• Published on

    တန်ပြန်တော်လှန်ရေး

    ရေးသာသူ- Liliane


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 



     တန်ပြန်တော်လှန်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘာဝ
    -----------------------------------------------

    တန်ပြန်တော်လှန်ရေးဆိုသည်မှာ တော်လှန်ရေးတစ်ခု၏ ရလဒ်များ သို့မဟုတ် ပြောင်းလဲမှုများကို ဆန့်ကျင်ရန်၊ ပြန်လည်ပြောင်းလဲရန် သို့မဟုတ် တားဆီးရန် ကြိုးပမ်းသော နိုင်ငံရေး၊ လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု ဖြစ်ပါသည်။ ၎င်းသည် တော်လှန်ရေးမတိုင်ခင်က တည်ရှိခဲ့သော စနစ်၊ အာဏာဆက်ဆံရေးများ၊ တန်ဖိုးများ သို့မဟုတ် အင်စတီကျူးရှင်းများကို ပြန်လည်ထူထောင်ရန် ရည်ရွယ် ပါသည်။ တန်ပြန်တော်လှန်ရေးသည် မူလတော်လှန်ရေးက ယူဆောင်လာသော အပြောင်းအလဲများကို လက်မခံနိုင်သော အစုအဖွဲ့၊ လူမှုအဖွဲ့အစည်းနှင့် တော်လှန်ရေးကို ဆန့်ကျင်သူများက တိုက်ရိုက်အနေဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည်။

     
    တန်ပြန်တော်လှန်ရေးနှင့် ပတ်သက်သော သီအိုရီချဉ်းကပ်ချက်များ
    ----------------------------------------------------

    Samuel Huntington (1968) ၏ အမြင်တွင် တန်ပြန်တော်လှန်ရေးကို "အပြောင်းအလဲကို ကန့်သတ်ရန် သို့မဟုတ် ပြန်လှန်ရန် ရည်ရွယ်ချက်ဖြင့် အာဏာကိုအသုံးပြုမှု" အဖြစ် သတ်မှတ်ပါသည်။ ဤသီအိုရီအရ တန်ပြန်တော်လှန်ရေးကို အထူးသဖြင့် စစ်တပ်များ၊ ယခင်အစိုးရအရာရှိများနှင့် ယခင် အခွင့်ထူးခံအုပ်စုများက ပံ့ပိုးလေ့ရှိသည်ဟု ရှုမြင်ပါသည်။

    O'Donnell, Schmitter
    နှင့် Whitehead (1986) တို့၏ ဒီမိုကရေစီအကူးအပြောင်းလေ့လာမှုများတွင် တန်ပြန်တော်လှန်ရေးကို ဒီမိုကရေစီသို့ အကူးအပြောင်း ကာလအတွင်း ဖြစ်ပေါ်နိုင်သော အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ပါသည်။ ၎င်းတို့ လေ့လာတွေ့ရှိချက်အရ စစ်တပ်နှင့် ယခင်အခွင့်ထူးခံအုပ်စုများက ၎င်းတို့၏ အကျိုးစီးပွားများ ခြိမ်းခြောက်ခံရသည်ဟု ခံစားရသော အခါ တန်ပြန်ပြုမူမှုများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ထုတ်ထားပါသည်။

    ဟီဂယ်လ်၏ ဒိုင်လက်တစ်သီအိုရီအရ လူမှုရေးတိုးတက်မှုသည် သမ္မာဓိဋ္ဌာန် (thesis)၊ ဆန့်ကျင်ဘက် (antithesis) နှင့် ပေါင်းစပ်မှု (synthesis) ဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပွားသည်ဟု ရှုမြင်ပါသည်။ တန်ပြန်တော်လှန်ရေးကို ဤသီအိုရီအရကြည့်လျှင် တော်လှန်ရေး (သမ္မာဓိဋ္ဌာန်) ဖြစ်ပွားပြီးနောက် သဘာဝကျကျ ဖြစ်ပေါ်လာသော ဆန့်ကျင်ဘက်အင်အားစု (ဆန့်ကျင်ဘက်) တစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။ Charles Tilly (1978) က "တော်လှန်ရေးတိုင်းသည် ၎င်း၏ တန်ပြန်တော်လှန်ရေးကို ဖြစ်ပေါ်စေသည်" ဟု မှတ်ချက်ပြုခဲ့သည်။ တန်ပြန်တော်လှန်ရေးသည် လူမှုရေးပြောင်းလဲမှု၏ သဘာဝကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဖြစ်စဉ်တစ်ခု၏ ရလဒ်ဖြစ်သည်ဟု ရှုမြင်ပါသည်။

    Gustave Le Bon (1895) သည် တန်ပြန်တော်လှန်ရေးကို စိတ်ပညာရှုထောင့်မှ လေ့လာခဲ့ပြီး၊ ၎င်းကို အပြောင်းလဲနှင့် မရေရာမှုအပေါ် ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန်မှုတစ်ခုအဖြစ် ရှုမြင်ပါသည်။ သူက "လူအုပ်စုစိတ်ပညာ" (crowd psychology) ၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့ပြီး၊ စိတ်ခံစားချက် များနှင့် စုပေါင်းစိတ်ဓာတ်တို့သည် တန်ပြန်တော်လှန်ရေး၏ အရေးပါသော အင်အားစုများဖြစ်ကြောင်း ဆိုပါသည်။ Karen Stenner (2005) က အခွင့်အာဏာစွဲစိတ် သဘောထားရှိသူများသည် လူမှုရေးညီညွတ်မှုကို ခြိမ်းခြောက်မှုများရှိသည်ဟု ထင်မြင်လာသောအခါ ပိုမိုတုံ့ပြန်တတ်ကြောင်း ဖော်ပြခဲ့သည်။

    Theda Skocpol (1979) သည် နိုင်ငံတော်ဗဟိုပြုချဉ်းကပ်မှုကို အသုံးပြု၍ တန်ပြန်တော်လှန်ရေးကို လေ့လာခဲ့ပါသည်။ သူမ၏ သီအိုရီတွင် တန်ပြန်တော်လှန်ရေးဖြစ်ပွားနိုင်ခြေသည် နိုင်ငံတော်၏ အင်စတီ ကျူးရှင်းများ အထူးသဖြင့် စစ်တပ်နှင့် ဗျူရိုကရေစီယန္တရားများကဲ့သို့သော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အင်အားစုများနှင့် အလွန်ဆက်စပ်နေကြောင်း ပြသခဲ့သည်။ စစ်တပ်နှင့် ဗျူရိုကရေစီများ အားကောင်းသော နေရာများတွင် တန်ပြန်တော်လှန်ရေးများ ပိုမိုအောင်မြင်နိုင်ကြောင်း သူမက အဆိုပြုခဲ့ပါသည်။

    အထက်ပါသီအိုရီများအားလုံးသည် တန်ပြန်တော်လှန်ရေး၏ ရှုပ်ထွေးသော သဘောသဘာဝကို နားလည်ရန် မတူညီသောချဉ်းကပ်နည်းများကို သိစေသည်။ တန်ပြန်တော်လှန်ရေးသည် တော်လှန်ရေးကာလ ဖြစ်စဉ်အတွင်းမှာလည်း ဖြစ်နိုင်သလို၊ တော်လှန်ရေးအင်အားစုကြားကနေလည်း ပေါ်ထွက်နိုင်သည်။ တော်လှန်ရေးတိုင်းတွင် တန်ပြန်တော်လှန်ရေးများရှိသည်။ ထိုအချင်းအရာကို မြင်နိုင်မှသာလည်း တော်လှန်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
     
    တန်ပြန်တော်လှန်ရေး၏ လက္ခဏာရပ်များ
    ----------------------------------

    တန်ပြန်တော်လှန်ရေး၏ လက္ခဏာရပ်များမှာ (၁) တော်လှန်ရေးမတိုင်ခင်က ကျင့်သုံးခဲ့သော စံတန်ဖိုးများ၊ ဆက်ဆံရေးပုံစံများ၊ လူမှုစီးပွားစနစ်များ၊ အင်စတီကျူးရှင်းများကို ပြန်လည်ထိန်းသိမ်းလိုခြင်း၊ (၂) တော်လှန်ရေးကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လက်မခံနိုင်ဘဲ တုံ့ပြန်ဆန့်ကျင်ခြင်း၊ (၃)  တော်လှန်ရေးမတိုင်ခင်က ရရှိထားသော အခွင့်အရေးများနှင့် အခွင့်ထူးများကို ပြန်လည်လိုလားခြင်း၊ (၄) တော်လှန်ရေးအတွင်းပေါ်လာသော အင်စတီကျူးရှင်းများကို ဖျက်ဆီးခြင်း၊ (၅) အုပ်စုဝါဒဆန်သော တရား ဟောခြင်း တို့ဖြစ်သည်။ ထိုလက္ခဏာရပ်များကို မြင်ရလျှင် တန်ပြန်တော်လှန်ရေး ဖြစ်လာနိုင်ချေရှိကြောင်း သတိထားအပ်သည်။

     
    တော်လှန်ရေးအတွင်း ဖြစ်လာနိုင်သည့် တန်ပြန်တော်လှန်ရေး၏ အကြောင်းအရင်းခံများ
    ---------------------------------------------------------------------

    တော်လှန်ရေးကြီးများအတွင်း တန်ပြန်တော်လှန်ရေးများ ဖြစ်ပေါ်လာနိုင်သည့် အဓိကအကြောင်း အရင်းခံများမှာ  (၁) တိုင်းပြည်အတွင်းရှိ အခွင့်ထူးခံအုပ်စုများ၏ အကျိုးစီးပွားဆုံးရှုံးခြင်း၊ (၂) တော်လှန်ရေး၏ အစွန်းရောက်လွန်းသော ပြောင်းလဲမှုများ၊ (၃) ညီညွတ်မှုကင်းမဲ့သော တော်လှန်ရေးဦးဆောင်မှု၊ (၄) ပြည်သူ လူထုတရပ်လုံး၏ စီးပွားရေးအကျပ်အတည်းများ၊ (၅) တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူ့ထောက်ခံမှု အားနည်းခြင်း၊ (၆) တော်လှန်ရေးကာလအတွင်း အာဏာလေဟာနယ်ကြီးခြင်း၊ (၇) တော်လှန်ရေးအတွင်း ရှင်းလင်းသော ဦးတည်ချက်ကို မတည်ဆောက်နိုင်ခြင်း၊ (၈) ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ချက် များအတွက် စိုးရိမ်မှုကြီးခြင်း၊ (၉) အစွန်းရောက်သော ဆန့်ကျင်ဘက်အင်အားစုများ ဖြစ်ပေါ်လာခြင်း၊ (၁၀) ပြင်ပကြားဝင်စွက်ဖက်မှုများ အားကောင်းခြင်း၊ (၁၁) ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ စသည်တို့ ဖြစ်သည်။

     
    တော်လှန်ရေးအမျိုးအစားအလိုက် ဖြစ်ပေါ်နိုင်သော တန်ပြန်တော်လှန်ရေးများ
    --------------------------------------------------------------

    တော်လှန်ရေးပုံစံအမျိုးမျိုးသည် ၎င်းတို့နှင့်သဟဇာတဖြစ်သော တန်ပြန်တော်လှန်ရေးပုံစံများကို ဖြစ်ပေါ်စေနိုင်ပါသည်။ တန်ပြန်တော်လှန်ရေးများသည် မူလတော်လှန်ရေးအပေါ် နက်ရှိုင်းပြီး ကျယ်ပြန့်သော သက်ရောက်မှုများ ရှိနိုင်ပါသည်။ ဤအကျိုးဆက်များတွင် (၁) တော်လှန်ရေး၏ ပန်းတိုင်များတိမ်းစောင်းခြင်း၊ (၂) တော်လှန်ရေးခေါင်းဆောင်မှု ပျက်စီးခြင်း၊ (၃) ညီညွတ်မှုကွဲပြားခြင်း၊ (၄) တော်လှန်ရေးအင်စတီကျူးရှင်း များပျက်စီးခြင်း၊ (၅) အကြမ်းဖက်မှုနှင့် ပဋိပက္ခများတိုးပွားလာခြင်း၊ (၆) တော်လှန်ပြည်သူများကို သွေးခွဲ စေခြင်း၊ (၇) ပြည်သူ့စိတ်ဓာတ်ကျဆင်းခြင်း တို့ပါဝင်သည်။ တော်လှန်ရေးအင်အားစုများသည် ဤ အကျိုးဆက်များကို ကြိုတင်ခန့်မှန်းပြီး ပြင်ဆင်ရန် အရေးကြီးပါသည်။ တော်လှန်ရေးကာလနှင့် အပြီးတွင် တန်ပြန်တော်လှန်ရေးများကို အောင်မြင်စွာကာကွယ်နိုင်ရန် သေချာစွာချမှတ်ထားသော မဟာဗျူဟာများနှင့် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါသည်။ အဓိကတော်လှန်ရေးအမျိုးအစားများနှင့် ၎င်းတို့နှင့်ဆက်စပ်သော တန်ပြန်တော်လှန်ရေးပုံစံများကို အောက်တွင် ဖော်ပြထားပါသည်-
     
    တန်ပြန်တော်လှန်ရေးအမျိုးအစားများ
    -------------------------------


    နိုင်ငံရေးဆိုင်ရာ တော်လှန်ရေး
     
    • စစ်တပ်အာဏာသိမ်းမှုများ၊
    • ပါလီမန်အာဏာသိမ်းမှုများ၊
    • ရွေးကောက်ပွဲနည်းဗျူဟာများ (သေချာစွာထိန်းချုပ်ထားသော ရွေးကောက်ပွဲများမှ တစ်ဆင့် ယခင်စနစ်သို့ ပြန်သွားခြင်း)
    • ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုများ ( အာဏာစုစည်းမှုကို ဖြစ်စေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များ)

    စီးပွားရေးတော်လှန်ရေး
     
    • ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်များ - ပြည်သူပိုင်ပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ပြန်လည်လွှဲပြောင်းခြင်း။
    • ဈေးကွက်လွတ်လပ်ခွင့်ပြုပြင်ပြောင်းလဲမှုများ - အစိုးရထိန်းချုပ်မှုကို လျှော့ချခြင်းနှင့် "ပြင်ဆင်မှုများ" ပြုလုပ်ခြင်း။
    • ဥစ္စာဓန ပြန်လည်ခွဲဝေခြင်း - ယခင်ပိုင်ရှင်များထံ ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ခြင်း။
    • အခွန်ပြုပြင်ပြောင်းလဲမှုများ - ချမ်းသာကြွယ်ဝသူများအတွက် အခွန်လျှော့ချခြင်း။

    လူမှုရေးတော်လှန်ရေး
     
    • ရိုးရာဝါဒီလှုပ်ရှားမှုများ - ရိုးရာတန်ဖိုးများကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းသော စည်းရုံးလှုံ့ဆော်မှုများ။
    • ဘာသာရေးပြန်လည်နိုးထလှုပ်ရှားမှုများ - ယဉ်ကျေးမှုပြောင်းလဲမှုများကို တားဆီးရန် ဘာသာရေးစံနှုန်းများ ပြန်လည်ဦးစားပေးလာခြင်း။
    • ကျား/မဆိုင်ရာ အခန်းကဏ္ဍပြန်လည်ပြောင်းလဲရေး - ရိုးရာကျား/မ အခန်းကဏ္ဍများကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းခြင်း။
    • လူမျိုးရေးနှင့် လူမျိုးစုဆိုင်ရာ ပြန်လည်ဖွဲ့စည်းခြင်း - လူမျိုးစုအုပ်စုများ အကြား ယခင်အာဏာဆက်ဆံရေးကို ပြန်လည်ထူထောင်ခြင်။

     ယဉ်ကျေးမှုတော်လှန်ရေး
     
    • ဆင်ဆာစနစ်ပြန်လည်ကျင့်သုံးခြင်း - ပြုပြင်ပြောင်းလဲရေးဝါဒီ အနုပညာနှင့် ရေးသားမှုများကို ပိတ်ပင်ခြင်း။
    • အမျိုးသားရိုးရာယဉ်ကျေးမှုပြန်လည်တည်ထောင်ရေး- နိုင်ငံခြားယဉ်ကျေးမှု လွှမ်းမိုးမှုကို ဆန့်ကျင်ခြင်း။
    • ပညာရေးပြန်လည်ပြုပြင်ခြင်း - ရိုးရာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းများကို ပြန်လည်ကျင့်သုံးခြင်း။
    • မီဒီယာထိန်းချုပ်မှု - အစဉ်အလာမဟုတ်သော အမြင်များကို နှိမ်နင်းရန် မီဒီယာများကို ထိန်းချုပ်ခြင်း။

    ဘာသာရေးဆိုင်ရာတော်လှန်ရေး
    • ဘာသာရေးအစွန်းရောက်ဝါဒီလှုပ်ရှားမှုများ - ရိုးရာဘာသာရေးတန်ဖိုးများကို ပြန်လည်ထူထောင်ရေး စည်းရုံးလှုံ့ဆော်မှုများ။
    • နိုင်ငံတော်-ဘာသာရေးဆက်ဆံရေးပြန်လည်ထူထောင်ခြင်း။
    • ဘာသာရေးအာဏာပိုင်များ ဩဇာအာဏာပြန်လည်ရယူခြင်း။
    • သာသနာရေးဥပဒေများပြန်လည်ကျင့်သုံးခြင်း။ - ဘာသာရေး ထုံးတမ်းစဉ်လာများ အပေါ် အခြေခံသည့် ဥပဒေများကို ပြန်လည် ကျင့်သုံးခြင်း။

    အတွေးအခေါ်တော်လှန်ရေး
    • ဝေဖန်ပိုင်းခြားတွေးခေါ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုများ - ဝေဖန်ပိုင်းခြား တွေးခေါ်မှုကို အားမပေးသော ပညာရေးပြုပြင်ပြောင်းလဲမှုများ။
    • ရိုးရာအရေးပေါ်မှုများ - သက်ဝင်ယုံကြည်မှုကို ရေကြောင်းစီးကြောင်းသဖွယ် လက်ခံရသော ပုံစံဆီသို့ ပြန်လည်ဦးတည်ခြင်း။
    • တရားဝင်ဇာတ်ကြောင်းကို စည်းကြပ်ခြင်း - အခြားဇာတ်ကြောင်းများကို ဖိနှိပ်ပြီး တရားဝင်ဇာတ်ကြောင်းတစ်ခုတည်းကိုသာ အားပေးခြင်း။
    • မသင့်လျော်သော အတွေးအခေါ်များကို ပိတ်ပင်ခြင်း - ကျယ်ပြန့်သော အတွေးအခေါ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆွေးနွေးတွေးခေါ်မှုများကို တားမြစ်ခြင်း။

    ကျား/မရေးရာတော်လှန်ရေး
     
    • အမျိုးသမီးအခွင့်အရေးများကို ပြန်လည်ကန့်သတ်ခြင်း - ဥပမာ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများကို ကန့်သတ်ခြင်း။
    • ရိုးရာမိသားစုတန်ဖိုးများဆိုင်ရာ လှုပ်ရှားမှုများ - ရိုးရာကျား/မ အခန်းကဏ္ဍများကို ပြန်လည်အားပေးခြင်း။
    • ကျား/မရေးရာမညီမျှမှုပြန်လည်ပြဋ္ဌာန်းခြင်း - အလုပ်ခွင်နှင့် စီးပွားရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ကန့်သတ်ခြင်း။
    • ကျား/မရေးရာဆိုင်ရာမူဝါဒများကို ပြန်လည်ရုပ်သိမ်းခြင်း - ကျား/မရေးရာ တန်းတူညီမျှမှုကို မြှင့်တင်ရန် ရည်ရွယ်သော မူဝါဒများ ဖျက်သိမ်းခြင်း။

    တိုင်းရင်းသားလူမျိုးစုဆိုင်ရာ
    တော်လှန်ရေး
    • လူမျိုးကြီးဝါဒ ပြန်လည်ထူထောင်ရေးလှုပ်ရှားမှုများ - လူဖြူအမျိုးသားကြီး ဝါဒ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ လူမျိုးကြီးဝါဒများကို ပြန်လည်အားပေး ခြင်း။
    • ခွဲခြားဆက်ဆံရေးလုပ်ငန်းစဉ်များ ပြန်လည်အသက်သွင်းခြင်း - လူမျိုးရေး ခွဲခြားမှုပုံစံများကို ပြန်လည်ကျင့်သုံးခြင်း။
    • လူနည်းစုအခွင့်အရေးများကို ကန့်သတ်မှုများ - လူနည်းစုလူမျိုးစုများအတွက် တန်းတူအခွင့်အရေးများကို ဖယ်ရှားခြင်း။
    • လူမျိုးရေးအခြေပြုအကြမ်းဖက်လှုပ်ရှားမှုများ - လူနည်းစုလူမျိုးစုများကို ပစ်မှတ်ထားသော အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်း။

                 
    တော်လှန်ရေးကာလအတွင်း တန်ပြန်တော်လှန်ရေးမဖြစ်လာရန် ကာကွယ်ရေး မဟာဗျူဟာများ
    ---------------------------------------------------------------------------

    ၁။ ကျယ်ပြန့်သောပူးပေါင်းပါဝင်မှုနှင့် ညီညွတ်မှုတည်ဆောက်ခြင်း

    တော်လှန်ရေးကို ပြည်သူလူထုအလွှာစုံပါဝင်သော ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုအဖြစ် တည်ဆောက်ရန် အရေးကြီးပါသည်။ တိုင်းရင်းသားလူမျိုးအားလုံး၊ ဘာသာရေးအုပ်စုများ၊ လူတန်းစားအလွှာ အားလုံးပါဝင်သော ကျယ်ပြန့်သော မဟာမိတ်ဖွဲ့စည်းခြင်းက တန်ပြန်တော်လှန်ရေးအင်အားစုများ ပေါ်ပေါက် လာရန် ခက်ခဲစေပါသည်။

