ဆရာမလွေးပိုးငယ်သည် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ အကြံပေးတစ်ဦးဖြစ်သလို၊ အမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက် ဖြစ်သည်။
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။ အမျိုးသမီးဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသလဲ။ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နေကြတဲ့ အမျိုးသမီးတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ တွေ့မြင်နေရပါလဲ။
ဖြေ။ ။အမျိုးသမီးလို့ပြောမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ လူသားတွေ ဖြစ်ပါတယ်။ အမျိုးသမီးဆိုတာ နာမည်နာမ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ Sex အရပြောမယ်ဆိုရင် အထီးနဲ့အမ သတ်မှတ်လိုက်တဲ့သဘောပဲဖြစ်တယ်။အမျိုးသမီးကတော့ ကလေးမွေးနိုင်တယ်။ အမျိုးသားကတော့ ကလေး မမွေးနိုင်ဘူး။ ဘေးပတ်ဝန်းကျင်ရဲ့သတ်မှတ်မှုကတော့ ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် တွေ့ရတာပေါ့။
ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးဆိုတာကို Second class citizen လို့ သတ်မှတ်ကြတယ်။ အမျိုးသမီးဆိုတာက ဒုတိယနိုင်ငံသား ဖြစ်တယ်။ အိမ်ထဲမှာပဲနေ မှီခိုသူဖြစ်ရမယ်။ ယောကျာ်းလေးတွေနဲ့ တန်းတူအလုပ်လုပ်လာပြီဆိုရင်လည်း ပတ်ဝန်းကျင်က လက်မခံနိုင်တဲ့အနေအထားတွေရှိသလို တဖက်မှာကြတော့ နိုင်ငံရေးဆုံးဖြတ်ချ ချက်တဲ့နေရာမှာ ပါဝင်လာပြီဆို အမျိုးမျိုး တိုက်ခိုက်ခံရတယ်။
အမျိုးသမီးလို့ပြောလိုက်တာနဲ့ လူတွေရဲ့ အတွေးအခေါ် တွေထဲမှာက အမျိုးသမီးဆိုတာ ခေါင်းဆောင်ဖြစ်လို့ မရဘူး။ နောက်လိုက်ပဲဖြစ်ရမယ်ဆိုတဲ့ စဉ်းစားချက်တွေက ရှိထားပြီးသား ဖြစ်တယ်။
မေး။ ။ လူမှုအသိုင်းအဝိုင်းရဲ့ ပုံသေကားချပ် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံနေသလဲ။
ဖြေ။ ။ အမျိုးသမီးတွေက နေ့စဉ်နဲ့အမျှ မိသားစုကအစ ဟိုးနိုင်ငံတော်အဆင့်အထိ ခွဲခြား ဆက်ဆံမှုတွေ ခံနေရတယ်။ တချို့ဆိုရင် ဥပမာ အမေဗိုက်ထဲမှာနေကတည်းက မိန်းကလေး၊ female၊ girl ဆိုရင် ဖျက်ချတာတွေတောင် ရှိတယ်။ အမျိုးသားတွေ၊ boy တွေပဲ လိုချင်တယ် ဆိုတဲ့ အနေအထားတွေမှာ တွေ့ရတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေက အလွှာ အသီးသီးမှာ ရှိတယ်။
