- Published on
-
ရေးသားသူ- Yee Yee
-
- Published on
ရေးသားသူ- ပဒုမ္မာမေ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှစပြီး လက်ရှိ အချိန်အထိ စစ်အတွင်းမှာသာ လုံးလုံးလျားလျား ကျရောက်ခဲ့ရပြီး တိုးတက်ဖွံ့ဖြိုးရေးနဲ့ သာယာအေးချမ်းရေးကို တည်ဆောက်နိုင်ဖို့ အိပ်မက်မမက်နိုင်ဘဲ အိုးကွာအိမ်ကွာနှင့် သားကွဲမယားကွဲ၊ မောင်တလမ်း မယ်တစ်လမ်း ထွက်ပြေးပြီး တိုင်းကျော်ပြည်ကျော် ထွက်ပြေးရင်းနှင့်သာ မျိုးဆက် (၃) ဆက်ကျော် (၄) ဆက်အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ စစ်ဆိုတာဟာ တိုင်းပြည်ရဲ့ပြည်သူ့အသက်အိုးအိမ်ကို ပျက်စီးစေရုံသာမက နိုင်ငံရေးယဉ်ကျေးမှုကို အလွန်ယိုယွင်းစေပါတယ်။
မြန်မာပြည်ဟာ လူမျိုးအချင်းချင်းကြား သင့်တင့်မျှတအောင် မနေနိုင်ကြတာကြောင့်၊ လူမျိုးကြီးစိတ်နဲ့ အင်အားကြီးသော လူမျိုးက အားနည်သောလူမျိုးများကို ဖိနှိပ်မှုကြောင့် ပြည်တွင်းစစ် တောက်လောင်ခဲ့ကြရသလို၊ လူမျိုးတူသူများအချင်းချင်းကြားလည်း ဝါဒမတူမျှ၊ ဂိုဏ်းဂဏစွဲမှု၊ အချင်းချင်း ခေါင်းပုံဖြတ်မှုများကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်ကြရသည်။ ထို့ပြင် စစ်တပ်ကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအာဏာကို မက်မောမှုကြောင့် အရပ်သားအုပ်ချုပ်ရေးယန္တရားကို အဖန်တလဲလဲ အာဏာသိမ်းမှုကြီးဟာ တိုင်းပြည်ကို ဆင်းရဲတွင်းပိုနက်လာအောင် တွန်းချနေခဲ့သည်။
ထိုစစ်ကြီးများအတွင်းတွင် ကူရာကယ်ရာမဲ့အဖြစ်ရဆုံးဟာ အမျိုးသမီးနှင့် ကလေးတွေ ဖြစ်ပါတယ်။ စစ်ပွဲကြီးတစ်ခုမှာ မေ့လျော့ခံရဆုံးဟာ အမျိုးသမီးတွေ၊ မိခင်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် အယ်လ်စတိန်း ဆိုခဲ့တဲ့အတိုင်း လူ့ဘောင်အဖွဲ့အစည်းဟာ အမျိုးသားတွေရဲ့ ကလေးသူငယ်ဆိုင်ရာ ပြောဆိုခွင့်များနဲ့ အမျိုးသမီးတွေရဲ့ စစ်ရေးဆိုင်ရာ ပြောဆိုခွင့်များကို ပိတ်ပင် ထားလေ့ရှိပါတယ်။ဒါပေမယ့် စစ်ပွဲဆိုတာ လူ့ဘောင်အဖွဲ့အစည်းတခုလုံးရဲ့ လုံခြုံရေးကို တိုက်ရိုက် ထိခိုက်စေတဲ့ အရာဖြစ်တာကြောင့် အမျိုးသမီးများနဲ့ စစ်ပွဲများဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်နေပါတယ်။
“စစ်ပွဲဆိုတာ လူ့ဘောင်အဖွဲ့အစည်းတခုလုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေတဲ့ အရာဖြစ်တာကြောင့် အမျိုးသမီးများနဲ့ စစ်ပွဲများဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်နေပါတယ်”
ကမ္ဘာ့သမိုင်းတလျှောက်လုံးမှာ ဖြစ်ပွားခဲ့တဲ့၊ နိုင်ငံများအကြားက ပဋ္ဋိပက္ခစစ်ပွဲတွေနဲ့ ပြည်တွင်းစစ်တွေရဲ့၊ သားကောင်များဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ပဋ္ဋိပက္ခနဲ့ စစ်ပွဲများ ဖြစ်ပွားတဲ့အခါတိုင်းမှာ အမျိုးသမီးတွေဟာ မိမိတို့ မိသားစုဝင်တွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ တာဝန်တွေ၊ ဒဏ်ရာရသူတွေကို စောင့်ရှောက်ကူညီဖေးမရေး တာဝန်တွေနဲ့ တိုင်းပြည်ရဲ့စီးပွားရေး တည်ငြိမ်မှုဆိုင်ရာ ကြီးမားလေးလံတဲ့ တာဝန်တွေကို ပါဝင်ထမ်းဆောင်ကြရပါတယ်။
ဒီလိုကြီးလေးတဲ့ တာဝန်တွေကို တဘက်ကထမ်းဆောင်ရင်း ကိုယ်ရောစိတ်ပါ ပင်ပန်းကြရသလို၊ စစ်ထွက်နေကြတဲ့ အိမ်ထောင်ဖက်တွေ၊ ဖခင်တွေနဲ့ ရင်သွေးတွေအတွက် စိုးရိမ်ပူပန် သောကရောက်ကြရပြန်ပါတယ်။ ဒါတွေက စစ်မက်ဖြစ်ပွားရာ ဇုံမှာမဟုတ်ပဲ နောက်တန်းမှာ ကျန်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ဘဝအခြေအနေပါ။ စစ်မက်ဇုံမှာ ရောက်ရှိနေရတဲ့ အမျိုးသမီးတွေရဲ့ ဘဝများကတော့ ပိုပြီးဆိုးဝါးလှပါတယ်။
မိဘမောင်ဘွား သေကြေပျက်စီးမှုတွေ၊ ရင်သွေးငယ်ပျောက်ဆုံးမှုတွေ၊ အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးတွေစတဲ့ စစ်ပွဲရဲ့ အနိဌာရုံတွေကို ကြုံတွေ့ကြရရုံသာမက၊ အဓမ္မပြုကျင့်ခံရမှုတွေနဲ့ လိင်ကျေးကျွန်အဖြစ် သွတ်သွင်းခံရမှုတွေစတဲ့ လောကငရဲကိုပါ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။
