ရေးသားသူ- Yee Yee
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။


သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ရှေးယခင်က အမျိုးသမီးများ၏အခန်းကဏ္ဍမှာ ယနေ့ကာလနှင့် စာလျှင် များစွာ မှေးမှိန်ခဲ့ရသည်ကို တွေ့ရပေမည်။ အမျိုးသမီးများနေ့ကို သတ်မှတ်၍ ဂုဏ်ပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်လာပြီ ဖြစ်သော်လည်း အမျိုးသမီးများ၏အခန်းကဏ္ဍကို များစွာထပ်မံ၍ တိုးမြှင့်ဖို့ လိုအပ်ပါသေးသည်။ယခင်ခေတ်ကမူ မဟာယောက်ျားကြီးဝါဒဟု တင်စားနိုင်သော ခေတ်ဖြစ် သောကြောင့် အရာရာတွင် အမျိုးသားများကသာ ဦးဆောင်ပြီး၊ အမျိုးသမီးများကို သိမ်ဖျဉ်းသော လူသား မျိုးစိတ်တစ်ခု သဖွယ် သဘောထားပြီး နှိမ်ချဆက်ဆံထားသည်ကို တွေ့ခဲ့ရမည်ဖြစ်သည်။

ပြန်စဉ်းစားကြည့်တော့လည်း ထိုခေတ်ထိုအခါက ခွန်အားကို အသုံးပြု၍ တိုက်ရဲခိုက်ရဲ၊ သတ်ရဲဖြတ်ရဲ စိတ်ကြမ်း ကိုယ်ကြမ်းသူများသာ တွင်ကျယ်နိုင်သော ခေတ်ဖြစ်သဖြင့် နူးညံ့သိမ်မွေ့၍ ရှက်ရွံ့ကြောက်ရွံ့တတ်သော အမျိုးသမီးများ အနောက်ရောက်ခဲ့ရသည်မှာ မဆန်းဟု စဉ်းစားကြည့်နိုင်ပါသည်။

သမိုင်းမတင်မီခေတ်ကစပြီး ၁၉ ရာစုထိတိုင်အောင် အမျိုးသမီးများသည် စာတတ်ရန်မလို၊ ဦးဆောင်သူနေရာမှာထားရန် စိတ်ကူးပင်မရှိ နောက်လိုက်ဘဝ၊ မီးဖိုချောင်ဝင်၊ မိသားစုစားသောက်ရန် ချက်ပြုတ်၊ အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်၊ ကလေးမွေး၊ မွေးလာသော ကလေးများကို ပြုစုစောင့်ရှောက် စသည်များကသာ အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍဖြစ်ခဲ့ရသည်။ အမျိုးသမီးတို့ဘဝကို ဒုတိယတန်းစာလိင်၊ လူသားအဖြစ် သတ်မှတ်ခဲ့ကြသလို အောက်တန်း၊ နောက်တန်းကျခဲ့ရသည်။အမျိုးသားများ၏ အနိုင်ကျင့်၊ အနှိမ်ခံ၊ ကျေးကျွန်သာသာ ဘဝမှာသာ ရပ်တည်ခဲ့ကြရသည်။

အချို့ဆိုလျင် ကိုယ်ပိုင်လွတ်လပ်သော ဘဝမရှိ လိင်ကျေးကျွန်၊ အဖျော်ဖြေခံများ ဘဝနှင့်ပဲ ရောင့်ရဲကျေနပ်ခဲ့ကြရသည်။ အမျိုးသမီးများသည် အလှအပမက်၍ သာယာလှပမှုများနှင့်သာ မွေ့လျော်သည်၊ သဘောထားသေးသိမ်သည် ဦးစီးခေါင်းဆောင် နိုင်သော အရည်အချင်းမရှိဟု သတ်မှတ်ခံခဲ့ရသည်။ နိုင်ငံများစွာ၏ ရာဇဝင်တွင် ထူးချွန်ထက်မြက်သော ဘုရင်မများ၊ မိဖုရားများ ပေါ်ထွန်းခဲ့ဖူးသော်လည်း လက်ချိုးရေတွက်နိုင်သော လူနည်းစုသာ ဖြစ်သည်။

ထိုသို့ နေလာရာကစ၍ ၂၀ ရာစုနှစ်အစပိုင်းကစ အမျိုးသမီးများ အသိအမြင် တိုးတက်လာပြီး အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိရေး တိုက်ခိုက်တောင်းဆိုလာသည်။ ဒုတိယကမ္ဘာစစ်မီးကြီး တစ်ကမ္ဘာလုံးတောက်လောင်ချိန်တွင် စစ်ကြောင့် အမျိုးသားအများအပြား သေဆုံးကုန်ကြရသောကြောင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ စတင်လူရာဝင်လာခဲ့သည်။

