ရေးသာသူ- Liliane


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 



 တန်ပြန်တော်လှန်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘာဝ
-----------------------------------------------

တန်ပြန်တော်လှန်ရေးဆိုသည်မှာ တော်လှန်ရေးတစ်ခု၏ ရလဒ်များ သို့မဟုတ် ပြောင်းလဲမှုများကို ဆန့်ကျင်ရန်၊ ပြန်လည်ပြောင်းလဲရန် သို့မဟုတ် တားဆီးရန် ကြိုးပမ်းသော နိုင်ငံရေး၊ လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု ဖြစ်ပါသည်။ ၎င်းသည် တော်လှန်ရေးမတိုင်ခင်က တည်ရှိခဲ့သော စနစ်၊ အာဏာဆက်ဆံရေးများ၊ တန်ဖိုးများ သို့မဟုတ် အင်စတီကျူးရှင်းများကို ပြန်လည်ထူထောင်ရန် ရည်ရွယ် ပါသည်။ တန်ပြန်တော်လှန်ရေးသည် မူလတော်လှန်ရေးက ယူဆောင်လာသော အပြောင်းအလဲများကို လက်မခံနိုင်သော အစုအဖွဲ့၊ လူမှုအဖွဲ့အစည်းနှင့် တော်လှန်ရေးကို ဆန့်ကျင်သူများက တိုက်ရိုက်အနေဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည်။

 
တန်ပြန်တော်လှန်ရေးနှင့် ပတ်သက်သော သီအိုရီချဉ်းကပ်ချက်များ
----------------------------------------------------

Samuel Huntington (1968) ၏ အမြင်တွင် တန်ပြန်တော်လှန်ရေးကို "အပြောင်းအလဲကို ကန့်သတ်ရန် သို့မဟုတ် ပြန်လှန်ရန် ရည်ရွယ်ချက်ဖြင့် အာဏာကိုအသုံးပြုမှု" အဖြစ် သတ်မှတ်ပါသည်။ ဤသီအိုရီအရ တန်ပြန်တော်လှန်ရေးကို အထူးသဖြင့် စစ်တပ်များ၊ ယခင်အစိုးရအရာရှိများနှင့် ယခင် အခွင့်ထူးခံအုပ်စုများက ပံ့ပိုးလေ့ရှိသည်ဟု ရှုမြင်ပါသည်။

O'Donnell, Schmitter
နှင့် Whitehead (1986) တို့၏ ဒီမိုကရေစီအကူးအပြောင်းလေ့လာမှုများတွင် တန်ပြန်တော်လှန်ရေးကို ဒီမိုကရေစီသို့ အကူးအပြောင်း ကာလအတွင်း ဖြစ်ပေါ်နိုင်သော အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ပါသည်။ ၎င်းတို့ လေ့လာတွေ့ရှိချက်အရ စစ်တပ်နှင့် ယခင်အခွင့်ထူးခံအုပ်စုများက ၎င်းတို့၏ အကျိုးစီးပွားများ ခြိမ်းခြောက်ခံရသည်ဟု ခံစားရသော အခါ တန်ပြန်ပြုမူမှုများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ထုတ်ထားပါသည်။

ဟီဂယ်လ်၏ ဒိုင်လက်တစ်သီအိုရီအရ လူမှုရေးတိုးတက်မှုသည် သမ္မာဓိဋ္ဌာန် (thesis)၊ ဆန့်ကျင်ဘက် (antithesis) နှင့် ပေါင်းစပ်မှု (synthesis) ဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပွားသည်ဟု ရှုမြင်ပါသည်။ တန်ပြန်တော်လှန်ရေးကို ဤသီအိုရီအရကြည့်လျှင် တော်လှန်ရေး (သမ္မာဓိဋ္ဌာန်) ဖြစ်ပွားပြီးနောက် သဘာဝကျကျ ဖြစ်ပေါ်လာသော ဆန့်ကျင်ဘက်အင်အားစု (ဆန့်ကျင်ဘက်) တစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။ Charles Tilly (1978) က "တော်လှန်ရေးတိုင်းသည် ၎င်း၏ တန်ပြန်တော်လှန်ရေးကို ဖြစ်ပေါ်စေသည်" ဟု မှတ်ချက်ပြုခဲ့သည်။ တန်ပြန်တော်လှန်ရေးသည် လူမှုရေးပြောင်းလဲမှု၏ သဘာဝကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဖြစ်စဉ်တစ်ခု၏ ရလဒ်ဖြစ်သည်ဟု ရှုမြင်ပါသည်။