    ၂။ ရှင်းလင်းသော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ခြင်း

    တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်များကို ရှင်းလင်းစွာ၊ လက်တွေ့ကျစွာနှင့် ပွင့်လင်းမြင်သာစွာ သတ်မှတ်ထားရန် လိုအပ်ပါသည်။ ရည်မှန်းချက်များကို လူထုနှင့် ရှင်းလင်းစွာဆက်သွယ်ခြင်းဖြင့် မှားယွင်းသောသတင်းအချက်အလက်များနှင့် သံသယများကို လျော့နည်းစေနိုင်ပါသည်။

    ၃။ ကျယ်ပြန့်သော လူထုအသိပညာပေးမှု

    လူထုအားလုံး (တော်လှန်ရေးကို ထောက်ခံသူများသာမက ဆန့်ကျင်သူများနှင့် ကြားနေသူများ) သည် တော်လှန်ရေး၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့် တိုးတက်မှုကို သိရှိနားလည်ရန် လိုအပ်ပါသည်။ ပညာရေး၊ အသိပညာဖြန့်ပေးခြင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများသည် တော်လှန်ရေးတိုးတက်မှုအတွက် လူထုထောက်ခံမှုရရှိစေရန် အရေးကြီးပါသည်။

    ၄။ ယခင်အာဏာရအုပ်စုဝင်များကို ပူးပေါင်းပါဝင်စေခြင်း

    ယခင်အာဏာရအုပ်စုဝင်အားလုံးကို ရန်သူများအဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ၊ တရားမျှတမှုအပေါ် အခြေခံသော ပူးပေါင်းပါဝင်စေခြင်းက တန်ပြန်တော်လှန်ရေးဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်ပါသည်။ အချို့သောကိစ္စရပ်များတွင် ယခင်အာဏာရအုပ်စုအချို့သည် တော်လှန်ရေးအတွက် အရေးပါသော မဟာမိတ်များ ဖြစ်လာနိုင်ပါသည်။

    ၅။ အကြမ်းမဖက်ရေးမဟာဗျူဟာများ ဦးစားပေးခြင်း

    တော်လှန်ရေးတွင် အကြမ်းဖက်နည်းလမ်းကို နောက်ဆုံးရွေးချယ်အဖြစ်သာ သုံးသင့်သည်။ အကြမ်းဖက်မှုသည် အလွန်အကျွံတုံ့ပြန်မှုများကို ဖြစ်စေနိုင်ပြီး၊ တန်ပြန်တော်လှန်ရေးအတွက် တရားဝင် အကြောင်းပြချက်ပေးနိုင်ပါသည်။ သပိတ်မှောက်ခြင်း၊ ဆွေးနွေးဖိအားပေးခြင်း၊ လူထုစည်းရုံးလှုံ့ဆော်ခြင်း တို့သည် သွေးထွက်သံယိုမှုနည်းပြီး ရေရှည်တည်တံ့သော ရလဒ်များရရှိနိုင်ပါသည်။
     
    တော်လှန်ရေးအပြီးကာလ ကာကွယ်ရေးမဟာဗျူဟာများ
    ----------------------------------------------

    ၁။ ခိုင်မာသော ဒီမိုကရေစီအင်စတီကျူးရှင်းများ တည်ဆောက်ခြင်း

    တလုံးတဝတည်း အာဏာစုစည်းမှုကို တားဆီးရန်နှင့် တည်ငြိမ်မှုရှိသော ဒီမိုကရေစီစနစ်ကို အားပေးရန် အာဏာခွဲဝေမှုရှိသော ခိုင်မာသောအင်စတီကျူးရှင်းများကို တည်ဆောက်ရန် အရေးကြီးပါသည်။ ထိရောက်သော ဥပဒေပြုအဖွဲ့၊ လွတ်လပ်သော တရားစီရင်ရေးအဖွဲ့၊ အာဏာအလွဲသုံးစားပြုခြင်းကို ကာကွယ်ရန် ထိန်းချုပ်ကန့်သတ်မှုစနစ်များ ဖန်တီးရန် လိုအပ်ပါသည်။

    ၂။ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု

    တော်လှန်ရေးအပြီး စီးပွားရေးတည်ငြိမ်မှု၊ အလုပ်အကိုင်ဖန်တီးရေးနှင့် တိုးတက်မှုတို့သည် လူထုထောက်ခံမှုကို ထိန်းသိမ်းရန် အရေးကြီးပါသည်။ သာတူညီမျှသော စီးပွားရေးခွဲဝေမှုများ၊ စီးပွားရေး အခွင့်အလမ်းများနှင့် လူမှုဖူလုံရေးကွန်ရက်များသည် ပြည်သူများအတွက် တော်လှန်ရေး၏ ထင်သာမြင်သာ ရှိသော အကျိုးကျေးဇူးများ ဖြစ်ပေါ်စေပါသည်။

    ၃။ စစ်တပ်နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု

    စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားရှိရန်နှင့် ပြုပြင်ပြောင်းလဲရန် အလွန်အရေးကြီးပါသည်။ စစ်တပ်၏ ကိုယ်ကျိုးစီးပွားများကို ကန့်သတ်ခြင်း၊ စစ်တပ်ကိုယ်စားပြုခွင့်ကို လျှော့ချခြင်း၊ ပြည်သူ့မူဝါဒနှင့် ဥပဒေတွင် စစ်တပ်၏ အခန်းကဏ္ဍကို ကန့်သတ်ခြင်းတို့ကို ပြုလုပ်ရပါမည်။

    ၄။ အကူးအပြောင်းကာလဆိုင်ရာ တရားမျှတမှုနှင့် ပြန်လည်သင့်မြတ်ရေး

    တန်ပြန်တော်လှန်ရေးကို ကာကွယ်ရန် အကူးအပြောင်းကာလဆိုင်ရာ တရားမျှတမှုကို သင့်လျော်စွာ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ဤအရာတွင် လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ခံစေခြင်း၊ ကျူးလွန်ခံရသူများအတွက် လျော်ကြေးပေးခြင်း၊ ပြန်လည်သင့်မြတ်ရေးပရိုဂရမ်များနှင့် သမိုင်းအမှန်ကို မှတ်တမ်းတင်ခြင်းတို့ ပါဝင်နိုင်ပါသည်။ သို့သော် လက်စားချေခြင်းနှင့် အစုလိုက်အပြုံလိုက် ဒဏ်ပေးခြင်း များကို ရှောင်ကြဉ်ရန် အရေးကြီးပါသည်။

    ၅။ ရှင်းလင်းသော ဆက်သွယ်ရေးနှင့် ပွင့်လင်းမြင်သာမှု

    တော်လှန်ရေးအစိုးရသည် ၎င်း၏ ဆုံးဖြတ်ချက်များ၊ မူဝါဒများနှင့် အကျိုးရလဒ်များကို ပွင့်လင်းမြင်သာစွာ ဆက်သွယ်ရန် လိုအပ်ပါသည်။ ပြည်သူ့ထောက်ခံမှုရရှိရန် ပွင့်လင်းမြင်သာမှုသည် မရှိမဖြစ်လိုအပ်ပြီး အစိုးရအပေါ် ယုံကြည်မှုကို တည်ဆောက်ရန် အရေးကြီးပါသည်။

    ၆။ အရပ်ဖက်လူ့အဖွဲ့အစည်းကို အားကောင်းစေခြင်း

    အရပ်ဖက်အဖွဲ့အစည်းများ၊ လွတ်လပ်သော မီဒီယာနှင့် ဒီမိုကရေစီအင်စတီကျူးရှင်းများကို အားပေးခြင်းသည် တန်ပြန်တော်လှန်ရေးဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။ အဖွဲ့အစည်းများ၊ စုပေါင်း လုပ်ဆောင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီယဉ်ကျေးမှုကို မြှင့်တင်ပေးပြီး တန်ပြန်တော်လှန်ရေးများကို ကာကွယ်ရန် ကူညီပေးပါသည်။

    ၇။ ကျယ်ပြန့်သော နိုင်ငံတကာဆက်ဆံရေးများ တည်ဆောက်ခြင်း

    နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်ခြင်းသည် တန်ပြန် တော်လှန်ရေးကို တားဆီးရန် အထောက်အကူဖြစ်စေပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒီမိုကရေစီ နိုင်ငံများနှင့် ဆက်ဆံရေး၊ စီးပွားရေးဆက်ဆံရေးများနှင့် ဒီမိုကရေစီဆိုင်ရာ ကတိကဝတ်များသည် အပြင်မှ ထောက်ခံမှုကို ဖန်တီးပြီး တန်ပြန်တော်လှန်ရေးများအတွက် ကုန်ကျစရိတ်ကို မြှင့်တင်ပေးပါသည်။

    ၈။ ဒီမိုကရေစီသဘောတရားနှင့် နိုင်ငံသားဖြစ်မှုပညာရေး

    လူထုတွင် ဒီမိုကရေစီတန်ဖိုးများ၊ နိုင်ငံသားတာဝန်ဝတ္တရားများနှင့် နိုင်ငံရေးစနစ်၏ လုပ်ဆောင်ပုံ များကို သေချာစွာနားလည်စေရန် သင်ကြားပို့ချခြင်းသည် တန်ပြန်တော်လှန်ရေးကို ကာကွယ်ရန် အရေးကြီး ပါသည်။ အားလုံးပါဝင်သော ဒီမိုကရေစီယဉ်ကျေးမှုသည် တန်ပြန်တော်လှန်ရေးအတွက် ကာကွယ်မှုကို ပေးစွမ်းပါသည်။

    ၉။ အားလုံးပါဝင်နိုင်သော လူမှုရေးနှင့် ယဉ်ကျေးမှုမူဝါဒများ

    လူနည်းစုအုပ်စုများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးအုပ်စုများ အပါအဝင် လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်စုအားလုံးကို အသိအမှတ်ပြုပြီး ပါဝင်စေသော မူဝါဒများသည် တန်ပြန်တော်လှန်ရေး ဖြစ်ပွားစေသော ခွဲခြားမှုကို လျော့ပါးစေနိုင်ပါသည်။

    ၁၀။ ညီညွတ်သောခေါင်းဆောင်မှုကို ထိန်းသိမ်းခြင်း

    တော်လှန်ရေးအပြီးတွင် ခေါင်းဆောင်များကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် အရေးကြီးပါသည်။ အုပ်စုခွဲများကြား ပြိုင်ဆိုင်မှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်မှုများသည် ပြည်သူများကြား ယုံကြည်မှုကို ထိခိုက်စေပြီး တန်ပြန်တော်လှန်ရေးအတွက် ဖိတ်ခေါ်မှုတစ်ခုဖြစ်နိုင်ပါသည်။
     
    နိဂုံး
    ----

    တော်လှန်ရေးတစ်ခု အောင်မြင်ရန်မှာ မြင်သာသော ဆန့်ကျင်ဘက်အုပ်စုကို အောင်နိုင်ရုံနှင့် မလုံလောက်ပေ။ ဖြစ်ပေါ်လာနိုင်မည့် တန်ပြန်တော်လှန်ရေးများကို တွေးဆနိုင်ရန်နှင့် ကြိုတင်ကာကွယ် နိုင်ရန် လိုအပ်သည်။ တော်လှန်ရေးသည် လျင်မြန်ပြီး အခြေခံကျသော ပြောင်းလဲမှုကို အလိုရှိသော်လည်း၊ တန်ပြန်တော်လှန်ရေးကို ကာကွယ်ရန် ဟန်ချက်ညီသောချဉ်းကပ်မှု၊ ချင့်ချိန်စဉ်းစားမှုနှင့် စနစ်တကျ စီစဉ်ထားသောပြောင်းလဲမှုများလည်း လိုအပ်ပါသည်။ အပြောင်းအလဲ၏ အရှိန်အဟုန်နှင့် အတိုင်းအတာကို ကိုင်တွယ်နိုင်သော စနစ်တစ်ခုတည်ဆောက်ရန်၊ အားလုံးပါဝင်သော လူမှုအသိုက်အဝန်းတစ်ခုဖန်တီးရန်နှင့် တော်လှန်ရေး၏ အခိုင်အမာအကျိုးကျေးဇူးများကို ပြည်သူအားလုံးက ခံစားရရှိစေရန် အရေးကြီးပါသည်။

    ​တော်လှန်ရေးရလဒ်ကို ပြောင်းပြန်လှန်စေနိုင်မည့် တန်ပြန်တော်လှန်ရေးများ မဖြစ်လာအောင် ကြိုတင်ကာကွယ်နိုင်ခြင်းဖြင့် ရေရှည်တည်တံ့သော အပြောင်းအလဲကို ရရှိစေမည် ဖြစ်ပါသည်။ တန်ပြန် တော်လှန်ရေးသည် တော်လှန်ရေးကို အပြင်ကနေသာမက အတွင်းစည်းကနေပါ ဖြိုချနိုင်သောအရာ ဖြစ်သည်ကိုလည်း သတိပြုအပ်ပါသည်။ 
  • Published on

    နွေဦးတော်လှန်ရေးနှင့် နိုင်ငံတကာထောက်ခံမှုအပေါ် သုံးသပ်ချက်များ

    Liliane

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 


    လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးအင်အားစုအပေါ် နိုင်ငံတကာစိတ်ဝင်စားမှု၊ ထောက်ခံမှု၊ အားပေးကူညီ မှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်သည်

     
    နိဒါန်း
    -----

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်ကို ပြည်သူတရပ်လုံးနှင့် တော်လှန်ရေးအင်အားစုအသစ်အဟောင်းတို့က လက်ရှိအချိန်အထိ မဆုတ်မနစ်တော်လှန်နေဆဲ ဖြစ်သည်။ ပြည်တွင်းထောက်ခံမှုနှင့် တော်လှန်ရေးအင်အားစုတို့၏ အားစိုက်မှုသည် အရှိန်မြင့်နေဆဲ ဖြစ်သည်။ သို့သော် လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးအင်အားစုအပေါ် နိုင်ငံတကာစိတ်ဝင်စားမှု၊ ထောက်ခံမှု၊ အားပေးကူညီ မှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်သည်။

    အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက် နိုင်မှု၊ နိုင်ငံတကာရှိ ဒီမိုကရေစီနိုင်ငံများ၏ အားပေးမှုသည် ပြည်သူများ မျှော်လင့် ထားသလို ရရှိနေပြီလား ဆိုသည်မှာလည်း မေးစရာပင် ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ကုလသမဂ္ဂအနေဖြင့် မြန်မာ့တော်လှန်ရေး အပေါ် ဘယ်လိုရှုမြင်ထားသလဲအပေါ်လည်း ဆန်းစစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

     
     
    လက်ရှိနိုင်ငံတကာထောက်ခံမှုအခြေအနေများ
    --------------------------------------

    မြန်မာ့နွေဦးတော်လှန်ရေးအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အမျိုးမျိုးသော ပုံစံများဖြင့် ထောက်ခံမှု ရရှိခဲ့သည့် အတိုင်းအတာများကို လေ့လာသုံးသပ်သွားမည်။

    ၁။ သံတမန်ရေးဆိုင်ရာ ထောက်ခံမှု

    မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရေးအကြီးဆုံးသော နိုင်ငံတကာထောက်ခံမှုတစ်ခုမှာ သံတမန်ရေးဆိုင်ရာ ထောက်ခံမှုဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တစ်စိတ်တစ်ပိုင်း သံတမန်ရေးအသိအမှတ်ပြုမှုကို ရရှိထားသည်။ ယူကရိန်း၊ ချက်ခ်နှင့် အခြားသောနိုင်ငံများသည် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း အသိအမှတ်ပြုခြင်းများ ရှိခဲ့သည်။

    ဥရောပပါလီမန်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်
    NUG ကို မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ တို့သည် SAC ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန် ငြင်းဆန်ထားကြသလို NUG နှင့် ပုံမှန်ဆက်သွယ်ဆောင်ရွက်မှုများလည်း ရှိထားကြသည်။ သို့သော် တရုတ်နှင့် ရုရှားကဲ့သို့သော အင်အားကြီးနိုင်ငံများသည် စစ်အုပ်စုကို ဆက်လက်ထောက်ခံနေဆဲဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများသည်လည်း စစ်အုပ်စုနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေး ရှိသည်။

     
    ၂။ စီးပွားရေးဆိုင်ရာ ထောက်ခံမှုနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ

    နိုင်ငံတကာထောက်ခံမှုကို စီးပွားရေးဆိုင်ရာ ဒဏ်ခတ်မှုတွင် မြင်သာစွာ တွေ့ရှိရသည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂ တို့သည် မြန်မာစစ်အာဏာရှင်များနှင့် ၎င်းတို့နှင့်ဆက်စပ်သော စီးပွားရေး လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သော်လည်း ဥရောပ သမဂ္ဂနှင့် အချို့နိုင်ငံများမှ ဤလုပ်ငန်းကို ပိတ်ဆို့ရန် တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။သို့သော် လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်အုပ်စု၏ အဓိကဝင်ငွေအရင်းအမြစ်များကို ပြည့်ပြည့်စုံစုံ မဖြတ်တောက် နိုင်သေးပေ။ တရုတ်၊ ရုရှား၊ ထိုင်းနှင့် စင်ကာပူကဲ့သို့သော နိုင်ငံများသည် မြန်မာစစ်အစိုးရနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းထားကြသည်။
     
    ၃။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ

    မြန်မာ့နွေဦးတော်လှန်ရေးသည် ကနဦးပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပုံစံဖြင့် နိုင်ငံတကာထောက်ခံမှု သိသာထင်ရှားစွာ ရရှိခဲ့သည်။ သို့သော် ၂၀၂၄ နှောင်းပိုင်းကာလမှ စတင်ကာ နိုင်ငံတကာထောက်ပံ့မှုများ သိသိသာသာလျော့နည်းခဲ့ပြီး၊ တော်လှန်ရေးကိုပါ ထိခိုက်စေခဲ့သည်။
     
     
    ၄။ နည်းပညာနှင့် မီဒီယာပံ့ပိုးမှု

    ပြည်တွင်းမီဒီယာ၏ တော်လှန်ရေးအပေါ်ရပ်တည်ချက် မြဲမြံမှုကြောင့်နှင့် ပြည်ပမီဒီယာတွေကို ချိတ်ဆက်မှု အားကောင်းသည့်အတွက် မြန်မာ့တော်လှန်ရေးကို မျက်ခြေမပြတ်နေနိုင်သည်။ နိုင်ငံတကာ အန်ဂျီအိုများနှင့် တက်ကြွလှုပ်ရှားသူများသည် မြန်မာပြည်သူများအား VPN များ၊ လုံခြုံရေးအက်ပ်များနှင့် အခြားဒစ်ဂျစ်တယ်လုံခြုံရေးကိရိယာများကို ပံ့ပိုးပေးခြင်းဖြင့် စစ်အစိုးရ၏ ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားနိုင်ရန် ကူညီပေးခဲ့ကြသည်။ပြည်ပရောက်မြန်မာများသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တော်လှန်ရေးအတွက် အသံမြှင့်တင်ပေးရန် ၎င်းတို့၏ ကွန်ရက်များကို အသုံးပြုခဲ့ကြသည်။ သို့သော် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲနှင့် အချိန်ကာလကြာလာသည်နှင့်အမျှ နိုင်ငံတကာ၏ စိတ်ဝင်စားမှု သိသိသာသာ ကျဆင်းခဲ့သည်။
     
    ၅။ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာပံ့ပိုးမှု

    နိုင်ငံတကာအစိုးရနှင့် အင်အားစုများသည် လက်နက်ကိုင်တော်လှန်ရေးအပေါ် ထောက်ခံ အားပေးခြင်း မရှိသလို၊ စစ်ရေးအကူအညီများ ပေးအပ်ခြင်း မရှိပေ။စစ်ရှောင်ဒုက္ခသည်များကို အိမ်နီးချင်း နိုင်ငံများက တရားဝင်လက်ခံပေးခြင်း မရှိသလောက်ဖြစ်ပြီး၊ တရားမဝင်ရွေ့ပြောင်းသူများအဖြင့် သတ်မှတ်ကြသည်။
     
    နိုင်ငံတကာထောက်ခံမှုလိုအပ်နေဆဲ နေရာများ
    -------------------------------------

    မြန်မာ့နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာထောက်ခံမှုတွင် သိသာထင်ရှားသော လစ်ဟာမှုများ နှင့် အားနည်းချက်များ ရှိနေဆဲဖြစ်သည်။ ဤအပိုင်းတွင် တော်လှန်ရေးအောင်မြင်ရေးအတွက် နိုင်ငံတကာ ထောက်ခံမှုမှ မဖြည့်ဆည်းရသေးသော အဓိကလိုအပ်ချက်များကို ဆွေးနွေးသွားမည်။

    ၁။ ခိုင်မာသော တရားဝင်နိုင်ငံတကာအသိအမှတ်ပြုမှု

    မြန်မာ့နွေဦးတော်လှန်ရေးအတွက် အကြီးမားဆုံးလိုအပ်ချက်တစ်ခုမှာ NUG အား တရားဝင်အစိုးရ အဖြစ် ပြည့်ဝသော နိုင်ငံတကာအသိအမှတ်ပြုမှု လိုအပ်ခြင်းဖြစ်သည်။

    ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားပြုခွင့် - ကုလသမဂ္ဂရှိ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်နေရာသည် အာဏာသိမ်းမှုမတိုင်မီက ခန့်အပ်ခဲ့သော သံအမတ် ဦးကျော်မိုးထွန်းလက်ဝယ်တွင် ရှိနေဆဲဖြစ်သည်။ သို့သော် ကုလသမဂ္ဂမှ NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုမှုကို ဆက်လက်ပေးအပ်ခြင်းမရှိသေးပေ။ ဤသည်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားတို့၏ ဗီတိုအာဏာကြောင့် အဓိကအတားအဆီး ဖြစ်နေသည်။

