- Published on
-
Ying Mwe Lyan
-
- Published on
Spring
ပြည်သူ့စစ်သားဇနီးများ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“နိုင်ငံရေးမှာ များသောအားဖြင့်က မွေးရာပါအခွင့်အရေးနဲ့ ဦးစားပေးခံရတဲ့သူတွေ ကပဲ ဆုံးဖြတ်တဲ့အခါ လူနည်းစုတွေ ခွဲခြားဆက်ဆံခံရတဲ့သူတွေအတွက်ကို ထည့်သွင်းစဉ်းစားတယ်ဆိုရင်တောင် အလုံးစုံပြည့်ပြည့်ဝဝ မဖြစ်နိုင်ဘူး။ ဘာလို့ဆို ခွဲခြားဆက်ဆံခံရတယ်ဆိုတာ ကိုယ်ခံစားရတာကိုယ်ပဲ သိတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်က စပြီးတော့ တန်းတူညီမျှအခွင့်အရေးကို မရကြတဲ့ လူနည်းစု၊ တိုင်းရင်းသား လူမျိုးတွေက စတင်ပြီး အခွင့်အရေးကို တောင်းဆိုတာကနေ လက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ နိုင်ငံပြည် တွင်းစစ် အကြာရှည်ဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာဆို ပြောရရင် ၁၉၆၂ မှာ စစ်တပ်က အာဏာစသိမ်းတယ်။ အဲ့အချိန်ကနေစပြီးနောက်ပိုင်း ၇၄ တို့ ၈၈တို့မှာ နိုင်ငံရေးအပြောင်းအလဲ တော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့တယ်။
ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို အသက်သွင်းနေတဲ့ စစ်တပ်ဆိုတဲ့ institution ကြီးကို အမြစ်ဖြတ်နိုင်ခဲ့ခြင်း မရှိဘူး။ အရင်တုန်းကဆိုရင်လည်း ပြည်မနဲ့ တိုင်းရင်းသားဒေသ ဆိုပြီး ခွဲခြားလိုက်သလို၊ ဝါဒဖြန့်တဲ့အခါကျတော့ တိုင်းပြည်ချောက်ထဲကျွန်မယ့်အချိန်မှာ စစ်တပ်က အမြဲကယ် လိုက်တာ။
တိုင်းပြည်ကို တခြား တရုတ်ဖြူတွေ၊ ကူမင်တန်တွေ၊ ဗကပတို့၊ သူပုန်တွေ ရန်ကနေ ငါတို့က ပြည်သူကိုကာကွယ်ပေးထားတာ၊ ကယ်တင်ပေးထားတာဆိုပြီး ခေတ်အဆက်ဆက်မှာ သူရဲကောင်း အယောင်ဆောင်ပြီး၊ သူတို့အာဏာတည်မြဲဖို့အတွက်၊ သက်ဆိုးရှည်ဖို့အတွက်ကိုပဲ နည်းမျိုးစုံနဲ့ လှည့်ဖြားပြီး လုပ်ခဲ့ကြတယ်။
အဲ့ခေတ်မှာက နည်းပညာတွေမပေါ်သေးဘူး။ သူတို့ပြောသမျှကိုပဲ ယုံရတယ်။ စစ်တပ်က နိုင်ငံမှာရှိသမျှ နေရာဒေသ၊ ကဏ္ဍအသီးသီးမှာ သူတို့ကပဲ လက်ဝါးကြီးအုပ်ထားတယ်။ အဲ့လိုနဲ့ ၂၀၁၁ ဒီမိုကရေစီစနစ်မရခင် အထိ ပြည်မမှာရှိတဲ့ပြည်သူလူထုက စစ်တပ်ရဲ့စနစ်အောက်၊ ယန္တရားအောက်မှာပဲ နေသားကျလာတယ်။ ကျလာတဲ့အခါမှာ သူတို့အနေနဲ့က တိုင်းရင်းသားတွေရဲ့ မညီမျှမှုတွေ၊ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုတွေ လုပ်ခံနေရတယ်ဆိုတာမျိုးတွေကို ပိုပြီးတော့ မေ့လျော့လာကြတယ်။
နောက်တခုက စစ်တပ်က ပညာရေးတင် မကဘူး၊ စီးပွားရေးတွေ လူမှုရေးတွေမှာလည်း ခက်ခဲကြပ်တည်းနေအောင်လုပ်တဲ့အခါကျတော့ ပြည်သူလူထု က သူတို့ရဲ့အသက်ရှင်ရပ်တည်ရေးအတွက် လုံးပန်းနေရတာနဲ့တင် တခြားနိုင်ငံရေးတွေ၊ တခြားလူနည်းစု တွေရဲ့အခွင့်အရေးတွေ ညီမျှနေလား။ မညီမျှနေလားဆိုတာကိုလည်း သူတို့မှာစဉ်းစားချိန်မရှိတော့ဘူး။ အဲ့လိုမျိုးနဲ့ပဲစစ်တပ်က အခုချိန်ထိကို ချုပ်ကိုင်လာတယ်။
အခုလက်ရှိ ၂၀၂၁ အာဏာသိမ်းတဲ့အခါမှာ ဒါကမဖြစ်သင့်ဘူး။ ငါတို့ရဲ့အခွင့်အရေးကိုသူတို့က မတရား ချိုးဖောက်နေတာ၊ မတရားလုယူလိုက်တာဆိုမျိုးတွေက လူငယ်တိုင်း၊ ပြည်သူလူထုတိုင်း ရင်ထဲမှာ ရောက်လာတယ်။ အဲ့အတွက်ကိုလည်း နွေဦးတော်လှန်ရေးကပေါ်ပေါက်လာခဲ့တာဖြစ်တယ်။
နောက်တစ်ခုက အရင်တုန်းကကျတော့ စစ်တပ်ပြောတဲ့ဟာကိုပဲ နားထောင်ပြီးတော့ ယုံကြည်ခဲ့တာ။ အခုလက်ရှိကကြတော့ စစ်တပ်ကလုပ်တာမဟုတ်ဘူးလို့ လိမ်နေလိုက်ရင် လိမ်လိုက်ပြီးတာနဲ့ သိပ်မကြာဘူး သက်သေက ပေါ်လာရော။ လိုင်းပေါ်ကနေပြီးတော့ ပြည်သူလူထုက အမှန်တရားကဘာလဲ သိလာရတယ်။
အဲ့အခါ ဟိုအရင်တုန်းက တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က မတရားဖမ်းဆီးနှိက်စက်တာမျိုးတွေ မီးရှို့တာတို့၊ အမျိုးသမီးတွေအပေါ်မှာ အဲ့လိုမျိုး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာမျိုးတွေက တကယ်ဖြစ်ခဲ့တာပါလား။ အခုပြည်တွင်းမှာ မြို့ကြီးပြကြီးတွေမှာတောင်မှ သူတို့ကတကယ်လုပ်နေတာ ပါလား ဆိုတာမျိုးတွေ သိလာရတယ်။
ကျွန်မအနေနဲ့ မြင်မိတာက အခုနွေဦးတော်လှန်ရေးက အရင်တုန်းက အဖြစ်အပျက်တွေနဲ့မတူပဲနဲ့ တကယ့်ကို မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာပေးမယ်လို့လည်း မြင်တယ်။ ပြီးတော့နွေဦးတော်လှန်ရေးက စစ်အာဏာရှင်နဲ့ စစ်တပ် အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြတ် ခြေမှုန်းနိုင်လိမ့်မယ်လို့လည်း မြင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
နိုင်ငံတော်သစ်တည်ဆောက်တဲ့အခါ နိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတိုင်းရဲ့ရပိုင်ခွင့်ကို အဓိကတန်ဖိုးထား အလေးထားသင့်တယ်လို့ မြင်တယ်။ နိုင်ငံသားဆိုတဲ့နေရာမှာလည်း လူမျိုးကြီးတစ်ခု၊ အမြဲအားသာနေတဲ့ အရာတစ်ခုပေါ်မှာ အခြေခံတာမဟုတ်ပဲနဲ့ မတူညီတဲ့ကွဲပြားနေတဲ့ လူနည်းစုတွေရော၊ လူနည်းစုတွေမှာရှိတဲ့ လူနည်းစုတွေကလည်း ကျွန်မတို့နိုင်ငံသားဖြစ်တယ်။ သူတို့တွေရဲ့အခက်အခဲ သူတို့တွေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားရတယ်။
ကျွန်မတို့လည်း ငယ်ငယ်တုန်းကတော့မသိဘူး။ ဒီတိုင်းပဲ ဗမာအဖေအမေဆီကပဲ မွေးဖွားလာတယ်။ပြည်မက မြို့ပေါ်မှာပဲ ကြီးပြင်းလာတယ်။ အဲ့ဒီအခါကျတော့ ပစားပေးထားတဲ့စနစ်ထဲမှာပဲ အသားတကျပဲ စီးဆင်းသွားခဲ့တယ်။ ပညာရေးစနစ်ဆိုလည်း ဘယ်လောက်ပဲမကောင်းဘူးပြောပြော ဒီနိုင်ငံမှာ ရှိနေတဲ့ပညာရေးစနစ်ထဲမှာ ကျွန်မတို့ကသက်တောင့်သက်သာနဲ့ ပညာသင်ခွင့်ရတယ်။
အဲ့ဒီအချိန်မှာ တိုင်းရင်းသားဒေသတွေမှာကြတော့ သူတို့အနေနဲ့ကြရင်သူတို့မှာ ဘာသာစကားအခက်အခဲရှိမယ်။ သူတို့ရဲ့ နေရာဒေသပေါ်မူတည်ပြီး ရာသီဥတုကွဲပြားသွားတဲ့ အချက်အလက်တွေအပေါ်မှာ သူတို့အနေနဲ့ ကျောင်းသွား ရတာအခက်အခဲဖြစ်မယ်။ တိုင်းရင်းသားဒေသတွေ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ဒေသတွေမှာ မိုးတွင်းမှာ ကျောင်းတက်ခြင်းကသူတို့အတွက် အခက်အခဲတစ်ခုဖြစ်တယ်။
ဒါပေမယ့်လည်း သူတို့အနေနဲ့က ပညာသင်ချင်တယ်ဆို အခက်အခဲရှိရှိနဲ့ပဲ သွားပြီးတက်ရတာပဲ။ အဲ့လိုမှမတက်ဘူးဆိုရင် သူတို့မှာ ပညာသင် မယ့်အခွင့်အရေး ဆုံးရှုံးသွားတယ်။ နိုင်ငံတော်သစ် တည်ဆောက်တဲ့အခါမှာကျရင် အဲ့လိုမျိုးမဖြစ်စေချင်ဘူး။နိုင်ငံသားဆိုတဲ့နေရာမှာ လူနည်းစုပဲဖြစ်ပါစေ သူတို့ရဲ့အခွင့်အရေး သူတို့အဆင်ပြေလား မပြေလား။ သူတို့ အနေနဲ့ ဘယ်လိုအခွင့်အရေးမျိုးက သူတို့အတွက် ပိုပြီးတော့ အားသာချက်ဖြစ်မလဲ သူတို့အတွက် အဆင်ပြေမလဲဆိုတဲ့ အဲ့လိုအရာမျိုးတွေကို ထည့်သွင်းစဥ်းစား စေချင်တယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါ သလဲ။
စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတာလည်း ဖိုဝါဒပဲ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့နိုင်ငံမှာက မွေးဖွားလာတဲ့အချိန်ထဲက ယောကျာ်းလေးဆိုရင် ဘုန်းကံမြင့်တယ်။ ဒါကဘာသာရေး၊ ယဥ်ကျေးမှု ဓလေ့ ထုံးတမ်းတွေအရ မွေးကတည်းက ယောကျာ်လေးက အခွင့်အရေး ပိုပြီးရနေပြီးသား ဖြစ်ပါတယ်။ မွေးဖွားစဉ် ကတည်းက ဘာမှမလုပ်ရသေးခင်တောင် ခွဲခြားသတ်မှတ် ထားပြီးသားပေါ့နော်။
အဲ့လိုအချိန်မှာ ဒီလိုသေးငယ် တဲ့အရာတွေ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကနေပဲ အမျိုးသားတွေက ပညာတတ်သွားတယ်။ အချိန်တန်တော့ စီးပွားရေး၊ နိုင်ငံရေး၊ နယ်ပယ်အသီးသီးမှာ ဝင်ပြီးတော့ တာဝန်ယူထမ်းဆောင်တယ်။ တာဝန်ယူလိုက်ကြတယ်။ သူတို့က အသာစီးရနေပြီးသား ဖြစ်တဲ့အတွက် သူတို့စဉ်းစားဆုံးဖြတ်တဲ့ အခါမှာလည်း အသာစီးကနေဘဲ လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်ကြတယ်။ ငါတို့ကအခွင့်အရေးရနေတာလို့ မတွေးပဲနဲ့ ငါတို့ကတော့ ဒီလိုဆိုရင် အဆင်ပြေတယ်ဆိုပြီးတော့ တွေးလိုက်တယ်။
နိုင်ငံရေးမှာ များသောအားဖြင့်က မွေးရာပါအခွင့်အရေးနဲ့ ဦးစားပေးခံရတဲ့သူတွေကပဲ ဆုံးဖြတ်တဲ့အခါ လူနည်းစုတွေ ခွဲခြားဆက်ဆံခံရတဲ့သူတွေအတွက်ကို ထည့်သွင်းစဉ်းစားတယ်ဆိုရင်တောင် အလုံးစုံပြည့်ပြည့် ဝဝမဖြစ်နိုင်ဘူး။ ဘာလို့ဆို ခွဲခြားဆက်ဆံခံရတယ်ဆိုတာ ကိုယ်ခံစားရတာကိုယ်ပဲ သိတယ်။
ကိုယ့်အဆင် မပြေမှုကို ကိုယ်ကိုတိုင်ကထုတ်ဖော်ပြီး ပြောရမယ်။ ပြီးရင်ထုတ်ဖော်ပြီး ဆွေးနွေးရမယ်။ အဲ့လိုမျိုးလုပ်ပိုင်ခွင့် မရှိဘူးဆို တခြားသူကကိုယ်ချင်းစာတယ်ဆိုတာက ပြည့်ပြည့်ဝဝ မဖြစ်နိုင်ဘူး။ အဲ့အတွက်ကို နိုင်ငံရေးမှ မဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကဏ္ဍပေါင်းစုံမှာက စုံလင်ကွဲပြားမှုက လိုအပ်ပါတယ်။
