ဆရာမ ခွာညိုသည် လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်သည်။
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။

မေး။    ။ အမျိုးသမီးဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။ အမ/ညီမတို့ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နေကြတဲ့ အမျိုးသမီးတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ တွေ့မြင်ရပါလဲ။

ဖြေ။    ။ အမျိုးသမီးဆိုတာညီမအဓိပ္ပါယ်မဖွင့်ဆိုခင် လူတွေသတ်မှတ်ထားတဲ့အဓိပ္ပါယ်ရှိပါတယ်။ ငယ်ရွယ်စဉ်မှာ မိဘအုပ်ထိန်းမှုအောက်မှာပဲ နေရမယ်။ မိဘအုပ်ထိန်းမှု အောက်မှာ ရှိမနေတဲ့ မိန်းကလေးဆို အဲမိန်းကလေးက အပျိုမဟုတ်တော့ဘူးလို့ ပြောဆိုကြတယ်။ အိမ်ထောင်ရက်သား ကျပြီဆိုလည်း အိမ်မှာပဲ အိမ်မှုကိစ္စလုပ်ရမယ် မလုပ်ပဲ အပြင်အလုပ် ထွက်လုပ်တဲ့ မိန်းကလေးဆို ဒီမိန်းမအိမ်ထောင်ကျပြီးတာတောင် ခြေမငြိမ်ချင်သေးဘူးဆိုပြီး ကဲ့ရဲ့ခံရတယ်။

မိန်းကလေး ဆိုတာနဲ့တင် အသံအကျယ်ကြီးမပြောရဘူး၊ ရီရင်တောင် ပါးစပ်ကို လက်နဲ့အုပ်ရီရမယ်၊ ဟင်းချက်တတ်နေရမယ်၊ အိမ်အလုပ်လုပ်တတ်နေရမယ် ဆိုပြီးသတ်မှတ်လိုက်ကြတယ်။ ညီမ အနေနဲ့က အမျိုးသမီးလည်း လူတစ်ယောက်ပါပဲ။ သူ့ဘဝကို သူပိုင်ဆိုင်ခွင့်ရှိပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်လည်း ရှိတယ်။ ကိုယ်ပိုင်လွတ်လပ်စွာ အသက်ရှင် နေထိုင်ခွင့်ရှိတယ်လိုပဲ ခံယူထား ပါတယ်။

မေး။    ။ လူမှုအသိုင်းအဝိုင်းက ပုံသေကားချပ် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းဘောင်တွေက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံနေသလဲ။
ဖြေ။    ။ ညီမအပေါ်မှာ ပြောပြခဲ့သလိုပဲ ရှေးဘုရင်ခေတ်ကဆို အမေဗိုက်ထဲကနေ ထွက်လာပြီဆို မိန်းကလေး ဖြစ်ပြီ ဆိုတာနဲ့ အပြစ်သားတစ်ယောက်လို မြင်ကြတယ်။ သားမွေးနိုင်မှသာ ဘုရင်အာဏာ ဆက်ခံလို့ရမှာဆိုပြီးတော့ ယောကျားလေး မမွေးမချင်း ကလေးဆက်တိုက် မွေးခိုင်းတယ်။ မမွေးပေးနိုင်တာရင် နောက်မိဖုရား ​ထပ်ယူကြတယ်။ အဲအလေ့အထက အခုခေတ် မှာလည်း ဆက်ရှိနေပါသေးတယ်။

မိဘတွေတွေက သားယောက်ျားလေးကို လိုချင်နေတုန်းဘဲ။ သားယောကျား မွေးပြီး ရှင်ပြုပေးနိုင်မှ သူတို့အတွက် ကုသိုလ်ထူးတွေရနိုင်မှာလို့ ယုံကြည်တဲ့ အတွက် ရှင်ပြုပေးချင်တာ သူတို့ရဲ့အိမ်မက် တခုလိုပါဘဲ။ မိန်းကလေးတစ်ယောက် အနေနဲ့က လူဖြစ်လာပြီ ဆိုကတည်းက အပြစ်သားတစ်ယောက်လို ရှင်သန်နေထိုင်ခဲ့ရတယ်။ တကယ်တော့ မိန်းကလေးတွေ ရှိမှပဲ လူသားမျိုးနွယ် ဆက်လက်ဖြစ်တည်နေကြတယ်မလား။