    နိုင်ငံအလိုက် တရားဝင်အသိအမှတ်ပြုမှု - အချို့သောနိုင်ငံများမှ NUG နှင့် ထိတွေ့ဆက်ဆံမှုများနှင့် တရားဝင်မဟုတ်သော အသိအမှတ်ပြုမှုများ ရှိသော်လည်း ကမ္ဘာ့နိုင်ငံအများစုမှ ၎င်းကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုမှုမှာ မရှိသေးပေ။ ဤအချက်သည် NUG ၏ နိုင်ငံတကာလုပ်ငန်းဆောင်ရွက်နိုင်စွမ်းကို ကန့်သတ်ထားဆဲ ဖြစ်သည်။
     
     
    ၂။ ပြင်းထန်သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ

    လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုအချို့ရှိသော်လည်း စစ်အစိုးရ၏ အဓိကဝင်ငွေအရင်းအမြစ်များကို ပစ်မှတ်ထားသော ပိုမိုပြင်းထန်သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်လိုအပ်နေဆဲဖြစ်သည်။

    မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ - MOGE သည် စစ်အစိုးရ၏ အကြီးမားဆုံး နိုင်ငံခြားငွေကြေးဝင်ငွေရင်းမြစ်တစ်ခုဖြစ်သည်။ ၎င်းအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်ရန် တက်ကြွလှုပ်ရှားသူများနှင့် NUG က တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ဥရောပသမဂ္ဂနှင့် အမေရိကန် နိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းမရှိသေးပေ။

    ဘဏ်လုပ်ငန်းဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများ - စစ်အစိုးရသည် နိုင်ငံတကာငွေကြေးစနစ်နှင့် ဆက်လက် ချိတ်ဆက်နေဆဲဖြစ်သည်။ ထိုအချိတ်အဆက်များကို ဖြတ်တောက်ရန် ပိုမိုပြင်းထန်သော ဘဏ်လုပ်ငန်း ဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများ လိုအပ်သည်။

    စစ်အစိုးရနှင့် ဆက်လက်ဆက်ဆံနေသော နိုင်ငံများအပေါ် ဖိအားပေးမှု - တရုတ်၊ ရုရှား၊ ထိုင်းနှင့် စင်ကာပူကဲ့သို့သော နိုင်ငံများသည် စစ်အစိုးရနှင့် စီးပွားရေးနှင့် နိုင်ငံရေးဆက်ဆံရေးများကို ဆက်လက် ထိန်းသိမ်းထားကြသည်။ ဤနိုင်ငံများအပေါ် ဖိအားပေးခြင်းသည် စစ်အစိုးရအား အထီးကျန်ဖြစ်စေရန် အရေးကြီးသော နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်သည်။
     
    ၃။ စစ်ရေးအကူအညီနှင့် လုံခြုံရေးဆိုင်ရာပံ့ပိုးမှု

    မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရေးကြီးသော လစ်ဟာချက်တစ်ခုမှာ ပိုပြီးတိုက်ရိုက်ဖြစ်သော စစ်ရေးအကူအညီနှင့် လုံခြုံရေးဆိုင်ရာပံ့ပိုးမှုများ မရရှိသေးခြင်းဖြစ်သည်။

    လက်နက်ခဲယမ်းများ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတော်လှန်ရေးအင်အားစု များသည် စစ်ဘက်ဆိုင်ရာခဲယမ်းများ ရရှိရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ စစ်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများကို တွန်းလှန်ရန် လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် ဒရုန်းဆန့်ကျင်ရေးနည်းပညာများ အထူးလိုအပ်နေဆဲဖြစ်သည်။

    စစ်ရေးသင်တန်းနှင့် နည်းပညာအကူအညီ - တော်လှန်ရေးအဖွဲ့အစည်းများသည် စစ်ရေးသင်တန်း များ၊ နည်းဗျူဟာဆိုင်ရာအကြံဉာဏ်များနှင့် တိုက်ပွဲဝင်စွမ်းရည်ကိုမြှင့်တင်ရန် နည်းပညာဆိုင်ရာ အထောက်အပံ့ များ လိုအပ်နေဆဲဖြစ်သည်။

    ခြေလျင်တပ်သုံး ဒရုန်းနည်းပညာနှင့် အခြားခေတ်မီစစ်လက်နက်ပစ္စည်းများ - တော်လှန်ရေးတပ်ဖွဲ့ များသည် ဒရုန်းနည်းပညာ၊ ခေတ်မီဆက်သွယ်ရေးစနစ်များနှင့် အဆင့်မြင့်ထောက်လှမ်းရေး စွမ်းရည်များတွင် အားနည်းသည်။
     
    နိုင်ငံတကာထောက်ခံမှုရရှိရန် မဟာဗျူဟာကြိုးပမ်းချက်များ
    ------------------------------------------------

    မြန်မာ့နွေဦးတော်လှန်ရေးသည် နိုင်ငံတကာထောက်ခံမှုတိုးမြှင့်ရရှိရန်နှင့် အောင်မြင်မှုဆီသို့ ရောက်ရှိ ရန် မဟာဗျူဟာကျသောကြိုးပမ်းမှုများကို ပြုလုပ်နိုင်သည်။ အောက်ပါအချက်များသည် နိုင်ငံတကာ ထောက်ခံမှု ပိုမိုရရှိရန် အဓိကနည်းလမ်းများဖြစ်သည်။

    ၁။ တော်လှန်ရေး၏တရားဝင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း။

    တော်လှန်ရေး၏ တရားဝင်မှုနှင့် စွမ်းဆောင်ရည်ကို ဆက်လက်မြှင့်တင်ရန်မှာ နိုင်ငံတကာ ထောက်ခံမှုရရှိရေးအတွက် အရေးကြီးသော မဟာဗျူဟာဖြစ်သည်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးခြင်းကို ထိန်းချုပ်နယ်မြေများတွင် အကောင် အထည်ဖော်ခြင်း - NUG နှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများသည် ၎င်းတို့၏ ထိန်းချုပ်ထားသော ဒေသများတွင် နိုင်ငံတကာအကူအညီများကို ထိရောက်စွာ ပေးအပ်ခြင်းဖြင့် နိုင်ငံတကာ NGO များနှင့် ယုံကြည်မှုနှင့် ယုံကြည်စိတ်ချမှုကို တည်ဆောက်နိုင်သည်။

    လူ့အခွင့်အရေး - တော်လှန်ရေးတပ်ဖွဲ့များသည် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာခြင်း နှင့် လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လိုက်နာခြင်းကို ဆက်လက်ထိန်းသိမ်းရမည်။ ရေရှည်တွင် ဤနည်းလမ်း များသည် စစ်အစိုးရနှင့် ကွာခြားချက်ကို ပြသပြီး နိုင်ငံတကာထောက်ခံမှုနှင့် တရားဝင်မှုကို တိုးမြှင့်စေမည် ဖြစ်သည်။

    ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု - NUG နှင့် တော်လှန်ရေးအာဏာပိုင်များသည် ၎င်းတို့၏ လုပ်ဆောင်ချက် များ၊ ရန်ပုံငွေများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့တွင် ပွင့်လင်းမြင်သာမှုကို ဆက်လက်ထိန်းသိမ်း ထားသင့်သည်။ ဤအလေ့အကျင့်သည် နိုင်ငံတကာအလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ယုံကြည်မှု ကို တည်ဆောက်ရန် အရေးကြီးသည်။

    ၂။ နွေဦးတော်လှန်ရေးကို မျက်ခြေမပြတ်အောင် တင်ပြခြင်း

    နိုင်ငံတကာပရိသတ်အတွက် တော်လှန်ရေး၏ သတင်းစကားနှင့် မျှော်မှန်းချက်ကို ချိန်ညှိခြင်းသည် ဆက်လက်ထောက်ခံမှုအတွက် အရေးကြီးသည်။
    ရေရှည်ရှင်သန်နိုင်မှုနှင့် ငြိမ်းချမ်းရေးအတွက် မျှော်မှန်းချက် - မြန်မာ့နွေဦးတော်လှန်ရေးသည် လျင်မြန်သော အောင်ပွဲရရှိမည်ဟူသော အစောပိုင်းမျှော်မှန်းချက်များကို ရေရှည်ပြဿနာအဖြစ် ပြန်လည်သတ်မှတ်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ရရှိနိုင်သော လမ်းပြမြေပုံနှင့် အဆင့်ဆင့်ချဉ်းကပ်မှုကို ဖော်ပြခြင်းဖြင့် နိုင်ငံတကာ ထောက်ခံမှုကို ရေရှည်လုပ်ဆောင်ရန် ပြင်ဆင်နိုင်သည်။

    အားလုံးပါဝင်မှုနှင့် ဒီမိုကရေစီတန်ဖိုးများ - တော်လှန်ရေး၏ ဒီမိုကရေစီတန်ဖိုးများနှင့် အားလုံး ပါဝင်သော သဘောသဘာဝကို အလေးပေးဖော်ပြသင့်သည်။ ဤအချက်တွင် တိုင်းရင်းသား လူနည်းစုများ၊ အမျိုးသမီးများ နှင့် လူ့အဖွဲ့အစည်းရှိ ထိခိုက်လွယ်သောအုပ်စုများအပါအဝင် အုပ်စုအားလုံး၏ အခွင့်အရေးကို လေးစားခြင်း ပါဝင်သည်။

    တရားဝင်မှု၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဟန်ချက်ညီခြင်း - တော်လှန်ရေး သည် စစ်ရေးအထောက်အပံ့များဖြင့် နိုင်ငံတကာအကူအညီအတွက် အဓိကတောင်းဆိုမှုများထက် လုံခြုံရေး၊ တရားဝင်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဟန်ချက်ညီအောင် ဆောင်ရွက်သင့်သည်။
     
    ၃။ နိုင်ငံတကာကို သတင်းအချက်အလက်ဖြန့်ဝေပေးခြင်း

    တော်လှန်ရေးအင်အားစုများသည် စစ်အစိုးရ၏ ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဒေတာနှင့် အချက်အလက်များကို ပိုမိုစနစ်တကျစုဆောင်းခြင်းဖြင့် နိုင်ငံတကာဖိအားများကို တိုးမြှင့်နိုင်သည်။

    လူ့အခွင့်အရေးချိုးဖောက်မှုများ စနစ်တကျမှတ်တမ်းတင်ခြင်း - လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ မှတ်တမ်းတင်ခြင်းသည် နိုင်ငံတကာမီဒီယာနှင့် အစိုးရများထံမှ အာရုံစိုက်မှုကို ဆက်လက်ရရှိရန် အရေးကြီး သည်။ ရေရှည်တော်လှန်ရေးတွင် ဤအမှုများကို အာရုံလွှဲ၍ ကမ္ဘာက မေ့လျော့သွားခြင်းမှ ကာကွယ်ရန် ဆက်လက်အားထုတ်ရမည်။

    ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို နိုင်ငံတကာပံ့ပိုးပေးခြင်း - တော်လှန်ရေး အဖွဲ့အစည်း များသည် နိုင်ငံတကာမီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများအား စစ်အစိုးရ၏ ရာဇဝတ်မှုများနှင့် ပတ်သက်သော နောက်ဆုံးရသတင်းအချက်အလက်များကို သတ်မှတ်ထားသော သတင်းအချက်အလက် သွင်းပို့ရေးလမ်းကြောင်းများမှတစ်ဆင့် ပုံမှန်ပံ့ပိုးပေးနိုင်သည်။
     
    ၄။ ဒေသတွင်းချဉ်းကပ်မှု - အိမ်နီးချင်းနိုင်ငံများ၏ ပံ့ပိုးမှုရရှိအောင်လုပ်ဆောင်ခြင်း

    အရေးကြီးသော မဟာဗျူဟာအနေဖြင့် နွေဦးတော်လှန်ရေးသည် ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် ထိုင်း၊ အိန္ဒိယနှင့် အခြားအာဆီယံနိုင်ငံများ၏ ပံ့ပိုးမှုတိုးမြှင့်ရရှိရန် ကြိုးပမ်းနိုင်သည်။

    ဒေသတွင်းလုံခြုံရေးဆိုင်ရာအကျိုးစီးပွားများကို ကိုင်တွယ်ဖြေရှင်းခြင်း - NUG နှင့် အခြားအဖွဲ့အစည်း များသည် စစ်အစိုးရသည် အာရှဒေသတွင်းတည်ငြိမ်မှုကို ဘေးအန္တရာယ်ဖြစ်စေကြောင်းနှင့် ၎င်း၏ မတည်ငြိမ်သော အုပ်ချုပ်ရေးသည် အိမ်နီးချင်းနိုင်ငံများကို အန္တရာယ်ဖြစ်စေမည့် ဒုက္ခသည် အရေအတွက် တိုးလာခြင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် စစ်ရေးတင်းမာမှုများ ဖန်တီး ကြောင်းကို ပိုမိုအလေးထား ပြောဆိုနိုင်သည်။

    ASEAN နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - အာဆီယံ၏ မြန်မာစစ်အစိုးရကို သီးသန့်ခွဲထုတ်ထားသော နေရာကို အခွင့်ကောင်းယူပြီး NUG သည် အာဆီယံနှင့် ၎င်း၏ "ငါးချက်သဘောတူညီချက်" အပေါ် ပိုမိုထိရောက်စွာ ဆက်ဆံရေးတိုးမြှင့်နိုင်သည်။ သို့သော် ဆွေးနွေးချဉ်းကပ်ရန် လိုအပ်ပြီး ဥပမာအားဖြင့် အာဆီယံကို ဝေဖန်ရန်ထက် ၎င်းတို့၏ အစီအစဉ်အပေါ် တည်ဆောက်ထားသည့် ဖြေရှင်းချက်များကို အဆိုပြုရန် ဖြစ်သည်။

    ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးများ - NUG သည် စစ်အာဏာရှင်များနှင့် ကုန်သွယ်ရေးကို ဆက်လက်လုပ်ဆောင်နေသော ဒေသတွင်းစီးပွားရေးလုပ်ငန်းများအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသော နယ်မြေများသို့ ပြောင်းလဲ ရန် စည်းရုံးလှုံ့ဆော်နိုင်သည်။
     
    နိဂုံး
    ----

    မြန်မာ့နွေဦးတော်လှန်ရေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကတည်းက သိသာထင်ရှားသော ခရီးရှည်တစ်ခုကို ဖြတ်သန်းလာခဲ့သည်။ အကြမ်းမဖက်သော ဆန္ဒပြပွဲများမှသည် စစ်အစိုးရကို တိုက်ရိုက် ပြိုင်ဆိုင်နိုင်သော လက်နက်ကိုင်ခုခံရေးလှုပ်ရှားမှုအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။ ဤ ဖြစ်စဉ်တွင် နိုင်ငံတကာထောက်ခံမှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သံတမန်ရေးဆိုင်ရာ အသိအမှတ်ပြုမှု၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ အပါအဝင် နိုင်ငံတကာထောက်ခံမှုများသည် အရေးကြီးသော အင်အားတစ်ခု ဖြစ်သည်။

    နွေဦးတော်လှန်ရေး အတွက် လုံလောက်သော နိုင်ငံတကာထောက်ပံ့မှုသာရှိလျှင် တော်လှန်ရေးအောင်ပွဲကို ပိုမိုနီးစပ်နိုင်မည် ဖြစ်သည်။ နိုင်ငံတကာထောက်ခံမှုသည် အလိုအလျောက်ရရှိသည့် အခန်းကဏ္ဍရှိသလို၊ မိမိတို့အနေဖြင့် အားစိုက် လုပ်ဆောင်ရယူရသည့် အခန်းကဏ္ဍလည်း များစွာရှိကြောင်း တင်ပြအပ်ပါသည်။



    နိုင်ငံတကာထောက်ခံမှုသည် အလိုအလျောက်ရရှိသည့် အခန်းကဏ္ဍရှိသလို၊ မိမိတို့အနေဖြင့် အားစိုက် လုပ်ဆောင်ရယူရသည့် အခန်းကဏ္ဍလည်း များစွာရှိကြောင်း


    အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
     https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

     

  • Published on

    ​တော်လှန်ရေးအောင်ပွဲအတွက် နိုင်ငံတကာရေးရာကဏ္ဍ

    ရေးသားသူ-Liliane


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 

     
    နိဒါန်း
    -----


    နည်းပညာနှင့် ဆက်သွယ်ရေးအားကောင်းလာသော ကမ္ဘာကြီးသည် ရွာသဖွယ်ဖြစ်လာသည်။ နိုင်ငံတကာရေးရာကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တော်လှန်ရေးလုပ်ငန်းစဉ်ကို နားလည်ရန် မဖြစ်နိုင် သလောက် ဖြစ်လာသည်။ တော်လှန်ရေးလှုပ်ရှားမှုများအတွက် နိုင်ငံတကာမဟာမိတ်များနှင့် ထောက်ခံမှုများ ရရှိရေးသည် ဆေးရုံသုံးပစ္စည်းများမှသည် လက်နက်များ၊ ဘဏ္ဍာရေးအထောက်အပံ့များမှသည် သံတမန်ရေး ဖိအားများအထိ အရေးကြီးသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ပြည်တွင်းတိုက်ပွဲကို နိုင်ငံတကာရေးရာအဖြစ် ယူဆောင်လာခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ပတ်သက် နေသော အင်အားစုများအကြား အင်အားမျှခြေဖြစ်မှုကို ပြောင်းလဲနိုင်သည်။

    သမိုင်းကို ပြန်ကြည့်လျှင် ဗီယက်နမ်တော်လှန်ရေး၊ ကျူးဘားတော်လှန်ရေး၊ တောင်အာဖရိကတွင် အသားအရောင်ခွဲခြားဆက်ဆံရေးကို ဆန့်ကျင်သော တိုက်ပွဲ၊ အီရန်တော်လှန်ရေး၊ အရေးတော်ပုံနှင့် မကြာသေးမီက အာရပ်နွေဦးနှင့် ယူကရိန်းတော်လှန်ရေးကဲ့သို့သော အမျိုးမျိုးသော တော်လှန်ရေးများသည် နိုင်ငံတကာဆက်ဆံရေးများ၏ အရေးပါသော အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့သည်။ နိုင်ငံတကာရေးရာ ကဏ္ဍသည် တော်လှန်ရေးလှုပ်ရှားမှုများ၏ အောင်မြင်မှု သို့မဟုတ် အောင်မြင်မှုမရရှိခြင်းကို မည်သို့ သက်ရောက်မှုရှိကြောင်း ဆန်းစစ်လေ့လာသွားမည် ဖြစ်သည်။


    တော်လှန်ရေးတစ်ခုအတွက် လိုအပ်သောအင်အားများ
    --------------------------------------------


    တော်လှန်ရေးလုပ်ငန်းစဉ်များသည် တည်ရှိနေသော အခြေအနေများမှ အမျိုးမျိုးသော ပုံစံများဖြင့် အစပြုတတ်သော်လည်း ၎င်းတို့၏အောင်မြင်မှုအတွက် အရေးပါသော အာဏာအင်အားများ ရှိပါသည်။ ထိုအင်အားများသည် တော်လှန်ရေးလုပ်ငန်းစဉ်ကို အောင်မြင်စေရန် သို့မဟုတ် ကျရှုံးစေရန် ဆုံးဖြတ်သော အခြေခံအချက်များ ဖြစ်သည်။

    ၁။ ပြည်တွင်းအာဏာအင်အားများ

    လူထုထောက်ခံမှု - တော်လှန်ရေးအတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုမှာ ပြည်သူလူထု၏ ထောက်ခံမှုဖြစ်သည်။ လူထုထောက်ခံမှုမပါဘဲ တော်လှန်ရေးလှုပ်ရှားမှု တစ်ခုသည် အရင်းအမြစ်များ၊ ဆောင်ရွက်သူများနှင့် ခံနိုင်ရည်စွမ်းအား လိုအပ်ချက်များကို ဖြည့်ဆည်းရန် ခက်ခဲပါလိမ့်မည်။

    ငွေကြေးအရင်းအမြစ် - တော်လှန်ရေးလှုပ်ရှားမှုများသည် လုပ်ငန်းများ ဆောင်ရွက်ရန်၊ လက်နက် ဝယ်ယူရန်၊ ဝါဒဖြန့်ချိရေးဆောင်ရွက်ရန်နှင့် တော်လှန်ရေးသမားများနှင့် သူတို့၏မိသားစုများကို ထောက်ပံ့ရန် ငွေကြေးလိုအပ်သည်။ ပုံမှန်အားဖြင့် ပြည်တွင်းအလှူရှင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ချမ်းသာသော ပုဂ္ဂိုလ်များ သို့မဟုတ် ပြည်ပတွင်နေထိုင်သော ပြည်သူများက ဤအရင်းအမြစ်များကို ထောက်ပံ့ပေးကြသည်။

    စစ်ရေးအင်အား - အချို့အခြေအနေများတွင် စစ်ရေးအင်အားရှိခြင်းသည် မရှိမဖြစ်လိုအပ်နိုင်သည်။ စစ်ရေးအင်အားတွင် ပြည်သူ့စစ်၊ သစ္စာခံစစ်တပ်ယူနစ်များ သို့မဟုတ် တိုက်ခိုက်ရေးသမားအုပ်စုများ ပါဝင်နိုင်သည်။

    နည်းပညာနှင့် သတင်းအချက်အလက် - ခေတ်သစ်တော်လှန်ရေးများတွင် ဆက်သွယ်ရေး၊ ရှုပ်ထွေး သော စစ်သုံးပစ္စည်းများ၊ ဆုံးဖြတ်ချက်ချမှတ်ရေးနှင့် စီမံခန့်ခွဲရေးစနစ်များ၊ နှင့် ပစ္စည်းထောက်ပံ့ ပေးရေးနှင့် ပစ္စည်းစီမံခန့်ခွဲမှု တို့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းရည်လည်း လိုအပ်ပါသည်။
     