အစပိုင်းတွင် နောက်တန်းမှ ပံ့ပိုးပေးရသော သူနာပြုလို၊ ရုံးစာရေး စာချီလို နေရာမျိုးတွင်သာ အမျိုးသမီးများ နေရာ ယူလာနိုင်သော်လည်း၊ နောက်ပိုင်းတွင် အမျိုးသမီးများ အနေဖြင့် အဆင့်မြင့် ပညာ သင်ကြားခွင့်များ၊ ပြင်ပ ဗဟုသုတ လေ့လာခွင့်များ၊ မိသားစုအတွက် ဦးဆောင် ဝင်ငွေရှာရသော အပြင်ထွက်၍ အလုပ်လုပ်ခွင့်များ၊  ရရှိလာသောကြောင့် သူတို့၏ အတွေးအမြင်များလည်း ပိုမိုကျယ်ပြန့်လာသည့်အတွက် တဖြည်းဖြည်းချင်း ပိုမိုရှေ့တက်၍ တာဝန်ပိုယူရသော ကဏ္ဍများတွင်ပါ နေရာရသည်ထက်ရလာကြသည်။

ဝင်ငွေရှာရသော အလုပ်သမား ဝန်ထမ်းများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်ရသော ဘဝတွင် လည်း အစပိုင်းတွင် အမျိုးသားဝန်ထမ်းများကဲ့သို့ အခကြေးငွေမရကြဘဲ လုပ်ခနည်း အောက်ခြေသိမ်း ဝန်ထမ်း များ အဖြစ်သာ အလုပ်လုပ်ခွင့်ရခဲ့ကြလေသည်။အမျိုးသမီးများ ခံစားရသော အာဝေနိက ဒုက္ခငါးပါးဖြစ်သော လစဉ်ဓမ္မတာလာခြင်း၊ အိမ်ထောင်ထိမ်းသိမ်း ရခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်း၊  သားသမီးမွေးဖွားရခြင်း၊ စသည့် ကိစ္စများသည် အားနည်းချက်ဟု ယူဆကြသည့်အတွက် အမျိုးသမီးဝန်ထမ်းများ ကို နေရာမပေးဘဲ ထိုသို့ တာဝန်ယူရမှုနည်းသည့် ဝေယျာဝစ္စ အလုပ်များသာ ခန့်အပ်ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထို့အပြင် အမျိုးသမီးက မိမိထက်ရာထူး ပိုကြီးနေခြင်း၊ အမျိုးသမီးအရာရှိက အမိန့်ပေးစေခိုင်းခြင်းကို မလိုက်နာလိုကြ ခြင်း စသည့် ရှေးရိုးစွဲစိတ်များကလည်း အမျိုးသမီးများ ရာထူးနေရာကြီးကြီးရဖို့ အဟန့်အတား ဖြစ်ခဲ့သည် ဟု ဆိုရမည် ဖြစ်သည်။

သို့ရာတွင် အမျိုးသမီးများ တန်းတူအခွင့်အရေး ရလာသည်နှင့်အမျှ စာပေလေ့လာ သင်ကြားခြင်း၊ လုပ်ငန်းခွင်တွင် စွန့်စားလုပ်ကိုင်ခြင်း၊ အမျိုးသားအမျိုးသမီးခွဲခြားမှု အကန့်အသတ်မရှိ လုပ်ဆောင်ခွင့်များ ရလာသောအခါ ကိုယ်ခန္ဓာဖွဲ့စည်းပုံ မတူသည်မှလွဲ၍ အမျိုးသမီးများသည်လည်း အမျိုးသားများတန်းတူ လုပ်ဆောင်နိုင်ကြကြောင်း သက်သေပြလာနိုင် ခဲ့ကြသည်။  ထိုထက်မက အမျိုးသားများထက် သာလွန်သော အမျိုးသမီးများ၏ အရည်အချင်းများ များစွာရှိကြောင်းကို သတိထားမိ လာကြသည်။

အမျိုးသမီးများတွင်သာရှိသော မိခင်စိတ်က အမျိုးသားဝန်ထမ်းများကဲ့သို့ လုပ်ငန်းခွင်အတွင်း ခိုက်ရန်ဖြစ်ပွားကြခြင်း၊ စကားများကြခြင်း၊ ရာထူးလုကြခြင်း စသည့် ရုန်းရင်ဆန်ခတ်မှုများ မရှိစေသလို ခင်မင်ရင်းနှီး ကြင်နာမှုများ၊ စာနာသနားတတ်သော စိတ်များက ဝန်ထမ်းအချင်းချင်းကြား နွေးထွေးသော ဆက်ဆံမှု နှင့် လုံခြုံသော လုပ်ငန်းခွင် အခြေအနေကိုပါ ဖန်တီးပေးနိုင်သည်ကို တွေ့ရှိလာခဲ့သည်။