မိသားစုကနေစပြီးတော့မှ ဟိုးနိုင်ငံတော်အဆင့်အထိ ဓလေ့ထုံးတမ်းအရ သော်လည်းကောင်း ပတ်ဝန်းကျင်လက်ခံနိုင်မှုအရ သော်လည်းကောင်း အစိုးရရဲ့ ယန္တရားအရ သော်လည်းကောင်း ခွဲခြားဆက်ဆံမှုတွေက အမျိုးမျိုးရှိနေတယ်ဆိုတဲ့ဟာ ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိနေတယ်။
မေး။ ။အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဘယ်အရာတွေက ဖြစ်နေစေတာလဲ။
ဖြေ။ ။ အမျိုးသမီးတွေရဲ့ဘဝမှာ နေ့စဥ်နဲ့အမျှ ဖိနှိပ်မှုတွေက ရှိနေတယ်။ ပတ်ဝန်းကျင်ရဲ့ဖိနှိပ်မှုတွေ ဓလေ့ထုံးတမ်းတွေရဲ့ ဖိနှိပ်မှုတွေ အမြဲရင်ဆိုင်ကြရတယ်။ ဥပမာဆိုရင် ကျွန်မတို့ တအာင်းဆို အမျိုးသမီးတွေက အမွေဆက်ခံပိုင်ခွင့် မရှိဘူး။ အဲ့ဒါတွေကလည်း ခွဲခြားဆက်ဆံမှုတွေပဲ ဖြစ်တယ်။ ဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေက လက်တွေ့မှာ မိဘတွေကိုယ်တိုင်က လက်ခံနေတဲ့အနေအထားမှာ ရှိနေတယ်။
မေး။ ။Feminism နဲ့ပတ်သက်ပြီးဘယ်လိုနားလည်ထားပါသလဲ။ ဘယ်အချိန်မှာ Feminism ကို စပြီး သိခဲ့ပါသလဲ။
ဖြေ။ ။ Feminist လို့ပြောမယ်ဆိုရင်ပထမဦးဆုံး မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်က မှားနေပါ တယ်။ မဝါဒီတို့ မဝါဒတို့ အဲ့လိုဘာသာပြန်မှုက အစွန်းရောက်တယ်ပေါ့နော်။ ကျွန်မက Feminist နဲ့ပတ်သက်ပြီး ဘယ်အချိန်ထဲကစသိလဲဆိုတော့ ဟိုးအရင်တုန်းကတော့ ကျွန်မကိုယ်တိုင် က ဥပမာ LGBT right တွေနဲ့ပတ်သက်ပြီး လက်မခံနိုင်ဘူးပေါ့နော်။
ဒါပေမယ့်လို့ ကိုယ့်ကိုကိုယ် awareness raising တွေ လေ့လာရင်းနဲ့ သူတို့ရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုပြီးတော့ ကိုယ်ကိုတိုင်က လက်ခံလာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ မတရားမှုတွေက သူတို့ကိုလည်းဖိနှိပ်မှုတွေ ရှိတယ်။ သူတို့ရဲ့ ဖြစ်တည်မှုတွေက ကျွန်မတို့အတွက် အန္တရာယ်မဖြစ်ဘူး။ ကျွန်မတို့ရဲ့ ကိစ္စမဟုတ်ဘူး။ ဒါ သူ့ရဲ့ ဖြစ်တည်မှုကို ကျွန်မတို့က အသိမှတ်ပြုပေးရုံနဲ့ ငြိမ်းချမ်းမှုတွေလည်း ရှိလာနိုင်သလို ဒီအသိုင်းအဝိုင်းတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီးတော့ လုပ်လာနိုင်တယ်။
ဒါကြောင့် feminist နဲ့ ပတ်သက်ပြီးတော့မှ ဘယ်အချိန်ထဲကစသိသလဲလို့ ပြောရမယ်ဆိုရင် ဒီအမျိုးသမီးအခွင့်အရေး စလေ့လာပြီဆိုကတည်းက အဲ့ကတည်းက ကိုယ့်ကိုကိုယ်လည်း ပြုပြင်ပြောင်းလဲရတဲ့ဟာလည်း အများကြီးရှိပါတယ်။
