• Published on

    May 07th, 2025

    ဒေါ်နိုးနိုးထက်စံ
    လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
     

     အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


    “အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ငြင်းဆိုမှုဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မတို့ လူ့အသိုင်းအဝိုင်းက ရှာဖွေဖို့လိုတယ်။ ဒါ့အပြင်ကျွန်မတို့က အမျိုးသမီးတွေကို ဖြေးဖြေးချင်း နိုင်ငံရေးထဲပါလာအောင် စည်းရုံးဖို့တာဝန်ရှိတယ်။ အဲ့ဒီလိုစည်းရုံးရေး မလုပ်မချင်း အမျိုးသမီးတွေပါဝင်မှုက အကန့်အသတ်ကြီးနေမှာဖြစ်ပါတယ်”
     

    ၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

    မြန်မာနိုင်ငံမှာ စစ်အုပ်စု အာဏာသိမ်းခြင်းဟာ ဒီမိုကရေစီကို နောက်ပြန်ဆုတ်စေတဲ့အကြောင်းအရင်း ဖြစ်တယ်။ ဒီမိုကရေစီဖြစ်ထွန်းဖို့အတွက် အလားအလာရှိတဲ့အခင်းအကျင်းတွေ ဖန်တီးနေချိန်မှာ ဒီလို စစ်အာဏာသိမ်းမှုဟာ မတရားမှုဖြစ်တယ်ဆိုတာ လူထုတော်တော်များများက ပါဝင်ပြီးတော့ ကန့်ကွတ်တဲ့ အနေနဲ့ လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာပါတယ်။ ဒီမိုကရေစီနည်းလမ်းအရ ထုတ်ဖော်ချက်တွေကို ရပ်တန့်သွား အောင် လုပ်ခဲ့တာ စစ်အုပ်စုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို စတင်ပစ်သတ်ခဲ့တာ၊ မတရား ဖမ်းဆီး ထောင်ချခဲ့တာ၊ အကြမ်းဖက်ရိုက်နှက်ခဲ့တာ စစ်အုပ်စုဖြစ်တယ်။

    ဒါကြောင့် ဒီမိုက‌ရေစီအရေးအတွက် ပြန်လည် ခုခံတွန်းလှန်မှရမယ်ဆိုပြီး လူငယ်တွေ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲဖို့အတွက် တွန်းပို့ခံလိုက်ရတယ်။ ဒါကြောင့် အခုလူငယ်တွေမှာ နိုင်ငံရေးအရ စကားပြောရုံ သက်သက်နဲ့မရတော့ဘူး။  လက်နက်ကိုင်ပြီးတော့ ဖိအားပေးရမယ်ဆိုတဲ့အယူအဆ ပိုပြီးတော့ ပြင်းထန်လာ တယ်။ ဘာကြောင့်ပြင်းထန်လာလဲဆို စစ်အုပ်စုက တဖြေးဖြေးနဲ့ လူထုကို ရန်သူသဖွယ် စစ်မဲ့ဧရိယာတွေမှာ ဗုံးကြဲတာ၊ အိမ်တွေကိုမီးရှို့တာ၊ လူတွေကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာတွေကြောင့် လက်နက်ကိုင် တော်လှန်ရေးက  အရှေ့ကိုတိုးလာတယ်။

    လက်နက်ကိုင်တော်လှန်ရေးကို  မူရင်းရှိထားတဲ့ EROs တွေနဲ့ စုစည်းပြီးတော့မှ ဝိုင်းဝန်းတွန်းလှန်၊ တော်လှန်ကြတာဖြစ်တယ်။ EROs တွေလည်း မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ လက်နက်ကိုင်အင်အားစုဖြစ်တယ်။ မြန်မာနိုင်ငံမှာ စစ်အုပ်စုရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီမရှိသ၍ ဘာကိစ္စမှဖြေရှင်းလို့မရဘူးဆိုတာကို လူထုက သဘောပေါက်လာတယ်။ အဲ့လိုသဘောပေါက်တဲ့အတွက် ဒီနေ့ဒီအချိန်ထိလည်း တော်လှန်နေကြတာ ဖြစ်ပါတယ်။
     

    ၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

    နိုင်ငံတစ်ခုကိုတည်ဆောက်တော့မယ်ဆို ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲဆိုတာ အရေးကြီးပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ပြောရင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့ တည်ဆောက်မှာလား။ ဒါဆို ပြည်နယ်နဲ့ ပြည်ထောင်စုကြား အခွန်ကောက်ခံမှု ပုံစံနဲ့ ငွေကြေးခွဲဝေသုံးစွဲမှုကို ဘယ်လို အာမခံချက်ထားကြမလဲ၊ ဘယ်လိုစီမံကြမလဲဆိုတာ အရေးကြီးပါတယ်။အရေးအကြီးဆုံးကတော့ လူသား အချင်းချင်း လူသားကဲ့သို့ဆက်ဆံခြင်းဟာ အခြေခံမူ ဖြစ်ဖို့လိုပါတယ်။

    ကျွန်မတို့တိုင်းပြည်ဟာ လူမှုရေး ဆိုင်ရာပြောင်းလဲမှု လုပ်ဖို့မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှသာ လူသားဖြစ်တည်မှုကို မိန်းကလေးဖြစ်လို့ ယောကျာ်းလေးဖြစ်လို့ ဆိုတာမဟုတ်ပဲနဲ့ လူသားဖြစ်တယ်ဆိုတဲ့ အခြေပြု ဆက်ဆံခြင်းက အလွန်အရေးကြီး တာ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံ ဖြစ်ရမယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစိုးရ ဖြစ်ရမယ်။   ဒီလိုစနစ်မျိုး တွေနဲ့ တည်ဆောက်ဖို့ နွေဦးတော်လှန်ရေးက တောင်းဆိုနေတာလို့လဲနားလည်သဘောပေါက်ထားပါတယ်။ 
     

    ၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

    စုံလင်ကွဲပြားမှုကြောင့် ရှုတောင့်စုံစုံလင်လင်နဲ့ လုပ်တက်ကိုင်တက်တဲ့အလေ့အကျင့်တွေ ပိုပြီးတော့ တိုးတက် ဖွံ့ဖြိုးလာတဲ့ဟာက အားကောင်းချက်ဖြစ်ပါတယ်။ စုံလင်ကွဲပြားမှုကို အသိအမှတ် မပြုရင်တော့ အားနည်းချက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် စုံလင်ကွဲပြားမှုကို တန်ဖိုးထားပြီးတော့ အားအင်းတစ်ရပ်အနေနဲ့ အရှေ့ကို တိုးဖို့လိုတယ်။ အထူးသဖြင့် စုံလင်ကွဲပြားမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေ ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်ရဲ့ အင်အားဖြစ်တယ်လို့ တိတိကျကျ ယုံကြည်ဖို့လိုတယ်။

    ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ကြည့်မယ်ဆို အမျိုးသမီးတွေအင်အားက အများကြီးမြင်ရတယ်။ အထူးသဖြင့် ထဘီအလံထူပြီး တော်လှန်ရေးလုပ်တဲ့ အမျိုးသမီးတွေရဲ့အင်အားကို ကြည့်မယ်ဆိုရင်တောင် ဒီအင်အားအားဖြင့် ဘယ်လောက်ပါဝင်မှု အားကောင်း ခဲ့သလလဲ၊ ထိရောက်ခဲ့သလဲဆိုတာကို သက်သေပြလို့ ရသွားတယ်။

    ထိုနည်းလည်းကောင်း ဟိုးဝေးလှတဲ့ နောက်ခံကို ပြန်ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးပညာတက်လူငယ်တွေ ကိုယ်တိုင်က ၁၃၀၀ ပြည့် အရေးတော်ပုံမှာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှု အမျိုးသမီးတွေရဲ့ပါဝင်မှုက အားကောင်းကောင်းနဲ့ ပါဝင်ခဲ့တာ ဖြစ်တယ်။ အမျိုးသမီးတွေအနေနဲ့ စာပေအားဖြင့်သော်လည်းကောင်း၊ ယဥ်ကျေးမှုအားဖြင့်သော်လည်းကောင်း မီဒီယာအားဖြင့်သော်လည်းကောင်း ပါဝင်ပြီး အပြောင်းအလဲ လုပ်နိုင်တဲ့အခြေအနေ တည်ရှိခဲ့တယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း ထိုနည်းလည်းကောင်း မြင်ရပါတယ်။
     

    ၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

    နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးတွေ တကယ်ပါဝင်မှုက အများကြီးဖြစ်လာသလို တဖက်မှာလည်း တော်လှန်ရေးဆိုတဲ့သဘောအရ တချို့ကိစ္စတွေကြတော့ လျှို့ဝှက်ထားရတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒါပေမယ့် မြင်သာထင်သာရှိတဲ့ဥပမာအနေနဲ့ NUG မှာ ကြည့်ရင် နိုင်ငံခြားရေးရာဝန်ကြီးက အမျိုးသမီး ဖြစ်တယ်။ ထိုနည်းလည်းကောင်း အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနမှာဝန်ကြီးရော ဒုဝန်ကြီးရော အမျိုးသမီးတွေ ဖြစ်တယ်။

    ဒီနေရာမှာ ထောက်ပြချင်တာလေးတစ်ခုကို ပြောပြချင်တာက အမျိုးသမီးဖြစ်တော့ အမျိုးသမီးတွေ၊ ကလေးတွေရဲ့တာဝန်ကို ယူရမယ်ဆိုတာ ဝန်ကြီးဌာနတွေမှာပါ အစွဲရှိနေသေးပုံရတယ်။ တကယ်ဆို အဲ့လို အမျိုးသမီးနဲ့လူငယ်ဝန်ကြီးဌာနတွေမှာ အမျိုးသားဒုဝန်ကြီးဖြစ်နေတာ ပိုပြီးကောင်းမယ်လို့ ယူဆပါတယ်။ ဒါဆိုရင် Gender ညီမျှမှုကို ပိုဖော်ဆောင်နိုင်တာပေါ့။

    နောက်တစ်ခုက NUCC မှာ မူဝါဒရေးဆွဲရေးကိစ္စမှာ ပါဝင်နေတဲ့အမျိုးသမီးတွေကို ကြည့်မယ်ဆိုလည်း ပါဝင်နေတဲ့ နောက်ခံအသီးသီးက အတက်နိုင်ဆုံး အမျိုးသမီးကိုယ်စားလှယ်တွေကို နေရာပေးနေတာကို တွေ့ရပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုကိုကိစ္စကို လှုပ်ရှားနေတဲ့သူတွေထဲမှာ အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံလည်း ရှိတယ်။ အဲ့ဒီအဖွဲ့ချုပ်ထဲမှာ အဖွဲ့ဝင်အဖွဲ့အစည်း စုစုပေါင်းပေါင်း ၁၂ ဖွဲ့ ရှိတယ်။ ဒီလိုစုစည်းနိုင်တဲ့အတွက် နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေကို ဖယ်ထားလို့ မရတော့ဘူး။

    ကျွန်မတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာဆိုရင် အနည်းဆုံးအမျိုးသမီးသုံးဆယ်ရာခိုင်နှုန်း ပါရမယ့် ပေါ်လစီရှိသလို တပြိုင်နက်ထဲမှာ အမျိုးသမီးတွေပါဝင်ဖို့အတွက် ကမ်းလှမ်းတာစည်းရုံးရေးလုပ်တာ ကြိုးစားပြီး လုပ်ကြတယ်။ ဒါပေမယ့်လည်း ဒီပေါ်လစီမပြည့်မြောက်သေးတာ တွေ့ရပါတယ်။

    အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အရေးကြီးတယ်၊ ပေးရမယ်ဆိုတာ သိပေမယ့် အခုချိန်ထိ အမျိုးသမီးတွေရဲ့ပါဝင်မှု အားနည်း နေသေးတယ်ဆိုတာကို တွေ့နေရတုန်းပဲ။ တော်လှန်ရေးတစ်ခုလုံးနဲ့ပြောကြမယ်ဆို ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေပါနေသော်လည်း လက်တွေ့လုပ်ငန်းတွေမှာ ဖြစ်ဖြစ်မြောက်မြောက် ပါဝင်ခွင့် ရှိနေသလားဆိုတာတော့ အခုချိန်ထိမေးခွန်းရှိနေသေးတယ်လို့ ကျွန်မမြင်ရတယ်။
     

    ၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

    ခပ်တိုတိုထောက်ပြရမယ်ဆိုရင် ပထမဆုံးတစ်ခုကတော့ လက်နက်ကိုင်အင်အားစုထဲမှာဆိုရင်အများအားဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေက ခွန်အားနည်းတယ်လို့  ယုံကြည်ကြတယ်။ အဲ့ယုံကြည်မှုက မဟုတ်ပါ ဘူးလို့ ငြင်းလို့မရဘူး။ ဒုတိယတစ်ခုကကျတော့ အမျိုးသမီးဆိုတော့ တချို့အမျိုးသားတွေပဲဖြစ်ဖြစ် အမျိုးသမီးအချင်းချင်းပဲဖြစ်ဖြစ် ညှာတာတယ်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ တခုခုလုပ်လိုက်ရင် အမျိုးသားတွေ ဦးဆောင်ပြီးတော့ လုပ်ကြတယ်။

    ဒါပေမဲ့ အမျိုးသမီးတွေက ကိုယ့်ရဲ့ပါဝင်မှုကို ကိုယ်ကိုတိုင်ဆုံးဖြတ်ဖို့လိုပါတယ်။ အမျိုးသမီးအများစုက တယောက်ယောက်ရဲ့ဆုံးဖြတ်ချက်ကို သူစေတနာနဲ့လုပ်တာပဲဆိုတဲ့ ဒီစဉ်းစား ချက်ရှိကြတယ်။ နိုင်ငံရေးမှာ ကိုယ်ကိုတိုင်လုပ်မှ ကိုယ်ကိုတိုင် ဆုံးဖြတ်လို့ရတာ သူများရဲ့စဉ်းစားချက်တွေနဲ့ ကိုယ်ကဆုံးဖြတ်ချက်ထဲ ပါလို့မရဘူး။ ရနေရင်လည်း ထိုင်နေတာပဲဖြစ်မှာ။ အဲ့ဟာကလည်း အဟန့်အတား တစ်ခု ဖြစ်ပါတယ်။

    နောက်တခုက ကျွန်မတို့အမြဲတမ်းပြောနေတဲ့  Gender Box ထဲက မထွက်သေးတဲ့ အကြောင်းအရာတွေ ရှိနေသေးတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း တခါတလေကျရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနေသေးတာတွေ့ရတယ်။ တကယ်တော့ အမျိုးသမီးတွေက တကယ်ဆုံးဖြတ်ချက် ချရတော့မယ်ဆိုရင် ဘယ်လောက်ပင်ပန်းပါစေ သူတို့မှာ ဆုံးဖြတ်နိုင်တဲ့စွမ်းရည်ရှိတယ်။

    ဒါပေမယ့် အားနည်းချက်က ဘာလဲဆို ခေါင်းဆောင်အနေနဲ့ ဦး‌ဆောင်ရတာ့မယ်၊ စပြီး ဦးဆောင်မှုကိုယူရတော့မယ်ဆိုရင် အမျိုးသမီးတွေဟာ တခြားလူတွေကို ဦးစားပေးတက်တဲ့ အလေ့အကျင့်ရှိတယ်။ ဒါ့အပြင် ဥပဒေအရကလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အဟန့်အတားဖြစ်စေတဲ့ကိစ္စရပ်တွေ ရှိတယ်။

    ဥပမာဆိုပါစို့ ပေါ်လစီအရ အမျိုးသမီးတွေအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါရမယ်ဆိုရင် လက်တွေ့ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းလိုအပ်တယ်။ ပတ်ဝန်းကျင်အဝန်းအဝိုင်းအမြင်တွေကို ပြန်ပြီးပြင်ဆင်ရမဲ့အပိုင်းတွေရှိတယ်။  လုပ်ပုံကိုင်ပုံပြောင်းလဲရမှာ ရှိတယ်။ ကိုယ်နဲ့နီးစပ်တဲ့ အမျိုးသမီးတွေခေါ်လာတာ ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်မှာ တစ်စုံတစ်ရာနာမည် ရှိတဲ့သူတွေကို ခေါ်လာလို့ရတာမျိုးနဲ့ အလွယ်တကူ ပုံဖော်ရတာ မဟုတ်ဘူး။

    နိုင်ငံရေးနယ်ပယ်ဆိုတာက နိုင်ငံရေးအရ တကယ်စိတ်ဝင်တစားနဲ့ လူထုအကျိုးပြုချင်တဲ့သူတွေ တိုင်းပြည်ကို ပြုပြင်မွမ်းမံချင်တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးတွေကိုပဲ ခေါ်လာလို့ရမယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ငြင်းဆိုမှုဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မတို့ လူ့အသိုင်းအဝိုင်းက ရှာဖွေဖို့လိုတယ်။

    ဒါ့အပြင်ကျွန်မတို့က အမျိုးသမီးတွေကို ဖြေးဖြေးချင်း နိုင်ငံရေးထဲပါလာအောင် စည်းရုံးဖို့တာဝန်ရှိတယ်။ အဲ့ဒီလိုစည်းရုံးရေး မလုပ်မချင်း အမျိုးသမီးတွေပါဝင်မှုက အကန့်အသတ်ကြီးနေမှာ ဖြစ်ပါတယ်။
     

    ၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

    ပထမဆုံးတစ်ခုကတော့ အမျိုးသမီးတွေအနေနဲ့ ပါရမီဖြည့်ဘက်ဆိုတဲ့စိတ်ကို ဖျောက်လိုက်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပါရမီဖြည့်ဘက်ဆိုတာ အပြန်အလှန်လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ နိုင်ငံရေးလုပ်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတောင်မှ အမျိုးသား တွေ အချိန်မရွေးအစည်းအဝေးတက်လို့ ရတယ်။ အချိန်မရွေး အလုပ်လုပ်လို့ ရတယ်။ အမျိုးသမီးတွေက အစည်းအဝေးတက်ဖို့တောင် တော်တော်အကန့်အသတ်ကြီးတယ်။ အိမ်မှုကိစ္စကို အမျိုးသမီးက ပိုပြီးတာဝန်ယူရတယ်ဆိုတဲ့ အခြေအနေက ဒီကနေ့ အမျိုးသမီးတွေရဲ့လက်တွေ့ဘဝဘဲ။

