ဆရာမ မအေးမြင့်မြင့်အောင်သည် အမျိုးသမီးမဟာမိတ်အင်အားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။


မေး။    ။ အမျိုးသမီးဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။ အမ/ညီမတို့ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နေကြတဲ့ အမျိုးသမီးတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ တွေ့မြင်ရ ပါလဲ။

ဖြေ။    ။ အမျိုးသမီးတွေဆိုတာကတော့ လူတွေထဲကလူတွေပါပဲ။ လူသားတွေပါပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မတူညီတဲ့ နောက်ခံတွေ၊ မတူတဲ့ ရှင်သန်မွေးဖွားလာပုံမတူတဲ့ ပုံစံအမျိုးမျိုးနဲ့ အမျိုးသမီးတွေကို တွေ့ရပါတယ်။

မေး။    ။ လူမှုအသိုင်းအဝိုင်းရဲ့ ပုံသေကားချပ် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံနေသလဲ။

ဖြေ။    ။ ကျွန်တော်တို့ဒီနိုင်ငံမှာကတော့ သိတဲ့အတိုင်းပဲ။ ဒီနိုင်ငံရဲ့အသိုင်းအဝိုင်းက အစဉ်အဆက် အမျိုးသမီးအပေါ်မှာတင်းကြပ်တဲ့ စည်းဘောင်တွေတွေရှိပါတယ်။ တချို့ဓလေ့ထုံးတမ်းတွေ၊ တချို့ ရိုးရာတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ပိုပြီးတော့ နှိမ်ထားတဲ့ကိစ္စရပ်တွေ ရှိပါတယ်။ အမျိုးသမီးတွေဟာ အရင်ကတည်းကနဲ့ အခုချိန်ထိ အမျိုးသားတွေထက် တစ်ဆင့်နိမ့်တယ်ဆိုတဲ့ အယူအဆတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုအသိုင်းအဝိုင်းမှာကအစ အမျိုးသမီးဆိုရင် အမျိုးသားရဲ့ နောက်မှာဆိုတဲ့ နောက်ပို့ခံရတဲ့ အခြေအနေတွေ အနေအထားတွေရှိခဲ့တာပေါ့။

ကျွန်တော်တို့ နိုင်ငံသည် ဖိုဝါဒလည်း အင်မတန်ကြီးစိုးတယ်။ ဖိုဝါဒကြိးစိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့စံတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုမျိုး တန်းတူအခွင့်အရေး မရခဲ့ကြပါဘူး။ ဒါလူမှုစံနှုန်းတွေအရ အမျိုးသမီးတွေကိုယ်တိုင်ကိုက ဒီလိုမျိုးတွေ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတာသည် အမျိုးသားတွေထက် တစ်ဆင့်နိမ့်တယ်။ အမျိုးသားတွေက ဘုန်းကြီးတယ်။ အမျိုးသမီးတွေက ဘုန်းကံအရလည်း နိမ့်တယ်ဆိုတဲ့ အယူအဆတွေနဲ့ ကျင်လည်ခဲ့ ကြတာပေါ့။

တချို့ကြတော့လည်း တကယ့်တကယ် ဘုရားဟောထဲမှာရှိချင်မှ ရှိလိမ့်မယ်။ ဒါပေမယ့် ဘာသာရေးထဲမှာက အစထည့်ပြီးဟောတာသည် အမျိုးသမီးတွေက နိမ့်ကျတယ်။ ဒါမျိုးတွေနဲ့ ခေတ်အဆက်ဆက်၊ စနစ်အဆက်ဆက်မှာ ဒီအယူအဆတွေက လူ့အသိုင်းအဝိုင်းရဲ့ခေါင်းထဲမှာ ခြေကုတ်အမြစ်တွယ်နေတာပေါ့။

မေး။    ။ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဘယ်အရာတွေက ဖြစ်နေစေတာလဲ။

