• Published on

    နော်ဆဲဆဲ နှင့် တွေ့ဆုံမေးမြန်းခြင်း

    ဆရာမနော်ဆဲဆဲသည် ကရင်အမျိုးသမီးအစည်းအရုံး၏ စည်းရုံးလှုံဆော်ရေးဒါရိုက်တာ တစ်ဦး ဖြစ်သည်။

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။


    မေး။    ။အမျိုးသမီးဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။ ဆရာမတို့ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နေကြတဲ့ အမျိုးသမီးတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ တွေ့မြင်ရပါလဲ။

    ဖြေ။    ။ အမျိုးသမီးဆိုတာက အဓိပ္ပာယ်ဖွင့်ဆိုရမယ် ဆိုရင် အမျိုးသမီးဆိုတာ လူသားပဲ ဖြစ်တယ်ပေါ့နော်။ ထွေထွေထူးထူး အဓိပ္ပာယ်ဖွင့်ဆိုမှုတော့ မရှိဘူး။ ဒါပေမယ့် ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းအရ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာဆိုရင် ကွဲပြားမှုရှိတဲ့အပေါ်မှာ အမျိုးသမီးတွေက ကလေးမွေးလို့ ရတယ်။ နို့တိုက်လို့ ရတယ်။ ဒီလိုပဲ ခန္ဓာကိုယ်အရကွာခြားမှု ရှိတာပဲပေါ့။

    ကျွန်မတို့ အပြင်ကနေကြည့်လိုက်ရင်တော့ လူသားတစ်ယောက်ပေါ့။ နောက်တခုကကြတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေကို သူတို့ရဲ့ဘဝရှင်သန်ရပ်တည်မှုက ပြောရမယ်ဆိုဒါက ရှေးရိုးစွဲ အမြင်လည်းဖြစ်သလို ဖိုဝါဒကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လာရတဲ့အတွက်ကြောင့် အမျိုးသမီးဆိုတာ တစ်ဆင့်နိမ့်တဲ့သဘောမျိုး ဖြစ်သလို အမျိုးသမီးဆိုတာက  အမျိုးသားနဲ့ တန်းတူညီမျှမှု မရှိဘူး။

    အမျိုးသားနဲ့ တန်းတူညီလို့ မရဘူးပေါ့။ အိမ်မှာနေ ချက်ပြုတ်၊ ကလေးထိန်း၊ အဲ့လိုမျိုးပတ်ဝန်းကျင်က ရိုက်သွင်းထားတော့ ဒီလိုပုံစံမျိုးတွေက မြင်ရတာ များတယ်။ အဲ့ဒါကြောင့် အမျိုးသမီးအဖွဲ့အစည်းတွေက တန်းတူရေးအတွက်ကို ကြိုးစားအားထုတ်ပြီးတော့  တော်လှန် နေကြတာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။

    မေး။     ။ လူမှုအသိုင်းအဝိုင်းရဲ့ ပုံသေကားချပ် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံနေသလဲ။

    ဖြေ။      ။ လူမှုအသိုင်းအဝိုင်းက ပုံသေကားချပ်သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက ဘာသာရေးမှာလည်း ရှိတယ်။ လူမျိုးမှာလည်း ရှိတယ်။ ရပ်ရွာတွေမှာလည်း ရှိတယ်။ အဲ့ဒီ ဓလေ့ထုံးတမ်းအရ မတူတဲ့စည်းမျဉ်းစည်းဘောင်တွေ ရှိတယ်။ အဲ့အပေါ်မှာအခြေခံပြီးတော့ အမျိုးသမီးအ‌ပေါ်မှာ ဖိနှိပ်ဆက်ဆံမှုတွေ ကျင့်သုံးနေတာ အများကြီး တွေ့ရတယ်။ ဥပမာ အမျိုးသမီး တစ်ယောက် ယောကျာ်းတစ်ယောက်နဲ့ အိပ်ပြီးတော့ ယောကျာ်းက တာဝန်မယူဘူး၊ ထွက်ပြေးသွားတယ်ဆိုရင် သူကဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တယ်။

    အဲ့လိုဆိုရင် ရပ်ရွာက ရပ်ရွာနာတယ်။ ရပ်ရွာဆေးကြောဖို့၊ ရွာအပြင်မှာထွက်နေရတာမျိုး ဒါမျိုးတွေက ဒီနေ့ဒီအချိန်ထိ ကျင့်သုံးနေတာ ရှိသေးတယ်။ ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းဘောင်တွေ၊ ဓလေ့ထုံးတမ်းအရ သတ်မှတ်ထားတဲ့ စည်းဘောင်တွေကလည်း အမျိုးသမီးတွေအပေါ်အများကြီး ဖိနှိပ်ဆက်ဆံတာတွေရှိနေသေးတယ်။

    မေး။    ။ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဘယ်အရာတွေက ဖြစ်နေစေတာလဲ။

    ဖြေ။     ။ များသောအားဖြင့်ကတော့ အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတယ်။အမျိုးသမီးတွေဆိုရင် နေရာမပေးဘူး။ အထူးသဖြင့် အမျိုးသမီးတွေက ဘယ်လိုပဲ တော်တော်၊ ဘယ်လိုပဲ တတ်တတ် အသိအမှတ် မပြုဘူး။ ဒါတွေက ကျွန်မတို့ များသောအားဖြင့်တွေ့ရတယ်။

    မေး။     ။
    Feminism နဲ့ပတ်သက်ပြီးဘယ်လိုနားလည်ထားပါသလဲ။ ဘယ်အချိန်မှာ Feminism ကို စပြီး သိခဲ့ပါသလဲ။

    ဖြေ။      ။ Feminism ကတော့ ပြောရမယ်ဆိုရင် ဝါဒတစ်ခု ဖြစ်တယ်။ အထူးသဖြင့် ဂျဲန်ဒါ တန်းတူရေးကို လက်ခံတယ်။ မြှင့်တင်တယ် ကာကွယ်တယ်။ အမျိုးသမီးလည်း လူ၊ အမျိုးသားလည်း လူလို့ မြင်တယ်။ ဒါက feminism ဝါဒကို လက်ခံကျင့်သုံးတဲ့သူတွေ ဖြစ်တယ်။ ကျွန်မက ဘယ်အချိန်မှာ စပြီးသိခဲ့ရလဲဆိုတော့ ကျွန်မတို့အမျိုးသမီးအဖွဲ့အစည်းထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာတဲ့အချိန်မှာ ဒါတွေကပိုပြီးတော့ အသေးစိတ်သိလိုက်ရတဲ့ဟာတွေဖြစ်တယ်။

    မေး။     ။ အမျိုးသမီးနဲ့ Feminism ဆိုတဲ့ ဘယ်လို ဆက်စပ်မှု ရှိလဲ။

    ဖြေ။    ။ အမျိုးသမီးနဲ့ Feminism  က ဆက်စပ်မှု ရှိပါတယ်။ ဒီဝါဒ  feminism ဝါဒကို ကျင့်သုံးဖို့ အမျိုးသမီးတွေက လက်ဆင့်ပွား ဆင့်ပွားသင်တန်းတွေ ပေးတယ်။ အသိပညာတွေ ပေးတယ်။ feminism ဝါဒကို မြင့်တင်တယ်။ဘာဖြစ်လို့လဲဆိုတော့ feminism ရဲ့အဓိက အနှစ်သာရက တန်းတူ‌‌ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တန်းတူညီတူရှိနိုင်မယ့် အလေ့အကျင့်‌ပေါ့။

    ဝါဒတစ်ခုဖြစ်လာဖို့ကို အရေးကိုဒါက အရေးကြီးတယ်။ ဒီလိုဝါဒမျိုးတွေ ကျင့်သုံးလက်ခံမယ်ဆိုရင် ကျွန်မတို့ အမျိုးသမီးတွေကို အသိမှတ်ပြုလက်ခံတာနဲ့ အတူတူပဲ။ သူတို့ကတော့ အဓိက တိုက်ရိုက်ဆက်စပ်မှု ရှိတယ်။

    မေး။    ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ထူးထူး ခြားခြားကြုံတွေ့ခဲ့ရဖူးသလား။ ထုတ်နုတ်ပြပေးနိုင်မဲ့ ဥပမာတွေကို ပြောပြပေးပါအုံးနော်။ ဘယ်လို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲ။

    ဖြေ။    ။ ကျွန်မကိုယ်တိုင်ကတော့ အမျိုးသမီးဖြစ်တည်မှုနဲ့ အသက်အားဖြင့် ငယ်တယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ပြောရဆိုရ အစည်းအဝေးတက်ရ လုပ်နေတဲ့အလုပ်တွေက များ‌သောအားဖြင့် လူကြီးပိုင်းတွေနဲ့ လုပ်တဲ့နေရာမျိုးမှာ လုပ်တာများတယ်။ အထူးသဖြင့် တော်လှန်ရေး နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တဲ့ အမျိုးသားခေါင်းဆောင်တွေကြားမှာ လုပ်ရတာများတယ်။

    အဲ့ဒီမှာဆိုရင် ကျွန်မက အသက်ငယ်သေးတယ်။ ပြီးရင်လည်း အတွေ့အကြုံအရအဲ့လောက်ထိ မရှိသေးဘူး။ ပြီးတော့ အမျိုးသမီးလည်းဖြစ်တယ်ဆိုပြီး ခွဲခြားတာမျိုးတွေ တွေ့ရတယ်။ အထင်သေး၊ အမြင်သေးတာ မျိုးတွေလည်း တွေ့ရတယ်။ ခံခဲ့ရတယ်။

    ကျွန်မတို့ ဘယ်လိုပဲလုပ်နိုင်သည်ဖြစ်စေ  လူကြီးတွေအမြင်နဲ့ လူငယ်တွေအမြင်က အရမ်းကြီးကွာခြားမှုရှိတယ်။ စိန်ခေါ်မှုတွေလည်း ရှိတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့က အမျိုးသားတွေရဲ့ အတွေးအခေါ်၊ အယူအဆထဲမှာ အဲ့လောက်ထိ  မရှိတဲ့စိန်ခေါ်မှုက အဓိကကြုံတွေ့ရင်ဆိုင်နေရတယ်။

    တဆက်ထဲမှာပဲ ဘယ်လိုကျော်ဖြတ်လဲဆို ကျွန်မကတော့ ကိုယ်ကျရာ ကဏ္ဍမှာ အတက်နိုင်ဆုံး အအောင်မြင်ဆုံးလုပ်ချင်စိတ် ရှိတယ်။ ပြီးတော့ ကြိုးစားတယ်။  မသိရင် မေးတယ်။ နားမလည်ရင် နားလည်အောင် လုပ်ယူတယ်။ ပြီးရင်လည်း အမျိုးသားတွေ ဘယ်လိုပဲ ခွဲခြားဆက်ဆံပစေ  ရင်ဘောင်တန်းနိုင်အောင် မခံချင်စိတ်နဲ့ ကြိုးစားလေ့ ရှိတယ်။

    အဲ့ဒါကြောင့် ဒီနေ့ဒီချိန်ထိ ဘယ်လို အမျိုးသား၊ ဘယ်နေရာမှာရှိနေတဲ့ အမျိုးသားတော်လှန်ရေး ခေါင်းဆောင်ဖြစ်ဖြစ် ကျွန်မတို့ တန်းတူရည်တူ စားပွဲဝိုင်းမှာ ပြောဆိုဆွေးနွေး နိုင်ငံရေး အဖြေရှာမှုတွေ လုပ်လာနိုင်ခဲ့တယ်။ အခု ဒီလိုမျိုး ကျော်ဖြတ်နိုင်ခဲ့လို့ ဒီနေရာအထိ‌ရောက်ရှိလာခဲ့တဲ့ အနေအထားတစ်ခု ဖြစ်တယ်။

    မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ဘယ်ကြောင့် အရေးကြီးပါသလဲ။

    ဖြေ။      ။ အမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်ဖို့ အရေးကြီးတဲ့အကြောင်းအရင်းက ကျွန်မတို့ အမျိုးသမီး အင်အားစုက မြန်မာနိုင်ငံမှာ လူဦးရေအရ ထက်ဝက်ကျော်ရှိတယ်။ ကျွန်မတို့ ကြည့်ရမယ်ဆိုရင် ဥပမာ ရှင်းရှင်းလင်းလင်းကြည့်ရမယ်ဆိုရင် နွေဦးတော်လှန်ရေး ၂၀၂၁ အာဏာ သိမ်းမှုကနေ စပြီးတော့ တော်လှန်ရေးမှာ ပါဝင်လာတဲ့ အမျိုးသမီးအင်အား အနည်းဆုံး ၆၀ ရာခိုင်နှုန်း ရှိတယ်။

