ရေးသားသူ- CG’s Kēlì
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
စစ်အာဏာသိမ်းမှုပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေ နေ့စဉ်နဲ့အမျှ တိုးပွားလျက်ရှိပြီး ဒါတွေကို ကာကွယ်နိုင်ဖို့နဲ့ လျှော့ချနိုင်ဖို့ ထိရောက်တဲ့ အစီအမံတွေ လိုအပ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက် ရက်စက်ကြမ်းကြုတ်ယုတ်မာပြီး လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေမှာ စစ်တပ်ရဲ့ လိင်အကြမ်းဖက်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးပေါင်းများစွာ ရှိပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ထိလွယ်ရှလွယ်အုပ်စုတွေဖြစ်တဲ့ တိုင်းရင်းသားလူနည်းစု၊ ဘာသာခြားနဲ့ မသန်စွမ်းအမျိုးသမီးတွေက လိင်အကြမ်းဖက်မှုရဲ့ အဓိကသားကောင်တွေ ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး အရှိန်အဟုန်မြင့်လာတာနဲ့အမျှ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ခပ်စိပ်စိပ်ဖြစ်ပွားလျက် ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပစ်မှတ်ပါမချန် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အစစ်ဆေးအမေးမြန်းမရှိ၊ ထင်ရာမြင်ရာ ဖမ်းဆီးမှုတွေကြောင့် နိုင်ငံတဝှမ်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေ များပြားလာသလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကလည်း တရိပ်ရိပ်တက်လာနေပါတယ်။
စစ်အာဏာရှင်ကို ရွံ့ရွံ့ချွန်ချွန် ပြန်လည်ဆန့်ကျင်တိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ပိုမိုဖြစ်ပွားလာတာ တွေ့ရတယ်။ စစ်ကြောရေး တွေမှာဆိုရင်လည်း အမျိုးသမီးတွေအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ အကြမ်းဖက်မှုတွေ ဆိုးရွားစွာ ကြုံတွေ့ခံစားရပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အရှင်လတ်လတ် ငရဲခန်းတွေ ဖြစ်လာခဲ့တယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေဟာလည်း စစ်တပ်ရဲ့ လူမဆန်စွာ ရက်ရက်စက်စက် လိင်အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အကြမ်းဖက်စစ်တပ်က တော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ရွံရှာစက်ဆုပ်ဖွယ် လိင်အကြမ်းဖက်မှုတွေကို စစ်နည်းဗျူဟာတစ်ခု၊ လက်နက်တစ်ခုအနေနဲ့ တမင်တကာရည်ရွယ်ချက် ရှိရှိ စနစ်တကျ ကျူးလွန် နေတာကို တွေ့ရပါတယ်။
“အကြမ်းဖက်စစ်တပ်က တော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ရွံရှာစက်ဆုပ်ဖွယ် လိင်အကြမ်းဖက်မှုတွေကို စစ်နည်းဗျူဟာတစ်ခု၊ လက်နက်တစ်ခုအနေနဲ့ တမင်တကာရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်နေတာကို တွေ့ရပါတယ်”
တစ်ဖက်မှာလည်း လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားရှိပြီး နစ်နာသူတွေကို ပြန်လည်ကုစားပေးဖို့ အမှန်တရားရှာဖွေကာ တရားမျှတမှုဖော်ဆောင်ပေးဖို့အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖြစ်စဉ်မှာ ကျူးလွန်သူတွေကို ပြန်လည်ဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းကာလ ၂ နှစ်နဲ့ ၈ လအတွင်းမှာ လိင်ပိုင်းဆိုင်ရာ ထိခိုက်၊ အကြမ်းဖက်ခံရသူဦးရေ (၂၂၃) ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ မြေပြင်အခြေအနေမှာ ဒီထက်မက ပိုများဖို့ပဲ ရှိပါတယ်။
ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူအပြစ်ပေးနိုင်ခြင်းမရှိတာကြောင့် အကြမ်းဖက်မှုရဲ့ နစ်နာသူတွေကတော့ ယနေ့အချိန်ထိ တရားမျှတမှုကို မရရှိသေးပါဘူး။ တရားမျှတမှုကိုရှာဖွေဖို့ ထုတ်ဖော်ပြောဆိုရာမှာလည်း အတားအဆီးတွေ အများကြီး ကြုံတွေ့နေရ ပါတယ်။ အကြမ်းဖက်မှုခံရရင်တောင် လျစ်လျူရှုခံရတာ၊ မိသားစု၊ မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှာ၊ အရှက်ရမှာစိုးရိမ်တဲ့အတွက် အသံကျယ်ကျယ်မထွက်ရဲကြတော့ဘဲ နှုတ်ဆိတ်နေလိုက်ရတာတွေ ရှိလာခဲ့တယ်။
မြန်မာနိုင်ငံမှာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခုဖြစ်လာခဲ့ရင် နစ်နာသူ အမျိုးသမီးကို ကျူးလွန်သူနဲ့ အတင်းအကြပ် လက်ထပ်စေတာ၊ အကြမ်းဖက်မှုကြောင့် မလိုလားအပ် ဘဲ ရရှိလာတဲ့ ကလေးကို မွေးဖွားစေတာက ထုံးစံတခုလို ဖြစ်နေခဲ့တယ်။ အကျိုးဆက်က အကြမ်းဖက်ခံရမှုကြောင့် မွေးဖွားလာသူတွေမှာ နာမည်ဆိုးတပ်ခံရတာ၊ ခွဲခြားဆက်ဆံခံရပြီး ဘဝတလျှောက်လုံး အရှက်တရားနဲ့ နေထိုင်ရတာတွေ ဖြစ်လာခဲ့ရတယ်။ နစ်နာသူကို လက်ညှိုးထိုး၊ ကဲ့ရဲ့အပြစ်တင်ရှုံ့ချတာတွေမလုပ်ဘဲ သူတို့ရဲ့လုံခြုံမှုကို ထောက်ပံ့ပေးနိုင်ပြီး အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်မှာ နေထိုင်လာရတော့ မြန်မာ့ယဉ်ကျေးမှုမှာက ဖခင်ကြီးစိုးတဲ့စနစ်က အမြစ်တွယ်လျက်ရှိပြီး အမျိုးသားနဲ့ အမျိုးသမီးကြားမှာ တန်းတူညီမျှမှုမရှိဘဲ အမျိုးသားတွေကသာ လွှမ်းမိုးတဲ့ဓလေ့ထုံးတမ်းအစဉ်အလာတွေက နေသားတကျရှိနေခဲ့တာ ကြာခဲ့ပါ ပြီ။ ခေါင်းဆောင်မှုအပိုင်းနဲ့ ဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ ဖယ်ထုတ်ခံရတာ ကြောင့် ကျား၊မ အခြေပြုခွဲခြားဆက်ဆံမှုနဲ့ တန်းတူမညီမျှမှုတွေကနေ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုနဲ့ ပဋိပက္ခတွင်း လိင်အကြမ်းဖက်ခံရမှုတွေဆီကို ဦးတည်လာခဲ့တယ်။
ဥပဒေအရ အကာအကွယ်ပေးမှု အားနည်းတဲ့အတွက် အမျိုးသမီးတွေကို အကာအကွယ် ပေးတဲ့ မူဝါဒတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်တွေ ချမှတ်ပေးတာ စတဲ့ ဥပဒေအရ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ ကိုယ်စားပြုမှုကို မြှင့်တင်ပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။
လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေ၊ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေရနိုင်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်ပံ့ပိုးမှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့လိုပါတယ်။
တစ်ဖက်မှာဆိုရင်လည်း အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ ပြည်တွင်း အဖွဲ့အစည်းတွေအတွက် အာဏာသိမ်းကာလမှာ ထောက်ပံ့အကူအညီပေးရေးကိစ္စတွေ လုပ်ဆောင် ရာမှာ ငွေရေးကြေးရေး၊ နည်းပညာ၊ ဥပဒေပိုင်းဆိုင်ရာ အခက်အခဲတွေ၊ အကန့်အသတ်တွေ ရှိနေတာ ကြောင့် ထောက်ပံ့မှုပေးတာမျိုးတွေ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။
ယခုကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနက ဦးဆောင်လမ်းညွှန်မှုနဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး လူထုလှုပ်ရှားမှုနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ စကားဝိုင်းဆွေးနွေးပွဲ၊ ဟောပြောပွဲနဲ့ ကမ်ပိန်းတွေ ပြုလုပ်နေတာကလည်း တကယ်ထိရောက်ပြီး ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။
“ပဋိပက္ခစစ်ပွဲကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး အတွက် ထိရောက်တဲ့ အစီအမံတွေကို ချမှတ်ဆောင်ရွက်ကြဖို့နဲ့ အားလုံးတက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်”
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media