ဆရာမနော်ဆဲဆဲသည် ကရင်အမျိုးသမီးအစည်းအရုံး၏ စည်းရုံးလှုံဆော်ရေးဒါရိုက်တာ တစ်ဦး ဖြစ်သည်။
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။အမျိုးသမီးဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။ ဆရာမတို့ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နေကြတဲ့ အမျိုးသမီးတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ တွေ့မြင်ရပါလဲ။
ဖြေ။ ။ အမျိုးသမီးဆိုတာက အဓိပ္ပာယ်ဖွင့်ဆိုရမယ် ဆိုရင် အမျိုးသမီးဆိုတာ လူသားပဲ ဖြစ်တယ်ပေါ့နော်။ ထွေထွေထူးထူး အဓိပ္ပာယ်ဖွင့်ဆိုမှုတော့ မရှိဘူး။ ဒါပေမယ့် ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းအရ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာဆိုရင် ကွဲပြားမှုရှိတဲ့အပေါ်မှာ အမျိုးသမီးတွေက ကလေးမွေးလို့ ရတယ်။ နို့တိုက်လို့ ရတယ်။ ဒီလိုပဲ ခန္ဓာကိုယ်အရကွာခြားမှု ရှိတာပဲပေါ့။
ကျွန်မတို့ အပြင်ကနေကြည့်လိုက်ရင်တော့ လူသားတစ်ယောက်ပေါ့။ နောက်တခုကကြတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေကို သူတို့ရဲ့ဘဝရှင်သန်ရပ်တည်မှုက ပြောရမယ်ဆိုဒါက ရှေးရိုးစွဲ အမြင်လည်းဖြစ်သလို ဖိုဝါဒကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လာရတဲ့အတွက်ကြောင့် အမျိုးသမီးဆိုတာ တစ်ဆင့်နိမ့်တဲ့သဘောမျိုး ဖြစ်သလို အမျိုးသမီးဆိုတာက အမျိုးသားနဲ့ တန်းတူညီမျှမှု မရှိဘူး။
အမျိုးသားနဲ့ တန်းတူညီလို့ မရဘူးပေါ့။ အိမ်မှာနေ ချက်ပြုတ်၊ ကလေးထိန်း၊ အဲ့လိုမျိုးပတ်ဝန်းကျင်က ရိုက်သွင်းထားတော့ ဒီလိုပုံစံမျိုးတွေက မြင်ရတာ များတယ်။ အဲ့ဒါကြောင့် အမျိုးသမီးအဖွဲ့အစည်းတွေက တန်းတူရေးအတွက်ကို ကြိုးစားအားထုတ်ပြီးတော့ တော်လှန် နေကြတာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။
မေး။ ။ လူမှုအသိုင်းအဝိုင်းရဲ့ ပုံသေကားချပ် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံနေသလဲ။
ဖြေ။ ။ လူမှုအသိုင်းအဝိုင်းက ပုံသေကားချပ်သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက ဘာသာရေးမှာလည်း ရှိတယ်။ လူမျိုးမှာလည်း ရှိတယ်။ ရပ်ရွာတွေမှာလည်း ရှိတယ်။ အဲ့ဒီ ဓလေ့ထုံးတမ်းအရ မတူတဲ့စည်းမျဉ်းစည်းဘောင်တွေ ရှိတယ်။ အဲ့အပေါ်မှာအခြေခံပြီးတော့ အမျိုးသမီးအပေါ်မှာ ဖိနှိပ်ဆက်ဆံမှုတွေ ကျင့်သုံးနေတာ အများကြီး တွေ့ရတယ်။ ဥပမာ အမျိုးသမီး တစ်ယောက် ယောကျာ်းတစ်ယောက်နဲ့ အိပ်ပြီးတော့ ယောကျာ်းက တာဝန်မယူဘူး၊ ထွက်ပြေးသွားတယ်ဆိုရင် သူကဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တယ်။