    ၂။ နိုင်ငံတကာအာဏာအင်အားများ

    သံတမန်ရေးထောက်ခံမှု - နိုင်ငံရေးပြိုင်ဘက်နှစ်ဦးအကြား ပြင်းထန်သောသဘောထားကွဲလွဲမှု တစ်ခုတွင် နိုင်ငံခြားအစိုးရများ၏ သံတမန်ရေးဆိုင်ရာ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုသည် တော်လှန်ရေးလှုပ်ရှားမှုများအတွက် အကြီးမားဆုံး ကူညီမှုတစ်ခု ဖြစ်လာနိုင်သည်။ ၎င်းသည် တရားဝင်မှုနှင့် တရားဝင်ဖြစ်မှုကို ပေးအပ်ကာ အခြားပုံစံများဖြင့် ပံ့ပိုးမှုများအတွက် လမ်းဖွင့်ပေးနိုင်သည်။

    နည်းပညာနှင့်ဘဏ္ဍာရေးအကူအညီ - နိုင်ငံတကာအကူအညီတွင် သတင်းအချက်အလက် မျှဝေခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ စစ်ဘက်ဆိုင်ရာအကြံပေးများ၊ ရန်ပုံငွေရှာဖွေရေးနှင့် စည်းရုံးလှုံ့ဆော်ရေး စွမ်းရည်များ ဖြစ်သည်။

    မီဒီယာနှင့် အွန်လိုင်းမှ ထောက်ခံမှု - ယနေ့ချိတ်ဆက်မှုရှိသော ကမ္ဘာတွင် နိုင်ငံတကာမီဒီယာသည် တော်လှန်ရေးများ၏ ဇာတ်ကြောင်းနှင့် ရရှိသော အာရုံစိုက်မှုကို လွှမ်းမိုးနိုင်သည်။

    ခိုလှုံရာနှင့် အခြေစိုက်စခန်းအခွင့်အလမ်းများ - ပြည်သူလူထုများအနေဖြင့်် ရုပ်ပိုင်းဆိုင်ရာဖိနှိပ်မှုများ ရင်ဆိုင်နေရပါက နယ်စပ်တစ်ဖက်တွင် စစ်ဘေးရှောင်များအတွက် ခိုလှုံရာနှင့် အခြေစိုက်စခန်းများ ရရှိရန်မှာ မရှိမဖြစ်လိုအပ်သော အရေးပါသော နိုင်ငံတကာကူညီမှုပုံစံတစ်ခု ဖြစ်သည်။

    ရေရှည်တည်တံ့ပြီး အောင်မြင်သော တော်လှန်ရေးလှုပ်ရှားမှုတစ်ခုအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ စွမ်းအား နှစ်မျိုးစလုံး လိုအပ်ပါသည်။ ပြည်တွင်းစွမ်းအားအင်အားသည် အခြေခံအုတ်မြစ်ကို ထောက်ပံ့ပေးပြီး နိုင်ငံတကာစွမ်းအားသည် ၎င်းကို အားဖြည့်ပေးသည်။ အလုံးစုံခြုံငုံပါက ဤအခြေခံအာဏာအင်အားများကို ထိရောက်စွာစုဆောင်းခြင်းနှင့် ထိန်းကြောင်းခြင်းသည် တော်လှန်ရေး၏ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးမည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။

     
    နိုင်ငံတကာထောက်ခံမှုရရှိရန် လုပ်ဆောင်ရမည့်အချက်များ
    ------------------------------------------------


    တော်လှန်ရေးအောင်မြင်ရန်အတွက် နိုင်ငံတကာထောက်ခံမှုရရှိရန် မဟာဗျူဟာကျကျ ချဉ်းကပ်ရ မည်။ ဤအပိုင်းတွင် တော်လှန်ရေးအဖွဲ့များအနေဖြင့် နိုင်ငံတကာထောက်ခံမှုကို ဆွဲဆောင်ရန်နှင့် ထိန်းသိမ်း ရန် လုပ်ဆောင်နိုင်သည့် မဟာဗျူဟာများနှင့် နည်းလမ်းများကို စူးစမ်းလေ့လာမည်။

    ၁။ ယုံကြည်လက်ခံနိုင်သော ရည်မှန်းချက်များ ချမှတ်ခြင်း

    တော်လှန်ရေးသည် အရေးကြီးပြီး၊ ကြီးမားသော အပြောင်းအလဲဖြစ်စေမည့် ရည်မှန်းချက်များ ချမှတ်နိုင်ခြင်းသည် နိုင်ငံတကာထောက်ခံမှုရရှိရန် ပထမဆုံးအဆင့် ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် တော်လှန်ရခြင်း၏ ခိုင်မာသောအကြောင်းပြချက်နှင့် ဖြေရှင်းနိုင်သည့် နစ်နာမှုများဖြစ်ကြောင်း ပြသနိုင်သည့် အခါ တော်လှန်ရေးကို ပိုမိုယုံကြည်လာမည် ဖြစ်သည်။

    ၂။ နိုင်ငံတကာစံနှုန်းများနှင့် တန်ဖိုးများကို လိုက်နာခြင်း

    နိုင်ငံတကာထောက်ခံမှုသည် များသောအားဖြင့် တော်လှန်ရေးလှုပ်ရှားမှုများက လက်ခံထားသော စံနှုန်းများနှင့် တန်ဖိုးများကို လိုက်နာနိုင်ခြင်း ရှိမရှိအပေါ် မူတည်သည်။ အထူးသဖြင့် အရေးကြီးသည်မှာ လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာခြင်း (အရပ်သားများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကဲ့သို့သော ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု များမှ ရှောင်ကြဉ်ခြင်း)၊ သင့်လျော်သော စစ်ရေးဆိုင်ရာစည်းမျဉ်းများကို လိုက်နာခြင်း၊  အကြမ်းဖက်နည်းနာ အသုံးပြုခြင်းအပေါ် တိကျသောကန့်သတ်ချက်များ ( စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် တန်ပြန်တော်လှန်ရေး အဖွဲ့များသို့ တိုက်ခိုက်မှုများကို ကန့်သတ်ခြင်းနှင့် အရပ်သားများကို မခွဲခြားဘဲ တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ် ခြင်း) တို့ ဖြစ်သည်။

    ၃။ သံတမန်ရေးနှင့် ပြည်သူ့ဆက်ဆံရေးကြိုးပမ်းမှုများ

    နိုင်ငံတကာထောက်ခံမှုရရှိရန် ထိရောက်သော သံတမန်ရေးနှင့် ပြည်သူ့ဆက်ဆံရေးမဟာဗျူဟာ များသည် အလွန်အရေးကြီးသည်။ ထိုအထဲတွင် သံတမန်ရေးကိုယ်စားလှယ်များ ထားရှိခြင်း (နိုင်ငံတကာ ယဉ်ကျေးမှု၊ ဘာသာစကားများနှင့် သံတမန်ဓလေ့ထုံးတမ်းများကို နားလည်သော ကျွမ်းကျင်သော ဆက်သွယ်သူများ)၊ ပြည်ပရောက်အဖွဲ့များ၏ တက်ကြွမှု (စည်းရုံးလှုံ့ဆော်ရေးနှင့် ထောက်ခံမှုတည်ဆောက် ရန် ပြည်ပရှိ အစုအဖွဲ့များနှင့် ချိတ်ဆက်ခြင်း)၊ ပြည်ပနိုင်ငံတကာမီဒီယာနှင့် ထိတွေ့ဆက်ဆံခြင်း (နိုင်ငံတကာ မီဒီယာများ တော်လှန်ရေးလှုပ်ရှားမှုကို ပုံဖော်ရာတွင် စေ့စပ်ညှိနှိုင်းခြင်း)၊ ဒစ်ဂျစ်တယ်သံတမန်ရေး (ဆိုရှယ် မီဒီယာ၊ ဝဘ်ဆိုက်များနှင့် အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာပရိသတ်ထံ ရောက်ရှိအောင် ဆောင်ရွက်ခြင်း) တို့ကို အလေးစိုက် လုပ်ဆောင်ရမည်။

    ၄။ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် မဟာမိတ်များတည်ဆောက်ခြင်း

    နိုင်ငံတကာထောက်ခံမှုကို တိုးမြှင့်ရန် ထိရောက်သောမဟာမိတ်များကို တည်ဆောက်ပြီး ၎င်းကို အသုံးပြုရန် မဟာဗျူဟာအများအပြားရှိသည်။ ဗျူဟာမြောက်မဟာမိတ်များကို ဦးစားပေး၍ချိတ်ဆက်ခြင်း (အာဏာရှိသောနိုင်ငံများ၊ ဒေသတွင်းအုပ်စုများနှင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများသည် ထောက်ခံမှု ပေးနိုင်သော အဓိကလူမျိုးများ ဖြစ်သည်)၊ ရပ်တည်ချက်တူညီသော လှုပ်ရှားမှုများနှင့် ချိတ်ဆက်ခြင်း၊  နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် ပူးပေါင်းခြင်း (ဤအဖွဲ့အစည်းများသည် အရေးကြီးသော ရင်းမြစ်များ၊ စည်းရုံးလှုံ့ဆော်ရေးနှင့် တရားဝင်မှုကို ပံ့ပိုးပေးနိုင်သည်)၊ ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေးလှုပ်ရှားမှုများနှင့် ချိတ်ဆက်ခြင်း (အကြီးမားဆုံးသော နိုင်ငံတကာအသိုင်းအဝိုင်းသည် ထိုလှုပ်ရှားမှုကို တရားမျှတရေးအတွက် ကြိုးပမ်းအားထုတ်မှုတစ်ခုအဖြစ် မြင်သောအခါ အလွန်ထိရောက် သော ထောက်ခံမှုကို ပေးစွမ်းနိုင်သည်) တို့ကိုလုပ်ဆောင်ရမည်။

    တောင်အာဖရိကရှိ အသားအရောင်ခွဲခြားရေး စနစ်ကို ဆန့်ကျင်သော လှုပ်ရှားမှုသည် နိုင်ငံတကာအစိုးရများမှသည် ရင်းနှီးမြှုပ်နှံသူများ၊ တိုက်ရိုက်လှုပ်ရှားမှု ဆောင်ရွက်သူများ၊ အနုပညာရှင်များအထိ ကျယ်ပြန့်သော မဟာမိတ်အဖွဲ့အစည်းကို ထူထောင်ခဲ့ပုံသည် ထိရောက်သော မဟာမိတ်ဖွဲ့မှု၏ စံနမူနာကောင်းဖြစ်သည်။

    ၅။ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းခြင်း

    တော်လှန်ရေးအစိုးရများ တည်ထောင်ခြင်း (တရားဝင်အုပ်ချုပ်ရေးဖွဲ့စည်းပုံများ၊ ပြည်သူ့ဝန်ဆောင်မှု များပေးခြင်း နှင့် တာဝန်ခံမှုအတွက် စနစ်များရှိခြင်း)၊ ရေရှည်တည်တံ့သောအစီအစဉ်များ ရေးဆွဲခြင်း (ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများနှင့် ကြားကာလပြုပြင်ပြောင်းလဲရေးအတွက် လမ်းပြမြေပုံ)၊ ထိန်းချုပ် နယ်မြေများတွင် ထိရောက်သောအုပ်ချုပ်ရေး (ပြည်သူလူထုကို အခြေခံဝန်ဆောင်မှုများနှင့် လုံခြုံရေးပေးခြင်း ဖြင့် အစိုးရ၏အခန်းကဏ္ဍကို ထမ်းဆောင်နိုင်စွမ်းရှိကြောင်း ပြသခြင်း) တို့ကို လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများ၏ တရားဝင်မှုကို တည်ဆောက်နိုင်သည်။

    လစ်ဗျားဆန့်ကျင်ရေးလှုပ်ရှားမှုတွင် အမျိုးသားကူးပြောင်းရေးကောင်စီ (NTC) သည် ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အဓိကအင်အားကြီးနိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ဤအသိအမှတ်ပြုမှုသည် NTC အား နိုင်ငံတကာအထောက်အပံ့ရရှိရန်နှင့် ပြည်တွင်းတရားဝင်မှုရရှိရန် လမ်းဖွင့်ပေးခဲ့သည်။
     

    နိုင်ငံတကာထောက်ခံမှုနှင့် မဟာဗျူဟာအရ အရေးပါမှု
    --------------------------------------------


    နိုင်ငံတကာထောက်ခံမှုသည် တော်လှန်ရေးကို ထောက်ခံအားပေးနိုင်ရုံမျှသာမက ရန်သူအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖိအားများကိုလည်း ပေးနိုင်သည်။  

    ပူးတွဲသဘောတူညီချက်များ - ထောက်ခံသည့် နိုင်ငံခြားအစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် တော်လှန်ရေး၏တရားဝင်မှုကို တိုးမြှင့်နိုင်သလို၊ အာဏာရှင်ကို နိုင်ငံရေးအရ ဖိအားပေးနိုင်သည်။

    နိုင်ငံတကာအဖွဲ့အစည်းများတွင် ကိုယ်စားပြုခွင့် - အကြီးမားဆုံး တရားဝင်မှုလက္ခဏာများထဲမှ တစ်ခုမှာ ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများတွင် ရုံးနေရာရရှိခြင်း ဖြစ်သည်။ ပြည်တွင်းအခြေအနေများကို တင်ပြနိုင်ရုံသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆန်ရှင်များကို ချမှတ်လာနိုင်အောင် လုပ်ဆောင်နိုင်သည်။

    အထွေထွေကန့်သတ်ချက်များ - အာဏာရှင်အစိုးရတာဝန်ရှိသူများအပေါ် ဗီဇာပိတ်ပင်မှုများနှင့် ခရီးသွား ကန့်သတ်ချက်များ၊ နိုင်ငံတကာဘဏ်ထဲရှိပိုင်ဆိုင်မှုများကို ထုတ်ယူသုံးစွဲခွင့် ကန့်သတ်ထားနိုင်သည်။

     
    နိုင်ငံတကာထောက်ခံမှုမရရှိပါက ကြုံရနိုင်သည့် အခက်အခဲများ
    ---------------------------------------------------


    ၁။ အရင်းအမြစ်များ ရှားပါးလာခြင်း - တော်လှန်ရေးလုပ်ငန်းစဉ်များနှင့် အခြေခံလိုအပ်ချက်များအတွက် ရန်ပုံငွေများ၊ လက်နက်ခဲယမ်းများရှားပါးလာခြင်း၊ မလုံလောက်ခြင်း။

    ၂။ နိုင်ငံရေးအကျပ်အတည်းများနှင့် ဖိနှိပ်မှုများ တိုးလာခြင်း - အာဏာရှင်အုပ်စု၏ ထင်ရာစိုင်း လုပ်ဆောင် ချက်များကို အားပေးသကဲ့သို့ ဖြစ်လာပြီး၊ ဖိနှိပ်ခံပြည်သူများအပေါ် အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ပိုမိုတိုးပွားလာသည်။

    ၃။ စိတ်ဓာတ်ကျဆင်းပြီး တော်လှန်ရေးပင်ပန်းမှု ဖြစ်လာခြင်း - ကမ္ဘာကြီးက ၎င်းတို့၏တိုက်ပွဲကို လျစ်လျူ ရှုနေသည် သို့မဟုတ် ထောက်ခံမှုမပေးဟု ခံစားလာရပြီး တော်လှန်ရေးပင်ပန်းမှုနှင့် စိတ်ဓာတ်ယိုယွင်းမှုများ ဖြစ်လာကာ တော်လှန်ရေးအရှိန်အဟုန်ဆုံးရှုံးခြင်းနှင့် တော်လှန်ရေးသမားများနှင့် ထောက်ခံသူများ ကျဆင်းလာနိုင်သည်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အပြန်အလှန်အပြစ်တင်မှုများ ဖြစ်ပေါ်လာပြီး ကွဲပြားမှုများ ပိုမိုကြီးထွားလာနိုင်သည်။

    ၄။ ရေရှည်အခက်အခဲများနှင့် ဖြေရှင်းရန်ခက်ခဲသော ပဋိပက္ခများ ဖြစ်လာခြင်း - ‌နိုင်ငံတကာထောက်ခံမှု မရရှိသော တော်လှန်ရေးများသည် ရေရှည်တိုက်ပွဲဝင်ရန် ခက်ခဲသဖြင့် ပဋိပက္ခကာလ ပိုမိုရှည်ကြာလာတတ် သည်။ ဒုက္ခသည်အရေအတွက်တိုးလာခြင်း၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ ကျန်းမာရေးအကျပ်အတည်းများ ဖြစ်ပေါ်လာပြီး၊ ပြောင်းလဲမှုများအတွက် အခွင့်အလမ်းဆုံးရှုံးသွားပြီး ယခင်စနစ်အတိုင်း ပြန်လည်ရောက်ရှိ သွားနိုင်သည်။

    ၅။ အစွန်းရောက်မှုများနှင့် အစိတ်စိတ်အမွှာမွှာကွဲပြားခြင်း - နိုင်ငံတကာ၏ လျစ်လျူရှုခံရသော တော်လှန်ရေး များသည် တော်လှန်ရေးကျင့်ဝတ်ကို ပိုမိုချိုးဖောက်နိုင်ချေရှိပြီး၊ ရာဇဝတ်ဂိုဏ်းများ၊ အစွန်းရောက်  စစ်သွေးကြွအုပ်စုများနှင့် အခြားအန္တရာယ်ရှိသော အဖွဲ့အစည်းများအဖြစ် ဖြစ်သွားစေနိုင်သည်။ တော်လှန်ရေး ခေါင်းဆောင်မှုအကွဲအပြဲများလည်း ဖြစ်စေနိုင်ပြီး ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားသွားနိုင်သည်။ တော်လှန်ရေး အပေါ် မျှော်လင့်ချက်မဲ့လာသည်နှင့်အမျှ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များစီးဆင်းမှု၊ လက်နက်မှောင်ခိုမှုနှင့် အခြားနိုင်ငံများသို့ ပဋိပက္ခပျံ့နှံ့သွားခြင်း ဖြစ်နိုင်သည်။

     
    နိဂုံး
    ​-----


    နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုသည် တော်လှန်ရေး၏ အောင်မြင်မှုအတွက် အလွန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နိုင်ငံတကာထောက်ခံမှုရရှိခြင်းဖြင့် တော်လှန်ရေးလှုပ်ရှားမှု သည် ဘဏ္ဍာရေးနှင့် ရုပ်ဝတ္ထုပစ္စည်းအရင်းအမြစ်များ၊ သံတမန်ရေးအားသာချက်များ၊ စိတ်ပိုင်းဆိုင်ရာ အားတက်မှုနှင့် တရားဝင်မှုတို့ကို ရရှိနိုင်ပါသည်။ ဤထောက်ခံမှုသည် ပိုမိုလျင်မြန်ပြီး အောင်မြင်နိုင်ခြေ မြင့်မားသော ပြောင်းလဲမှုကို ဖန်တီးပေးနိုင်ပါသည်။

    အခြားတစ်ဖက်တွင် နိုင်ငံတကာထောက်ခံမှု မရရှိခြင်းသည် အရင်းအမြစ်များပြတ်လပ်လာခြင်း၊ နိုင်ငံရေးဖိနှိပ်မှုများ တိုးမြှင့်လာခြင်း၊ စိတ်ဓာတ်ကျ ဆင်းခြင်းနှင့် တော်လှန်ရေးပင်ပန်းမှု၊ ပဋိပက္ခကာလရှည်ကြာလာခြင်းနှင့် အစွန်းရောက်လာကြပြီး အစိတ်စိတ် အမွှာမွှာကွဲပြားမှုများသည် ထောက်ခံမှုမရရှိသော တော်လှန်ရေးများ ရင်ဆိုင်ရနိုင်သော ပြဿနာများ ဖြစ်သည်။

    တော်လှန်ရေးလှုပ်ရှားမှုများသည် ပြည်တွင်းလူထုထောက်ခံမှုအခြေခံအပေါ် ခိုင်မာစွာ တည်ဆောက် ထားပြီး နိုင်ငံတကာထောက်ခံမှုရရှိရန် ဗျူဟာကျကျ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ပြည်တွင်းထောက်ခံမှုနှင့် နိုင်ငံတကာထောက်ခံမှု နှစ်ခုလုံးကို ဟန်ချက်ညီညီ တည်ဆောက်ခြင်းသည် တော်လှန်ရေး၏ ရေရှည် တည်တံ့ခိုင်မြဲမှုနှင့် အောင်မြင်မှုကို တိုးမြှင့်စေပါသည်။ ထို့ကြောင့် နိုင်ငံတကာရေးရာကဏ္ဍကို စနစ်တကျ ကိုင်တွယ်စီမံခြင်းသည် တော်လှန်ရေးအောင်ပွဲအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းနှင့် မျက်ကွယ်ပြု၍ မရကြောင်း တင်ပြအပ်ပါသည်။

    “ပြည်တွင်းထောက်ခံမှုနှင့် နိုင်ငံတကာထောက်ခံမှု နှစ်ခုလုံးကို ဟန်ချက်ညီညီ တည်ဆောက်ခြင်းသည် တော်လှန်ရေး၏ ရေရှည် တည်တံ့ခိုင်မြဲမှုနှင့် အောင်မြင်မှုကို တိုးမြှင့်စေပါသည်”


     
    အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
     https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media


  • Published on

    နွေဦးတော်လှန်ရေးကို မဟာဗျူဟာရှုထောင့်မှ သုံးသပ်ခြင်း


    ရေးသားသူ-Liliane



    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 


    နိဒါန်း
    -----


    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသော အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ အာဏာသိမ်းယူခဲ့သည်။ ထိုစစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာပြည်သူများသည် အဘက်ဘက် မှ စုပေါင်းဆန့်ကျင်ခဲ့ကြပြီး မြန်မာ့နွေဦးတော်လှန်ရေးကို မွေးဖွားခဲ့သည်။

    နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးနှင့် လူမှုရေးစသည့် မတူညီသော နယ်ပယ်များမှ စစ်အုပ်စုကို တိုက်ခိုက်ရန် ဘက်စုံမဟာဗျူဟာ များကို အသုံးပြုခဲ့သည်။ ဤတော်လှန်ရေးသည် ၂၁ရာစုတွင် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ရာတွင် မည်သို့သော မဟာဗျူဟာများသည် ထိရောက်မှုရှိကြောင်းကိုလည်း လေ့လာနိုင်သည်။

     
    မြန်မာ့နွေဦးတော်လှန်ရေး ပြောင်းလဲလာပုံအဆင့်ဆင့်
    --------------------------------------------


    အဆင့် - ၁ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (ဖေဖော်ဝါရီ - ဧပြီ ၂၀၂၁)

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ပထမဆုံးလုပ်ရပ်မှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဖြစ်သည်။ ဤအဆင့်တွင် တော်လှန်ရေး၏ အဓိကမဟာဗျူဟာမှာ_
    အာဏာဖီဆန်လှုပ်ရှားမှု (CDM) - အစိုးရဝန်ထမ်းများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ဘဏ် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက အလုပ်ခွင်မှ နှုတ်ထွက်ခြင်းဖြင့် စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ရပ်တန့်စေရန် ကြိုးစားခဲ့ကြသည်။

    လူထုဆန္ဒပြပွဲများ - မြို့ကြီးများနှင့် ကျေးလက်ဒေသများတွင် လူသန်းပေါင်းများစွာသည် အကြမ်းမဖက်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပြီး၊ သုံးလက်ညှိုးထောင်ခြင်း၊ အိုးခေါက်သံများဖြင့် ဆန္ဒပြခြင်းစသည့် အမှတ်သင်္ကေတများဖြင့် ဆန္ဒပြခဲ့ကြသည်။

    သပိတ်မှောက်မဟာဗျူဟာ - စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို သပိတ်မှောက်ခြင်းဖြင့် စစ်အစိုးရ၏ ဝင်ငွေရင်းမြစ်များနှင့် ဂုဏ်သိက္ခာကို ဖြတ်တောက်ခဲ့ကြသည်။

    ဤကာလတွင် မြန်မာပြည်သူများသည် မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်လှုပ်ရှားမှုနှင့် ဂျင်းရှပ်စနစ် (Gene Sharp) ၏ အကြမ်းမဖက်တော်လှန်ရေးသီအိုရီများမှ သင်ခန်းစာများကို အသုံးချခဲ့ကြသည်။ သို့သော် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများကြောင့် ဤမဟာဗျူဟာသည် အကန့်အသတ်ဖြင့်သာ အောင်မြင်မှု ရရှိခဲ့သည်။


    အဆင့် -၂ အကူးအပြောင်းကာလနှင့် ခုခံကာကွယ်ရေးမဟာဗျူဟာ (ဧပြီ - ဩဂုတ် ၂၀၂၁)

    စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများနှင့် အရပ်သားများကို သတ်ဖြတ်မှုများကြောင့် တော်လှန်ရေးသည် ပိုမိုစုဖွဲ့လာပြီး ကာကွယ်ရေးမဟာဗျူဟာများကို ပိုမိုအသက်ဝင်လာစေခဲ့သည်။

    ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း - မိမိဒေသကို ဒေသခံများကိုယ်တိုင် ခုခံကာကွယ်ကာ ဒေသတွင်းအုပ်ချုပ်မှုများ စတင်ကျင့်သုံးခဲ့သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း - ရွေးကောက်ခံကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှတဆင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် NUG ကို ဖွဲ့စည်းခဲ့သည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ဖွဲ့စည်းခြင်း - နိုင်ငံတစ်ဝှမ်းတွင် လူငယ်များနှင့် စစ်တပ်မှထွက်လာသော တပ်ဖွဲ့ဝင်များသည် PDF များကို စတင်ဖွဲ့စည်းခဲ့ကြသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် မဟာမိတ်ဖွဲ့ခြင်း - အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် PDF များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အကူအညီပေးခြင်း စတင်ပြုလုပ်ခဲ့ကြသည်။


    အဆင့် - ၃။ ပြည်လုံးကျွတ်တော်လှန်ရေး (ဩဂုတ် ၂၀၂၁ - ယနေ့ထိ)

    တော်လှန်ရေး၏ တတိယအဆင့်သည် ပိုမိုကျယ်ပြန့်သော လက်နက်ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲလာခဲ့ပြီး၊ အဓိကမဟာဗျူဟာများမှာ-
    ဗဟိုချုပ်ကိုင်မှုမရှိသော ပြည်သူ့စစ် - PDF များသည် ဗဟိုထိန်းချုပ်မှုစနစ်အောက်တွင် မရှိဘဲ၊ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ရန် လွတ်လပ်ခွင့်ရှိသည်။

    မြို့ပြစစ်ဆင်ရေးနှင့် ပြောက်ကျားစစ်များ - မြို့ပြနှင့် ကျေးလက်ဒေသများတွင် စစ်အစိုးရ၏ အင်စတီ  ကျူးရှင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်အစိုးရအောက်ရှိ ရုံးများနှင့် အုပ်ချုပ်ရေးများကို အလစ်ငိုက်တိုက်ခိုက်ခြင်း။

    စီးပွားရေးစစ်ဆင်ရေး - စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို ဆက်လက်သပိတ် မှောက်ခြင်း၊ အခွန်မပေးရေးလှုပ်ရှားမှုများနှင့် စစ်အစိုးရ၏ ငွေပင်ငွေရင်းများကို ဖြတ်တောက်ရန် စီးပွားရေးလှုပ်ရှားမှုများ။

    နယ်မြေသိမ်းစစ်ဆင်ရေးများ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ကျယ်ပြန့်သော စစ်ဆင်ရေးများကို စတင်ခဲ့ ကြသည်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ပထမဆုံးကြီးမားကျယ်ပြန့်သည် နယ်မြေသိမ်း၊ မြို့သိမ်းစစ်ဆင်ရေးတစ်ခု ဖြစ်ပြီး၊ နယ်မြေ အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်အစိုးရ၏ ထိန်းချုပ်မှုကို သိသိသာသာ လျော့နည်းစေခဲ့သည်။ ထိုနောက်ပိုင်းတွင် နယ်မြေသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများမှ မြို့ပေါင်း (၉၀) ဝန်းကျင် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်သည်။

     
    တော်လှန်ရေးကာလနှင့်အတူ ပြောင်းလဲလာသော မဟာဗျူဟာများ
    ------------------------------------------------------


    ၁။ နိုင်ငံရေးမဟာဗျူဟာ ပြောင်းလဲမှု

    ကနဦးကာလ- တော်လှန်ရေးစတင်ချိန်တွင် နိုင်ငံရေးမဟာဗျူဟာသည် ရွေးကောက်ပွဲရလဒ်ကို ပြန်လည်ရရှိရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြန်လည်လုပ်ဆောင်ရေး ဟူသော ဦးတည်ချက် ရှိခဲ့သည်။

    လက်ရှိကာလ- ပြင်းထန်သော တုံ့ပြန်မှုများနှင့် တော်လှန်ရေးပြောင်းလဲမှုနှင့်အတူ နိုင်ငံရေး မဟာဗျူဟာလည်း ပြောင်းလဲလာခဲ့သည်။ လက်ရှိတွင် NUG နှင့် တော်လှန်ရေးအင်အားစုများသည်-
    • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး
    • ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး
    • တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားရှိရေး
    စသည့် မဟာဗျူဟာများကို ပြောင်းလဲကျင့်သုံးလာခဲ့သည်။

     
    ၂။ စစ်ရေးမဟာဗျူဟာ ပြောင်းလဲမှု

    ကနဦးကာလ- ကနဦးတွင် အကြမ်းမဖက်ဆန္ဒပြမှုများသာ ရှိခဲ့ပြီး၊ စစ်ရေးချဉ်းကပ်မှုများ မရှိခဲ့ပေ။

    လက်ရှိကာလ- စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများအပြီးတွင် စစ်ရေးမဟာဗျူဟာများ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ဒေသတွင်းခုခံမှုများမှသည်၊ တောတွင်းပြောက်ကျား၊ မြို့ပြ ပြောက်ကျားစစ်များ၊  မြို့ပြစစ်ဆင်ရေးနှင့် နယ်မြေသိမ်းစစ်ပွဲ၊ မြို့သိမ်းတိုက်ပွဲကြီးများအထိ ထိုးဖောက်နိုင်ခဲ့သည်။ မော်စီတုန်း၏ ပြည်သူ့စစ်ပွဲသီအိုရီအရ ပြည်သူလူထုထံမှ အကူအညီရယူခြင်း၊ ရန်သူထံမှ လက်နက်ရယူခြင်းနှင့် ကျေးလက်ဒေသများမှ စတင်တိုက်ခိုက်ပြီး မြို့ကြီးများဆီသို့ လျှောက်လှမ်းသည့် မဟာဗျူဟာကို အသုံးပြုလာခဲ့သည်။


    ၃။ စီးပွားရေးမဟာဗျူဟာ ပြောင်းလဲမှု

    ကနဦးကာလ- တော်လှန်ရေးစတင်ချိန်တွင် စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ စစ်အစိုးရကို အခွန်မပေးရေးနှင့် ဘဏ်များမှ ငွေများထုတ်ယူခြင်းကဲ့သို့သော စီးပွားရေး ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။

    လက်ရှိကာလ- စစ်တပ်နှင့်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်နေကြသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကိုပါ သပိတ်မှောက်လာကြသည်။ တော်လှန်ရေးရန်ပုံငွေများကိုလည်း ပိုမိုရှာဖွေလာနိုင်ကြသည်။ စစ်တပ်မှ ထိန်းချုပ်ထားသော ဘဏ်များကို အသုံးပြုခြင်းမှ နွေဦးဘဏ်ကဲ့သို့ တော်လှန်ရေးဘဏ်များမှ တဆင့် ငွေများကို လွှဲပြောင်းလာနိုင်သည်။


    ၄။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးမဟာဗျူဟာ ပြောင်းလဲမှု

    ကနဦးကာလ- တော်လှန်ရေး၏ ပထမကာလတွင် လူမှုကွန်ရက်များနှင့် မီဒီယာများကို အသုံးပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းထံ သတင်းအချက်အလက်များ ဖြန့်ဝေခဲ့သည်။

    လက်ရှိကာလ- စစ်အစိုးရ၏ အင်တာနက်ဖြတ်တောက်မှုနှင့် ဆက်သွယ်ရေးကန့်သတ်ချက်များ ကြောင့် ပြည်တွင်းအခြေအနေများကို မျက်ခြေမပြတ်သိနိုင်ရန်နှင့် ပြည်သူများကို သတင်း အချက်အလက်ပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းကြသည်။ လက်ရှိအချိန်အထိ အာဏာသိမ်း စစ်တပ်မှ ပြည်သူကို သတင်းအမှောင်မချနိုင်သေးပေ။


    လက်ရှိအသုံးပြုနေသော မဟာဗျူဟာများ၏ အားသာချက်များ
    ----------------------------------------------------


    လက်ရှိအချိန်တွင် မြန်မာ့နွေဦးတော်လှန်ရေးသည် တဖြည်းဖြည်း တိုးတက်လာသော အောင်မြင်မှုများကို စတင်တွေ့မြင်နေရပြီဖြစ်သည်။ ဤအပိုင်းတွင် အသုံးပြုနေသော မဟာဗျူဟာများ၏ အားသာချက်များကို ဆွေးနွေးသွားမည်။

    ၁။ ဗဟိုချုပ်ကိုင်မှုနည်းသောနိုင်ငံရေး၊ စစ်ရေး၏ အားသာချက်များ

    ရုတ်ချည်းဖမ်းဆီးရန် ခက်ခဲခြင်း- PDF နှင့် အခြားတော်လှန်ရေးအဖွဲ့များသည် ဗဟိုချုပ်ကိုင်မှုမရှိဘဲ ဆောင်ရွက်ခြင်းကြောင့် ခေါင်းဆောင်များ ဖမ်းဆီးခံရပါက တစ်ခုလုံး ပြိုလဲသွားခြင်းမရှိပေ။

    ဒေသအလိုက် အခြေအနေနှင့် သင့်လျော်သော မဟာဗျူဟာများ ချမှတ်နိုင်ခြင်း- တော်လှန်ရေး အဖွဲ့များသည် ဒေသအလိုက် အခြေအနေများကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

    စစ်အစိုးရ၏ ထောက်လှမ်းရေးကို ပိုမိုခက်ခဲစေခြင်း- ဆက်သွယ်ရေးနှင့် တိုက်ခိုက်ရေး နည်းဗျူဟာများကို စစ်အစိုးရမှ လျင်မြန်စွာ ဖော်ထုတ်ရန် ခက်ခဲစေသည်။


    ၂။ ညွန့်ပေါင်းမဟာဗျူဟာ၏ အားသာချက်

    မြန်မာ့နွေဦးတော်လှန်ရေး၏ အဓိကအားသာချက်တစ်ခုမှာ စုပေါင်းခေါင်းဆောင်မှု ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားကာကွယ်ရေးတပ်ဖွဲ့များနှင့် NUG တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်-

    ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ မျှဝေနိုင်ခြင်း- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နှစ်ပေါင်းများစွာ စစ်ရေးအတွေ့အကြုံနှင့် မြန်မာ့တပ်မတော်တိုက်ပွဲဝင်နည်းဗျူဟာများကို နားလည်ထားမှုတို့ကို အသုံးချနိုင်ခဲ့ သည်။

    လူသားအရင်းအမြစ်နှင့် လက်နက်ခဲယမ်းများ ပေါင်းစပ်အသုံးပြုနိုင်ခြင်း- အဖွဲ့အစည်းများ ပေါင်းစပ်ခြင်းဖြင့် လိုအပ်သော အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ ခွဲဝေအသုံးပြုနိုင်ခဲ့သည်။

    ထိရောက်သော နယ်မြေထိန်းချုပ်နိုင်ခြင်း- မဟာမိတ်ဖွဲ့စည်းမှုကြောင့် ယခင်ကထက် ပိုမို ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့သည်။

    ပိုမိုကျယ်ပြန့်သော နိုင်ငံရေးတရားဝင်မှု- တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပေါင်းစည်းခြင်းဖြင့် ပိုမို ကျယ်ပြန့်သော တရားဝင်မှုကို ရရှိခဲ့သည်။


    ၃။ စီးပွားရေးနှင့် ဆက်သွယ်ရေးမဟာဗျူဟာများ၏ အားသာချက်

    နိုင်ငံတကာထောက်ခံမှုနှင့် ဖိအားပေးမှုများရရှိခြင်း- တော်လှန်ရေးအဖွဲ့များသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို ထိရောက်စွာ ချဉ်းကပ်နိုင်ခဲ့ပြီး စစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဖိအားများကို အတိုင်းအတာတစ်ခုအထိ ပေးနိုင်ခဲ့သည်။

    ဒီဂျစ်တယ်နည်းပညာရေကန်များကို ဖြတ်ကျော်နိုင်ခြင်း- VPN နှင့် ဂြိုဟ်တုအင်တာနက်ကဲ့သို့သော နည်းပညာဖြေရှင်းချက်များမှတစ်ဆင့် စစ်အစိုးရ၏ ဆက်သွယ်ရေးကန့်သတ်ချက်များကို ကျော်လွှား နိုင်ခဲ့သည်။

    ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုခြင်း: ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုခြင်းဖြင့် တော်လှန်ရေးရန်ပုံငွေ များကို ထိရောက်စွာ လွှဲပြောင်းနိုင်ခဲ့ပြီး စစ်အစိုးရ၏ ငွေကြေးထိန်းချုပ်မှု ကန့်သတ်ချက်များကို ရှောင်ရှားနိုင်ခဲ့သည်။


    ၄။ ဒေသန္တရအုပ်ချုပ်ရေးများ တည်ဆောက်ခြင်း၏ အားသာချက်

    ပြည်သူလူထု၏ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း- လွတ်မြောက်နယ်မြေများတွင် ပညာရေး၊ ကျန်းမာရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။

    စစ်အစိုးရ၏ တရားဝင်မှုကို ယိုယွင်းစေခြင်း- ပြည်သူလူထုကို ဝန်ဆောင်မှုများပေးခြင်းဖြင့် စစ်အစိုးရ၏ အုပ်ချုပ်ရေးစနစ်ကို အစားထိုးနိုင်ကြောင်း ပြသနိုင်ခဲ့သည်။
    တော်လှန်ရေးအတွက် "လမ်းပြမြေပုံ" တည်ဆောက်နိုင်ခြင်း- စစ်အစိုးရကျဆုံးပြီးနောက် အကူးအပြောင်းကာလတွင် အသုံးပြုမည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအစီအစဉ်များကို စမ်းသပ် အသုံးပြုနိုင်ခဲ့သည်။

     
    မဟာဗျူဟာ ဟာကွက်များ
    -----------------------


    မြန်မာ့နွေဦးတော်လှန်ရေး၏ သိသာထင်ရှားသော အောင်မြင်မှုများရှိခဲ့သော်လည်း၊ မဟာဗျူဟာ ဆိုင်ရာ ဟာကွက်များလည်း ရှိခဲ့သည်။ ဤအပိုင်းတွင် အဓိကဟာကွက်များကို လေ့လာသုံးသပ်သွားမည်။


    ၁။ နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများ

    ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များ မတူညီခြင်း- အဖွဲ့အသီးသီးသည် တော်လှန်ရေးအတွက် မတူညီသော ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များ ရှိကြသည်။ ညှိနှိုင်းဆောင်ရွက်ရမည့် အဖွဲ့များစွာ ရှိခြင်းကြောင့် တစ်ခါတစ်ရံတွင် ဆုံးဖြတ်ချက်ချမှတ်ရာ၌ နှေးကွေးခဲ့သည်။
    ခေါင်းဆောင်မှုဆိုင်ရာ ပြိုင်ဆိုင်မှုများ- NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားအဖွဲ့များ အကြား တစ်ခါတစ်ရံတွင် ခေါင်းဆောင်မှုဆိုင်ရာ ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည်။

    ဒေသန္တရအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံအားနည်းခြင်း - တပြည်ထောင်စနစ် အားကောင်းခဲ့သော တိုင်းပြည်အနေဖြင့် လက်ရှိကာလတွင် စိုးမိုးနယ်မြေများ၌ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်သောအခါ နိုင်ငံရေးစနစ်သစ်အပေါ် သိမှုအားနည်းခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းကြောင့် များစွာစိန်ခေါ်မှု ဖြစ်စေသည်။ လက်ရှိကာလတွင် လိုအပ်နေသော နည်းပညာအကူအညီများကိုလည်း ရရှိရန် အလှမ်းဝေးနေဆဲဖြစ်သည်။
     

    ၂။ စစ်ရေးဆိုင်ရာ စိန်ခေါ်ချက်များ

    စစ်ရေးမဟာဗျူဟာကိုကျွမ်းကျင်မှုအားနည်းခြင်း - လက်နက်ကိုင်တော်လှန်ရေးကို အဓိကလမ်းစဉ် အဖြစ် ရွေးချယ်မှုသည် တော်လှန်ရေးတွင် ပါဝင်သူအားလုံး ဆက်လက်တိုက်ပွဲဝင်နိုင်ရန် အကန့် အသတ် ဖြစ်စေသည်။ စစ်ရေးမဟာဗျူဟာမကျွမ်းကျင်မှုသည်လည်း အဓိက စိန်ခေါ်ချက်ဖြစ်သည်။
    ဘဏ္ဍာရေးကန့်သတ်ချက်များ - တိုက်ပွဲများ ဆက်လက်ရှည်ကြာလာသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့ များသည် ငွေကြေးလိုအပ်ချက်များနှင့် ရင်ဆိုင်ရသည်။

    လက်နက်နှင့် ခဲယမ်းလိုအပ်ချက်များ- PDF များနှင့် တော်လှန်ရေးတပ်ဖွဲ့များသည် လက်နက်နှင့် ခဲယမ်းလိုအပ်ချက်များနှင့် ရင်ဆိုင်ရသည်။

    နည်းပညာနှင့် သင်တန်းရရှိမှု ကန့်သတ်ချက်များ- တိုက်ပွဲဝင်စွမ်းရည်တိုးတက်ရန် လိုအပ်သော သင်တန်းများ ရရှိရန် အခက်အခဲရှိသည်။

    နယ်စပ်ဧရိယာများသို့ ထွက်ပေါက်ကန့်သတ်ချက်များ- တပ်ဖွဲ့အများစုသည် နယ်စပ်ဒေသများမှ ဝေးကွာသော နယ်မြေများတွင် လှုပ်ရှားရသည့်အတွက် လိုအပ်သော အထောက်အပံ့များ ရရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်။


    ၃။ သတင်းအချက်အလက်နှင့် ဝါဒဖြန့်ချိရေးဆိုင်ရာ ဟာကွက်များ

    သတင်းလျင်မြန်စွာပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲခြင်း - ဗဟိုချုပ်ကိုင်မှုမရှိသော ဖွဲ့စည်းပုံကြောင့် သတင်းအချက်အလက်များကို လျှို့ဝှက်ထားရန်နှင့် ဖြန့်ဖြူးရန်ကြားတွင် ကိုင်တွယ်ထိန်းချုပ်ရ ခက်ခဲသည်။ သတင်းပေါက်ကြားမှုကြောင့် ထိခိုက်ခဲ့ရသောအခြေအနေများလည်း ရှိသည်။  

    နိုင်ငံတကာမီဒီယာအာရုံစိုက်မှု ဆုံးရှုံးခြင်း - တော်လှန်ရေးစတင်ပြီး အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံတကာမီဒီယာများ၏ အာရုံစိုက်မှု လျော့နည်းလာခဲ့သည်။