Gustave Le Bon (1895) သည် တန်ပြန်တော်လှန်ရေးကို စိတ်ပညာရှုထောင့်မှ လေ့လာခဲ့ပြီး၊ ၎င်းကို အပြောင်းလဲနှင့် မရေရာမှုအပေါ် ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန်မှုတစ်ခုအဖြစ် ရှုမြင်ပါသည်။ သူက "လူအုပ်စုစိတ်ပညာ" (crowd psychology) ၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့ပြီး၊ စိတ်ခံစားချက် များနှင့် စုပေါင်းစိတ်ဓာတ်တို့သည် တန်ပြန်တော်လှန်ရေး၏ အရေးပါသော အင်အားစုများဖြစ်ကြောင်း ဆိုပါသည်။ Karen Stenner (2005) က အခွင့်အာဏာစွဲစိတ် သဘောထားရှိသူများသည် လူမှုရေးညီညွတ်မှုကို ခြိမ်းခြောက်မှုများရှိသည်ဟု ထင်မြင်လာသောအခါ ပိုမိုတုံ့ပြန်တတ်ကြောင်း ဖော်ပြခဲ့သည်။

Theda Skocpol (1979) သည် နိုင်ငံတော်ဗဟိုပြုချဉ်းကပ်မှုကို အသုံးပြု၍ တန်ပြန်တော်လှန်ရေးကို လေ့လာခဲ့ပါသည်။ သူမ၏ သီအိုရီတွင် တန်ပြန်တော်လှန်ရေးဖြစ်ပွားနိုင်ခြေသည် နိုင်ငံတော်၏ အင်စတီ ကျူးရှင်းများ အထူးသဖြင့် စစ်တပ်နှင့် ဗျူရိုကရေစီယန္တရားများကဲ့သို့သော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အင်အားစုများနှင့် အလွန်ဆက်စပ်နေကြောင်း ပြသခဲ့သည်။ စစ်တပ်နှင့် ဗျူရိုကရေစီများ အားကောင်းသော နေရာများတွင် တန်ပြန်တော်လှန်ရေးများ ပိုမိုအောင်မြင်နိုင်ကြောင်း သူမက အဆိုပြုခဲ့ပါသည်။

အထက်ပါသီအိုရီများအားလုံးသည် တန်ပြန်တော်လှန်ရေး၏ ရှုပ်ထွေးသော သဘောသဘာဝကို နားလည်ရန် မတူညီသောချဉ်းကပ်နည်းများကို သိစေသည်။ တန်ပြန်တော်လှန်ရေးသည် တော်လှန်ရေးကာလ ဖြစ်စဉ်အတွင်းမှာလည်း ဖြစ်နိုင်သလို၊ တော်လှန်ရေးအင်အားစုကြားကနေလည်း ပေါ်ထွက်နိုင်သည်။ တော်လှန်ရေးတိုင်းတွင် တန်ပြန်တော်လှန်ရေးများရှိသည်။ ထိုအချင်းအရာကို မြင်နိုင်မှသာလည်း တော်လှန်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
 