အဲ့လိုဆိုရင် ရပ်ရွာက ရပ်ရွာနာတယ်။ ရပ်ရွာဆေးကြောဖို့၊ ရွာအပြင်မှာထွက်နေရတာမျိုး ဒါမျိုးတွေက ဒီနေ့ဒီအချိန်ထိ ကျင့်သုံးနေတာ ရှိသေးတယ်။ ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းဘောင်တွေ၊ ဓလေ့ထုံးတမ်းအရ သတ်မှတ်ထားတဲ့ စည်းဘောင်တွေကလည်း အမျိုးသမီးတွေအပေါ်အများကြီး ဖိနှိပ်ဆက်ဆံတာတွေရှိနေသေးတယ်။
မေး။ ။ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဘယ်အရာတွေက ဖြစ်နေစေတာလဲ။
ဖြေ။ ။ များသောအားဖြင့်ကတော့ အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတယ်။အမျိုးသမီးတွေဆိုရင် နေရာမပေးဘူး။ အထူးသဖြင့် အမျိုးသမီးတွေက ဘယ်လိုပဲ တော်တော်၊ ဘယ်လိုပဲ တတ်တတ် အသိအမှတ် မပြုဘူး။ ဒါတွေက ကျွန်မတို့ များသောအားဖြင့်တွေ့ရတယ်။
မေး။ ။ Feminism နဲ့ပတ်သက်ပြီးဘယ်လိုနားလည်ထားပါသလဲ။ ဘယ်အချိန်မှာ Feminism ကို စပြီး သိခဲ့ပါသလဲ။
ဖြေ။ ။ Feminism ကတော့ ပြောရမယ်ဆိုရင် ဝါဒတစ်ခု ဖြစ်တယ်။ အထူးသဖြင့် ဂျဲန်ဒါ တန်းတူရေးကို လက်ခံတယ်။ မြှင့်တင်တယ် ကာကွယ်တယ်။ အမျိုးသမီးလည်း လူ၊ အမျိုးသားလည်း လူလို့ မြင်တယ်။ ဒါက feminism ဝါဒကို လက်ခံကျင့်သုံးတဲ့သူတွေ ဖြစ်တယ်။ ကျွန်မက ဘယ်အချိန်မှာ စပြီးသိခဲ့ရလဲဆိုတော့ ကျွန်မတို့အမျိုးသမီးအဖွဲ့အစည်းထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာတဲ့အချိန်မှာ ဒါတွေကပိုပြီးတော့ အသေးစိတ်သိလိုက်ရတဲ့ဟာတွေဖြစ်တယ်။
မေး။ ။ အမျိုးသမီးနဲ့ Feminism ဆိုတဲ့ ဘယ်လို ဆက်စပ်မှု ရှိလဲ။
ဖြေ။ ။ အမျိုးသမီးနဲ့ Feminism က ဆက်စပ်မှု ရှိပါတယ်။ ဒီဝါဒ feminism ဝါဒကို ကျင့်သုံးဖို့ အမျိုးသမီးတွေက လက်ဆင့်ပွား ဆင့်ပွားသင်တန်းတွေ ပေးတယ်။ အသိပညာတွေ ပေးတယ်။ feminism ဝါဒကို မြင့်တင်တယ်။ဘာဖြစ်လို့လဲဆိုတော့ feminism ရဲ့အဓိက အနှစ်သာရက တန်းတူရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တန်းတူညီတူရှိနိုင်မယ့် အလေ့အကျင့်ပေါ့။
ဝါဒတစ်ခုဖြစ်လာဖို့ကို အရေးကိုဒါက အရေးကြီးတယ်။ ဒီလိုဝါဒမျိုးတွေ ကျင့်သုံးလက်ခံမယ်ဆိုရင် ကျွန်မတို့ အမျိုးသမီးတွေကို အသိမှတ်ပြုလက်ခံတာနဲ့ အတူတူပဲ။ သူတို့ကတော့ အဓိက တိုက်ရိုက်ဆက်စပ်မှု ရှိတယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ထူးထူး ခြားခြားကြုံတွေ့ခဲ့ရဖူးသလား။ ထုတ်နုတ်ပြပေးနိုင်မဲ့ ဥပမာတွေကို ပြောပြပေးပါအုံးနော်။ ဘယ်လို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲ။