ဂရိစစ်ပွဲ ဒဏ္ဍာရီတွေမှာ ပါခဲ့တဲ့ ဆာဘိုင်းအမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်းက အစပြုလို့၊ ၁၉၉၀ နှစ်များအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘော်လကန်ဒေသဆိုင်ရာ ပဋ္ဋိပက္ခတွေမှာ အမျိုးသမီးများ အဓမ္မပြုကျင့် သတ်ဖြတ်ခံရခြင်း ဖြစ်စဉ်တွေအထိ သမိုင်းဖြစ်ရပ်တွေဟာ စစ်ရဲ့သားကောင် အမျိုးသမီးများဘဝကို မီးမောင်းထိုးပြနေခဲ့ပါတယ်။ ရန်သူ့ဘက်တော်သားလို့ သတ်မှတ်ခံရတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့် မတရားစော်ကားမှုတွေဟာ စစ်ပွဲတွေရဲ့ လက်နက်တွေသဖွယ် အသုံးပြုခြင်းခံခဲ့ရပါတယ်။
ဒီလိုအဓမ္မပြုကျင့်မှု၊ အနိုင်ကျင့်စော်ကားမှုတွေနဲ့ ညှဉ်းပမ်းနှိပ်စက်မှု တွေဟာ အမျိုးသမီးများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုရာဇဝတ်မှုတွေကို တိုင်းပြည်တပြည်ရဲ့ တပ်မတော်ကနေ ကျူးလွန်တာဆိုရင် ဒါဟာ နိုင်ငံတော်ရာဇဝတ်မှုပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း (၂၀၀၀) ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ Resolution 1325, အပိုဒ် (၁၀) မှာ “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဖြစ်တဲ့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ရိုက်နှက်ညှဉ်းပမ်းမှု အပါအဝင် အကြမ်းဖက်မှု သဏ္ဍာန်မျိုးစုံရဲ့ အန္တရာယ်ကနေ ကင်းဝေးစေရေးအတွက်၊ လက်နက်ကိုင်စစ်ပွဲများမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းများအားလုံးမှ အမျိုးသမီးတွေကို အထူးဂရုပြု စောင့်ရှောက်ရေး ပြုလုပ်ရန် တောင်းဆိုချက်များ” ကို ဖော်ပြထားခဲ့ ပါတယ်။
လက်ရှိ စစ်အာဏာသိမ်းပြီးကာလမတိုင်ခင်နှင့် နှောင်းပိုင်းကာလမှာ မြန်မာပြည်အတွင်းမှာ စစ်ရေးဗျူဟာတစ်ရပ်အနေဖြင့် အမျိုးသမီးတွေကို မုဒိန်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို ပြောင်ပြောင်တင်းတင်း ကျုးလွန်ခဲ့ပါတယ်။ ဒါ့ပြင် လိင်ကျွန်အဖြစ် ရောင်းစားခံရမှုတွေ ပိုမိုများပြားလာသလို၊ မတရားခိုင်းစေခံရမှုလည်း ရှိပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာသည်နှင့်အမျှ ဖိုဝါဒဟာ အတိုင်းအတာ တခုအထိ ပိုမိုအားကောင်းလာပြီး အမျိုးသမီးပါဝင်မှုနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်စတဲ့ အမျိုးသမီး အခွင့်အရေးတွေကို အလေးမထားမှုတွေ ပိုမိုများပြားလာပါတယ်။ စစ်ရေးတစ်ရပ် ဖော်ဆောင်ဖို့ အတွက် ဆုံးဖြတ်ချက်ချရာမှာ ပြည်သူ့လုံခြုံရေးဟာလည်း အရေးတကြီး ထည့်သွင်း စဉ်းစားရမဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးမှာ အမျိုးသမီး လုံခြုံရေးကလည်း ပါဝင်ပါတယ်။
ထို့ပြင် အမျိုးသမီးတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အနေနဲ့ စစ်ရေးရာမှာလည်း အမျိုးသမီး တွေအနေနဲ့ စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်လိုပါက ဦးဆောင်ပါဝင်တိုက်ခိုက်ခွင့်ပေးဖို့ အရေးကြီး ပါတယ်။ အစဉ်အလာတွေအရ စစ်မက်ရေးရာတွေဟာ အမျိုးသားတွေရဲ့ အလုပ်သဖွယ် အများက ယူဆထားခဲ့ကြပေမယ့် အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး စစ်ပွဲကို ပါဝင်ရင်ဆိုင်ခဲ့ကြတဲ့ အမျိုးသမီးတွေလည်း ရှိခဲ့ပါတယ်။
၁၅ ရာစုနှစ်တုန်းက Joan of Arc ဆိုတဲ့ အမျိုးသမီးစစ်သူကြီးဟာ အင်္ဂလန်ကို သိမ်းပိုက်ချေမှုန်းဖို့အတွက် ပြင်သစ်စစ်သားတွေကို ဦးဆောင်ချီတက်ခဲ့ဖူးပါတယ်။ ယနေ့ခေတ်မှာဆိုရင်လည်း ၁၉၉၁ခုနှစ်၊ ပင်လယ်ကွေ့စစ်ပွဲကာလက စစ်မြေပြင်ကို သွားရောက် အမှုထမ်းခဲ့ကြတဲ့ အမျိုးသမီး ရဟတ်ယာဉ်ပိုက်လော့တွေ အများကြီး ရှိခဲ့ပါတယ်။