ဖြေ။    ။ အဓိကက ကျွန်တော်တို့နိုင်ငံရဲ့အမြစ်တွယ်တဲ့ ခုနကျွန်တော်ပြောခဲ့သလို ‌ရှေးရိုးစွဲအယူအဆ တွေ ဓလေ့ထုံးတမ်းတွေပေါ့။ ဒီအယူအဆတွေကနေပြီးတော့ပဲ အမျိုးသမီးတွေအပေါ်မှာ မသိသာသလိုတမျိုး၊ သိသာသလိုတမျိုး ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေက ဖြစ်နေစေတာပေါ့။

နောက်တခုက ဘာလဲဆို ဘာသာရေးတွေပေါ့။ ဘာသာရေးတွေကြောင့်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးတော့ အခွင့်အရေးတန်းတူမရတာမျိုးတွေ ရှိတယ်။ တစ်ဆင့်နိမ့်ပြီးတော့ ဖိနှိပ်တာမျိုးတွေ၊ ခွဲခြားဆက်ဆံတာမျိုးတွေကလည်း ရှိနေတယ် ဆိုတော့ ဒါတွေကြောင့်ပဲ ဖိနှိပ်မှုတွေက ဖြစ်နေတယ်လို့ ယူဆပါတယ်။

မေး။    ။ Feminism နဲ့ပတ်သက်ပြီးဘယ်လိုနားလည်ထားပါသလဲ။ ဘယ်အချိန်မှာ Feminism ကို စပြီး သိခဲ့ပါသလဲ။

ဖြေ။    ။ Feminism နဲ့ပတ်သက်ပြီးဘယ်လိုနားလည်ထားလဲဆိုတော့ သူသည် အယူဝါဒတစ်ခုပဲ။ ဘယ်လိုမျိုး အယူဝါဒလဲဆိုရင် ကျား၊မ တန်းတူအခွင့်အရေး ရလိုတဲ့ရရှိမှု အယူဝါဒတစ်ခုလို့ ကျွန်တော်က အဓိပ္ပာယ် အဲ့လိုဖွင့်ချင်တယ်။ ဒီဟာသည် ဘယ်လို ideology ပေါ်မှာအခြေခံထားလဲ ဆိုရင် အမျိုးသားနေနေ အမျိုးသမီးနေနေ ကျား၊မ ခွဲခြားထားတာ မရှိဘူး။တူညီတဲ့ တန်းတူအခွင့်အရေး ရရမယ် ဆိုတဲ့အပေါ်မှာ မူတည်ထားတဲ့ သဘောတရား၊ အယူအဆ၊ အတွေးအမြင်တစ်ခုလို့ မြင်တယ်။

Feminism ကို စပြီးသိတာက ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းက သေချာနားမလည်ခဲ့ဘူး။ ကြားတော့ ကြားဖူးတယ်။ ဒါပေမယ့် ဒီနွေဦးတော်လှန်ရေး ကာလရောက်ပြီဆိုမှ ကျွန်တော်တို့ လူထုအုံကြွမှုတွေကတဆင့် ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ ဆိုပြီး ထွက်လာခဲ့တဲ့ ဒီ movement တွေလှုပ်ရှားမှုတွေ ရှိတယ်။ အဲ့ဒီကနေစပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့တာပေါ့။ အရင်တုန်းက သေချာမသိဘူး။ ပိုသိလာတာက ကျွန်တော်တို့  Women Alliance Burma အမျိုးသမီးမဟာမိတ်အင်အားစု ဖွဲ့ပြီးနောက်ပိုင်းမှ တဖြေးဖြေးချင်း လေ့လာဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

မေး။    ။အမျိုးသမီးနဲ့ Feminism ဆိုတဲ့ ဘယ်လို ဆက်စပ်မှု ရှိလဲ။

ဖြေ။    ။ Feminism ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာထဲက မွေးရာပါလိင်ဖြစ်တည်မှုတွေ အပေါ်မှာ မူတည်ပြီးတော့ မည်သည့်လိင်အမျိုးအစားကို မဆိုခွဲခြားဆက်ဆံတာတွေမလုပ်ရဘူး။ Non-discrimination ပေါ့။ နောက်တခုက သူတို့ကို တူညီတဲ့အခွင့်အရေးပေးရမယ်။ Equal right ကို အဲ့ဒီစံတန်ဖိုးတွေ အပေါ်မှာမူတည်ပြီးတော့ ဒီဝါဒတွေ၊ ဒီအယူအဆတွေက ဖြစ်လာတာပေါ့။ ဒါကြောင့် အမျိုးသမီး တွေနဲ့ တိုက်ရိုက်ကို သက်ဆိုင်တဲ့ဝါဒတစ်ခု ဖြစ်တယ်။