မေး။ ။အမျိုးသမီးနဲ့ Feminism ဆိုတဲ့ ဘယ်လို ဆက်စပ်မှု ရှိလဲ။
ဖြေ။ ။ Feminist ဆိုတာက တရားမျှတမှုအတွက်ရှေးရှုပြီးတော့မှ တရားမျှတမှုအတွက် ရပ်တည် တာကို ပြောချင်တာဖြစ်တယ်။ ဒါကြောင့် ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မတရားမှုကို တွေ့နေတယ်ဆိုရင် အဲ့မတရားမှုကိုတော်လှန်နေတယ်ဆိုရင် Feminist ပဲဖြစ်တယ်။ အမျိုးသမီးတွေ ကို ဖိနှိပ်နေတာကို တွေ့ရဲ့သားနဲ့ ငါ့ကိုမထိခိုက်ဘူး။
ငါ့အသိုင်းအဝိုင်းကို မထိခိုက်ဘူးဆိုပြီး အဲ့လိုနေနေတယ်ဆိုရင် ကိုယ်က Feminism မဟုတ်ဘူးပေါ့နော်။ အမျိုးသားဖြစ်သည်ဖြစ်စေ အမျိုးသမီးဖြစ်သည်ဖြစ်စေ Feminist ဖြစ်လို့ရတယ်။ မတရားမှုတွေကို တွေ့တယ်ဆိုရင် မတရားမှုတွေကို တော်လှန်နိုင်တဲ့သူဖြစ်တယ်ဆို အဲ့ဒါ Feminist ပဲဖြစ်ပါတယ်။
မေး။ ။ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ထူးထူးခြားခြားကြုံတွေ့ခဲ့ရဖူးသလား။ ထုတ်နုတ်ပြပေးနိုင်မဲ့ ဥပမာတွေကို ပြောပြပေးပါအုံးနော်။ ဘယ်လို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲ။
ဖြေ။ ။ အမျိုးသမီးဖြစ်တည်မှုကြောင့် ကိုယ်ကိုတိုင်ကခွဲခြားဆက်ဆံမှုတွေ ခံခဲ့ရတယ်။ ကျွန်မရဲ့မိသားစုက အရမ်း conservative ဖြစ်တဲ့ background ကနေ ဆင်းသက်လာတာ ဖြစ်တယ်။ မိန်းကလေးဖြစ်တယ်ဆိုရင် ပညာကို ဆုံးခန်းတိုင်အောင် သင်စရာမလိုဘူး။ တနေ့ကြရင် ယောကျ်ား ယူမှာပဲ ယောကျ်ားပဲလုပ်ကျွေးလိမ့်မယ်ဆိုတဲ့ အဲ့ဒီအယူအဆရှိတဲ့အသိုင်းအဝိုင်းကနေ ဆင်းသက် လာတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်က အဲဒါကိုလက်မခံဘူး။ ကျွန်မ ဘွဲ့ရချင်တယ်။ ကျွန်မ ဘွဲ့ရတဲ့အထိ ကြိုးစားချင်တယ်ပေါ့။ အဲ့ဒီတော့ ကိုယ်ကိုတိုင်က ရုန်းထွက်တယ်။
မိဘကိုယ်တိုင် က တက္ကသိုလ်တက်ဖို့ မထောက်ပံ့နိုင်ဘူး။ အဲ့တော့ အလုပ်တဖတ် တက္ကသိုလ်တစ်ဖက် တက်နိုင်အောင် ကြိုးစားခဲ့တယ်။ အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့် မိသားစုကိုယ်တိုင်က ခွဲခြား ဆက်ဆံမှုတွေလည်းရှိတယ်။ဒါပေမယ့်အဲ့ဒီခွဲခြားဆက်ဆံမှုတွေကို ကိုယ်ကိုတိုင်က ရုန်းထွက် နိုင်ရမယ်။ ကျွန်မက ကျွန်မရဲ့မိဘနဲ့လည်းရန်ဖြစ်ရသလို ပတ်ဝန်းကျင်နဲ့လည်းရန်ဖြစ်ရတယ်။