ဖြေ။ ။ ကျွန်မကိုယ်တိုင်ကတော့ အမျိုးသမီးဖြစ်တည်မှုနဲ့ အသက်အားဖြင့် ငယ်တယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ပြောရဆိုရ အစည်းအဝေးတက်ရ လုပ်နေတဲ့အလုပ်တွေက များသောအားဖြင့် လူကြီးပိုင်းတွေနဲ့ လုပ်တဲ့နေရာမျိုးမှာ လုပ်တာများတယ်။ အထူးသဖြင့် တော်လှန်ရေး နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တဲ့ အမျိုးသားခေါင်းဆောင်တွေကြားမှာ လုပ်ရတာများတယ်။
အဲ့ဒီမှာဆိုရင် ကျွန်မက အသက်ငယ်သေးတယ်။ ပြီးရင်လည်း အတွေ့အကြုံအရအဲ့လောက်ထိ မရှိသေးဘူး။ ပြီးတော့ အမျိုးသမီးလည်းဖြစ်တယ်ဆိုပြီး ခွဲခြားတာမျိုးတွေ တွေ့ရတယ်။ အထင်သေး၊ အမြင်သေးတာ မျိုးတွေလည်း တွေ့ရတယ်။ ခံခဲ့ရတယ်။
ကျွန်မတို့ ဘယ်လိုပဲလုပ်နိုင်သည်ဖြစ်စေ လူကြီးတွေအမြင်နဲ့ လူငယ်တွေအမြင်က အရမ်းကြီးကွာခြားမှုရှိတယ်။ စိန်ခေါ်မှုတွေလည်း ရှိတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့က အမျိုးသားတွေရဲ့ အတွေးအခေါ်၊ အယူအဆထဲမှာ အဲ့လောက်ထိ မရှိတဲ့စိန်ခေါ်မှုက အဓိကကြုံတွေ့ရင်ဆိုင်နေရတယ်။
တဆက်ထဲမှာပဲ ဘယ်လိုကျော်ဖြတ်လဲဆို ကျွန်မကတော့ ကိုယ်ကျရာ ကဏ္ဍမှာ အတက်နိုင်ဆုံး အအောင်မြင်ဆုံးလုပ်ချင်စိတ် ရှိတယ်။ ပြီးတော့ ကြိုးစားတယ်။ မသိရင် မေးတယ်။ နားမလည်ရင် နားလည်အောင် လုပ်ယူတယ်။ ပြီးရင်လည်း အမျိုးသားတွေ ဘယ်လိုပဲ ခွဲခြားဆက်ဆံပစေ ရင်ဘောင်တန်းနိုင်အောင် မခံချင်စိတ်နဲ့ ကြိုးစားလေ့ ရှိတယ်။
အဲ့ဒါကြောင့် ဒီနေ့ဒီချိန်ထိ ဘယ်လို အမျိုးသား၊ ဘယ်နေရာမှာရှိနေတဲ့ အမျိုးသားတော်လှန်ရေး ခေါင်းဆောင်ဖြစ်ဖြစ် ကျွန်မတို့ တန်းတူရည်တူ စားပွဲဝိုင်းမှာ ပြောဆိုဆွေးနွေး နိုင်ငံရေး အဖြေရှာမှုတွေ လုပ်လာနိုင်ခဲ့တယ်။ အခု ဒီလိုမျိုး ကျော်ဖြတ်နိုင်ခဲ့လို့ ဒီနေရာအထိရောက်ရှိလာခဲ့တဲ့ အနေအထားတစ်ခု ဖြစ်တယ်။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ဘယ်ကြောင့် အရေးကြီးပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်ဖို့ အရေးကြီးတဲ့အကြောင်းအရင်းက ကျွန်မတို့ အမျိုးသမီး အင်အားစုက မြန်မာနိုင်ငံမှာ လူဦးရေအရ ထက်ဝက်ကျော်ရှိတယ်။ ကျွန်မတို့ ကြည့်ရမယ်ဆိုရင် ဥပမာ ရှင်းရှင်းလင်းလင်းကြည့်ရမယ်ဆိုရင် နွေဦးတော်လှန်ရေး ၂၀၂၁ အာဏာ သိမ်းမှုကနေ စပြီးတော့ တော်လှန်ရေးမှာ ပါဝင်လာတဲ့ အမျိုးသမီးအင်အား အနည်းဆုံး ၆၀ ရာခိုင်နှုန်း ရှိတယ်။