အမျိုးသမီးတွေကိုတကယ့်ဦးဆောင်ဆုံးဖြတ်ရမယ့်နေရာမျိုးတွေ တကယ့်အချက်အချာ နေရာမျိုးတွေမှာ အမျိုးသမီးတွေကို နေရာထားတာမျိုးမရှိဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာဆိုလည်း အမျိုးသမီးတွေက ကဏ္ဍအသီးသီးမှာ ပါဝင်နေတယ်။ အခုနောက်ပိုင်းဆိုရင် အမျိုးသမီးအခွင့်အရေးတို့ ထုတ်ဖော်ပြောတဲ့ သူများလာတဲ့အခါမှာ အမျိုးသမီးတွေကို သုံးတော့သုံးတယ်။ဒါပေမယ့်အိမ်ဖြည့်အနေနဲ့ သဘောမျိုးပဲ သုံးတာရှိတယ်။ တကယ့်ဆုံးဖြတ်ရမယ့်နေရာမျိုးကျတော့ အမျိုးသားတွေကိုထားကြတယ်။ အမျိုးသမီးတွေကို သူတို့ရှေ့ကနေပြောသွားတာတွေကို နောက်ကနေ တောက်တိုမယ်ရ လိုက်ပြီးလုပ်ပေးရတဲ့နေရာမျိုးမှာပဲ အမျိုးသမီးတွေကို ထားတာမျိုးဘဲ ရှိနေသေးပါတယ်။
၄။လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အခုလက်ရှိအမျိုးသမီးတွေတွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေ ကျွန်မတို့ တက်တယ်။ ကဏ္ဍအသီးသီးက အမျိူးသမီးတွေ ပါဝင်ကြတယ်။ သူတို့တွေကလည်း ပြန်ပြောတယ်။ လက်ရှိဆိုလည်း အမျိုးသမီးတွေ မဖြစ်မနေ (၃၀) ရာခိုင်နှုန်း ပါရမယ်ဆိုလို့သာ အမျိုးသမီးတွေကိုပါဝင်ပြီးတော့ ထည့်ထားကြတယ်။ ဒါပေမယ့် တကယ့်ဆုံးဖြတ်ချက် ကြီးကြီးမားမားချရမယ့် နေရာမျိုးတွေမှာ အမျိုးသမီးတွေက မပါဘူး။ တကယ်လို့ အမျိုးသမီးတွေကပါခဲ့ရင်လည်း အမျိုးသမီးတွေရဲ့အသံကို သူတို့က နားတော့ထောင်လိုက်တယ်။ ဒါပေမယ့် လိုက်မလုပ်ဘူး။ အမျိုးသမီးရဲ့အသံကို အသိအမှတ် မပြုဘူး။ အဲ့လိုမျိုးတွေက အခုလက်ရှိအချိန်ထိ တော်လှန် ရေးမှာလည်း ဖြစ်နေတုန်းပဲ။
ဒါပေမယ့် ကျား၊ မတန်းတူညီမျှမှုကို တန်ဖိုးထားတယ်ဆိုတဲ့ အဖွဲ့တွေမှာတော့ အမျိုးသမီးတွေက ဦးဆောင်နေတဲ့နေရာတွေမှာ ပါဝင်နေတာ တွေ့ရတယ်။ မြေပြင်အဖွဲ့တွေမှာလိုမျိုး သပိတ်ကော်မတီလို နေရာတွေမှာလည်း အမျိုးသမီးတွေ ဦးဆောင်နေတာကို အများကြီး မြင်တွေ့လာရတယ်။ အရင်တုန်းက အခြေအနေနဲ့စာရင်တော့ ဒီနွေဦးတော်လှန်ရေး (၃) နှစ်တာ ကာလအတွင်းမှာ အမျိုးသမီး တွေက ပိုပိုပြီးတော့ပါဝင်လာနိုင်တယ်။ ဦးဆောင်လာနိုင်ကြတယ်လို့ မြင်တယ်။
ဒီထက်တော့ပိုပြီးတော့ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ပြီးတော့ အမျိုးသမီးအခွင့်အရေး ဆိုတာကို ပါးစပ်ထဲတွေ၊ စာအုပ်ထဲတွေ၊ မူတွေထဲမှာ တင်မဟုတ်ပဲနဲ့ တကယ့်လက်တွေမှာကို အမျိုးသမီး အခွင့်အရေးကို တန်ဖိုးထားစေချင်တယ်။ အမျိုးသမီးတွေ၊ လူနည်းစုတွေ ကို တန်းတူအခွင့်အရေး ပေးနိုင်တဲ့အချိန်ကမှ တကယ်ကိုပဲ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့အချိန်ဖြစ်မှာလို့ ကျွန်မကသုံးသပ်ပါတယ်။
၅။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးအခွင့်အရေး ဆိုတာ ဘာလဲ။ အမျိုးသမီးတွေက ဘာရပိုင်ခွင့်ရှိတယ်။ အမျိုးသမီးအခွင့်အရေးထဲမှာ ဘာတွေပါတယ်ဆိုတာမျိုး ကျွန်မတို့ကများသောအားဖြင့်က အမျိုးသမီးအချင်းချင်းမှာကိုပဲ အရင်ဆုံး မျှဝေပေးလေ့ရှိတယ်။ ဒါ့ပြင် အမျိုးသားတွေကိုလည်း အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးတွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ အသိပညာပေးသင့်ပါတယ်။
အမျိုးသားတွေကိုယ်တိုင်က အမျိုးသမီးတွေကလည်း လူပဲ။ ငါတို့နဲ့တူတူပဲ။ သူတို့မှာ လည်း ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ် ရှိတယ်။ လုပ်နိုင်စွမ်းရှိတယ် ဆိုတာမျိုးတွေကို အသိအမှတ်ပြုလာဖို့ အတွက်က သူတို့အနေနဲ့ အမျိုးသမီးအခွင့်ရေးကို သိရမယ်။ ကျား၊မတန်းတူညီမျှရေးကို သူတို့အနေနဲ့က တကယ်သိရှိနားလည်ပြီးတော့ လက်ခံအသိအမှတ်ပြုဖို့ ကျွန်မတို့ အများကြီး တိုက်တွန်းလှုံ့ဆော် စည်းရုံးသင့်ပါတယ်။
ကျောင်းသင်ခန်းစာ တွေမှာလည်း ကျား၊မတန်းတူညီမျှမှုတွေ အမျိုးသမီးအခွင့်အရေး၊ လူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ သင်ကြားပေးတာတွေ၊ ပညာပေးသင်တန်း၊ ဟောပြောတာပဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲလေးတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။
၆။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေလည်း အသိဉာဏ်ပညာတွေရှိတယ်။ ဆုံးဖြတ်နိုင်စွမ်းလည်း ရှိတယ်။ ဒါ့ပြင် အမျိုးသားတွေ ထက်ပိုပြီး ပိုပြီးစေ့စေ့စပ်စပ်လုပ်နိုင်စွမ်း ရှိတယ်။ ကိုယ့်မှာ လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင် လုပ်နိုင်စွမ်းကို ထုတ်ပြခွင့် မရကြဘူး။ တကယ့်လို့သာ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့လုပ်နိုင်စွမ်းတွေ စွမ်းဆောင်ရည်တွေကို ပြည့်ပြည့်ဝဝသာလုပ်နိုင်မယ်ဆိုရင် နိုင်ငံကလည်း ပိုပြီးတော့ ကောင်းမွန်လာမယ်။
လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခန်းကဏ္ဍအသီးသီးမှာလည်း အိုင်ဒီယာတစ်ခုထဲသွားတာ မဟုတ်တော့ဘူးပေါ့။ မတူညီတဲ့ အိုင်ဒီယာမျိုးစုံရတဲ့အတွက်ကို ပိုပြီးတော့ ကောင်းမွန်တဲ့အဖွဲ့အစည်း စနစ်တစ်ခုကိုပိုပြီး ဖွဲ့စည်းဖော်ဆောင် လာနိုင်မယ်လို့ထင်မြင်မိပါတယ်။
၇။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
အမျိုးသမီးတွေကလည်း တကယ်လူသားတစ်ယောက်ပဲ ဖြစ်တယ်။ အမျိုးသမီးဖြစ်နေလို့ မလုပ်နိုင်ဘူးဆိုတာ မရှိဘူး။ ဒီစနစ်ကြီးကြောင့်သာ အမျိုးသမီးတွေက ရှေ့ထွက်ခွင့်မရတာပေါ့။ အဲ့လိုမျိုးအခြေအနေမှာ အမျိုး သမီးတွေအနေနဲ့ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်ကိုတိုင်က အသိအမှတ်ပြုဖို့ လိုတယ်။ ကိုယ်ကိုကိုယ် ချစ်ဖို့လိုတယ်။ ကိုယ့်ရဲ့ရပ်တည်မှုက ကိုယ့်ကိုကိုယ်အတွက်ပဲ ဖြစ်သင့်တယ်။
ငါက မိန်းကလေးဖြစ်လို့ ရပါ့မလား ဖြစ်ပါ့မလား ဆိုပြီး တွေးပူမနေစေချင်ဘူး။ အရာအားလုံးကို ခက်ခဲတယ် ဆိုလည်း အမျိုးသမီးတွေက ပိုပြီးအခက်အခဲတွေ ကြုံတွေ့လာရင်တောင် အမျိုးသမီးတွေက ပိုပြီးကြံကြံခံ ရင်ဆိုင်နိုင်တယ်။ အဲ့တော့ ကိုယ့်ကိုကိုယ်ချစ်ပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားပါ။ အမျိုးသမီးတွေ ကလည်း ဦးဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို အားပေးစကားပြောချင်ပါတယ်။
ငါက မိန်းကလေးဖြစ်လို့ ရပါ့မလား ဖြစ်ပါ့မလား ဆိုပြီး တွေးပူမနေစေချင်ဘူး။ အရာအားလုံးကို ခက်ခဲတယ် ဆိုလည်း အမျိုးသမီးတွေက ပိုပြီးအခက်အခဲတွေ ကြုံတွေ့လာရင်တောင် အမျိုးသမီးတွေက ပိုပြီးကြံကြံခံ ရင်ဆိုင်နိုင်တယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း။
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“နိုင်ငံရေးအရ တက်လာသည့်အစိုးရတိုင်းဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအား ဖယ်ရှားရေးအတွက် ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းအစီအစဉ်တွေမှာ ကျောထောက် နောက်ခံပေးဖို့ လိုပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
မြန်မာနိုင်ငံရေးဖြစ်စဉ်ကဆိုရင် အရင်ကအာဏာသိမ်းမှုနဲ့ ယခုအာဏာသိမ်းမှုက မတူပါဘူး။ အရင်ကဆိုရင် ပြည်သူတွေဆူပူအောင်သူတို့ကပဲ လုပ်ပြီး အာဏာသိမ်းတယ်။ အခုအာဏာသိမ်းမှုကတော့ လူထုက တင် မြှောက်ထားတဲ့ရွေးကောက်ခံအစိုးရ နှင့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် အခြားနိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဖမ်းဆီးပြီး လူထူကပေးအပ်ထားတဲ့ အာဏာကိုပါစစ်တပ်ကနေပြီး သိမ်းလိုက်တာ ဖြစ်လို့ လူထုကနေပြီးတော့ ပြန်တော်လှန်တာမျိုးပါ။
နိုင်ငံရေးပါတီတွေအနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံမှာ အင်အားကြီးပါတီက ၂ခုပဲ ရှိတယ်။ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီ ပေါ့။ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ သန္ဓေဟာဆိုရင် စစ်တပ်က မွေးထုတ်ပေးထားသော အရင်းမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ စစ်တပ်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှိနေတယ်။ သူက သန္ဓေတည်ပြီးတော့ မွေးဖွားထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီကလည်း သူ့ရဲ့နိုင်ငံရေးအင်အားတစ်ရပ်အနေနဲ့ ရှိနေသေးတယ်။
တချိန်တည်းမှာ အလုံးစုံ ပြီးပြည့်စုံခြင်း မရှိသော ပင်လုံစာချုပ်ထဲမှကိုက တိုင်းရင်းသားတွေရဲ့ မကျေနပ်မှုများစွာက ရှိနေပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရေးဟာ ဟိုးအရင်ကတည်းမှာကိုက ပဋိပက္ခပေါင်းများစွာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ အဲထဲကနေ ပြီးတော့ ဆယ်စုနှစ်မက စစ်ကောင်စီ၏ လက်ဝါးကြီးအုပ်မှုကို တော်လှန်နေရတာ ဖြစ်တဲ့အတွက်၊ အခက်အခဲ များစွာ ရှိနေတဲ့ကြားထဲကနေ ကျွန်မတို့သည် နွေဦးတော်လှန်ရေးဟာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။
