ရေးသားသူ- Liliane
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။

အမျိုးသမီးနဲ့ နိုင်ငံရေး ဆိုတဲ့အကြောင်းအရာခေါင်းစဉ်ဟာ မြန်မာနိုင်ငံမှာသာမကဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ထဲထဲဝင်ဝင်ပြောဆိုဆွေးနွေးလာကြတဲ့ ခေါင်းစဉ် ဖြစ်လာပါတယ်။ မဝေးတဲ့အတိတ်ကာလမှာ နိုင်ငံရေးရာ ဆွေးနွေးမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အမျိုးသမီးတွေကို ပါဝင်စေဖို့ လိုအပ်ကြောင်း အထူးတလည် မစဉ်းစားခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ နိုင်ငံရေးရာမှာ မဖြစ်မနေ ပါဝင်လာစေဖို့၊ ဆုံးဖြတ်ချက်မှာ ပါဝင်လာစေဖို့ ဘာကြောင့် အရေးတကြီး လှုပ်ရှားတောင်းဆိုမှု ပြုလာကြသလဲ ဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

တချိန်တည်းမှာ လက်ရှိအချိန်အထိ နိုင်ငံရေးနှင့် အမျိုးသမီးဟာ မနီးစပ်သေးဘဲ ဘာကြောင့် အလှမ်းဝေးနေဆဲလည်း ဆိုတာက အလေးထား သုံးသပ်သင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူ၊ အားနွဲ့သူတွေလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ လုပ်ငန်းခွင်အတွင်းမှာပါ အမျိုးသားတွေအပေါ်မှာ မှီခိုနေရသူများအဖြစ် သတ်မှတ်ပြီး တဆင့်နိမ့် ခွဲခြားဆက်ဆံကြတာကို လူ့အသိုက်အမြုံတစ်ခုလုံးက တိုးတိုး တမျိုး၊ ကျယ်ကျယ်တဖုံ လက်ခံနေကြပါတယ်။

အမျိုးသမီးတွေကို မျိုးဆက်ပြန့်ပွားရေး၊ အိမ်တွင်းမှုကိစ္စတွေ လုပ်ကိုင်ဖို့အတွက်ဘဲ သတ်မှတ်ထားပြီးတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ တချိန်တည်းမှာ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးသူတွေအဖြစ် ယူဆပြီး နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ခွင့်မှာ ကန့်သတ်ထား ကြပါတယ်။ အမျိုးသမီးတွေကို နိုင်ငံရေးရာပါဝင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘာကြောင့် မကန့်သတ်သင့်တာပါလဲ။

 နိုင်ငံရေးရာပါဝင်ခွင့်လို့ ပြောရင် လူပုဂ္ဂိုလ်တဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေ အပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလည်း ရှိမှာဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ ထုံးတမ်းစဉ်လာ နိုင်ငံရေးလုပ်ငန်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်တမျိုးကတော့ အဲဒီလို ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ နိုင်ငံရေး အပြောင်းအလဲကြောင့် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတွေ၊ နိုင်ငံရေးဆန္ဒပြပွဲ၊ ထောက်ခံပွဲတွေမှာ ပါဝင်တာ ဖြစ်ပါတယ်။

“အမျိုးသမီးတွေကို နိုင်ငံရေးပါဝင်ခွင့်ပေးကြောင်း တွင်တွင်ပြောနေကြပေမဲ့ အာဏာရနေတဲ့ ပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်တာကိုလည်း မြင်တွေ့ကြရပါတယ်”

နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားမှုအပေါ် ကန့်သတ်ချက် တွေ အများကြီး ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်းကာလရောက်လာချိန်မှာ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ ပိုမိုဘောင်ကျယ်လာပြီး၊ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဦးဆောင်လှုပ်ရှားလာတာကို လူမှုအဝန်းအဝိုင်းက ပိုမိုလက်ခံလာခဲ့ ကြသည်။

အမျိုးသမီးတွေရဲ့ တက်ကြွလှုပ်ရှားနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို၊ ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန် အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလည်း ပေါ်ထွက်လာပါတယ်။

ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ လူ့မှုအဝန်းအဝိုင်းမှာ အမျိုးသားဦးဆောင်သော နိုင်ငံရေးအဖြစ် မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ထို့ပြင် အမျိုးသမီးတွေကို နိုင်ငံရေးပါဝင်ခွင့်ပေးကြောင်း တွင်တွင်ပြောနေကြပေမဲ့ အာဏာရနေတဲ့ ပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်တာကိုလည်း မြင်တွေ့ကြရပါတယ်။