ကျွန်မတို့ တော်လှန်ရေးမှာ ပါဝင်ပေးဆပ်တဲ့အင်အားစုကလည်း နည်းနည်းနောနော မဟုတ်ဘူး။ ဆိုတော့ ကျွန်မတို့ရဲ့ပြသနာတွေက နိုင်ငံရေး ပြဿနာ ဖြေရှင်းတဲ့နေရာမှာ ကိုယ်စားလှယ်တွေ အသံတွေ ဆုံးဖြတ်ချက်တွေ ပါဖို့ အရေးကြီးတယ်။ ဒီနိုင်ငံ ပြုပြင်ပြောင်းလဲမှု နိုင်ငံရေးပြသနာကို အဖြေရှာတာက အမျိုးသမီးကိုယ်စားပြုမှုမပါရင် အမျိုးသမီးပါဝင်မှုမရှိဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ ဆုံးဖြတ်ချက်တွေက လွှမ်းခြုံမှာမဟုတ်သလို လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာလည်း ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။
ကျွန်မတို့အမျိုးသမီးပါဝင်နေခြင်းကြောင့် ဒီနိုင်ငံရေးပြဿနာအဖြေရှာတဲ့နေရာမှာ အကောင်အထည် ဖော်တဲ့နေရာမှာ ဖွံ့ဖြိုးတိုးတက်မှုတွေက မြန်ဆန်လာမယ်။ ဆုံးဖြတ်ချက်ချတာတွေ က လွှမ်းခြုံမှု ရှိမယ်။ ဒီမိုကရေစီတရားဝင်မှုလည်း ဖြစ်မယ်။ နိုင်ငံတကာ တရားဝင်မှုလည်း ဖြစ်မယ်။
မေး။ ။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အဓိကက နိုင်ငံရေးစိတ်ဆန္ဒရှိဖို့ လိုတယ်။ အထူးသဖြင့် အမျိုးသားအင်အားစုတွေ ကြားထဲမှာ အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့ လိုမယ်။ အမျိုးသမီးတွေကို နိုင်ငံရေးအဖြေရှာတဲ့ နေရာမှာ ကြိုဆိုလက်ခံဖို့လိုတယ်။ ဘာစိန်ခေါ်မှုတွေတွေ့ရလဲဆို ဒါမျိုးတွေမရှိသေးတဲ့အနေအထား တခုဖြစ်တဲ့ အတွက်ကြောင့် စိန်ခေါ်မှုဖြစ်တယ်။ တချို့ဆိုရင် သဘောတူညီချက်စာချုပ်ထဲမှာ ထည့်ထားတယ်။ မူအရထည့်ထားတယ်ဆိုပေမယ့် လက်တွေ့မှာက အမျိုးသားတွေပဲ နေရာဦးချင်တယ်။
အမျိုးသားတွေကပဲ နိုင်ငံရေး ဆွေးနွေးနိုင်တယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်။ အတွေးအခေါ်အယူအဆတွေက ရှိနေသေးတယ်။ တကယ်တမ်းဆို တော်ပြီး ထက်မြတ်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ နေရာမပေးချင်တဲ့ အခက်အခဲ စိန်ခေါ်မှုတွေ ကြောင့်လည်း တွေ့ရသလို အမျိုးသမီးတွေရဲ့အရည်အချင်း အမျိုးသမီးတွေရဲ့ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်မှု တွေကို အသိအမှတ်မပြုတာကလည်း အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်တယ်။
မေး။ ။ နွေဦးတော်လှန်ရေးကာလအစကနေ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ ပါဝင်မှုကို အသိအမှတ်ပြုလာကြပြီလို့ ထင်ပါသလား။
ဖြေ။ ။ လက်ရှိနွေဦးတော်လှန်ရေးကာလကနေ စပြီးတော့လက်ရှိအချိန်ထိ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ ပါဝင်မှုကို အသိအမှတ်ပြုလာကြလားဆိုတော့ ပါးစပ်ကနေတော့ ထုတ်ဖော်ပြောဆိုတဲ့ အင်အားစုတွေတော့ ရှိတယ်။ တော်လှန်ရေးအင်အားစုတွေ ရှိတယ်။ အမျိုးသမီးတွေကို လက်ခံရမယ်။ Gender equality ကို မြှင့်တင်ရမယ်ဆိုတာတော့ ရှိလာတယ်။ ဒါပေမယ့် လက်တွေ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာတော့ ကျွန်မတို့လိုချင် လိုလားတဲ့ အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းတော့ မမပြည့်မှီသေးဘူးဆိုတာ တွေ့ရတယ်။