အဲဒီအတွက် ပြည်သူတွေကတော့ စစ်ကောင်စီကို အမြစ်ပြတ်အောင်တိုက်မယ် ဆိုတဲ့ ဘုံဆန္ဒကတော့ တူကြတယ်။ အခြား မတူကွဲပြားမှုတွေ၊ အမြင်တွေ၊ ရှုထောင့်တွေ၊ ချဉ်းကပ်မှုတွေ အမျိုးမျိုးအဖုံဖုံ ရှိနေကြတဲ့အပေါ်မှာပဲ ကျွန်မတို့အနေနဲ့ကတော့ ဒီနွေဦးတော်လှန်ရေးက မပြတ်ယွင်းသော ပန်းတိုင်ဆီကို တစိုက်မတ်မတ်သွားနေကြပါတာ ဖြစ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက် သင့်ပါသလဲ။
နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါ လူ့အခွင့်အရေးကို အခြေခံမူအနေနဲ့ ထားဖို့လိုပါတယ်။ လူ တစ်ယောက်ရယ်လို့ ဖြစ်လာရင် လူဂုဏ်သိက္ခာရှိရှိ နေထိုင်မှု၊ ရှင်သန်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်တွေရှိမယ်၊ လွတ်လပ်စွာရေးသားခွင့်တွေရှိမယ်၊ ကြွေးကြော်မှုတွေ ရှိရပါမယ်။ ဒီလိုအခြေခံလူ့အခွင့်အရေးတွေကိုလည်း ကျွန်မတို့က စည်းတွေ၊ ဘောင်တွေထားရမယ်။ ဒါတွေကို ပါးစပ်ကနေပဲ ပြောနေလို့မရဘူး။ အသက်သွင်းဖို့ဆိုရင်တော့ ကောင်းမွန်တဲ့ဥပဒေတစ်ရပ်ရှိဖို့ လိုတယ်။
နိုင်ငံသားတွေအနေနဲ့ နိုင်ငံတော်ကို ဖွဲ့စည်းမယ်၊ အခြေခံဥပဒေကို ရေးဆွဲမယ်ဆိုရင် ပြည်သူတွေ ထံကနေ ဆင်းသက်လာတဲ့ သဘောဆန္ဒတွေပါတဲ့ အခြေခံဥပဒေမျိုးတွေဖြစ်နေဖို့ လိုအပ်ပါတယ်။ တဖန် နိုင်ငံရေးအရ ဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ လူသားတိုင်း ကျား၊ မ တန်းတူအခွင့်အရေးတွေ ရှိနေဖို့ လိုအပ်ပါတယ်။
ပြည်နယ်တွေအနေနဲ့လည်း ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိနေရမယ်။ အဲဒီလိုကိုယ်ပိုင်ပြဌာန်းခွင့် တွေရှိနေတဲ့ ပြည်နယ်တွေကို စုဖွဲ့ပြီးတော့မှ ကျွန်မတို့က ပြည်ထောင်စုတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားအနည်းစုတွေကို အားလုံးနဲ့ သာတူညီမျှဖြစ်အောင် ထူးကဲတဲ့အခွင့်အရေးမျိုးတွေ ပေးအပ်ဖို့ လည်း လိုအပ်ပါတယ်။
ဒီမိုကရေစီဆိုတာဟာ လူအများကအုပ်ချုပ်ခွင့်ရပြီး၊ လူအနည်းစုရဲ့ အခွင့်အရေးကို လည်း ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးအရ ကျား၊ မဆိုင်ရာ လိင်စိတ် ခံစားမှုတွေကို ခွဲခြားမှုမရှိဖို့လည်း လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီကို အခြေခံထားပြီးတော့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့် ဒါမျိုးတွေလည်း ရှိနေဖို့ လိုအပ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
နိုင်ငံရေးအမြင်နဲ့ ချဉ်းကပ်တဲ့အခါမှာ ရှုထောင့်တွေ မျိုးစုံရှိပါတယ်။ အဲဒီမတူကွဲပြားမှုတွေကို အပေါ်ယံနဲသာ ကြည့်မယ်ဆိုရင် ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကိုလိုချင်တယ်ဆိုရင်တော့ သည်မတူကွဲပြားမှုတွေကို တစ်ယောက်နဲ့ တစ်ယောက် အမြင်စုံဖလှယ်ပြီးတော့ ဖေးဖေးမမနဲ့ သွားရပါမယ်၊ထိန်းကျောင်းရပါမယ်။
အဲဒီလိုပဲ အခြေခံမူတွေကို ရေးဆွဲတဲ့အခါကြရင် မတူကွဲပြားမှုတွေအပေါ်မှာပဲ ကျွန်မတို့က သူ့ရဲ့လိုအပ်ချက်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကို နားလည်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ အဲဒီအပေါ်မှာပဲ ကျွန်မတို့က မတူကွဲပြားမှုကို စိန်ခေါ်မှုလို့ မသတ်မှတ်ဘဲ အဲဒီအပေါ်မှာပဲ အခြေခံပြီးတော့ ရှုထောင့်ပေါင်းစုံ၊ အမြင်ပေါင်းစုံ ကို ခြေကုပ်ယူပြီးတော့မှ အောင်မြင်မှုဆီကို သွားရမှာ ဖြစ်ပါတယ်။ ဒါကိုစိန်ခေါ်မှုလို့ခေါ်သလိုပဲ အောင်မြင်မှု လို့လည်း မြင်မိပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အမျိုးသမီးတွေဆိုတာ တစ်ယောက်ချင်းစီအနေနဲ့ကြည့်လိုက်မယ်ဆိုရင် အရေးမပါသူ ဘာမှ မဟုတ်သူတွေလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ သို့သော် ကျွန်မတို့က တစ်နိုင်ငံလုံးဆိုင်ရာအနေအထား၊ တစ်ကမ္ဘာလုံး ဆိုင်ရာ အနေအထားနဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ အမျိုးသမီးထုတွေရဲ့ အခန်းကဏ္ဍက တကယ်ကိုကြီးမြတ်တဲ့၊ တကယ်ကို လေးလေးနက်နက်နဲ့ စဉ်းစားရမယ့်ကိစ္စတစ်ရပ်လို့ မြင်ပါတယ်။
အမျိုးသားထုတွေရဲ့ လုပ်ပိုင်ခွင့်၊ အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်ဆိုပြီးတော့ ခွဲခြားနေစရာမလိုဘူး။ အားလုံးဟာ အမျိုးသားရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ သူလည်း တစ်ကျပ်၊ ကိုယ်လည်း တစ်ကျပ်လို့ဆိုတဲ့ ကျား-မ တန်းတူညီမျှဖို့ လိုပါတယ်။
နောက်ပြီးတော့ တချို့ဌာနဆိုင်ရာတွေမှာဆိုရင် ရာထူးကြီးတဲ့နေရာတွေကို အမျိုးသမီးတွေကို မပေးတာ များတယ်။ ငြိမ်းချမ်းရေးဆိုင်ရာအကြီးအကဲတွေ၊ တကယ့်ခေါင်းဆောင်ပိုင်း တွေမှာဆိုရင်လည်း အမျိုးသမီး တွေကို ဖယ်ကျဉ်ထားတာတွေ ရှိတယ်။ ဒီလိုကိစ္စမျိုးတွေက လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်မလို့ အမျိုးသမီး တွေအနေနဲ့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသန္တအရေး ဘယ်ကိစ္စမှာမဆို ထဲထဲဝင်ဝင် ပါဝင်နေဖို့ လိုအပ်တယ်။
ကျွန်မတို့ ၂၀၁၅ လောက်ကထိ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှု၊ ဆုံးဖြတ်နိုင် မှုအားက နည်းသေးတယ်လို့ ကျွန်မအနေနဲ့ ထင်တယ်။ ၂၀၁၆ ခုနှစ်လောက် ကတောင်မှ ပြည်ထောင်စု လွှတ်တော်မှာ ဆိုရင် အမျိုးသားက (၄၂၄) ဦးရှိပြီးတော့မှ အမျိုးသမီးက (၆၇) ဦးပဲ ရှိတယ်။ ရာခိုင်နှုန်း အရဆိုရင် ၁၀ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိတယ်။
တိုင်းရင်းသားဒေသတွေမှာဆိုရင် ဝန်ကြီး (၂၄) ဦးမှာမှ အမျိုးသမီးက (၅) ဦးလောက်ပဲ ရှိတယ်။ အဲဒီတော့ နိုင်ငံရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အားက အင်မတန်ကို နည်းနေတယ်။ ဒါကြောင့်မလို့ ကျွန်မတို့တွေက အားမရသေးဘူးလို့ပဲပြောရမှာပေါ့၊ ကော်မတီ တွေဖွဲ့တဲ့အခါကြရင်လည်း အဲဒီကော်မတီတွေမှာ အမျိုးသမီးတွေရဲ့ ဥက္ကဌဖြစ်ခွင့်က အင်မတန်ကို နည်းနေသေးတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
နိုင်ငံရဲ့ယဉ်ကျေးမှုတွေကလည်း တခါတလေကျရင် ကျွန်မတိုအတွက် အဟန့်အတား ဖြစ်စေတယ်။ ရိုးရာ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ကိုးကွယ်မှုတွေကလည်း အဟန့်အတားဖြစ်စေတယ်။ အခုလက်ရှိ နွေဦး တော်လှန်ရေးမှာရော၊ ယခင်ကရော ဆုံးဖြတ်ပိုင်ခွင့်မှာ အမျိုးသမီးတွေက ရာခိုင်နှုန်းအားဖြင့် နည်းတယ်။ ဒီမိုကရေစီနည်းကျကျနဲ့ မဲခွဲတဲ့အခါ အမျိုးသမီးတွေ၏ လုပ်ပိုင်ခွင့်က ပိုပြီး အားနည်းပါတယ်။ ဒါကြောင့်မလို့ ကျွန်မတို့လိုအပ်တာက တန်းတူအခွင့်အရေးပါ။
နောက်ပြီးတော့ အမျိုးသားဖိုဝါဒီတွေကနေပြီးတော့လည်း ဖယ်ကျဉ်ထားတာတွေကြောင့် ကျွန်မတို့အမျိုးသမီးတွေကပြောဆိုခွင့်၊ ခေါင်းဆောင်ခွင့်ရဖို့တွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ လက်ရှိတော်လှန်ရေးကာလအရဆိုရင်တော့ နိုင်ငံရေးဆိုင်ရာတွေနဲ့ တွေးခေါ် မယ်ဆိုရင် အမြင်မတူမှုတွေရှိမယ်၊ နောက်ပြီး ဘာသာရေးအလေ့အထတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှု တွေရှိမယ်။ ဒါတွေက ထိန်းချုပ်မှုတွေ၊ အဟန့်အတားတွေဖြစ်နေတယ်လို့ မြင်ပါတယ်။
ဒါ့ပြင် ပညာရေးနဲ့ လုပ်ငန်းပိုင်းမှာလည်း ကန့်သတ်မှုတွေ ရှိနေတယ်။ ဒါတွေက ကျွန်မတို့အမျိုးသမီးတွေရဲ့ နေရာရမှုတွေ၊ အောင်မြင်မှုတွေနဲ့ ခေါင်းဆောင်မှု၊ လွတ်လပ်စွာပြောဆိုမှုတွေအတွက် အကန့်အသတ်၊ အဟန့်အတား ဖြစ်နေ စေပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ဖွဲ့စည်းပုံဥပဒေသစ်ရေးဆွဲတဲ့အခါမှာ ကျား- မ တန်းတူညီမျှရေးကို အမျိုးသားရေး လိုအပ်ချက်တစ်ရပ်အနေနဲ့ မြင်သင့်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင်၊ အစိုးရပိုင်းဆိုင်ရာ၊ ဌာနပိုင်းဆိုင်ရာတွေ၊ နိုင်ငံရေးပိုင်း ဆိုင်ရာ၊ လွှတ်တော်ပိုင်းဆိုင်ရာတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ထဲထဲဝင်ဝင်သတ်မှတ်ထားပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
နောက်ပြီးတော့ အမျိုးသမီးတွေပါဝင်မှုအားကောင်းလာဖို့ဆိုရင် နိုင်ငံတော် အစိုးရအနေနဲ့ ဗျူဟာကောင်းကောင်းတွေနဲ့ စီမံချက်ရေးဖို့လိုသလို၊ အမျိုးသမီးစွမ်းရည်တွေကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။ အဲဒီလိုပေးပြီးတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အကျယ်တဝင့်ထုတ်ဖော် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
အဲဒီအပေါ်မှာ မတူကွဲပြားမှုတွေကို ကျွန်မတို့က ဒီမိုကရေစီနည်းကျကျနဲ့ စီမံခန့်ခွဲမှုကောင်းကောင်း လုပ်ပေးမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ ပေါ်လွင် လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်စုဖွဲ့လာဖို့အတွက်ကိုလည်း နိုင်ငံတော်ကနေပြီးတော့ ထောက်ပံ့ပေးဖို့၊ စီမံပေးဖို့ လိုပါတယ်။ ဒါမှသာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းတူလုပ်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