မေး။    ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ထူးထူးခြားခြား ကြုံတွေ့ခဲ့ရဖူးသလား။ ထုတ်နုတ်ပြပေးနိုင်မဲ့ ဥပမာတွေကို ပြောပြပေးပါအုံးနော်။ ဘယ်လို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲ။

ဖြေ။    ။ အမျိုးသမီးတွေရဲ့စိန်ခေါ်မှုက ဘာဖြစ်မလဲဆို အခုလက်ရှိ တော်လှန်ရေးအခင်းအကျင်း နိုင်ငံရေးအခင်းအကျင်းတွေမှာ ပိုပြီးကြုံရပါလိမ့်မယ်။ နိုင်ငံရေးအခင်းအကျင်းမှာကြည့်မယ်ဆို NUG နဲ့ NUCC ပေါ့။ ဒီလို policy making body တွေမှာ အမျိုးသမီးပါဝင်မှုကိုဘယ်လောက်ပဲ ၃၀ရာခိုင်နှုန်း အောက်ထစ်ပါရမယ်ပဲ ပြောပြော  တကယ့်တကယ် အမျိုးသမီးပါဝင်မှုက အင်မတန်နည်းတယ်။

တဖက်မှာကြတော့ အမျိုးသမီးပါဝင်မှုကို လမ်းဖွင့်ပေးထားလားဆိုတော့ ဖွင့်ပေးထားတယ်။ ဒါပေမယ့် တစ်ဖက်မှာကြတော့လည်း ဖွင့်ပေးထားသလိုလိုနဲ့ အရမ်းကြီး Welcome ဖြစ်မနေတဲ့ကိစ္စရပ်တွေ ကလည်း ရှိနေပြန်‌ရော အမျိုးသမီးပါဝင်မှုတွေက နည်းလာတယ်။ ဘယ်ဟာပဲကြည့်ကြည့် အမျိုးသားတွေက များနေတယ်။

ဒါတွေကအမျိုးသမီးတချို့အတွက် စိန်ခေါ်ချက်တွေ ဖြစ်ပါလိမ့်မယ်။ တော်လှန်ရေးဘက်ကို ပြန်ကြည့်မယ်ဆို အထူးသဖြင့် စစ်ရေးပိုင်းတွေမှာ အမျိုးသမီးပါဝင်မှု အရမ်းနည်းတယ်။ ဒါတွေကကျတော့ စစ်ရေးပိုင်းမှာ လမ်းပိတ်ထားတာ များတယ်။ မင်းတို့ အမျိုးသမီးတွေ စစ်မတိုက်ရဘူး။ စစ်ရေးထဲမှာ ပါလာမယ်ဆိုရင်တောင် ဘဏ္ဍာရေးလောက်ပဲ လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ကန့်သတ် ထားတဲ့အတွက် အမျိုးသမီးတွေစစ်ရေးမှာ ပါဝင်မှုကျ တော်တော်လေးကို အခက်အခဲတွေဖြစ်တယ်။ စိန်ခေါ်မှုတွေဖြစ်တယ်လို့ မြင်မိတယ်။

မေး။    ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ဘယ်ကြောင့် အရေးကြီးပါသလဲ။

ဖြေ။    ။ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ အုပ်ချုပ်ရေးပိုင်းမှာပါတဲ့သူတွေ ကြည့်ကြည့်လိုက်ပါ။ အမျိုးသမီးအရမ်းနည်းတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တောက်လျှောက်အရိုးစွဲလာတဲ့ ဓလေ့ထုံးတမ်းတွေ အယူအဆတွေ ရှေးရိုးစွဲအယူအဆတွေ ဒါတွေကိုပယ်ဖျက်ဖို့ဆိုတာ အမျိုးသမီးတွေကိုယ်တိုင်ကို နိုင်ငံရေးတွေမှာ ဝင်ပါပြီးတော့ ပြုပြင် ပြောင်းလဲမှုတွေ ဒီဟာတွေအပေါ်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ မြင်မိတယ်။

