့ရှိတယ်။ ဒါကို ကျွန်မတို့က ရဲရင့်စွာ ရင်ဆိုင်ကျော်ဖြတ်ဖို့လိုသလို ကျွန်မတို့ကို တန်းတူညီမျှတဲ့ အခွင့်အရေးတွေပေးမယ့် လူ့ပတ်ဝန်းကျင်ကောင်း တစ်ခုလည်း ကြိမ်းသေပေါက်လိုပါတယ်။
မေး။ ။ ဂျန်ဒါတန်းတူညီမျှရေးအပါအဝင် တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့ အတွက် မီဒီယာတွေအနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနိုင်ပါသလဲ။
ဖြေ။ ။ ဒီနောက်ပိုင်း မီဒီယာတွေလည်း ဂျန်ဒါတန်းတူညီမျှရေး၊ အစုအဖွဲ့အသီးသီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်ဖို့အတွက် ပိုသတိထားအလေးပေးပြီး နေရာပေးလာကြတယ်။ သတင်းတွေမှာ များသောအားဖြင့် အမျိုးသားတွေရဲ့ ပြောဆိုသံတွေပဲ လွှမ်းမိုးလာရာကနေ အမျိုးသမီးတွေရဲ့ အမြင်၊ အတွေ့အကြုံ၊ ခံစားချက် တွေကိုလည်း ထုတ်ဖော်ပြောဆိုဖို့ အားပေးလာကြတယ်။ အမျိုးသမီးအစီအစဉ်မျိုးတွေပါ ထုတ်လုပ်လာပြီး ထုတ်ဖော်ပြောဆိုခွင့် ပေးလာကြတာတွေ့ရပါတယ်။
အဲလိုကနေမှ ထက်မြက်တဲ့၊ သန်မာတဲ့၊ နွေးထွေးကြင်နာ တတ်တဲ့၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေအကြောင်း ပိုသိလာပြီး စိတ်ဓာတ်ခွန်အားတွေလည်း ပိုရလာကြတယ်။ ဒါကြောင့် ကျွန်မတို့အမျိုးသမီးတွေလည်း ရှေ့ထွက်လာဖို့ မကြောက်ပါနဲ့၊ အတွေးအမြင်တွေ ထုတ်ဖော်ဖို့လည်း မတွန့်ဆုတ်ပါနဲ့။ ကျွန်မတို့အားလုံးက လူ့အသိုင်းအဝိုင်းက အစဉ်အဆက် သတ်မှတ်လက်ခံ ထားခဲ့သလို အားနည်းတဲ့သူတွေကြီး မဟုတ်ကြပါဘူး။
“မီဒီတွေကနေ တင်ဆက်တဲ့ အမျိုးသမီးအစီအစဉ်တွေကနေတဆင့် ထက်မြက်တဲ့၊ သန်မာတဲ့၊ နွေးထွေးကြင်နာတတ်တဲ့၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေအကြောင်း ပိုသိလာပြီး စိတ်ဓာတ်ခွန်အားတွေလည်း ပိုရလာကြတယ်”
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့် ထားသလဲ။
ဖြေ။ ။ အရင်ကထက်စာရင် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေက လျော့ပါးလာပေမယ့် အများကြီးတော့ လိုနေပါသေးတယ်။ မတူတာတွေစုမှ အမြင်တွေဖလှယ် အဖြေအသစ်တွေရှာရင်း ပိုတိုးတက်တာဖြစ်လို့ ပိုကောင်းမွန်တဲ့ အနာဂတ်တွေဆီသွားဖို့ရာ အစုအဖွဲ့အသီးသီးရဲ့အသံတွေ လုပ်ကိုင်နိုင်စွမ်းတွေ လိုပါတယ်။ ကျွန်မကတော့ တနေ့ထပ်တနေ့ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်မှု၊ စာနာဖေးမကူညီမှု၊ တန်းတူညီမျှမှုတွေ တင်းပြည့်ကျပ်ပြည့်ရှိတဲ့ အဝန်းအဝိုင်းမျိုးဖြစ်လာစေဖို့ အမြဲမျှော်လင့်မိပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