ကျွန်မတို့ကအနာဂါတ်နိုင်ငံမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေ မြင်နိုင်မလဲဆိုတာမျိုးက လက်ရှိနွေဦး တော်လှန်ရေးကတော့ သာဓကပြစရာ ဖြစ်ပါတယ်။ ဒီအာဏာသိမ်းလိုက်ကတည်းကိုက အမျိုးသမီးခေါင်း ဆောင်တွေက ပေါ်ထွက်လာခဲ့တယ်။ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရမှာ ဒေါ်ဇင်မာအောင်ဆိုရင်လည်း အမျိုးသားတွေနဲ့တန်းတူ နိုင်ငံတကာကို သွားလာဆက်ဆံနေတယ်။ နောက်ပြီးတော့ ကျွန်မတို့ CRPH၊ CRYH တို့မှာ ဆိုရင်လည်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အရင်ကထက် ပါဝင်မှုအား ပိုကောင်းလာပါတယ်။
အဲဒီတော့ ကျွန်မတို့အမြင်အရဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးတွေရဲ့ စုဖွဲ့မှုအားက ပိုကောင်းလာတယ်။ အဲဒီလိုစုဖွဲ့မှုအား ပိုကောင်းလာလေလေ နိုင်ငံရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးလုပ်ငန်းတွေက ပိုပြီးတော့ ချောမွေ့လာလေလေ ဖြစ်ပါတယ်။ အမျိုးသားထုက အမျိုးသမီးရယ်လို့ ခွဲခြားဆက်ဆံနေသမျှကာလဟာ အမျိုးသမီးများအတွက် ခေါင်းဆောင်မှုရော၊အခွင့်အရေးရရှိမှုရော အဟန့်အတားဖြစ်နေမှာပဲ ဆိုတာ သတိချပ် သင့်ပါတယ်။
နိုင်ငံရေးအရ တက်လာသည့်အစိုးရတိုင်းဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအား ဖယ်ရှားရေး အတွက် ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းအစီအစဉ်တွေမှာ ကျောထောက် နောက်ခံရှိနေပြီး၊ အာမခံမှု အပြည့်အဝ ပေးထားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
သဉ္ဇာရွှန်းလဲ့ရည်
ဦးဆောင်ကော်မတီအဖွဲ့ဝင် (Sisters to Sisters)
လှုံ့ဆော်စည်းရုံးရေးမှူး
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ-ACDD
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အတင်းမတူတူအောင် အတင်းစုစည်းစရာလည်းမလိုသလို မတူတူအောင်လည်း လိုက်လုပ်စရာ မလိုဘူး။ စုစည်းမှုတွေကတဆင့် နိုင်ငံတည်ဆောက်ရေးမှာ မတူညီတဲ့ အသွင်လဏ္ခာတွေ၊ စနစ်တွေရဲ့ ပြဌာန်းချက်တွေက အားလုံးကို တပြေးညီသက်ရောက်မှုတဲ့တွေ ဖြစ်အောင် လုပ်ပေးဖို့ပဲ လိုပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
နွေဦးတော်လှန်ရေးက ဒီနေ့ချိန်ထိ ရက်ပေါင်း (၁၀၀၀) ကျော်အထိ ပြည်သူအားလုံး လူထုလူတန်းစားအားလုံး စုစည်းပါဝင်နိုင်တယ်ဆိုတာက လွန်ခဲ့သောနှစ်ပေါင်း (၇၀) ကျော်ကတည်းက ကိုယ့်ရဲ့ရပ်တည်ချက် ခံယူချက် တွေကို မယိမ်းမယိုင်ပဲနဲ့ ရပ်ခံဆောင်ရွက်ခဲ့ကြတဲ့ အလုပ်သမား၊ လယ်သမား၊ တောင်သူလယ်သမား တပ်ပေါင်းစုတွေ၊ အစုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့တွေရဲ့ စံနမူနာကောင်းတွေကြောင့်သာလျှင် ဖြစ်ပါတယ်။ နောက်ဆက်တွဲ လူငယ်ထုတွေရဲ့ သွေးစည်းညီညွတ်မှုတွေ ကြောင့် အခုနွေဦးတော်လှန်ရေးက တကယ့်ကိုခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတာ ဖြစ်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ နွေဦးတော်လှန်ရေးရဲ့ တောင်းဆိုမှုတွေကို ကြည့်မယ်ဆို ၁၉၆၂၊ ၁၉၈၈၊ ၂၀၀၇၊ စတဲ့တော်လှန်ရေး၊ လူထုအုံကြွမှုအသီးသီးရဲ့ နောက်ဆက်တွဲရည်မှန်းချက်တွေထက်တဆင့် မြင့်လာတာကို မြင်ရပါတယ်။ အရင်ကဆို ဒီမိုကရေစီကို မနည်းအသက်နဲ့ရင်းလို့ တောင်းခဲ့ရတာကနေ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာတွေ စံနှုန်းတန်ဖိုးတွေ အခြေခံတဲ့ တော်လှန်ရေးရည်မှန်းချက်တွေ ဖြစ်လာတယ်။ တန်ဖိုးထားမှုတွေ ဖြစ်လာတယ်။ တန်ဖိုးထားမှုတွေဆိုတာက လုပ်ရပ်ကို ဖော်ပေါ်တဲ့အတွေးအခေါ်တွေ ဖြစ်တယ်။ လက်ရှိမှာ တော့ ဒါအတွက် ကိုယ်တွင်းအလုပ်တွေ အများကြီးလုပ်ပြီး အတွေးအမြင်တွေ ခံယူချက်တွေ ပိုပြီး ခိုင်ကြည်အောင် ဆောင်ရွက်ဖို့ လိုနေပါသေးတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည် ဆောက်သင့်ပါသလဲ။
နွေဦးတော်လှန်ရေးမှာ လက်သုံးချောင်ထောင်ပြီးတော့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာလူတိုင်းသိတယ်။ ပထမလက်ကတော့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်တွေအားလုံးကိုတိုက်ဖျက်ရေးဖြစ်တယ်။ ဒုတိယလက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် စစ်အုပ်စုရဲ့ကြီးစိုးမှုကို တိုက်ဖျက်ရေး ဖြစ်တယ်။ နောက်ဆုံးလက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်စနစ်ကို တည်ဆောက်ရေး ဖြစ်တယ်။ အဲ့သုံးချက်နဲ့တင် ကျွန်မတို့ရဲ့စံနှုန်းတန်ဖိုးတွေက ဘာဖြစ်ရမလဲဆိုတာ ထပ်မံချဲ့ထွင်ပြီး တွေးကြည့်လို့ ရပါ တယ်။ ပထမဆုံးအချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးအပြင် အာဏာရှင်စနစ်တွေအားလုံး တိုက်ဖျက်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် ဖိုဝါဒ၊ လူမျိုးကြီးဝါဒ၊ မဟာဗမာလူမျိုးကြီးဝါဒ စတာတွေကို အမြစ်ဖြတ် ဖြိုချရမှာ ဖြစ်ပါတယ်။ စစ်တပ်က သူတို့ကသာလျှင်အဖ သူတို့ကသာလျှင် အမိဆိုတဲ့ ပြည်သူတွေအပေါ်မှာ တက်ထိုင်ပြီးတော့ ဂုတ်ခွစီးချင်တဲ့ အတွေးအခေါ်အပေါ် အခြေခံပြီး တိုင်းပြည်ကို ချယ်လှယ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့မကြိုက်နေတဲ့ အကြောင်းအရာတွေက ထပ်မလုပ်ရမယ့် အရာတွေ ဖြစ်တယ်။ ဒါတွေက ကျွန်မတို့ရဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေ ဖြစ်လာတယ်။ အဲ့မှာ ဖက်ဒရယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေက အသစ်တွေပြန်ပြီး ဖန်တီးနေစရာမလိုအောင် နိုင်ငံတကာမှာစံတွေ၊ တန်ဖိုးတွေက သက်မှတ်ထားတာရှိသလို ကိုယ့်နိုင်ငံ၊ ဒေသနဲ့ကိုက်ညီတဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေကိုလည်း ပြောင်းလဲထည့်သွင်းပြီးတော့ တော်လှန်ရေးရဲ့ပန်းတိုင်အနေနဲ့ သွားလို့ရပါတယ်။ အဲ့မှာလည်း ဘုံအနေနဲ့ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီဆိုပြီး အများစုက လက်ခံထားတယ်။ သို့သော် အခြားသော ကိုယ့်ဒေသအလိုက် လိုအပ်နေတဲ့စံနှုန်းတန်ဖိုးတွေကလည်း ပြုပြင်ပြောင်းလဲပြီးတော့ ကျွန်မတို့အားလုံးက အသိအမှတ်ပြုရမယ်။ အသိအမှတ်ပြုခြင်းအားဖြင့် ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
စုံလင်ကွဲပြားမှုဆိုပြီး သုံးထားတာသဘောကျတယ်။ တော်တော်များများက မတူကွဲပြားမှု၊ ကွဲခြားမှု၊ ကွဲပြားမှု စသဖြင့် သုံးကြတာများတယ်။ အဲ့လိုသုံးလိုက်ရင်ကို သူ့ရဲ့အနှစ်သာရကို ပျောက်သွားစေတယ်။ ကျွန်မတို့က တူနေတာကို ကြိုက်တယ်။ တူတူပဲ လုပ်တာ ကြိုက်တယ်။ တခြားစဉ်းစားချက်တွေ တွေးခေါ်ချက်တွေကို သိပ်ပြီးလက်မခံချင်တော့ဘူး။ အဲ့တော့ အဲ့ဒီမှာ diversity ကို ထည့်သွင်းစဉ်းစားတာက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်သလို ရှိပြီးသားယဉ်ကျေးမှုကို တွန်းကန်ဖို့အတွက် diversity သည် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း စုံလင်ကွဲပြားတဲ့စဉ်းစားချက်တွေ အတွေးအခေါ်တွေကြားထဲကနေမှ ဘုံသဘောတူညီ ချက်တွေ စဉ်းစားချက်တွေကို စုစည်းလို့ရပါတယ်။ အတင်းမတူတူအောင် အတင်းစုစည်းစရာလည်းမလိုသလို မတူတူအောင်လည်း လိုက်လုပ်စရာမလိုဘူး။ စုစည်းမှုတွေကတဆင့် နိုင်ငံတည်ဆောက်ရေးမှာ မတူညီတဲ့ အသွင်လဏ္ခာတွေ စနစ်တွေရဲ့ ပြဌာန်းချက်တွေကလည်း အားလုံးကို တပြေးညီသက်ရောက်မှုတဲ့ဟာတွေ ဖြစ်လာအောင် စုံလင်ကွဲပြားမှုကိုလည်း အသိအမှတ်ပြုလေးစားတတ်အောင် အခြေခံကလေးငယ်တွေကအစ သင်ကြားပေးဖို့လိုတယ်။ အမျိုးသမီးတွေဟာ အများစုသော အင်အားစုဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းတောင် ကျော်တယ်။ အများစုသောအင်အားစုရဲ့ပါဝင်မှုကို အလဟဿမဖြစ်အောင် စနစ်တကျတန်းတူပါဝင်ခွင့်ကို ဖန်တီးပေးဖို့လိုတယ်။ တန်းတူပါဝင်ခွင့်လို့ပြောတာက လျော့နေလို့ပြောနေရတဲ့ အနေအထားဖြစ်ပါတယ်။ တန်းတူထက်ကျော်လို့ တော်ရင်တော်သလို ယောကျာ်းဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် အခြား LGBT တွေပဲဖြစ်ဖြစ် တော်ရင်တော်သလို သင့်တော်ရင်တော်သလို ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရှိလာရမယ်။ သို့သော် တန်းတူမဖြစ်အောင် ခွဲခြားထားတဲ့အရာတွေကို ကျွန်မတို့တိုက်ဖျက်ရမယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အမျိုးသမီးတွေက နှစ်ပေါင်းများစွာကတည်းက တော်လှန်ရေးတွေမှာ မားမားမတ်မတ်ရပ်တည်တယ်။ ပြည်သူ ထဲကပြည်သူတွေဖြစ်သလို စစ်အာဏာရှင်စနစ်ရဲ့ဆိုးကျိုးကို တော်တော်လေးကို ထဲထဲဝင်ဝင်သိနေတာလည်း အမျိုးသမီးတွေ ဖြစ်တယ်။ ဒါကြောင့် ဒီတော်လှန်ရေးတွေမှာ အမျိုးသမီးတွေက ထိပ်ကပါဝင်ကြပါတယ်။ သို့သော် ကျွန်မမြင်ရတဲ့အခင်းအကျင်းမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို သိပ်ပြီးအားမပေးတာရှိတယ်။ လုံခြုံရေး အကြောင်းပြချက်တွေမျိူးစုံနဲ့ ကိုယ့်ကိုကိုယ် censor လုပ်တာလည်းရှိသလို ပတ်ဝန်းကျင်ကလည်း သိပ်ပြီး အလေးမထားဘူး။ သတင်းမီဒီယာတွေရဲ့ဦးဆောင်မှုကို ကြည့်ရင် အမျိုးသားတွေများတယ်။ အမျိုးသားတွေ ဆိုတာ သူ့သဘောသဘာဝကိုက အမျိုးသားကိုပဲ ပိုပြီးဦးစားပေးတတ်တယ်။ ဒီလိုဖြစ်နေတဲ့ အခါကျတော့ သူ့ရဲ့ highlight လုပ်တဲ့မီဒီယာမီးမောင်းထိုးမှုတွေကလည်း အမျိုးသားတွေကို ဖြစ်လာခဲ့တယ်။ ဒါကြောင့် အမျိုးသမီးတွေနည်းတယ်လို့ မြင်ခဲ့တာပေါ့။