တန်ပြန်တော်လှန်ရေး၏ လက္ခဏာရပ်များ
----------------------------------

တန်ပြန်တော်လှန်ရေး၏ လက္ခဏာရပ်များမှာ (၁) တော်လှန်ရေးမတိုင်ခင်က ကျင့်သုံးခဲ့သော စံတန်ဖိုးများ၊ ဆက်ဆံရေးပုံစံများ၊ လူမှုစီးပွားစနစ်များ၊ အင်စတီကျူးရှင်းများကို ပြန်လည်ထိန်းသိမ်းလိုခြင်း၊ (၂) တော်လှန်ရေးကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လက်မခံနိုင်ဘဲ တုံ့ပြန်ဆန့်ကျင်ခြင်း၊ (၃)  တော်လှန်ရေးမတိုင်ခင်က ရရှိထားသော အခွင့်အရေးများနှင့် အခွင့်ထူးများကို ပြန်လည်လိုလားခြင်း၊ (၄) တော်လှန်ရေးအတွင်းပေါ်လာသော အင်စတီကျူးရှင်းများကို ဖျက်ဆီးခြင်း၊ (၅) အုပ်စုဝါဒဆန်သော တရား ဟောခြင်း တို့ဖြစ်သည်။ ထိုလက္ခဏာရပ်များကို မြင်ရလျှင် တန်ပြန်တော်လှန်ရေး ဖြစ်လာနိုင်ချေရှိကြောင်း သတိထားအပ်သည်။

 
တော်လှန်ရေးအတွင်း ဖြစ်လာနိုင်သည့် တန်ပြန်တော်လှန်ရေး၏ အကြောင်းအရင်းခံများ
---------------------------------------------------------------------

တော်လှန်ရေးကြီးများအတွင်း တန်ပြန်တော်လှန်ရေးများ ဖြစ်ပေါ်လာနိုင်သည့် အဓိကအကြောင်း အရင်းခံများမှာ  (၁) တိုင်းပြည်အတွင်းရှိ အခွင့်ထူးခံအုပ်စုများ၏ အကျိုးစီးပွားဆုံးရှုံးခြင်း၊ (၂) တော်လှန်ရေး၏ အစွန်းရောက်လွန်းသော ပြောင်းလဲမှုများ၊ (၃) ညီညွတ်မှုကင်းမဲ့သော တော်လှန်ရေးဦးဆောင်မှု၊ (၄) ပြည်သူ လူထုတရပ်လုံး၏ စီးပွားရေးအကျပ်အတည်းများ၊ (၅) တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူ့ထောက်ခံမှု အားနည်းခြင်း၊ (၆) တော်လှန်ရေးကာလအတွင်း အာဏာလေဟာနယ်ကြီးခြင်း၊ (၇) တော်လှန်ရေးအတွင်း ရှင်းလင်းသော ဦးတည်ချက်ကို မတည်ဆောက်နိုင်ခြင်း၊ (၈) ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ချက် များအတွက် စိုးရိမ်မှုကြီးခြင်း၊ (၉) အစွန်းရောက်သော ဆန့်ကျင်ဘက်အင်အားစုများ ဖြစ်ပေါ်လာခြင်း၊ (၁၀) ပြင်ပကြားဝင်စွက်ဖက်မှုများ အားကောင်းခြင်း၊ (၁၁) ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ စသည်တို့ ဖြစ်သည်။

 
တော်လှန်ရေးအမျိုးအစားအလိုက် ဖြစ်ပေါ်နိုင်သော တန်ပြန်တော်လှန်ရေးများ
--------------------------------------------------------------