    ကျွန်မတို့ တော်လှန်ရေးမှာ ပါဝင်ပေးဆပ်တဲ့အင်အားစုကလည်း နည်းနည်းနောနော မဟုတ်ဘူး။ ဆိုတော့ ကျွန်မတို့ရဲ့ပြသနာတွေက နိုင်ငံရေး ပြဿနာ ဖြေရှင်းတဲ့နေရာမှာ ကိုယ်စားလှယ်တွေ အသံတွေ ဆုံးဖြတ်ချက်တွေ ပါဖို့ အရေးကြီးတယ်။ ဒီနိုင်ငံ ပြုပြင်ပြောင်းလဲမှု နိုင်ငံရေးပြသနာကို အဖြေရှာတာက အမျိုးသမီးကိုယ်စားပြုမှုမပါရင် အမျိုးသမီးပါဝင်မှုမရှိဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ ဆုံးဖြတ်ချက်တွေက လွှမ်းခြုံမှာမဟုတ်သလို လုပ်ငန်းအကောင်အထည်‌ဖော် ဆောင်ရွက်တဲ့အခါမှာလည်း ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။

    ကျွန်မတို့အမျိုးသမီးပါဝင်နေခြင်းကြောင့်  ဒီနိုင်ငံရေးပြဿနာအဖြေရှာတဲ့နေရာမှာ အ‌ကောင်အထည် ဖော်တဲ့နေရာမှာ ဖွံ့ဖြိုးတိုးတက်မှုတွေက မြန်ဆန်လာမယ်။ ဆုံးဖြတ်ချက်ချတာတွေ က လွှမ်းခြုံမှု ရှိမယ်။ ဒီမိုကရေစီတရားဝင်မှုလည်း ဖြစ်မယ်။ နိုင်ငံတကာ တရားဝင်မှုလည်း ဖြစ်မယ်။

    မေး။     ။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိတယ်လို့ ထင်ပါသလဲ။

    ဖြေ။      ။ အဓိကက နိုင်ငံရေးစိတ်ဆန္ဒရှိဖို့ လိုတယ်။ အထူးသဖြင့် အမျိုးသားအင်အားစုတွေ ကြားထဲမှာ  အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့ လိုမယ်။ အမျိုးသမီးတွေကို နိုင်ငံရေးအဖြေရှာတဲ့ နေရာမှာ ကြိုဆိုလက်ခံဖို့လိုတယ်။ ဘာစိန်ခေါ်မှုတွေတွေ့ရလဲဆို ဒါမျိုးတွေမရှိသေးတဲ့အနေအထား တခုဖြစ်တဲ့ အတွက်ကြောင့် စိန်ခေါ်မှုဖြစ်တယ်။ တချို့ဆိုရင် သ‌ဘောတူညီချက်စာချုပ်ထဲမှာ ထည့်ထားတယ်။ မူအရထည့်ထားတယ်ဆိုပေမယ့် လက်တွေ့မှာက အမျိုးသားတွေပဲ နေရာဦးချင်တယ်။

    အမျိုးသားတွေကပဲ နိုင်ငံရေး ဆွေးနွေးနိုင်တယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်။ အတွေးအခေါ်အယူအဆတွေက ရှိနေသေးတယ်။ တကယ်တမ်းဆို တော်ပြီး ထက်မြတ်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ နေရာမပေးချင်တဲ့ အခက်အခဲ စိန်‌ခေါ်မှုတွေ ကြောင့်လည်း တွေ့ရသလို အမျိုးသမီးတွေရဲ့အရည်အချင်း အမျိုးသမီးတွေရဲ့ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်မှု တွေကို အသိအမှတ်မပြုတာကလည်း အခက်အခဲ စိန်‌ခေါ်မှုတွေ ဖြစ်တယ်။

    မေး။    ။ နွေဦးတော်လှန်ရေးကာလအစကနေ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ ပါဝင်မှုကို အသိအမှတ်ပြုလာကြပြီလို့ ထင်ပါသလား။

    ဖြေ။    ။ လက်ရှိနွေဦးတော်လှန်ရေးကာလကနေ စပြီးတော့လက်ရှိအချိန်ထိ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ ပါဝင်မှုကို အသိအမှတ်ပြုလာကြလားဆိုတော့ ပါးစပ်ကနေတော့ ထုတ်ဖော်ပြောဆိုတဲ့ အင်အားစုတွေ‌တော့ ရှိတယ်။ တော်လှန်ရေးအင်အားစုတွေ ရှိတယ်။ အမျိုးသမီးတွေကို လက်ခံရမယ်။ Gender equality ကို မြှင့်တင်ရမယ်ဆိုတာတော့ ရှိလာတယ်။ ဒါပေမယ့် လက်တွေ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာတော့ ကျွန်မတို့လိုချင် လိုလားတဲ့ အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း‌တော့ မမပြည့်မှီသေးဘူးဆိုတာ တွေ့ရတယ်။

    မေး။    ။အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေမပြုတဲ့ ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှု ကင်းတဲ့ တန်းတူမျှတတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခုကို ဘယ်လိုတည်ဆောက်သင့်တယ်လို့ အကြံပြုချင် ပါသလဲ။

    ဖြေ။    ။ကျွန်မတို့အခု နွေဦးတော်လှန်ရေးအဓိက ပန်းတိုင်ကတော့ စစ်အာဏာရှင်မကပဲနဲ့ ဘယ် အာဏာရှင်မဆို အဆုံးသတ်မယ်။ ပြီးရင် စနစ်သစ်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို တည်ဆောက်မယ်။ လက်ရှိအချိန်က အခွင့်အလမ်းကောင်းတစ်ခု ဖြစ်တယ်။ ဒီအချိန်မှာက အမျိုးသမီးအင်အားစုအပါအဝင် ဖယ်ကျဉ်ခံရတဲ့လူနည်းစုတွေ တခြားလူမျိုးတွေကိုလည်း ကျွန်မတို့ ထည့်သွင်းရမှာ ဖြစ်တယ်။ သူတို့တွေရဲ့အခန်းကဏ္ဍတွေ သူတို့တွေရဲ့အသံတွေ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ပါဝင်ဖို့ ကျွန်မတို့ စလုပ်ဆောင်ရမှာ ဖြစ်တယ်။

    ကျွန်မတို့အဲ့လိုလုပ်မှသာလျှင် တန်းတူညီမျှ‌ရေးဆိုတဲ့ လက်ဆုပ်လက်ကိုင်ထားတဲ့မူက ကျွန်မတို့အကောင်အထည်ဖော်တာလည်း ဖြစ်သလို လက်တွေ့ ကျကျ ကျင့်သုံးတာလည်း ဖြစ်တယ်။ ကျွန်မတို့ အမျိုးသမီးတန်းတူရုံနဲ့ ကျွန်မတို့ ဖြစ်လာတဲ့ အမျိုးသမီးခွဲခြားဆက်ဆံမှုတွေ တခြားသော အများကြီးရှိသေးတာတွေက  အပြည့်အစုံ ပျောက်သွားမှာတော့ မဟုတ်သေးဘူး။

    ဒါပေမယ့် ကျွန်မတို့အရင်ဦးဆုံး လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ် အယူအဆတွေက ပြောင်းလဲဖို့လိုတယ်။ ကျွန်မတို့ မူဝါဒအရ‌ရော ကျွန်မတို့ အခြေခံ လမ်းညွှန်အရ အခြေခံစံတန်ဖိုးအရထားရှိထားတဲ့ အ‌ပေါ်မှာလည်း လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့ လိုတယ်။

    ​အမျိုးသမီးတွေကို လိုလို လားလား ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ  ပါဝင်လာဖို့ကို လက်ခံဖို့လိုတယ်။ အဲ့ဒါတွေက အဓိက ကျတယ်လို့ မြင်တယ်။ ကျွန်မတို့တွေက ကိုယ့်ရဲ့စိတ်၊ အတွေးအခေါ်၊ အယူအဆ အပြောင်းအလဲတွေ ရှိမှသာ စုပေါင်းပြီးသွားမယ့်လမ်း စုပေါင်းပြီးတော့ပြုပြင်ပြောင်းလဲမယ့်  နိုင်ငံသစ်၊ ခေတ်သစ်၊ စနစ်သစ်က တန်းတူညီတူပြောင်းလဲနိုင်မှာဖြစ်တယ်။


     "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
    https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    လွေးပိုးငယ် နှင့် တွေ့ဆုံမေးမြန်းခြင်း

    ဆရာမလွေးပိုးငယ်သည် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ အကြံပေးတစ်ဦးဖြစ်သလို၊ အမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက် ဖြစ်သည်။


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
     
     
    မေး။    ။ အမျိုးသမီးဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသလဲ။ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နေကြတဲ့ အမျိုးသမီးတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ တွေ့မြင်နေရပါလဲ။

    ဖြေ။    ။အမျိုးသမီးလို့ပြောမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ လူသားတွေ ဖြစ်ပါတယ်။ အမျိုးသမီးဆိုတာ နာမည်နာမ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ Sex အရပြောမယ်ဆိုရင် အထီးနဲ့အမ သတ်မှတ်လိုက်တဲ့သဘောပဲဖြစ်တယ်။အမျိုးသမီးကတော့ ကလေးမွေးနိုင်တယ်။ အမျိုးသားကတော့ ကလေး မမွေးနိုင်ဘူး။ ဘေးပတ်ဝန်းကျင်ရဲ့သတ်မှတ်မှုကတော့ ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် တွေ့ရတာပေါ့။

    ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးဆိုတာကို Second class citizen လို့ သတ်မှတ်ကြတယ်။ အမျိုးသမီးဆိုတာက ဒုတိယနိုင်ငံသား ဖြစ်တယ်။ အိမ်ထဲမှာပဲနေ မှီခိုသူဖြစ်ရမယ်။ ယောကျာ်းလေးတွေနဲ့ တန်းတူအလုပ်လုပ်လာပြီဆိုရင်လည်း ပတ်ဝန်းကျင်က လက်မခံနိုင်တဲ့အနေအထားတွေရှိသလို တဖက်မှာကြတော့ နိုင်ငံရေးဆုံးဖြတ်ချ ချက်တဲ့နေရာမှာ ပါဝင်လာပြီဆို အမျိုးမျိုး တိုက်ခိုက်ခံရတယ်။

    အမျိုးသမီးလို့ပြောလိုက်တာနဲ့ လူတွေရဲ့ အတွေးအခေါ် တွေထဲမှာက အမျိုးသမီးဆိုတာ ခေါင်းဆောင်ဖြစ်လို့ မရဘူး။ နောက်လိုက်ပဲဖြစ်ရမယ်ဆိုတဲ့ စဉ်းစားချက်တွေက ရှိထားပြီးသား ဖြစ်တယ်။
     
    မေး။    ။ လူမှုအသိုင်းအဝိုင်းရဲ့ ပုံသေကားချပ် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံနေသလဲ။

    ဖြေ။    ။ အမျိုးသမီးတွေက နေ့စဉ်နဲ့အမျှ မိသားစုကအစ ဟိုးနိုင်ငံတော်အဆင့်အထိ ခွဲခြား ဆက်ဆံမှုတွေ ခံနေရတယ်။ တချို့ဆိုရင် ဥပမာ အမေဗိုက်ထဲမှာနေကတည်းက မိန်းကလေး၊ female၊ girl ဆိုရင် ဖျက်ချတာတွေတောင် ရှိတယ်။ အမျိုးသားတွေ၊ boy တွေပဲ လိုချင်တယ် ဆိုတဲ့ အနေအထားတွေမှာ တွေ့ရတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေက အလွှာ အသီးသီးမှာ ရှိတယ်။

    မိသားစုကနေစပြီးတော့မှ ဟိုးနိုင်ငံတော်အဆင့်အထိ ဓလေ့ထုံးတမ်းအရ သော်လည်းကောင်း ပတ်ဝန်းကျင်လက်ခံနိုင်မှုအရ သော်လည်းကောင်း အစိုးရရဲ့ ယန္တရားအရ သော်လည်းကောင်း ခွဲခြားဆက်ဆံမှုတွေက အမျိုးမျိုးရှိနေတယ်ဆိုတဲ့ဟာ ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိနေတယ်။

    မေး။    ။အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဘယ်အရာတွေက ဖြစ်နေစေတာလဲ။