    နောက်ကွယ်ကနေ အမျိုးသားတွေက တစ်ချိန်လုံး အမျိုးသမီးတွေကို အိမ်မှုကိစ္စလုပ်ဖို့အတွက် တွန်းအားပေး နေတတ်တယ်။ အမျိုးသမီးတစ်ယောက် နိုင်ငံရေးလုပ်နိုင်ဖို့၊ အလုပ်တစ်ခုခုကို လုပ်နိုင်ဖို့ အခက်အခဲတွေထဲမှာ အဲ့လို အဟန့်အတားတွေကြောင့်လဲ အများကြီးပါတယ်။ အဲ့ဒါကို အမျိုးသမီးတွေကိုယ်တိုင်က ကျော်ဖြတ်ရမယ်။ ထောက်ပြဖို့လိုတယ်။

    ဘယ်အရာကိုစွန့်ပြီးတော့ ဘယ်ကိစ္စကိုလုပ်ရမလဲဆိုတာ အမျိုးသမီးတွေ ဆုံးဖြတ်နိုင်ဖို့ ပိုလိုတယ်။ နောက်ကွယ်မှာမနေပဲ ကန့်လန့်ကာရှေ့ကို ထွက်လာဖို့လိုတယ်။ ဒုတိယတချက်ကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လုပ်ရမယ့်အလုပ်တွေကို သေချာလေ့လာဖို့လိုတယ်။ အမျိုးသမီးတွေအနေနဲ့ ဘာပဲ လုပ်ချင်လုပ်ချင် လေ့လာမှုအား ဖြတ်လိုက်လို့ မရဘူး။ ဆက်..ဆက်ပြီးတော့ လေ့လာရမယ်။

    ကိုယ်ရောက် နေတဲ့နေရာက ပထမအဆင့်ဆို အဲ့ပထမအဆင့်ကနေ ဖြေးဖြေးချင်းပြန်ဆင်းဖို့အတွက် ကိုယ့်နေရာမှာ ဘယ်သူပြန်ရှိရမလဲ အမျိုးသမီးတစ်ယောက်ယောက်ကို ပြန်ထားနိုင်ဖို့အတွက် ဒါကိုလည်း လုပ်ဖို့ အ‌ရေးကြီးတယ်။ ထိုနည်း လည်းကောင်းပဲ အဖွဲ့အစည်းတိုင်းမှာရှိနေတဲ့ အမျိုးသားတွေကိုယ်တိုင်ကလည်း စည်းရုံးရေး လုပ်နေတဲ့ အမျိုးသားတွေကိုပဲ ပြန်ပြီးမြင်နေလို့မရဘူး။ အမျိုးသမီးတွေကိုလည်း စည်းရုံးဖို့လိုတယ်။

    ကျွန်မတို့မှာ ဂျဲန်ဒါပြသနာတွေကဘာရှိသလဲဆိုရင် ကျွန်မတို့နိုင်ငံမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေပဲ ဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်က အမျိုးသားတွေကို စည်းရုံးရင်လည်း အမြင်တစ်မျိုး မြင်ကြတယ်။ အမျိုးသားတွေက အမျိုးသမီးတွေကို စည်းရုံးရင်လည်း အမြင်တမျိုးမြင်ကြတော့ အမျိုးသမီး အချင်းချင်း စည်းရုံး၊ အမျိုးသားအချင်းချင်း စည်းရုံးဆိုတာဖြစ်လာတယ်။

    နိုင်ငံရေးနယ်ပယ်မှာ ပိုကျယ်ပြန့်တာ အမျိုးသား အများစုဖြစ်တယ်။ အမျိုးသားတစ်ယောက် နိုင်ငံရေးထဲကို ပါလာပြီဆိုရင် နေရာပေးဖို့ အဆင့်သင့် ဖြစ်ကြတယ်။ အမျိုးသမီးတစ်ယောက်က သိနေတတ်နေတယ် ဆိုရင်တောင် နေရာပေးဖို့ အဆင်သင့် မဖြစ်ကြဘူး။ အဲ့ဒါက နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အဓိကအကန့်အသတ် အကြီးဆုံးဖြစ်တယ်။

    နွေဦးတော်လှန်ရေးမှာတော့ ဒီလိုအကန့်အသတ်တွေကျော်လွှားဖို့ လိုတယ်။ ဒါကလည်း နွေဦးတော်လှန်ရေးရဲ့ တကယ့်တောင်းဆိုချက်တွေ ဖြစ်ပါတယ်။ အမျိုးသမီးရေးရာဝန်ကြီးဌာနကလည်း အမျိုးသမီးတွေနောက်ခံမှာ အခက်အခဲဖြစ်နေရင် သူတို့အတွက် သုတေသနစာတမ်းတွေကို ဖတ်ပေးတာတွေ။ လေ့လာစရာတွေပြောပြတာမျိုး စသည်ဖြင့် နောက်ကွယ်ကအမျိုးသမီးတွေကို ကူညီဖို့လိုတယ်။

    နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ဘဝ save ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စဉ်းစားချက်နဲ့ လုပ်ဆောင်မှုတွေလို တယ်။ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချတဲ့နေရာရောက်လာနိုင်ဖို့ကိုလည်း ယာယီအထူးလုပ်ဆောင်ချက်တွေ လုပ်ပေးဖို့လိုတယ်။

    နိုင်ငံရေးဆိုတာက အမျိုးသမီးပဲလုပ်လုပ် အမျိုးသားပဲလုပ်လုပ် နိုင်ငံရေးသိပ္ပံကို နားလည်ဖို့လိုတယ်။ ကိုယ်ဘယ်လမ်းကိုသွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်လိုနိုင်ငံရေး အတွေးအခေါ်အယူအဆရှိမျိုးကို ယုံကြည် တာလဲ၊ ဘယ်သူတွေနဲ့ လက်တွဲလုပ်မှာလဲ၊ ဘယ်လိုလုပ်မှာလဲ၊ တကယ်တကိုယ်တည်း တည်ဆောက်လို့ ရလား မရလားဘူးလား၊ အဲ့ဒီကိစ္စကတော့  အမျိုးသမီးတွေကိုမှ သင်ပေးရတာ လို့ကျွန်မမယူဆဘူး။ အမျိုးသားတွေလည်း သင်ပေးရမယ်။

    ဘာကြောင့်လဲဆို နိုင်ငံရေးယုံကြည်ချက်မဲ့ပြီး နိုင်ငံရေးလုပ်နေတာက ခိုင်မာတဲ့ နိုင်ငံရေးသမား ဖြစ်လာမှာ မဟုတ်လို့ဘဲ။ နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံရေးယုံကြည်ချက် ခိုင်မာတဲ့ သူကမှ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ စည်းရုံးရေးနဲ့ မူဝါဒခိုင်မာရေးဟာ တဆက်တစပ်တည်း ရှိတယ်ဆိုတာ နားလည်မှာ ဖြစ်တယ်၊။

    ဒါမှ နိုင်ငံရေးမျိုးဆက် မွေးထုတ်ခြင်းက မှန်ကန်မှာ ဖြစ်တယ်။ နောက်တနည်းနဲ့ ပြောရမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ချတဲ့ နေရာတိုင်းက သူတွေဟာ မှန်ကန် မျှတမှုရှိတယ်လို့ ပြောရမှာပါဘဲ။ အဲ့ဒါတွေကျော်လွှားနိုင်ရင် ကျွန်မတို့ဆီမှာ တန်းတူညီမျှမှုဆိုတာ ဖြစ်လာနိုင်ပါတယ်။
     

    ၇။အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

    အမျိုးသမီးတွေကတော့ ရှင်းရှင်းလေးပြောရရင် စစ်ပွဲကိုမလိုလားဘူး။ စစ်ပွဲကိုမလိုလားတဲ့အတွက် ငြိမ်းချမ်း ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အသိုင်းအဝိုင်းကိုပဲ တည်ဆောက်ဖို့ကြိုးစားကြမဲ့ သဘောထား ပိုရှိပါတယ်။ လက်တလောမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တိုက်ပွဲဆိုတာကလည်း လက်တလောအရ ခုခံတွန်းလှန် တော်လှန်ရတာ ဖြစ်ပါတယ်။

    အဲ့တော့ အမျိုးသမီးတွေက နိုင်ငံရေးမှာပါဝင်လာရင် သူတို့ရဲ့ စဉ်းစားချက် ကတော့ အတက်နိုင်ဆုံးနိုင်ငံကို ငြိမ်းချမ်းအောင်လုပ်မယ်။ တိုးတက်‌အောင်လုပ်မယ်။ အနာဂတ် လူငယ် မျိုးဆက်သစ် သားသမီးတွေကို မပင်ပန်း မဆင်းရဲအောင် လုပ်မယ်။ အခြေခံအားဖြင့် အမေတွေကိုပဲ စဉ်းစားလိုက်ရင် ထင်သာမြင်သာရှိပါတယ်။

    မိခင်တိုင်းက ကိုယ့်သားသမီးလုံခြုံရေးကိုစိတ်ပူပြီးတော့ ကိုယ့် သားသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်စဉ်းစားနေတဲ့သူတွေ ဖြစ်တယ်။ နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီး တွေ ပါဝင်လာရင်လည်း အဲ့စဉ်းစားချက်က အခြေခံအားဖြင့် ပိုမိုခိုင်မာလာလိမ့်မယ်လို့ ကျွန်မယူဆပါတယ်။


    ၈။ ဖြည့်စွက်ချက်။ 

    ပထမဆုံးတစ်ခုကတော့ ရှေ့ကိုထွက်ခဲ့ပါ။ နိုင်ငံရေးစိတ်ဝင်စားရင် နိုင်ငံရေးပါတီတွေထဲကို ဝင်ဖို့မကြောက် ပါနဲ့။ နိုင်ငံရေးပါတီဆိုတာက ကိုယ်သွားမယ့် နိုင်ငံရေးလောကအတွက် ခြေလှမ်းဆက်ပေးမှာ ဖြစ်ပါတယ်။ ဘယ်ပါတီကို စိတ်ဝင်စားလဲ စဉ်းစားပါ။ ပါတီတွေ အများကြီးရှိတယ်။ ပါတီထဲလည်း ဝင်ပြီဆို လှုပ်ရှားမှုကို တကယ်လုပ်တဲ့အခါမှာ စဉ်ဆက်မပြတ်လေ့လာမှုတွေ အလုပ်လုပ်သွားတယ်ဆိုရင် အမျိုးသမီးတွေ ပါဝင်မှုက တကယ်ထိရောက်တဲ့ပါဝင်မှုပုံစံ ဖြစ်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။



    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
    https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    May 07th, 2025

    Liliane
    တည်ထောင်သူ
    Politics for Women Myanmar


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


    “လူတိုင်းကို ရွေးချယ်ခွင့်ပေးပါ။ ရွေးချယ်မှု အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုကို တပါတည်း ပေးအပ်ကြပါ။ တာဝန်ယူပြီး တာဝန်ကျေပွန်မှု၊ တာဝန်ခံနိုင်မှု ရှိမှသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို စပြီးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”
     

    ၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

    ပင်လုံစာချုပ်ကိုအခြေပြုပြီး ပြည်ထောင်စုနိုင်ငံတော်တစ်ခု တည်ဆောက်ခဲ့ပေမဲ့ အမျိုးသားလူထု တန်းတူ ညီမျှရေး၊ လူတစ်ဦးချင်းရဲ့ တန်းတူရေးတွေကို မျက်ကွယ်ပြုပြီး တပြည်ထောင်စနစ်ကို အတင်းသွတ်သွင်းမှု ကြောင့် မဖြစ်ပွားအပ်တဲ့ ညီနောင်အချင်းချင်းကြား သွေးချောင်းစီးပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာခဲ့ရပါတယ်။

    ထိုသွေးချောင်းစီးပြည်တွင်းစစ်ကြီးကို ငြိမ်းသတ်နိုင်ဖို့ လက်ရှိအချိန်အထိ နည်းမှန်းလမ်းမှန်ရောက်အောင် စိတ်ဆန္ဒအားဖြင့်သော်လည်းကောင်း၊ နိုင်ငံရေးအားဖြင့်သော်လည်းကောင်း အဖက်ဖက်က နိုင်ငံရေးကို ဦးဆောင်တာဝန်ယူနေကြတဲ့ ခေါင်းဆောင်တွေရဲ့ လုံလောက်အောင် မကြိုးစားနိုင်ခဲ့တဲ့အတွက် တိုင်းပြည်ကြီး ရွှေပုံပေါ်ထိုင်ပြီး ပြည်သူတွေ ဆင်းရဲတွင်း နက်နေကြရတာဖြစ်ပါတယ်။

    လက်ရှိနွေဦးတော်လှန်ရေးဟာ ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ပြည်သူတွေနဲ့ ပြည်တွင်းစစ်ကြီးကို ပုံစံမျိုးစုံနဲ့ မျက်ကွက်ပြုထားသူတွေအကြား အတိုင်းအတာတစ်ခုအထိ အချင်းချင်းကြား ပေါင်းစီးပြီး စစ်အာဏာရှင်ကို တွန်းလှန်တဲ့ စနစ်ပြောင်း တော်လှန်ရေးတစ်ရပ် ဖြစ်ပါတယ်။သို့ပေမဲ့ တချိန်တည်းမှာ နွေဦးတော်လှန်ရေးဟာ ပြည်တွင်းစစ်အားလုံးရဲ့ အဆုံးသတ်ဖြစ်ဖို့လိုသလို၊ ပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက် ခရီးစဖြစ်ဖို့ လိုပါတယ်။

    ဒါ့ကြောင့် လူတမျိုးကောင်းစားရေး၊ လူတစ်စုကောင်းစားရေး၊ လူတစ်ယောက်ကောင်းစားရေး ဖြစ်မဲ့လမ်းကို ရှောင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် မငြိမ်းနိုင်သ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်အုတ်မြစ်ချနိုင်ဖို့၊ ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်တစ်ခု တည်ဆောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ အတွက် ပြည်တွင်းစစ်ဖြစ်စေတဲ့ အကြောင်းအရင်းကို သေချာဖြေရှင်းဖို့ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးမှာ စိတ်ဆန္ဒရှိဖို့ လိုပါတယ်။ ချည်းကပ်တဲ့လမ်းကြောင်းနဲ့ အားစိုက်ထုတ်မှုလည်း အပြည့်အဝရှိဖို့ လိုပါတယ်။
     

    ၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

    တော်လှန်ရေးတစ်ရပ်အောင်မြင်ခြင်းဟာ ရန်သူပျက်စီးခြင်းထက် မိမိလိုလားတဲ့နိုင်ငံတော်စနစ်သစ်ကို အောင် မြင်အောင် အုတ်မြစ်ချတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ရန်သူကိုဝိုင်းပြီး ဖြိုချနိုင်ပြီးတော့ လိုလားတဲ့ နိုင်ငံတော်ကို မတည်ဆောက်နိုင်ဘူးဆိုရင်လည်း တော်လှန်ရေး ကျဆုံးခြင်း ဖြစ်ပါတယ်။ အဲလိုမျိုး အာဏာရှင် စနစ်ကို ဖြိုချပြီး စနစ်သစ်ကို မတည်ဆောက်နိုင်တဲ့၊ တနည်း တော်လှန်ရေး လမ်းခုလတ်မှာ ကျဆုံးကျန်ခဲ့တဲ့ နိုင်ငံတော်အများကြီး ရှိပါတယ်။

    ဥပမာအားဖြင့် - ရုရှားတော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေး၊ အာရပ်တော်လှန်ရေး၊ စသည်။ ဒါကြောင့် တော်လှန်ရေးတစ်ရပ်အောင်မြင်ဖို့အတွက် အသစ်တည်ဆောက်မဲ့ နိုင်ငံရေး စနစ်နဲ့ နိုင်ငံရေးအတွေးအခေါ်တွေကိုအတွက် ကိုက်ညီမဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ လူမှုရေးယဉ်ကျေးမှုကို လက်ရှိအချိန်ကတည်းက ပြုပြင်ဖို့လိုပါတယ်။

    ကျွန်မတို့ သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် လူ အချင်းချင်းတန်းတူညီမှုနဲ့ လူမျိုးအချင်းချင်းကြား၊ နယ်မြေအချင်းချင်းကြား ခွဲခြားမှုမရှိအောင် တစ်ဦးတစ် ယောက်၊ တစ်စုတစ်ဖွဲ့နဲ့ လူ့အဖွဲ့စည်းတစ်ခုလုံးကြားမှာ ရှိနေတဲ့ အာဏာရှင်ယဉ်ကျေးမှုတွေကို ပယ်သတ်ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို တည်ဆောက်ဖို့ လိုပါတယ်။အာဏာရှင်ယဉ်ကျေးမှု ရှိတဲ့နေရာမှာ ဒီမိုကရေစီစနစ် ကိုတည်ဆောက်မယ်ဆိုရင် သိပ်မကြာခင်မှာ ဒီမိုကရေစီစနစ်ဟာ အာဏာရှင်စနစ်ကို တဖြည်းဖြည်းနဲ့ အရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။

    လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အာဏာရှင်ယဉ်ကျေးမှု စိတ်အခံနဲ့ ဒီမိုကရေစီကို သွားတဲ့အခါမှာ ပုံစံမျိုးစုံနဲ့ အာဏာရှင်တွေ ထွက်ပေါ်လာနေတာ၊ ထွက်ပေါ်လာမဲ့အလားအလာ တွေကို မြင်တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဒီမိုကရေစီယဉ်ကျေးမှုကို စတင်ကျင့်သုံးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
     

    ၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

    စုံလင်ကွဲပြားမှုဟာ လူသားဖြစ်တည်မှုရဲ့ အခြေခံအကျဆုံးလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ဖယ်ထုတ်ခံလိုက်ရတဲ့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ သေးလျှီပိန်ရှုံ့သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့လူ့အဖွဲ့အစည်းဟာ လွတ်လပ်စွာ‌ ရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်တာကြောင့် လူသားအရင်းအမြစ်တော်တော်များများ အကြောင်းမဲ့ ဆုံးရှုံးခဲ့ကြရတာဖြစ်ပါတယ်။

    ထင်သာ မြင်သာရှိတဲ့ဥပမာအနေနဲ့ ကျောင်းဆရာမဖြစ်ချင်တဲ့သူတစ်ယောက်ကို ဆေးကျောင်း တက်ခိုင်းလိုက်တာကြောင့် အလွန်တော်တဲ့ကျောင်းဆရာမတစ်ယောက်ကို ဆုံးရှုံးလိုက်ရသလို၊ အလွန်တော်တဲ့ဆရာဝန် တစ်ဦးကိုလည်း ဆုံးရှုံးလိုက်ရပါတယ်။တချိန်တည်းမှာ ကာယကံရှင် ထိုလူကလည်း သူ့ရဲ့ လူသားဆန်မှု၊ လူသားတန်ဖိုးကို သူကိုယ်တိုင် မမြင်နိုင်တော့ဘဲ ဆုံးရှုံးရပါတယ်။

    အဆိုးဘက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက် စီးလိုက်ကြတဲ့သူတွေ မနည်းပါဘူး။ မြန်မာ့ပညာရေးမှာ တက္ကသိုလ်တက်ပြီး ထိုဘာသာရပ်နဲ့ အသက်မွေး ဝမ်းကျောင်းမပြုသူတွေ အလွန်များပါတယ်။ ဒါဟာ လွတ်လပ်စွာရွေးချယ်ခွင့်ကို ကန့်သတ်မှု၊ စုံလင်ကွဲပြားမှု ကို အလေးမထားခြင်းရဲ့ ပြယုဂ်ဖြစ်ပါတယ်။

    ထို့နည်းတူ အမျိုးသမီးတွေအနေနဲ့ လူသားတယောက်မှာရှိတဲ့ လွတ်လပ်စွာရွေးချယ်ခွင့်၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်အတွက် ဘာကြောင့် ကန့်သတ်ထားဖို့ လိုအပ်ပါသလဲ။ အမျိုးသမီးတွေဟာ စနစ်တစ်ခုရဲ့ အခြေခံအကျဆုံး လူသားတွေ ဖြစ်သလို၊ လူ့အရင်းအမြစ်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အဆုံးအဖြတ်‌ပေးမဲ့ လူတွေ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ လိုအပ်ချက်နဲ့၊ လိုချင်တဲ့စိတ်ဆန္ဒ၊ အပြောင်းအလဲကို အမျိုးသားတစ်ယောက် မသိနိုင်ပါဘူး။

    အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို မသိတဲ့ အမျိုးသားတွေက နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုကို အလေးမထားဘဲ လျစ်လျူရှုကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တွေမှာ အုပ်စိုးထားတာဟာ အမျိုးသမီးတွေအပေါ် အမျိုးသားတွေက အခွင့်အရေးချိုးဖောက်တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဖျက်စီးနေတာဖြစ်ပါတယ်။ အခွင့်အရေးချိုးဖောက်နေတဲ့သူတွေ အုပ်ချုပ်မဲ့တိုင်းပြည်ဟာ ဘယ်တော့မှာ မအေးချမ်းနိုင်ပါဘူး။
     

    ၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

    လက်ရှိတော်လှန်ရေးရဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်က နာမည်ခံသက်သက်သာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံရေးအပြောင်းအလဲအတွက် စတီယာတိုင်ကိုင်ထားသူတွေဟာ အမျိုးသားတွေကို ဖြစ်နေပါတယ်။ အမျိုးသမီးတွေရဲ့ တောင်းဆိုသံတွေဟာ လက်ရှိအချိန်အထိ နိုင်ငံရေး အဝန်းအဝိုင်းထဲ ရောက်ဖို့ ဝေးနေဆဲဖြစ်ပါတယ်။

    အမျိုးသမီးခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်က နိုင်ငံ့ အရေးကို တိုးတက်အောင်လုပ်ဆောင်ဖို့အပြင် အမျိုုးသမီးအားလုံးရဲ့ လိုလားချက်ကိုလည်း ထုတ်ဖော်ပြောနိုင်ဖို့ လိုပါတယ်။ ကိုယ်ရှိနေတဲ့နေရာမှာ အမျိုးသမီးတွေအလုံအလောက်မရှိနေသေးဘူးဆိုရင် အမျိုးသားတွေ အဝန်းအဝိုင်းဘဲ ဆက်ဖြစ်နေသေးတယ်ဆိုရင် အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ဒီကိစ္စမှာ မိမိတို့ အားစိုက် လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။

    အမျိုးသားအဝန်းအဝိုင်းမှာ အမျိုးသမီးအချို့ ခေါင်းဆောင်ဖြစ်ခွင့်ရှိနေတယ်ဆိုရင် အဲအမျိုသမီးက ဘယ်လောက်ဘဲတော်တော်၊ အမျိုးသမီးတွေအတွက် အပြောင်းအလဲကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အမျိုးသမီးခေါင်းဆောင်ဦးရေ တိုးလာရုံနဲ့ မကျေနပ်ဘဲ နိုင်ငံရေးထဲမှာ အပြောင်းအလဲလုပ်နိုင်မဲ့ အမျိုးသမီးထု အလုံအလောက် ပါဝင်နေဖို့ အရေးတကြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
     

    ၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

    အမျိုးသမီးတွေဟာ လူသားဖြစ်စကတည်းက အမျိုးသမီးတွေကို ဖိနှိပ်နှိပ်ကွပ်ချုပ်ချယ်ခဲ့တဲ့ သမိုင်းကြောင်း တွေကို မေ့လိုက်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် အမျိုးသမီးတွေကို ဖိနှိပ်မှု လျော့ပေါ့ခဲ့တာ နှစ်ပေါင်း (၅၀) တောင် မပြည့်သေးဘူးလို့ ဆိုလို့ရပါတယ်။ အဲဒီ နှစ်ပေါင်း (၅၀) မှာလည်း အမျိုးသမီးတွေအပေါ် ဖိနှိပ်ခံရမှုအတွက် အမျိုးသားအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ပေးခဲ့ခြင်းလည်းမရှိသလို၊ လက်ဆွဲခေါ်ခဲ့ခြင်းလည်း မရှိပါဘူး။

    ဖိနှိပ်သူက ဖိနှိပ်ခံခဲ့ရတဲ့အမျိုးသမီးတွေ အပေါ် အလုပ်မနိုင်ကောင်းလား၊ မသိရကောင်းလား၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရကောင်းလားဆိုပြီး အပြစ်တင်သံနဲ့ နိုင်လိုမင်းထက် ပြုမှုတွေကိုသာ မြင်နေရတုန်း ဖြစ်ပါတယ်။

    ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို မသိကျိုးကျွံပြုပြီး လက်ရှိအချိန်အထိ နေရာမဖယ်ပေးသေးဘဲနဲ့ ဆက်ထိုင်နေတာ၊ ဆက်ထိုင်နေတာကို မထောက်ပြကြတာဟာ လူ့အဖွဲ့အစည်းရဲ့ ရှက်ဖွယ်ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အမျိုးသမီးရော၊ အမျိုးသားရော မလေးစားခြင်းဟာ လူ့အသိုင်းအဝိုင်းရဲ့ တဖက်သတ်အတ္တကြီးမှုနဲ့ အာဏာရှင်ဆန်မှုဖြစ်ပါတယ်။
     

    ၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

    ပထမဆုံးအနေနဲ့ ကိုယ့်အဝိုင်းအဝန်းမှာ အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာ အပြည့်အဝပါနေလားဆိုတာ အမျိုးသားရော၊ အမျိုးသမီးရောက အလေးထားပြီး ကြည့်ဖို့လိုပါတယ်။ မရှိနေဘူးဆိုရင် ဘာကြောင့် မရှိနေသေးတာလဲဆိုတာကို ကြည့်ပြီး နေရာဖယ်ပေးဖို့၊ ထိုနေရာကို ယူလာနိုင်ဖို့ အစီအမံတွေလုပ်ဆောင်ပေးဖို့ လိုပါတယ်။

    လူ့အဖွဲ့အစည်းတစ်ခုတည်းက တူတူ ထွက်လာတဲ့အထဲမှာ ဘာကြောင့် အမျိုးသမီးတွေက နောက်ကျကျန်ခဲ့ရတာလဲ။ တကယ်ဘဲအမျိုးသမီးတွေ မလုပ်တတ်မကိုင်တတ်ဖြစ်နေတာလား။ အမျိုးသားနဲ့ လူ့အဖွဲ့အစည်းတွေက တဖက်သတ်အနေနဲ့ အဲလိုထင်မြင်နေတာလား ဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။

    ဒါကြောင့် အမျိုးသမီးတွေကို အထင်မြင်သေးတဲ့၊ ကရုမစိုက်တတ်တဲ့စိတ်ကို ပြုပြင်ဖို့လိုပါတယ်။ အမျိုးသမီးတွေရဲ့ ရွေးချယ်ခွင့််ကို ဘယ်လိုအကြောင်းပြချက်နဲ့ဘဲဖြစ်ဖြစ် ဘောင်မခတ်ဖို့ လိုပါတယ်။ တော်လှန်ရေးမှာ ပါဝင်လာတဲ့ အမျိုးသမီးတိုင်းက သေရဲတယ်ဆိုတာ သေချာပြီးသားဖြစ်ပါတယ်။

    ဒါကြောင့် ထိခိုက်နစ်နာမှာစိုးလို့ဆိုတာနဲ့ လုပ်ကိုင်နေတဲ့အလုပ်ကို တာဝန်မပေးတာဟာ အမျိုးသမီးစွမ်းရည်ကို အထင်သေးလိုက်တာနဲ့ တူတူဘဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေလည်း လုပ်ကိုင်နိုင်စွမ်းတွေကို အကုန်ထုတ်ပြ ပြီး စွန့်စားမှု၊ နာကျင်မှု၊ ချိုမြိန်မှုတွေကို ရင်ဆိုင်ခံစားနိုင်တယ်ဆိုတာကို လက်ခံပေးဖို့ လိုပါတယ်။
     

    ၇။ လူ့အခွင့်အရေးရှုထောင့်အရ တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ ဘယ်လို ပုံစံနဲ့ ချိုးဖောက်ခံ နေရတာတွေ ရှိပါသလဲ။

    လက်ရှိတော်လှန်ရေးမှာ အမျိုးသမီးတွေကို စစ်ကောင်စီရဲ့ မုဒိမ်းကျင့်တာတွေ၊ လိင်အကြမ်းဖက်မှုတွေကို ကျုးလွန်တာတွေ အလွန်များပြားပါတယ်။ တချိန်တည်းမှာ တော်လှန်ရေးဘက်တော်သားအချင်းချင်းက လည်း မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာကိုတွေ တွေ့ရပါတယ်။ ဒါက ဘာကိုဆိုလိုတာ လဲဆိုတော့ အမျိုးသားတွေက အမျိုးသမီးတွေကို နှိပ်စက်လို့ရတဲ့သူလို့ မြင်လို့ဖြစ်ပါတယ်။

    အိမ်တွင်းအကြမ်း ဖက်မှုကိုလည်း သာမာန်ဖြစ်စဉ်တစ်ခုလို ရှုမြင်နေတာက အမျိုးသမီးကို လူသားလို့ မမြင်နေလို့ ဖြစ်ပါတယ်။ လူအချင်းချင်းကြားမှာ တစ်ဦးကတစ်ဦးအပေါ် နှိပ်စက်လို့ရတယ်၊ ဖိနှိပ်လို့ ရတယ်၊ အနိုင်ယူလို့ရတယ် ဆိုတာဟာ အာဏာရှင်စနစ်ရဲ့ ဇစ်မြစ်ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့အတွက်ဆိုရင် ကိုယ့်အဝန်းအဝိုင်းမှာ အာဏာရှင်စရိုက်တွေကို အကြောင်းပြချက်ကင်းစွာ လက်မခံဖို့ လိုပါတယ်။

    ဒီလို ကျူးလွန်မှုတွေအတွက် အကြောင်းပြပေးဖို့ ရှိနေသေးတယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းဟာ တရားမဲ့တဲ့ လူအဖွဲ့အစည်းဘဲ ဖြစ်ပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက် အိမ်တွင်းအကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ၊ တော်လှန်ရေးမှာ ခွဲခြားဆက်ဆံခံရတာတွေဟာ ထိုအမျိုးသမီး၊ အမျိုးသားတွေမှာဘဲ တာဝန်ရှိတာမဟုတ်ဘူး။ ကျူးလွန်တဲ့ အမျိုးသားအတွက် အကြောင်းပြချက်ပေးခွင့်ရအောင်ဆက်ရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ကျူးလွန်မှု ဖြစ်ပါတယ်။

    ဒါကြောင့် အမျိုးသမီးတစ်ယောက်ကို စစ်ကောင်စီ စစ်သားက လိင်အကြမ်းဖက်ခြင်းဟာ စစ်တပ်တစ်ခုလုံးက ကျူးလွန်ခြင်းဖြစ်သလို၊ တော်လှန်ရေးဘက်တော် သားအချင်းချင်း လိင်အကြမ်းဖက်ခြင်းဟာ တော်လှန်ရေးတစ်ရပ်လုံးရဲ့ အမျိုးသမီးထုအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြီး ဖြစ်တယ်ဆိုတာကို မြင်ဖို့ လိုပါတယ်။


    ၈။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

    အမျိုးသမီးတွေမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို တင်းပြည့်ကျပ်ပြည့် ရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် လူသားတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်က ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုယ်တာဝန်ခံနိုင်တဲ့ လူ့အဖွဲ့ အစည်းဟာ တရှိန်ထိုးတိုးတက်လာမှာဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့သူ တစ်ယောက်ချင်း ဟာ တော်လှန်ရေးအောင်မြင်ဖို့၊ စစ်အာဏာရှင်အပါအဝင်၊ အာဏာရှင်စနစ်တွေ ပြန်ထွက်ပေါ်မလာလို့ တာဝန်ခံဖို့ လိုပါတယ်။

    တာဝန်မခံနိုင်ဘဲ၊ အဖွဲ့အစည်းတစ်ခုမှာ ပါဝင်လှုပ်ရှားမှု၊ နေရာယူမှုဟာ လူ့အဖွဲ့ အစည်း ပရမ်းပတာဖြစ်ဖို့အတွက် လမ်းစဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းကို ရွေးချယ်ခွင့်ပေးပါ။ ရွေးချယ်မှု အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုကို တပါတည်း ပေးအပ်ကြပါ။ တာဝန်ယူပြီး တာဝန်ကျေပွန်မှု၊ တာဝန်ခံမှု ရှိမှသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို စပြီးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။


    ၉။ ဖြည့်စွက်ချက်။ 

    အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ လူသားဖြစ်မှုကို ဘယ်တော့မှာ ဈေးမလျော့လိုက်ဖို့ လိုပါတယ်။ အမျိုးသမီး တွေ ဖိနှိပ်ခံလိုက်လို့ရှိရင် ဖိနှိပ်မှုကြီးတစ်ရပ်ကို မွေးထုတ်ပေးလိုက်သလို၊ ဖိနှိပ်သူတွေကို မွေးထုတ်ပေးလိုက် တာဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ ဖိနှိပ်ခံရသူတွေက ဆက်ပြီး ဖိနှိပ်မခံရရေးအတွက် ဖိနှိပ်လိုသူတွေကို တွန်းလှန်နေတာ ဖြစ်ပါတယ်။

    ဒါကြောင့် တော်လှန်ရေးအောင်မြင်ဖို့အတွက်ဆို နေ့စဉ်ဒူဝမှာ လူအချင်းချင်း ဖိနှိပ်ချုပ်ချယ်လို့ မရဘူးဆိုတာကို မြင်အောင်လုပ်ဖို့လိုပါတယ်။ အမျိုးသမီးဆိုတာ အမြဲတမ်းတစ်ယောက် တည်းမဟုတ်ပါဘူး။အမျိုးသမီးဆိုတာ အမျိုးသမီးထုကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း မလုပ်ချင်ရင်၊ တစ်ယောက်တည်းမလုပ်နိုင်ရင် အမျိုးသမီးအဖွဲ့တွေနဲ့အတူ တွန်းလှန်ပါ။

    အမျိုးသမီးအဖွဲ့အစည်းတွေကလည်း အမျိုးသမီးအရေးကို အမျိုးသမီးတွေနဲ့အတူတကွ တပေါင်းတည်းလုပ် နိုင်ဖို့ ပိုပြီးချိတ်ဆက်ပေါင်းစည်းနိုင်ဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသမီးအရေးဆိုတာ လူသားအားလုံးအရေး ဖြစ်တာကြောင့်၊ အမျိုးသမီးတွေအနေနဲ့ ကဏ္ဍအားလုံးမှာ ပြည့်ပြည့်ဝဝတာဝန်ရှိပါတယ်။ အမျိုးသမီးတွေ အပြည့်အဝ မပါဝင်နိုင်ခြင်းဟာ အမျိုးသမီးတွေရဲ့ ညံ့ဖျင်းမှုနဲ့ အမျိုးသားတွေရဲ့ လောဘကြီးမှု၊ လူသားမဆန်မှု ကြောင့် ဖြစ်ပါတယ်။ 


    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 

    https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    May 07th, 2025

    နော်စူစန်နာလှလှစိုး
    ပြည်ထောင်စုဝန်ကြီး
    အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ
     