တော်လှန်ရေးပုံစံအမျိုးမျိုးသည် ၎င်းတို့နှင့်သဟဇာတဖြစ်သော တန်ပြန်တော်လှန်ရေးပုံစံများကို ဖြစ်ပေါ်စေနိုင်ပါသည်။ တန်ပြန်တော်လှန်ရေးများသည် မူလတော်လှန်ရေးအပေါ် နက်ရှိုင်းပြီး ကျယ်ပြန့်သော သက်ရောက်မှုများ ရှိနိုင်ပါသည်။ ဤအကျိုးဆက်များတွင် (၁) တော်လှန်ရေး၏ ပန်းတိုင်များတိမ်းစောင်းခြင်း၊ (၂) တော်လှန်ရေးခေါင်းဆောင်မှု ပျက်စီးခြင်း၊ (၃) ညီညွတ်မှုကွဲပြားခြင်း၊ (၄) တော်လှန်ရေးအင်စတီကျူးရှင်း များပျက်စီးခြင်း၊ (၅) အကြမ်းဖက်မှုနှင့် ပဋိပက္ခများတိုးပွားလာခြင်း၊ (၆) တော်လှန်ပြည်သူများကို သွေးခွဲ စေခြင်း၊ (၇) ပြည်သူ့စိတ်ဓာတ်ကျဆင်းခြင်း တို့ပါဝင်သည်။ တော်လှန်ရေးအင်အားစုများသည် ဤ အကျိုးဆက်များကို ကြိုတင်ခန့်မှန်းပြီး ပြင်ဆင်ရန် အရေးကြီးပါသည်။ တော်လှန်ရေးကာလနှင့် အပြီးတွင် တန်ပြန်တော်လှန်ရေးများကို အောင်မြင်စွာကာကွယ်နိုင်ရန် သေချာစွာချမှတ်ထားသော မဟာဗျူဟာများနှင့် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါသည်။ အဓိကတော်လှန်ရေးအမျိုးအစားများနှင့် ၎င်းတို့နှင့်ဆက်စပ်သော တန်ပြန်တော်လှန်ရေးပုံစံများကို အောက်တွင် ဖော်ပြထားပါသည်-
 
တန်ပြန်တော်လှန်ရေးအမျိုးအစားများ
-------------------------------


နိုင်ငံရေးဆိုင်ရာ တော်လှန်ရေး
 
  • စစ်တပ်အာဏာသိမ်းမှုများ၊
  • ပါလီမန်အာဏာသိမ်းမှုများ၊
  • ရွေးကောက်ပွဲနည်းဗျူဟာများ (သေချာစွာထိန်းချုပ်ထားသော ရွေးကောက်ပွဲများမှ တစ်ဆင့် ယခင်စနစ်သို့ ပြန်သွားခြင်း)
  • ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုများ ( အာဏာစုစည်းမှုကို ဖြစ်စေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များ)

စီးပွားရေးတော်လှန်ရေး
 
  • ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်များ - ပြည်သူပိုင်ပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ပြန်လည်လွှဲပြောင်းခြင်း။
  • ဈေးကွက်လွတ်လပ်ခွင့်ပြုပြင်ပြောင်းလဲမှုများ - အစိုးရထိန်းချုပ်မှုကို လျှော့ချခြင်းနှင့် "ပြင်ဆင်မှုများ" ပြုလုပ်ခြင်း။
  • ဥစ္စာဓန ပြန်လည်ခွဲဝေခြင်း - ယခင်ပိုင်ရှင်များထံ ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ခြင်း။
  • အခွန်ပြုပြင်ပြောင်းလဲမှုများ - ချမ်းသာကြွယ်ဝသူများအတွက် အခွန်လျှော့ချခြင်း။

လူမှုရေးတော်လှန်ရေး
 
  • ရိုးရာဝါဒီလှုပ်ရှားမှုများ - ရိုးရာတန်ဖိုးများကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းသော စည်းရုံးလှုံ့ဆော်မှုများ။
  • ဘာသာရေးပြန်လည်နိုးထလှုပ်ရှားမှုများ - ယဉ်ကျေးမှုပြောင်းလဲမှုများကို တားဆီးရန် ဘာသာရေးစံနှုန်းများ ပြန်လည်ဦးစားပေးလာခြင်း။
  • ကျား/မဆိုင်ရာ အခန်းကဏ္ဍပြန်လည်ပြောင်းလဲရေး - ရိုးရာကျား/မ အခန်းကဏ္ဍများကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းခြင်း။
  • လူမျိုးရေးနှင့် လူမျိုးစုဆိုင်ရာ ပြန်လည်ဖွဲ့စည်းခြင်း - လူမျိုးစုအုပ်စုများ အကြား ယခင်အာဏာဆက်ဆံရေးကို ပြန်လည်ထူထောင်ခြင်။