အမျိုးသမီးများသည် အမျိုးသားများထက် လုပ်ငန်းခွင်စည်းကမ်းများကို ပိုမိုလေးစားလိုက်နာ ကြပြီး၊ အလုပ်လုပ်ရာတွင်လည်း ပိုမိုစေ့စပ်သေချာသလို၊ စိတ်ရှည်ဇွဲသန်မှုလည်း အမျိုးသားများထက် သာလွန် ကြောင်း တွေ့လာခဲ့ကြသည်။ အမျိုးသမီးများသည် အထက်အရာရှိ၏စေခိုင်းမှုကို လိုက်နာရာတွင်လည်းကောင်း၊ ပေးအပ် ထားသော တာဝန်ကိုကျေပွန်ရာတွင်လည်းကောင်း လုပ်ငန်းခွင်နှင့် မိသားစုအရေး ချိန်ခွင်လျှာတည့်အောင် မျှမျှတတ လုပ်နိုင်သော အရည်အချင်းများရှိကြောင်းလည်း တွေ့လာခဲ့သည်။

အမျိုးသမီးများသည် လက်တွေ့ဘဝတွင် အမျိုးသားများလောက် ဗာဟီရ မများကြောင်း၊ သူတို့တွင် မိတ်ဆွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း၊ အရက်ဝိုင်းဖွဲ့ခြင်း၊ ဘောလုံးပွဲသွားခြင်း၊ လောင်းကစားခြင်း စသည့် အမျိုးသားများ ကဲ့သို့ အပြုအမူအကျင့်စရိုက်များ မရှိကြောင်းလည်း တွေ့လာခဲ့သည်။အဖွဲ့အစည်းပိုင်/ ကုမ္ပဏီပိုင်ပစ္စည်း များကို အလေအလွင့် မရှိ၊ အလဟဿ ဖြုန်းတီးခြင်း မရှိအောင် ချွေတာ သုံးစွဲရာတွင်လည်း အမျိုးသမီးများက သာလွန်ကြောင်း တွေ့လာခဲ့ကြသည်။ အဆိုပါ အရည်အချင်းများကြောင့်ပင် အမျိုးသမီး ဝန်ထမ်းများသည် အဖွဲ့အစည်း/ကုမ္ပဏီများ မှ အလေးထား အားကိုးရသည့် လူသားအရင်းအမြစ် များအဖြစ် အလိုလို ရှေ့တန်းသို့ရောက်ရှိလာခဲ့သည်။

ထိုသို့ အရည်အချင်းများသာမက နင်လားငါလား လုပ်ကိုင်လာကြသောအခါ အမျိုးသမီးများ သည် ယခင်က ထင်ထားသကဲ့သို့ ကာယအား၊ ဉာဏအား သေးငယ် အားနွဲ့သူများ မဟုတ်ကြောင်းလည်း သက်သေပြလာခဲ့သည်။ (အမျိုးသမီးများ ခံစားရသည့် အာဝေနိက ဝေဒနာကို ယောက်ျားများ တစ်ရက်မျှခံစားရလျင်ပင် အသက်သေဆုံးနိုင်သည်၊ ခံနိုင်မည် မဟုတ်ကြောင်း နောက်ပိုင်း ဆေးပညာများက ဖော်ထုတ်ပြခဲ့သည်။

​- စကားချပ်) အတန်းပညာများအရာတွင်လည်း အမျိုးသမီးများက ထိပ်ပိုင်း ရမှတ်များ နှင့် ဦးဆောင်လာနိုင်သကဲ့သို့၊ ကာယအား သုံးစွဲရသော အားကစားကဏ္ဍများတွင်လည်း အလေးမ၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ရေကူး၊ အပြေး တို့သာမက လက်ဝှေ့၊ နပမ်း နှင့် ဘောလုံးအားကစား များကဲ့သို့ အင်နဲ့အားနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရသော အားကစားများတွင်ပါ အမျိုးသားများနှင့်မခြား ထူးချွန်သူများ များစွာ ပေါ်ထွက်ခဲ့သည်။

ထို့အပြင် ပျော့ပြောင်းလှပမှုရော သန်မာကြံ့ခိုင်မှုပါ ပေါင်းစပ်ထားသော ဂျွမ်းဘား အလှပြခြင်းကဲ့သို့သော အားကစားမျိုးတွင် ယောက်ျားများ မည်သို့မျှ မယှဉ်သာ၊ အမျိုးသမီးများသာ စွမ်းနိုင်သည် ကို သက်သေထူခဲ့သည်။