၂၀၀၃ခုနှစ်၊ အီရတ်စစ်ပွဲမှာဆိုရင် အမျိုးသမီးစစ်သည်တော်များဟာ မြေပြင်၊ ဝေဟင် စစ်ပွဲသဏ္ဍာန်မျိုးစုံမှာ ပါဝင်နေကြပါပြီ။ တိုက်ပွဲဝင်အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုများမှာဆိုရင် ပိုမိုသိသာစွာ မြင်တွေ့နိုင်ပါတယ်။ ဗီယက်နမ်၊ ပီရူး၊ အီတလီ၊ ပါလက်စတိုင်း၊ သီရိလင်္ကာနိုင်ငံများက လက်နက်ကိုင်တော်လှန်ရေးများမှာ အမျိုးသမီး စစ်သည်တော်များစွာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း လစ်ဘရယ်အမျိုးသမီးဝါဒီများက အမျိုးသမီးတွေမှာ နိုင်ငံရေးဇာတ်ခုံမှာ သာမက စစ်ပွဲတွေမှာပါ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အရည်အချင်းနဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ ရှိကြောင်း အဆိုပြုထားခဲ့ကြပါတယ်။ ဒီအဆိုကို အချို့သော ကမ္ဘာ့သမိုင်း ဖြစ်ရပ်များက သက်သေထူပေးခဲ့ပါတယ်။
၁၉၈၀ နှစ်များအတွင်းက ဗြိတိသျှ ဝန်ကြီးချုပ် မားဂရက်သက်ချာဟာ ဖော့ခ်လင်းကျွန်းစုများကို အာဂျင်တီးနားအစိုးရဆီက ပြန်လည် သိမ်းပိုက်နိုင်ဖို့ ဖော့ခ်လင်းစစ်ပွဲကို ဦးဆောင်ညွှန်ကြားခဲ့ပါတယ်။ အင်ဒရာဂန္ဒီဟာ ၁၉၇၁ ခုနှစ်မှာ စစ်မက်ကြားက အိန္ဒိယနိုင်ငံကို ဦးဆောင်အုပ်ချုပ်ခဲ့သလို၊ ၁၉၇၃ ခုနှစ်မှာလည်း ဂေါ်လ်ဒါမီးယာဟာ အစ္စရေးကို ဦးဆောင်အုပ်ချုပ်ခဲ့ပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် ဟိုလင်ဒေးလ်ဆိုခဲ့ဖူးသလိုပဲ “အမျိုးသားတွေကို စစ်သားတွေ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပြီး၊ အမျိုးသမီးတွေကို အကူသဘောသတ်မှတ်ချက်တွေ ဟာ တကယ်တော့ မှားယွင်းတဲ့ အယူအဆတွေသာ ဖြစ်ပါတယ်”။
လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း စစ်ရေးမှာ ဦးဆောင်ပါဝင်တိုက်ခိုက်နေကြတဲ့ အမျိုးသမီးအဖွဲ့များလည်း ရှိပါတယ်။ ထို့ပြင် သပိတ်အင်အားစုနဲ့ နိုင်ငံရေးရာအင်အားစုများမှာလည်း ဦးဆောင်နေတဲ့အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ရှေးအဆက်ဆက်ကလည်း အမျိုးသမီးတွေ အနေနဲ့ တောထဲတောင်ထဲမှာ၊ စစ်မြေပြင်တွေမှာ ပင်ပန်းဆင်းရဲမှုတွေကို ရဲရဲဝံ့ဝံ့အံတုနိုင်ခဲ့ကြတဲ့ သူတွေ အများကြီး ရှိပါတယ်။
အမျိုးသမီးတွေဟာ တိုင်းပြည်အတွက် လိုအပ်လာတဲ့အခါမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နိုင်တယ်ဆိုတာ ထင်ရှားလှပါတယ်။ နိုင်ငံတခုရဲ့ စစ်ရေးကိစ္စတွေ၊ ကာကွယ်ရေးကိစ္စရပ်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးရာတွေမှာ အမျိုးသမီးများရဲ့ ပြောရေးဆိုပိုင်ခွင့် အခွင့်အလမ်းတွေလည်း ရရှိရမှာ ဖြစ်ပါတယ်။
စစ်မက်ရေးရာ ဖြစ်ပွားမှုတိုင်းမှာ အမျိုးသမီးတွေလည်း တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ဖြစ်ဖြစ် ပါဝင်ပတ်သက်ကြ ရတာမို့ အမျိုးသမီးများရဲ့ အသံကို နားမထောင်ပဲ အမျိုးသားများကပဲ ဆုံးဖြတ်လုပ်ကိုင်မယ်ဆိုရင် ဒါဟာအမျိုးသမီးများကို တဖက်သတ်အနိုင်ကျင့် စော်ကားရာကျပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ စစ်ရဲ့ ဓားစာခံဘဝမရောက်ရှိစေဖို့ အရေးကြီးသလို၊ အမျိုးသားလုံခြုံရေးဆိုင်ရာ၊ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ စစ်ရေးဆုံးဖြတ်ချက်များမှာ ပါဝင်နိုင်ဖို့ အရေးဟာလည်း နိုင်ငံတခုရဲ့ ကံကြမ္မာအတွက် အရေးကြီးပါတယ်။ ဒါကြောင့် စစ်ရေး၊ နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ ဆုံးဖြတ်ချက်ချမှုကို အရေးတကြီးအလေးထားဖို့ လိုကြောင်း ဆော်ဩလိုက် ရပါတယ်။
“စစ်မက်ရေးရာ ဖြစ်ပွားမှုတိုင်းမှာ အမျိုးသမီးတွေလည်း တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ဖြစ်ဖြစ် ပါဝင်ပတ်သက်ကြရတာမို့ အမျိုးသမီးများရဲ့ အသံကို နားမထောင်ပဲ အမျိုးသားများကပဲ ဆုံးဖြတ်လုပ်ကိုင်မယ်ဆိုရင် ဒါဟာအမျိုးသမီးများကို တဖက်သတ်အနိုင်ကျင့် စော်ကားရာ ကျပါတယ်”