မချောစုဟန်
အဖွဲ့ဝင်
အမျိုးသမီးမဟာမိတ်အင်အားစု (WAB)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီး ပိုမိုပါဝင်လာတာနဲ့အမျှ အမျိုးသမီးအခွင့်အလမ်းတွေ၊ အကာအကွယ်ပေးမှုတွေ ပိုရလာမယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်။ မုဒိမ်းမှုတွေ လျော့နည်းပပျောက်လာမယ်။ လုံခြုံမှုအပြည့်နဲ့ ခေါင်းမော့ရင်ကော့ပြီးတော့ လျှောက်လှမ်းနိုင်မယ့်နိုင်ငံဖြစ်လာမယ်”
မချောစုဟန်ကား အညာသူဖြစ်ပြီး ကုန်သည်မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း မောင်နှမ (၃) ဦးအနက် သမီးအကြီးဆုံးလည်း ဖြစ်ပါတယ်။ ပညာရေးကို အလေးထားတဲ့ မိသားစုရဲ့ထိန်းကျောင်းမှုကြောင့် ပညာထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာစာကထိက ဖြစ်ချင်သူပါ။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် မြန်မာစာအထူးပြုနဲ့ မုံရွာတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ထို့နောက် မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂထဲ ဝင်ရောက်ခဲ့ပြီး နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပါတယ်။
နိုင်ငံ့အရေးကို ကျွန်တော်တို့လုပ်မှရမယ် ကျွန်တော်တို့ပါဝင်မှရမယ်ဆိုပြီး ပါဝင်ဖြစ်ခဲ့သူပါ။ လူထုသပိတ်ကို ဦးဆောင်ရာကနေ တော်လှန်ရေးကို ပါဝင်ခဲ့ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် စစ်ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အမျိုးသမီးတိုင်း တွေးခေါ်လာနိုင်ဖို့ လိုသလို၊ အမျိုးသမီးပါဝါကို တည်ဆောက်ပြီး တော်လှန်ရေးမှာ ဦးဆောင်ပြီး အာဏာရှင်ကို တွန်းလှန်ရမယ်လို့ အမြင်ရှိသူတစ်ဦးပါ။ အမျိုးသမီးမပါဝင်ရင် ဒီပွဲနိုင်မှာမဟုတ်ဘူး လို့ ယုံကြည်ထားသူပါ။
ထို့ပြင် မြေပြင်သပိတ်အင်အားစုအသီးသီးတွင် ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်အမျိုးသမီး များဖြင့် ဖွဲ့စည်းထားတဲ့ အမျိုးသမီးမဟာမိတ်အင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန် အထိ လူထုသပိတ်များ၊ ပြောက်ကျားသပိတ်များကို ဦးဆောင်နေဆဲ၊ အသိပညာပေးနေဆဲ ဖြစ်ပါတယ်။