    စစ်အစိုးရ၏ လုပ်ကြံသတင်းများနှင့် ဝါဒဖြန့်ချိရေးကို တုံ့ပြန်ရာတွင် စိန်ခေါ်မှုများ- စစ်အစိုးရသည် အာဏာသိမ်းပြီးနောက် ပြည်တွင်းနှင့် နိုင်ငံပိုင်သတင်းမီဒီယာများကို ထိန်းချုပ်ခဲ့ပြီး၊ တော်လှန်ရေး သမားများကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ရန် ကြိုးပမ်းနေသည်။

     
    ၄။ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲ စိန်ခေါ်မှုများ

    တော်လှန်ရေးပင်ပန်းမှု (Revolution Fatigue)- တော်လှန်ရေးကြာရှည်လာသည်နှင့်အမျှ လူထုအကြား စိတ်ပင်ပန်းမှုနှင့် အားလျော့လာမှုများ ဖြစ်ပေါ်လာသည်။

    ပြည်သူများအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ- တော်လှန်ရေးရလဒ်ကြောင့် ပြည်သူများ၏ ဘဝလုံခြုံရေးအပေါ် ထိခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
    တော်လှန်ရေးအတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ- စစ်ရေးလှုပ်ရှားမှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုသည် တော်လှန်ရေး၏ တရားဝင်မှုကို ထိခိုက်စေသည်။

     
    ၅။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ

    ဒုက္ခသည်နှင့် စစ်ဘေးရှောင်အရေအတွက် တိုးလာခြင်း: စစ်ဆင်ရေးများ တိုးမြှင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာပြီး၊ အိုးအိမ်ပျက်စီးမှုလည်း အလွန်းမြင့်တက်လာသည်။  လူသားချင်းစာနာထောက်ထားမှုကို လုံလောက်အောင် မလုပ်ဆောင်နိုင်ပေ။ အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကဲ့သို့သော ထိခိုက်လွယ်သော အုပ်စုများအတွက် ထိခိုက်မှုများ ပိုမိုကြီးမားလာသည်။

    အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်း - စစ်ရေးအရှိန်မြှင့်တက်လာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးကဲ့သို့ အရေးပေါ်လိုအပ်ချက်ကို မဖြည့်တင်းပေးနိုင်တော့ပေ။

     
    နိဂုံး
    -----


    နွေဦးတော်လှန်ရေးသည် ယခင်ကမတွေ့ကြုံခဲ့ဖူးသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြား လွန်ဆွဲလျက် ရှိသည်။ ယနေ့အချိန်ထိ ကြည့်မည်ဆိုပါက ဤတော်လှန်ရေးသည် ဘက်ပေါင်းစုံမှ ချဉ်းကပ်ထား သော မဟာဗျူဟာမျိုးစုံကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများမှ စတင်ခဲ့ပြီး ကျယ်ပြန့်သော လက်နက်ကိုင်တော်လှန်ရေးအထိ တိုးတက်ပြောင်းလဲလာခဲ့သည်။၂၀၂၅ ခုနှစ်သည် စစ်ရေးအောင်ပွဲများနှင့်အတူ နိုင်ငံရေးအောင်မြင်မှုကို ရရှိရန် ကြိုးပမ်းနေဆဲကာလ ဖြစ်သည်။ ထို့နောက်တွင် လုပ်ဆောင်ရမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးသည် နောက်ထပ်ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။

    အနာဂတ်တွင် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် တော်လှန်ရေး အင်အားစုများအကြား စည်းလုံးညီညွတ်မှု ဆက်လက်ထိန်းသိမ်းနိုင်ခြင်းနှင့် ပိုမိုချိတ်ဆက်နိုင်ခြင်း၊ နိုင်ငံတကာထောက်ခံမှု တိုးမြှင့်ရရှိခြင်း၊ အရင်းအမြစ်များကို စနစ်ကျစွာ အသုံးပြုနိုင်ခြင်းနှင့် တော်လှန်ရေး ကာလရှည်ကြာလာသည် နှင့်အမျှ ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း တို့အပေါ် လုံးဝ မှီတည်နေပေလိမ့်မည်။

    ​နွေဦးတော်လှန်ရေးကာလအတွင်း ပြောင်းလဲလာသော တိုးတက်မှု၊ ဆုတ်ယုတ်မှု များကို အသိသတိရှိခြင်းသည် အောင်ပွဲအတွက် အထူးလိုအပ်သည်။ ပြောင်းလဲလာသော အခြေအနေ၊ ပေးထားချက်များအပေါ် အကောင်းဆုံးမဟာဗျူဟာရေးဆွဲနိုင်ခြင်းဖြင့် နွေဦးတော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း။            ။



    အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
     https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media​
     


  • Published on

    ၂၁ ရာစု တော်လှန်ရေးမဟာဗျူဟာအပြောင်းအလဲများ

    ရေးသားသူ-Liliane


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 



    နိဒါန်း
    -----



    ၂၁ ရာစု၏ ထူးခြားမှုသည် နည်းပညာအလွန်အမင်းမြင့်တက်လာခြင်းနှင့် နိုင်ငံအချင်းချင်းကြား ကွာခြားမှု၊ ကန့်သတ်မှု ပါးလျလာခြင်းပင် ဖြစ်သည်။ ကမ္ဘာကြီးသည် ရွာသဏ္ဍာန်ဖြစ်လာပြီး နိုင်ငံအချင်းချင်း ကြား ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှုပုံစံ ပြောင်းလဲလာသည်။ နည်းပညာတိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုနှင့် လူမှုမီဒီယာ စသည့် ယခင်ကမရှိခဲ့သော အခြေအနေများကြောင့် တော်လှန်ရေးနည်းဗျူဟာ များသည်လည်း သိသိသာသာ ပြောင်းလဲလာခဲ့ပါသည်။ယနေ့ခေတ် တော်လှန်ရေးများသည် ယခင်ရာစုနှစ်များ ထက် ပိုမိုရှုပ်ထွေးသော မဟာဗျူဟာများကို အသုံးပြုလာကြပြီး နည်းပညာ၊ မီဒီယာ၊ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်များနှင့် နယ်ပယ်အသစ်များတွင် တိုက်ပွဲဝင်လာကြသည်။

     
    ၂၁ ရာစု တော်လှန်ရေးများ၏ အဓိကလက္ခဏာများ
    -----------------------------------------


    ၁။ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု

    ယနေ့ခေတ် တော်လှန်ရေးများ၏ အထင်ရှားဆုံးလက္ခဏာမှာ နည်းပညာအသုံးပြုမှု ဖြစ်သည်။ အင်တာနက်၊ လူမှုကွန်ရက်များနှင့် မိုဘိုင်းဖုန်းများက တော်လှန်ရေးသမားများအား အစိုးရထိန်းချုပ်မှုကို ကျော်လွှားပြီး သတင်းအချက်အလက်များကို ဖြန့်ဝေရန်၊ လှုပ်ရှားမှုများကို စီစဉ်ရန်နှင့် နိုင်ငံတကာပံ့ပိုးမှုကို စုဆောင်းရန် စွမ်းရည်အသစ်များကို ပေးခဲ့သည်။

    အာရပ်နွေဦးတော်လှန်ရေးများတွင် တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်ကို ဆန္ဒပြပွဲများကို စီစဉ်ရန်နှင့် အစိုးရဖိနှိပ်မှုကို မှတ်တမ်းတင်ရန် အသုံးပြုခဲ့ကြသည်။ ဟောင်ကောင်၏ ထီးတော်လှန်ရေးတွင် ဆက်သွယ်ရေးအက်ပ်များဖြစ်သည့် တယ်လီဂရမ်နှင့် စီဂနယ်တို့ကို အစိုးရ၏ စောင့်ကြည့်မှုကို ရှောင်ရှားရန် အသုံးပြုခဲ့ကြသည်။

    ဒစ်ဂျစ်တယ်နည်းပညာသည် ယေဘူယျဆန္ဒပြမှုများကို တော်လှန်ရေးများအဖြစ် ပြောင်းလဲ စေခဲ့သည်။ တော်လှန်ရေးအဖွဲ့များသည် သတင်းအချက်အလက်များကို အမြန်ဆုံးဖြန့်ဝေနိုင်ပြီး စုစည်းမှုအား ကို တည်ဆောက်နိုင်သည်။ ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွလှုပ်ရှားသူများသည် စစ်အစိုးရ၏ အင်တာနက်ဖြတ်တောက်မှုများကြားမှပင် VPN များကို အသုံးပြု၍ ကမ္ဘာကို မြန်မာပြည်တွင်း အခြေအနေများကို သတင်းပို့နိုင်ခဲ့သည်။
     
    ၂။ ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှု

    ယနေ့ခေတ်တော်လှန်ရေးများတွင် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုသည် အရေးကြီးသော အချက်တစ်ခု ဖြစ်လာသည်။ နိုင်ငံတကာမီဒီယာများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံရပ်ခြားတွင်နေထိုင်သော ဒေသခံလူထုက တော်လှန်ရေးများကို ထောက်ခံအားပေးမှုနှင့် အရင်းအမြစ်များပံ့ပိုးပေးခြင်းတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာကြသည်။ ဥပမာအားဖြင့် အီရန်ရှိ "သေဆုံးမှု၊ အမျိုးသမီး၊ အသက်" လှုပ်ရှားမှုသည် နိုင်ငံတကာက ထောက်ခံမှုရရှိခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ ဆန္ဒပြပွဲများက ထိုလှုပ်ရှားမှုကို မြင်သာစေခဲ့သည်။

    တော်လှန်ရေးအများစုသည် နိုင်ငံတကာကော်ပိုရေးရှင်းများနှင့် အစိုးရများအပေါ် ဖိအားပေးမှုများ ကိုလည်း ပြုလုပ်လာကြသည်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသည် စစ်အစိုးရနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် နေသော နိုင်ငံတကာကုမ္ပဏီများအပေါ် သပိတ်မှောက်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး စစ်အစိုးရ၏ ငွေကြေးအရင်းအမြစ်များကို ထိခိုက်စေရန် ရည်ရွယ်ခဲ့သည်။
     
    ၃။ မျိုးစုံသော နည်းဗျူဟာများ ပေါင်းစပ်အသုံးပြုခြင်း

    ၂၁ ရာစုတော်လှန်ရေးများသည် အကြမ်းမဖက်လှုပ်ရှားမှုများ၊ စီးပွားရေးဆိုင်ရာ ဖိအားပေးမှုများ၊ သံတမန်ရေးရာ ကြိုးပမ်းမှုများနှင့် တရားဥပဒေဆိုင်ရာ တိုက်ပွဲများအပါအဝင် မဟာဗျူဟာ အမျိုးမျိုးကို ပေါင်းစပ်အသုံးပြုလာကြသည်။ ဥပမာအားဖြင့် ၂၀၁၉-၂၀ ခုနှစ် ဟောင်ကောင်ဆန္ဒပြသူများသည် "Be Water!" မဟာဗျူဟာကို အသုံးပြုခဲ့ပြီး ၎င်းသည် အမြဲတမ်းပြောင်းလဲနေသော နည်းဗျူဟာများနှင့် မမျှော်လင့်သော တန်ပြန်တိုက်ခိုက်မှုများကို ဖန်တီးနိုင်ရန် စီစဉ်ခဲ့သည်။ ထိုနည်းဗျူဟာတွင် အချိန်နှင့် နေရာကို ပြောင်းလဲခြင်းဖြင့် အာဏာပိုင်များကို စိတ်ရှုပ်ထွေးစေခဲ့သည်။

    ဘေလာရုစ်ရှိ ၂၀၂၀-၂၁ ဆန္ဒပြပွဲများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုအသုံးပြု၍ လူထု စိတ်ခံစားမှုကို ရယူရန်နှင့် အကြမ်းဖက်နှိမ်နင်းမှုများကို လျှော့ချရန် စီစဉ်ခဲ့သည်။ အဖြူရောင်ဝတ်ဆင်ထား သော အမျိုးသမီးများသည် အကြမ်းမဖက်ခုခံမှု၏ သင်္ကေတအဖြစ် ပေါ်ထွက်လာခဲ့သည်။ တချိန်တည်းမှာပင် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့တော်လှန်ရေးတွင် အကြမ်းမဖက်ဆန္ဒပြပွဲများမှ စတင်ခဲ့သော်လည်း တဖြည်းဖြည်း လက်နက်ကိုင်တော်လှန်ရေးနှင့် အရပ်သားတို့၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ပေါင်းစပ်ကာ စစ်အစိုးရကို ဘက်စုံမှ ဖိအားပေးသည့် နည်းဗျူဟာကို အသုံးပြုလာခဲ့သည်။

     
    ၂၁ ရာစု တော်လှန်ရေးများ၏ မဟာဗျူဟာအခြေအနေများ ပြောင်းလဲလာမှု
    -------------------------------------------------------------


    ၁။ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများ

    ၂၁ ရာစုတော်လှန်ရေးများသည် ငွေကြေးစနစ်အသစ်များကို အသုံးပြုလာကြသည်။ ခရစ်ပတို ငွေကြေးများသည် အာဏာရှင်စနစ်ရှိသော နိုင်ငံများတွင် နိုင်ငံတော်က ထိန်းချုပ်ထားသော ငွေကြေးစနစ်ကို ကျော်လွှားရန် နည်းလမ်းအသစ်တစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တော်လှန်ရေးသမားများသည် စစ်အစိုးရ၏ ငွေကြေးစနစ်ကို ဝေဖန်ရန်နှင့် ရန်ပုံငွေရှာရန် USDT လို ဒစ်ဂျစ်တယ်ငွေကြေးများကို အသုံးပြုလာကြသည်။

    ထို့အပြင် အစိုးရကို ဖိအားပေးရန် စီးပွားရေးတရားဝင်နည်းလမ်းများကိုလည်း အသုံးပြုလာကြသည်။ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် “Blood Money Campaign” နှင့် စစ်တပ်နှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။ ဘေလာရုစ်တွင်လည်း ဆန္ဒပြသူများက အစိုးရထောက်ခံသော ကုမ္ပဏီများကို သပိတ်မှောက်ခဲ့ကြသည်။

    ၂။ ဗျူဟာကျသော ပြောဆိုဆက်သွယ်မှု

    ၂၁ ရာစုတော်လှန်ရေးများတွင် ပြောဆိုဆက်သွယ်မှုသည် စစ်ပွဲကဲ့သို့သော အရေးကြီးမှုရှိလာပြီး သရုပ်ဖော်ပုံများ၊ ရှုပ်ထွေးသော သတင်းစကားများကို ရိုးရှင်းစေခြင်းနှင့် အားလုံးပါဝင်နိုင်သော ပြောဆို ဆက်သွယ်မှုပုံစံများကို ဦးစားပေးလာကြသည်။ ထိုင်းနိုင်ငံရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် ဟယ်ရီပေါ်တာနှင့် ဟင်းဂါဂိမ်းများမှ သင်္ကေတများကို အသုံးပြုခဲ့ကြပြီး ထိုသင်္ကေတများမှာ လူငယ်များ ကြားတွင် နားလည်လွယ်ပြီး ရဲတပ်ဖွဲ့များက သိရှိနိုင်ခြေ နည်းပါးခဲ့သည်။

    ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့လွယ်သော သင်္ကေတများ၊ သီချင်းများ၊ ပုံဖော်မှုများသည် တော်လှန်ရေးလှုပ်ရှားမှုများအတွက် အရေးကြီးသော ကိရိယာများ ဖြစ်လာသည်။ ဥပမာအားဖြင့် ဆူဒန်၏ ၂၀၁၉ တော်လှန်ရေးတွင် အမျိုးသမီးတစ်ဦး၏ ဗီဒီယိုသည် တော်လှန်ရေး၏ သင်္ကေတတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် သုံးလက်ညှိုးထောင်သောသင်္ကေတ (ဟန်းဂါးဂိမ်းမှယူထားသော) နှင့် သံပုံးတီးသံများမှတဆင့် စိတ်ဓာတ် စစ်ဆင်ရေးကို ထိရောက်စွာ အသုံးပြုခဲ့သည်။

    ၃။ ဒေတာနှင့် သတင်းအချက်အလက်စစ်ဆင်ရေး

    ဒေတာအခြေပြုသော မဟာဗျူဟာများသည် ၂၁ ရာစုတော်လှန်ရေးများ၏ ထူးခြားချက်တစ်ခု ဖြစ်သည်။ တော်လှန်ရေးအဖွဲ့များသည် အစိုးရဖိနှိပ်မှုများကို မှတ်တမ်းတင်ရန်၊ ရာဇဝတ်မှုဆိုင်ရာ သက်သေအထောက်အထားများကို စုဆောင်းရန်နှင့် နိုင်ငံတကာသို့ အသိပေးရန် ဒေတာများကို စနစ်တကျ စုဆောင်းလာကြသည်။

    ယခုအခါ ထိုသက်သေအထောက်အထားများသည် နိုင်ငံတကာ တရားစီရင်ရေးတွင် တရားဝင်အသုံးပြုလာနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများသည် စစ်တပ်၏ ရာဇဝတ်မှုများကို မှတ်တမ်းတင်ရန် အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်များကို တည်ထောင် ခဲ့ကြပြီး အနာဂတ်တွင် တရားစွဲဆိုမှုများအတွက် အထောက်အထားများကို စုဆောင်းပေးခဲ့သည်။ ဆီးရီးယား တွင်လည်း အလားတူ ရာဇဝတ်မှုသက်သေခံ အထောက်အထားများကို စုဆောင်းခဲ့ကြသည်။

     
    ဖြစ်ရပ်လေ့လာမှုများ
    -------------------


    ၁။ အာရပ်နွေဦး (၂၀၁၀-၂၀၁၁)

    အာရပ်နွေဦးသည် ဆိုရှယ်မီဒီယာအသုံးပြုမှုမှတစ်ဆင့် တော်လှန်ရေးဆိုင်ရာ မဟာဗျူဟာများ ပြောင်းလဲလာပုံကို ပြသခဲ့သည်။ တူနီးရှားတွင် စတင်ခဲ့သော ၎င်းတော်လှန်ရေးများသည် ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာကဲ့သို့သော ပလက်ဖောင်းများကို အသုံးပြု၍ လူထုစည်းရုံးရေးကို ချဲ့ထွင်ခဲ့ပြီး ပရိသတ်အများအပြား ဆီသို့ ရောက်ရှိစေခဲ့သည်။ "We Are All Khaled Said" ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် အီဂျစ်တော်လှန်ရေး အတွက် စုဝေးရာနေရာဖြစ်လာခဲ့ပြီး အာဏာရှင်ဟော်စနီ မူဘာရက်ကို ဖြုတ်ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

    အာရပ်နွေဦးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သော်လည်း ရရှိခဲ့သော ဒီမိုကရေစီ အခွင့်အရေးများကို ထိန်းသိမ်းရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တူနီးရှားကဲ့သို့သော အချို့နိုင်ငံများတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သော်လည်း လစ်ဗျားနှင့် ဆီးရီးယား ကဲ့သို့သော အခြားနိုင်ငံများတွင် ပြည်တွင်းစစ်များနှင့် ကာလရှည် မတည်ငြိမ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

    ၂။ ယူကရိန်းတော်လှန်ရေး (၂၀၁၃-၂၀၁၄)

    ယူကရိန်းတော်လှန်ရေးသည် ပေါင်းစပ်မဟာဗျူဟာများကို အသုံးပြုခဲ့သော သာဓကကောင်းတစ်ခု ဖြစ်သည်။ ကီးယက်မြို့ရှိ ကျယ်ပြန့်သော အများပြည်သူစုဝေးမှုများသည် ဗဟိုချက် ဖြစ်ခဲ့သော်လည်း ဆန္ဒပြသူများသည် ၎င်းတို့အား နိုင်ငံတကာမီဒီယာတွင် မြင်သာစေရန် အဓိကနေရာများကို သိမ်းပိုက်ခဲ့ကြပြီး အကြမ်းမဖက်မှုမှ အကြမ်းဖက်တိုက်ပွဲအထိ ပြောင်းလဲသွားခဲ့သည်။

    လူငယ် တက်ကြွလှုပ်ရှားသူအဖွဲ့များသည် အာဏာရှင်ယနုကိုဗစ်ချ်၏ အဂတိလိုက်စားမှုများကို ဖော်ထုတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နိုင်ငံတကာထောက်ခံမှုကို ရရှိစေခဲ့သည်။ တော်လှန်ရေးသည် ယနုကိုဗစ်ချ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း ရုရှား၏ တုံ့ပြန်မှုကြောင့် ခရိုင်းမီးယားကို ဆုံးရှုံးခဲ့ရပြီး အရှေ့ယူကရိန်းတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ၎င်းအဖြစ်အပျက်များသည် နိုင်ငံတကာဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေးတို့က တော်လှန်ရေး၏ ရလဒ်အပေါ် မည်မျှသက်ရောက်မှုရှိနိုင်ကြောင်း သရုပ်ပြနေသည်။
     
    ၃။ ဟောင်ကောင် "ထီးတော်လှန်ရေး" (၂၀၁၄) နှင့် ၂၀၁၉-၂၀၂၀ ဆန္ဒပြပွဲများ

    ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများသည် ဆန်းသစ်သော မဟာဗျူဟာများနှင့် နည်းပညာအသုံးပြုပုံတို့၏ နမူနာကောင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ထီးတော်လှန်ရေးသည် အဓိကလမ်းများကို ပိတ်ဆို့ပြီး ခေတ်သစ်တစ်ခု၏ အကြမ်းမဖက်သော ခုခံတော်လှန်မှုပုံစံကို ပြသခဲ့သည်။ ၂၀၁၉-၂၀၂၀ ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများသည် ၎င်းတို့၏ "Be Water!" ဗျူဟာဖြင့် အာဏာပိုင်များကို ရှောင်တိမ်းခဲ့ကြပြီး ၎င်းတို့သည် ကြိုတင်ခန့်မှန်းရခက်ပြီး ထိန်းချုပ်ရန်ခက်ခဲခဲ့သည်။