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
-
- Published on
ရေးသားသူ- Liliane
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
အမျိုးသမီးနဲ့ နိုင်ငံရေး ဆိုတဲ့အကြောင်းအရာခေါင်းစဉ်ဟာ မြန်မာနိုင်ငံမှာသာမကဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ထဲထဲဝင်ဝင်ပြောဆိုဆွေးနွေးလာကြတဲ့ ခေါင်းစဉ် ဖြစ်လာပါတယ်။ မဝေးတဲ့အတိတ်ကာလမှာ နိုင်ငံရေးရာ ဆွေးနွေးမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အမျိုးသမီးတွေကို ပါဝင်စေဖို့ လိုအပ်ကြောင်း အထူးတလည် မစဉ်းစားခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ နိုင်ငံရေးရာမှာ မဖြစ်မနေ ပါဝင်လာစေဖို့၊ ဆုံးဖြတ်ချက်မှာ ပါဝင်လာစေဖို့ ဘာကြောင့် အရေးတကြီး လှုပ်ရှားတောင်းဆိုမှု ပြုလာကြသလဲ ဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။
တချိန်တည်းမှာ လက်ရှိအချိန်အထိ နိုင်ငံရေးနှင့် အမျိုးသမီးဟာ မနီးစပ်သေးဘဲ ဘာကြောင့် အလှမ်းဝေးနေဆဲလည်း ဆိုတာက အလေးထား သုံးသပ်သင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူ၊ အားနွဲ့သူတွေလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ လုပ်ငန်းခွင်အတွင်းမှာပါ အမျိုးသားတွေအပေါ်မှာ မှီခိုနေရသူများအဖြစ် သတ်မှတ်ပြီး တဆင့်နိမ့် ခွဲခြားဆက်ဆံကြတာကို လူ့အသိုက်အမြုံတစ်ခုလုံးက တိုးတိုး တမျိုး၊ ကျယ်ကျယ်တဖုံ လက်ခံနေကြပါတယ်။
အမျိုးသမီးတွေကို မျိုးဆက်ပြန့်ပွားရေး၊ အိမ်တွင်းမှုကိစ္စတွေ လုပ်ကိုင်ဖို့အတွက်ဘဲ သတ်မှတ်ထားပြီးတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ တချိန်တည်းမှာ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးသူတွေအဖြစ် ယူဆပြီး နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ခွင့်မှာ ကန့်သတ်ထား ကြပါတယ်။ အမျိုးသမီးတွေကို နိုင်ငံရေးရာပါဝင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘာကြောင့် မကန့်သတ်သင့်တာပါလဲ။
နိုင်ငံရေးရာပါဝင်ခွင့်လို့ ပြောရင် လူပုဂ္ဂိုလ်တဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေ အပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလည်း ရှိမှာဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ ထုံးတမ်းစဉ်လာ နိုင်ငံရေးလုပ်ငန်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်တမျိုးကတော့ အဲဒီလို ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ နိုင်ငံရေး အပြောင်းအလဲကြောင့် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတွေ၊ နိုင်ငံရေးဆန္ဒပြပွဲ၊ ထောက်ခံပွဲတွေမှာ ပါဝင်တာ ဖြစ်ပါတယ်။
“အမျိုးသမီးတွေကို နိုင်ငံရေးပါဝင်ခွင့်ပေးကြောင်း တွင်တွင်ပြောနေကြပေမဲ့ အာဏာရနေတဲ့ ပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်တာကိုလည်း မြင်တွေ့ကြရပါတယ်”
နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားမှုအပေါ် ကန့်သတ်ချက် တွေ အများကြီး ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်းကာလရောက်လာချိန်မှာ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ ပိုမိုဘောင်ကျယ်လာပြီး၊ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဦးဆောင်လှုပ်ရှားလာတာကို လူမှုအဝန်းအဝိုင်းက ပိုမိုလက်ခံလာခဲ့ ကြသည်။
အမျိုးသမီးတွေရဲ့ တက်ကြွလှုပ်ရှားနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို၊ ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန် အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလည်း ပေါ်ထွက်လာပါတယ်။
ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ လူ့မှုအဝန်းအဝိုင်းမှာ အမျိုးသားဦးဆောင်သော နိုင်ငံရေးအဖြစ် မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ထို့ပြင် အမျိုးသမီးတွေကို နိုင်ငံရေးပါဝင်ခွင့်ပေးကြောင်း တွင်တွင်ပြောနေကြပေမဲ့ အာဏာရနေတဲ့ ပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်တာကိုလည်း မြင်တွေ့ကြရပါတယ်။
မြန်မာနိုင်ငံအပါအဝင် တချို့သောနိုင်ငံတွေမှာဆိုရင် ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေသတ်မှတ်မှုတွေ၊ ဘာသာတရား အဆိုအမိန့်တွေကို အသုံးပြုပြီး၊ အမျိုးသားတွေက အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူး ဆိုတာမျိုးတွေနဲ့ လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ ပျံ့နှံ့နေဆဲပဲ ဖြစ်ပါတယ်။ ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းမှာ မိခင်၊ ဇနီးမယားအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ ပြင်ပဝန်းကျင် အဝန်းအဝိုင်းမှာ ပါဝင်ပတ်သက်စေတာတွေ ရှိနေစေခဲ့ပါတယ်။
နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှု တွေမှာ အမျိုးသားတွေကသာ ဦးဆောင်လွှမ်းမိုးချုပ်ကိုင်ခြင်းဟာလည်း အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှုကို အကန့်အသတ်ဖြစ်စေပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေနေရာမှာ၊ အစိုးရယန္တရားမှာ အမျိုးသားအများစုက ဦးဆောင်နေတာ၊ ပါဝင်စီမံနေတာကြောင့် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေတဝက်ကျော် ရှိတဲ့ အမျိုးသမီးတွေရဲ့ လိုလားတဲ့ဆန္ဒနဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုထားတာနဲ့ အတူတူဘဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေဟာ လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်နွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို နိုင်ငံရေးရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။
ဒီလိုအတွေးအခေါ်တွေ၊ လုပ်ဆောင်မှုတွေကြောင့် ကိုယ့်ဘဝအပေါ်မှာပါ သက်ရောက်မှု ရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းခဲ့ကြတာပါ။ တကယ် တော့ ဒီလိုအတွေးခေါ်တွေ၊ လုပ်ဆောင်မှုတွေဟာ တိုးတက်ခေတ်မှီတဲ့နိုင်ငံကြီးတွေမှာလည်း ရှိခဲ့ဖူးတာပါပဲ။ ဒီနိုင်ငံကြီးတွေမှာလည်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာမှ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့အခွင့်အရေးတွေ ရရှိလာခဲ့ကြ တာပါ။
ကျွန်မတို့တိုင်းပြည်မှာကျတော့ ဒီလိုအတွေးအခေါ်တွေ၊ အယူအဆတွေရဲ့ လွှမ်းမိုးမှုတွေတင် သာမက အုပ်ချုပ်သူလူတန်းစားတွေရဲ့ ဖိနှိပ်မှုတွေကပါ အပိုထပ်ဆောင်းလာပါတယ်။ အမျိုးသားများ သာပါဝင်တဲ့ စစ်တပ်ကသာ တိုင်းပြည်အာဏာကို သိမ်းယူထားတာကြောင့် အမျိုးသမီးများရဲ့ အစိုးရ အဖွဲ့ဝင်အဖြစ် နိုင်ငံရေးပါဝင်ပတ်သက်နိုင်မှု အခွင့်အရေးဟာ ပိုလို့တောင် ဆုံးရှုံးသွားရပါတယ်။
စစ်အာဏာရှင်ကို တွန်းလှန်ရာမှာလည်း အမျိုးသမီးတွေကို ဦးဆောင်ခွင့်မပေးဘဲ အနောက်တန်းကို တွန်းပို့တတ်တဲ့အမူအကျင့်တွေဟာ တော်လှန်ရေးကို အားပျော့စေပါတယ်။ နိုင်ငံရဲ့ လူဦးရေတဝက် ကျော်ဟာ အမျိုးသမီးများဖြစ်တာကြောင့် အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခွင့်အရေးကို ပိတ်ပင်ထားခြင်းဟာ စစ်အာဏာရှင်ဖြိုချရေးနဲ့ ဖက်ဒရယ်စနစ် တည်ထောင်နိုင်ရေး အတွက် ပိုပြီး နှောင့်နှေးစေပါတယ်။
“လူဦးရေ တဝက်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်”