ကျွန်တော်တို့ အရင်တုန်းကဆိုရင် လွှတ်တော်ထဲမှာအမျိုးသမီးပါဝင်မှု အရမ်းနည်းတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမူဝါဒတွေမှာ ထည့်တယ်။ တော်လှန်ရေး မတိုင်ခင်ကာလတုန်းကဆို Myanmar sustainable development plan ဆိုတာရှိတယ်။ နှစ်သုံးဆယ်စီမံကိန်းပေါ့။ ဒီလိုစီမံကိန်းတွေမှာ ကအစ အမျိုးသမီးတွေသည် လွှတ်တော်ထဲမှာ ဘယ်လောက်ရာခိုင်နှုန်း အနည်းဆုံးပါရမယ် ဆိုတဲ့အချက်တွေ အခုတော်လှန်ရေးကာလမှာဆိုရင် ပဋိညာဉ်မှာကအစ အမျိုးသမီးတွေ ဘယ်လောက် ရာခိုင်နှုန်းနဲ့အထက် အခုဆိုကျွန်တော်တို့ သတ်မှတ်ထားတာသည် ၃၀ ရာခိုင်နှုန်းအောက်ထစ်ပေါ့။ ပါရမယ်ဆိုတဲ့အချက်တွေ ပြောထားတယ်။ ဒါတွေက အင်မတန်အရေးကြီးတာပေါ့။

ဒါတွေက အမျိုးသမီးပါဝင်ဖို့အတွက်ကို ကျွန်တော်တို့က Equal Right ဘယ်လောက်ပဲပြောပြော ဒီလိုမျိုး platform တစ်ခုသာ မဖန်တီးထားဘူး။
ဒီလိုမျိုးသာ မသတ်မှတ်ထားဘူးဆိုရင် အမျိုးသမီးပါဝင်မှု ဒီထက်ပိုပြီးများလာဖို့ဆိုတာ ခက်ခဲလာမယ်။ ဒါကြောင့် ဒီလိုမျိုး platform တွေ အခင်းအကျင်းတွေ လမ်းဖွင့်ပေးထားတာက အမျိုးသမီး ပါဝင်မှုများနိုင်စေသလို တစ်ဖက်မှာလည်း အမျိုးသမီးအခွင့်အရေး အတွက်ကို အကာအကွယ် ပေးရေး လုပ်ငန်းတွေမှာ ပိုပြီးအရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်နိုင်မယ်လို့ မြင်မိတယ်။ ဒါကြောင့်လည်း အရမ်းအ‌ရေးကြီးတယ်လို့ ပြောကြတာဖြစ်ပါတယ်။

မေး။    ။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိတယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ နိုင်ငံရေးတွေမှာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါနိုင်ဖို့ အမျိုးသမီးတွေအနေနဲ့ ဘယ်လို အခက်အခဲရှိလဲဆို အခုဆိုကျွန်တော်တို့ platform တွေ ရှိတယ်။ NUG, NUCC ကျွန်တော်တို့ policy making body တွေမှာ များသောအားဖြင့် အမျိုးသမီးတွေပါဝင်မှုက နည်းနေတာလည်း တစ်ဖက် တစ်ဖက်မှာကြတော့လည်း ပါဝင်နေတဲ့အမျိုးသမီးတွေအနေနဲ့အချိုးအရ ကျား၊မ အချိုးရ ချိန်ထိုး လိုက်မယ်ဆို အမျိုးသားတွေသည် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပိုပြီးများနေတာပေါ့။ ဒါသည် အမျိုးသမီးပါဝင်မှုနဲ့အတူ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါနိုင်တဲ့ဟာသည် တိုက်ရိုက်အချိုးကျ နေတယ်လို့ မြင်တယ်။