 ယဉ်ကျေးမှုတော်လှန်ရေး
 
  • ဆင်ဆာစနစ်ပြန်လည်ကျင့်သုံးခြင်း - ပြုပြင်ပြောင်းလဲရေးဝါဒီ အနုပညာနှင့် ရေးသားမှုများကို ပိတ်ပင်ခြင်း။
  • အမျိုးသားရိုးရာယဉ်ကျေးမှုပြန်လည်တည်ထောင်ရေး- နိုင်ငံခြားယဉ်ကျေးမှု လွှမ်းမိုးမှုကို ဆန့်ကျင်ခြင်း။
  • ပညာရေးပြန်လည်ပြုပြင်ခြင်း - ရိုးရာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းများကို ပြန်လည်ကျင့်သုံးခြင်း။
  • မီဒီယာထိန်းချုပ်မှု - အစဉ်အလာမဟုတ်သော အမြင်များကို နှိမ်နင်းရန် မီဒီယာများကို ထိန်းချုပ်ခြင်း။

ဘာသာရေးဆိုင်ရာတော်လှန်ရေး
  • ဘာသာရေးအစွန်းရောက်ဝါဒီလှုပ်ရှားမှုများ - ရိုးရာဘာသာရေးတန်ဖိုးများကို ပြန်လည်ထူထောင်ရေး စည်းရုံးလှုံ့ဆော်မှုများ။
  • နိုင်ငံတော်-ဘာသာရေးဆက်ဆံရေးပြန်လည်ထူထောင်ခြင်း။
  • ဘာသာရေးအာဏာပိုင်များ ဩဇာအာဏာပြန်လည်ရယူခြင်း။
  • သာသနာရေးဥပဒေများပြန်လည်ကျင့်သုံးခြင်း။ - ဘာသာရေး ထုံးတမ်းစဉ်လာများ အပေါ် အခြေခံသည့် ဥပဒေများကို ပြန်လည် ကျင့်သုံးခြင်း။

အတွေးအခေါ်တော်လှန်ရေး
  • ဝေဖန်ပိုင်းခြားတွေးခေါ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုများ - ဝေဖန်ပိုင်းခြား တွေးခေါ်မှုကို အားမပေးသော ပညာရေးပြုပြင်ပြောင်းလဲမှုများ။
  • ရိုးရာအရေးပေါ်မှုများ - သက်ဝင်ယုံကြည်မှုကို ရေကြောင်းစီးကြောင်းသဖွယ် လက်ခံရသော ပုံစံဆီသို့ ပြန်လည်ဦးတည်ခြင်း။
  • တရားဝင်ဇာတ်ကြောင်းကို စည်းကြပ်ခြင်း - အခြားဇာတ်ကြောင်းများကို ဖိနှိပ်ပြီး တရားဝင်ဇာတ်ကြောင်းတစ်ခုတည်းကိုသာ အားပေးခြင်း။
  • မသင့်လျော်သော အတွေးအခေါ်များကို ပိတ်ပင်ခြင်း - ကျယ်ပြန့်သော အတွေးအခေါ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆွေးနွေးတွေးခေါ်မှုများကို တားမြစ်ခြင်း။