အမျိုးသမီးမဟာမိတ်အင်အားစုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး (၁)မြေပြင်အမျိုးသမီးသပိတ်များ အားကောင်းလာစေရန်နှင့် အခြားသောတော်လှန်ရေး ကဏ္ဍအသီးသီးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရေး၊ (၂)စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက် လာရေး၊ (၃) အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ဦးဆောင် ပါဝင်မှုကဏ္ဍ တိုးမြင့်လာစေရေးအတွက် ကြိုးပမ်းနေသော အင်အားစု ဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ ခေတ်အဆက်ဆက်မှာလည်း စစ်အာဏာရှင်တော်လှန်ခဲ့ကြရတယ်။ (၂၀၂၁) ကလည်း စစ်အာဏာရှင်ကို တော်လှန်ကြတာပဲ။ အရင်တုန်းက တော်လှန်ရေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ၂၀၂၁ နွေဦးတော်လှန်ရေးက ပိုအောင်မြင်တာကို တွေ့ရတယ်။ ဘာလို့အောင်မြင်မှုရှိလဲ။ လူထုမှာရော တော်လှန်နေတဲ့ လူငယ်တွေမှာရော အကုန်လုံးမှာ နိုင်ငံရေးအသိအမြင်နဲ့ လက်ရှိအခင်းအကျင်း အကုန်လုံးကို သိလာမှုတွေ ပိုကျယ်လာတာကြောင့်ပါ။
စစ်ကောင်စီရဲ့ သွေးခွဲမှုတွေကို လူငယ်တွေ ယုံလားလို့မေးရင် မယုံဘူး။ ဘယ်သူကိုသွားပြီးတော့ ဘာတွေပြောပြနေ ပြောပြနေ အချိန်တန်တော့လည်း အကုန်လုံး စစ်အာဏာရှင်ကိုတိုက်ရမှာပဲဆိုတဲ့ ဘုံရန်သူကို သိတဲ့အသိပျောက်မသွားအောင် ထိန်းကွပ်မှုရှိကြတယ်။ အတွေးအမြင် တွန်းတိုက်တိုင်း သွေးကွဲမသွားကြဘူး။ ရှူးတိုက်တိုင်း မကိုက်တော့ဘူး။ အဲလိုမျိုး အနေအထားကို ရောက်လာတာဖြစ်တဲ့အတွက် (၂၀၂၁) နွေဦးတော်လှန်ရေးမှာက ပိုပြီး အားကောင်းလာတယ် လို့ ဆိုချင်ပါတယ်။
“လူထုမှာရော တော်လှန်နေတဲ့လူငယ်တွေမှာရော အကုန်လုံးမှာ နိုင်ငံရေးအသိအမြင်နဲ့ သိလာမှုတွေ ပိုကျယ်လာတယ်။ စစ်အာဏာရှင်ကို တိုက်ရမှာပဲဆိုတဲ့ ဘုံရန်သူကို သိတဲ့အသိ ပျောက်မသွားအောင် ထိန်းကွပ်မှုရှိကြတယ်။ အတွေးအမြင် တွန်းတိုက်တိုင်း သွေးကွဲမသွားကြဘူး။ ရှူးတိုက်တိုင်း မကိုက်တော့ဘူး”
မေး။ ။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ အခြေတည်ပြီး တည်ဆောက်သင့်ပါသလဲ။
ဖြေ။ ။ နိုင်ငံတစ်ခုတည်ဆောက်တဲ့နေရာမှာ ရှိသင့်တဲ့အရာက နိုင်ငံလို့ ပြဖို့အတွက်က မြေရှိရမယ်။ ကျွန်တော်တို့မြေပြင်မှာ အစိုးရရှိပြီ။ တချို့ကပြောကြတယ် မင်းတို့အစိုးရဘယ်မှာလဲ။ မင်းတို့အစိုးရက လေလှိုင်းအစိုးရပါကွာဆိုပြီး ပြောကြတယ်။ NUG အစိုးရကနေ ပေါက်ပွားလာတဲ့ "ပ" သုံးလုံးယန္တရားကလည်း မြေပြင်အစိုးရတစ်ရပ်၊ မြေပြင်မှာရှိတဲ့ လက်ရှိယန္တရားကြီးတစ်ခုအဖြစ် ကျွန်တော်တို့လက်ခံတယ်။NUG ရဲ့ ဝန်ကြီးတွေ၊ သမ္မတကြီးတွေ အကုန်လုံးမြေပြင်မှာရှိမှ နိုင်ငံတစ်ခုတည်ဆောက်လို့ရတာမှ မဟုတ်တာ။ အခု ဒေသအသီးသီးမှာ ပသုံးလုံးယန္တရားတွေရှိတယ်၊ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေ ရှိတယ်။ ဒါဟာ နိုင်ငံတစ်ခု တည်ဆောက်နိုင်တဲ့ အပြင်အဆင်တွေပဲ။