    ဖြေ။    ။ အမျိုးသမီးတွေရဲ့ဘဝမှာ နေ့စဥ်နဲ့အမျှ ဖိနှိပ်မှုတွေက ရှိနေတယ်။ ပတ်ဝန်းကျင်ရဲ့ဖိနှိပ်မှုတွေ ဓလေ့ထုံးတမ်းတွေရဲ့ ဖိနှိပ်မှုတွေ အမြဲရင်ဆိုင်ကြရတယ်။ ဥပမာဆိုရင် ကျွန်မတို့ တအာင်းဆို အမျိုးသမီးတွေက အမွေဆက်ခံပိုင်ခွင့် မရှိဘူး။ အဲ့ဒါတွေကလည်း ခွဲခြားဆက်ဆံမှုတွေပဲ ဖြစ်တယ်။ ဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေက လက်တွေ့မှာ မိဘတွေကိုယ်တိုင်က လက်ခံနေတဲ့အနေအထားမှာ ရှိနေတယ်။

    မေး။    ။Feminism နဲ့ပတ်သက်ပြီးဘယ်လိုနားလည်ထားပါသလဲ။ ဘယ်အချိန်မှာ Feminism ကို စပြီး သိခဲ့ပါသလဲ။

    ဖြေ။    ။ Feminist လို့ပြောမယ်ဆိုရင်ပထမဦးဆုံး မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်က မှားနေပါ တယ်။ မဝါဒီတို့  မဝါဒတို့ အဲ့လိုဘာသာပြန်မှုက အစွန်းရောက်တယ်ပေါ့နော်။ ကျွန်မက Feminist နဲ့ပတ်သက်ပြီး ဘယ်အချိန်ထဲကစသိလဲဆိုတော့ ဟိုးအရင်တုန်းကတော့ ကျွန်မကိုယ်တိုင် က ဥပမာ LGBT right တွေနဲ့ပတ်သက်ပြီး လက်မခံနိုင်ဘူးပေါ့နော်။

    ဒါပေမယ့်လို့ ကိုယ့်ကိုကိုယ် awareness raising  တွေ လေ့လာရင်းနဲ့ သူတို့ရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုပြီးတော့ ကိုယ်ကိုတိုင်က လက်ခံလာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ မတရားမှုတွေက သူတို့ကိုလည်းဖိနှိပ်မှုတွေ ရှိတယ်။ သူတို့ရဲ့ ဖြစ်တည်မှုတွေက ကျွန်မတို့အတွက် အန္တရာယ်မဖြစ်ဘူး။ ကျွန်မတို့ရဲ့ ကိစ္စမဟုတ်ဘူး။ ဒါ သူ့ရဲ့ ဖြစ်တည်မှုကို ကျွန်မတို့က အသိမှတ်ပြုပေးရုံနဲ့ ငြိမ်းချမ်းမှုတွေလည်း ရှိလာနိုင်သလို ဒီအသိုင်းအဝိုင်းတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီးတော့ လုပ်လာနိုင်တယ်။

    ဒါကြောင့် feminist နဲ့ ပတ်သက်ပြီးတော့မှ ဘယ်အချိန်ထဲကစသိသလဲလို့ ပြောရမယ်ဆိုရင် ဒီအမျိုးသမီးအခွင့်အရေး စလေ့လာပြီဆိုကတည်းက အဲ့ကတည်းက ကိုယ့်ကိုကိုယ်လည်း ပြုပြင်ပြောင်းလဲရတဲ့ဟာလည်း အများကြီးရှိပါတယ်။

    မေး။    ။အမျိုးသမီးနဲ့ Feminism ဆိုတဲ့ ဘယ်လို ဆက်စပ်မှု ရှိလဲ။

    ဖြေ။    ။ Feminist ဆိုတာက တရားမျှတမှုအတွက်ရှေးရှုပြီးတော့မှ တရားမျှတမှုအတွက် ရပ်တည် တာကို ပြောချင်တာဖြစ်တယ်။ ဒါကြောင့် ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မတရားမှုကို တွေ့နေတယ်ဆိုရင် အဲ့မတရားမှုကိုတော်လှန်နေတယ်ဆိုရင် Feminist ပဲဖြစ်တယ်။ အမျိုးသမီးတွေ ကို ဖိနှိပ်နေတာကို တွေ့ရဲ့သားနဲ့ ငါ့ကိုမထိခိုက်ဘူး။

    ငါ့အသိုင်းအဝိုင်းကို မထိခိုက်ဘူးဆိုပြီး အဲ့လိုနေနေတယ်ဆိုရင် ကိုယ်က Feminism မဟုတ်ဘူးပေါ့နော်။ အမျိုးသားဖြစ်သည်ဖြစ်စေ အမျိုးသမီးဖြစ်သည်ဖြစ်စေ Feminist ဖြစ်လို့ရတယ်။ မတရားမှုတွေကို တွေ့တယ်ဆိုရင် မတရားမှုတွေကို တော်လှန်နိုင်တဲ့သူဖြစ်တယ်ဆို အဲ့ဒါ Feminist ပဲဖြစ်ပါတယ်။

    မေး။    ။ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ထူးထူးခြားခြားကြုံတွေ့ခဲ့ရဖူးသလား။ ထုတ်နုတ်ပြပေးနိုင်မဲ့ ဥပမာတွေကို ပြောပြပေးပါအုံးနော်။ ဘယ်လို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲ။

    ဖြေ။    ။ အမျိုးသမီးဖြစ်တည်မှုကြောင့် ကိုယ်ကိုတိုင်ကခွဲခြားဆက်ဆံမှုတွေ ခံခဲ့ရတယ်။ ကျွန်မရဲ့မိသားစုက အရမ်း conservative ဖြစ်တဲ့ background ကနေ ဆင်းသက်လာတာ ဖြစ်တယ်။ မိန်းကလေးဖြစ်တယ်ဆိုရင် ပညာကို ဆုံးခန်းတိုင်အောင် သင်စရာမလိုဘူး။ တနေ့ကြရင် ယောကျ်ား ယူမှာပဲ ယောကျ်ားပဲလုပ်ကျွေးလိမ့်မယ်ဆိုတဲ့ အဲ့ဒီအယူအဆရှိတဲ့အသိုင်းအဝိုင်းကနေ ဆင်းသက် လာတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်က အဲဒါကိုလက်မခံဘူး။ ကျွန်မ ဘွဲ့ရချင်တယ်။ ကျွန်မ ဘွဲ့ရတဲ့အထိ ကြိုးစားချင်တယ်ပေါ့။ အဲ့ဒီတော့ ကိုယ်ကိုတိုင်က ရုန်းထွက်တယ်။

    မိဘကိုယ်တိုင် က တက္ကသိုလ်တက်ဖို့ မထောက်ပံ့နိုင်ဘူး။ အဲ့တော့ အလုပ်တဖတ် တက္ကသိုလ်တစ်ဖက် တက်နိုင်အောင် ကြိုးစားခဲ့တယ်။ အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့် မိသားစုကိုယ်တိုင်က ခွဲခြား ဆက်ဆံမှုတွေလည်းရှိတယ်။ဒါပေမယ့်အဲ့ဒီခွဲခြားဆက်ဆံမှုတွေကို ကိုယ်ကိုတိုင်က ရုန်းထွက် နိုင်ရမယ်။ ကျွန်မက ကျွန်မရဲ့မိဘနဲ့လည်းရန်ဖြစ်ရသလို ပတ်ဝန်းကျင်နဲ့လည်းရန်ဖြစ်ရတယ်။

    သို့ပေမယ့်လို့ သူတို့တဖြေးဖြေးနဲ့ နားလည်အောင် သက်သေနဲ့ပြရတယ်။ သက်သေဆိုတာက ကျွန်မဘွဲ့မရရအောင် ယူခဲ့တယ်။ ကျွန်မကျောင်းတက်နေတဲ့အချိန်မှာ  ကျွန်မအိမ်ထောင်ကျပြီး ကိုယ်ဝန်နဲ့ ကျောင်းတက်တယ်။ ဘွဲ့မရရအောင်ယူခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘွဲ့က အရမ်း အရေးကြီးသလားဆိုတော့ အရေးပါသလားလို့မေးရင် အရေးမပါပါဘူး။ ကျွန်မရဲ့မိဘတွေရော ကျွန်မရဲ့ဘေးပတ်ဝန်းကျင်တွေရော အမျိုးသမီးတွေလုပ်နိုင်တယ်ဆိုတာကို ပြချင်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘွဲ့ကို မရရအောင်ယူခဲ့တယ်။

    မေး။    ။အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ဘယ်ကြောင့် အရေးကြီးပါသလဲ။

    ဖြေ။    ။ တကယ်လို့သာ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မပါဝင်ဘူးဆိုရင် ကျွန်မတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ စစ်ပွဲရဲ့ဒဏ်ကို ခံစားနေရတဲ့အမျိုးသမီးတွေရဲ့ ခံစားမှုတွေကို ခုနပြောတဲ့ တရားမျှတမှုကို ရှာဖွေပေးနိုင်မှာမဟုတ်ဘူး။ တပြိုင်နက်ထဲမှာ ကျွန်မတို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသမီးတွေပါဝင်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။အမျိုးသမီးတွေ ပါဝင်လာဖို့ အရေးကြီးတယ်။

    အမျိုးသမီးတွေ ပါဝင်လာမှသာလျှင် တရားဝင် ဖြစ်လာနိုင်မှာ ဖြစ်တယ်။ ဘာကြောင့် အဲ့လိုပြောလဲဆို အမျိုးသမီးတွေရဲ့လူဦးရေက မြန်မာနိုင်ငံမှာ ၅၀ ရာခိုင်နှုန်း ကျော်တယ်။ အဲ့လိုကျော်တဲ့ဟာက ဒီမိုကရေစီ principle အရ ပြောမယ်ဆိုရင် သူတို့ရဲ့ကိုယ်စားပြုမှုက ဘယ်‌ရောက်နေလဲပေါ့နော်။ သူတို့ကိုယ်စားပြုမှုရှိမှသာ တရားဝင်မှု ရှိတယ်လို့ ပြောလို့ရပါတယ်။

    မေး။    ။အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိတယ်လို့ ထင်ပါသလဲ။

    ဖြေ။    ။အမျိုးသမီးတွေ နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာဖို့ဆိုတာက လူအများစု၊ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်အများစုက မင်းတို့အရည်အချင်းရှိရင် တက်လာခဲ့ ဆိုတဲ့ စကားတွေက ခဏခဏပြောတယ်ပေါ့နော်။ အရည်အချင်းရှိတယ် မရှိဘူးဆိုတာက ဘယ်လိုပေတံနဲ့ တိုင်းတာသလဲ။ ကျွန်မဥပမာတစ်ခုပဲ ပေးမယ်။ ဥပမာအားဖြင့် အမျိုးသမီးအဖွဲ့တွေက အနည်းဆုံး (၃၀) ရာခိုင်နှုန်း အမျိုးသမီးပါဝင်ရေးကို တောင်းဆိုတယ်။ ဘာလို့တောင်းဆိုသလဲ ဆိုတော့ အမျိုးသမီးတွေက နှစ်ပေါင်းများစွာ ဘေးဖယ်ကြဥ်ခံထားရတယ်။

    အဲ့လို ဘေးဖယ်ကြဥ်ခံထားရတဲ့ အခါမှာ ချက်ချင်း နင်တို့ အရည်အချင်းရှိရင်တက်လာခဲ့ဆိုတာ လုပ်လို့မရပါဘူး။ အဲ့လိုလုပ်တယ် ဆိုရင်လည်း ဘယ်လိုမှ တန်းတူရေးကိုရရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဖွင့်ပေးရမယ်။ သုံးဆယ်ရာခိုင်နှုန်းတောင်းတယ်ဆိုတာက သုံးဆယ်ရာခိုင်နှုန်းအခွင့်အလမ်း ဖွင့်ပေးဖို့ဖြစ်တယ်။

    တကယ့်တကယ် တန်းတူရေးလို့ပြောမယ်ဆို ၅၀၊၅၀ ကတန်းတူရေးဖြစ်တယ်။ ဒါပေမယ့် အဲ့အခြေအနေမှာ မရောက်နိုင်တာဖြစ်တဲ့အတွက် သုံးဆယ်ရာခိုင်နှုန်းပဲ တောင်းဆိုတယ်။ ဒီသုံးဆယ်ရာခိုင်နှုန်းပြည့်မှီဖို့အတွက်ကို ခတ္တခဏယာယီ အထူးလုပ်ဆောင်ချက် လုပ်ပေးဖို့အတွက်ပဲ ကျွန်မတို့က တောင်းဆိုပြောပြတာ ဖြစ်တယ်။

    ဒါကြောင့်မို့ အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာဖို့က ဂျဲန်ဒါကိုတာမရှိပဲနဲ့တော့ အမျိုးသမီးတွေက ဘယ်လိုမှ အမျိုးသားတွေနဲ့အတူ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရောက်လာနိုင်မှာ မဟုတ်ဘူး။