ကျား/မရေးရာတော်လှန်ရေး
 
  • အမျိုးသမီးအခွင့်အရေးများကို ပြန်လည်ကန့်သတ်ခြင်း - ဥပမာ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများကို ကန့်သတ်ခြင်း။
  • ရိုးရာမိသားစုတန်ဖိုးများဆိုင်ရာ လှုပ်ရှားမှုများ - ရိုးရာကျား/မ အခန်းကဏ္ဍများကို ပြန်လည်အားပေးခြင်း။
  • ကျား/မရေးရာမညီမျှမှုပြန်လည်ပြဋ္ဌာန်းခြင်း - အလုပ်ခွင်နှင့် စီးပွားရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ကန့်သတ်ခြင်း။
  • ကျား/မရေးရာဆိုင်ရာမူဝါဒများကို ပြန်လည်ရုပ်သိမ်းခြင်း - ကျား/မရေးရာ တန်းတူညီမျှမှုကို မြှင့်တင်ရန် ရည်ရွယ်သော မူဝါဒများ ဖျက်သိမ်းခြင်း။

တိုင်းရင်းသားလူမျိုးစုဆိုင်ရာ
တော်လှန်ရေး
  • လူမျိုးကြီးဝါဒ ပြန်လည်ထူထောင်ရေးလှုပ်ရှားမှုများ - လူဖြူအမျိုးသားကြီး ဝါဒ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ လူမျိုးကြီးဝါဒများကို ပြန်လည်အားပေး ခြင်း။
  • ခွဲခြားဆက်ဆံရေးလုပ်ငန်းစဉ်များ ပြန်လည်အသက်သွင်းခြင်း - လူမျိုးရေး ခွဲခြားမှုပုံစံများကို ပြန်လည်ကျင့်သုံးခြင်း။
  • လူနည်းစုအခွင့်အရေးများကို ကန့်သတ်မှုများ - လူနည်းစုလူမျိုးစုများအတွက် တန်းတူအခွင့်အရေးများကို ဖယ်ရှားခြင်း။
  • လူမျိုးရေးအခြေပြုအကြမ်းဖက်လှုပ်ရှားမှုများ - လူနည်းစုလူမျိုးစုများကို ပစ်မှတ်ထားသော အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်း။

             
တော်လှန်ရေးကာလအတွင်း တန်ပြန်တော်လှန်ရေးမဖြစ်လာရန် ကာကွယ်ရေး မဟာဗျူဟာများ
---------------------------------------------------------------------------

၁။ ကျယ်ပြန့်သောပူးပေါင်းပါဝင်မှုနှင့် ညီညွတ်မှုတည်ဆောက်ခြင်း

တော်လှန်ရေးကို ပြည်သူလူထုအလွှာစုံပါဝင်သော ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုအဖြစ် တည်ဆောက်ရန် အရေးကြီးပါသည်။ တိုင်းရင်းသားလူမျိုးအားလုံး၊ ဘာသာရေးအုပ်စုများ၊ လူတန်းစားအလွှာ အားလုံးပါဝင်သော ကျယ်ပြန့်သော မဟာမိတ်ဖွဲ့စည်းခြင်းက တန်ပြန်တော်လှန်ရေးအင်အားစုများ ပေါ်ပေါက် လာရန် ခက်ခဲစေပါသည်။

၂။ ရှင်းလင်းသော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ခြင်း

တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်များကို ရှင်းလင်းစွာ၊ လက်တွေ့ကျစွာနှင့် ပွင့်လင်းမြင်သာစွာ သတ်မှတ်ထားရန် လိုအပ်ပါသည်။ ရည်မှန်းချက်များကို လူထုနှင့် ရှင်းလင်းစွာဆက်သွယ်ခြင်းဖြင့် မှားယွင်းသောသတင်းအချက်အလက်များနှင့် သံသယများကို လျော့နည်းစေနိုင်ပါသည်။

၃။ ကျယ်ပြန့်သော လူထုအသိပညာပေးမှု

လူထုအားလုံး (တော်လှန်ရေးကို ထောက်ခံသူများသာမက ဆန့်ကျင်သူများနှင့် ကြားနေသူများ) သည် တော်လှန်ရေး၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့် တိုးတက်မှုကို သိရှိနားလည်ရန် လိုအပ်ပါသည်။ ပညာရေး၊ အသိပညာဖြန့်ပေးခြင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများသည် တော်လှန်ရေးတိုးတက်မှုအတွက် လူထုထောက်ခံမှုရရှိစေရန် အရေးကြီးပါသည်။