သို့ပေမယ့်လို့ သူတို့တဖြေးဖြေးနဲ့ နားလည်အောင် သက်သေနဲ့ပြရတယ်။ သက်သေဆိုတာက ကျွန်မဘွဲ့မရရအောင် ယူခဲ့တယ်။ ကျွန်မကျောင်းတက်နေတဲ့အချိန်မှာ ကျွန်မအိမ်ထောင်ကျပြီး ကိုယ်ဝန်နဲ့ ကျောင်းတက်တယ်။ ဘွဲ့မရရအောင်ယူခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘွဲ့က အရမ်း အရေးကြီးသလားဆိုတော့ အရေးပါသလားလို့မေးရင် အရေးမပါပါဘူး။ ကျွန်မရဲ့မိဘတွေရော ကျွန်မရဲ့ဘေးပတ်ဝန်းကျင်တွေရော အမျိုးသမီးတွေလုပ်နိုင်တယ်ဆိုတာကို ပြချင်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘွဲ့ကို မရရအောင်ယူခဲ့တယ်။
မေး။ ။အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ဘယ်ကြောင့် အရေးကြီးပါသလဲ။
ဖြေ။ ။ တကယ်လို့သာ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မပါဝင်ဘူးဆိုရင် ကျွန်မတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ စစ်ပွဲရဲ့ဒဏ်ကို ခံစားနေရတဲ့အမျိုးသမီးတွေရဲ့ ခံစားမှုတွေကို ခုနပြောတဲ့ တရားမျှတမှုကို ရှာဖွေပေးနိုင်မှာမဟုတ်ဘူး။ တပြိုင်နက်ထဲမှာ ကျွန်မတို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသမီးတွေပါဝင်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။အမျိုးသမီးတွေ ပါဝင်လာဖို့ အရေးကြီးတယ်။
အမျိုးသမီးတွေ ပါဝင်လာမှသာလျှင် တရားဝင် ဖြစ်လာနိုင်မှာ ဖြစ်တယ်။ ဘာကြောင့် အဲ့လိုပြောလဲဆို အမျိုးသမီးတွေရဲ့လူဦးရေက မြန်မာနိုင်ငံမှာ ၅၀ ရာခိုင်နှုန်း ကျော်တယ်။ အဲ့လိုကျော်တဲ့ဟာက ဒီမိုကရေစီ principle အရ ပြောမယ်ဆိုရင် သူတို့ရဲ့ကိုယ်စားပြုမှုက ဘယ်ရောက်နေလဲပေါ့နော်။ သူတို့ကိုယ်စားပြုမှုရှိမှသာ တရားဝင်မှု ရှိတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။အမျိုးသမီးတွေ နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာဖို့ဆိုတာက လူအများစု၊ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်အများစုက မင်းတို့အရည်အချင်းရှိရင် တက်လာခဲ့ ဆိုတဲ့ စကားတွေက ခဏခဏပြောတယ်ပေါ့နော်။ အရည်အချင်းရှိတယ် မရှိဘူးဆိုတာက ဘယ်လိုပေတံနဲ့ တိုင်းတာသလဲ။ ကျွန်မဥပမာတစ်ခုပဲ ပေးမယ်။ ဥပမာအားဖြင့် အမျိုးသမီးအဖွဲ့တွေက အနည်းဆုံး (၃၀) ရာခိုင်နှုန်း အမျိုးသမီးပါဝင်ရေးကို တောင်းဆိုတယ်။ ဘာလို့တောင်းဆိုသလဲ ဆိုတော့ အမျိုးသမီးတွေက နှစ်ပေါင်းများစွာ ဘေးဖယ်ကြဥ်ခံထားရတယ်။