နိုင်ငံကတော့ပေါ်ထွက်နေပြီ။ ကျွန်တော်တို့ ဘာတွေထပ်လုပ်ကြမလဲ။ နိုင်ငံနဲ့ညီမျှတဲ့ဥပဒေတွေ၊ လုံးဝ စံပြုလောက်တဲ့ လူသားဆန်မှုတွေ ချပြရမယ်။ ကျွန်တော်တို့ရဲ့တပ်က နိုင်ငံတကာစံနှုန်းနဲ့ ယှဉ်ရင် လုံးဝ အံဝင်ဂွင်ကျဖြစ်နေမယ့် စစ်တပ်ဖြစ်ဖို့လိုမယ်။ ဒါကြောင့်မလို့လည်း MOD က လက်နက်ကိုင်တပ်ရင်းတွေ လေးစားလိုက်နာဖို့ COC နှစ်ရပ်နှင့် စစ်သည်ကျင့်ဝတ်တွေ ချမှတ်တယ်။ ဒါတွေကို ဘာလို့လိုက်နာရမှာတုန်း မေးရင် ကျွန်တော်တို့က လူသားဆန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ တရားဥပဒေကို လေးစားလိုက်နာကြဖို့ လိုတယ်။
အခု အာဏာသိမ်းခံလိုက်ရတယ်။ ဘာကြောင့် တော်လှန်ခဲ့ တာလဲ။ ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်ကို မကြိုက်လို့တော်လှန်ခဲ့တာ။ အာဏာရှင်က ထုတ်ထားတဲ့ ဥပဒေတွေကို မကြိုက်လို့ တော်လှန်တယ်။ သူတို့ရဲ့စံတန်ဖိုးတွေကို သဘောမကျလို့ တော်လှန်ခဲ့တယ်။ ကျွန်တော်တို့ အခုသွားနေတဲ့နိုင်ငံကလည်း အဲလိုနိုင်ငံထပ်ဖြစ်လို့မရဘူး။
ကျွန်တော်တို့ ဘယ်လိုနိုင်ငံကို သွားမလဲ။ လားရာကိုသိရမယ်။ ဦးတည်ရာပေါ်လာတယ်။ ကျွန်တော်တို့ သွားမှာက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးမှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အကုန်လုံးဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေပဲ။ ကျွန်တော်လည်း လက်ခံယုံကြည် ထားတယ်။ မင်းတို့က ကချင်မို့လို့ ကချင်နယ်မှာနေ မဟုတ်ဘူး။ စစ်ကိုင်းတိုင်းထဲလည်း လာခဲ့၊ မကွေးတိုင်း ထဲလည်း လာခဲ့၊ ငါတို့အညာသားတွေက မင်းတို့တောင်တန်းဒေသဖက်ကိုလာမှာပဲ။ ဘာလို့ဆို တောင်တန်း ပြည်မ ခွဲခြားထားခြင်း မရှိတော့ဘူး။
မြန်မာနိုင်ငံသားအဖြစ်ခံယူရမယ့် စံတန်ဖိုးတွေ ပိုပြီးတော့လိုလာပြီ။ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ ဘာသာရေးကအစ တန်းတူညီမျှမှု ရှိကိုရှိရမယ်။ လူမျိုးကြီး၊ ဘာသာကြီး ကြီးစိုးမှုမဟုတ်ဘဲ လူမျိုးအားလုံး ဘာသာအားလုံး ပါဝင်တဲ့ ပန်းပေါင်းစုံပွင့်လန်းနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ပေါ့ဗျာ။ အလှပဆုံးနိုင်ငံကြီးအဖြစ် မြင်တွေ့ရမယ်လို့ မြင်ပါတယ်။
“ကျွန်တော်တို့က နိုင်ငံရဲ့အာဏာရှင်ကို မကြိုက်လို့ တော်လှန်ခဲ့တာ။ အာဏာရှင်က ထုတ်ထားတဲ့ ဥပဒေတွေကို မကြိုက်လို့ တော်လှန်တယ်။ သူတို့ရဲ့စံတန်ဖိုးတွေကို သဘောမကျလို့ တော်လှန်ခဲ့တယ်။ ကျွန်တော်တို့ အခုသွားနေတဲ့နိုင်ငံကလည်း အဲလိုနိုင်ငံထပ်ဖြစ်လို့မရဘူး”