ဒီဘက်ကာလကမ္ဘာအရွေ့မှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို တမင်တကာကို ခုတုံးလုပ်ပေးရတဲ့ အနေ အထားတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ မီဒီယာတွေ အနေနဲ့လည်း မဖြစ်မနေ အမျိုးသမီးကို ရှာဖွေ လာရတယ်။ အမျိုးသမီးခေါင်းဆောင်တွေကို highlight လုပ်ပေးဖို့ကြိုးစားလာရတယ်။ အဲ့နောက်ဆက်တွဲမှာ တော့ ၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက ပိုပြီးများတယ်လို့ မြင်လာတယ်။ အမှန်ကတော့ အရင်ထဲကလည်းဒီအတိုင်းပါပဲ အခုလည်းဒီအတိုင်းပါပဲလို့ ကျွန်မတော့တွေးတယ်။ ဆုံးဖြတ် ပိုင်ခွင့်အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ နိုင်ငံရေးစနစ်တွေအရ ယနေ့ အချိန်ထိ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မယူနိုင်ကြသေးဘူး။ အခုနွေဦးတော်လှန်ရေးမှာဆို NUG မှာဆိုအမျိုးသမီးပါဝင်မှုက မကြုံစဖူး တိုးတက်လာတယ်။ ပါဝင်မှုတွေ အများကြီးရှိတယ်ဆိုသော်ငြား ခေါင်းဆောင်မှုနေရာတွေကို ကြည့်ရင် အမျိူးသမီးတွေနည်းတယ်။ အမျိုးသမီး တွေ နောက်ကွယ်မှာပဲနေရတဲ့ အနေအထားတွေကို ပြန်ပြင်ဖို့ လိုပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
လူမှုရေး၊ ဘာသာရေး၊ ယဥ်ကျေးမှု အပါအဝင် နိုင်ငံရေးစနစ်တွေကြောင့် ဖြစ်ပါတယ်။ စနစ်တွေထဲမှာ စဉ်ဆက်မပြတ်ပြောတာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း အမျိုးသမီး ထည့်ကိုထည့်ရမယ်။ အမျိုးသမီးတွေ ပါဝင်ရမယ်လို့ ပြောတော့ တွေ့တဲ့အမျိုးသမီးကို ကောက်ထည့်တာမျိုးလည်း အားမပေးဘူး။ အဲ့ဒီအနေအထား မှာ ကျွန်မတို့နှစ်မျိုးကို ကြည့်ရမယ်။ ဒီနိုင်ငံရေးစနစ်တွေနဲ့ ပြုပြင်ပြောင်းလဲလာတဲ့ ဥပဒေတွေမှာ အမျိုးသမီး တွေရဲ့ပါဝင်မှု အခန်းကဏ္ဍ ဘယ်လောက်အထိအလေးပေးထားလဲ ဦးစားပေးထားလဲဆိုတဲ့ အကြောင်းအရာနဲ့ နောက်တခုက ပါဝင်ဆောင်ရွက်နေတဲ့ သူတွေရဲ့ခေါင်းဆောင်တွေရဲ့ အမျိုးသမီးအရေး၊ မတူကွဲပြားစုံလင်မှု အပေါ် ဘယ်လောက်နားလည်ထားသလဲဆိုတဲ့ သူတို့ရဲ့နိုင်ငံရေးနားလည်မှု နိုင်ငံရေးအရ လက်ခံထားမှု ကြည့်ရမယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ခေါင်းဆောင်ပိုင်းတွေရဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုတန်ဖိုးကို နားလည်အောင် လုပ်ရမယ်။ အမျိုးသမီးတွေကို အရင်းအမြစ်တွေ ပေးရမယ်။ ပံ့ပိုးမှုတွေလုပ်ရမယ်ဆိုတဲ့အပိုင်းမှာလည်း နီးစပ်ရာအစုအဖွဲ့တွေကို ပေးလိုက် တာမဟုတ်ပဲနဲ့ လူတန်းစားအလွှာစုံက အမျိုးသမီးတွေရဲ့ပါဝင်မှုကို ဘယ်လောက်ထည့်သွင်း စဉ်းစားလဲ။ Intersectional feminism ပေါ့။ လုံးဝမတူနေတဲ့အစုအဖွဲ့အသီးသီးမှာ အမျိုးသမီးတွေက ကဏ္ဍအစုံမှာ ရုန်းကန်နေရတယ်။ အမျိုးသမီးလို့ ပြောရင် နိုင်ငံရေးနားလည်တယ်ဆို ဘွဲ့ရတွေကိုပဲ အရင်းအမြစ်တွေ ပေးမှာလား။ လယ်သမား၊ အလုပ်သမားအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုထည့်သွင်း စဉ်းစားမှာ လဲ။ လူနည်းစုတိုင်းရင်းသားတွေကို ကျွန်မတို့ထည့်သွင်းစဥ်းစားဖို့ လိုပါတယ်။ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း လူနည်းစုကို ပိုပြီးဦးစားပေးသင့်ပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေလို မျိုးစဥ်ဆက်မပြတ် ဖိနှိပ်ခံနေရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေကိုရော ဖိတ်ခေါ်နေပြီလား။ ထပ်ပြီးတော့ အရင်းအမြစ်တွေကို လက်လှမ်း မှီအောင် ဘယ်လောက်အထိ လုပ်ထားနိုင်လဲ။ နိုင်ငံတော်အဆင့်စဉ်းစားတဲ့သူတွေအနေနဲ့က ကဏ္ဍအစုံကို လွှမ်းခြုံမိအောင်သွားနိုင်မှသာလျှင် တပြေးညီမြင့်တက်လာမယ်။ မဟုတ်လို့ကတော့ အသိုင်းအဝိုင်း တစ်ခု မဟုတ်တစ်ခုက ကျန်နေခဲ့သရွေ့ လူထုလူတန်းစားအစုံရဲ့တော်လှန်ရေးက အရှေ့မရောက်ဘူး။ လူတစ်မျိုး အစုအဖွဲ့တစ်စုံပဲ လွတ်မြောက်သွားလိမ့်မယ်။ အားလုံးလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
အဲအတွက် လက်ရှိခေါင်းဆောင်တွေရဲ့ political will ကို အမြဲတမ်းစဉ်ဆက်မပြတ် ကြည့်နေရမယ်။ အမြဲတမ်း ထောက်ပြ ပြောဆိုနေရမယ်။ နားလည်မှုတွေ တက်အောင်လုပ်ရမယ်။ အမျိုးသမီးတွေက အရင်းအမြစ်တွေ မျိုးစုံကို လိုနေတာဖြစ်တယ်။ ဘဏ္ဍာရေးဆိုင်ရာအပြင်၊ နည်းပညာ၊ စိတ်ပိုင်းရုပ်ပိုင်းပံ့ပိုးထောက်ပံ့မှုတွေ အရေးကြီးဆုံးအချက်က အမျိုးသမီးတွေ စစ်ဘေးရှောင်နေရတယ်။ အမျိုးသမီးတွေ ထောင်ထဲရောက်နေ တယ်။ ပိုက်ဆံဘယ်လောက်ဆိုပြီးသတ်မှတ်လိုက်တာထက် ပိုအရေးကြီးတာက သူတို့နစ်နာနေတဲ့အချိန်၊ သူတို့ထိခိုက်နေတဲ့အချိန်မှာ ဘယ်လောက်အထိ အတူရပ်တည်ပေးလဲဆိုတာက အရေးကြီးဆုံးဖြစ်တယ်။ အဲ့လိုမျိုးနစ်နာနေရတဲ့ဟာမှာ သူတို့နဲ့အတူရပ်တည်ပြီးတော့ သူတို့နဲ့ကာကွယ်ပြောဆိုပေးတယ်။ သူတို့ အကြောင်းကို ဖလှယ်ပေးတယ်။ ပြောပေးတယ်ဆိုတာကလည်း သိပ်ကိုတန်ဖိုးရှိတဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။ ဒီလိုအရင်းအမြစ်က အရေးကြီးဆုံးဖြစ်မယ်လို့လည်း မြင်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
ဘယ်လူသားမှ သူတို့ရဲ့ မွေးဖွားလာတဲ့ လိင်အင်္ဂါအပေါ် မူတည်ပြီးတော့ ခွဲခြားမခံရဘူးဆိုတဲ့ လုံခြုံတဲ့ဝန်းကျင် တစ်ခုကို ရောက်သွားတဲ့အချိန်မှာ လူထုလူတန်းစားအစုံ၊ ဂျဲန်ဒါအစုံပါအဝင် ဆောင်ရွက်လာနိုင်တဲ့အခင်း အကျင်းမှာ ဘယ်လူသားမဆို မွေးဖွားလာကတည်းက သူတို့ဘယ်လိုနည်းနဲ့ မွေးဖွားသည်ဖြစ်စေ၊ ဘယ်လို မိသားစုမှာမွေးဖွား သည်ဖြစ်စေ သူတို့ရဲ့မွေးဖွားကြီးပြင်းလာရတဲ့ ဖြစ်တည်မှုတွေအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတဲ့ ခံစားချက်က အဲ့လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးလိုက်တာ ဖြစ်တယ်။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအပြည့်နဲ့ ရှင်သန်ခွင့်ရှိမယ်ဆိုရင် ကြိုးစားချင်စိတ် ရှိတဲ့သူ ဖြစ်လာမယ်။ အဲ့လိုအနေအထားမှာ အဓိကအကျဆုံးကတော့ ဘယ်လူသားမဆို သူတို့ရဲ့စိတ်ဆန္ဒအတိုင်း လုပ်တာရှိမယ်၊ မလုပ်တာရှိမယ်။ သူတို့က ဂုဏ်သိက္ခာအပြည့်နဲ့ ရှင်သန်ရပ်တည် သေဆုံးခွင့် ရှိလာမယ်။ အမျိုးသမီးတွေက နိုင်ငံရေးမှာ တင်းပြည့်ကြပ်ပြည့်ပါဝင်ချင်ရင် ပါဝင်ခွင့်ရမယ်ဆိုလို့ကတော့ သေချာတာ ကတော့ စစ်ပွဲတွေချုပ်ငြိမ်းဖို့ အနီးစပ်ဆုံးဖြစ်မယ်။ တဖြေးဖြေးနဲ့ အသိုင်းအဝိုင်းတစ်ခုလုံး တစ်စုံလုံးစာ တိုးတက်လာဖို့အတွက် အမျိုးသမီးတွေက အများကြီးစွမ်းဆောင်လာနိုင်မှာ ဖြစ်တယ်။ ဒါကတော့ ကျွန်မတို့ မျိုးဆက်အသီးသီးအတွက် အကျိုးအများဆုံး စဉ်းစားချက် ဖြစ်လာမယ်လို့ ထင်တယ်။
၈။ ဖြည့်စွက်ချက်။
ကျွန်မတို့အမျိုးသမီးတွေ ကဏ္ဍအစုံမှာ ကျရာကဏ္ဍက ပါဝင်နေကြတာဖြစ်တယ်။ နိုင်ငံရေးလို့ပြောရင်လည်း ကျရာ ကဏ္ဍမှာ ကိုယ်နိုင်ရာကိုဆောင်ရွက်နေရတယ်။ အမျိုးသမီးတွေက အိမ်တွင်းမှာလည်း ဖိနှိပ်မှုခံရတယ်။ stereotype ပတ်ဝန်းကျင်မှာ သတ်မှတ်ထားတဲ့ပုံသေကားချပ် စဉ်းစားချက်တွေကြားမှာ ရုန်းကန်ရတယ်။ ကိုယ်ဖြစ်ချင်တာတောင်မှ အဲ့ရုန်းကန်မှုတွေကို အိမ်မှာအရင်တိုက်ရတယ်။ အိမ်မှာတိုက်ပြီး လမ်းပေါ်မှာ တိုက်ရတယ်။ အလုပ်ခွင်တွေမှာ တိုက်ရတယ်။ ပြီးရင် နိုင်ငံရေးကဏ္ဍတွေမှာ တိုက်ရတယ်။ ဆန္ဒပြပွဲလုပ်ရင် တောင် အမျိုးသမီးတွေနောက်မှာနေ၊ တခုခုဖြစ်မှာစိုးလို့။ ဒါပေမယ့် အဲ့လိုတခုခုဖြစ်မှာစိုးလို့ လို့ပြောလိုက်တာ က သူ့ရဲ့ရုပ်ခန္ဓာဗေဒဖြစ်တည်မှုပေါ်မှာ စိုးရိမ်တယ်ဆိုသော်ငြား အမျိုးသမီးတွေက ရှေ့တန်းမှာ ပါဝင်နေတယ် ဆိုတဲ့ပုံရိပ်ကို ကျသွားစေတယ်။ အဲ့ကြားထဲမှာမှ အမျိုးသမီးတွေကရုန်းနေရတယ်ဆိုတော့ ကိုယ့်အချင်းချင်း ကြားမှာ ဖေးမပေးပါ။ စာနာပေးပါ။ ဂရုစိုက်ပေးပါ။ သူများထက်ပိုပြီး နားလည်ပေးဖို့လိုတယ်။ အချင်းချင်း အပြိုင်အဆိုင်တွေရှိတာက ပြသနာမဟုတ်ဘူး။ သို့သော် ကျွန်မတို့က အမျိုးသမီးဖြစ်တည်မှုပေါ် မူတည်ပြီး ရုန်းကန်နေရတဲ့ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း ရုန်းကန်ရမှုတွေကို အချင်းချင်းစာနာပြီး သွေးစည်းညီညွတ်မှု ပြဖို့က ဒီတော်လှန်ရေးမှာ အထက်မြက်ဆုံးလက်နက်တစ်ခုဖြစ်တယ်လို့ ကျွန်မကမြင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