    နောက်တခုက အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာနိုင်ဖို့ဆို စစ်တပ်နဲ့ နှိုင်းနဲ့ကိစ္စပေါ့။ ၂၅ ရာခိုင်နှုန်း စစ်တပ်ကလည်း ၂၅ ရာခိုင်နှုန်းယူတယ်။ မင်းတို့ကရော ၃၀ ရာခိုင်နှုန်းတောင်းတယ်။ မတူပါဘူး။ စစ်တပ်ကကြတော့ သူ့ထိုင်ခုံနဲ့သူ ယူလာတာဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့ကကျတော့ အမျိုးသမီး (၃၀) ရာခိုင်နှုန်းဆိုတာက အမျိုးသားတွေနဲ့အတူ ရွေးကောက်ပွဲ ဖြတ်သန်းလာပြီးမှ ၃၀ ရာခိုင်နှုန်းကို ပြောချင်တာဖြစ်တယ်။

    အဲ့ဒီတော့ ဆိုလိုချင်တာက ၃၀ရာခိုင်နှုန်းပြည့်မှီဖို့အတွက် နည်းနာဗျူဟာတွေတော့ ရှိတယ်။ အဲ့ဒီနည်းနာ ဗျူဟာတွေကို မူဝါဒတွေ ချမှတ်ပြီးတော့မှ လုပ်‌ဆောင်ဖို့လိုတယ်ဆိုတာ ပြောချင်တာ ဖြစ်တယ်။

    မေး။    ။နွေဦးတော်လှန်ရေးကာလအစကနေ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးမှာ ပါဝင်မှုကို အသိအမှတ်ပြုလာကြပြီလို့ ထင်ပါသလား။

    ဖြေ။    ။နွေဦးတော်လှန်ရေးကာလမှာအမျိုးသမီးတွေက ကျရာအခန်း ကဏ္ဍမှာပါဝင်နေတယ်ဆိုတာ ကို ဘယ်သူမှ ငြင်းလို့မရဘူး။ အမျိုးသမီးတွေက ဟိုးအရင်ကတည်းက ၈၈ အရေးအခင်းကို ကြည့်မလား။ ဘယ်တော်လှန်ရေးမှာပဲဖြစ်ဖြစ် ပါဝင်ခဲ့တယ်။ ဒါပေမယ့် အသိအမှတ်ပြုမှုက မရှိနေဘူး။ နောက်တစ်ခုက မီဒီယာလက်လှမ်းမီမှုလည်းမရှိတော့ အခုကျတော့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကိုယ်တိုင်က တက်တက်ကြွကြွနဲ့ ပါဝင်တယ်။ တော်လှန်ရေး ဦးဆောင်တဲ့နေရာမှာလည်း အမျိုးသမီးတွေ အများကြီး ပါဝင်ခဲ့တယ်။

    ဘယ်နေရာမှာပဲ ကြည့်ကြည့်ပေါ့နော်။ သံဗုံးတီး ကမ်ပိန်းတွေ ကြည့်မယ်ဆိုလည်း အမျိုးသမီးတွေက အိုးခွက်ပန်းကန်တွေ ယူပြီးတော့မှ  အိမ်ထဲမှာ ပါဝင်နေတာတွေက အများကြီးရှိသလို ရှေ့တန်းမှာ လက်နက်ကိုင်ပြီး တော်လှန်တဲ့နေရာမှာလည်း အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါကို အသိအမှတ်ပြုဖို့ လိုတယ်။ ဥပမာ ကျွန်မတို့နိုင်ငံမှာ အာဇာနည်လို့ ပြောတယ်ဆို အမျိုးသား အာဇာနည်တွေပဲ ပြောကြပါတယ်။ အမျိုးသမီးအာဇာနည် ဆိုတာ တခါမှအသိအမှတ်ပြုမှုတွေ လုပ်ခဲ့တာမရှိဘူး။ အခုဆို အမျိုးသမီးအာဇာနည်တွေ အများကြီး ရှိပါတယ်။

    အဲ့ဒါတွေကို အသိအမှတ်ပြုပြီးတော့မှ တကယ်ကို အထိမ်းအမှတ်တွေနဲ့အတူ လုပ်ပေးဖို့လိုသလို တကယ့် လက်တွေ့မှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးပါဝင်မှု အကြောင်း ပြောသာပြောတယ်။ တကယ့်စိတ်ဆန္ဒရှိရှိနဲ့ အမျိုးသမီးတွေကိုအလေးထားပြီးတော့မှ ဂျဲန်ဒါ အလေးထားတဲ့ မူပေါ်လစီတွေ ချမှတ်ထားပြီးတော့မှ တကယ့်လက်တွေ့ အကောင်အထည်ဖော်မှုက အားနည်း နေသေးတာ တွေ့ရတယ်။

    မေး။    ။အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေမပြုတဲ့ ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှု ကင်းတဲ့ တန်းတူမျှတတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ဘယ်လိုတည်ဆောက်သင့်တယ်လို့ အကြံပြုချင် ပါသလဲ။

    ဖြေ။    ။ဂျဲန်ဒါပေါ်လစီတွေ၊ ဂျဲန်ဒါ sensitivity ပေါ်လစီတွေနဲ့ ပတ်သက်ပြီးတော့မှ ချမှတ်ထားရမှာ ဖြစ်သလို ဂျဲန်ဒါ ဘတ်ဂျတ် team ရှိရမယ်။ကျွန်မတို့က ဂျဲန်ဒါ၊ ဂျဲန်ဒါ၊ ကျား၊မ တန်းတူရေး၊ ကျား၊မ တန်းတူရေး ပြောပြီးတော့မှ လက်တွေ့မှာ အကောင်အထည်ဖော်တဲ့အခါမှာ ယန္တရားတွေ မရှိနေဘူး။ အဲ့အတွက် အကောင်အထည်ဖော်ဖို့ ဘတ်ဂျက်တွေမရှိနေဘူးဆို ဘာမှမထူးဘူး။ စာရွက် ပေါ်မှာပဲ ရှိမယ်ပေါ့နော်။

    ဒါကြောင့်မို့လို့ တကယ့်လက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်က ပိုက်ဆံလိုပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ခွဲတဲ့အခါမှာ ဂျဲန်ဒါဘတ်ဂျက် team ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီးတော့မှ ခွဲဝေပေးဖို့လိုပါတယ်။
     

    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
    https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    အမှောင်ထုမှ ပန်းများ အိမ်မက်ချဉ်းကပ်ခြင်း

    ရေးသားသူ- Junia

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။

    ကျွန်မတို့ အမျိုးသမီးတွေဆိုတာ တကယ်တော့ ပန်းတွေလို နူးညံ့လှပတဲ့ ပုံပန်းသဏ္ဍာန် ဆောင်ကြပေမဲ့ အတွင်းစိတ်ဟန်ကိုတော့ မခန့်မှန်းနိုင်ကြပါဘူး။ အချို့က ရုပ်အားဖြင့် နုဟန်နဲ့ စိတ်သဏ္ဌာန်က မာကြရဲ့။ အချို့တော့လည်း ရုပ်အားဖြင့် မာသဏ္ဌာန်နဲ့ စိတ်ကတော့နုကြပြန်ရဲ့။ ယေဘုယျအားဖြင့်တော့ အမျိုးသမီးဆိုတာ နူးညံ့သော၊ သိမ်မွေ့သော၊ တွေးတောဆင်ခြင် တုံအားကြီးသော၊ စိုးရိမ်စိတ်များသော၊ အကြောက်တရားကြီးသော၊ သတိအားကြီးသော အကျိုး အကြောင်းများစွာနဲ့ ဖြစ်တည်နေသော ရုပ်နဲ့နာမ်နှစ်ခုကို တစ်ခုလုပ်ပြီး ဖြစ်တည်နေသော သက်ရှိလူသား‌တွေပဲ ဖြစ်ပါတယ်။

    ထိုဖြစ်တည်ခြင်းတွေကို အခြေခံလို့ မြင့်မြတ်ခြင်း၊ နိမ့်ကျခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဉာဏ်ပညာမြင့်ခြင်း၊ ဆိုတာ အလျှင်းမရှိပါဘူး။ သာတူသောအခွင့်ဟာ တန်းတူညီမျှတယ်လို့ ဆိုလိုချင်ပါတယ်။ အမှန်တရားဆိုတာ ဘယ်အရာမှာမှ ခေါင်းစဉ်တပ်မရပေမဲ့ အမှန်တရားဟာ ဖြစ်တည်မှုတိုင်းမှာ ရှုထောင့်စုံက ရှိနေကြပါတယ်။ ပဋိပက္ခတွေရှိနေရင် ဖြေရှင်းချက်တွေလည်း ရှိနေရပါလိမ့်မယ်။ ဒွိဟတွေးတောချက်တွေရှိနေရင် အဆုံးသတ်ခြင်းဆီ ရောက်ဖို့ အဖြေရှာ ရပါလိမ့်မယ်။

    ဒါကြောင့် ကျွန်မတို့အမျိုးသမီးတွေရဲ့ ရုပ်နဲ့စိတ်ကို ပူးတွဲမြင်ပြီး ကိစ္စရပ်တွေကို ဆုံးဖြတ် မရနိုင်ပါဘူး။ သန်မာသောစိတ်နဲ့ ပျော့ပြောင်းသောရုပ်ကို ပြီးမြောက်သောအလုပ်တွေက သက်သေပြ နိုင်သလို၊ ပျော့ပျောင်းသောစိတ်နဲ့ မာကြောသောရုပ်က ပြီးမြောက်သောအလုပ်ကို သက်သေပြု ပါလိမ့်မယ်။ ကိစ္စရပ်တိုင်းမှာ အနုပညာပါဖို့ပဲလိုပါတယ်။

          ကျွန်မတို့ အမျိုးသမီးတွေအတွက် အခွင့်ထူးခံမလို၊ သာတူညီမျှမှုသာ လိုပါတယ်။ ကျွန်မတို့တွေ ဟာ အတိတ်မှာ ကျင့်သုံးထင်မြင်ခဲ့တဲ့ နိမ့်ကျခဲ့တဲ့အတွေးအခေါ်တွေ စွန့်ပစ်ဖို့လိုပါပြီ။ အတိတ်က ခံစားခဲ့ရတာကို သင်ခန်းစာယူဖို့လိုပါပြီ။ လက်ရှိဖြစ်ပျက်နေတာတွေ မြင်တတ်ဖို့လိုပါပြီ။ အရာရာ နောက်ကျနေတဲ့ ကိုယ်နိုင်ငံအနေအထား အခင်းအကျင်းအရ အခြားနိုင်ငံတွေနဲ့ ယှဉ်ထိုးဖို့လိုပါပြီ။

    အမျိုးသမီးတွေရဲ့စွမ်းရည်တွေ အဆင့်မြှင့်ဖို့ လိုအပ်သလို ကျွန်မတို့ကိုယ်တိုင်လည်း စနစ်ဆိုးတစ်ခုက ရုန်းထွက်ဖို့လိုပါပြီ။ ကျားမတန်းတူအခွင့်အရေးဆိုတာဟာ လူမှုနေထိုင်ခြင်း ဖြစ်စဉ်ထက်ပိုတဲ့ ရည်ရွယ်ချက်ကိုတိတိပပ သိဖို့လိုပါတယ်။ ပြုပြင်ပြောင်းလွှဲမှုဟာ ရုပ်ပိုင်းဆိုင်ရာ မက တစ်ဦး တစ်ယောက်ချင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ပါထည့်သွင်းဖို့ အဓိကကျပါတယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ သူ့အခန်းကဏ္ဌအလိုက် အရေးပါမှု တာဝန်ယူမှု တာဝန်ခံမှုတွေမှာ ကျွန်မတို့ အမျိုးသမီးတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။

    ကျွန်မတို့ အမျိုးသမီးတစ်ဦးချင်းစီတိုင်းရဲ့ စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှုကို လိုအပ်တဲ့နေရာနဲ့ လိုက်လျောညီထွေတဲ့ နေရာတွေမှာ အံဝင်ဂွင်ကျပါဝင်နိုင်ဖို့ လိုပါတယ်။ ကျွန်မတို့တွေ စစ်မတိုက်နိုင် ရင် ဥပဒေပြုရေးရာနေရာမှာ ပါဝင်နိုင်ပါတယ်။ ဥပဒေမရေးဆွဲနိုင်ရင် စာတွေရေးပြီး လှုံ့ဆော်တဲ့ နေရာမှာ ပါဝင်နိုင်ပါတယ်။

    ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေ ရှိဖို့ဆိုရင် စာတွေဖတ်ဖို့လေ့လာဖို့လိုသလို၊ ကျွန်မတို့ကိုယ်တိုင် အသိအမြင်တွေ ပွင့်လင်းဖို့၊ ထက်မြတ်ဖို့၊ ကျွမ်းကျင်ဖို့တွေ လိုပါတယ်။အမျိုးသမီးတွေအချင်းချင်း စာနာမှု၊ နားလည်မှု၊ နွေးထွေးမှုတွေနဲ့ လိုချင်နေတဲ့ ဘုံရည်မှန်းချက်တွေ မပျောက်အောင် ချဉ်းကပ်ဖို့ဆိုရင် ကျွန်မတို့ အမျိုးသမီးတွေ လက်တွဲညီညီ အသံပီပီနဲ့ ကမ္ဘာကကြားအောင် လွတ်လပ်မှု၊ တန်းတူမှုတွေ ကျယ်ကျယ် လောင်လောင် ဆော်ဩဖို့လိုအပ်ပါတယ်။

    အမျိုးသမီး လိင်အကြမ်းဖက်ခံရမှုတွေ ပပျောက်အောင်၊ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုမရှိအောင် လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာဆိုင်ရာတွေ အပြည့်အဝ ရရှိအောင်ဆိုရင် နိုင်ငံတစ်နိုင်အနေနဲ့ ဖွဲ့စည်းပုံနဲ့ အင်စတီးကျူးရှင်းတွေ ဘယ်လောက်ထိ အရေးပါသလဲဆိုတာကို သိမြင်ဖို့ လိုအပ်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတော်အုပ်ချုပ်မှု အစိုးရ တစ်ရပ်မှာ ရှိသင့်ရှိထိုက်တဲ့ အခြေခံမူတွေဟာ အဲ့ဒီနိုင်ငံမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ သဘောဆန္ဒကို အခြေခံထားရတယ် ဆိုတာမျိုးတွေ သိမြင်ဖို့လိုအပ်ပါတယ်။  နိုင်ငံရေးဟာ နိုင်ငံတစ်ခုရဲ့ အရေးကိစ္စတွေ ဖြစ်သလို လူတိုင်းတစ်ဦးစီတိုင်းရဲ့အရေးကိစ္စလည်း ဖြစ်ပါတယ်။

    အနာဂတ်မှာ ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုတွေကို လိုချင်ရင် ကျွန်မတို့ စိတ်ဓာတ်တွေ မာကြောဖို့၊ ယုံကြည်ချက်တွေ၊ ဦးတည်ချက်တွေ ခိုင်မာဖို့ လိုသလို၊ အမျိုးသမီးတွေရဲ့ ပါဝင်ဆုံးဖြတ်လုပ်ဆောင်ခွင့် ရှိဖို့လည်း မဖြစ်မနေလိုပါတယ်။ အကြောက်တရားတွေကို ထိုးဖောက်ပြီး အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးအဝိုင်းအဝန်းထဲ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာဖို့ လိုပါတယ်။ အမျိုးသမီးအချင်းချင်းကြား နိုင်ငံရေးအတွေးအခေါ်တွေ မျှဝေဖို့လိုပါတယ်။ ရိုးရှင်းတဲ့ ဝိသေသတွေ ပြဖို့ လိုပါတယ်။

    အထွေထွေသော အထက်ပါအကြောင်းအရာတွေကို ခြုံငုံကြည့်ရင် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လူအခွင့်အရေးထဲမှာမှ ကျွန်မတို့အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးတွေ ကိုလည်း သေချာမြင်တတ်ဖို့လိုပါတယ်။ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ဆိုရင် ကောင်းမွန်တဲ့ ဖွဲ့စည်းပုံ တစ်ရပ်ရှိဖို့ လိုအပ်ပြီး ပြည်သူတွေနဲ့အတူ ကျွန်မတို့အမျိုးသမီးတွေတစ်ခဲနက် လက်တွဲပါဝင်ရေးဆွဲဖို့ ကြိုးစားရပါမယ်။

    အခြားအခြားသော ကဏ္ဍအလိုက် ပါဝင်သင့် ပါဝင်ထိုက်သော နေရာ၊ အလုပ်တွေမှာ ကိုယ်စီကိုယ်ငှ ပါဝင်နိုင်မှ ကျွန်မတို့ရဲ့ လှပတဲ့အနာဂတ် အိမ်မက်တစ်ခုကို ပုံဖော်ရေးဆွဲနိုင်မှာမို့ ကျွန်မတို့ဟူသော ပန်းတို့သည် အကြောက်တရားနဲ့ အမှောင်ထုညမှ လှပတဲ့အနာဂတ်အိမ်မက်ဆီ လက်တွဲညီညီ အတူချဉ်းကပ် ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

    အကြောက်တရားတွေကို ထိုးဖောက်ပြီး အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးအဝိုင်းအဝန်းထဲ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာဖို့ လိုပါတယ်။ အမျိုးသမီးအချင်းချင်းကြား နိုင်ငံရေးအတွေးအခေါ်တွေ မျှဝေဖို့လိုပါတယ်။ ရိုးရှင်းတဲ့ ဝိသေသတွေ ပြဖို့ လိုပါတယ်
     

    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
    https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    အတိတ်ဆိုတာ ……ပစ္စုပ္ပန်အတွက် ခွန်အားပါ

    ရေးသားသူ- ပိုမီ 

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။

    အသက်ရှင်သန်ပိုင်ခွင့်နှင့်ထပ်တူ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် နဲ့ ဆန္ဒထုတ်ဖော် ပြသနိုင်ခွင့်ဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးတဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာရော၊ မဝေးသေးတဲ့အတိတ်နဲ့ ဝေးတဝါးအတိတ်ကာလတွေမှာပါ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ တန်းတူအခွင့်အရေးတွေအတွက် ကြိုးစားတိုက်ပွဲဝင် ဖြတ်သန်းနေကြ ရပါတယ်။ ဒီမိုကရေစီအခွင့်အရေးအတွက် တိုင်းပြည့်ရတနာ မိခင်ရဲ့ရင်သွေးပေါင်းများစွာတို့ရဲ့ အသက်တွေ များစွာ စတေးခဲ့ကြရပါတယ်။  ထိုသမိုင်းကို အသစ်ချယ်မှုန်းမှုမှာ ကျွန်မလည်း ဆေးစက် တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။

    အလွန်ကြာပြီဖြစ်တဲ့ အတိတ်ကာလတစ်ခု။ တတိယတန်းအရွယ် ကျောင်းသူတစ်ယောက် အတွက် မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခု။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခု။ ကျွန်မဘဝရဲ့ အထင်ကရအမှတ်တရတစ်ခု။ ပြန်တွေးမိခဲ့ရပြီ။ တတိယတန်း အရွယ်လောက်က  အချိန်တစ်ခုဆီကို  သတိရမိခဲ့ပါတယ်။  ကျွန်မရဲ့မိဘနှစ်ပါးကတော့  ဈေးတစ်ခုရဲ့ လမ်းဘေးမှာ ပျံကျအနေနဲ့ ဈေးရောင်း ရတဲ့အခြေအနေမှာပေါ့။

    ကျွန်မမိခင်က မနက်ကို စောစောအိပ်ယာထပြီး မိသားစုစားဖို့ ထမင်းထချက်ပြီး ကျွန်မတို့ မောင်နှမ (၃) ဦး အတွက် စားစရာ ပြင်ဆင်ချက်ပြုတ်၊  ကျွန်မတို့ မောင်နှစ်မတွေကို အိမ်မှာထားခဲ့ပြီးတော့ အဖေနဲ့အတူ ဈေးရောင်းထွက်ခဲ့ပါတယ်။ ဒါဟာ နေ့စဉ်ကျွန်မမိသားစု ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝဖြစ်စဉ်တခု ဖြစ်ပါတယ်။ ကျွန်မတို့မောင်နှမတွေ ကတော့ အမေပြင်ပေးခဲ့တဲ့ စားစရာတွေကို စားကြပြီး ခမောက်ခပ်ကြီးကြီး တစ်ချပ်စီဆောင်းကာ ကျောင်းကို လမ်းလျှောက်သွားခဲ့ရတယ်။ 

    တစ်ရက်မှာ   ကျွန်မတို့ ကျောင်းတက်ချိန်     မှတ်မှတ်ရရ တတိယတန်း   မြန်မာဖတ်စာအုပ် ထဲက  ပျားနှင့် ပိတုန်း ကဗျာဖတ်နေကြတဲ့အချိန်   တစ်ချို့သော မိဘတွေက  ကျောင်းကို ရောက်လာ ကြပြီး ကျွန်မသူငယ်ချင်းတွေကို   တစ်ယောက်ပြီးတစ်ယောက် လာကြိုသွားကြပါတယ်။ တဖြည်း ဖြည်းနဲ့ ကျောင်းခန်းထဲက သူငယ်ချင်းတွေကုန်သွားပြီး ကျွန်မတို့မောင်နှမကိုတော့   နောက်ဆုံး ဆရာမတွေက   အိမ်ပြန်တော့လို့ပြောမှ   ကျွန်မတို့မောင်နှမတွေ ခမောက်ဆောင်းပြီး  ပြန်လာကြ ရတယ်။ 

    နိုင်ငံရေးအခြေအနေကို ဘာမှနားမလည်တဲ့ကျွန်မတို့မောင်နှမတွေက မျက်စိကလယ်ကလယ် နဲ့။  ဘာဖြစ်တာလဲလို့ ကျောင်းဈေးကလူကြီးတွေကိုမေးတော့လည်း ဒီနေ့ဟာ အရေးကြီးတယ်လို့ပဲ  ပြောပြတယ်။ ကျွန်မတို့လည်း  မြန်မြန်အိမ်ကို  ပြန်ခဲ့ကြပါတယ်။ အဲ့အချိန်မှာ အဖေက မောင်ဗမာ စက်ဘီးလေးနင်းကာ  အိမ်ကိုပြန်ရောက်လာပြီး  ကျွန်မတို့  မောင်နှမတွေအိမ်မှာ ရောက်ပြီလား လာပြန်ကြည့်ခဲ့တယ်။ သားသမီးစုံတော့ အိမ်နားမှာရှိတဲ့အဒေါ်နဲ့အပ်ကာ အမေရှိတဲ့ဈေးကို စက်ဘီးနင်းပြီး   ပြန်သွားခဲ့တယ်။ ကျွန်မတို့ရဲ့မြို့မှာ   အရင်က  လျှပ်စစ်မီးကို လူတိုင်းသုံးခွင့်မရသလို  လျှပ်စစ်မီးရှိတဲ့ ရပ်ကွက်တိုင်းမှာလည်း အိမ်တိုင်း လျှပ်စစ်မီးမရှိကြပါဘူး။

    ညဘက်မှာတော့ “ဒို့အရေး……ဒို့အရေး” လို့ အသံစပြီးကြားရတော့ အဖေက ညီမအငယ်ဆုံးကို ပခုံးပေါ်မှာထမ်းပြီး ကျွန်မနဲ့ ကျွန်မမောင်ကိုတော့   ဘယ်တစ်ယောက်  ညာတစ်ယောက် လက်ဆွဲကာ ဒို့အရေး……ဒို့အရေး လို့ အော်နေကြတဲ့ လူတန်းရှည်ကြီးတွေကို တော်တော် လှမ်းလှမ်းထိ လိုက်သွားပြီး လိုက်ပြပေးခဲ့ဖူးတယ်။

    မီးတုတ်ကိုင်ကာ “ဒို့အရေး…” လို့ ကြွေးကြော်နေသူတွေက ဘယ်သူတွေလဲလို့ အဖေ့ကိုမေးတော့ ဆန္ဒပြနေကြတာလို့ ပြောပြခဲ့တယ်။ ဒီလောက်ဘဲ မေးဖြစ်ခဲ့ပါတယ်။ နားမလည်ခဲ့ဘူး။ ရှစ်လေးလုံးအရေးတော်ပုံ (၈၈၈၈) ကြီးလို့လည်း မသိခဲ့ဘူး။ လူတွေ ဘာကို မကျေနပ်လို့ သပိတ်မှောက်နေတာလဲဆိုတာလည်း နားမလည်ခဲ့ဘူး။ အစိုးရတွေကို မကျေနပ်ရင် မကျေနပ်ကြောင်း ဆန္ဒပြသပိတ်မှောက်လို့ ရကြောင်းလည်း မသိခဲ့ဘူး။