တကယ်တော့ လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လူဦးရေ တဝက်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်း နေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ် ပွင့်လာဖို့က အမျိုးသမီး တွေအပေါ်မှာလည်း အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ဝိုင်းဝန်း ဖယ်ရှားကြရင်း ပိုမိုစုံလင်တဲ့ စုစည်းညီညွတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
ရေးသားသူ- CG’s Kēlì
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
စစ်အာဏာသိမ်းမှုပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေ နေ့စဉ်နဲ့အမျှ တိုးပွားလျက်ရှိပြီး ဒါတွေကို ကာကွယ်နိုင်ဖို့နဲ့ လျှော့ချနိုင်ဖို့ ထိရောက်တဲ့ အစီအမံတွေ လိုအပ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက် ရက်စက်ကြမ်းကြုတ်ယုတ်မာပြီး လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေမှာ စစ်တပ်ရဲ့ လိင်အကြမ်းဖက်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးပေါင်းများစွာ ရှိပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ထိလွယ်ရှလွယ်အုပ်စုတွေဖြစ်တဲ့ တိုင်းရင်းသားလူနည်းစု၊ ဘာသာခြားနဲ့ မသန်စွမ်းအမျိုးသမီးတွေက လိင်အကြမ်းဖက်မှုရဲ့ အဓိကသားကောင်တွေ ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး အရှိန်အဟုန်မြင့်လာတာနဲ့အမျှ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ခပ်စိပ်စိပ်ဖြစ်ပွားလျက် ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပစ်မှတ်ပါမချန် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အစစ်ဆေးအမေးမြန်းမရှိ၊ ထင်ရာမြင်ရာ ဖမ်းဆီးမှုတွေကြောင့် နိုင်ငံတဝှမ်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေ များပြားလာသလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကလည်း တရိပ်ရိပ်တက်လာနေပါတယ်။
စစ်အာဏာရှင်ကို ရွံ့ရွံ့ချွန်ချွန် ပြန်လည်ဆန့်ကျင်တိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ပိုမိုဖြစ်ပွားလာတာ တွေ့ရတယ်။ စစ်ကြောရေး တွေမှာဆိုရင်လည်း အမျိုးသမီးတွေအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ အကြမ်းဖက်မှုတွေ ဆိုးရွားစွာ ကြုံတွေ့ခံစားရပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အရှင်လတ်လတ် ငရဲခန်းတွေ ဖြစ်လာခဲ့တယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေဟာလည်း စစ်တပ်ရဲ့ လူမဆန်စွာ ရက်ရက်စက်စက် လိင်အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အကြမ်းဖက်စစ်တပ်က တော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ရွံရှာစက်ဆုပ်ဖွယ် လိင်အကြမ်းဖက်မှုတွေကို စစ်နည်းဗျူဟာတစ်ခု၊ လက်နက်တစ်ခုအနေနဲ့ တမင်တကာရည်ရွယ်ချက် ရှိရှိ စနစ်တကျ ကျူးလွန် နေတာကို တွေ့ရပါတယ်။
“အကြမ်းဖက်စစ်တပ်က တော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ရွံရှာစက်ဆုပ်ဖွယ် လိင်အကြမ်းဖက်မှုတွေကို စစ်နည်းဗျူဟာတစ်ခု၊ လက်နက်တစ်ခုအနေနဲ့ တမင်တကာရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်နေတာကို တွေ့ရပါတယ်”
တစ်ဖက်မှာလည်း လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားရှိပြီး နစ်နာသူတွေကို ပြန်လည်ကုစားပေးဖို့ အမှန်တရားရှာဖွေကာ တရားမျှတမှုဖော်ဆောင်ပေးဖို့အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖြစ်စဉ်မှာ ကျူးလွန်သူတွေကို ပြန်လည်ဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းကာလ ၂ နှစ်နဲ့ ၈ လအတွင်းမှာ လိင်ပိုင်းဆိုင်ရာ ထိခိုက်၊ အကြမ်းဖက်ခံရသူဦးရေ (၂၂၃) ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ မြေပြင်အခြေအနေမှာ ဒီထက်မက ပိုများဖို့ပဲ ရှိပါတယ်။
ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူအပြစ်ပေးနိုင်ခြင်းမရှိတာကြောင့် အကြမ်းဖက်မှုရဲ့ နစ်နာသူတွေကတော့ ယနေ့အချိန်ထိ တရားမျှတမှုကို မရရှိသေးပါဘူး။ တရားမျှတမှုကိုရှာဖွေဖို့ ထုတ်ဖော်ပြောဆိုရာမှာလည်း အတားအဆီးတွေ အများကြီး ကြုံတွေ့နေရ ပါတယ်။ အကြမ်းဖက်မှုခံရရင်တောင် လျစ်လျူရှုခံရတာ၊ မိသားစု၊ မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှာ၊ အရှက်ရမှာစိုးရိမ်တဲ့အတွက် အသံကျယ်ကျယ်မထွက်ရဲကြတော့ဘဲ နှုတ်ဆိတ်နေလိုက်ရတာတွေ ရှိလာခဲ့တယ်။
မြန်မာနိုင်ငံမှာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခုဖြစ်လာခဲ့ရင် နစ်နာသူ အမျိုးသမီးကို ကျူးလွန်သူနဲ့ အတင်းအကြပ် လက်ထပ်စေတာ၊ အကြမ်းဖက်မှုကြောင့် မလိုလားအပ် ဘဲ ရရှိလာတဲ့ ကလေးကို မွေးဖွားစေတာက ထုံးစံတခုလို ဖြစ်နေခဲ့တယ်။ အကျိုးဆက်က အကြမ်းဖက်ခံရမှုကြောင့် မွေးဖွားလာသူတွေမှာ နာမည်ဆိုးတပ်ခံရတာ၊ ခွဲခြားဆက်ဆံခံရပြီး ဘဝတလျှောက်လုံး အရှက်တရားနဲ့ နေထိုင်ရတာတွေ ဖြစ်လာခဲ့ရတယ်။ နစ်နာသူကို လက်ညှိုးထိုး၊ ကဲ့ရဲ့အပြစ်တင်ရှုံ့ချတာတွေမလုပ်ဘဲ သူတို့ရဲ့လုံခြုံမှုကို ထောက်ပံ့ပေးနိုင်ပြီး အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်မှာ နေထိုင်လာရတော့ မြန်မာ့ယဉ်ကျေးမှုမှာက ဖခင်ကြီးစိုးတဲ့စနစ်က အမြစ်တွယ်လျက်ရှိပြီး အမျိုးသားနဲ့ အမျိုးသမီးကြားမှာ တန်းတူညီမျှမှုမရှိဘဲ အမျိုးသားတွေကသာ လွှမ်းမိုးတဲ့ဓလေ့ထုံးတမ်းအစဉ်အလာတွေက နေသားတကျရှိနေခဲ့တာ ကြာခဲ့ပါ ပြီ။ ခေါင်းဆောင်မှုအပိုင်းနဲ့ ဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ ဖယ်ထုတ်ခံရတာ ကြောင့် ကျား၊မ အခြေပြုခွဲခြားဆက်ဆံမှုနဲ့ တန်းတူမညီမျှမှုတွေကနေ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုနဲ့ ပဋိပက္ခတွင်း လိင်အကြမ်းဖက်ခံရမှုတွေဆီကို ဦးတည်လာခဲ့တယ်။
ဥပဒေအရ အကာအကွယ်ပေးမှု အားနည်းတဲ့အတွက် အမျိုးသမီးတွေကို အကာအကွယ် ပေးတဲ့ မူဝါဒတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်တွေ ချမှတ်ပေးတာ စတဲ့ ဥပဒေအရ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ ကိုယ်စားပြုမှုကို မြှင့်တင်ပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။
လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေ၊ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေရနိုင်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်ပံ့ပိုးမှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့လိုပါတယ်။
တစ်ဖက်မှာဆိုရင်လည်း အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ ပြည်တွင်း အဖွဲ့အစည်းတွေအတွက် အာဏာသိမ်းကာလမှာ ထောက်ပံ့အကူအညီပေးရေးကိစ္စတွေ လုပ်ဆောင် ရာမှာ ငွေရေးကြေးရေး၊ နည်းပညာ၊ ဥပဒေပိုင်းဆိုင်ရာ အခက်အခဲတွေ၊ အကန့်အသတ်တွေ ရှိနေတာ ကြောင့် ထောက်ပံ့မှုပေးတာမျိုးတွေ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။
ယခုကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနက ဦးဆောင်လမ်းညွှန်မှုနဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး လူထုလှုပ်ရှားမှုနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ စကားဝိုင်းဆွေးနွေးပွဲ၊ ဟောပြောပွဲနဲ့ ကမ်ပိန်းတွေ ပြုလုပ်နေတာကလည်း တကယ်ထိရောက်ပြီး ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။
“ပဋိပက္ခစစ်ပွဲကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး အတွက် ထိရောက်တဲ့ အစီအမံတွေကို ချမှတ်ဆောင်ရွက်ကြဖို့နဲ့ အားလုံးတက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်”
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
ရေးသားသူ- မာယာ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
အာဏာရူးတဲ့ ဖက်စစ်ဘီလူးကြောင့်
မိုင်ပေါင်းများစွာ ဝေးကွာနေရတဲ့ အိမ်....