မေး။
    ။ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဘယ်အရာတွေက ဖြစ်နေစေတာလဲ။

ဖြေ။    ။ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေတဲ့ဖိနှိပ်မှုတွေ့ကတော့ အိမ်ထောင်ရေးတွေမှာ၊ လုပ်ငန်းခွင်တွေမှာ၊ relationshipတွေမှာ အများဆုံးတွေ့ရပါတယ်။ ဥပမာတခုစီ ပြောရရင် အိမ်ထောင်ရေးမှာ ငွေရေး ကြေးရေးကျပ်တည်းလာချိန်ဆို အရမ်းသိသာပါတယ်။ “နင်တို့မိန်းမတွေက အိမ်မှာသာသာ ယာယာနဲ့ ငါရှာထားတာတွေ ထိုင်ဖြုန်းနေတယ်” စကားအစချီကာ နှိမ်ပြီး ပြောဆိုတာတွေ၊ လုပ်ငန်းခွင်မှာဆို အမျိုးသားတွေကိုသာ ရာထူးအကြီး ပိုတိုးပေးတာတွေ၊ relationship တွဲတာကြာပြီး ပြတ်ပြီဆို မိန်းကလေးတွေကိုဘဲ အထင်သေးကြပါတယ်။

မေး။    ။ Feminism နဲ့ပတ်သက်ပြီးဘယ်လိုနားလည်ထားပါသလဲ။ ဘယ်အချိန်မှာ Feminism ကို စပြီး သိခဲ့ပါသလဲ။
ဖြေ။    ။ Feminism က အမျိုးသမီးတွေ ဖိနှိပ်ခံရတာတွေကို လျော့ချဖို့အတွက် ပေါ်ပေါက်လာတယ် လို့ ထင်မိပါတယ်။ သိတာတော့ မကြာသေးပါဘူး။

မေး။    ။ အမျိုးသမီးနဲ့ Feminism ဆိုတဲ့ ဘယ်လို ဆက်စပ်မှုရှိလဲ။

ဖြေ။    ။ တိုက်ရိုက်ကြီး အချိုးကျတာမဟုတ်ပေမဲ့ သွယ်ဝှိုက်တဲ့နည်းနဲ့ ဆက်စပ်နေတယ်လို့ မြင်မိပါ တယ်။

မေး၊     ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ထူးထူးခြားခြား ကြုံတွေ့ခဲ့ရဖူးသလား။ ထုတ်နုတ်ပြပေးနိုင်မဲ့ ဥပမာတွေကို ပြောပြပေးပါအုံး။ ဘယ်လို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲ။

ဖြေ။    ။ စိန်ခေါ်မှုအနေနဲ့ကတော့ ခုလက်ရှိထိ ကြုံတွေ့နေရတုန်းပါဘဲ။ ဥပမာအနေနဲ့တော့ ခေတ်ကာလ မကောင်းတဲ့အချိန်မှာ အမေပြောတဲ့စကားလေးက ယောကျားလေးမွေးလာခဲ့ရင် ကောင်းသား။ ခုချိန်ဆို သင်္ဘောတက်ဖို့ လုပ်ပေးလိုက်ရင် ပြီးပြီ။ မိန်းကလေးမွေးလာတော့ ဘာဆက်လုပ်ရမှန်းမသိ ခုထိလည်း ဘာမှမဖြစ်မလာသေးဘူးဆိုပြီး မိဘတွေက ပြောကြတယ်။ ညီမအနေနဲ့လည်း လမ်းပျောက်နေတာ အမှန်ပါဘဲ။  အခုတော့ လျှောက်ချင်တဲ့လမ်းတော့ ရှာတွေ့ပြီ။ အောင်မြင်ဖို့အတွက် ဆက်ကြိုးစားနေပါတယ်။