စီးပွားအရာတွင်ယခင်က အမျိုးသမီးအများစုသည် ဈေးသည်များသာ ဖြစ်ခဲ့သည်။ ယခုတွင် လုပ်ငန်းကြီးများကို ဦးစီးသော ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေ မန်နေဂျာများ တို့ကဲ့သို့ ထိပ်တန်း အရာရှိရာထူးများတွင် အမျိုးသမီးများက အဓိက စီမံအုပ်ချုပ် နေကြပြီဖြစ်သည် သာမက စွန့်ဦးတီထွင် လုပ်ငန်းရှင်များ တွင် အမျိုးသမီးများ ပါဝင်လာသည်မှာ အထင်အရှားရှိခဲ့ပါပြီ။ 

နိုင်ငံရေးဖက်တွင်လည်း ဝန်ကြီးချုပ်၊ သမ္မတ၊ လွှတ်တော်ကိုယ်စားလှယ်၊ တရားသူကြီး၊ ဥပဒေပညာရှင် တို့နေရာတွင် အမျိုးသမီးများ အစွမ်းပြလာနိုင်သည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ စစ်ဖက် ရေးရာ အရာရှိများ၊ သင်္ဘောကပ္ပတိန်များ၊ လေယာဉ်မှူးများ၊ အာကာသယာဉ်မှူးများ စသည် ယခင်က အမျိုးသားများသာ လွှမ်းမိုး ထားသော အလုပ်များတွင်လည်း အမျိုးသမီးများဝင်ရောက် နေရာယူလာကြပြီ ဖြစ်သည်။

ခေတ်စနစ်ပြောင်း၍ လူတို့၏ သဘောထား အမြင်ပါ တိုးတက်ပြောင်းလဲ လာသည် နှင့်အညီ မိမိတို့အမျိုးသမီးများ မှာ ညံ့ဖျင်းသူများ မဟုတ် ‌ယောက်ျားများနှင့် ရင်ပေါင်တန်းနိုင်သူများ ဖြစ်သည် ဟု အစွမ်းပြခဲ့ နိုင်ကြသဖြင့် ယနေ့ အချိန်တွင် လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အားကစား၊ ပညာရေး၊ စာပေ၊ အနုပညာ နှင့် တီထွင်ဆန်းသစ်မှုများ စသဖြင့် နယ်ပယ်ပေါင်းစုံတွင် အမျိုးသမီးများ ရှေ့တန်းက ပါဝင်လာကြသည်မှာ အများ အမြင်ပင်ဖြစ်သည်။

ယနေ့ခေတ် အမျိုးသမီးများ၏ ကဏ္ဍသည် ပုခက်လွှဲသောလက်၊ သားကောင်းသမီးကောင်း မွေးထုတ်ပေးသော မိခင်များ အဖြစ်သာမက လူ့ဘောင်ဘဝကို လှပအောင်ထုဆစ်သော လက်များ ပိုင်ရှင် ဖြစ်ခဲ့ချေပြီ။  ယခင်က ထူးချွန်သော အမျိုးသား၏ နောက်တွင် ထက်မြက်သော အမျိုးသမီးတစ်ယောက် ရှိမြဲ ဟု တင်စားခဲ့ရာက ယခုတွင် ထူးချွန်သော အမျိုးသားများကို ဦးဆောင်လာကြသူများသည် အမျိုးသမီးများ ဖြစ်သည် ဟူ၍ ဆိုစကားကို ပြောင်းလဲရတော့မည် ဖြစ်ပါကြောင်း၊ သာယာဝပြောသော လူ့ဘောင်သစ်ကြီးဆီသို့ ရောက်ရှိပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

“ခေတ်စနစ်ပြောင်း၍ လူတို့၏ သဘောထား အမြင်ပါ တိုးတက်ပြောင်းလဲ လာသည် နှင့်အညီ မိမိတို့အမျိုးသမီးများ မှာ ညံ့ဖျင်းသူများ မဟုတ် ‌ယောက်ျားများနှင့် ရင်ပေါင်တန်းနိုင်သူများဖြစ်သည် ဟု အစွမ်းပြခဲ့နိုင်ကြသဖြင့် ယနေ့အချိန်တွင် လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အားကစား၊ ပညာရေး၊ စာပေ၊ အနုပညာ နှင့် တီထွင်ဆန်းသစ်မှုများ စသဖြင့် နယ်ပယ်ပေါင်းစုံ တွင် အမျိုးသမီးများ ရှေ့တန်းက ပါဝင်လာကြသည် မှာ အများ အမြင်ပင်ဖြစ်သည်”



 "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media