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


    “အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ဝန်ကြီးဌာနဆိုတာ လွတ်လပ်ရေးရပြီးကတည်းက တခါမှမရှိခဲ့ဖူးသေးတဲ့ ဝန်ကြီးဌာနဖြစ်ပါတယ်။ အခုရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ဒါက အမျိုးသမီးအင်အားကို တစ်နည်းတစ်ဖုံအားဖြင့် ဂုဏ်ပြုလိုက်တယ်လို့ ယုံကြည်ပါတယ်”
     

    ၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

    ဒီနွေဦးတော်လှန်ရေးက‌‌‌ပြောရမယ်ဆိုရင် မြန်မာ့သမိုင်းသာမက၊ ကမ္ဘာသမိုင်းမှာတောင်မှ မှတ်တမ်းတင်ရမှာ ဖြစ်တယ်။ ဘာလဲဆိုတော့ စတင်ကတည်းက ယနေ့ထက်တိုင် အကြမ်းမဖက်ဆန္ဒပြမှုတွေကလည်း နေ့တိုင်း လမ်းပေါ်မှာရှိနေတယ်။ လူငယ်တွေဆို တရက်မှမနားပဲနဲ့ မိမိရဲ့ကျရာတာဝန်တွေကို အားကြိုးမာန်တက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    လက်နက်ကိုင်ဆွဲတဲ့သူကလည်း လက်နက်ကိုင်စွဲ၊ ထောက်ပို့ကလည်း ထောက်ပို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကျွန်မတို့နိုင်ငံသားတွေကလည်း အရမ်းကိုအားထည့်ပြီး လုပ်ဆောင်နေ တာကို ကြည့်ခြင်းအားဖြင့် ဒါတကယ့်ကိုသမိုင်းမှာ သမိုင်းတွင်မယ့် နွေဦးတော်လှန်ရေး ဖြစ်ပါတယ်။ အရင်တုန်းကဆို ကျွန်မတို့ဆိုလည်း ၈၈ မှာ ဖြတ်ကျော်ခဲ့တာပဲလေ။

    လပိုင်းနဲ့ ပြီးသွားပြီးတော့ စစ်အာဏာရှင် တွေက အာဏာကိုရသွားတယ်။ သို့ပေမဲ့ လက်ရှိကာလမှာတော့ စစ်ကောင်စီက အာဏာတွေလည်း ရယူဖို့ ကြိုးစားနေပေမယ့်လည်း ပြည်သူတွေက ရရာအင်အားနဲ့ ဆန့်ကျင်တော်လှန်နေတာကို တွေ့မြင်နေရပါတယ်။


    ၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

    တော်လှန်‌ရေးအင်အားစုတွေ အားလုံးအကျေအလည် ရေးဆွဲပြီးတော့ ရေးဆွဲထားတဲ့ ကြားကာလ သဘောတူညီချက်လို့ ပြောလို့ရတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာပါသလို လွတ်လပ်ရေး၊ တန်းတူမျှတရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို အခြေခံမူတွေအနေနဲ့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။
     

    ၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

    တော်လှန်ရေးတစ်လျှောက်မှာ အမျိုးသမီးတွေက ခါတိုင်းနဲ့မတူ ရွပ်ရွပ်ချွန်ချွန် ရှေ့တန်းမှာ ပါဝင်နိုင်ခဲ့တယ်။ ခေတ်ပြောင်းတော်လှန်ရေးလည်း ဖြစ်တယ်။ ကျွန်မတို့က ဒီတစ်ခေါက်က အာဏာရှင်ကို တော်လှန်ရုံ သာမက ခေတ်သစ်စနစ်သစ်ကိုပါ တစ်ပါတည်း တည်ဆောက်နေတဲ့ တော်လှန်ရေးဖြစ်တယ်။

    အဲ့မှာ အမျိုးသမီးတွေ ကလည်း တော်လှန်ရေးအစမှာကတည်းက သံပုံးတွေတီးကြတယ်။ ထမီအလံလွှင့်ကြတယ်။ နောက်ပြီးတော့ အမျိုးသမီးရဲ့အထိမ်းအမှတ်ဖြစ်တဲ့ ပန်းပန်တာတို့၊ နှုတ်ခမ်းနီဆိုးတာတို့ စသည်ဖြင့်ပေါ့ အဲ့ဒါတွေကိုလည်း Gen z တွေက ကျား၊ မ မခွဲခြားပဲနဲ့ ပါဝင်ခဲ့ကြတယ်။ ဒါတွေက ဂျဲန်ဒါခွဲခြားမှုကို ရိုက်ချိုးဖျက်စီးလိုက်တာပဲလို့ မြင်တယ်။

    အဲ့ဒါကြောင့် အင်မတန်မှ ကြီးမြတ်တဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်တယ်လို့ မြင်တယ်။  အခုလည်းပဲပြောရမယ်ဆိုရင် သမိုင်းတလျှောက်မှာ မရှိခဲ့ဖူးတဲ့ ကျွန်မတို့ရဲ့ဝန်ကြီးဌာနဖြစ်တဲ့ အမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ဝန်ကြီးဌာနဆိုတာ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ တခါမှမရှိခဲ့ဖူး သေးတဲ့ ဝန်ကြီးဌာနလည်း ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးအင်အားကို တစ်နည်းတစ်ဖုံအားဖြင့် သတ်မှတ်ပြီးတော့ ဂုဏ်ပြုလိုက်တယ်လို့ ယုံကြည်ပါတယ်။    ဒါတွေက ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
     

    ၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

    ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို အရင်ကထက်စာရင် တိုးတက်ပေမယ့် သိပ်တော့အားရမှု မရှိဘူးပေါ့။ FDC ထဲမှာလည်းပဲ အမျိုးသမီးပါဝင်မှုကို ၃၀ ရာခိုင်နှုန်း သေချာစေရမယ် ဆိုတာပါတယ်။ Framework တွေ ကဏ္ဍအသီးသီးမှာလည်း JCC ထဲမှာ Gender policy ရေးဆွဲရေးမှာ ကျွန်မတို့ NUG ကလည်းပဲ အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်တယ်။

    သို့သော်လည်း တကယ့်တကယ်ကြည့်တဲ့အခါမှာ cabinet ထဲမှာလည်း သမ္မတကြီး အပါအဝင် (၁၉) ဦးရှိတဲ့အထဲမှာ အမျိုးသမီးဝန်ကြီးက ကလည်း (၃) ဦး ပဲ ရှိတယ်။ ပြောရမယ်ဆိုရင် သတ်မှတ် ထားတဲ့ဟာ မပြည့်မှီသေးဘူးပေါ့။ ဒါကတော့ NUCC ကလည်း advocacy လုပ်တယ်။ ကျွန်မတို့ဝန်ကြီးဌာန ကလည်း တိုက်တွန်းအားပေးတယ်။

    သို့သော်လည်း ပြည့်မှီခြင်းမရှိတာက နည်းနည်းလေး လိုအပ်ချက် ရှိတယ်လို့တော့ မြင်တယ်။ နောက်ပြီးတော့ တခြားကဏ္ဍတွေမှာလည်း အဲ့လိုပါပဲ။ စစ်ရေးတွေမှာဆိုရင်လည်း အမျိုးသမီးတွေ တိုက်ရေးခိုက်ရေးမှာ မပါရဘူး။ ရှေ့တန်းသွားရင် ရဲမေတွေနဲ့ စစ်မေတွေနဲ့ တွေ့ရင် သူတို့အဲ့လို အားမလိုအားမရတွေ ရှိပါတယ်။တချို့ဆိုရင် စနိုက်ဘာမှာ ပထမတွေ ရတယ်။ အာဏာရှင်ကို တိုက်ဖျက်တဲ့ အချိန်မှာ သူတို့ကိုယ်တိုင်ရှေ့တန်းမှာ ပါချင်တယ်။ ဒါပေမယ့် နောက်တန်းမှာပဲ ထမင်းချက်၊ ဟင်းချက် ထောက်ပို့ လုပ်ပေါ့။

    အဲ့လိုမျိုးလေးတွေလည်း ရံဖန်ရံခါကြားရတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့စိတ်ထဲမှာ တာဝန်ရှိတဲ့လူတွေရဲ့စိတ်ထဲမှာ women can do it ပေါ့။ အမျိုးသမီးကလည်း We can do it  ပေါ့ လုပ်နိုင်တယ်။ တာဝန်ပေးအပ်လို့ရတယ်ဆိုတဲ့ယုံကြည်မှုရဖို့ နည်းနည်းလေး လိုအပ်နေပါသေးတယ်လို့ မြင်ပါတယ်။
     

    ၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

    ယဥ်ကျေးမှု၊ထုံးတမ်းစဉ်လာကြောင့်ပါ။ အမျိုးသမီးတွေက အိမ်မှာပဲနေရမယ်။ အိမ်ထောင်ပြုစုရမယ်။ ကလေး တွေကြည့်ရမယ် စသဖြင့်အဲ့လို ယဉ်ကျေးမှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ဖိုဝါဒကြီးစိုးမှုက သိသိ သာသာနဲ့ မသိမသာ ကြီးစိုးမှုတွေ ရှိတယ်။ တချို့တွေ အရမ်းကို open ဖြစ်ပါတယ်ဆိုတဲ့လူတွေတောင် ဒါတွေ က မလိုအပ်ပါဘူး ဆိုလည်း ရှိတယ်။

    နောက်ပြီး ကျွန်မတို့တလောတုန်းက  baseline survey လေး တစ်ခု လုပ်တယ်။ NUG ဝန်ထမ်းတွေကို baseline survey လုပ်တဲ့အခါမှာ Gender equality လိုအပ်မှုရှိမရှိဆိုတော့ အဲ့ထဲမှာများသောအားဖြင့် equality လိုအပ်တယ်‌။ လုပ်စရာမလိုဘူး။ Gender ညီမျှမှုဆိုတာ မလိုဘူး။ အရေးကြီးတဲ့ဟာ မဟုတ်ဘူး။ အဲလိုဖြေကြတယ်။ ဖြေတဲ့လူကိုကြည့်လိုက်တော့လည်း အမျိုးသမီးတွေ ဖြစ်နေတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း Awareness တွေ လိုအပ်နေတာကို တွေ့ရပါတယ်။
     

    ၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

    ကျွန်မတို့နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာ ကိုယ့်ရဲ့အခြေခံအုပ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသမီးပါဝင်မှုကို သေချာနေစေရမယ်။ နောက်အရေးကြီးတာက အမျိုးသမီးတွေ ပါဝင်လုပ်ဆောင်ရေး အတွက် အစီအမံယန္တရားတွေ လိုပါတယ်။ ပါဝင်တော့ပါဝင်တယ်။ လုပ်ဆောင်ဖို့အတွက် ယန္တရားတွေ မရှိဘူး ဆိုရင်လည်း မဖြစ်ပြန်ဘူး။ အဲ့တော့ ယန္တရားတွေ တည်ဆောက်ရမယ်။ နောက်တခုက ဘက်ဂျက်ပေါ့နော်။ အမျိုးသမီးတွေပါဝင်ပါဆိုပြီးတော့ ဂျဲန်ဒါအတွက်ဘက်ဂျက်တွေမပါရင်လည်း ဒါအလုပ်မဖြစ်ဘူး။

    ဥပမာအား ဖြင့် ကျွန်မတို့ဖြတ်ကျော်ခဲ့တဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတကာက အလှူရှင်တွေ တက်ကျွမ်းတဲ့သူ တွေက     ရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါကိုပါ ရမယ်။  မပါရင် သူတို့ဘက်ဂျက် မပေးဘူး ဖြစ်တော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗဟိုကော်မတီမှာလည်း အမျိုးသမီးတွေ ထည့်ရတယ်။

    နိုင်ငံတော်သစ်တည်ဆောက်တဲ့အခါမှာလည်း    အမျိုးသမီးတွေ တန်းတူညီမျှဖို့ ဂျန်ဒါ ဘက်ဂျက် တင်ရှိရမယ်။  ဥပမာအမျိုးသမီးတစ်ဦး နိုင်ငံရေးလုပ်တဲ့အမျိုးသမီးတွေဆိုရင် အမျိုးသမီးဆိုတာ သားသမီးရှိမယ်။ ကျွန်မ ဆိုရင် လွှတ်တော်ထဲမှာ တောက်လျှောက် ငါးနှစ်တာတာဝန်ထမ်းဆောင်တဲ့အခါမှာ လွှတ်တော်အမတ်ထဲမှာ လည်း ကလေးမွေးတဲ့လွှတ်တော်အမတ်တွေ ကလေးငယ်ငယ်လေးရှိတဲ့ လွှတ်‌တော်အမတ်တွေ ရှိတယ်။

    အဲ့တော့ ကျွန်မကလွှတ်တော်ထဲမှာ အခန်းတွေ အများကြီးပဲ ကလေးအမေတွေအတွက် နို့တိုက်တဲ့ အခန်းလေးတစ်ခန်း ထားပေးသင့်တယ်။   အဲ့ထဲမှာ ကလေးလေးနဲ့ သူ့ထိန်းတဲ့လူတစ်ယောက်ပေါ့။ အမေက လွှတ်တော် section အားတဲ့အချိန်မှာ     သွားပြေး တွေ့ပြီးတော့ နို့တိုက်လို့ရတယ်ပေါ့။ အဲ့ဒါကို ကြိုးစားခဲ့သေး တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ဆိုတော့ နိုင်ငံသစ်တည်ဆောက်ရင် ဒါတွေက အတားအဆီး မဖြစ်သင့် တော့ဘူးလို့ ထင်တယ်။ အရင်ကအဟောင်း၊ အတွေးအခေါ်ဟောင်းတွေ မဖြစ်နိုင်ဘူးဆိုတာတွေ လုပ်ခဲ့တယ် ဆိုရင် ဒီလိုမျိုးအခြေခံလိုအပ်ချက်လေးတွေလည်း ဖြည့်ဆည်းပေးရပါမယ်။

    အမျိုးသမီးတွေက လူ့အခွင့်ရေး  သာမက အမျိုးသမီးအခွင့်အရေးတွေပါ ချိုးဖောက်ခံနေရတယ်၊ အခုလိုအခြေအနေမျိုးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း အများကြီးကြုံတွေ့ခံစားရတယ်။ ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းတင်ထား တာဆို (၂၂၈) မှု ရှိတယ်။   အမျိုးသမီးဖြစ်ခြင်းနဲ့ လိင်ကွဲပြားမှု ပေါ်မှာလည်း အကြမ်းဖက်မှုခံရတယ်။ လူ့အခွင့် အရေးချိုးဖောက်မှုခံရတယ်။ ဒါ့အပြင်သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လုပ်ပြီးတော့ သတ်ဖြတ် ပစ်လိုက်တာ အလောင်းဖျောက်ပစ်တာ အဲ့ဒါမျိုးတွေက အများကြီးရှိတယ်။

    ဒါတွေကို သေချာမှတ်တမ်းတင်ပြီး အသွင်ကူးပြောင်းမှုတရားမျှတရေးမှာ      အမျိုးသမီးတွေအတွက် တရားမျှတမှုရအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ကျွန်မတို့ အသွင်ကူးပြောင်းမှုပြီးတဲ့အခါမှာ တက်လာတဲ့ အစိုးရသစ်ကလည်း ဒါတွေကို လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ကျွန်မကတော့ အကြံပေးလိုပါတယ်။
     

    ၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

    သုတေသနအချက်အလက်တွေနဲ့ ပြောရမယ်ဆိုရင်ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက များသောအားဖြင့် ဥရောပနိုင်ငံတွေ ဖြစ်တယ်။ အဲ့မှာကြည့်လိုက်တဲ့အခါ အမျိုးသမီးပါဝင်မှုက ငါးဆယ်ရာခိုင်နှုန်းကျော် နေတာ တွေ့တယ်။ တချို့ဆို ၅၀ ရာခိုင်နှုန်းကို ကျော်ကိုကျော်တယ်။ နောက်ပြီးတော့ အသက်အရွယ်အားဖြင့်လည်း variety ဖြစ်တယ်။ လူကြီးတွေချည်းပဲ မဟုတ်ဘူး။ အမတ်တွေထဲမှာ ၁၈ နှစ်၁၉ နှစ် အရွယ် အသက် ၂၀အရွယ် လွှတ်တော်အမတ်တွေလည်း ပါတယ်။ အမျိုးသမီးတွေသည် တာဝန်ယူတက်တယ်။ တက်ကြွတယ်။ ကြိုးစားတယ်။ တာဝန်သိတယ်။

    သူ့ရဲ့ symbolic ထူးခြားတဲ့အရည်အချင်းတွေ ရှိတဲ့အတွက်ကြောင့် အမျိုးသမီးတွေပါဝင်မှုက တကယ့်ကိုနိုင်ငံတည်ဆောက်ရေးမှာ အရေးကြီးတယ်။ သုတေသနအရ အမျိုးသမီး ပါဝင်မှု၊ သေချာစေမယ့် ယန္တရားတွေကရှိရင် တိုင်းပြည်ကပိုပြီးတော့ ပဋိပက္ခတွေလည်း နည်းသွားတယ်။ အမျိုးသမီးပါဝင်မှု များလာတာနဲ့အမျှ လာဘ်ပေးလာဘ်ယူမှုတွေကလည်း နည်းသွားပြီးတော့ ဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံကို ရောက်ရှိနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

    ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းအရ အမျိုးသမီးလိင်အကြမ်းဖက်ခံရမှု  (၂၂၈) မှု ရှိပါတယ်။