မေး။
    ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ဘယ်ကြောင့် အရေးကြီးပါသလဲ။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိတယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ အမျိုးသမီးတွေပဲ အခက်အခဲ ခံစားနေရတယ်လို့ တဖက်သတ်မမြင်စေချင်ဘူးပေါ့နော်။ ညီမက အမြဲမျှမျှတတ တွေ့ပေးတဲ့သူထဲ ပါလို့လား မသိဘူး။ အမျိုးသားတွေကို တခါတလေကျ သနားမိတယ်။ သူတို့မှာ ဝနိထုပ်ဝန်ပိုးကြီးတွေ ထမ်းနေရတာ။ အိမ်ထောင်တစ်ခုမှာ ယောကျား ကောင်းစိတ်ရှိတဲ့၊ ဖခင်ကောင်းတစ်ယောက်စိတ်ရှိတဲ့သူက သူအရမ်းပင်ပန်းနေလည််း သူပြိုလဲချင်နေလည်း သူ့နောက်မှာ မှီခိုနေရတဲ့ အမျိုးသမီး၊ သူ့သားသမီးတွေ ရှိနေတဲ့စိတ်နဲ့ ရပ်တည်နေရတဲ့ သူတွေ ရှိပါတယ်။

နိုင်ငံနဲ့ချီပြီးပြောရရင် ယောက်ျားအများစုက ငါတို့တွေလုပ်မှဖြစ်မှာ မိန်းကလေးတွေဆို မလုပ်နိုင်ဘူး။ ငါတို့ကိုယ်တိုင်လုပ်မှ အောင်မြင်မှာ ဆိုပြီး အဲလိုစိတ်က ဝင်နေတယ်။ အမျိုးသမီးတွေမှာလည်း အမျိုးသားတွေ မတွေ့မိလိုက်တဲ့၊ မတွေးနိုင်တဲ့ အတွေးအခေါ် အသစ်တွေ အများကြီး ရှိပါတယ်။ အဲအတွက် အမျိုးသမီးတွေကို နေရာပေးဖို့ အမျိုးသမီးတွေ ကလည်း လုပ်နိုင်ကြောင်းပြဖို့ လိုပါတယ်။

မေး။
    ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေမပြုတဲ့ ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှု ကင်းတဲ့ တန်းတူမျှတတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ဘယ်လို တည်ဆောက်သင့်တယ်လို့ အကြံပြုချင် ပါသလဲ။

ဖြေ။    ။ တချို့မိန်းကလေးတွေက ဖိနှိပ်ခံနေရလည်း ကိုယ်ခံနေရမှန်း မသိခဲ့ဘူးပေါ့နော်။ နေသားကျ နေပြီဖြစ်တဲ့ မိန်းကလေးတွေကိုရော အသိပညာပေးများများလုပ်သင့်ပါတယ်။ ဖိနှိပ်တဲ့သူတွေကိုပါ ဖိနှိပ်မှုတွေ မလုပ်သင့်ကြောင်း သေချာနားလည်အောင် ပညာပေးသင်တန်းဖြစ်ဖြစ် များများလုပ်သင့် ပါတယ်။ ပြီးတော့ မိန်းမ၊ ယောက်ျားမှ မဟုတ်ဘူး။ လိင်စိတ်ဘယ်လိုခံယူထားတဲ့သူ ဖြစ်ဖြစ် အကုန်လုံးက လူသားတွေပါပဲ။ လူဖြစ်လာတာနဲ့အမျှ သူတို့ရဲ့အခွင့်အရေးတွေ အပြည့်အဝရသင့်ပြီး တစ်ယောက်အပေါ် တစ်ယောက် လေးလေးစားစားဆက်ဆံရင် အရာအားလုံး အဆင်ပြေသွား လိမ့်မယ်လို့ ထင်ပါတယ်။

 
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media