ဂျာထွယ်ပန်
ဒုတိယပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“ကိုယ့်လမ်း ကိုယ်ဖောက်ပြီး ရေဆန်ခရီးကို သွားကြရတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒီလိုအချိန်မှာ စည်းလုံးညီညွတ်ဖို့က အင်မတန်အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှုရဖို့ နားလည်မှု၊ သည်းခံနိုင်မှုက အင်မတန်မှ အရေးကြီးပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
နွေဦးတော်လှန်ရေးက တောင်တက်ခရီး၊ ရေဆန်ခရီးလို့လည်း ပြောလို့ရပါတယ်။ သမ္မတက ပြည်သူ့ခုခံ တော်လှန်စစ် စတင်ကြေညာတုန်းကလည်း ထည့်ပြောခဲ့တယ်။ ကျွန်မတို့ လိုအပ်လို့ တော်လှန်ရေးလုပ်ရတဲ့ အတွက် ဘယ်သူမှကြိုတင်ပြင်ဆင်ပြီး လုပ်ရတာ မဟုတ်ပါဘူး။ တော်လှန်ရေး၊ နိုင်ငံရေးကို အားလုံး တွန်းနေတဲ့အပေါ်မှာမူတည်ပြီး ပုံဖော်ကြရတာ ဖြစ်ပါတယ်။
အားလုံးရဲ့အသံကို အခြေတည်ပြီး အားလုံး ဦးဆောင်မှုနဲ့ သွားနေတာ ဖြစ်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရက တပ်ဦးအနေနဲ့သွားတာ ဖြစ်ပါတယ်။ တပ်ဦးရဲ့တာဝန်ကတော့ သူတာဝန်ခံထားတဲ့အတိုင်း ရှေ့ကိုရွေ့အောင် လုပ်ရတာ ဖြစ်ပါတယ်။ စိတ်ဓာတ် တွေကို အရင်းပြုပြီးတော့ သွားရတဲ့ ခရီးရှည်လည်း ဖြစ်ပါတယ်။ ဒီမှာပါတဲ့သူတွေအားလုံးက စွန့်လွှတ်စွန့်စား လုပ်ထားကြရပါတယ်။ ဆုံးရှုံးမှုတွေ အများကြီးနဲ့ပဲစပြီး တည်ဆောက်ရတဲ့တော်လှန်ရေး ဖြစ်သလို၊ အခုကိုယ့် လမ်း ကိုယ်ဖောက်ပြီး ရေဆန်ခရီးကို သွားနေကြတာ ဖြစ်ပါတယ်။ဒီလိုအချိန်မှာ စည်းလုံးညီညွတ်ဖို့က အင်မတန်အရေးကြီးပါတယ်။
စည်းလုံးညီညွတ်မှုရဖို့ နားလည်မှုက အင်မတန်မှ အရေးကြီးတယ်။ မတူညီတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အသိအမြင်တွေကို၊ သဘောတွေကို သဘောထားမျှအောင်ကြိုးစားယူရင်းနဲ့ ရှေ့ကို သွားဖို့ လုပ်ရတာဖြစ်တော့ ပွတ်တိုက်မှုတွေလည်း ရှိပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့က နားလည်မှု၊ သည်းခံနိုင်ဖို့က အရေးကြီးပါတယ်။ အားလုံးရဲ့ပေးဆပ်မှုတွေက အဓိပ္ပာယ်ရှိဖို့အတွက် တော်လှန်ရေး ရှေ့တိုး ဖို့အတွက် ခြုံပြီးပြောမယ်ဆိုရင် နားလည်မှုတွေ စိတ်ရှည်သည်းခံမှုတွေနဲ့သွားဖို့လိုပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ထဲမှာလည်း ပါပါတယ်။ အခန်း(၄) အပိုင်း (၁) မှာပေါ့။ ပြည်ထောင်စု မျှော်ရည် ချက်နဲ့ စံတန်ဖိုးတွေမှာ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ပါတယ်။ နောက်စုပေါင်းခေါင်းဆောင်မှု၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း၊ သဟဇာတဖြစ်ခြင်းနဲ့ မတူကွဲပြားမှုကို လက်ခံညီညွတ်ခြင်းဆိုတာ ပါတယ်။
ဂျန်ဒါ တန်းတူညီရေး၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ လူမျိုး၊ ကိုးကွယ်ယဥ်ကျေးမှုဘာသာစကား၊ ကျား၊ မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း ဖြစ်ပါတယ်။ စံတန်ဖိုးတွေကို ကြည့်လိုက်ရင်တော့ တဖက်မှာ တလျှောက်လုံး ကြီးပြင်းလာတဲ့ စစ်အာဏာရှင်စနစ်အောက်က နိုင်ငံရဲ့စံတန်ဖိုးတွေထက် အများကြီး ပိုပြီးကောင်းသွားတယ်။ ရှေ့ကို မျှော်တဲ့စံတန်ဖိုးတွေ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မတို့ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
မတူကွဲပြားမှုကို အားနည်းချက်အနေနဲ့ မမြင်ဘဲ မတူကွဲပြားမှုကို အားသာချက်အနေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဖြစ်စေချင်တာကိုပဲ ဖြစ်တာမျိုးမဟုတ်ပဲနဲ့ အားလုံးရဲ့သဘောထားတွေကို လေးစားတတ်တဲ့ စိတ်ဓာတ် တွေ အားလုံးရဲ့အမြင်တွေ၊ ပါဝင်မှုတွေကို လေးစားတတ်တဲ့စိတ်ဓာတ်တွေစပြီး မွေးမြူဖို့လိုပါတယ်။ အစပိုင်း မှာတော့ ခက်ခဲ့မယ့်ဟာတွေ ရှိရင်ရှိမှာပါ။ ကိုယ်နားလည်နေတဲ့ ပုံံစံတွေနဲ့ မကိုက်တာတွေ ဖြစ်နိုင်ပါတယ်။
ကျွန်မတို့ ဗဟုလူ့အဖွဲ့အစည်းကို သွားဖို့အတွက် ဒီအမြင်တွေ တကယ်မွေးမြူသွားဖို့ လိုပါတယ်။ အမျိုးသမီး တွေ ပါဝင်ခြင်းနဲ့ ပတ်သက်ရင်တော့ အမျိုးသမီးတွေနိုင်ငံရေးမှာ အများကြီးဆက်လက်ပါဝင်ဖို့ လိုတယ်။ ၃၀ ရာခိုင်နှုန်း ပြည့်ဖို့ကတော့ ကြိုးစားနေဆဲဖြစ်ပါတယ်။ နိုင်ငံရေးဦးဆောင်မှုကတော့ ဒေါ်အောင်ဆန်းစုကြည် က နှစ်ပေါင်းတော်တော်များများ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်ပြယုဂ် တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကလည်း ကောင်းတဲ့ အချက်တခုပါပဲ။ တော်တော်များများက အမြင်တွေရှိကြတယ်။ အမျိုးသမီး ပါတော့ပါတယ်။ leadership နေရာမှာမထားချင်ကြဘူး။ first decision မှာ မထားချင်ကြဘူး။
အမျိုးသမီးတွေက များသောအားဖြင့် လူမှုကူညီရေးလုပ်ငန်းတွေ CSO၊ NGO တွေမှာ ပါဝင်ကြတာ များတယ်။ နိုင်ငံရေးမှာ အများကြီးပါဝင်ဖို့ လိုပါသေးတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အများကြီးလက်တွဲခေါ်ဖို့ လိုတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တိုင်းရေးပြည်ရေးတွေမှာ၊ လူမှုရေးရာတင်မကဘူး။ စီးပွားရေးကဏ္ဍ အသီးသီးမှာ လည်း အမျိုးသမီးတွေ ဦးဆောင် ပါဝင်ဖို့ လိုအပ်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
လူမှုရေးကဏ္ဍတို့၊ တက်ကြွလှုပ်ရှားသူတို့မှာ အမျိုးသမီးတွေအများကြီး ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးကဏ္ဍ မှာလည်း တော်တဲ့အမျိုးသမီးတွေက အများကြီး ပါဝင်လာပါတယ်။ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ဒေါ်ဇင်မာအောင်တို့ မအိသဥ္ဇာမောင်တို့ကလည်း ဒါတွေက အားတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့အမျိုးသမီးထု အတွက် နိုင်ငံအတွက်လည်း အားတစ်ခုဖြစ်ပါတယ်။ သူတို့လည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချလို့ရတဲ့ နေရာတွေကနေ ပါဝင်နေတာဖြစ်ပါတယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသမီးတွေပါတာ ရှိတယ်။
နောက် တခုက ဖက်ဒရယ်အဆင့်ရော၊ ဒေသန္တရအဆင့်မှာရော အမျိုးသမီးတွေကို တော်တော်တော့ နေရာပေးလာ တာကို မြင်ရတယ်။ ဒါပေမယ့် အများကြီးဆက်ပြီး လုပ်ဖို့လိုတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေထဲမှာလည်း အမျိုးသမီးတွေပါဝင်နေရာပေးဖို့ လိုအပ်တယ်။ တချို့တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ အမျိုးသမီးတွေ နေရာပေးတာတွေရှိတယ်။ တချို့ကတော့ အမျိုးသမီးခေါင်းဆောင်တွေကို သိပ်ပြီးမတွေ့ရသေးပါဘူး။
၅။အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်နိုင်ဖို့အတွက် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အနေအထားတစ်ခုလုံးနဲ့ ဆိုင်တယ်။ ကျွန်မတို့ လူ့အဖွဲ့အစည်းတစ်ခုလုံး နားလည်လက်ခံလာဖို့ လိုတယ်။ ဒီအလေ့အကျင့်ကို အိမ်ကနေ စတင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့မိသားစုမှာ ကိုယ့်ရဲ့သမီးနဲ့သားကို ဆက်ဆံတာ တူတူပဲလားဆိုတာကနေ စရမှာဖြစ်ပါတယ်။ ကျွန်မတို့ကစပြီးမှ သဘောထားတွေ တဖြေးဖြေးပြောင်းလဲလာရမှာ ဖြစ်ပါတယ်။
ဒီလိုကနေ နေရာပေါင်းစုံ ဘက်ပေါင်းစုံကနေ တွန်းရမယ့် သဘောရှိပါတယ်။ ခုန ပြောသလို နိုင်ငံရေးထဲမှာပါဝင်ဖို့ လူတွေ လေးစားအားကျရတဲ့ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေလည်း လူတွေများများ မြင်ကြဖို့ လိုတာပေါ့။ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့ ပုံရိပ်တွေကို အများကြီး မြင်ရဖို့ လိုတယ်။ အဲ့ဒါတွေလည်း အရေးကြီးပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးနဲ့ပတ်သက်တဲ့ ရေးရာကိစ္စတွေကတော့ မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း တော်တော်များများ ရှိနေတယ်။ အခု နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်ရော နိုင်ငံသစ်တည်ဆောက်ဖို့ အတွက်ရော အမျိုးသမီးအင်အားတွေ အများကြီးလိုပါတယ်။ တကယ်တော်တဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေကို အများကြီးလိုတယ်။ အဲ့အတွက်အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ အရည်အချင်းရှိတဲ့သူတွေကို များများလည်း ပါဝင်စေဖို့လိုတယ်။
အမျိုးသမီးတွေကို အဟန့်အတားဖြစ်စေတဲ့အရာတွေဆိုတဲ့ အရာမှာတော့ မိသားစုတွင်းကျင့်သုံးတဲ့စံနှုန်းတွေလည်း ပါဝင်ပါတယ်။ အမျိုးသမီးဖြစ်တော့ မိသားစုနဲ့ ကလေးငယ်တွေရှိရင် သူလုပ်လို့ မရတော့ဘူး။ အဲ့ဒါကိုမကောင်းဘူး ပြောတာမဟုတ်ဘူး။ သူ့ရဲ့ Natural Barrier ပေါ့နော်။ သဘောဝအလျှောက်ပါလို့မရတဲ့ နေရာမျိုးတွေလည်း ရှိနိုင်ပါတယ်။ နောက်တခုက ဥပမာ စစ်ရေးအရ ရှေ့တန်းသွားဖို့အတွက် အဟန့်အတားတွေ ရှိနိုင်ပါတယ်။ အရမ်းတော်တဲ့၊ အရမ်းသန်မာတဲ့ အမျိုးသမီး တိုက်ခိုက်ရေးသမားတွေ အများကြီးရှိတယ်။ သူတို့ကို ရှေ့တန်းသွားနိုင်အောင် သူတို့ရဲ့အရည်အချင်းတွေ အစွမ်းတွေပြနိုင်အောင် စီမံဆောင်ရွက်ပေးဖို့ လိုပါတယ်။