အဲ့လို ဘေးဖယ်ကြဥ်ခံထားရတဲ့ အခါမှာ ချက်ချင်း နင်တို့ အရည်အချင်းရှိရင်တက်လာခဲ့ဆိုတာ လုပ်လို့မရပါဘူး။ အဲ့လိုလုပ်တယ် ဆိုရင်လည်း ဘယ်လိုမှ တန်းတူရေးကိုရရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဖွင့်ပေးရမယ်။ သုံးဆယ်ရာခိုင်နှုန်းတောင်းတယ်ဆိုတာက သုံးဆယ်ရာခိုင်နှုန်းအခွင့်အလမ်း ဖွင့်ပေးဖို့ဖြစ်တယ်။
တကယ့်တကယ် တန်းတူရေးလို့ပြောမယ်ဆို ၅၀၊၅၀ ကတန်းတူရေးဖြစ်တယ်။ ဒါပေမယ့် အဲ့အခြေအနေမှာ မရောက်နိုင်တာဖြစ်တဲ့အတွက် သုံးဆယ်ရာခိုင်နှုန်းပဲ တောင်းဆိုတယ်။ ဒီသုံးဆယ်ရာခိုင်နှုန်းပြည့်မှီဖို့အတွက်ကို ခတ္တခဏယာယီ အထူးလုပ်ဆောင်ချက် လုပ်ပေးဖို့အတွက်ပဲ ကျွန်မတို့က တောင်းဆိုပြောပြတာ ဖြစ်တယ်။
ဒါကြောင့်မို့ အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာဖို့က ဂျဲန်ဒါကိုတာမရှိပဲနဲ့တော့ အမျိုးသမီးတွေက ဘယ်လိုမှ အမျိုးသားတွေနဲ့အတူ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရောက်လာနိုင်မှာ မဟုတ်ဘူး။
နောက်တခုက အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာနိုင်ဖို့ဆို စစ်တပ်နဲ့ နှိုင်းနဲ့ကိစ္စပေါ့။ ၂၅ ရာခိုင်နှုန်း စစ်တပ်ကလည်း ၂၅ ရာခိုင်နှုန်းယူတယ်။ မင်းတို့ကရော ၃၀ ရာခိုင်နှုန်းတောင်းတယ်။ မတူပါဘူး။ စစ်တပ်ကကြတော့ သူ့ထိုင်ခုံနဲ့သူ ယူလာတာဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့ကကျတော့ အမျိုးသမီး (၃၀) ရာခိုင်နှုန်းဆိုတာက အမျိုးသားတွေနဲ့အတူ ရွေးကောက်ပွဲ ဖြတ်သန်းလာပြီးမှ ၃၀ ရာခိုင်နှုန်းကို ပြောချင်တာဖြစ်တယ်။
အဲ့ဒီတော့ ဆိုလိုချင်တာက ၃၀ရာခိုင်နှုန်းပြည့်မှီဖို့အတွက် နည်းနာဗျူဟာတွေတော့ ရှိတယ်။ အဲ့ဒီနည်းနာ ဗျူဟာတွေကို မူဝါဒတွေ ချမှတ်ပြီးတော့မှ လုပ်ဆောင်ဖို့လိုတယ်ဆိုတာ ပြောချင်တာ ဖြစ်တယ်။
မေး။ ။နွေဦးတော်လှန်ရေးကာလအစကနေ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးမှာ ပါဝင်မှုကို အသိအမှတ်ပြုလာကြပြီလို့ ထင်ပါသလား။
ဖြေ။ ။နွေဦးတော်လှန်ရေးကာလမှာအမျိုးသမီးတွေက ကျရာအခန်း ကဏ္ဍမှာပါဝင်နေတယ်ဆိုတာ ကို ဘယ်သူမှ ငြင်းလို့မရဘူး။ အမျိုးသမီးတွေက ဟိုးအရင်ကတည်းက ၈၈ အရေးအခင်းကို ကြည့်မလား။ ဘယ်တော်လှန်ရေးမှာပဲဖြစ်ဖြစ် ပါဝင်ခဲ့တယ်။ ဒါပေမယ့် အသိအမှတ်ပြုမှုက မရှိနေဘူး။ နောက်တစ်ခုက မီဒီယာလက်လှမ်းမီမှုလည်းမရှိတော့ အခုကျတော့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကိုယ်တိုင်က တက်တက်ကြွကြွနဲ့ ပါဝင်တယ်။ တော်လှန်ရေး ဦးဆောင်တဲ့နေရာမှာလည်း အမျိုးသမီးတွေ အများကြီး ပါဝင်ခဲ့တယ်။