    နည်းပညာအသုံးပြုမှုအရ Telegram နှင့် LIHKG ကဲ့သို့သော ဆက်သွယ်ရေးပလက်ဖောင်းများသည် ရဲတပ်ဖွဲ့၏စောင့်ကြည့်မှုကို ရှောင်ရှားရန် အသုံးပြုခဲ့ကြသည်။ ဆန္ဒပြသူများသည် ဆန္ဒပြပွဲများကို စီစဉ်ရန်၊ သတိပေးချက်များကို မျှဝေရန်နှင့် အရေးပေါ်အခြေအနေများအတွက် ကိုယ်ပိုင် မိုဘိုင်းအပလီကေးရှင်းများ ကိုပင် ဖန်တီးခဲ့ကြသည်။ ဤတော်လှန်ရေးသည် တရုတ်ပြည်မကြီး၏ ကြီးမားသော စွမ်းအားကို ရင်ဆိုင်ရခြင်းက အဓိကစိန်ခေါ်မှုဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ၂၀၂၀ ခုနှစ် အမျိုးသားလုံခြုံရေးဥပဒေသည် လှုပ်ရှားမှုကို ဖိနှိပ်နိုင်ခဲ့ပြီး ဒီမိုကရေစီအခွင့်အရေးများကို သိသိသာသာ လျှော့ချခံခဲ့ရသည်။

    ၄။ မြန်မာ့နွေဦးတော်လှန်ရေး (၂၀၂၁-ယနေ့ထိ)

    စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် ၂၁ ရာစုတော်လှန်ရေးများ၏ လက္ခဏာများနှင့် စိန်ခေါ်မှုများကို ပြသခဲ့သည်။ ယင်းတော်လှန်ရေးသည် ကနဦးတွင် အရပ်သား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် အကြမ်းမဖက်ဆန္ဒပြပွဲများဖြင့် စတင်ခဲ့သော်လည်း တဖြည်းဖြည်း လက်နက်ကိုင်ခုခံမှုအဖြစ်သို့ တိုးတက်လာခဲ့သည်။

    စိတ်ဝင်စားဖွယ်မဟာဗျူဟာတစ်ခုမှာ တစ်သီးပုဂ္ဂလ တော်လှန်ရေး ငွေကြေးရှာဖွေမှုဖြစ်သည်။ ပြည်ပရောက် မြန်မာများမှာ ဒီမိုကရေစီတော်လှန်ရေးအတွက် ကရစ်ပတိုငွေကြေးများကို အသုံးပြု၍ ရန်ပုံငွေများ ပေးပို့ခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က "စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဘွန်းလက်မှတ်" (Revolution Bonds) များကို ထုတ်ရောင်းခဲ့ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေခဲ့သည်။

    နည်းပညာအသုံးပြုမှုအရ VPN များ၊ လုံခြုံသော ဆက်သွယ်ရေးချန်နယ်များနှင့် ဒစ်ဂျစ်တယ် ငွေကြေးများသည် တော်လှန်ရေးအတွက် အဓိကကျခဲ့သည်။ စစ်အစိုးရ၏ သတင်းအချက်အလက် ဟန့်တားမှုများရှိသော်လည်း တော်လှန်ရေးအဖွဲ့များသည် နည်းပညာကို အသုံးပြု၍ ကမ္ဘာနှင့် ဆက်သွယ်နိုင်ခဲ့သည်။ ယခုအခါ စစ်အစိုးရ၏ ထိန်းချုပ်မှုကို တဖြည်းဖြည်းလျော့နည်းလာခြင်းနှင့်အတူ တော်လှန်ရေးသည် တိုးတက်မှုရှိလာသော်လည်း စစ်တပ်၏ ကြမ်းကြုတ်သော တန်ပြန်တိုက်ခိုက်မှုများဖြင့် ကာလရှည်ပဋိပက္ခ ဖြစ်လာခဲ့သည်။
     

    နိဂုံး
    -----


    ၂၁ ရာစုတော်လှန်ရေးများသည် ယခင်ရာစုနှစ်များထက် သိသိသာသာကွဲပြားပြီး ပိုမိုရှုပ်ထွေးသော နည်းစနစ်များနှင့် မဟာဗျူဟာများကို အသုံးပြုလာကြသည်။ ဤတော်လှန်ရေးများသည် အကြမ်းမဖက်မှု၊ နည်းပညာအသုံးပြုမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများကို ပေါင်းစပ်အသုံးပြုလာကြပြီး နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ရရှိရန် ကြိုးပမ်းလာကြသည်။

    အာရပ်နွေဦးမှစ၍ ယနေ့ထိ တော်လှန်ရေးများတွင် ဆန္ဒပြသူများသည် ဆိုရှယ်မီဒီယာ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုများကို အသုံးပြု၍ အာဏာရှင်ဖြုတ်ချခြင်းမှသည် လူ့အခွင့်အရေးများကို ကာကွယ်ခြင်းအထိ တိုးတက်မှုအမျိုးမျိုးရရှိခဲ့ကြသည်။ သို့သော် စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်သည်။

    ၂၁ ရာစု၏ ကျန်ရှိသေးသော နှစ်များတွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများနှင့်စပ်လျဉ်း၍ တော်လှန်ရေး များသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာများ၊ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ပိုမိုရှုပ်ထွေးသော နည်းစနစ်များကို အလျဉ်းသင့်သလို ဆင့်ကဲတိုးတက်အသုံးပြုလာကြမည်သာ။ ရေရှည်တွင် အောင်မြင်မှုရရှိရန် တော်လှန်ရေးသမားများသည် နည်းပညာအသစ်များကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် နှင့် ဒေသန္တရကိစ္စရပ်များနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် မဟာဗျူဟာချမှတ်နိုင်စွမ်း လိုအပ်လာကြောင်း ထင်ရှားစွာ မြင်တွေ့ကြ  ရမည် ဖြစ်သည်။



    အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
     https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media




  • Published on

    တော်လှန်ရေးအောင်ပွဲအတွက် မဟာဗျူဟာ၏အခန်းကဏ္ဍ

    ရေးသားသူ-Liliane


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 


     
    တော်လှန်ရေးသမားများသည် မိမိတို့ထိန်းချုပ်နိုင်သော ကိန်းရှင်များကို ထိရောက်စွာ အသုံးချခြင်းဖြင့် ကိန်းသေများဖြစ်သော အခြေအနေများကို မိမိတို့အတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်သည်


    နိဒါန်း
    -----


    လူ့အဖွဲ့အစည်းတွင် ပြောင်းလဲမှုသည် တစ်ခါတစ်ရံ ဖြည်းဖြည်းချင်း တိုးတက်လာသကဲ့သို့ အချို့သော အခြေအနေများတွင် အလျင်အမြန် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာတတ်သည်။ သမိုင်းကြောင်းတွင် တော်လှန်ရေးများသည် လူ့အဖွဲ့အစည်း၏ အခြေခံပုံစံကို ပြောင်းလဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ခဲ့သည်။ သို့သော် တော်လှန်ရေးတိုင်းသည် အောင်မြင်မှု မရရှိခဲ့ကြပေ။

    အချို့သော တော်လှန်ရေးများသည် ပန်းတိုင်သို့ ရောက်ရှိနိုင်ခဲ့ပြီး၊ အချို့မှာမူ လမ်းခုလတ်တွင် ဆုံးရှုံးခဲ့ရသည်။ ဤအောင်မြင်မှုနှင့် ဆုံးရှုံးမှုကြားရှိ ကွာဟချက်ကို ခွဲခြားသတ်မှတ်ပေးသော အဓိကအချက်မှာ တော်လှန်ရေးမဟာဗျူဟာပင် ဖြစ်သည်။ မဟာဗျူဟာသည် တော်လှန်ရေး၏ လမ်းကြောင်းကို လမ်းညွှန်ပေးသည့် ပင်မမြေပုံ ဖြစ်သည်။ ၎င်းသည် ရှင်းလင်းသော ရည်မှန်းချက်များ၊ အရင်းအမြစ်များကို ထိရောက်စွာအသုံးချပုံ၊ အဟန့်အတားများကို ကျော်လွှားရန် နည်းလမ်းများကို ဖော်ပြထားသည်။
     
    မဟာဗျူဟာဟူသည်
    ------------------


    မဟာဗျူဟာဆိုသည်မှာ မူလဂရိဘာသာစကားမှ "strategia" သို့မဟုတ် "Art of General" ဟူသော အဓိပ္ပါယ်မှ ဆင်းသက်လာသည်။ မဟာဗျူဟာဆိုသည်မှာ ရရှိလိုသော ပန်းတိုင်ကို ဦးတည်ပြီး ရရှိနိုင်သော အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရန် ရေးဆွဲထားသော ပြည့်စုံသော အစီအစဉ်ရေးဆွဲခြင်း ဖြစ်စဉ်ကို ဆိုလိုသည်။ တော်လှန်ရေးအခြေအနေတွင် မဟာဗျူဟာသည် လက်ရှိအခြေအနေမှ ရည်မှန်း ထားသော အနာဂတ်အခြေအနေသို့ ရောက်ရှိရန်အတွက် ရှင်းလင်းသော လမ်းပြမြေပုံတစ်ခု ဖြစ်သည်။

    စစ်ရေးမဟာဗျူဟာပညာရှင် Carl von Clausewitz က မဟာဗျူဟာကို "စစ်ပွဲ၏ ရည်ရွယ်ချက်ကို ရရှိရန် နည်းလမ်းတစ်ခုအနေဖြင့် တိုက်ပွဲများကို အသုံးချသည့် အနုပညာ" ဟု ဖွင့်ဆိုခဲ့သည်။ နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးများတွင် ဤဖွင့်ဆိုချက်ကို ပိုမိုကျယ်ပြန့်စွာ နားလည်နိုင်ပြီး၊ တော်လှန်ရေး၏ နိုင်ငံရေး ရည်မှန်းချက်များ ရောက်ရှိရန် ရရှိနိုင်သော အရင်းအမြစ်များကို အသုံးချသည့်ပုံစံအဖြစ် ယူဆနိုင်သည်။ ပြင်သစ်စစ်ရေးသီအိုရီပညာရှင် André Beaufre က မဟာဗျူဟာကို "အင်အားကို အသုံးပြု၍ ဆန့်ကျင်ဘက် ဆန္ဒနှစ်ခုအကြား အငြင်းပွားမှုကို ဖြေရှင်းနေသော သက်ဝင်လှုပ်ရှားမှု၏ အနုပညာ" ဟုခေါ်ခဲ့သည်။
     
    မဟာဗျူဟာအတွက် အဓိကအစိတ်အပိုင်းများ
    -------------------------------------


    ၁. ခေါင်းဆောင်မှု

    တော်လှန်ရေးမဟာဗျူဟာတိုင်းတွင် ခေါင်းဆောင်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ သမိုင်းကြောင်းအရ တော်လှန်ရေးအများစုတွင် ထူးခြားဆန်းသစ်သော ခေါင်းဆောင်မှုစွမ်းရည်ရှိသည့် လူပုဂ္ဂိုလ်များက ဦးဆောင်ခဲ့ကြသည်။ ဤခေါင်းဆောင်များသည် အများအားဖြင့် အသက် ၃၀ မှ ၅၀ အကြား၊ လူလတ်တန်းစားနောက်ခံရှိသော ပညာတတ်များ ဖြစ်တတ်ကြသည်။

    တော်လှန်ရေးခေါင်းဆောင်များ၏ အဓိကတာဝန်များမှာ (၁) အယူဝါဒဆိုင်ရာ လမ်းညွှန်မှုပေးခြင်း၊ (၂) တော်လှန်ရေးအဖွဲ့အစည်းများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ (၃) အကြမ်းမဖက်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်ကို ထိန်းချုပ်ခြင်း နှင့် ကိုင်တွယ်စီမံခြင်း၊ (၃) နိုင်ငံတကာဆက်ဆံရေးများ စီမံခန့်ခွဲခြင်း၊ (၄) တော်လှန်ရေးလှုပ်ရှားမှုကြား စည်းလုံးညီညွတ်မှု ထိန်းသိမ်းခြင်း၊ (၅) ရေရှည်မဟာဗျူဟာရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း တို့ ဖြစ်သည်။

    ၂. အယူဝါဒ

    အောင်မြင်သော တော်လှန်ရေးတိုင်းတွင် ခိုင်မာသော အယူဝါဒတစ်ခု ရှိသည်။ အယူဝါဒဆိုသည်မှာ တော်လှန်ရေးလှုပ်ရှားမှု၏ အခြေခံယုံကြည်ချက်စနစ်၊ တန်ဖိုးများနှင့် စိတ်ကူးစိတ်သန်းများကို ရည်ညွှန်း သည်။ ၎င်းသည် လက်ရှိအခြေအနေနှင့် ပတ်သက်သော ဝေဖန်ဆန်းစစ်မှု၊ အနာဂတ်အတွက် မျှော်မှန်းချက်နှင့် ထိုမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် အဆိုပြုလမ်းကြောင်းတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
     
    ၃. အဖွဲ့အစည်း

    တော်လှန်ရေးအဖွဲ့အစည်းများသည် တော်လှန်ရေး၏ လက်တွေ့ယန္တရားဖြစ်ပြီး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်သည်။ ၎င်းတို့သည် နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုရေးလှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်ပြီး တော်လှန်ရေး၏ ထိရောက်မှုနှင့် ခံနိုင်ရည်ရှိမှုကို သေချာ စေသည်။

    ၄. အကြမ်းဖက်မှုနှင့် သုံးစွဲပုံ

    အကြမ်းဖက်မှုသည် တော်လှန်ရေးအများစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း၊ ၎င်း၏ အတိုင်းအတာနှင့် သဘောသဘာဝသည် တော်လှန်ရေးပုံစံအလိုက် ကွဲပြားမှုရှိသည်။ အချို့တော်လှန်ရေးများ သည် အကြမ်းဖက်နည်းလမ်းများကို အဓိကကျသည့် နည်းလမ်းအဖြစ် အသုံးပြုကြပြီး၊ အခြားတော်လှန်ရေး များမှာမူ အကြမ်းမဖက်ရေး နည်းဗျူဟာများကို ဦးစားပေးကြသည်။

    အကြမ်းဖက်မှုကို တော်လှန်ရေးလက်နက်တစ်ခုအဖြစ် အသုံးပြုရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။

    ရည်ရွယ်ချက် - အကြမ်းဖက်မှုကို မည်သည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုမည်နည်း။ (ဥပမာ - အစိုးရ၏ ထိန်းချုပ်မှုကို ယိုယွင်းစေရန်၊ လူထုကို စည်းရုံးသိမ်းသွင်းရန်၊ ရန်သူ့တပ်ဖွဲ့များကို နှိမ်နင်းရန်)

    ပစ်မှတ် - မည်သည့်အရာများနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားမည်နည်း။ (စစ်ရေးပစ်မှတ်များသာ၊ အရပ်သားပစ်မှတ်များပါ ပါဝင်သလား)

    အတိုင်းအတာ - အကြမ်းဖက်မှု၏ အတိုင်းအတာနှင့် ပြင်းထန်မှု မည်မျှရှိမည်နည်း။

    ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များ - အကြမ်းဖက်မှုကို မည်သည့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများဖြင့် ကန့်သတ်ထားမည်နည်း။

    အကျိုးဆက်များ - အကြမ်းဖက်မှု၏ နိုင်ငံရေး၊ လူမှုရေးနှင့် နိုင်ငံတကာအကျိုးဆက်များကို မည်သို့ စီမံခန့်ခွဲမည်နည်း။

    ၅. နိုင်ငံတကာဆက်ဆံရေး
    ----------------------


    တော်လှန်ရေးတိုင်းသည် ဒေသတွင်းသာ ဖြစ်ပွားသော်လည်း နိုင်ငံတကာရှုထောင့်နှင့် ကင်းကွာ၍ မရပေ။ နိုင်ငံခြားတိုင်းပြည်များထံမှ ထောက်ခံမှု၊ အရင်းအမြစ်များနှင့် တရားဝင်အသိအမှတ်ပြုမှုတို့သည် တော်လှန်ရေး၏ ရှင်သန်နိုင်မှုနှင့် အောင်မြင်မှုအတွက် ဆုံးဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်သည်။

    မဟာဗျူဟာသည် ကိန်းသေအခြေအနေများအပေါ် ကိန်းရှင်များမှ ပေါင်းစပ်ခြင်းဖြစ်သည်

     ကိန်းသေ-ကိန်းရှင်များ
    နိုင်ငံရေးတော်လှန်ရေးများတွင် "ကိန်းသေ" နှင့် "ကိန်းရှင်" ဟူ၍ အရေးကြီးသော အယူအဆနှစ်ခု ရှိပါသည်။ ဤအယူအဆများသည် တော်လှန်ရေးမဟာဗျူဟာကို နားလည်ရန်အတွက် အခြေခံဖြစ်သည်။

     
    ကိန်းသေများ - အခြေအနေများ (Conditions)
    ---------------------------------------


    ကိန်းသေများဆိုသည်မှာ တော်လှန်ရေးသမားများ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ဖြစ်ရပ်များ၊ အခြေအနေများနှင့် အကြောင်းရင်းများ ဖြစ်သည်။ ၎င်းတို့သည် တော်လှန်ရေးဖြစ်ပေါ်ရန် "ပေးထားသော အခြေအနေများ" (givens) များဖြစ်ပြီး၊ တော်လှန်ရေးသမားများအနေဖြင့် ၎င်းတို့ကို လက်ခံ၍ လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်ရမည်။

    တော်လှန်ရေးမတိုင်ခင်နှင့် တော်လှန်ရေးကာလအတွင်း ဖြစ်ပေါ် ပြောင်းလဲနေသော (၁) စီးပွားရေးအခြေအနေများ၊ (၂) လူမှုရေးအခြေအနေများ၊ (၃) နိုင်ငံရေး အခြေအနေများ၊ (၄) ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည် ကိန်းသေ အကြောင်းအရင်းခံများ ဖြစ်သည်။ ထိုကိန်းသေအကြောင်းအရာများနှင့် ပတ်သက်ပြီး ပြည်သူလူထုက လက်မခံနိုင်တော့ကြောင်း ပိုပြီး မြင်သာလာသည်နှင့်အမျှ တော်လှန်ရေးဖြစ်လာနိုင်သလို၊ တော်လှန်ရေးကာလအတွင်းမှာ ကိန်းသေ အကြောင်းအရာများသည် ပိုမိုယိုယွင်းလာနိုင်သည်။

    ဤအခြေအနေများအပြင်၊ တော်လှန်ရေးဖြစ်ပွားရန် လှုံ့ဆော်ပေးသော လတ်တလောဖြစ်ရပ်များလည်း ရှိတတ်သည်။ ၎င်းတို့မှာ စစ်ပွဲနှင့် စစ်ရေးပြိုကွဲမှုများ၊ စစ်တပ်ပုန်ကန်မှုများ၊ အာဏာသိမ်းမှုများ၊ ရုတ်တရက် အကြီးအကျယ်ဈေးနှုန်းတက်ခြင်း၊ လူမျိုးရေးခွဲခြား ဆက်ဆံမှု သို့မဟုတ် အကြမ်းဖက်မှုဖြစ်ရပ်များ၊ နယ်ချဲ့ကျူးကျော်မှု၊ ရွေးကောက်ပွဲများအား တမင်ရွှေ့ဆိုင်း ခြင်း၊ ပြုလုပ်ခြင်း၊ အဂတိလိုက်စားမှုဆိုင်ရာအကျင့်ပျက်မှုများ ပေါ်ထွက်လာခြင်း စသည့် ကြီးမားသော အပြောင်းအလဲများက တော်လှန်ရေးကို ချက်ချင်း ပေါက်ထွက်လာစေသည်။
     
    ကိန်းရှင်များ - မဟာဗျူဟာ (Strategy)
    ---------------------------------


    ကိန်းရှင်များဆိုသည်မှာ တော်လှန်ရေးသမားများအနေဖြင့် ထိန်းချုပ်နိုင်သော အကြောင်းရင်းများ ဖြစ်သည်။ ၎င်းတို့သည် မဟာဗျူဟာ၊ နည်းဗျူဟာနှင့် နည်းစနစ်များ အစရှိသော တော်လှန်ရေးလှုပ်ရှားမှု၏ လက်တွေ့ကျသော ရွေးချယ်မှုများ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော ခေါင်းဆောင်မှု၊ အယူဝါဒ၊ အဖွဲ့အစည်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံတကာဆက်ဆံရေးတို့သည် အဓိကကိန်းရှင်များ ဖြစ်သည်။

    ကိန်းရှင်များကို ထိန်းချုပ်ခြင်းသည် ကိန်းသေများကို အသုံးချနိုင်ရန်အတွက် ဖြစ်သည်။ ကိန်းသေများ နှင့် ကိန်းရှင်များကြားဆက်စပ်မှုကို နားလည်ခြင်းသည် ထိရောက်သော တော်လှန်ရေးမဟာဗျူဟာ ရေးဆွဲရာတွင် မရှိမဖြစ် လိုအပ်သည်။ တော်လှန်ရေးသမားများသည် မိမိတို့ထိန်းချုပ်နိုင်သော ကိန်းရှင်များကို ထိရောက်စွာ အသုံးချခြင်းဖြင့် ကိန်းသေများဖြစ်သော အခြေအနေများကို မိမိတို့အတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်သည်။
     
    မဟာဗျူဟာရေးဆွဲနည်းနာများ
    ---------------------------


    တော်လှန်ရေးအတွက် မဟာဗျူဟာရေးဆွဲခြင်းသည် ရှုပ်ထွေးသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ တိကျသောအခြေအနေပေါ် မူတည်၍ ကွဲပြားမှုရှိသည်။ သို့သော် အောင်မြင်သော တော်လှန်ရေးမဟာဗျူဟာ များတွင် တူညီသော အဓိကလုပ်ငန်းစဉ်အဆင့်များ ရှိကြသည်။