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲသွားတယ်လို့ ထင်ပါသလား။ ဘာတွေ ပြောင်းလဲသွားတယ်လို့ မြင်တွေ့ရသလဲ။
ဖြေ။ ။ ကျွန်တော်တို့အညာကျေးလက်ဒေသဖက်တွေမှာ အမျိုးသမီးတွေဆိုရင် ရာထူးပေးတာနည်းတယ်။ အမျိုးသမီးတွေဆိုရင် ရုံးကူနောက်လိုက် ဒါမျိုးအဆင့်တွေနဲ့ပဲ ဆက်သွားကြရတာ။ ရှေ့ကနေ ဦးဆောင်ဦးရွက် ပြုနေတာက ယောက်ျားလေးတွေပဲ။ တိုင်းရင်းဒေသဖက်တွေမှာတော့ အမျိုးသမီးတွေ လက်နက်ကိုင် ဦးဆောင်တိုက်တာ၊ စနိုက်ဘာကိုင်တာ တွေ့ရလိမ့်မယ်။
ကျွန်တော်တို့ အညာဒေသဖက်မှာတော့ အမျိုးသမီး တွေဆို ဝင်လာရင် ထမင်းချက်၊ ဆေးဖက်၊ မင်းတို့အမျိုးသမီးတွေ သေနတ်မောင်းချိန်လောက်အောင် မသွက်လက်ဘူး၊ မသန်မာဘူးဆိုပြီး အညာမှာ အမျိုးသမီးတွေ ရှေ့တန်းဝင်ပြီး တိုက်တယ်ဆိုတာ အင်မတန်မှ နည်းတယ်။ လက်တစ်ဖက်စာတောင် မရှိလောက်ဘူး။ ကျွန်တော်တို့အညာမှာ အမျိုးသမီးတွေကို မြှင့်တင်နိုင်ဖို့ နေရာပေးဖို့က ယုံကြည်မှုတွေ ယဉ်ကျေးမှုတွေကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။
ယဉ်ကျေးမှုတွေကို အခြေခံ ထားတဲ့ ကိုးကွယ်ယုံကြည်မှုတွေမှာ အမျိုးသမီးတွေက ဓားစာခံ၊ ပုန်းလျှိုးကွယ်လျှိုးနဲ့ ပျောက်ကွယ်နေကြရတယ်။ ဥပမာဗျာ အမျိုးသားက ဖောက်ပြန်တယ်ဆိုရင်တောင် ယောက်ျားကသူရှာကျွေးနိုင်လို့ သူရှာတာ၊ သူလုပ်ကျွေးနိုင်တာကို ယောက်ျားကောင်း မောင်းမတစ်ထောင် စကားပုံတွေနဲ့တောင် ခိုင်းနှိုင်းပြီးတော့ ကျွန်တော်တို့ အမျိုးသမီးတွေကိုဆို ချိုးနှိမ်ခွဲခြားနေတဲ့စကားပုံတွေ ဆိုရိုးတွေများတယ်။ ဒီလိုမျိုးအရာတွေကို ဆန့်ကျင်ဖို့ အများကြီးလိုတယ်။
မေး။ ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးအခွင့်အရေးတွေ ပိုပေးသင့်တယ်။ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မယ့်ဥပဒေတွေ ဒီထက်ပိုပြီးတော့ ပေါ်ထွက်လာဖို့ အရေးကြီးတယ်။ တကယ်လည်း အရေးယူတဲ့ဥပဒေတွေ ဖြစ်ရမယ်ပေါ့ဗျာ။ ဥပမာအားဖြင့် လတ်တလောမြေပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေအနေနဲ့ အမျိုးသမီးတွေကို ဖမ်းတယ်။ တခြားပြည်ပနိုင်ငံတွေမှာဆို မြင်ဖူးလိုက်မယ်။ အမျိုးသမီးတွေကိုဖမ်းရင် ရဲမေတွေကဖမ်းတယ်။