    မကြာပါဘူး။ ကျောင်းသားလူငယ်တွေကို ခေါင်းဖြတ်သတ်ခံရတဲ့ အကြောင်းတွေ၊ နိုင်ငံ အနှံ့မှာ သပိတ်စခန်းတွေ  တည်ထားတဲ့အကြောင်းတွေ တစစနဲ့ လူကြီးတွေပြောပြရာက သိမြင်လာရပါတယ်။  သပိတ်မှောက်ကြတယ်ပေါ့။ အဲ့သလိုတွေပြောတာ ကြားသိခဲ့ရပါတယ်။ ရက်အနည်းငယ်ကြာတော့ အဖေ အိမ်မှာမရှိတော့ဘူး။ အမေ့ကို တိုးတိုးတိတ်တိတ်ပြောပြီး အဖေအိမ်က ထွက်သွားတယ်။ ဘာကြောင့်လည်း  မမေးမိခဲ့ဘူး။ အမေကလည်း မပြောပြဘူး။ ကလေးသဘာဝအတိုင်း  ကျောင်းပိတ်တော့ ပျော်ကြတယ်။

    အခုဒီလိုနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး လွှတ်တော် ပထမဆုံးခေါ်တဲ့နေ့။ ထိုနေ့မနက် (၂) နာရီဝန်းကျင်လောက်မှာ သောင်ပြိုကမ်းပြိုရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်အချို့ကို ဖမ်းဆီးခေါ်ဆောင်လိုက်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ပါတော့တယ်။အဲအချိန်မှာ အဖေ့ကို မေးမိတယ်။ ရှစ်လေးလုံးအရေးတော်ပုံကာလက ဘာကြောင့် အိမ်က ရှောင်သွားရလဲလို့ မေးတော့  “အဖေ့ကို ရပ်ကွက်လူကြီးလုပ်ဖို့ ပြောလာတာကြောင့် မလုပ်ချင်လို့ ရှောင်သွားရတာ” လို့ သိလိုက်ရတယ်။ အတွေးပေါင်းများစွာနဲ့ ကျန်ခဲ့တယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျွန်မက “ငါဘာလုပ်နေလဲ။ ဘာလုပ်ပေးရမလဲ။ ဘာလုပ်ရင်ကောင်းမလဲ” လို့  တွေးမိပါတယ်။    လူမှုကွန်ရက် မှာ  အာဏာသိမ်းလိုက်တဲ့စစ်ကောင်စီကို လက်မခံကြောင်း သပိတ်မှောက်ဆန္ဒပြနေတဲ့ပုံတွေထဲက လက်သုံးချောင်းထောင်ပြီး ကရင်အင်္ကျီအနီရောင်နဲ့  ရဲရဲရင့်ရင့်ဆန္ဒပြနေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဓာတ်ပုံကို သတိထားမိခဲ့တယ်။ ထုံးစံအတိုင်း ကျွန်မတို့ဌာနက ထိုင်ခုံချစ်တဲ့ လူကြီးများကတော့ “၈၈ တုန်းကလည်း ဒီလိုပါဘဲ။  ငါတို့လည်း   လိုက်အော်ခဲ့ကြ ဖူးပါတယ် နောက်တော့လည်း  ဘာမှမဟုတ်ပါ  ဘူး”  ဆိုပြီးကျွန်မတို့ကို   နားသွင်းခံခဲ့ရပါတယ်။ 

    ကျွန်မတို့ဒေသမှာ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလ (၈)ရက်နေ့ကစပြီး   သပိတ်စတင်တော့ ကျွန်မ ရုံးမသွားဘဲ နေခဲ့တယ်။ ရုံးကလုပ်ဖော်ကိုင်ဘက်တွေထဲက ကိုယ့်နဲ့စိတ်တူကိုယ်တူလို့ထင်ခဲ့မိတဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး ရုံးတက်မှာလားမေးတော့ “တက်ရမှာပေါ့၊ ကိုယ်တွေက ဝန်ထမ်းတွေဘဲ   ငါတို့နဲ့   ဆန္ဒပြတာနဲ့ ဘာမှမဆိုင်ဘူးလေ” ဆိုပြီး  ပြန်ပြောတာခံလိုက်ရတယ်။  

    နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်တော့မယ့်ကာလမှာ ရှစ်လေးလုံးအရေးတော်ပုံကာလနဲ့ ၂၀၂၁ အာဏာသိမ်းစကာလကို ပြန်တွေးမိလာရခြင်းက လက်ရှိအချိန်မှာ  ကျွန်မတို့အချိန်နဲ့ တပြေးညီ  သတင်းတွေသိရတယ်။ ဘယ်သူ ဘာလုပ်တယ်။ ဘယ်မီဒီယာမှာ ဘာတွေသတင်းကြည့် လို့ရတယ် စသဖြင့် ကျွန်မတို့ အများကြီး သိခွင့်ရနေကြပြီဖြစ်ပါတယ်။

    ရှစ်လေးလုံး လူထုအရေးတော်ပုံကာလကို လက်ရှိကာလနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် CDM ဝန်ထမ်းတွေ၊ တက်ကြွလူငယ်တွေ၊ အမျိုးသမီးထုတို့ရဲ့ ပါဝင်မှုဟာ အားရစရာကောင်းလှပါတယ်။ ပြည်သူတွေရဲ့ ထောက်ပံ့မှု၊ ထောက်ခံမှုဟာလည်း အားရစရာကောင်းသလို ဦးညွှတ်လေးစားစရာ ကောင်းလှပါတယ်။ နုနုရွရွနေလို့ရတဲ့ အနုပညာရှင်တချို့ တော်လှန်ရေးမှာ စိတ်ရောကိုယ်ပါ  ပါဝင်မှုတွေဟာ လေးစားအားကျစရာ ကောင်းလှပါတယ်။

    အတိတ်က ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ပုံရိပ်တွေတွေ၊ အဖေ့ရဲ့ အန္တရာယ်ကြားက ရပ်တည်ချက်တွေဟာ ကျွန်မကို အခုလို CDM လုပ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာ တော်လှန်ခဲ့ကြတဲ့ ဒီမိုကရေစီလှုပ်ရှားမှု၊ လူ့အခွင့်အရေးတိုက်ပွဲတွေဟာ လက်ရှိနွေဦးတော်လှန်ရေးကြီးထွက်ပေါ်လာဖို့အတွက် အများအမြားတွန်းအားဖြစ်စေခဲ့ပါတယ်။ တကယ်တော့ အတိတ်ဆိုတာ ပစ္စုန်ပန်အတွက် ခွန်အားတစ်ရပ်ပါ။

    “ခေတ်အဆက်ဆက်မှာ တော်လှန်ခဲ့ကြတဲ့ ဒီမိုကရေစီလှုပ်ရှားမှု၊ လူ့အခွင့်အရေးတိုက်ပွဲတွေဟာ လက်ရှိနွေဦးတော်လှန်ရေးကြီးထွက်ပေါ်လာဖို့အတွက် အများအမြားတွန်းအားဖြစ်စေခဲ့ပါတယ်။ တကယ်တော့ အတိတ်ဆိုတာ ပစ္စုန်ပန်အတွက် ခွန်အား တစ်ရပ်ပါ”


    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
    https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    ပြောင်းလဲသင့်သည့်အချိန်အခါ

    ရေးသားသူ- စုသွေးနီ

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။

              ကျွန်မ အမြဲတမ်းမေးလေ့ရှိတဲ့ မေးခွန်းတခုရှိပါတယ်။ လူ့လောကထဲကို လူသားတစ်ယောက် အဖြစ် ရောက်ရှိလာတဲ့အခါ ယောကျာ်း၊ မိန်းမကွဲပြားမှုသာ ရှိမယ်။ လူအဖြစ်ကနေ ဘာတွေကွာခြား သွားသလဲ ဆိုတာပါ။ အဲဒီမှာမြင့်မြတ်ခြင်း၊ နိမ့်ကျခြင်းတွေနဲ့ တိုင်းတာကြတဲ့အခါ အလိုလိုနေရင်း အမျိုးသမီးဆိုတာ ဒုတိယအဆင့်ကို ရောက်သွားရပါတယ်။ ဘာကြောင့်ပါလဲ။ မြင့်မြတ်ခြင်း၊ နိမ့်ကျခြင်းတွေကို ဘယ်သူတွေက သတ်မှတ်လိုက်ပါသလဲ။

    အမျိုးသမီးအဖြစ် မွေးဖွားလာခြင်းကပဲ နိမ့်ကျမှုဖြစ်စေပါသလား။ လူ့အသိုင်းအဝိုင်းမှာ နိမ့်ကျခြင်း၊ အမြင်ကျဥ်းမြောင်းခြင်း၊ စိတ်သဘောထားသေးသိမ်ခြင်း စတာတွေဟာ အမျိုးသမီးတွေ အတွက် အမှတ်တံဆိပ်တွေ ဖြစ်စေခဲ့တယ်။ အမျိုးသားတစ်ယောက် မရင့်ကျက်ဘူး၊ စိတ်သဘော နုတယ်ဆိုရင်တောင် ကာယကံရှင်အမျိုးသားနဲ့ မသက်ဆိုင်ပဲ မိန်းမဆန်တယ်ဆိုတာမျိုးနဲ့ အမျိုးသမီး တွေအပေါ် အပြစ်ဖို့စေတယ်။

    “အမျိုးသမီးအဖြစ် မွေးဖွားလာခြင်းကပဲ နိမ့်ကျမှုဖြစ်စေပါသလား။ လူ့အသိုင်းအဝိုင်းမှာ နိမ့်ကျခြင်း၊ အမြင်ကျဥ်းမြောင်းခြင်း၊ စိတ်သဘောထားသေးသိမ်ခြင်း စတာတွေဟာ အမျိုးသမီးတွေ အတွက် အမှတ်တံဆိပ်တွေ ဖြစ်စေခဲ့တယ်”

    အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးလို့  ပြောဆိုနေရတာဟာ တန်းတူညီမျှမှု ရှိမနေလို့ ဖြစ်ပါတယ်။ ဦးဆောင်မှုအခန်းကဏ္ဍကိစ္စမှာ သာ၍ပြောရမယ် ထင်ပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ရေး၊ အခြားသော ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ ပါဝင်နိုင်ရေး၊ မြှင့်တင်ပေးရေး ဆိုတာ အပြောသက်သက်မဟုတ်ပဲ လက်တွေ့အစီအမံတွေနဲ့ မည်၍မည်မျှ အကောင်အထည်ဖော် လုပ်နိုင်သလဲဆိုတာ မေးခွန်းထုတ်စရာပင်။  လေ့လာဆန်းစစ်မှုအရ အမျိုးသားနဲ့ အမျိုးသမီးဟာ ခန္ဓာကိုယ်ဖွဲ့စည်းမှုအရ မတူညီပေမဲ့ စွမ်းရည်အရာမှာ အတူတူပင်ဖြစ်တယ် ဆိုပေမယ့် ဒီအခြေအနေ ကို လက်ခံနိုင်မှုမှာ အားနည်းနေဆဲ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံလို ဘာသာရေးအရ ဓလေ့ထုံးတမ်းအစဥ်အလာ လွှမ်းမိုးမှုတွေဟာ တိုင်းပြည် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတွေမှာ ရောယှက်မှု၊ တချို့သော ဘာသာရေးဆိုင်ရာ ပြဌာန်းချက်တွေမှာ  အမျိုးသမီးတွေအတွက် အလွန်သိမ်ငယ်မှုကို ဖြစ်စေပါတယ်။ မိရိုးဖလာ ပုံသေကားချပ်တွေ ဟာလည်း အမျိုးသမီးတွေရဲ့ ဘဝကို ပိုမိုခက်ခဲလာစေပါတယ်။ ပုံသေကားချပ် သတ်မှတ်ချက် တွေဟာ သမိုင်းစဥ် တလျောက် လူတို့ကျင့်သုံးတဲ့ အလေ့အထတွေဖြစ်ပါတယ်။

    အမျိုးသမီးတွေကို ပုံဖော်ရာမှာ မီးဖိုချောင်၊ မှီခိုသူ၊ အားနည်းသူတွေအဖြစ်သာ ဖော်ပြကြ ပါတယ်။ အမျိုးသမီးတွေအပေါ် နယ်ပယ်စုံက ခွဲခြားထားမှုတွေကို အမျိုးသမီးတွေကိုယ်တိုင် သိရှိနားလည်ပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ပညာရေး ကဏ္ဍမှာလည်း အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရရှိနေတာ၊ ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်တိုးမြှင့်ထားတာ၊ အခြားသောဘာသာရပ်တွေကို အမျိုးသမီးများ ရွေးချယ်ခွင့်မရနိုင်အောင် ကန့်သတ်ထားခြင်းတို့ဟာ ပြုပြင်ပြောင်းလဲပစ်ရမယ့်ကိစ္စရပ်တွေအဖြစ် နားလည်လက်ခံဖို့ လိုအပ်ပါ တယ်။ 