အခက်အခဲတွေကတော့ ပြောခဲ့သလိုပဲပေါ့။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း တခါတလေ မပါတာတွေရှိတယ်။ ငါတို့သည် ဒီဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါနိုင်ဖို့ ငါတို့သည်အရည်အချင်း လိုအပ်နေတယ်လို့ ကိုယ့်ကိုကိုယ် မြင်ကောင်းမြင်နိုင်တယ်။ တစ်ဖက်မှာကြတော့လည်း အမျိုးသား တွေက ပိုပြီးဆုံးဖြတ်ချက်ချ နိုင်တယ်ဆိုတဲ့ အယူအဆတွေရှိတယ်။ ရှိတဲ့အတွက်ကြောင့် ကိုယ့်တိုင်ကိုယ်ကျ ဝင်မပါတာလည်း ဖြစ်နိုင်တယ်။ တချို့ဟာတွေမှာကျတော့ မဟုတ်ဘူး။ လမ်းမဖွင့် ပေးထားတာတွေရှိနေတာကြောင့် မပါဝင်တာတွေရှိတယ်။ ဖြစ်နေတဲ့ အကြောင်း အရာတွေကတော့ အများကြီးပဲရှိတယ်။

မေး။    ။နွေဦးတော်လှန်ရေးကာလအစကနေ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးမှာ ပါဝင်မှုကို အသိအမှတ်ပြုလာကြပြီလို့ ထင်ပါသလား။

ဖြေ။    ။ အခုလက်ရှိနွေဦးတော်လှန်ရေးကာလ  ကအရင်ကာလတွေထက် လမ်းပွင့်တယ်လို့ မြင်တယ်။ လူတွေရဲ့အတွေးအခေါ် အတွေးအမြင်တွေကလည်း ပိုပြီးပွင့်လင်းမြင်သာမှု ရှိလာတယ်။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အလွှာအသီးသီးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အရင်ထက်ပိုပြီးတော့ အသိအမှတ်ပြုလာကြတာတွေ ရှိတယ်။ အခု ပဋိညာဉ်မှာကအစ အမျိုးသမီး ပါဝင်မှုသည် နိုင်ငံရေးမှာအမျိုးသမီးပါဝင်မှုသည် သုံးဆယ်ရာခိုင်နှုန်းအောက်ထစ်၊ သုံးဆယ် ရာခိုင်နှုန်း အထက်ရှိရမယ်ဆိုတာပြောထားတာသည် အားလုံးသည် အမျိုးသမီးပါဝင်မှုအပေါ် ပိုပြီးအသိအမှတ် ပြုလာပြီ ပိုပြီးလမ်းဖွင့်လာပြီလို့ မြင်မိပါတယ်။

မေး။    ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေမပြုတဲ့ ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှု ကင်းတဲ့ တန်းတူမျှတတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ဘယ်လို တည်ဆောက်သင့်တယ်လို့ အကြံပြုချင် ပါသလဲ။

ဖြေ။    ။ ကျွန်တော်တို့ဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမပြုတဲ့ ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှုကင်းတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးက ဒီမိုကရေစီစံနှုန်း၊စံချိန်တွေကို တန်ဖိုးထားပြီးတော့ တကယ်ကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ဖို့ လိုအပ်တယ်လို့ မြင်တယ်။

ဒီလိုမျိုး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ခုကိုရောက်ပြီ ကျွန်တော်တို့ အသိုင်းအဝိုင်း ကိုယ်တိုင်ကလည်း ဒီမိုက‌‌ရေစီစံချိန်စံနှုန်းတွေကိုတန်ဖိုးထားတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခုဖြစ်ဖို့ဆိုရင် ကြားထဲမှာ ကျွန်တော်တို့အနေနဲ့ကအများကြီး နိုင်ငံရေးအရ တည်ဆောက်ဖို့ လိုအပ်တယ်။ ပြောဖို့ လိုအပ်တယ်။ တွန်းဖို့လိုအပ်တယ်။ ဝေဖန်ဖို့လိုအပ်တယ်။ အကြံပြုဖို့ လိုအပ်တယ်။ အဆင့်လိုက်လိုအပ်တယ်လို့ မြင်မိပါတယ်။
 
 "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media