မေး။ ။အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေမပြုတဲ့ ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှု ကင်းတဲ့ တန်းတူမျှတတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခုကို ဘယ်လိုတည်ဆောက်သင့်တယ်လို့ အကြံပြုချင် ပါသလဲ။
ဖြေ။ ။ကျွန်မတို့အခု နွေဦးတော်လှန်ရေးအဓိက ပန်းတိုင်ကတော့ စစ်အာဏာရှင်မကပဲနဲ့ ဘယ် အာဏာရှင်မဆို အဆုံးသတ်မယ်။ ပြီးရင် စနစ်သစ်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို တည်ဆောက်မယ်။ လက်ရှိအချိန်က အခွင့်အလမ်းကောင်းတစ်ခု ဖြစ်တယ်။ ဒီအချိန်မှာက အမျိုးသမီးအင်အားစုအပါအဝင် ဖယ်ကျဉ်ခံရတဲ့လူနည်းစုတွေ တခြားလူမျိုးတွေကိုလည်း ကျွန်မတို့ ထည့်သွင်းရမှာ ဖြစ်တယ်။ သူတို့တွေရဲ့အခန်းကဏ္ဍတွေ သူတို့တွေရဲ့အသံတွေ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ပါဝင်ဖို့ ကျွန်မတို့ စလုပ်ဆောင်ရမှာ ဖြစ်တယ်။
ကျွန်မတို့အဲ့လိုလုပ်မှသာလျှင် တန်းတူညီမျှရေးဆိုတဲ့ လက်ဆုပ်လက်ကိုင်ထားတဲ့မူက ကျွန်မတို့အကောင်အထည်ဖော်တာလည်း ဖြစ်သလို လက်တွေ့ ကျကျ ကျင့်သုံးတာလည်း ဖြစ်တယ်။ ကျွန်မတို့ အမျိုးသမီးတန်းတူရုံနဲ့ ကျွန်မတို့ ဖြစ်လာတဲ့ အမျိုးသမီးခွဲခြားဆက်ဆံမှုတွေ တခြားသော အများကြီးရှိသေးတာတွေက အပြည့်အစုံ ပျောက်သွားမှာတော့ မဟုတ်သေးဘူး။
ဒါပေမယ့် ကျွန်မတို့အရင်ဦးဆုံး လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ် အယူအဆတွေက ပြောင်းလဲဖို့လိုတယ်။ ကျွန်မတို့ မူဝါဒအရရော ကျွန်မတို့ အခြေခံ လမ်းညွှန်အရ အခြေခံစံတန်ဖိုးအရထားရှိထားတဲ့ အပေါ်မှာလည်း လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့ လိုတယ်။
အမျိုးသမီးတွေကို လိုလို လားလား ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ ပါဝင်လာဖို့ကို လက်ခံဖို့လိုတယ်။ အဲ့ဒါတွေက အဓိက ကျတယ်လို့ မြင်တယ်။ ကျွန်မတို့တွေက ကိုယ့်ရဲ့စိတ်၊ အတွေးအခေါ်၊ အယူအဆ အပြောင်းအလဲတွေ ရှိမှသာ စုပေါင်းပြီးသွားမယ့်လမ်း စုပေါင်းပြီးတော့ပြုပြင်ပြောင်းလဲမယ့် နိုင်ငံသစ်၊ ခေတ်သစ်၊ စနစ်သစ်က တန်းတူညီတူပြောင်းလဲနိုင်မှာဖြစ်တယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media