    ၈။ ဖြည့်စွက်ချက်။ 

    ကျွန်မတို့အမျိုးသမီးတွေက ခေတ်အဆက်ဆက်မှာ ကြိုးစားရတယ်။ အမျိုးသားတွေထက် နှစ်ဆ၊ သုံးဆ ကြိုးစားရတယ်။ ကိုယ်မဲပေးဖို့တောင် အသက်တွေအသေခံပြီး တိုက်ခဲ့ရတယ်။ ဒါအရင်တုန်းက သမိုင်းတွေကို ကြည့်ခဲ့ရင် ကျွန်မတို့မြန်မာအမျိုးသမီးတွေကလည်း ခေသူမဟုတ်ဘူး။ စစ်အာဏာရှင်ခေတ်မှာ တစ်ဆင့် တစ်ဆင့် အမျိုးသမီးအပါအဝင်အားလုံးက လျော့ပါ့လာပြီးတော့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှု ကလည်း တဖြေးဖြေးမှေးမှိန်လာတာ တွေ့ရတယ်။     

    အဲ့ဒါကြောင့် ခေတ်သစ် စနစ်သစ်မှာ အမျိုးသမီးတွေ အခွင့်အရေး ကို တိုက်ယူပါ။  အခွင့်အရေးကတော့ ကိုယ့်အတွက် အလိုလိုပွင့်လာမှာ မဟုတ်ဘူး။ တိုက်ယူရမယ်။ ရရှိတဲ့အခွင့်အရေးကိုလည်း လက်မလွှတ်ပါနဲ့။ နောက်ထပ်တစ်ဆက်ထဲပေါ့နော်။ အမျိုးသားတွေကို အားပေး ချင်တာက ကိုယ့်ရဲ့အမျိုးသမီးတွေ၊  ကိုယ့်ရဲ့မိန်းမ နိုင်ငံရေးမှာ ပါဝင်မှုကိုအားပေးပါ။ တန်ဖိုးထားပါ။ လေးစားပါ။ မိသားစုတွေရဲ့ပါဝင်မှု မိသားစုတွေရဲ့နားလည်မှုထောက်ပံ့မှု အားပေးမှုတွေကလည်း အမျိုးသမီး တွေ ခေါင်းဆောင်မှုအတွက် အရမ်းကိုအရေးပါတယ်ဆိုတာကိုလည်း ပြောလိုပါတယ်။

    သုတေသနအရ အမျိုးသမီးပါဝင်မှု သေချာစေမယ့် ယန္တရားတွေရှိရင် တိုင်းပြည်က ပဋိပက္ခတွေ ပိုပြီးနည်းသွားတယ်။ အမျိုးသမီး ပါဝင်မှု များလာတာနဲ့အမျှ လာဘ်ပေးလာဘ်ယူမှုတွေကလည်း နည်းသွား ပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံကို ရောက်ရှိနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။
     

    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
    https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics

    #media

  • Published on

    သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)

    ‌ဒေါ်မျိုးမျိုးအေး
    သမဂ္ဂခေါင်းဆောင်


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


    “အမျိုးသမီးတွေ ဘယ်မှာမဆို ပါဝင်ခွင့်ရှိပေမယ့် တကယ်တမ်း ခေါင်းဆောင်မှုပိုင်း၊ ဆုံးဖြတ်ပိုင်ခွင့််နေရာတွေကို ထည့်သွင်းစဉ်းစားတဲ့အခါကျရင် အမျိုးသားတွေက အုပ်စုဖွဲ့ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုနေရာမျိုးကို အမျိုးသားတွေပဲ ရဖို့အတွက်ကို ဖန်တီးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ဒီမိုကရေစီယဉ်ကျေးမှုမဟုတ်ဘူး။ ဒါက အာဏာရှင်ရဲ့ အငွေ့သက်သက်ပဲ”


    ၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

    အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှု၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်၊ အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ခံထားရတာတွေကြောင့် ဟိုးလွန်ခဲ့တဲ့ ၂၀၁၅ လောက်ထဲက ကျွန်မက STUM ကို အထည်ချုပ် သမဂ္ဂတွေ၊ ရေလုပ်သားသမဂ္ဂတွေ၊ တောင်သူလယ်သမားသမဂ္ဂတွေ၊ စက်မှုကဏ္ဍမှာရှိတဲ့တခြားသော ကျွန်မတို့နဲ့ ရင်ဘက်ချင်းတူပြီး ရပ်တည်ချက်ချင်း၊ ယုံကြည်ချက်ချင်းတူတယ်ဆိုတဲ့ လူတွေနဲ့ ခွဲထွက်ပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

    ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရ အမျိုးသမီးရဲ့ခေါင်းဆောင်မှုကို လက်ခံဖို့ အတွက် ခက်ခဲပါတယ်။ စာရွက်ပေါ်မှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အပြည့်အဝပေးထားတယ်။ ဘယ်နေရာမှာမဆိုကြည့်လိုက်ရင် အမျိုးသမီးတွေရဲ့အခွင့်အရေးကို ပိတ်ပင်တာ ဘာမှမရှိဘူး။ အမျိုးသမီးမို့လို့ ဒါတွေမလုပ်ရဘူးလို့ အမျိုးသမီးမို့လို့ ဒီနေရာကို ရွေးချယ်ခံခွင့်မရှိဘူးလို့ မရှိဘူး။ Union မှာလည်း ဒီလိုမျိုးပဲ အရမ်းကို လွတ်လပ်ပြီးတော့ ဘယ်မှာမဆို လုပ်ခွင့်ရှိတယ်။

    အမျိုးသမီးတွေ ဘယ်မှာမဆို ပါဝင်ခွင့်ရှိပေမယ့် တကယ်တမ်း ခေါင်းဆောင်မှုပိုင်း၊ ဆုံးဖြတ်ပိုင်ခွင့်နေရာတွေ ကို ထည့်သွင်းစဉ်းစားတဲ့အခါကျရင် အမျိုးသားတွေက အုပ်စုဖွဲ့ ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုနေရာမျိုးကို အမျိုးသားတွေပဲ ရဖို့အတွက်ကို ဖန်တီးတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ဒီမိုကရေစီယဉ်ကျေးမှု မဟုတ်ဘူး။ ဒါက အာဏာရှင်ရဲ့အငွေ့အသက်ပဲ။ အမျိုးသားကြီးစိုးရေးဝါဒ လွှမ်းမိုးတယ်။    

    ကျွန်မတို့ အာဏာရှင်ကို တော်လှန်တယ်ဆိုတာ အခုမှတော်လှန်တာ မဟုတ်ဘူး။  မိသားစုမှာ၊ အိမ်မှာ၊ ကိုယ့်ရဲ့ Union မှာ ဒါတွေကို ဒီအလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပေးတယ်။ မွေးဖွားပေးတယ်။ အမျိုးသမီးတွေ ရှေ့တန်း ရောက်ဖို့ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရတဲ့နေရာရောက်ဖို့ ပေါ်လစီချမှတ်တယ်။ ရွေးကောက်တင်မြောက်တဲ့ နေရာတိုင်းမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာကို ပါလာဖို့အတွက် လုပ်ဆောင်ပါတယ်။

    သို့ပေမဲ့ လက်ရှိအချိန်အထိ ကျွန်မတို့ ချန်ထားခံရမှုတွေအတွက် ကျွန်မတို့ ဖြတ်ကျော်နေတုန်းပဲ။ ဒါတွေကို ကျွန်မ တို့က ရုန်းကန်ကျော်လွှားရင်းနဲ့ ဒီစနစ်တွေကို အမြစ်ပြတ်အောင် တိုက်ထုတ်မယ်။ ကျွန်မတို့ရဲ့ခေါင်းထဲမှာ အတွေးထဲမှာ ဒါတွေမရှိဖို့ ကျွန်မတို့မျိုးဆက်ကိုလည်း ဒါတွေမမွေးဖို့ ကျွန်မတို့လက်ထက်မှာလည်း ဒါတွေလက်မခံဖို့ တိုက်ခိုင်တွန်းလှန်နေဆဲကာလ ဖြစ်ပါတယ်။
     

    ၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည်ဆောက်သင့်ပါသလဲ။

    နိုင်ငံသူနိုင်ငံသားတွေထားတဲ့ စံတန်ဖိုးတွေ မတူကြဘူး။ တခါတလေကျရင် ကျွန်မတို့ထားတဲ့ စံတန်ဖိုးတွေက သပ်သပ်၊ နိုင်ငံသူနိုင်ငံသားတွေက သပ်သပ်ဖြစ်နေတတ်ပါတယ်။   ပြည်နယ်၊ ပြည်မ တိုင်းရင်းသားတွေ ထားတဲ့စံတန်ဖိုးတွေ မတူကြတဲ့အခါမှာ ဘယ်လိုတူအောင်သွားပြီးညှိကြမလဲ။ အဲ့တော့ ပြည်မမှာနေတဲ့သူတွေ က ပြည်နယ်မှာနေတဲ့သူတွေကို အရမ်းကိုအကဲဆတ်တယ်။ Sensitive ဖြစ်တယ်။ အထိမခံဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။

    အဲ့ဒါက တဖက်မှာက အရမ်းကို တန်ဖိုးထားတဲ့အရာ ဖြစ်နေတယ်။ စကားပုံတောင် ရှိတယ်။    ဆင်ကတော့ သေးပေါက်လိုက်တာပဲ ပုရွက်ဆိတ်မှာတော့ သောကပင်လယ်တွေ ဝေပြီးတော့ ဖြစ်သွားတယ်။ အဲ့လိုမျိုးပေါ့။ တခုနဲ့တခုစံတန်ဖိုးတွေကို ဘယ်လိုညှိကြမလဲ။ နိုင်ငံတော်သစ်လို့ ပြောတဲ့အခါ ပြည်မမှာ နေတဲ့လူတွေရဲ့ နိုင်ငံတော်သစ်နဲ့ ပြည်နယ်မှာနေတဲ့လူတွေရဲ့ နိုင်ငံတော်သစ်က တူနိုင်ပါ့မလား။      

    အဲ့လိုပဲ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာရော   အတူတူ ဖြစ်ပါ့မလား။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး ဂျဲန်ဒါ မတူတဲ့ကြားမှာ မျှော်မှန်းတဲ့နိုင်ငံတော်သစ်ကရော တူပါ့မလား။ ကျွန်မတို့တွေ အဲ့ဒါတွေ ထပ်တူရဖို့ ဘယ် လောက်အထိ အချိန်စောင့်ဖို့ လိုမလဲ။

    တစ်ယောက်အသံကို တစ်ယောက် ဘယ်လောက် နားထောင်ကြမလဲ။ အခုချိန်မှာ တစ်ယောက်အသံ၊ တစ်ယောက် နားမထောင်ဘူး။ တယောက်ကိုတစ်ယောက် ဖယ်ထုတ်တဲ့လမ်းကို ရွေးကြတယ်။ ငါနဲ့မတူ ငါ့ရန်သူပဲ လာပြီးမဆွေးနွေးနဲ့၊ စကားမပြောနဲ့ပေါ့။ အဲ့လိုတွေနဲ့ ဘယ်လောက်ကြာကြာ ဖြုတ်ထုတ်သတ် သွားကြမလဲ။ အတူတူနေနိုင်ဖို့အတွက်ကို ဘယ်လိုစဉ်းစားကြမလဲ။ စံတန်ဖိုးတွေ ရင်ဘတ်ချင်းတူတယ်တို့ ပြောရင်တော့အချိန်တွေ‌ တော်တော်ယူရဦးမယ်။ 

    ကျွန်မတို့လိုချင်တဲ့ အနာဂတ်အိပ်မက်၊ ပြည်နယ်တွေက မက်ထားတဲ့ အနာဂတ်အိပ်မက် တူချင်မှ တူပါလိမ့်မယ်။ ကျွန်မတို့ ရန်ကုန်မှာနေပြီးတော့ ရွှန်းရွှန်းဝေအောင် ပြောနေတဲ့အချိန်မှာ ပြည်နယ်တွေမှာ ကျောင်းလုံးဝမတက်ရတဲ့ ထမင်းပုံမှန်စားမနေရတဲ့စစ်ဘေးရှောင် နေရတဲ့ တိုင်းရင်းသားကလေးတွေပေါ့။ သူတို့တွေရဲ့ အနာဂတ်အိပ်မက်နဲ့ ကျွန်မတို့အိပ်မက်နဲ့အရမ်းကို ကွာသွားပြီ။ ဒါတွေကိုတန်းတူညှိဖို့က ခက်ပါလိမ့်မယ်။

    ၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

    အမျိုးသမီးကိုဖယ်ထားမယ်။ အမျိုးသားချည်းပဲ ဆုံးဖြတ်ချက်ချပြီးတော့ နိုင်ငံကို တည်ဆောက်သွားမယ် ဆိုပါစို့။ ဒါဆိုရင်ကျွန်မတို့က အသံမစုံတော့ဘူး။ အမျိုးသမီးအသံ မကြားရတော့ဘူး။ အမျိုးသမီးအသံ မကြားရတဲ့အတွက်ကြောင့် အမျိုးသမီးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာ ကျန်နေခဲ့မယ်။ အဲ့အခါကျရင် နိုင်ငံရေး မျှခြေ မညီတော့ဘူး။ အမျိုးသမီးတွေလည်း လုပ်နိုင်စွမ်းရှိတယ်။ သူတို့လုပ်နိုင်စွမ်းတွေက တခါတလေ အမျိုးသားထက် သာကောင်းသာနေမယ်။ အဲ့တော့ လူမှန်နေရာမှန်ရှိဖို့ လိုပါတယ်။

    နောက်တခုက အမျိုးသမီး ဆိုတာ ကျွန်မထင်တာက အမျိုးသားတွေထက် ခံနိုင်ရည်ပိုအားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ က‌လေး မီးဖွားတယ်ဆိုတဲ့ကိစ္စဆိုတာ ကလေးလေးတစ်ယောက်ကို ဗိုက်ထဲမှာ ဆယ်လလုံးလုံး လွယ်ထားရတယ်။ ကလေးအမေတွေဟာ အင်မတန်မှကို ဂုဏ်ပြုထိုက်တယ်။ ကလေးမွေးရင်း သေနိုင်တယ်ဆိုတာ သိလည်း မွေးတာပဲ။ အမျိုးသမီးတစ်ယောက်ရဲ့ ခံနိုင်ရည်က အမျိုးသားတစ်ယောက်ရဲ့ ခံနိုင်ရည်ထက် သာပါတယ်။

    နောက်တခုက အရာရာကိုကြည့်တဲ့အခါမှာ မေတ္တာတရားတို့ နှလုံးရည်တွေကို တိုင်းတာဖို့လိုတယ်။ ဒါဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လိုမှ စံသွားညှိလို့မရဘူး။

    ကိုယ့်ရဲ့လှပမှုတွေ၊ နုပျိုမှုတွေ၊ ကိုယ်လုပ်ချင်ပါတယ်ဆိုတဲ့ အရာအားလုံးကို သားသမီးအတွက် အနစ်နာခံခဲ့ရတယ်။ သားသမီး ကိုပဲ အချိန်အကြာကြီးပေးခဲ့ရတော့  ကျွန်မတို့ဆိုရင် အသက် (၄၅) - (၅၀) လောက်ကို ရောက်တော့မှ ကိုယ်ဖြစ်ချင်တဲ့ဟာကို ဆက်လုပ်နိုင်တယ်။ အမျိုးသမီးတွေဟာ အချိန်တွေပေးနေတဲ့ကြားက သူတို့ဘဝ တိုးတက်ရေးကို သူတို့ထူထောင်ပြီးတော့ လုပ်ကြရတာ။

    လုပ်ငန်းခွင့်ထဲမှာလည်း ဘယ်နေရာမှာပဲကြည့်ကြည့် အမျိုးသမီးတွေက သုံးပုံနှစ်ပုံ လောက်ကို လွှမ်းမိုးထားတယ်။ ဒါပေမယ့် ထိပ်ပိုင်းနေရာလောက်ကိုပဲ အမျိုးသားက ယူထားပြီးတော့ အရာရာကိုဆုံးဖြတ်သွားမယ်ဆိုရင်တော့ ဘယ်အရာကမှ ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမယ်လို့ မထင်ဘူး။

    အမျိုးသမီးနဲ့ပတ်သက်တဲ့ကိစ္စကို စဉ်းစားရင် ဘယ်အမျိုးသားက ဒီအမျိုးသမီးတွေလောက် သိနိုင်ပါ့မလဲ။ နိုင်ငံရဲ့လူဦးရေတစ်ဝက်ကျော်ကို အမျိုးသမီးက နေပြီးတော့ လွှမ်းမိုးထားတယ်။ လုပ်ငန်းခွင့်ထဲမှာလည်း ဘယ်နေရာမှာပဲကြည့်ကြည့် အမျိုးသမီးတွေက သုံးပုံ နှစ်ပုံလောက်ကို လွှမ်းမိုးထားတယ်။ ဒါပေမယ့် ထိပ်ပိုင်းနေရာလောက်ကိုပဲ အမျိုးသားက ယူထားပြီးတော့ အရာရာကိုဆုံးဖြတ်သွားမယ်ဆိုရင်တော့ ဘယ်အရာကမှ ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမယ်လို့ မထင်ဘူး။

    ဒါကြောင့်လည်း ကျွန်မတို့က အမျိုးသမီး ခေါင်းဆောင်မှုတို့၊ အမျိုးသမီးတွေပါဝင်ခွင့်တို့ကို ထပ်တလဲလဲပြောတယ်။ တစိုက်မတ်မတ် ပြောတယ်။ ကိုယ်တိုင်လည်း ကျင့်တယ်။ ကိုယ့်အဖွဲ့ဝင်တွေကိုလည်း ဒါမျိုးတွေဖြစ်အောင် အမြဲတမ်း လုပ်ပေးနေတယ်။ နမူနာကောင်းအနေနဲ့ Union မှာဆိုရင်လည်း ဒီမိုကရေစီ ယဉ်ကျေးမှုတွေကို ကျင့်သုံးပါတယ်။


    ၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

    ကျွန်မအနေနဲ့ကတော့ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရမ်းကြီး မရောက်လာသေးဘူးလို့ မြင်တယ်။ အမျိုးသမီးတွေကို ဝန်ကြီးရာထူးတွေပေးတာတွေ ရှိပေမယ့် အမျိုးသားတွေက အဲ့ဒီနေရာတွေကို လုပြီးတော့ ယူထားတုန်းပဲ။ အမျိုးသမီးတွေက ဒီထက်လုပ်နိုင်စွမ်းတွေ ရှိတယ်။ လုပ်နိုင်နေတာ ကိုလည်း အားလုံးမြင်နေရတယ်။ ဒါပေမယ့် တကယ်ဆုံးဖြတ်ချက်ချတဲ့နေရာမျိုးမှာ အမျိုးသမီးတွေ သိပ်မရှိနေဘူး။ အမျိုးသားတွေ လွှမ်းမိုးနေတုန်းပဲ။

    လက်ရှိမှာတော့ အရပ်ဖက်အဖွဲ့အစည်း တော်တော်များများမှာ   အမျိုးသမီး တွေ အသံပိုပြီးကျယ်ကျယ်ထုတ်လာနိုင်တယ်။ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေဟာ ကိုယ်ဘာလုပ်ရမလဲ ဆိုတာကို အချိန်နဲ့တပြေးညီဆုံးဖြတ်ပြီးတော့ လုပ်နေလာနိုင်တယ်။ အစိုးရပိုင်းမှာတော့ သိပ်ပြီး အားရ ကျေနပ်လောက်တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနေတာ မတွေ့ရသေးပါဘူး။
     

    ၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

    နံပါတ်တစ်က အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသမီးမပါဝင်နေတာကို လက်ခံနေတာကြောင့်ပါ။ နံပါတ်နှစ် ကတော့ အမျိုးသမီးတွေ မပါဝင်နိုင်အောင် စည်းမျဥ်းစည်းကမ်းတွေကလည်း ဟန့်တားထားတာကြောင့်ပါ။ ဥပမာအနေနဲ့  ဝန်ကြီးရာထူးရွေးတဲ့အခါမျိုးမှာ ဒီလိုရာထူးမျိုးနဲ့ ကိုက်တဲ့အမျိုးသမီးတွေ ရှိတယ်။

    ဒါပေမယ့် အမျိုးသမီးတွေကို ဒုဝန်ကြီးလိုနေရာမျိုးမှာထားပြီး အမျိုးသားတွေက ဝန်ကြီးတက်ယူတာမျိုး မြင်နေရပါ တယ်။ အမျိုးသမီးတွေ ဝန်ကြီးမဖြစ်ထိုက်ဘူးလားဆိုတဲ့ မေးခွန်းမျိုးကို အမျိုးသမီးတွေကိုယ်တိုင် မေးခွန်း ထုတ်စေချင်တယ်။ ဒီအချိန်မှာ သွေးစည်းညီညွတ်မှုပျက်ပြားတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မဝေဖန်ဘဲ နေလိုက်မယ်ဆို ဘယ်အချိန်မှာ ကျွန်မတို့ပြောကြမလဲ။

    ကျွန်မတို့တုန်းကကျတော့ မသိခဲ့ဘူး။ သိတယ်ဆိုတဲ့အချိန်ကစပြီးတော့ တွန်းလှန်ဖို့လိုပါတယ်။ နောက်တခု က ရာထူးချင်းတူကြတယ်ဆိုကြပါစို့။ ဘာကြောင့် ဒီအမျိုးသမီးဝန်ကြီးတွေကို ဝန်ကြီးယောကျာ်းတွေက ဆရာ လာလုပ်တာလဲ။ ကိုယ်နဲ့မဆိုင်တဲ့နေရာတွေမှာ ဆရာဝင်လုပ်တာတို့ ဝင်ပြောတာတို့ကို မြင်နေရတဲ့အခါ မခံစားနိုင်ဘူး။ အမျိုးသမီးတွေက ဒီထက်ပိုပြီး လုပ်နိုင်ရက်နဲ့ ဘာဖြစ်လို့ ဒီလူတွေက အဲ့လိုမျိုးလာပြီးတော့ အမိန့်ပေနေရတာလဲပေါ့။ အမျိုးသမီးတွေ ကိုယ်တိုင်က ဒါကိုလက်မခံဖို့ လိုပါတယ်။

    ကျွန်မတို့အခုပြန်လည် တည်ဆောက်တယ်လို့ သတ်မှတ်ကြတယ်ဆိုရင် အခုထဲကစပြီးတော့ ဒါတွေကိုအသစ်အနေနဲ့ မွေးဖွားပြီး တော့ သွားစေချင်ပါတယ်။ အားလုံးနိုင်ငံတော်သစ်အတွက် ပြောနေကြတာ ဆွေးနွေးကြတာ ဖြစ်တဲ့အတွက် ကြောင့် အမြင်မတော်တာတွေ မလုပ်သင့်တာတွေကို ကျွန်မတို့က အားမနာတမ်း ပြောဖို့လိုပါတယ်။ ကျွန်မတို့ တွေလည်း ပြောဖို့လိုသလို ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အားနာနာနဲ့ နောက်မဆုတ်ပေးဖို့ လိုပါတယ်။


    ၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

    အမျိုးသမီးခေါင်းဆောင်တွေကို အများကြီးမွေးထုတ်ပေးဖို့လိုသလို နေရာပေးဖို့လည်း လိုပါတယ်။   အဲ့နေရာနဲ့ မထိုက်တန်တဲ့သူတွေ ယူထားတယ်ဆို နေရာဖယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အားလုံး စွမ်းဆောင်ရည် ပြည့်ပြည့်နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခု လူငယ်တွေအများကြီး အလုပ်လုပ်လာကြတယ်။ သူတို့ကို နေရာပေးဖို့ လိုပါတယ်။ ငါတို့နောက်မျိုးဆက်ကို ဘယ်လောက်မွေးမြူထားတယ်၊ နောက်မျိုးဆက်ကို ဘယ် လောက်ပြင်ဆင်ထားတယ်လို့ ပြောကြတယ်ဆိုရင် အခုထဲက နောက်မျိုးဆက်အတွက် ရာထူးတွေ ထားပြီး တော့၊ နေရာပေးသင့်ပြီ။ အဲ့လိုနေရာမျိုးမှာ အမျိုးသမီးတွေ ဘယ်လောက်ပါလာလဲ။

    အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုပြီးတော့ ဘေးဖယ်နေမယ်ဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးပါဝင်မှုက အလုပ်နိုင်ငံရေးမဟုတ်ပဲနဲ့ အပြနိုင်ငံရေးပဲ ဖြစ်လာမှာပါ။

    နောက်တချက်က  နောက်မျိုးဆက်အတွက် ခေါင်းဆောင် (၁၀၀) မွေးထားတယ်ဆိုရင် အမျိုးသမီး (၅၀) ပါပြီလား။ SDG အရဆို ၂၀၃၀ ကြရင် အမျိုးသမီးနဲ့အမျိုးသားက ၅၀/၅၀ ဖြစ်ရမယ်လို့ပြောထားတဲ့အတွက် ready ဖြစ်ပြီလား။ နေရင်းထိုင်ရင်း ဒီလိုစွမ်းရည်တွေက ပြည့်လာမှာ မဟုတ်ဘူး။

    တကယ့်မူဝါဒတွေချမှတ်ပြီး ဖြည့်ကျင့်ပေးထားမှ တကယ်တမ်း အဆင်သင့်ဆိုတဲ့အချိန်ကျရင် သူတို့ကအဲ့နေရာကို တိုးဝင်သွားနိုင်မှာ ဖြစ်ပါတယ်။ လာကြ ဒီနေရာအတွက် ဖွင့်လိုက်ပြီလို့ပြောရင် ၂၀၃၀ ကျရင် အမျိုးသားနဲ့အမျိုးသမီးတန်းတူပဲ ဘယ်နေရာမှာမဆို အမျိုးသမီး ၅၀၊ အမျိုးသား ၅၀ ပြောပေမယ့် အမျိုးသမီးတွေအားလုံးက မီးဖိုချောင်ထဲက မထွက်ကြရဘူး။

    ပညာသင်မှု အခွင့်အရေးတွေက အမျိုးသားတွေကပဲ သာနေတယ်။ နေရာဌာနတွေ အကုန် လုံး အခွင့်အရေးတွေအားလုံးကို အမျိုးသားတွေကပဲ လက်ဝါးကြီးအုပ်ပြီး ယူထားတယ်ဆို အဲ့အချိန်ကျရင် ဘယ်မှာစွမ်းရည်ရှိတဲ့အမျိုးသမီးတွေ ရှိလာနိုင်မလဲ။ ဒါကြောင့် မူဝါဒတွေ သေသေချာချာရေးပြီး အမျိုးသမီး တွေကို ဆွဲတင်မှ ၂၀၃၀ ခုနှစ်ကျရင် အဆင့်တူ၊ တန်းတူဖြစ်မှာ ဖြစ်ပါတယ်။
     

    ၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

    အမျိုးသမီးတွေ တော်တော်များများက နိုင်ငံရေးထဲမှာ ဝင်ပါလာဖို့လိုပါတယ်။ အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုပြီးတော့ ဘေးဖယ်နေမယ်ဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးပါဝင်မှုက အလုပ်နိုင်ငံရေးမဟုတ်ပဲနဲ့ အပြနိုင်ငံရေးပဲ ဖြစ်လာမှာပါ။ ငါတို့ပါတီထဲမှာ အမျိုးသမီးဘယ်နှယောက်ရှိနေတယ်။ ငါတို့ထဲမှာ လွှတ်တော် အမတ်က ဘယ်နှယောက်ရှိနေတယ်။ ငါတို့ထဲမှာ ဝန်ကြီးဘယ်နှယောက်ရှိနေတယ်။ ဒီလိုမျိုး အပြအမည်ခံ သက်သက် မဖြစ်ဖို့လိုပါတယ်။

    နိုင်ငံရေးထဲမှာတော့ အမျိုးသမီးတွေ အများကြီးရှိနေကြတယ်။ နိုင်ငံရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေအများကြီးရှိနေကြတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မရှိနေဘူး ဆိုရင်လည်း မဟုတ်သေးပါဘူး။ တကယ့်နာမည်ကြီးအဖွဲ့အစည်းတွေမှာဆိုရင်လည်း တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးတွေက အများကြီးရှိပေမဲ့ တကယ်တမ်း ဆွေးနွေးကြမယ်ဟေ့၊ သွားကြမယ်ဟေ့ဆို အဲ့အမျိုးသမီးတွေက ကျန်နေခဲ့တယ်။ ဒါမျိုးတွေတော့ အနာဂတ်မြန်မာနိုင်ငံတော်မှာ မဖြစ်စေချင်တော့ဘူး။

    အမျိုးသမီးတွေကလည်း သွားကြပြီဆိုရင် ပါဝါလေးခြုံ၊ ဆံထုံးလေးထုံး ဓာတ်ပုံပဲ အရိုက်ခံပြီးတော့ ပြန်လာလို့မရဘူး။ နိုင်ငံရဲ့အပြောင်းအလဲ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အပြောင်းအလဲ တကယ် ပြောဖို့လိုတယ်။ ပြောမှလည်း ပြင်ကြမှာ၊ မပြောရင် ပြင်မှာမဟုတ်ဘူး။ လုပ်မှာလည်း ရမှာပေါ့။ အဲ့တော့ ဓာတ်ပုံအရိုက်ခံပြီးပြန်မလာနဲ့ showcase  ထဲမှာထည့်ထားတဲ့ အလှပြအရုပ်အဖြစ်မနေနဲ့။ တကယ့်မြေပြင်မှာ လုပ်နေကြတဲ့ အမျိုးသမီးတွေအဖြစ် မြင်ချင်ပါတယ်။ တွေ့ချင်ပါတယ်။


    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
    https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file


    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ

    ရဲဘော် Kharu
    အဖွဲ့ဝင်


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
     

    တိုင်းပြည်ရဲ့စနစ်ကို ပြောင်းလဲဖို့အတွက် အခြေခံပြည်သူလူထုကလည်း အရေးကြီးပါတယ်။ လူထုရဲ့နိုင်ငံအာဏာကို အခြေတည်ပြီး တည်ဆောက်မှသာ ကိုယ်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်တစ်ခု ရောက်လိမ့်မယ်လို့ မြင်ပါတယ်


    ၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါ ရှင့်။

    ကျွန်မတို့မြန်မာပြည်ရဲ့သမိုင်းဖြစ်စဉ်ကိုပြောရမယ်ဆိုရင် ၁၉၄၈မှာ လွတ်လပ်ရေးရခဲ့တယ်။ သို့ပေမဲ့ ၁၉၄၇ ပင်လုံစာချုပ်ထဲကအတိုင်း ပြည်ထောင်စုစနစ်ကို အကောင်အထည်မဖော်နိုင်ခဲ့တော့ တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ခဲ့ကြရတယ်။ အဲ့ဒီချိန်ကစပြီး ပြည်တွင်းစစ်မီးကလည်း တောက်‌လောင်နေခဲ့တာ ဒီနေ့ ဒီအချိန်အထိလို့ ပြောလို့ရပါတယ်။အခုနွေဦးတော်လှန်ရေးမှာလည်း တော်လှန်ရေးရဲ့ လိုအပ်ချက်အရ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ကြတယ်။

    သို့ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကိုပဲ အမြဲတမ်းလိုအပ်နေ သေးတယ်ဆိုရင် တိုင်းပြည်ကတော့ ပြန်ကောင်းလာနိုင်တဲ့ အလားအလာမရှိဘူး။ တိုင်းပြည်ကလည်း အစိတ်စိတ်အမွှာမွှာဖြစ်နေပြီးတော့ ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ကလည်း စီးပွားရေး၊ လူမှုရေး၊ အဘက်ဘက်ကနေပြီးတော့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

    လက်ရှိမှာ စစ်ကောင်စီကတော့ စစ်‌‌ရေးအရ‌ရော၊ နိုင်ငံရေးအရ‌ပါ တော်လှန်ရေးအင်အားစုတွေကပေးတဲ့ ဖိအားတွေ၊ ဒဏ်တွေကို ရင်ဆိုင်နေကြရတယ်။ စစ်တပ်ကို နိုင်ငံရေးအရ ထွက်ပေါက်ပိတ်တယ်ဆိုရင် ကျွန်မ တို့တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံ‌ရေးထွက်ပေါက်ကရော ဘာလဲ။  စစ်နိုင်တိုက်ရေးကို ရွေးချယ်ကြမယ် ဆိုရင် တော်လှန်ရေးက တော်တော်လေးကို ကြန့်ကြာနေဦးမယ်လို့လည်း ယူဆမိတယ်။

    တစ်ဖက်နဲ့တစ်ဖက် အပြီးအပြတ် မရှင်းလင်းနိုင်ခဲ့လို့ ဒီနေ့ဒီအချိန်ထိ နှစ်ပေါင်း (၇၀) ကျော်က ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့စနစ်ကို ပြောင်းလဲဖို့က အခြေခံပြည်သူလူထုကလည်း အရေးကြီးတယ်။ လူထုရဲ့ နိုင်ငံရေးအာဏာကို အခြေတည်ပြီးတည်ဆောက်မှသာ ကိုယ်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်တစ်ခုကို ရောက်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
     

    ၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည်ဆောက် သင့်ပါသလဲ။

    လက်ရှိတိုင်းရင်းသားပြည်သူလူထု ပြောနေကြတဲ့ နိုင်ငံရေးအိပ်မက်က ဖက်ဒရယ်ဒီမိုကရေစီစနစ်ပဲ ဖြစ်ပါတယ်။ ဒီစုစနစ်ကိုတည်ဆောက်တဲ့အခါမှာ ဒီမိုကရေစီရဲ့စံတန်ဖိုး၊ အနှစ်သာရကို အခြေခံရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရလို့ပြောလိုက်တာနဲ့ လူ့အခွင့်အရေး၊ ကျား၊ မတန်းတူရေး၊ လူမှုတရား မျှတမှု၊ လွတ်လပ်မှုတွေ ပါဝင်တယ်။ ဒါက ပြည်သူလူထုရဲ့ဆန္ဒပဲ ဖြစ်တယ်။

    ပြည်သူလူထုရဲ့ဆန္ဒအတိုင်း တိုင်းပြည်ရဲ့စနစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရတာ ဖြစ်ပါတယ်။  တိုင်းပြည်တည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေ လိုချင်တဲ့နိုင်ငံရေးစံတန်ဖိုးတွေ အခြေမခံနိုင်တဲ့ကာလပတ်လုံး ကျွန်မတို့တိုင်းပြည်ဟာ ဘယ်တော့မှာငြိမ်းချမ်းမှာ မဟုတ်ပါဘူး။
     

    ၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

    စုံလင်ကွဲပြားတယ်ဆိုတာ အရေးကြီးတယ်ဆိုတာထက် ပိုပါတယ်။ လူ့အဖွဲ့အစည်းဆိုတာ ဘယ်တော့မှ ထပ်တူကျမနေပါဘူး။ အမြဲတမ်း စုံလင်ကွဲပြားနေပါလိမ့်မယ်။ စုံလင်ကွဲပြားနေခြင်းအပေါ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ဒီမိုကရေစီစနစ်က အရေးကြီးပါတယ်။ တော်လှန်ရေးနဲ့ နိုင်ငံရေးတည်ဆောက်တဲ့အချိန်မှာလည်း အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့အခြေအနေတွေမှာ ပါဝင်ခွင့်ရှိကိုရှိရပါမယ်။

    အမျိုးသမီးတွေရဲ့ အခွင့်အရေး ခံစားမှုတွေကို အမျိုးသမီးတွေကိုယ်တိုင်ကပဲသိနိုင်ပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို နားလည်ကောင်းနားလည်ပေမဲ့ ကျွန်မတို့အမျိုးသမီးတွေ ကိုယ်တိုင်လောက် နားလည်မှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်ရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့ခံစားချက် ကိုယ့်ရဲ့ရပ်တည်ချက် အကုန်လုံးကို သိနိုင်၊ ပြောနိုင်တဲ့အတွက်ကြောင့် နိုင်ငံရေးမှာဆုံးဖြတ်ချက်ချနိုင်တဲ့ကဏ္ဍတွေမှာ ပါဝင်ဖို့ တော်တော်လေးကို အရေးကြီးပါတယ်။