တပ်ထဲမှာ ဆိုရင်လည်း အမျိုးသမီးတွေအတွက် ပိုအဆင်ပြေမဲ့ အစီအမံတွေ လိုအပ်ပါတယ်။ ဥပမာ- အမျိုးသမီးနေဖို့ လုပ်ပေးတာက အစပေါ့နော်။ အမျိုးသမီးက နိုင်ငံရေးလုပ်ငန်းတွေ အင်တိုက်အားတိုက်ပါဝင်ချင်ပေမယ့်လည်း သူ့မှာနို့စို့ကလေးရှိတယ် ဆိုရင် သူ့ကိုဘယ်လိုကူညီပေးမလဲဆိုတာ အိမ်မှာရှိတဲ့ အမျိုးသား၊ ဆွေမျိုးသားချင်းတွေက စဉ်းစားသင့်တယ်။ နင်က ကလေးအမေပဲနင်ကတခြားဟာတွေမလုပ်နဲ့ ကလေးနဲ့ပဲနေဆိုတာမျိုးထက် သူလည်း ကလေးတဖက်နဲ့ ကြိုးစားရမယ်။ ကြိုးစားရှာတယ်။ သူ့ကို ဝိုင်းပံ့ပိုးပေးရမယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
ဂျဲန်ဒါမခွဲဘဲ ခေါင်းဆောင်ကောင်းဖြစ်ထိုက်တဲ့သူတွေ တကယ်တော်တဲ့သူတွေ ခေါင်းဆောင်ဖြစ်ရင်တော့ အားလုံးကပျော်ရတာပေါ့။ အမျိုးသမီးဖြစ်လို့ဆိုတာမျိုးမဟုတ်ပဲနဲ့ ဘယ်သူမဆို အမျိုးသားရော အမျိုးသမီး ရော တန်းတူအခွင့်အရေးပေးရမှာ ဖြစ်ပါတယ်။ မျှတတန်းတူတဲ့အခွင့်အရေးရှိမယ်ဆိုရင် တိုင်းပြည်က ပိုပြီး တိုးတက်မှာ ဖြစ်ပါတယ်။
၈။ ဖြည့်စွက်ချက်။
ဒီတော်လှန်ရေးမှာ တကယ်ပဲ ထူးချွန်ပြောင်မြောက်စွာနဲ့ ရဲရဲတောက်ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ထဘီအလံတွေ တော်လှန်ရေးလုပ်ခဲ့ကြတဲ့ဖြစ်ရပ်က သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့သမိုင်းမှာ အဲ့လိုမျိုးလည်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးမှ လည်း အမျိုးသမီးတွေကတော့ community ကို အမြဲတမ်းပါဝင်လှုပ်ရှားတယ်။
အဲ့ဒါနဲ့ဆက်စပ်နေတဲ့ CSO, NGO, INGO တို့မှာ အမျိုးသမီးတွေက အများကြီးပါဝင်ကြတယ်။ အဲ့ဒါနဲ့အတူတူပဲ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေ မှာလည်း အများကြီးဆက်လက်ပြီးမှ ဒီထက်ပိုပြီးပါဝင်သင့်ပါတယ်။ ဒီလိုပါဝင်နိုင်ဖို့အတွက်လည်း ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေအားလုံး ဝိုင်းဝန်းပံ့ပိုးပေးဖို့ လိုပါတယ်။ အမျိုးသမီးဖြစ်တယ် ဆိုပြီးမှ ကန့်သတ် ထားတာမျိုးမဟုတ်ပဲ သူ့ကိုဝိုင်းဝန်းမြေတောင်မြောက် ပံ့ပိုးပေးဖို့လည်း လိုပါတယ်လို့ ပြောချင်ပါတယ်။
ကိုယ်ရဲ့မိသားစုမှာ ကိုယ့်ရဲ့သမီးနဲ့သားကို ဆက်ဆံတာ တူတူပဲလားဆိုတာကနေ စရမှာဖြစ်ပါတယ်။ ကျွန်မတို့ကစပြီးမှ သဘောထားတွေ တဖြေးဖြေးပြောင်းလဲလာရမှာ ဖြစ်ပါတယ်။ ဒီလိုကနေ နေရာပေါင်းစုံ ဘက်ပေါင်းစုံကနေ တွန်းရပါမယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
-
- Published on
ဒေါ်ခင်ဥမ္မာ
ဥက္ကဌ၊ တည်ထောင်သူ
ရှေ့ပြေးအသံ (Progressive Voice)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“စစ်တပ်က ချထားတဲ့ ခြစားနေတဲ့ ဥပဒေ၊ သူတို့ကို ကာကွယ်ဖို့ ချထားတဲ့ ဥပဒေက ပြည်သူကို ဘယ်တုန်းကမှ မကာကွယ်ပေးတဲ့အပြင် ပြည်သူထဲမှာမှ ဒုတိယတန်းစား အထားခံရတဲ့ အမျိုးသမီးတွေက တရားမျှတမှုကိုလည်း တခါမှ မရခဲ့သလို နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ဆိုတာ အဝေးကြီးပါပဲ”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
ကျွန်မတို့နိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြစ်တဲ့အတွက် တိုင်းပြည်ကို လွတ်လပ်ရေးယူစဉ်ကတည်းက တိုင်းရင်းသားတန်းတူရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ အခြေခံနိုင်ငံရေးသဘောတူညီချက်၊ မူ၊ အခြေခံအုတ်မြစ်ပေါ်မှာ အခြေခံပြီး စုစည်းနေထိုင်လာခဲ့ကြပေမဲ့ တကယ်တမ်းက ဒီတိုင်းပြည်ထဲမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံဟာ နိုင်ငံရေးဖြစ်စဉ်မှာ ဘယ်တုန်းကမှ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ခွင့်၊ တန်းတူအခွင့်အရေး မရခဲ့ကြဘူး။
ဒါကြောင့် ၁၉၄၇-၄၈ နောက်ပိုင်းကတည်းက ဒီတိုင်းပြည်က Community အသီးသီး၊ တိုင်းရင်းသားလူမျိုးစုအသီးသီးက သူ့ကံကြမ္မာသူဖန်တီးခွင့်ရရေးအတွက်ကို မျိုးဆက်နဲ့ချီပြီး တော်လှန်ခဲ့ကြရတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးကို မတရားအုပ်ချုပ်ဖိနှိပ်ထားတဲ့ ဘုံရန်သူက ဒီအာဏာရှင်တစ်ခုပဲ ဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ စစ်တပ်ပေါ့နော်။
ဖက်ဆစ်စစ်တပ်သည် ဗမာမဟုတ်တဲ့ တခြားလူမျိုးတွေအပေါ်မှာ လူမျိုးရေးအရ၊ ဘာသာရေးအရ ဖိနှိပ်ခွဲခြားမှုတွေလုပ်တယ် ဆိုပေမယ့် ဗမာလူမျိုးတွေအပေါ်မှာတော့ အာဏာရှင်စနစ်ကို အာခံတယ်ဆိုရင် တော့ ဖိနှိပ်တာပါဘဲ။ ပြောချင်တာက ကျွန်မတို့နိုင်ငံရဲ့နိုင်ငံရေးသည် ဘုံရန်သူ တူတယ်ဆိုပေမယ့် ဖြတ်သန်း ကြရတဲ့ တော်လှန်ရေးဖြတ်သန်းမှုတွေ၊ နိုင်ငံရေး ရည်မှန်းချက်တွေ၊ ကြိုးစားရတဲ့ဖြစ်စဉ်တွေက မတူကြဘူး။ ဒါပေမယ့် ဘယ်ပြည်သူမှ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို မရခဲ့ကြဘူး။
ဒီအကြမ်းဖက် စစ်အုပ်စုက ခေါင်းဆောင်သာ ပြောင်းသွားတယ်၊ ဒီစစ်တပ်သည် တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာမတူညီ ကြတဲ့ လူမျိုးစုတွေ အားလုံးကြားထဲမှာ အမုန်းတရားတွေ ဖန်တီးပြီးတော့ ခွဲခြားအုပ်ချုပ်မှုကို ကျင့်သုံးတယ်။ ဒီခွဲခြားအုပ်ချုပ်ချုပ်နဲ့ပဲ ပြည်သူတွေကြားထဲမှာ အချင်းချင်းလက်ချင်း မချိတ်မိအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်တဲ့အတွက် အတူတူဖန်တီးနိုင်မယ့်၊ လက်ချင်းချိတ်နိုင်မယ့် အခြေအနေတစ်ရပ်ကို မရခဲ့ကြဘူး။
ကျွန်မတို့က ၈၈ မျိုးဆက်တွေ ဖြစ်တယ်။ ၈၈ မျိုးဆက်က တစ်ပါတီအာဏာရှင်စနစ်ကို မကြိုက်လို့တိုက်တာ။ ဒါပေမယ့် ကျွန်မတို့တိုက်တဲ့အချိန်မှာ စစ်တပ်အချင်းချင်း အာဏာသိမ်းလိုက်တော့ တစ်တိုင်းပြည်လုံးနီးပါးက ပြန်ငြိမ်ကျသွားတယ်။ ပါတီစုံဒီမိုကရေစီပေးပါမယ်လို့ ကတိပေးလိုက်တဲ့အပေါ်မှာလည်း နိုင်ငံရေးဦးဆောင် သူတွေက အဲဒီနောက်ကို မျောပြီးတော့ ပါသွားတယ်။
နှစ်ပေါင်းများစွာတိုက်ပွဲဝင်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ ပင်လုံစာချုပ်ကနေ လမ်းဖွင့်ပေး၊ အုတ်မြစ်ချပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို ဘယ်လိုသွားမလဲ၊ ပြည်မထဲမှာရှိနေတဲ့ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ နယ်စပ်ဒေသက ထိန်းချုပ်နယ်မြေတွေရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုချိတ်ဆက်ပူးပေါင်း မလဲဆိုတဲ့ စဉ်းစားချက်တွေက မရှိခဲ့ဘူးပေါ့နော်။ မြို့ပေါ်မှာနေတဲ့ နိုင်ငံရေးဦးဆောင်သူတွေကလည်း နိုင်ငံရေးအရ ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။
၈၈မျိုးဆက် ကျောင်းသားလူငယ်တွေ တောထဲဝင် လက်နက်ကိုင်တိုက်ပွဲဝင်တာကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ အကုန်လုံးက လက်မခံကြဘူး။ ရှင်းရှင်း ပြောရရင် ၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုက အသိအမှတ်မပြုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့လို ရွေးကောက်ခံလူကြီးတွေအကုန်လုံးကို ထောင်ထဲပို့လိုက်တော့မှ ကျွန်မတို့နိုင်ငံမှာ မြေပြန့် မှာရှိနေတဲ့နိုင်ငံရေးပါတီနိုင်ငံရေးနဲ့ တောထဲမှာရှိနေတဲ့ လက်နက်ကိုင်လမ်းစဉ် နိုင်ငံရေးက အချိတ်အဆက် ပိုမိုသွားတော့တယ်။ ဒါက ၁၉၉၀နောက်ပိုင်းမှာ ဖြစ်လာတာပေါ့နော်။
ဒါပေမယ့် အခုနွေဦးတော်လှန်ရေးရဲ့ အားသာချက်က အရမ်းကြီးပါတယ်။ စစ်အုပ်စုအနေနဲ့ ခွဲခြားအုပ်ချုပ်လို့ မရတော့ဘူး။ အရင်မျိုးဆက်သစ်တွေနဲ့ မျိုးဆက်ဟောင်းတွေ ပေါင်းစပ်သွားတယ်။ ဆင်းရဲချမ်းသာမရွေး ပြည်သူအားလုံးကြားမှာ လိုချင်တဲ့ဆန္ဒတွေက ပေါင်းသွားတယ်။ အထူးခြားဆုံးက ဘယ်နိုင်ငံမှာမှလည်း မရှိတဲ့ CDM ပါပဲ။
စစ်အုပ်စုအာဏာသိမ်းတာ ဒီအချိန်ထိ မအောင်မြင်သေးတာ တိုင်းပြည်ရဲ့ ယန္တရားတွေကို ထမ်းထားရတဲ့လုပ်သားတွေက မင်းတို့အောက်တော့ မလုပ်ဘူးဆိုတာကြောင့် တိုင်းပြည်ကိုအုပ်ချုပ်လို့မရဘဲ ပထမဆုံးဇောက်ထိုးကျစေတဲ့ အရာပဲ။ ဒါဟာ ငါတို့ကို မင်းတို့ ဘယ်တော့မှအုပ်ချုပ်ခွင့်မရစေရ ဆိုတဲ့ ကြွေးကြော်သံတွေရဲ့ လက်တွေ့လုပ်ဆောင်မှုဖြစ်ပါတယ်။
ပြီးတော့ ထူးခြားမှုအနေနဲ့ ထမီတော်လှန်ရေး ဖြစ်လာပြီးတော့ အမျိုးသားကြီးစိုးတဲ့ ဖိုဝါဒကို Ideology အရ တိုက်ဖျက်တာ ဖြစ်တယ်။ အနာဂါတ်မှာ ဘယ်လိုတိုင်းပြည်မျိုး တည်ဆောက်မယ်ဆိုတာကို နွေဦးတော်လှန်ရေးက အုတ်မြစ်စချလိုက်တာဖြစ်ပါတယ်။
၁၀၂၇စစ်ဆင်ရေးမှာဆိုရင် စစ်ရေးဆိုင်ရာအရ အောင်မြင်မှုက ပိုများလာတယ်။ နိုင်ငံတကာကလည်း အမြင်တွေအများကြီးပြောင်းလာတယ်၊ သူတို့တစ်သက်လုံး ဘယ်တော့မှ ပြိုကျမှာမဟုတ်ဘူးလို့ ထင်ထားတဲ့ မြန်မာ့တပ်မတော်ဆိုတာ တကယ်တမ်းကြတော့ ပြိုကျနေပြီ၊ ဖြိုလို့ ရနေပြီ၊ ဖြိုလည်းဖြိုနေကြတယ်ဆိုတာ မြင်လာကြတယ်။