    ၁။ အခြေအနေများလေ့လာခြင်း

    တော်လှန်ရေးမဟာဗျူဟာရေးဆွဲခြင်း၏ ပထမအဆင့်မှာ လက်ရှိအခြေအနေကို အသေးစိတ် လေ့လာခြင်း ဖြစ်သည်။ ၎င်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အခြေအနေများ အပြင်၊ ပြိုင်ဘက်အင်အားစုများ၏ အားသာချက်နှင့် အားနည်းချက်များလည်း ပါဝင်သည်။ လူထု၏ စိတ်နေသဘောထားနှင့် ထောက်ခံမှုအခြေအနေ၊ နိုင်ငံတကာပတ်ဝန်းကျင်နှင့် ထောက်ခံမှုအလားအလာ၊ ရရှိနိုင်သောအရင်းအမြစ်များနှင့် စွမ်းရည်များကို သိရှိနေရမည်။

    ၂။ ရည်မှန်းချက်များနှင့် ပန်းတိုင်များချမှတ်ခြင်း

    အခြေအနေကို အကဲဖြတ်ပြီးနောက် တော်လှန်ရေးခေါင်းဆောင်များသည် ရှင်းလင်းပြီး လက်တွေ့ ကျသော ရည်မှန်းချက်များနှင့် ပန်းတိုင်များကို ချမှတ်ရမည်။ ရည်မှန်းချက်များသည် ကာလအပိုင်းအခြား အလိုက် ခွဲခြားထားရမည်။

    ရေတိုရည်မှန်းချက်များ - ကနဦးအောင်မြင်မှုများနှင့် တပ်ဖွဲ့စိတ်ဓာတ်မြှင့်တင်ရန် ရည်ရွယ်သော လွယ်ကူပြီး အလျင်အမြန်ရရှိနိုင်သော ပန်းတိုင်များ။
    ရေလတ်ရည်မှန်းချက်များ - တော်လှန်ရေး၏ လမ်းကြောင်းကို ပြောင်းလဲပေးမည့် ပိုမိုကြီးမားသော အောင်ပွဲများ။

    ၃။ အရင်းအမြစ်အကဲဖြတ်ခြင်းနှင့် ခွဲဝေခြင်း

    တော်လှန်ရေးမဟာဗျူဟာတွင် အရင်းအမြစ်များကို ကာလအပိုင်းအခြားအလိုက် ထိရောက်စွာ ခွဲဝေအသုံးပြုရန် အစီအစဉ်ရှိရမည်။ တော်လှန်ရေးအဆင့်ကာလ ကွဲပြားသည့်အလျောက် အရင်းအမြစ် လိုအပ်ချက်များလည်း ပြောင်းလဲသွားနိုင်သည်။ ဥပမာအားဖြင့် တော်လှန်ရေး၏ ကနဦးအဆင့်များတွင် ဝါဒဖြန့်ချိရေးနှင့် စည်းရုံးလှုံ့ဆော်ရေးအတွက် အရင်းအမြစ်များကို ဦးစားပေးရမည်ဖြစ်ပြီး၊ တော်လှန်ရေး တိုးတက်လာသည်နှင့်အမျှ စစ်ရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးအတွက် အရင်းအမြစ်များကို ပိုမိုအသုံးပြု လာရမည်ဖြစ်သည်။

    လူအင်အား - တော်လှန်ရေးတွင် ပါဝင်သူ အရေအတွက်၊ အရည်အသွေးနှင့် ကျွမ်းကျင်မှုများ

    ငွေကြေးအရင်းအမြစ်များ - ရန်ပုံငွေရရှိနိုင်မှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု

    လက်နက်နှင့် စစ်ပစ္စည်းများ - စစ်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များ

    သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး - သတင်းအချက်အလက်ရရှိမှုနှင့် ဖြန့်ဖြူးနိုင်မှု

    နည်းပညာနှင့် အခြေခံအဆောက်အအုံ - ဆက်သွယ်ရေးစနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များနှင့် အခြေခံအဆောက်အအုံများ
     
    ၄။ နည်းဗျူဟာဖွံ့ဖြိုးရေး

    တော်လှန်ရေးရည်မှန်းချက်များကို ရရှိရန်အတွက် တိကျသောနည်းဗျူဟာများ ဖွံ့ဖြိုးရေးသည် မဟာဗျူဟာလုပ်ငန်းစဉ်တွင် အဓိကအဆင့်တစ်ခု ဖြစ်သည်။ နည်းဗျူဟာများသည် ထိရောက်ရန်၊ ကိုက်ညီရန် နှင့် ပြောင်းလွယ်ပြင်လွယ်ရှိရန် လိုအပ်သည်။ ၎င်းတို့သည် လက်ရှိအခြေအနေအပေါ် အခြေခံရမည်ဖြစ်ပြီး ပြောင်းလဲလာသော အခြေအနေအလိုက် ပြင်ဆင်ရန်အတွက် လုံလောက်သော ပြောင်းလွယ်ပြင်လွယ်ရှိရန် လိုအပ်သည်။

    အောက်ပါနယ်ပယ်များအတွက် နည်းဗျူဟာများ ဖွံ့ဖြိုးရန် လိုအပ်သည်။

    နိုင်ငံရေးနည်းဗျူဟာ - ပြည်တွင်းထောက်ခံမှု တည်ဆောက်ရန်နှင့် နိုင်ငံရေးတရားဝင်မှု ရရှိရန်

    စစ်ရေးနည်းဗျူဟာ - စစ်ရေးပြိုင်ဘက်ကို ရင်ဆိုင်ရန်နှင့် နယ်မြေထိန်းချုပ်မှု ရရှိရန်

    စီးပွားရေးနည်းဗျူဟာ - ရန်ပုံငွေရရှိရန်နှင့် တော်လှန်ရေးရေရှည်တည်တံ့ရန်

    မီဒီယာနှင့် ဆက်သွယ်ရေးနည်းဗျူဟာ - သတင်းစကားဖြန့်ဝေရန်နှင့် လူထုသဘောထားကို လွှမ်းမိုးရန်

    နိုင်ငံတကာနည်းဗျူဟာ - နိုင်ငံတကာထောက်ခံမှု ရရှိအောင် ချဉ်းကပ်ရန်နှင့် မိတ်ဆွေဖွဲ့ရန်
     
    ၅။ အကောင်အထည်ဖော်ခြင်းနှင့် တန်ပြန်တုံ့ပြန်ခြင်း

    တော်လှန်ရေးမဟာဗျူဟာရေးဆွဲခြင်း၏ နောက်ဆုံးအဆင့်မှာ မဟာဗျူဟာနှင့် နည်းဗျူဟာများကို အကောင်အထည်ဖော်ခြင်းနှင့် တန်ပြန်တုံ့ပြန်ခြင်း ဖြစ်သည်။ ဤအဆင့်တွင် အောက်ပါအချက်များ ပါဝင်သည်။

    တာဝန်ခွဲဝေခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း - ရှင်းလင်းသော တာဝန်များနှင့် တာဝန်ခံမှုစနစ်

    ရှေ့တိုးနောက်ဆုတ်တိုင်းတာခြင်း - တိုးတက်မှုကို ခြေရာခံရန်နှင့် ရလဒ်များကို တိုင်းတာရန် သတ်မှတ်ချက်များ

    ခြေရာခံခြင်းနှင့် တုံ့ပြန်ချက်ရယူခြင်း - အကောင်အထည်ဖော်မှုအပေါ် တုံ့ပြန်ချက်ရယူရန် ယန္တရားများ

    မဟာဗျူဟာပြင်ဆင်ညှိနှိုင်းခြင်း - လိုအပ်သည့်အခါ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ပြင်ဆင်ခြင်း

    တန်ပြန်တုံ့ပြန်ခြင်း - ရန်သူ့မဟာဗျူဟာနှင့် တုံ့ပြန်မှုများကို ကြိုတင်မှန်းဆပြီး တုံ့ပြန်ခြင်း

    ဗီယက်နမ်တွင် ဟိုချီမင်းနှင့် ဗိုလ်ချုပ်ဗိုငွေးဂျပ်တို့သည် မဟာဗျူဟာပြင်ဆင်ညှိနှိုင်းခြင်းကို အလွန် ကောင်းစွာအသုံးပြုခဲ့ကြသည်။ ပြင်သစ်နှင့် အမေရိကန်တပ်ဖွဲ့များ၏ တုံ့ပြန်မှုများကို ဆန်းစစ်ပြီး သူတို့၏ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ညှိနှိုင်းခဲ့ကြသည်။ ၎င်းသည် တော်လှန်ရေး၏ အောင်မြင်မှုအတွက် အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။

    မဟာဗျူဟာကျဆုံးခန်း
    --------------------


    တော်လှန်ရေးများတွင် မဟာဗျူဟာကျဆုံးခြင်းသည် အောင်မြင်မှုကို တားဆီးနိုင်သည့် အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။ တော်လှန်ရေးလှုပ်ရှားမှုများစွာသည် ချို့ယွင်းသောမဟာဗျူဟာများ သို့မဟုတ် အကောင်အထည်ဖော်မှုအားနည်းခြင်းကြောင့် ဆုံးရှုံးခဲ့ရသည်။ ဤအပိုင်းတွင် တော်လှန်ရေး မဟာဗျူဟာများ ကျဆုံးရသော အဓိကအကြောင်းရင်းများကို စူးစမ်းလေ့လာသွားမည်။

    ၁။ မတူညီသော အုပ်စုများအကြား စည်းလုံးညီညွတ်မှုမရှိခြင်း

    တော်လှန်ရေးလှုပ်ရှားမှုများသည် အောင်မြင်ရန်အတွက် ကျယ်ပြန့်သော ထောက်ခံမှု လိုအပ်သည်။ ပြဿနာတစ်ခုမှာ တော်လှန်ရေးတွင် အဓိကပါဝင်သည့် အုပ်စုများအကြား သဘောထားကွဲလွဲမှုများနှင့် အပြန်အလှန်မယုံကြည်မှုများ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းသည် တော်လှန်ရေးလှုပ်ရှားမှုကို အားနည်းစေပြီး၊ ရန်သူများအတွက် အုပ်စုခွဲခြင်းနှင့် အုပ်ချုပ်ခြင်းနည်းဗျူဟာကို အသုံးပြုရန် အခွင့်အလမ်းပေးသည်။ ထို့ကြောင့် တော်လှန်ရေးမဟာဗျူဟာ များတွင် မတူညီသော အုပ်စုများအကြား ရှင်းလင်းသော သဘောတူညီမှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့ ပါဝင်ရမည်။

    ၂။ လူထုထောက်ခံမှုဆုံးရှုံးခြင်း

    တော်လှန်ရေးတိုင်းသည် လူထုထောက်ခံမှုကို မှီခိုအားထားရသည်။ နည်းဗျူဟာကျသော အမှားများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သို့မဟုတ် တော်လှန်ရေး၏ ရည်မှန်းချက်များ နှင့်ပတ်သက်၍ ဆက်သွယ်ရေးပျက်ကွက်မှုများကြောင့် ထိုထောက်ခံမှု ဆုံးရှုံးနိုင်သည်။ ထိရောက်သော တော်လှန်ရေးမဟာဗျူဟာတစ်ခုသည် လူထုထောက်ခံမှုကို ထိန်းသိမ်းရန်နှင့် တိုးမြှင့်ရန် ရှင်းလင်းသော အစီအစဉ်တစ်ခု ပါဝင်ရမည်။ ၎င်းတွင် ပွင့်လင်းမြင်သာသော ဆက်သွယ်ရေး၊ အကြမ်းဖက်မှုကို ကန့်သတ်ခြင်းနှင့် လူထုအကျိုးစီးပွားကို ဦးစားပေးခြင်းတို့ ပါဝင်သည်။

    ၃။ အရင်းအမြစ်များကို ညံ့ဖျင်းစွာစီမံခန့်ခွဲခြင်း

    လုပ်ငန်းများအတွက် လုံလောက်သောအရင်းအမြစ်များ ထောက်ပံ့ရန် ပျက်ကွက်ခြင်း၊ အရင်းအမြစ် များကို လွဲမှားစွာဦးစားပေးခွဲဝေခြင်း၊ လက်နက်၊ ငွေကြေးနှင့် ဆက်သွယ်ရေးကွန်ရက်များကဲ့သို့ အရေးကြီးသော အရင်းအမြစ်များကို ကာကွယ်ရန် ပျက်ကွက်ခြင်း၊ သင်တန်းနှင့် လေ့ကျင့်ရေး အခွင့်အလမ်း များကို လျစ်လျူရှုခြင်း တို့သည် တွေ့ရများသော အရင်းအမြစ်စီမံညံ့ဖျင်းခြင်းများ ဖြစ်သည်။ ဤပြဿနာများ ကို ကျော်လွှားရန် တော်လှန်ရေးမဟာဗျူဟာများတွင် အရင်းအမြစ်ကာကွယ်ရေး၊ ခွဲဝေရေးနှင့် အသုံးချရေးအတွက် ရှင်းလင်းသော အစီအစဉ်များ ပါဝင်ရမည်။

    ၄။ ရေရှည်မဟာဗျူဟာမရှိခြင်း

    တော်လှန်ရေးများသည် များသောအားဖြင့် အချိန်ကြာမြင့်သော ဖြစ်စဉ်များ ဖြစ်သည်။ ရေတိုအောင်မြင်မှုများအတွက်သာ အာရုံစိုက်ပြီး ရေရှည်မဟာဗျူဟာမရှိခြင်းသည် နောက်ဆုံးတွင် ဆုံးရှုံးမှုသို့ ဦးတည်နိုင်သည်။ ထိရောက်သော တော်လှန်ရေးမဟာဗျူဟာများသည် ရေတို၊ ရေလတ်နှင့် ရေရှည်ပန်းတိုင် များကို ချိတ်ဆက်ထားသော ရှင်းလင်းသော မျှော်မှန်းချက်ရှိရမည်။

    ၅။ ရန်သူ့ဘက်၏စွမ်းရည်ကို လျှော့တွက်ခြင်း

    တော်လှန်ရေးသမားများသည် ရန်သူ့အင်အားစု၏ စွမ်းရည်၊ ခံနိုင်ရည်နှင့် လိုက်လျောညီထွေဖြစ် အောင် ပြုပြင်နိုင်စွမ်းကို မကြာခဏ လျှော့တွက်တတ်ကြသည်။ ဤသို့ လျှော့တွက်ခြင်းသည် မဟာဗျူဟာ ဆိုင်ရာ ဆုံးဖြတ်ချက်များကို ထိခိုက်စေပြီး၊ ကြိုတင်မမျှော်မှန်းထားသော အခက်အခဲများကို ဖြစ်ပေါ်စေသည်။ ဆန့်ကျင်ဘက်အင်အားကိုလည်း လွန်ကဲစွာခန့်မှန်းခြင်းသည် အန္တရာယ်ရှိပြီး တော်လှန်ရေးသမားများအကြား စိတ်ဓာတ်ကျဆင်းခြင်းနှင့် လက်လျှော့လိုစိတ် ဖြစ်ပေါ်စေနိုင်သည်။ ထိရောက်သော မဟာဗျူဟာသည် ရန်သူ၏ စွမ်းရည်ကို မျှတစွာ ဆန်းစစ်ရမည်။

    ၆။ ပြောင်းလွယ်ပြင်လွယ်မရှိခြင်း

    တော်လှန်ရေးအခြေအနေသည် အလွန်ပြောင်းလဲနေတတ်သည်။ ချမှတ်ထားသော မဟာဗျူဟာကို လုံးဝမပြောင်းလဲဘဲ စွဲကိုင်ထားခြင်းသည် ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။ အောင်မြင်သော တော်လှန်ရေး မဟာဗျူဟာသည် အခြေအနေအသစ်များနှင့် ကိုက်ညီအောင် ပြောင်းလဲ နိုင်စွမ်းရှိရမည်။ ဥပမာအားဖြင့် ဗီယက်ကွန်းများသည် ပြောင်းလဲလာသော စစ်ဆင်ရေးအခြေအနေများကို တုံ့ပြန်ရန် သူတို့၏ မဟာဗျူဟာကို အစဉ်ပြောင်းလဲညှိနှိုင်းခဲ့သည်။ စစ်ဆင်ရေးလမ်းကြောင်းများနှင့် တိုက်ခိုက်ရေးနည်းဗျူဟာများကို ပြောင်းလဲ ခြင်းဖြင့် ရန်သူကို အစဉ်အမြဲ မသေချာမရေရာဖြစ်စေခဲ့သည်။

    ၇။ အကြီးမားဆုံးအခက်အခဲနှင့် ယှဉ်ပြိုင်မှုများကို လျစ်လျူမရှုနိုင်ခြင်း

    တော်လှန်ရေးသမားများသည် တစ်ခါတစ်ရံတွင် နိုင်ငံတကာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့ ရသည့် အကြီးမားဆုံးအခက်အခဲများကို နားလည်ရန် ပျက်ကွက်ကြသည်။ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက် ဝင်ရောက်စွက်ဖက်မှုသည် တော်လှန်ရေး လှုပ်ရှားမှုများကို ကျဆုံးစေနိုင်သည်။ ထိရောက်သော တော်လှန်ရေး မဟာဗျူဟာတွင် ဖြစ်နိုင်ခြေရှိသော နိုင်ငံတကာတုံ့ပြန်မှုများကို ထည့်သွင်းစဉ်းစားရမည်။ ပြင်ပထောက်ခံမှု ရရှိရေးနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို တားဆီးရန် သို့မဟုတ် လျှော့ချရန် နည်းလမ်းများလည်း ပါဝင်ရမည်။
     
    ၈။ အောင်မြင်မှုအပြီး လွဲမှားသော အကူးအပြောင်းလမ်းစဉ်

    တော်လှန်ရေးများသည် ကနဦးအောင်မြင်မှုရပြီးနောက် ကျဆုံးသွားနိုင်သည်။ ဤသို့ကျဆုံးရခြင်း၏ အကြောင်းရင်းတစ်ခုမှာ အကူးအပြောင်းကာလအတွက် ရှင်းလင်းသော အစီအစဉ် မရှိခြင်း ဖြစ်သည်။ တော်လှန်ရေးအပြီး အခြေအနေတည်ငြိမ်ရေး၊ ရေရှည်တည်တံ့သော အဖွဲ့အစည်းများတည်ဆောက်ရေးနှင့် လူထု၏မျှော်လင့်ချက်များကို ဖြည့်ဆည်းရေးအတွက် ရှင်းလင်းသော အစီအစဉ်မရှိပါက တော်လှန်ရေး၏ ရလဒ်သည် ပရမ်းပတာဖြစ်ခြင်း သို့မဟုတ် အာဏာရှင်စနစ်ပြန်လည်ပေါ်ပေါက်ခြင်း ဖြစ်နိုင်သည်။

    ထိရောက်သော တော်လှန်ရေးမဟာဗျူဟာတွင် အကူးအပြောင်းကာလစီမံခန့်ခွဲမှုအတွက် ရှင်းလင်းသော အစီအစဉ်တစ်ခု ပါဝင်ရမည်။ ၎င်းတွင် အစိုးရအသစ် တည်ထောင်ခြင်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် အဆင့်ဆင့်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ပါဝင်ရမည်။
     
    နိဂုံး
    -----


    နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်၏ အရှိုက်ကို ထိုးနိုင်နေပြီဖြစ်သော အခင်းအကျင်းတရပ်တွင် ရောက်ရှိနေပြီဖြစ်သည်။ ပြည်သူသည်လည်း နေ့စဉ်နှင့်အမျှ ကျပ်တည်းနေသည်။ စစ်အာဏာရှင်တွေ အမြန်ပြုတ်ကျပြီး အရပ်သားအစိုးရကို ပြန်တည်ဆောက်နိုင်ရန် အရေးတကြီးလိုအပ်နေပြီ ဖြစ်သည်။ မဟာဗျူဟာသည် တော်လှန်ရေး၏ ကံကြမ္မာကို ပုံဖော်ပေးနိုင်သည်။ သမိုင်းကို ပြန်လည်သုံးသပ်ကြည့်ပါက၊ မဟာဗျူဟာရေးဆွဲခြင်းသည် တော်လှန်ရေး၏ အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုကို ဆုံးဖြတ်ပေးခဲ့သော အဓိကအချက်ဖြစ်ကြောင်း တွေ့ရသည်။

    လက်ရှိအခြေအနေကို နက်နက်နဲနဲ နားလည်ခြင်း၊ ရှင်းလင်းသော ရည်မှန်းချက်များ ချမှတ်ခြင်း၊ ထိရောက်သော နည်းဗျူဟာများ ရေးဆွဲခြင်းနှင့် ပြောင်းလဲနေသော အခြေအနေ များကို တုံ့ပြန်နိုင်ခြင်းတို့သည် တော်လှန်ရေးအောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သော အချက်များဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ အောင်မြင်သော တော်လှန်ရေးများနှင့် ဆုံးရှုံးသော တော်လှန်ရေးများကြားရှိ အဓိက ကွာဟချက်မှာ ရှင်းလင်း၍ ထိရောက်သော မဟာဗျူဟာရေးဆွဲမှု ဖြစ်သည်။ ထိရောက်သောမဟာဗျူဟာမှ တော်လှန်ရေးအောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်ပါစေကြောင်း။       

    “မဟာဗျူဟာသည် တော်လှန်ရေး၏ ကံကြမ္မာကို ပုံဖော်ပေးနိုင်သည်။ သမိုင်းကို ပြန်လည်သုံးသပ်ကြည့်ပါက၊ မဟာဗျူဟာရေးဆွဲခြင်းသည် တော်လှန်ရေး၏ အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုကို ဆုံးဖြတ်ပေးခဲ့သော အဓိကအချက်ဖြစ်ကြောင်း တွေ့ရသည်”


    အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
     https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media​