          မြန်မာနိုင်ငံအပါအဝင် တချို့သောနိုင်ငံတွေမှာဆိုရင် ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေသတ်မှတ်မှုတွေ၊ ဘာသာတရား အဆိုအမိန့်တွေကို အသုံးပြုပြီး၊ အမျိုးသားတွေက အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူး ဆိုတာမျိုးတွေနဲ့ လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ ပျံ့နှံ့နေဆဲပဲ ဖြစ်ပါတယ်။ ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းမှာ မိခင်၊ ဇနီးမယားအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ ပြင်ပဝန်းကျင် အဝန်းအဝိုင်းမှာ ပါဝင်ပတ်သက်စေတာတွေ ရှိနေစေခဲ့ပါတယ်။

နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှု တွေမှာ အမျိုးသားတွေကသာ ဦးဆောင်လွှမ်းမိုးချုပ်ကိုင်ခြင်းဟာလည်း အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှုကို အကန့်အသတ်ဖြစ်စေပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေနေရာမှာ၊ အစိုးရယန္တရားမှာ အမျိုးသားအများစုက ဦးဆောင်နေတာ၊ ပါဝင်စီမံနေတာကြောင့် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေတဝက်ကျော် ရှိတဲ့ အမျိုးသမီးတွေရဲ့ လိုလားတဲ့ဆန္ဒနဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုထားတာနဲ့ အတူတူဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေဟာ လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်နွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို နိုင်ငံရေးရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

          ဒီလိုအတွေးအခေါ်တွေ၊ လုပ်ဆောင်မှုတွေကြောင့် ကိုယ့်ဘဝအပေါ်မှာပါ သက်ရောက်မှု ရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းခဲ့ကြတာပါ။ တကယ် တော့ ဒီလိုအတွေးခေါ်တွေ၊ လုပ်ဆောင်မှုတွေဟာ တိုးတက်ခေတ်မှီတဲ့နိုင်ငံကြီးတွေမှာလည်း ရှိခဲ့ဖူးတာပါပဲ။ ဒီနိုင်ငံကြီးတွေမှာလည်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာမှ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့အခွင့်အရေးတွေ ရရှိလာခဲ့ကြ တာပါ။

          ကျွန်မတို့တိုင်းပြည်မှာကျတော့ ဒီလိုအတွေးအခေါ်တွေ၊ အယူအဆတွေရဲ့ လွှမ်းမိုးမှုတွေတင် သာမက အုပ်ချုပ်သူလူတန်းစားတွေရဲ့ ဖိနှိပ်မှုတွေကပါ အပိုထပ်ဆောင်းလာပါတယ်။ အမျိုးသားများ သာပါဝင်တဲ့ စစ်တပ်ကသာ တိုင်းပြည်အာဏာကို သိမ်းယူထားတာကြောင့် အမျိုးသမီးများရဲ့ အစိုးရ အဖွဲ့ဝင်အဖြစ် နိုင်ငံရေးပါဝင်ပတ်သက်နိုင်မှု အခွင့်အရေးဟာ ပိုလို့တောင် ဆုံးရှုံးသွားရပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်ရာမှာလည်း အမျိုးသမီးတွေကို ဦးဆောင်ခွင့်မပေးဘဲ အနောက်တန်းကို တွန်းပို့တတ်တဲ့အမူအကျင့်တွေဟာ တော်လှန်ရေးကို အားပျော့စေပါတယ်။ နိုင်ငံရဲ့ လူဦးရေတဝက် ကျော်ဟာ အမျိုးသမီးများဖြစ်တာကြောင့် အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခွင့်အရေးကို ပိတ်ပင်ထားခြင်းဟာ စစ်အာဏာရှင်ဖြိုချရေးနဲ့ ဖက်ဒရယ်စနစ် တည်ထောင်နိုင်ရေး အတွက် ပိုပြီး နှောင့်နှေးစေပါတယ်။

“လူဦးရေ တဝက်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်”

တကယ်တော့ လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လူဦးရေ တဝက်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

​ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်း နေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ် ပွင့်လာဖို့က အမျိုးသမီး တွေအပေါ်မှာလည်း အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ဝိုင်းဝန်း ဖယ်ရှားကြရင်း ပိုမိုစုံလင်တဲ့ စုစည်းညီညွတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
 

"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media