    ၂၀၁၄ သန်းခေါင်စာရင်းအရကြည့်မယ်ဆိုရင် အမျိုးသမီးရာခိုင်နှုန်းက အမျိုးသားထက် ထက်ဝက်ကျော် ရှိပါတယ်။ အမျိုးသမီးတွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးကလည်း လူထုတော်လှန်ရေးဆိုပြီး  ဖြစ်လာစရာအကြောင်း မရှိဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီး တွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးက ဒီနေ့အချိန်ထိ အားကောင်းနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အမျိုးသမီး တွေအနေနဲ့ တော်လှန်ရေးမှာပါဝင်ဖို့ အလွန်အရေးကြီးသလိုမျိုး တော်လှန်ရေးကိုမောင်းနှင်နေတဲ့ ဦးဆောင်တဲ့ အခန်းကဏ္ဍတွေမှာ ပိုပြီးပါဝင်လာဖို့လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။

    အမျိုးသမီးတွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးကလည်း လူထုတော်လှန်ရေး ဆိုပြီး  ဖြစ်လာစရာအကြောင်း မရှိဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးက ဒီနေ့အချိန်ထိ အားကောင်းနေမှာ မဟုတ်ပါဘူး။


    ၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ် လောက်အထိ ရရှိနေပြီလဲ။

    ကျွန်မတို့အမျိုးသမီးတွေက တော်လှန်ရေးကို ဦးဆောင်တဲ့အခန်းကဏ္ဍတွေမှာ ပါဝင်နှုန်းက ဒီကနေ့အချိန် အထိ တော်တော်လေးတော့ နည်းပါးနေသေးပါတယ်။ အခုလက်ရှိ နွေဦးတော်လှန်ရေးကို ကြည့်မယ်ဆိုရင် NUG အစိုးရဘက်မှာ အမျိုးသမီးတွေပါဝင်မှုက ရာခိုင်နှုန်းအားဖြင့်အရမ်းကိုနည်းနေသေးသလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တခြားတော်လှန်ရေးအင်အားစုတွေမှာလည်း အမျိုးသမီးပါဝင်မှုက အရမ်းကို နည်းပါးနေပါသေးတယ်။

    အကြောင်းတရားကတော့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ စိတ်ဝင်စားမှုက အလွန်နည်းနေသေးပါတယ်။ ဒါက လက်ခံရမယ့်အရာတစ်ခုပဲ ဖြစ်တယ်။ တော်လှန်ရေးမှာ စိတ်ဝင်စားမှုက အမျိုးသားတွေထက်တောင် ပိုနည်းတယ်။ အဲ့တော့ ကျွန်မတို့အနေနဲ့ ဒါကိုကြိုးပမ်းဖို့ လိုပါတယ်။
    တော်လှန်ရေးကာလမှာပဲဖြစ်ဖြစ်၊ တော်လှန်ရေးအလွန်ကာလမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေး မှာ စိတ်ပါဝင်စားလာအောင် တက်ကြွစွာပါဝင်လာနိုင်အောင် နိုင်ငံရေးအသိပညာတွေ ပိုကြွယ်ဝလာအောင် အမျိုးသမီးအစုအဖွဲ့အနေနဲ့ ပိုပြီးကြိုးစားဖို့ လိုအပ်တယ်။

    အမျိုးသမီးတွေက အရည်အချင်းရှိလာမယ်ဆိုရင် ဦးဆောင်မှုအခန်းကဏ္ဍကို ရောက်ကို‌ရောက်လာကြပါလိမ့်မယ်။ နောက်ထပ်အကြောင်းအရာတစ်ခုက အရိုးစွဲ နေတဲ့ မဟာဖိုဝါဒကြီးစိုးမှု ကြောင့်ပါ။ ဒီနေ့ဒီအချိန်ထိ လူ့အဖွဲ့အစည်းက ဖိုဝါဒကို လက်ခံကျင့်သုံးနေကြဆဲ ဆိုတာကို လုံးဝငြင်းလို့ မရဘူး။

    အဲ့ဒီအမြစ်တွယ်နေတဲ့ မဟာဖိုဝါဒကြီးစိုးနေတာတွေကိုပါ တော်လှန်ရေးမှာ တခါထဲ အာဏာရှင်စနစ်နဲ့အတူ တိုက်ဖျက်သွားဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေကို ဘာသာရေးအရ၊ နိုင်ငံရေးအရ ဖိနှိပ်နေတာတွေကို ပြောင်းလဲပေးဖို့ လိုအပ်သလိုမျိုးပဲ ကျွန်မတို့အမျိုးသမီးကိုယ်တိုင်ကလည်း ပိုပြီးကြိုးစားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။
     

    ၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါ သလဲ။

    အဟန့်အတားကတော့ နိုင်ငံရေးသမားတွေ ကိုယ်တိုင်ကိုက အမျိုးသမီးတွေအပေါ် ယုံကြည်မှု အားနည်းနေသေးတယ်လို့ပဲ မြင်တယ်။ နိုင်ငံရေးအဝန်းအဝိုင်းထဲမှာ ရှိနေတဲ့သူတွေကသာ အမျိုးသမီးတွေအပေါ်မှာ ပိုပြီးယုံကြည်မှုရှိလာမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ ဦးဆောင်တဲ့အခန်းကဏ္ဍတွေမှာ ပိုပြီးပါဝင်လာနိုင်ပါ လိမ့်မယ်။ အမျိုးသမီးတွေအနေနဲ့ကလည်း နိုင်ငံရေးအရ ကိုယ့်ကိုကိုယ် ပိုပြီးတော့ ယုံကြည်မှု ရှိလာလိမ့်မယ်။ ကျွန်မတို့အမျိုးသမီးတွေထဲမှာလည်း နိုင်ငံရေးမှာ အမှန်တကယ် စိတ်ဝင်စားပြီး စိတ်အားထက်သန်တဲ့သူတွေ အများကြီးရှိပါတယ်။

    နိုင်ငံတကာမှာ ကြည့်မယ်ဆို ကျွန်မတို့နိုင်ငံသား အမျိုးသမီးပညာရှင်တွေ အများကြီး ရှိပါတယ်။ ဘယ်လိုအရာမျိုးတွေက အဟန့်အတားသလဲဆိုတော့  ဘာသာရေးအရ  ခွဲခြားတာတွေလည်း ရှိတယ်။ ဥပမာ မာဃဓသုတ်မှာပါတဲ့ ဇနီးကျင့်ဝတ်ထဲမှာဆိုရင် အမျိုးသမီးတွေဆိုရင် အိမ်ထောင်ပြုရမယ်။ ကလေးမွေးရမယ်။ ပစ္စည်းဥစ္စာထိန်းသိမ်းရမယ်။

    အဲ့လိုမျိုးတွေကို အရင်ခေတ်ကတည်းကနေ လက်ရှိအချိန် အထိ လက်ခံကျင့်သုံးလာတာတွေကြောင့်ရယ်၊ အမျိုးသမီးတွေကိုယ်တိုင်ကလည်း နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားမှုအားနည်းနေတာတွေရယ်၊ နိုင်ငံရေးအဝန်းအဝိုင်းထဲမှာရှိနေတဲ့ နိုင်ငံရေးသမားတွေကိုယ်တိုင်က အမျိုးသမီးတွေအပေါ် ယုံကြည်မှုအားနည်းနေသေးတာစတဲ့ အဟန့်အတားတွေကြောင့်ပဲ ဖြစ်တယ်။ အမျိုးသမီးတွေကသာ နိုင်ငံရေးကို စိတ်အားထက်သန်စွာနဲ့လုပ်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်လှန်ရေးမှာ တော်တော်ကြီးမားလာလိမ့်မယ်လို့ ထင်ပါတယ်။
     

    ၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

    လူ့အဖွဲ့ အစည်းထဲမှာ အမျိုးသမီးတွေကို ဘာသာရေးအရ၊ နိုင်ငံရေးအရ ဖိနှိပ်နေတာတွေကို ပြောင်းလဲပေးဖို့ လိုအပ်သလိုမျိုးပဲ ကျွန်မတို့အမျိုးသမီးကိုယ်တိုင်ကလည်း ပိုပြီးကြိုးစားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။

    တချို့နိုင်ငံတွေရဲ့နိုင်ငံရေးဖြစ်စဉ်တွေမှာဆိုရင် အမျိုးသမီးတွေကအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်လို့ သတ်မှတ်ချက်တွေရှိတယ်။ ကျွန်မတို့တိုင်းပြည်တည်ဆောက်ရေးမှာလည်း အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာဖို့ ကြိုးပမ်းသင့်တယ်။ ကျွန်မတို့လုပ်ရမှာက အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားလာအောင် နိုင်ငံရေးအသိပညာတွေ ကြွယ်ဝလာအောင် လုပ်ရလိမ့်မယ်။

    အမျိုးသမီးတွေအနေနဲ့  နိုင်ငံရေးမှာစိတ်ဝင်စားလာပြီဆိုရင် တိုင်းပြည်တည်ဆောက်ရေးမှာလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာကို ရောက်လာဖို့အတွက် အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးနိုင်ငံရေးသမားတွေလည်း ရွေးကောက်ပွဲကို ဝင်ရလိမ့်မယ်။ ရွေးကောက်ပွဲဝင်ပြီးသွားရင် အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ရွေးချယ်လာအောင် ယုံကြည် လာအောင် ကျွန်မတို့ ကြိုးစားရလိမ့်မယ်။

    ရှေးယခင်ကတည်းက ခွဲခြားဆက်ဆံခဲ့တာတွေကို မသိကျိုးကျွံ ပြုပြီး အခုချိန်မှာမှ အမျိုးသမီးတွေသာ အရည်အချင်းရှိရင် စင်ပေါ်ရောက်လာလိမ့်မယ်လို့  လက်လွတ်စပယ် ပြောလို့မရဘူး။  အဲ့လိုပြောရင် ခြေထောက်တစ်ဖက်ကို ရိုက်ချိုးပြီးတော့ လာအတူတူ အပြေးပြိုင်ကြမယ်လို့ ပြောနေတာမျိုးဖြစ်နေမှာပေါ့။ နိုင်ငံရေးသမားတွေအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို အလေးထားပေးပြီးတော့ ဆွဲခေါ်သင့်တယ်။

    ဒါမှပဲ အမျိုးသမီးတွေက နိုင်ငံ‌ရေးမှာ ရာခိုင်နှုန်းအားဖြင့် ပိုပြီးတော့ ပါဝင် လာနိုင်လိမ့်မယ်။ ဒါမှမဟုတ်ပဲ နင်တို့အရည်အချင်းရှိရင် ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆတွေနဲ့ပဲ ဆက်ပြီး ဖိနှိပ်နေမယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေက မမျှတဲ့အပြေးပြိုင်ပွဲတစ်ခုမှာ ပြေးနေရတဲ့ပုံစံမျိုးဖြစ်နေမှာ ဖြစ်ပါတယ်။
     

    ၇။ လူ့အခွင့်အရေးရှုထောင့်အရ တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ ဘယ်လိုပုံစံနဲ့ ချိုးဖောက် ခံနေရတာတွေ ရှိပါသလဲ။

    ဒီတော်လှန်ရေးမှာ စစ်ကောင်စီ သာမက တချို့တော်လှန်ရေးအင်အားစုတွေကပါ ကျွန်မတို့အမျိုးသမီးတွေ အပေါ် လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပြင်၊ မုဒိန်းမှု စတာတွေကို ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ရင်ဆိုင်ခံစားနေကြရပါတယ်။ စစ်ကောင်စီတပ်ကပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစု ကပဲဖြစ်ဖြစ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အမျိုးသမီးတွေ ရှိပါတယ်။

    အမျိုးသမီးတွေ အနေနဲ့ အခွင့်အရေးချိုးဖောက်ခံလာရပြီဆိုရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးနိုင်တဲ့ ဥပဒေ တစုံတရာ မရှိသလို၊ ဘယ်အဖွဲ့အစည်းကို သွားပြီးတော့ တိုင်ကြားရမလဲ၊ အကူအညီတောင်းခံရမလဲ ဆိုတာတွေက ခုလက်ရှိမြေပြင်မှာ ရှိမနေပါဘူး။  အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ကျွန်မတို့ အဖွဲ့အစည်းကို လာရောက်ဆက်သွယ်ပြီး ရင်ဖွင့်တိုင်ကြားခဲ့တာတွေရှိခဲ့တယ်။ကျွန်မတို့အနေနဲ့လည်း NUG ရဲ့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို တိုင်ကြားခဲ့ပေမဲ့ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။

    ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်လုံးဝမရှိစေရ ဆိုတဲ့အတိုင်း ထိထိရောက်ရောက်အပြစ်ပေးအရေး ယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။ ဒါမှမဟုတ်ပဲ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်တစုံတရာ အရေးယူမှု မရှိပဲ လွှတ်ထားလိုက်ရင် ကျူးလွန်သူကို နောက်တစ်ကြိမ် ကျူးလွန်ဖို့ အခွင့်အရေးပေးလိုက်သလိုမျိုး ဖြစ်သွားပါလိမ့်မယ်။အာဏာမသိမ်းခင်ကာလမှာတုန်းကလည်း ကျွန်မတို့အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးက စိတ်ချတဲ့ အနေအထားတခုမှာ ရှိမနေခဲ့တဲ့အပြင် ယခုအာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် ပိုမိုဆိုးရွားလာပါတယ်။

    ဒါကြောင့် ကျွန်မတို့အမျိုးသမီးတွေအတွက် လာမဲ့အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လူ့အခွင့်အရေးခံစားမှုတွေ ရရှိလာဖို့အတွက် တော်လှန်ရေးကာလမှာရော၊ တော်လှန်ရေးအလွန်ကာလမှာရော ဘယ်လိုအစီအမံတွေချပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ NUGက သက်ဆိုင်ရာဌာနတွေအပြင် အမျိုးသမီး အဖွဲ့အစည်းတွေအနေနဲ့လည်း ဆွေးနွေးဆောင်ရွက်ကြဖို့လိုပါတယ်။
     

    ၈။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

    အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်လုပ်ဆောင်လို့ရမယ်ဆိုရင် တိုင်းပြည်အနေနဲ့ ပိုပြီးတော့ နိုင်ငံရေးအရင်းအမြစ်တွေ ကြွယ်ဝလာလိမ့်မယ်။ တိုင်းပြည်တစ်ခုမှာ အမျိုးသားရေးရာကိစ္စတွေဘဲ ရှိနေတာ မဟုတ်သလို အမျိုးသားတွေဘဲ ရေးရာကိစ္စတွေကို ဆောင်ရွက်နိုင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတွေရဲ့အရေး ဖြစ်တယ်။ အဲ့ဒီလူတွေထဲမှာ အမျိုးသားရော၊ အမျိုးသမီးတွေကရော ပါဝင်နေပါတယ်။

    အနည်းဆုံး အမျိုးသမီးတွေရဲ့ ရေးရာကိစ္စရပ်တွေကို နိုင်ငံရေးအရ မူဝါဒချမှတ်တဲ့အခါမှာ အမျိုးသမီးတွေ ပါဝင်ဖို့လိုပါတယ်။ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှပဲ နိုင်ငံရေးအလုပ်တွေကို ပိုမိုလုပ်ဆောင် လာနိုင်ပြီးတော့ လူ့စွမ်းအားအရင်းအမြစ်ကလည်း ပိုပြီးရရှိလာမှာ ဖြစ်ပါတယ်။ 

    အမျိုးသမီးတွေက နိုင်ငံရေး မှာ အမျိုးသားတွေနဲ့ တန်းတူရာခိုင်နှုန်းအားဖြင့် ပိုမိုပါဝင်လာနိုင်မှသာလျှင် အမျိုးသမီးတွေကို လူ့အဖွဲ့အစည်း ကလည်း ပိုပြီးတော့အသိအမှတ်ပြုလာနိုင်လိမ့်မယ်။ ဖိုဝါဒကြီးစိုးရေးအယူအဆတွေကလည်း ပိုပြီးပပျောက် လာလိမ့်မယ်။ တန်းတူညီမျှမှုတွေ၊ တရားမျှတမှုတွေ တိုးတက်ကောင်းမွန်လာမယ်လို့ ထင်မြင်မိပါတယ်။
     

    ၉။ ဖြည့်စွက်ချက်။ 

    နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးပဲ ဖြစ်တယ်။ လူထုဆိုတဲ့အဝန်းအဝိုင်းထဲမှာ ကျွန်မတို့ အမျိုးသမီး တွေ ရာခိုင်နှုန်းကလည်း အများကြီး ပါဝင်နေကြတယ်။ အဲဒီတော့ လူထုတော်လှန်ရေးစစ်စစ်ဖြစ်ဖို့အတွက်၊  တော်လှန်ရေးအောင်မြင်ဖို့အတွက် ကျွန်မတို့အမျိုးသမီးတွေ အခန်းကဏ္ဍက တော်တော်လေးကြီးမားပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း နိုင်ငံရေးမှာ ပိုပြီးစိတ်ဝင်စားသင့်တယ်။

    တော်လှန်ရေးမှာ အမျိုးသား တွေနဲ့တန်းတူပိုပြီး ကောင်းမွန်တဲ့အင်အားတွေနဲ့ ပါဝင်လာသင့်တယ်လို့ မြင်တယ်။ လက်ရှိတော်လှန်ရေးမှာ ဦးဆောင်ပါဝင်တဲ့သူတွေအနေနဲ့လည်း အမျိုးသမီးတွေကို ဒီထက်ပိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ အခွင့်အရေးတွေ ပေးပြီးတော့ ဆွဲခေါ်သင့်ပါတယ်။ ဒီပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကနေ ဝိုင်းဝန်းပြီး ထောက်ပံ့ပေးဖို့ အားပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။


    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
    https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ

    ဒေါ်ဇူးပဒုမ္မာ
    အတွင်းရေးမှူး(၁)

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။

    အမျိုးသမီးတွေအပေါ်မှာ အမျိုးသမီးအပါအဝင် တခြားသောအစုအဖွဲ့အားလုံး ခွဲခြားဆက်ဆံမှုမျိုး မဖြစ်အောင် ဖွဲ့စည်းပုံအရ အာမခံချက်ပေးရမှာ ဖြစ်ပါတယ်။

    ၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

    လက်ရှိအခြေအနေအရကို ပြောရမယ်ဆိုရင် တော်လှန်ရေး ၃ နှစ်ဝန်းကျင် ရှိလာတဲ့အချိန်မှာ လူထုပါဝင်မှု အားကောင်းဆဲဖြစ်ခြင်းဟာ တော်လှန်ရေးရဲ့ အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးတော့ ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ (၁၀၀) ရာခိုင်နှုန်းကျဆုံးသွားခြင်း မရှိသေးတာက ဒီတော်လှန်ရေးရဲ့ အအောင်မြင်ဆုံးကိစ္စဖြစ်တယ်လို့ ပြောလို့ရနိုင်ပါတယ်။

    နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ကြည့်လိုက်တဲ့အခါမှာ နယ်မြေတွေထိန်းနိုင်တဲ့ အနေအထားမျိုးတွေ ကိုယ့်ရဲ့အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒီထက်ပိုပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ပါဝင်လာနိုင်မယ် ဆိုရင် အောင်မြင်မှု ပိုရမယ်လို့ မျှော်လင့်ပါတယ်။

    တဖက်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေ ပိုပြီးအကြမ်းဖက်ခံရတယ်။ ပိုပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်လာတယ်။ တရားဥပဒေစိုးမိုးရေးတွေ မရှိဘူး။ အထူးသဖြင့် စီးပွားရေးတွေ ချွတ်ခြုံကျပြီးတော့ အများစုက ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေရတယ်။ လူငယ်အမျိုးသမီးတွေ အများကြီး ဒုက္ခဆင်းရဲရောက်ကြရတယ်။

    နောက်တချက်က နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် တော်လှန်ရေး ဘုံရည်မှန်းချက် ပျောက်နေတယ်လို့ မြင်မိတာရှိတယ်။ ဆိုလိုတဲ့သဘောက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ အကြမ်းအားဖြင့် ပြောပေမယ့် ဘယ်လိုမျိုး တည်ဆောက်မှာလဲ ဆိုတာကို ကျွန်မတို့ဆက်ပြီး ဆွေးနွေးနေရဆဲဖြစ်ပြီး ဒီဘုံအောက်မှာ ရည်မှန်းချက်တွေ မတူညီနေကြသေးဘူးလို့တော့ မြင်ပါတယ်။

    ဒါကြောင့် တော်လှန်ရေး နည်းနည်း နှောင့်နှေးနေသလားလို့ မြင်မိတာ ရှိပါတယ်။ ဥပမာဆိုရင် ဘုံရည်မှန်းချက်လို့ပြောရင် ကျွန်မတို့က ရွေးကောက်ပွဲရလဒ်ကိုပဲ ပြန်ပြီး အသက်သွင်းမှာလား၊ စနစ်ပြောင်း တော်လှန်ရေးကို လုပ်မှာလားဆိုတဲ့ မေးခွန်းတွေ အများကြီးရှိတယ်။

    ကျွန်မတစ်ယောက်ထဲအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့က စနစ်ကိုပြောင်းလဲရမှာ ဖြစ်ပါတယ်။ ၂၀၀၈ အောက်ကနေ ဆက်သွားလို့မရဘူး။ ဖွဲ့စည်းပုံအသစ်၊ နိုင်ငံတော်အသစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါထက်အရေးကြီးတာက စစ်အာဏာရှင်၊ အာဏာရှင်တွေကို ပံ့ပိုးနေတဲ့ ဖိုဝါဒကြီးစိုးမှုကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။

    ဒီလူမျိုးကြီးဝါဒတွေ၊ ဖိုဝါဒကြီးစိုးမှုတွေကို တပြိုင်နက်ထဲ မတိုက်ဖျက်နိုင်ရင် တော်လှန်ရေးက အဆုံးသတ်မှာ မဟုတ်ဘူး။ ဒါကြောင့် စနစ်ပြောင်းတော်လှန်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ကို အားပေးတဲ့လူမျိုးကြီးဝါဒ၊ ဖိုဝါဒတွေကို တိုက်ဖျက်ဖို့ အရေးတကြီးလိုအပ်တယ်လို့ ကျွန်မရဲ့အမြင်ကို ဖလှယ်ချင်ပါတယ်။
     

    ၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

    ကျွန်မတို့တည်ဆောက်ချင်တာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်မတို့ချည်းကပ်ရမယ့် ဖက်ဒရယ် approach တွေ အများကြီးရှိတာပေါ့နော်။ ဥပမာဆိုရင် ကျွန်မတို့လက်ရှိ ကရင်နီမှာ အုပ်ချုပ်ရေးယန္တရားကို bottom up approach နဲ့ ချည်းကပ်ပါတယ်။ ဒါပေမယ့်လည်း အားလုံးကိုခြုံပြီး ပြောရမယ်ဆိုရင် လူထုကိုမျက်နှာမူတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လိုတယ်။ နိုင်ငံရေးမှာ လူထုသာလျှင် အမြင့်ဆုံး အာဏာရှိတဲ့သူဖြစ်ရမယ်။ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးအဝန်းအဝိုင်းကိုသာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

    နောက်တခုက ကျွန်မတို့ လူမှုပတ်ဝန်းကျင်၊ အုပ်ချုပ်ရေးယန္တရားနဲ့ အနာဂတ်နိုင်ငံတော်ကို  တည်ဆောက်တဲ့အခါမှာ လူမှုတရားမျှတမှုကို အခြေတည်တဲ့ လုပ်ဆောင်မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး နိုင်ထက်စီးနင်းပြုတာတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပြီး နိုင်ငံကိုတည်ဆောက်မယ်ဆိုရင် အခြေခံ အုတ်မြစ် ကောင်းလိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။
     

    ၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန် ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေ ပါဝင်ဖို့ လိုပါသလဲ။

    ကျွန်မတို့က intersectional approach နဲ့ သွားရမှာ ဖြစ်တယ်။ နိုင်ငံတည်ဆောက်တဲ့အခါမှာ အခုလက်ရှိ နိုင်ငံရေးမှာရော ဟိုးအရင်တုန်းကရော တိုင်းရင်းသားတွေက အားလုံးပါဝင်ရေးကို အများကြီးပြောခဲ့ကြတယ်။ အားလုံးလို့ပြောတဲ့အခါမှာ နိုင်ငံရေးကိုယ်စားပြုခွင့်ကတော့ အားလုံးသာတူညီမျှ၊ တန်းတူညီမျှမှု ရရမှာ ဖြစ်ပါတယ်။

    intersectional approach အနေနဲ့ အလွှာပေါင်းစုံက လူထုတွေပါဝင်တဲ့ ချည်းကပ်မှုမျိုး၊ အလွှာပေါင်းစုံက စုံလင်ကွဲပြားတဲ့လူတွေ ပါဝင်ရလို့ ရတဲ့အခင်းအကျင်းဖြစ်မှသာ အားလုံးပါဝင်ရေး ဖြစ်တယ် လို့ ပြောရမှာ ဖြစ်ပါတယ်။လူနည်းစု တိုင်းရင်းသားတွေ ပါရမယ်။ LGBT တွေပါရမယ်။ ပြီးတော့ အမျိုးသမီးတွေ ပါရမယ်ပေါ့။ ပြီးရင် တခြားနည်းနဲ့ သန်စွမ်းတဲ့သူတွေ ပါရမယ်။ စသဖြင့် အလွှာတိုင်းမှာ ကျွန်မတို့က တစ်လွှာချင်းစီကို ကြည့်ပြီးတော့ ပါဝင်မှုကို intersectional approach နဲ့လုပ်ရမှာ အရမ်းအ‌ရေးကြီးတယ်လို့ မြင်တယ်။

    တပြိုင်နက်ထဲ အမျိုးသမီးတွေက ဘာကြောင့်နိုင်ငံရေးမှာ ပါဝင်ရမလဲဆိုတာကိုလည်း ဆက်စပ်ပြီးတော့ ပြောချင်ပါတယ်။ နံပါတ်တစ်က ဒီမိုကရေစီအရကြည့်မယ်ဆို လူဦးရေအများစု ဖြစ်ပါတယ်။ နံပါတ်နှစ် ကတော့ ကျွန်မတို့တိုင်းပြည် အပြောင်းအလဲဖြစ်တဲ့အခါတိုင်းမှာ အမြဲတမ်း ထိခိုက်နစ်နာမှုအများဆုံးအုပ်စုက အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ မြင်ရတယ်။လက်ရှိအခြေအနေမှာလည်း မြင်ရတာပေါ့နော်။ ဒီထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ပါဝင်မှု မရှိဘူးဆိုရင်တော့ အားလုံးပါဝင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်။
     

    ၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

    အာဏာသိမ်းပြီးနောက်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာတော့ အမျိုးသမီးပါဝင်မှု က  အတိုင်းအတာတစ်ခုအထိ ပိုပြီးနေရာရလာတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ပါဝင်မှုရတာနဲ့ ဆုံးဖြတ်ချက် ချခွင့်နဲ့က အားလုံးကမတူနေဘူးဆိုတာ သတိချပ်ဖို့ လိုအပ်တယ်လို့ ကျွန်မကတော့ ထင်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေပါဝင်မှု ရရှိလာတာနဲ့တပြိုင်နက်ထဲ ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် အများကြီးလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

    နောက်တစ်ခုက ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်တဲ့နေရာတွေက ကြည့်မယ်ဆို  ပညာ‌ရေး၊ ကျန်းမာရေး၊ တခြားသော လူသာချင်းစာနာထောက်ထားရေး စသဖြင့် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပိုင်းမှာ ပိုပြီးပါဝင်ရတာများတယ်လို့ မြင်ပါတယ်။ ဥပမာ - နိုင်ငံရေးအရ မြန်မာပြည်ရဲ့ အနာဂတ်ပညာရေးစနစ်ကို ဘယ်လိုမျိုးတည်ဆောက်မလဲ ဆိုတဲ့ လုပ်ငန်းမျိုးတွေ အနာဂတ်မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်ကို ဘယ်လိုမျိုးလုပ်မလဲ၊ ဘယ်လိုချည်းကပ် လုပ်ဆောင်မလဲဆိုတဲ့ ဒီ decision   structure building    တွေနဲ့ ပတ်သက်ရင်တော့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ  အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ခွင့်ရမှု အားနည်းတုန်းဆိုတာ တွေ့ရပါတယ်။
     

    ၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

    နိုင်ငံရေးစနစ်က အဟန့်အတားအကြီးမားဆုံး ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်က အမျိုးသမီးတွေပါဝင်ဖို့ စနစ်တကျကို ကန့်ကွက်ထားတာမျိုး၊ စနစ်တကျကို ပိတ်ပင်တဲ့အနေအထားမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် အကြီးမားဆုံး အဟန့်အတားဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။ ဆိုလိုတာက မူဝါဒတွေ ဖွဲ့စည်းပုံတွေအရကို အမျိုးသမီးတွေပါဝင်ဖို့ ကန့်သတ်ထားတာမျိုး ရှိပါတယ်။

    တပြိုင်နက်ထဲကို ဒီစနစ်ကို အားပေးစေတဲ့ လူမှုစံနှုန်းတွေ၊ လူမှုပတ်ဝန်းကျင်တွေ၊ ဘာသာရေးတွေ၊ စတာတွေက ဖိုဝါဒကြီးစိုးဖို့ကို ပိုပြီးအားပေးတဲ့ အပြုအမူတွေ၊ အလေ့အကျင့်တွေ၊ အယူဝါဒတွေကို ဖြစ်စေတာပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု စတဲ့လုပ်ငန်းတွမှာ ပါဝင်ဖို့ နံပါတ်တစ်အနေနဲ့ စနစ်အရကို ကန့်ကွက်နေတာ၊ နှစ်ကတော့ လူမှုစံနှုန်းတွေကနေပြီးတော့ ကန့်ကွက်နေတာလို့ မြင်ပါတယ်။
     

    ၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

    အမျိုးသမီးတွေကိုပါဝင်မှုကို အားပေးဖို့အတွက် အခြေခံမူဝါဒတွေ လိုပါတယ်။ အမျိုးသမီးတွေအပေါ်မှာ အမျိုးသမီးတွေအပါအဝင် တခြားသော အစုအဖွဲ့တွေအားလုံး ခွဲခြားဆက်မှုမျိုးမဖြစ်အောင် ဖွဲ့စည်းပုံအရ အာမခံချက် ပေးထားရမှာဖြစ်တယ်။ အမြင့်ဆုံးဥပဒေဖြစ်တဲ့ဖွဲ့စည်းပုံမှာ အာမခံချက်ပေးထားမှ ကျွန်မတို့က ဒီတခြားသောပြည်နယ်အဆင့် အခြေခံဥပဒေတွေ၊ တခြားသော မူဝါဒတွေမှာ ပါဝင်လာမယ်လို့ ကျွန်မက ယုံကြည်တယ်။

    မူဝါဒတွေနဲ့ ဖွဲ့စည်းပုံတွေမှာ အာမခံချက်ပေးဖို့တော့ နံပါတ်တစ်အနေနဲ့ အရေးကြီးပါတယ်။ နံပါတ်နှစ်ကတော့ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ယာယီအထူးလုပ်ဆောင်ချက်ကို လုပ်ငန်းအဆင့်ဆင့် တိုင်းမှာကျင့်သုံးမယ်ဆိုရင် အမျိုးသမီးတွေပါဝင်လာဖို့ ပိုပြီးတော့ အထောက်အပံ့ဖြစ်စေမယ်။ အမျိုးသမီးတွေ ပါဝင်မှု၊ ဆုံးဖြတ်နိုင်မှု၊ လုပ်ဆောင်မှုတွေက ပိုပြီးတော့ အားကောင်းလာမယ်။ ပါဝင်တဲ့ အမျိုးသမီးတွေ ကလည်း ပိုပြီးတော့ အရည်အချင်းပြည့်ဝပြီး ယုံကြည်မှုပိုရှိလာမယ်လို့ ထင်ပါတယ်။

     
    ၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေး မှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။

    လူတစ်ဦး ဂျဲန်ဒါတစ်ခု၊ Sex တစ်ခုဆိုတဲ့အပေါ်မှာ အမှီပြု စဉ်းစားတွေးခေါ်တာထက် စုံလင်ကွဲပြားတဲ့နောက်ခံ ကနေလာတဲ့လူတွေအားလုံး စုဆုံပြီးတော့ စဉ်းစားမယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်တဲ့အဖြေရမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့်မို့ အမျိုးသမီးတွေပါဖို့ အရေးကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။

    တပြိုင်နက်ထဲ အရှေ့မှာပြောသွားသလို ပါဝင်မှုမှာ intersectional approach ကို အမြဲထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အဲ့ဒါမှလည်း စုံလင်ကွဲပြားတဲ့ အတွေးအခေါ်တွေ၊ စုံလင်ကွဲပြားတဲ့ဆုံးဖြတ်ချက်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ အဲ့လိုမျိုးပါဝင်လာခြင်းအားဖြင့်တော့ လူမှုတရားမျှတမှုကို ပိုပြီးအထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ မြင်ပါ တယ်။

    လူမှုတရားမျှတမှုမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်နေရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ အမြင်စုံလင်ကွဲပြားစွာ ပါဝင်နိုင်မယ်ဆိုရင် လူမှုတရားမျှတတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့ ပိုပြီးအထောက်အပံ့ဖြစ်စေမယ်လို့ ထင်ပါတယ်။ ပြီးတော့ တပြိုင်နက်ထဲ အမျိုးသမီးလို့ ပြောတဲ့အချိန်မှာ feminist approach နဲ့ ချည်းကပ်ရမယ်ဆိုတာကိုလည်း ကျွန်မတို့မမေ့ဖို့ လိုပါတယ်။ feminist ဆိုတဲ့ဟာမျိုးကတော့ အာဏာရှင်မှန်သမျှကို ဆန့်ကျင်လှုပ်ရှားတဲ့သူတွေ ဖြစ်တယ်။

    တပြိုင်နက်ထဲ ဖိနှိပ်ခံတွေအတွက် အများစုရပ်တည်တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ ပါဝင်ရေးက အရမ်းအ‌ရေးကြီးတယ်လို့ ထင်တယ်။ အဲ့လိုမျိုးတွေသာ ပါဝင်မယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ အာဏာရှင်တွေ ပေါ်ပေါက်လာရင် တောင် အာဏာရှင်တွေ သက်ဆိုးမရှည်ဘူး။ အာဏာရှင်အသစ်တွေ ထပ်ပြီးမပေါ်ပေါက်လာနိုင်ဖို့ အဟန့် အတား ဖြစ်စေမယ်လို့ ကျွန်မကယုံကြည်တယ်။

    ဒါကြောင့် ကျွန်မတို့ အဲ့ဒါကို အလေးပေးလုပ်ဆောင်မယ် ဆိုရင်တော့ ကျွန်မတို့တည်‌ဆောက်ချင်တဲ့ လူမှုတရားမျှတတဲ့  ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နိုင်မယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။
     
    “ကျွန်မတို့တိုင်းပြည် အပြောင်းအလဲဖြစ်တဲ့အခါတိုင်းမှာ အမြဲတမ်း ထိခိုက်နစ်နာမှု အများဆုံးအုပ်စုက အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ မြင်ရတယ်။ လက်ရှိအခြေအနေမှာလည်း မြင်ရပါတယ်။ ထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ပါဝင်မှု မရှိဘူး ဆိုရင် အားလုံးပါဝင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်”

     
    "အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
    https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media