    အမျိုးသမီးတန်းတူအခွင့်အရေးအတွက် ကျွန်မတို့ အိမ်တွင်းကပင် စရမှာ ဖြစ်ပါတယ်။ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်တွေမှာ အမျိုးသမီးတွေကို မှီခိုသူတွေအဖြစ်သာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးအများစုကလည်း ပုံမှန်လက်ခံစရာတခုအဖြစ် လက်ခံလိုက်ကြတဲ့အခါ အခွင့်အရေးဟာမှေးမှိန်ခဲ့ရပါတယ်။ ထင်ပေါ်သူ၊ ကျော်ကြားသူ အမျိုးသမီးတွေကို ကြည့်မယ်ဆိုရင် သူတို့ဖခင်၊ ခင်ပွန်းရဲ့ကျော်ကြားမှု၊ ထင်ပေါ်မှု၊ အရေးပါမှု နောက်မှာသာ ရှိနေတတ်ပါတယ်။

    အမျိုးသမီးတို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်၊ အရည်အချင်းကို အသိအမှတ်ပြုခံရမှုက အတော် ရှားပါတယ်။ ကိုယ်ပိုင်အရည်အသွေးနဲ့ ကိုယ့်ကိုယ်ကို ထူထောင်ထားနိုင်တဲ့ အမျိုးသမီးတွေမရှိဘူးလို့ မဆိုလိုပါဘူး။ စာပေ၊ ဂီတ၊ အနုပညာနဲ့ အခြားသောအတတ်ပညာပိုင်းတွေမှာ စွမ်းဆောင်ရည် မြင့်မြင့်မားမားနဲ့ ရပ်တည်နေတဲ့အမျိုးသမီးများစွာ ရှိနေပါတယ်။

    နိုင်ငံရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လည်း အမျိုးသားတွေသာ ကျင်လည်ရာနေရာတခုအဖြစ် သတ်မှတ်ထားပြီး အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားမှုကို အမျိုးသား နည်းတူ ကြိုဆိုလက်ခံမှုနဲ့ပတ်သက်ပြီး အားနည်းနေပါသေးတယ်။ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချတဲ့ နေရာမျိုးမှာ အမျိုးသမီးတွေရဲ့ မှတ်ချက်ပြုမှုကို ခံစားချက်နဲ့ ရောနှောပစ်တတ်သူ၊ နူးညံ့ပျော့ပြောင်း သူတွေအဖြစ် သတ်မှတ်ကြတတ်ပါတယ်။ ဒီအမြင်ယူဆချက်တွေဟာ ကာလရှည်ကြာလာတဲ့အခါ သတ်မှတ်ချက်တွေအဖြစ် တည်မြဲလာစေပါတယ်။

    အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်ရေးလို့ဆိုရာမှာ မူလပုံစံခွက်တွေဖြစ်တဲ့ စက်ချုပ်၊ အချက်အပြုတ်၊ အထည်ရက်လုပ်၊ ဇာထိုးပန်းထိုး၊ အခန်းအနားတွေမှာ ဧည့်ခံကြိုဆိုရေးအဖြစ် သုံးတာတွေ မဖြစ်သင့်တော့ပါဘူး။ နိုင်ငံရေးရုံးခန်းတွေ၊ စစ်ဘက်ဆိုင်ရာဌာနတွေ၊ စီးပွားရေးကဏ္ဍ တွေ၊ သတင်းဌာနတွေ စတဲ့အလုပ်တာဝန်တွေမှာ ပါဝင်လာနိုင်ဖို့ လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေမှာ အမျိုးသမီး ဘယ်နှစ်ယောက်ပါသလဲ။ ပါတီထဲ၊ လွှတ်တော်ထဲ၊ နိုင်ငံရဲ့စီမံခန့်ခွဲရေးဝန်ကြီးဌာနတွေထဲမှာ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ ပါဝင်လာစေရေးအတွက် အလေးထား လုပ်ဆောင်သင့်ပါတယ်။

    လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ မတည်ငြိမ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေအကြား ပြည်သူလူထုတွေ ဘက်ပေါင်းစုံက ဒုက္ခများစွာ ရင်ဆိုင်နေကြရပါတယ်။ အခြေအနေ အရပ်ရပ်တိုင်းမှာ နစ်နာချက်တွေ၊ အခက်အခဲပြဿနာတွေဟာ အမျိုးသမီးတွေအပေါ် များစွာသက်ရောက်မှု ရှိပါတယ်။ ထိုသို့သော အခက်အခဲများအကြား ရုန်းကန်ကြိုးစား ရပ်တည်နေကြတဲ့ အမျိုးသမီး များစွာရဲ့ အံ့မခန်းစွမ်းအားကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေ အဘယ်မှာ အားပျော့နေပါသလိမ့်။ အဘယ်လောက် ရဲရင့်ကြပါလိမ့်။ အထင်းသား မြင်နေကြရပါတယ်။ ရဲရင့်တဲ့စိတ်ဓာတ်နဲ့ နူးညံ့သိမ်မွေ့တဲ့စိတ်ထားတို့ ပေါင်းစပ်ပြီး အနာဂတ်လူ့ဘောင်အတွက် ပိုမိုကောင်းမွန်တဲ့၊ ခွင့်တူညီမျှတဲ့ လူ့အသိုက်အဝန်းအဖြစ် ကြိုးစား ဖော်ဆောင်ရမဲ့ အချိန်အခါကို ရောက်ရှိနေပါပြီ။

    ခွဲခြားဆက်ဆံမှုကို ဖြစ်စေတဲ့ ဥပဒေတွေကို လက်မခံဘဲ၊ လူ့အဖွဲ့အစည်းကို အမျိုးသားတွေ ထိန်းချုပ်ထားခြင်းကို တွန်းလှန်ပစ်ရမှာပါ။ ယနေ့အချိန်အခါဟာ အမျိုးသမီးနဲ့ အမျိုးသားတို့ အတူတကွပူးပေါင်းဆောင်ရွက်မှုနဲ့ ပြောင်းလဲခြင်း၊ ခွဲခြားသတ်မှတ်မှုမရှိတဲ့ လူ့ဘောင်အဖွဲ့အစည်း အသစ်ကို တည်ဆောက်ဖို့အတွက် အချိန်တန်ပါပြီ။

    လူ့အဖွဲ့အစည်းအတွင်း ယောကျ်ား၊ မိန်းမ အခန်းကဏ္ဍသတ်မှတ်ထားခြင်းတွေကို ပြောင်းလဲပစ်ဖို့၊ မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းအတွင်း အမျိုးသားကြီးစိုးတဲ့ စံနှုန်းတွေ၊ ဓလေ့တွေ၊ အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖို့အချိန်တန်ပြီ ဖြစ်သလို တန်းတူညီမျှမှုနဲ့ လူတစ်ဦးချင်း၊ အစုအဖွဲ့တခုချင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ကို လိုလားတဲ့ အမျိုးသမီးဝါဒီတွေ ကောင်းစွာဖွံ့ဖြိုးတိုးတက်တဲ့ အချိန်အခါကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    “အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်ရေးလို့ဆိုရာမှာ မူလပုံစံခွက်တွေဖြစ်တဲ့ စက်ချုပ်၊ အချက်အပြုတ်၊ အထည်ရက်လုပ်၊ ဇာထိုးပန်းထိုး၊ အခန်းအနားတွေမှာ ဧည့်ခံကြိုဆိုရေးအဖြစ် သုံးတာတွေ မဖြစ်သင့်တော့ပါဘူး”


    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
    https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    တော်လှန်ရေးကာလအလွန် အမျိုးသမီးများနှင့် နိုင်ငံရေးအခန်းကဏ္ဍ

    ရေးသားသူ- မာယာ

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။

    ၂၀၂၃၊ အောက်တိုဘာ ၂၇ ရက်မှ စခဲ့သော MNDAA, TNLA နှင့် AA မြောက်ပိုင်းအဖွဲ့သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် လက်နက်ကိုင်တော်လှန်ရေး၏ အရှိန်ကို ပိုမိုမြှင့်တင်ရန် တွန်းအားဖြစ်ခဲ့ပြီး ထိုစစ်ဆင်ရေးနှင့်အတူ နိုင်ငံနှင့်အဝန်း တော်လှန်ရေးအဟုန်မြှင့်တင်ခဲ့ကြရာ မြို့ပေါင်း (၁၈) မြို့ ကိုလည်း စစ်ကောင်စီလက်ထဲမှ သိမ်းယူနိုင်ခဲ့သည်။

    EAOs များနှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ရောင်နီလာသည့် နေ့ရက်များကို မြင်နေရပြီ။ စစ်အာဏာရှင် အမြစ်ပြတ်အောင် ဖြုတ်ချနိုင်ရုံနှင့် မပြီးသေးပါ။ အာဏာရှင်တို့ ဖျက်စီးမှုကြောင့် စီးပွားရေး၊ ပညာရေး စသဖြင့် အဘက်ဘက်မှ ယိုယွင်းနေသောကျွန်မတို့၏နိုင်ငံကို နလန်ထူနိုင်အောင် ပြန်လည်ထူထောင် ရဦးမည် ဖြစ်သည်။

    ၁။ လက်နက်ကိုင်တော်လှန်ရေးအတွင်း စစ်တပ်၏ ဖိနှိပ်ခံရမှုများကို ပြန်လည်ကုစားခြင်း

              မည့်သည့်စစ်ပွဲတွင်မဆို ထိခိုက်မှု အများဆုံးခံစားကြရသူများသည် ပြည်သူများပင် ဖြစ်သည်။ ထိုပြည်သူများထဲမှ အမျိုးသားများထက် ထိလွယ်ရှလွယ်လူအုပ်စုဟု သတ်မှတ်ထားသည့် ကျွန်မတို့ အမျိုးသမီးနှင့် ကလေးသူငယ်များသည် စစ်ပွဲအတွင်း ဖိနှိပ်မှုကို ပိုမိုခံစားကြရသူများ ဖြစ်ကြသည်။ ကျွန်မတို့ နိုင်ငံတွင် ဖြစ်ခဲ့သော စစ်ပွဲပဋိပက္ခကြား အကြမ်းဖက်ခံရမှုများကို ဖော်ပြရလျှင် ၁၉၉၆-၂၀၀၁ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ရှမ်းအမျိုးသမီးများအပေါ် ကျူးလွန်သည့် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု (၁၇၃) မှု၊ ၂၀၁၀-၂၀၁၅ အတွင်းတွင် (၁၁၈) မှု၊ ၂၀၁၆-၂၀၂၁ ခုနှစ်အထိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံရမှု (၇၈) ထက် မနည်း ရှိခဲ့သည်။

    ယခု ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးသူငယ်များ အပေါ် လူမဆန် စွာ ဖိနှိပ်မှုများသည် ယခင်နှစ်များထက် ပိုမိုများပြားလာခဲ့သည်။

    ထို့ကြောင့် နိုင်ငံကို ပြန်လည်ထူထောင်ရေးကာလတွင် မတရားဖိနှိပ်မှု ခံခဲ့ရသော အမျိုးသမီး များနှင့် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာစသည့် ပြန်လည်ကုစားပေးမှုများ သည်လည်း ဦးစားပေးကဏ္ဍတွင် ပါဝင်ရမည်။ ထို့ပြင် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင် လည်း အမျိုးသမီး နှင့် ကလေးသူငယ်များအတွက် လုံခြုံမှုပေးနိုင်သည့် လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်စေရန် (၁) ကာကွယ်ခြင်း၊ (၂) တားဆီးခြင်း၊ (၃) ပါဝင်ဆောင်ရွက်ခြင်း၊ (၄) ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလမ်းညွှန်မှု ဘောင် (မဏ္ဍိုင်ကြီး-၄ ရပ်)ကို အခြေခံ၍ ဖန်တီးပေးရမည်။

    ၂။ ပြန်လည်ထူထောင်မည့် ဖက်ဒရယ်ပြည်ထောင်စုတွင်  Gender Equality (ကျားမ တန်းတူရရှိရေး)

    ကျွန်မတို့ နိုင်ငံတွင် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုး၏ ဖုံးလွှမ်းမှုများကြောင့် ကျားမ တန်းတူရရှိရေး မဆိုထားနှင့် “လူ့အခွင့်အရေး” ဆိုသည့် စကားလုံးကိုပင် ဒီမိုကရေစီရပြီးနောက်ပိုင်း မှသာ အနည်းငယ်စတင်ရင်းနှီးခဲ့သည့် စကားလုံးဖြစ်ပြီး ယခုတိုင်ထိပင် အပြည့်အဝ မရရှိသေးပဲ ဆိုးရွားစွာ ချိုးဖောက်ခံနေရသည့် အရာတစ်ခုလည်း ဖြစ်သည်။