ဒီတော်လှန်ရေး ခေါင်းဆောင်လူကြီးတွေအားလုံးကို မေးခွန်း ထုတ်တယ်၊ အကြံလည်း ပြုတယ်။ တကယ်တည်ဆောက်မယ့် အနာဂါတ်ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာ ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်မှာလဲ၊ ဘယ်လိုနိုင်ငံရေးဦးဆောင်မှုမျိုးလဲဆိုတာ ၂၀၂၄ ထဲဝင်လာတဲ့ အချိန်မှာ အားလုံးအတူတူ ဝိုင်းဝန်း အမြန်ဆုံး ကြိုးစားအဖြေထုတ်ရမယ့် စိန်ခေါ်ချက်ကြီးလို့ပဲ ပြောချင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက် သင့်ပါသလဲ။
အဓိကလိုအပ်တာက လူ့အဖွဲ့အစည်းထဲမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုပါ။ လူ့အဖွဲ့အစည်းတိုင်းမှာ လူသားနဲ့ ပဋိပက္ခဆိုတာက ခွဲခြားလို့ရတယ်လို့ ကျွန်မမမြင်ဘူး။ ဒါပေမယ့် အဲဒီပဋိပက္ခကို လက်နက်ကိုင်စစ်ပွဲတွေ မဖြစ်အောင်၊ လက်နက်နဲ့ကိုင်ပြီးတော့မှ ဖြေရှင်းရတဲ့အဆင့်မျိုး မရောက်အောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အရေးကြီးပါတယ်။
ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့ အချိန်မှာ အားလုံးကြားထဲမှာ အခြေခံစံတန်ဖိုးတူနေရင် တည်ဆောက်မှုတွေက ပိုပြီးမြန်ဆန်အဆင်ပြေ သွားလိမ့်မယ်။ နိုင်ငံတော်တည်ဆောက်ရေးအတွက် အုတ်မြစ်က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု နှင့် တရားဥပဒေစိုးမိုးမှု ဖြစ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
အမြင်စုံလင်ကွဲပြားမှုကို မဖန်တီးပေးနိုင်တဲ့အခါ၊ ရေလောင်းပေါင်းသင်ပြီး ရှင်သန်ခွင့်မပေးတဲ့အခါ စစ်အာဏာ ရှင် သက်ဆိုးစေဖို့၊ တစ်ကျော့ပြန်ဖို့အတွက် ထားထားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ နိုင်ငံရေး မှာ အမြင်စုံလင်မှုကို အကောင်းဆုံးညှိနှိုင်းနိုင်ရင် ပိုပြီးတော့မှ အားကောင်းတဲ့အဖြေတွေကို ရရှိလာမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ တကယ့်အနှစ်သာရက အမြင်စုံလင်ကွဲပြားမှုကို တန်ဖိုးထားပြီး မြေတောင်မြှောက်ပေးခြင်း ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဥပဒေပြုရေးမှာဆိုရင်လည်း အနည်းဆုံး ၃၀ ရာခိုင်နှုန်း၊ အစိုးရအုပ်ချုပ်ရေး ဆိုရင်လည်း ထိပ်ပိုင်း ဆုံးဖြတ်ချက် ချတဲ့ နေရာတွေမှာ၊ ဥပဒေပြုရေး လွှတ်တော်တွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါကိုပါရမယ်။ ထိုနည်းလည်းကောင်းပဲ လုံခြုံရေးတပ်တွေမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါရမယ်။ ဒါမှသာ ထက်ဝက်ကျော်သော အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုတွေက၊ ငြိမ်းချမ်းမှုတွေက ပိုပြီးတော့ မှန်မှန်ကန်ကန်နဲ့၊ ထိထိရောက်ရောက်နဲ့ ပိုလုပ်လာနိုင်မယ် လို့ မြင်ပါတယ်။
နောက်တခုက Sex အရမှာတော့ အမျိုးသမီးတွေ ကျားနဲ့ မ နှစ်မျိုးထဲဆိုပေမဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ သူ့ရဲ့ Sexual Preference ဘာပဲဖြစ်နေဖြစ်နေ သူ့ဆုံးဖြတ်ပိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်ကို ကန့်သတ်လို့ မရဘူး။ အဲဒီတော့ ပညာပေးမှုတွေ သေသေချာချာ လုပ်ပြီးတော့မှ လူမှုပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို သေချာလုပ်ရမယ်လို့ မြင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကာလမှာ မျှော်လင့်ချက် ပိုကြီးတယ်။ ဒါပေမဲ့ ၃ နှစ် ကာလကို ရောက်လာပြီးတဲ့အခါမှာ အမျိုးသမီးတွေရဲ့ ထိပ်ပိုင်းဦးဆောင်မှု၊ ဆုံးဖြတ်ပိုင်ခွင့်ဆိုင်ရာတွေနဲ့ ပတ်သက်လို့ ကျွန်မ နည်းနည်းလေး အားမရဘူးလို့ပဲ ပြောရမလား၊ စိတ်ပူတယ်လို့ပဲ ပြောရမလားပေါ့။ တော်တော်များများ နေရာတွေမှာ အရမ်းထင်ထင်ရှားရှားကြီး တွေ့မနေရဘူးပေါ့။
ဥပမာ NUG မှာ အကောင်းဆုံး ကြိုးစားထားတာ ကျွန်မတို့ တွေ့ပါတယ်။ အမျိုးသမီးဝန်ကြီးတွေ ရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဆိုရင် အမျိုးသမီးဖြစ်တယ်။ အင်မတန်မှ အားရစရာကောင်းတဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးက တော်လှန်ရေးအတွက် နိုင်ငံတကာ ကိစ္စတွေမှာ အများကြီး ဦးဆောင်ပြီးလုပ်နိုင်တယ်။ အမျိုးသမီး၊ ကလေးသူငယ်ဝန်ကြီးဌာနမှာ ဆိုရင် ဝန်ကြီး၊ ဒုဝန်ကြီး ၂ ယောက်လုံးက အမျိုးသမီးတွေ ဖြစ်တယ်။ တခြားနေရာတွေမှာလည်း အမျိုးသမီးဝန်ကြီး တွေရှိတယ်။ ဒါပေမဲ့ တကယ့်ထိပ်ဆုံး ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ နိုင်ငံခြားရေးဝန်ကြီးကလွဲလို့ ကျန်တဲ့ နေရာတွေမှာက အမျိုးသမီးတွေ အများကြီးမတွေ့ရဘူးလို့ မြင်တယ်။
ပြီးတော့ ထိပ်ဆုံး ဦးဆောင်သူတွေက အမြဲတမ်း အမျိုးသားတွေပဲဖြစ်တယ်။ ဒါကလည်း တော်တော်ကြီးကို အချိန်ယူပြီး ကျော်လွှားရမယ့် နိုင်ငံရေး ထုံးတမ်းစဉ်လာကြီးလို့ မြင်တယ်။ ဒါပေမဲ့ သတိထားမိတဲ့တစ်ခုကတော့ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်သူ လို့ ပြောလိုက်တဲ့ကိစ္စတိုင်းမှာ တချို့သူတွေ ပြန်ပြောလေ့ရှိတာက ဒေါ်အောင်ဆန်းစုကြည် ရှိနေပြီပဲ။ တော်ပြီပေါ့။ ဒါမျိုးတွေ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ကြားခဲ့ရတယ်။ ပြောချင်တာက ကျွန်မတို့ နိုင်ငံရေး ယဉ်ကျေးမှုမှာ အမျိုးသမီးတွေရဲ့ ထိပ်ပိုင်းဦးဆောင်မှု၊ ဆုံးဖြတ်ချက်ချမှုတွေနဲ့ ပတ်သက်ရင် အများကြီး လိုနေပါသေးတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အဓိကကတော့ မဟာဖိုဝါဒပေါ့။ ဒါက တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ သို့သော် မဟာဖိုဝါဒရဲ့ကြီးစိုးမှု နဲ့ စစ်တပ်ကြီးစိုးမှုအောက်မှာ နှစ် ၇၀ ကျော် ရှိလိုက်တော့ အမျိုးသမီးတွေအေပါ်မှာ ထားရှိတဲ့ သဘောထားက လူတစ်ဦးချင်းစီ၊ လူမျိုးစုထဲမှာ Internalization က အရမ်းကြီးသွားတယ်။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင် ဆုံးဖြတ်ခွင့်ဆိုတာက အဝေးကြီးပဲ။
စစ်တပ်က ချထားတဲ့ ခြစားနေတဲ့ ဥပဒေ၊ သူတို့ကို ကာကွယ်ဖို့ ချထားတဲ့ ဥပဒေက ပြည်သူကို ဘယ်တုန်းကမှ မကာကွယ်ပေးတဲ့အပြင် ပြည်သူထဲမှာမှ ဒုတိယတန်းစား အထားခံရတဲ့ အမျိုးသမီးတွေက ဘယ်တုန်းကမှ တရားမျှတမှုကိုလည်း တခါမှ မရခဲ့သလို နိုင်ငံရေးမှာ ပါဝင်ဖို့ဆိုတာက အဝေးကြီးပါပဲ။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
လူငယ်မျိုးဆက်အမျိုးသမီးတွေဆိုရင် တော်လှန်ရေးမှာ ကျရာနေရာကနေ အမျိုးမျိုးကို မညည်းမညူဘဲနဲ့ ဒုက္ခ၊ သုက္ခနဲ့ တောထဲမှာ အမျိုးသမီးဖြစ်ရခြင်းအပေါ်မှာရှိတဲ့ လိုအပ်ချက်တွေကို ကြံ့ကြံ့ခံ လက်ခံပြီးတော့မှ သူတို့ ကြိုးစားနေတယ်။ သူတို့ရဲ့ ဘဝပေးအသိ၊ ဘဝဖြတ်သန်းမှုက သူတို့ဦးဆောင်လာတဲ့အပေါ်မှာ သူတို့သည် နိုင်ငံရေး အခြေခံရှိပြီးဖြစ်တယ်။
ဒါပေမဲ့ လာမယ့် အနာဂတ်နိုင်ငံတော်အသစ်အတွက် ပြင်ဆင်မှုကို လက်ရှိ အမျိုးသမီးအဖွဲ့အစည်းတွေက တက်ညီလက်ညီနဲ့ လက်ချင်းချိတ်ပြီး သေသေချာချာလုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒီအတွက်ကို အရင်းအမြစ်တွေက သေချာပေါက်လိုတယ်။ အဲဒီအရင်းအမြစ်တွေ ကိုလည်း အခုကျွန်မတို့နိုင်ငံက အမျိုးသမီးတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက သေသေချာချာ လက်ချင်းချိတ် နိုင်မယ်ဆိုရင် ဒီလို အရင်းအမြစ်တွေကို ကျွန်မတို့ ကောင်းကောင်းဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေပါမှပဲ ကျွန်မတို့နိုင်ငံရေးက ချိန်ခွင်လျှာညီမယ်။ လူ့အသိုင်းအဝိုင်းတစ်ခု၊ နိုင်ငံတစ်ခု တည် ဆောက်တဲ့အခါမှာ ချိန်ခွင်လျှာ မညီရင် ဒီအသိုင်းအဝိုင်း၊ ဒီနိုင်ငံသည် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုဆိုတာ ဘယ်လိုမှ မရနိုင်ဘူး။ နိုင်ငံတည်ဆောက်တယ်ဆိုတာ နိုင်ငံရေးက အခြေခံဖြစ်တယ်။
နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့ နေရာမှာ၊ မူဝါဒ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ တန်းတူပါဝင်မှု၊ တင်းပြည့် ကျပ်ပြည့် ပါဝင်မှုရှိမှသာလျှင် တိုင်းပြည်ရဲ့ ထက်ဝက်နဲ့ ထက်ဝက်ကျော်သော လူဦးရေရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပြီဆိုရင် အမျိုးသားတွေ ကြိုက်သလောက် ကြိုးစားပါစေ၊ အမျိုး သမီးမပါဘဲနဲ့ သူတို့သီးသန့် ဦးဆောင်တဲ့ တိုင်းပြည်၊ လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာစရာ၊ ငြိမ်းချမ်းလာစရာ မရှိဘူးလို့ပဲ မြင်ပါတယ်။ ။
အနာဂတ်နိုင်ငံတော်အသစ်အတွက် ပြင်ဆင်မှုကို လက်ရှိ အမျိုးသမီးအဖွဲ့အစည်းတွေက တက်ညီလက်ညီနဲ့ လက်ချင်းချိတ်ပြီး သေသေချာချာလုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media