ဒါပေမယ့် ဒီမှာကျ အမျိုးသမီးတွေကိုဖမ်းတာ အမျိုးသားရဲဘော်တွေကပဲ ဖမ်းတယ်။ အပေါ့အပါးသွားလည်း အမျိုးသားရဲဘော်တွေပဲ လိုက်ပို့တယ်။ ဒါတွေကအစ ကျွန်မတို့ဆန့်ကျင်ဖို့ လိုတယ်။ ဒါ့ပြင်အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေ သေချာရေးဆွဲဖို့လိုအပ်မယ်။ အားလုံးဟာ ဘုန်းကံနဲ့လူတွေချည်းပဲ။ အမျိုးသမီးအခွင့်အရေးအတွက် တိုက်တဲ့အခါ ယဉ်ကျေးမှုတွေ၊ ရှေးစကားပုံတွေ၊ ဘာသာရေးယုံကြည်မှုတွေ စတာတွေ ဘက်ပေါင်းစုံက တိုက်ခိုက်မှုနှိမ့်ချမှုတွေကို ကာကွယ်ပေးမယ့်မူတွေဘောင်တွေ ဥပဒေတွေကတော့ အများကြီးရှိဖို့လိုမယ်လို့ သုံးသပ်ပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် ဘယ်လို လုပ်ဆောင်ကြမလဲ။
ဖြေ။ ။ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး ကာကွယ်နေသူတွေပေါ်ထွက်လာဖို့ သွေးပေးဖို့ လိုတယ်။ အားလုံးက အရိုင်းတုံးလေးတွေအဖြစ် ရှိနေပြီးသား။ စိန်ကောင်း ကျောက်ကောင်း ဟာလည်း သွေးယူရာက ဖြစ်လာတာပဲ။ အမျိုးသမီးခေါင်းဆောင်လုပ်တဲ့အခါ အတိုက်အခံတွေ အများကြီး ရှိမယ်။ သူတို့ကို ပတ်ဝန်းကျင်က တိုက်ခိုက်မှုတွေရှိလာရင် ခံနိုင်ရည် မရှိကြဘူး။ ပတ်ဝန်းကျင်က ရိုက်ခတ်မှုဟာ သူတို့မိဘတွေဆီအထိ သက်ရောက်မှုရှိသွားတဲ့အခါမျိုးတွေမှာ တောင့်မခံနိုင်ကြတော့ဘူး။
ကျွန်တော် သမီးမွေးထားတယ်။ ကျနော့်အမျိုးသားက သားလေးတစ်ယောက်တော့ ထပ်ယူအုံး၊ ယောက်ျားလေးမွေးမှ မိန်းမမြတ်တဲ့၊ သူကိုယ်တိုင် ဒီစကားပြောလာတယ်။ ကျွန်တော်သူ့ကို လစဉ်လစဉ် ပြောတယ်။ သူနောက်ပိုင်း နားရည်လည်လာတယ်။ အရင်ကဆိုသူ ဘုန်းကံနိမ့်မှာတွေ တအားကြောက်တယ်။ ကျွန်တော်သူ့ကို Pad ထုပ်တွေ အမျိုးသမီးအတွင်းခံတွေပါလာရင် တမင်သယ်ခိုင်းတယ်။ သူသယ်တယ်။ နောက်ပိုင်းမှာ သူ ကျား- မ ခွဲခြားတာတွေ မပြောတော့ဘူး။ ဘာလို့ဆို ကျွန်တော် တဖြည်းဖြည်းဆွဲခေါ်ခဲ့လို့။
အဲလိုပဲ အမျိုးသမီး ဦးဆောင်သူတွေအနေနဲ့ ပတ်ဝန်းကျင် မိသားစုဝင်တွေရဲ့ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိပြီး ပြန်လည် တွန်းလှန်နိုင်စွမ်းရှိရမယ်။ သူတို့နားလည်လက်ခံလာအောင် အချိန်ပေးရမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အသိတရားဝင်အောင် ပြောပြပေးနိုင်တဲ့ စွမ်းရည်ရှိဖို့ လိုတယ်။ မဟုတ်ရင် အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ပေါက်ဖို့ ကြာရှည်တည်မြဲဖို့ လွယ်မှာမဟုတ်ဘူး။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လို အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။
ဖြေ။ ။ အမျိုးသမီး ပိုမိုပါဝင်လာတာနဲ့အမျှ အမျိုးသမီးအခွင့်အလမ်းတွေ လုံခြုံမှုအကာအကွယ်ပေးမှုတွေ ပိုရလာမယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်။ မုဒိမ်းမှုတွေ လျော့နည်းပပျောက်လာမယ်။ လုံခြုံမှုအပြည့်နဲ့ ခေါင်းမော့ရင်ကော့ပြီးတော့ လျှောက်လှမ်းနိုင်မယ့်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
“အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး၊ အမျိုးသမီးဖြစ်လို့ ချန်လျပ်ခံထားရတာမျိုး မဖြစ်စေချင်ဘူး။ အဲလိုနိုင်ငံမျိုးအဖြစ်လည်း ဆက်မသွားချင်ဘူး။ အမျိုးသမီးတွေလည်း တော်ရင်တော်သလို ခံစားခွင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလို ဖြစ်ချင်တယ်။ လတ်တလောကိစ္စတွေလို အမျိုးသမီးတွေကို အကာကွယ်မပေးနိုင်တဲ့အခြေအနေတွေ မဖြစ်ချင်တော့ဘူး”
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ နိုင်ငံသစ်ကို အနာဂတ်မှာ ဘယ်လောက်အထိ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါလဲ။ ယုံကြည်ချက်ရှိသလဲ။
ဖြေ။ ။ အများကြီးမျှော်မှန်းထားတယ်။ ကိုယ်တိုင်ကလည်း သမီးမိန်းကလေးနှစ်ယောက်ကို မွေးဖွားထားသူ ဖြစ်တာမို့ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး၊ အမျိုးသမီးဖြစ်လို့ ချန်လှပ် ခံထားရတာမျိုး မဖြစ်စေချင်ဘူး။ အဲလိုနိုင်ငံမျိုးအဖြစ်လည်း ဆက်မသွားချင်ဘူး။ အမျိုးသမီးတွေ လည်း တော်ရင်တော်သလို ခံစားခွင့်ရှိတဲ့နိုင်ငံတစ်နိုင်ငံလို ဖြစ်ချင်တယ်။ လတ်တလောကိစ္စတွေလို အမျိုးသမီး တွေကို အကာကွယ်မပေးနိုင်တဲ့အခြေအနေတွေ မဖြစ်ချင်ဘူး။
အမျိုးသမီးတွေကို အစွမ်းကုန်ကာကွယ် ပေးနိုင်ပြီး သက်ငယ်မုဒိမ်း၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေကင်းပြီး အမျိုးသမီးတွေကို စနောက်ကျီစားစရာလို့ ထင်မြင်နေတာမျိုး မရှိစေချင်ဘူး။ အကြောင်းတစ်ခုခုကြောင့် မုဒိမ်းမှုဖြစ်ပွားခဲ့တောင် ကျူးလွန်ခံရသူကို လက်ညှိုးထိုးရှုတ်ချခံတာမဖြစ်ဘဲ အပြစ်ရှိသူသာပြစ်ဒဏ်ခံရပြီး စိတ်လုံခြုံမှုအပြည့်အဝပေးတဲ့ နိုင်ငံအဖြစ် မျှော်မှန်းထားပါတယ်။ ရှေးလူကြီးတွေက "ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့" ဆိုခဲ့ကြပေမယ့် ကျွန်တော်တို့ ယူသင့်တာယူမယ် ပယ်သင့်တာပယ်ကြရမယ်။
ကျွန်တော်တို့ နိုင်ငံသစ်အတွက် အယူအဆမှားတွေ အတွေးအခေါ်အမှားတွေဖြစ်စေမယ့် ရှေးထုံးတွေကိုတော့ ပယ်သင့်ပယ်ရမှာပါပဲ။ လေ့လာအတူယူစရာတွေ အကြံဉာဏ်ကောင်းတွေလည်းယူကြရမယ်။ အနှောက်အယှက်တွေကိုလည်း ဖယ်ထုတ်ကြရမယ်။ တန်းတူညီမျှမှုမရှိတဲ့အသုံးအနှုန်းတွေကအစ နိုင်ငံဟောင်းမှာထားခဲ့ပြီး လူငယ်တွေ ညီညွတ်ကြဖို့ လိုပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on