ဘယ်နေရာမှာပဲ ကြည့်ကြည့်ပေါ့နော်။ သံဗုံးတီး ကမ်ပိန်းတွေ ကြည့်မယ်ဆိုလည်း အမျိုးသမီးတွေက အိုးခွက်ပန်းကန်တွေ ယူပြီးတော့မှ အိမ်ထဲမှာ ပါဝင်နေတာတွေက အများကြီးရှိသလို ရှေ့တန်းမှာ လက်နက်ကိုင်ပြီး တော်လှန်တဲ့နေရာမှာလည်း အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါကို အသိအမှတ်ပြုဖို့ လိုတယ်။ ဥပမာ ကျွန်မတို့နိုင်ငံမှာ အာဇာနည်လို့ ပြောတယ်ဆို အမျိုးသား အာဇာနည်တွေပဲ ပြောကြပါတယ်။ အမျိုးသမီးအာဇာနည် ဆိုတာ တခါမှအသိအမှတ်ပြုမှုတွေ လုပ်ခဲ့တာမရှိဘူး။ အခုဆို အမျိုးသမီးအာဇာနည်တွေ အများကြီး ရှိပါတယ်။
အဲ့ဒါတွေကို အသိအမှတ်ပြုပြီးတော့မှ တကယ်ကို အထိမ်းအမှတ်တွေနဲ့အတူ လုပ်ပေးဖို့လိုသလို တကယ့် လက်တွေ့မှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးပါဝင်မှု အကြောင်း ပြောသာပြောတယ်။ တကယ့်စိတ်ဆန္ဒရှိရှိနဲ့ အမျိုးသမီးတွေကိုအလေးထားပြီးတော့မှ ဂျဲန်ဒါ အလေးထားတဲ့ မူပေါ်လစီတွေ ချမှတ်ထားပြီးတော့မှ တကယ့်လက်တွေ့ အကောင်အထည်ဖော်မှုက အားနည်း နေသေးတာ တွေ့ရတယ်။
မေး။ ။အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေမပြုတဲ့ ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှု ကင်းတဲ့ တန်းတူမျှတတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ဘယ်လိုတည်ဆောက်သင့်တယ်လို့ အကြံပြုချင် ပါသလဲ။
ဖြေ။ ။ဂျဲန်ဒါပေါ်လစီတွေ၊ ဂျဲန်ဒါ sensitivity ပေါ်လစီတွေနဲ့ ပတ်သက်ပြီးတော့မှ ချမှတ်ထားရမှာ ဖြစ်သလို ဂျဲန်ဒါ ဘတ်ဂျတ် team ရှိရမယ်။ကျွန်မတို့က ဂျဲန်ဒါ၊ ဂျဲန်ဒါ၊ ကျား၊မ တန်းတူရေး၊ ကျား၊မ တန်းတူရေး ပြောပြီးတော့မှ လက်တွေ့မှာ အကောင်အထည်ဖော်တဲ့အခါမှာ ယန္တရားတွေ မရှိနေဘူး။ အဲ့အတွက် အကောင်အထည်ဖော်ဖို့ ဘတ်ဂျက်တွေမရှိနေဘူးဆို ဘာမှမထူးဘူး။ စာရွက် ပေါ်မှာပဲ ရှိမယ်ပေါ့နော်။
ဒါကြောင့်မို့လို့ တကယ့်လက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်က ပိုက်ဆံလိုပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ခွဲတဲ့အခါမှာ ဂျဲန်ဒါဘတ်ဂျက် team ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီးတော့မှ ခွဲဝေပေးဖို့လိုပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media