ရီသံတိတ်လို့ ငိုစိမ့်တယိုယို
ထမင်းဝိုင်းတွေ လူမစုံတော့တဲ့ အိမ်....
တရားမျှတမှုတွက် လက်နက်စွဲကိုင်ပြီး
တိုက်ပွဲဝင်သွားတဲ့ သားငယ်ပြန်အလာကို
သပြေပန်းကိုင်ပြီးမျှော်နေတဲ့ အမေအိုရှိတဲ့ အိမ်....
လက်နက်ကြီးပစ် အိမ်မီးရှို့လို့
ငိုယိုနေတဲ့ ပြည်သူတွေ ပြန်စရာမရှိတော့တဲ့ အိမ်....
ဘယ်အချိန်အဆုံးသတ်မလဲ မသိတဲ့ တိုက်ပွဲတွေတိုက်ရင်း
ညနေ နေဝင်ချိန်တိုင်း ရဲဘော်တွေ ပြန်ချင်နေတဲ့ အိမ်....
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
-
- Published on
ရေးသားသူ- စုသွေးနီ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
မျက်ရည်ခရင်ပလိန်း ကိတ်တစိတ်
ဒုက္ခချောကလက်ညှပ် ဆင်းဒွပ်တချပ်
သောက်နေကြကော်ဖီတခွက်
သောကပျစ်ပျစ်နှစ်နှစ်နဲ့ ….။
ခါးသီးတဲ့ဘဝတွေရောရှိတ်
မနက်အစောစာ မုန့်ဟင်းခါး
မုန့်တွေ ဟင်းတွေမခါးပါစေနဲ့
ထမင်းတွေကော ရှားနေမလား။
ဘီယာတခွက် ဝိုင်တပတ်နဲ့
ဟက်တက်ကွဲနေတဲ့အသဲတွေနဲ့
လဲမယ်ဆိုလည်း သဘောပဲ။
ပျော်ရွှင်စရာဆိုတာ လူတချို့အတွက်ပဲလား
မှိန်ဖျော့ဖျော့အနာဂတ် ဘယ်သူ့လက်မှာလဲ
သေနတ်နဲ့ တိုက်သူကတိုက်
ပါးစပ်နဲ့ တိုက်သူကတိုက်
တချို့က အလိုက်အထိုက်
တချို့တွေက အင်တိုက်အားတိုက်
တချို့ကတော့ ကန့်လန့်တွေတိုက်
တချို့တွေက အချင်းချင်းခိုက်။
ပြည်သူတွေ တော်လှန်ရေးအတွက်ကူ
တော်လှန်ရေးက ပြည်သူတွေအတွက်ပူလို့
အတူတူရုန်းကန် လွမ်းစရာကျန်မှမကျန်တော့တာ
ဘဝဆိုတာတိုက်ပွဲတဲ့
ဒီမှာတော့တိုက်ပွဲတွေက ဘဝဖြစ်လို့။
ကျဆုံးသူတို့ရင်ပြင်နီမှာ ပန်းတွေမဝေရသေးခင်
ဒေါနတောင်ကြောတလျှောက်
ယမ်းတွေခြွေနေရအုံးမှာပဲ ….။
ငါတို့ပိုင်တဲ့တချောင်းတည်းသော အသက်တွေလောင်းကြေးထပ်
အမှန်တရားပေါ် မတ်မတ်ရပ်
မယိုင်နဲ့ မနဲ့နဲ့ စွဲကိုင်ထားတဲ့ယုံကြည်ချက်
ကမ္ဘာကြီးကျွတ်တန်းဝင်ချိန် မဝေးတော့ပြီမို့
ဒီတချီ အပီသာနွှဲ နောက်ပွဲလည်းမချန်
ပြန်ချိန်တန်ရင် နာကျင်စရာတွေမကြုံချင်
သိက္ခာကိုသာတင်းတင်းခြုံထား လိပ်ပြာကလုံပြီးသား။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media