    “နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုး၏ ဖုံးလွှမ်းမှုများကြောင့် ကျားမ တန်းတူရရှိရေး မဆိုထားနှင့် “လူ့အခွင့်အရေး” ဆိုသည့် စကားလုံးကိုပင် ဒီမိုကရေစီရပြီးနောက်ပိုင်း မှသာ အနည်းငယ်စတင်ရင်းနှီးခဲ့သည့် စကားလုံးဖြစ်ပြီး ယခုတိုင်ထိပင် အပြည့်အဝ မရရှိသေးပဲ ဆိုးရွားစွာ ချိုးဖောက်ခံနေရသည့် အရာတစ်ခုလည်း ဖြစ်သည်”

    လူသားတိုင်း မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်များကို “လူ့အခွင့်အရေး” ဟု ခေါ်သည်။ ထိုအခြေခံအချက်များထဲမှ “Gender Equality (ကျားမ တန်းတူရရှိရေး)” သည်လည်း လူ့အခွင့်အရေးတစ်ခုအဖြစ် ပါဝင်ပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးကြောငြာစာတမ်း(UDHR) အပိုဒ်-၂ တွင် အသားအရောင် ခွဲခြားမှုမရှိရေးနှင့် ကျား/မ တန်းတူရရှိရေးဆိုသည့် အချက်ကိုလည်း  ပါဝင်ရေးဆွဲထားသည်။

    ကျွန်မတို့ နိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်သည့် နိုင်ငံဖြစ်သည့်အလျောက် အမျိုးသမီးများမှာ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာအပေါ် ခွဲခြားဆက်ဆံမှု ဖြစ်စေသည့် ထုံးတမ်းအစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု ထုံးတမ်း၊ ရိုးရာဓလေ့နှင့် အခြားထုံးတမ်းများ(သို့) လူ့အခွင့်အရေးအပြည့်အဝ မကျင့်သုံးနိုင်အောင် အကန့်အသတ် ဖြစ်စေသည့် ထုံးတမ်းအစဉ်အလာများဖြင့် ခွဲခြားဆက်ဆံခြင်း ခံနေရပါသည်။

    ထင်ရှားသော ဥပမာပြရသော် အလှူပွဲများ လှည့်လည်စီတန်းပြသည့်ဓလေ့တွင် ပါဝင်ရသည့် ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်ဟူသော နေရာတွင် မိစုံဖစုံရှိသည့် မိန်းကလေးဖြစ်မှ ပါဝင်ဆင်နွှဲခွင့် ရခြင်း၊ ဗမာတို့၏ ယဉ်ကျေးမှုထုံးတမ်းအရ အိမ်ထောင်ကွဲသည့်အမျိုးသမီးများသည် အမျိုးသားများ ထက်ပို၍ လူ့အဖွဲ့အစည်းတွင်(တစ်ခုလပ်မ)ဆိုသည့် အမည်ဆိုးဖြင့် ချိုးနှိမ်စွာ ခွဲခြားဆက်ဆံခံနေရမှု များ ဖြစ်သည်။

    ထို့ပြင် အမျိုးသမီးများသည် ခေတ်အဆက်ဆက် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း စသည့်နယ်ပယ်များတွင်လည်း အမျိုးသားများထက် အခွင့်အရေးနည်းပါးခြင်း၊ လူမှုအဖွဲ့အစည်းတွင် မုဒိမ်းမှု၊ အိမ်ထောင်ဖက်က ကျူးလွန်သည့် အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများကို ခံစားနေရသူများဖြစ်သည်။ မိမိမိသားစုထဲတွင်ပင် မိဘများက သားနှင့်သမီးဆိုလျှင် သားယောကျ်ား များကို ပိုမိုဦးစာပေးလေ့ရှိသည်။ ယခုထူထောင်ကြမည့် ဖယ်ဒရယ်ပြည်ထောင်စုတွင် ခွဲခြားဆက်ဆံခံ နေရမှုများ အများဆုံးပပျောက်ပြီး ကျား/မ အခွင့်အရေး တန်းတူရရှိဖို့ လုပ်ဆောင်ရန် အချိန်ကောင်း ဖြစ်သည်။

    Gender တန်းတူရေးသည် ဒီမိုကရေစီ၏ အခြေခံတစ်ရပ်ဖြစ်သည်၊ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း အကြောင်းအရင်းထဲကတခုသည် Gender တန်းတူရေး ကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်  တော်လှန်ရေးအလွန်ကာလ (ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်) တွင် မုဒိမ်းမှု၊ အိမ်ထောင်ဖက်မှ ကျူးလွန်သော အိမ်တွင်းအကြမ်းဖက်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကွန်ဗင်းရှင်းနှင့် အညီ ပြင်ဆင်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းအား ကွန်ဗင်းရှင်းနှင့်အညီ ပြဌာန်းခြင်း၊ ပဋိပက္ခနှင့် ဆက်သွယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ အရေးယူမှု ကင်းလွတ် စေသည့်ဥပဒေများကို ပယ်ဖျက်ခြင်း၊ ကျွန်မတို့နိုင်ငံတွင် ပြဌာန်းခဲ့သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေတို့ကို ဖျက်သိမ်းခြင်းနှင့် ဖက်စစ်စစ်တပ်မှ ကျုးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုမှုများကို အရှိန်မြင့်လုပ်ဆောင်ပြီး အမျိုးသမီးများတွက် လုံခြုံစိတ်ချစွာနေထိုင်နိုင်သည့် လူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ပေးရမည်။

    ၃။ ကျား/မ တန်းတူအခွင့်အရေးရရှိမှတစ်ဆင့် အမျိုးသမီးများ နိုင်ငံရေးကဏ္ဍသို့ ပါဝင်လာခြင်း

    တော်လှန်ရေးကာလအလွန် ပြန်လည်ထူထောင်ကြမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် အတွက် နိုင်ငံရေး နှင့် ခေါင်းဆောင်မှုတွင် အမျိုးသမီးများ ပါဝင်လာစေခြင်းသည် Gender Equality (ကျား/မ တန်းတူရေး) ကို ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်ပြီး၊ မြှင့်တင်ဖော်ဆောင်နိုင်မည့် အခြားမူဝါဒ၊ စနစ်များကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်အတူ ပူးတွဲကျင့်သုံးခြင်းသည် Gender Equality (ကျား/မ တန်းတူရေး)ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

    ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အသီးသီး ရွေးကောက်ခံကိုယ်စားလှယ် (အမျိုးသမီး) ၁၈%၊ ဆုံးဖြတ်ချက်ချမှတ်ရသည့် ရာထူး (ညွှန်ကြားရေးမှုူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး) နေရာတွင် အမျိုးသမီးပါဝင်မှု၊ ၃၀% အောက်နှင့် ရက်ကွက်ကျေးရွာအုပ်စု (၁၆၇၈၉) အုပ်စုတွင် အုပ်ချုပ်ရေး အမျိုးသမီးကိုယ်စားပြုမှု (၀.၆%) သာ ပါဝင်မှု ရှိသေးသည်။

    မြန်မာနိုင်ငံတွင် ရှိသော အရွယ်ရောက်သူ အမျိုးသမီးလူဉီးရေနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှာ ရာခိုင်နှုန်း အလွန်နည်းနေသေးသည်။ ဖက်ဒရယ်စနစ်တွင် ရပ်ရွာကိစ္စများကို အားထုတ်ဆောင်ရွက်သည့် အခြေခံအဖွဲ့အစည်း၊ ပြည်သူ့အဖွဲ့အစည်း (Civil Societies) တွေမှစပြီး ဆုံးဖြတ်ချက်ချသည့်အခန်းကဏ္ဍထိ အမျိုးသမီးများ၏ အသံများ ပါဝင်သင့်သည်။

    အဘယ်ကြောင့် ဆိုသော် ကျွန်မတို့ အမျိုးသမီးများ ခံစားနေရသည့် ခံစားချက်များ၊ အခက်အခဲ များ၊ ကြောက်ရွံ့ စိုးရိမ်နေမှုများကို အကောင်းဆုံးနားလည်ပြီး ပပျောက်အောင် ကုစားပေးနိုင်မည့် ကိုယ်စားပြု အသံထွက်ပေးမည့်သူများသည် ကျွန်မတို့ အမျိုးသမီးများ ကိုယ်တိုင်ပင် ဖြစ်သောကြောင့် ဖြစ်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းတွင်လည်း ဆုံးဖြတ်ချက်ချမှတ်သည့် အခန်းကဏ္ဍအဆင့်ဆင့်တွင် လုံလောက်သော အနည်းဆုံး အခြေခံပမာဏအဖြစ် အမျိုးသမီးအနည်းဆုံး (၃၀%) ပါဝင်ရေးမူကို အသွင်ကူးပြောင်းရေး ကာလအစီအမံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစီမံဆောင်ရွက်ချက်ကို ထည့်သွင်းအကောင်အထည် ဖော်မည်ဟု ထုတ်ပြန်ထားသည်။

    ထိုစာတမ်းတွင် အရေးပေါ် အခြေအနေ၊ ပဋိပက္ခအကာအကွယ် ပေးရေး လုပ်ဆောင်မှု၊ ငြိမ်းချမ်းရေးအပါအဝင် ပဋိပက္ခအလွန် အကူးအပြောင်း နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့တွင် Gender (ကျား/မ) တန်းတူညီမှု၊ ကိုယ်စားပြုခွင့်ရှိမှုကို အလေးပေးကာ အမျိုးသမီးများ အနည်းဆုံး (၃၀%) ပါဝင်မှုကို ထည့်သွင်းအကောင်အထည်ဖော်သွားမည် ဆိုသည့် အချက်များလည်း ပါဝင်သည်။

    “ယခုအချိန်သည် နိုင်ငံရေးဆိုသည့် ဂိမ်းကြီးအား ဘေးမှစောင့်ကြည့်သူအဖြစ်ထက် ပိုသာသည့် ဒေသန္တရအဖွဲ့များတွင် တက်ကြွသည့်
    အမျိုးသမီး ပြည်သူအဖြစ် ပါဝင်ဖို့အခွင့်အရေးရှိလာပြီဖြစ်သည်


    ကျွန်မတို့ အမျိုးသမီးများသည် အားနည်းသည့် မိန်းမသားများမဟုတ်ပဲ အမျိုးသားများနှင့် တန်းတူရင်ဘောင်တန်းကာ စွမ်းဆောင်နိုင်သည့် လူသားများဖြစ်ကြောင်း ဖော်ပြကြရမည်။ ယခုအချိန် သည် နိုင်ငံရေးဆိုသည့် ဂိမ်းကြီးအား ဘေးမှစောင့်ကြည့်သူအဖြစ်ထက် ပိုသာသည့် ဒေသန္တရအဖွဲ့ များတွင် တက်ကြွသည့် အမျိုးသမီး ပြည်သူအဖြစ် ပါဝင်ဖို့အခွင့်အရေး ရှိလာပြီဖြစ်သည်။

    ထို့ကြောင့် အမျိုးသမီးများသည် လူအဖြစ်မွေးဖွားလာပြီး အရွယ်ရောက် လာချိန်တွင် မိသားစုအတွက် အလုပ်လုပ်ကာ အချိန်တန် အိမ်ထောင်ကျပြီး ကြင်ဖက် အမျိုးသားအတွက် မီးဖိုချောင်ထဲတွင် အိမ်မှုကိစ္စများနှင့် အချိန်ကုန်ကာ ဘဝကို ဖြတ်သန်းရသည့် သာမာန်အမျိုးသမီးများမဟုတ်ပဲ မိမိနေထိုင်သည့် နိုင်ငံအတွက် နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီး ထုအတွက် ကိုယ်စားပြုပေးနိုင်မည့် အမျိုးသမီးများအဖြစ်သို့လည်းကောင်း၊ မိခင်များသည်လည်း နိုင်ငံအတွက် သား၊ သမီးကောင်း ရတနာများကို မွေးထုတ်ပေးနိုင်ရုံသာမက အိမ်ထောင်ရှင် မိခင်များ၏ အသံများကို ကိုယ်စားပြု ထုတ်ဖော်ပေးနိုင်မည့် စံပြမိခင်များအဖြစ်လည်း ရပ်တည်ရမည်။

    ​အမျိုးသမီးများတန်းတူအခွင့်အရေး ပိုမိုရရှိနိုင် မှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ပြီး ပိုမိုကောင်းမွန်သည့် လူမှု အဖွဲ့အစည်းနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရန် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှု အခန်းကဏ္ဍ သည်လည်း လိုအပ်ပါသည်။ 
     

    ​"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
    https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media