၄။ ယခင်အာဏာရအုပ်စုဝင်များကို ပူးပေါင်းပါဝင်စေခြင်း

ယခင်အာဏာရအုပ်စုဝင်အားလုံးကို ရန်သူများအဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ၊ တရားမျှတမှုအပေါ် အခြေခံသော ပူးပေါင်းပါဝင်စေခြင်းက တန်ပြန်တော်လှန်ရေးဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်ပါသည်။ အချို့သောကိစ္စရပ်များတွင် ယခင်အာဏာရအုပ်စုအချို့သည် တော်လှန်ရေးအတွက် အရေးပါသော မဟာမိတ်များ ဖြစ်လာနိုင်ပါသည်။

၅။ အကြမ်းမဖက်ရေးမဟာဗျူဟာများ ဦးစားပေးခြင်း

တော်လှန်ရေးတွင် အကြမ်းဖက်နည်းလမ်းကို နောက်ဆုံးရွေးချယ်အဖြစ်သာ သုံးသင့်သည်။ အကြမ်းဖက်မှုသည် အလွန်အကျွံတုံ့ပြန်မှုများကို ဖြစ်စေနိုင်ပြီး၊ တန်ပြန်တော်လှန်ရေးအတွက် တရားဝင် အကြောင်းပြချက်ပေးနိုင်ပါသည်။ သပိတ်မှောက်ခြင်း၊ ဆွေးနွေးဖိအားပေးခြင်း၊ လူထုစည်းရုံးလှုံ့ဆော်ခြင်း တို့သည် သွေးထွက်သံယိုမှုနည်းပြီး ရေရှည်တည်တံ့သော ရလဒ်များရရှိနိုင်ပါသည်။
 
တော်လှန်ရေးအပြီးကာလ ကာကွယ်ရေးမဟာဗျူဟာများ
----------------------------------------------

၁။ ခိုင်မာသော ဒီမိုကရေစီအင်စတီကျူးရှင်းများ တည်ဆောက်ခြင်း

တလုံးတဝတည်း အာဏာစုစည်းမှုကို တားဆီးရန်နှင့် တည်ငြိမ်မှုရှိသော ဒီမိုကရေစီစနစ်ကို အားပေးရန် အာဏာခွဲဝေမှုရှိသော ခိုင်မာသောအင်စတီကျူးရှင်းများကို တည်ဆောက်ရန် အရေးကြီးပါသည်။ ထိရောက်သော ဥပဒေပြုအဖွဲ့၊ လွတ်လပ်သော တရားစီရင်ရေးအဖွဲ့၊ အာဏာအလွဲသုံးစားပြုခြင်းကို ကာကွယ်ရန် ထိန်းချုပ်ကန့်သတ်မှုစနစ်များ ဖန်တီးရန် လိုအပ်ပါသည်။

၂။ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု

တော်လှန်ရေးအပြီး စီးပွားရေးတည်ငြိမ်မှု၊ အလုပ်အကိုင်ဖန်တီးရေးနှင့် တိုးတက်မှုတို့သည် လူထုထောက်ခံမှုကို ထိန်းသိမ်းရန် အရေးကြီးပါသည်။ သာတူညီမျှသော စီးပွားရေးခွဲဝေမှုများ၊ စီးပွားရေး အခွင့်အလမ်းများနှင့် လူမှုဖူလုံရေးကွန်ရက်များသည် ပြည်သူများအတွက် တော်လှန်ရေး၏ ထင်သာမြင်သာ ရှိသော အကျိုးကျေးဇူးများ ဖြစ်ပေါ်စေပါသည်။

၃။ စစ်တပ်နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု

စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားရှိရန်နှင့် ပြုပြင်ပြောင်းလဲရန် အလွန်အရေးကြီးပါသည်။ စစ်တပ်၏ ကိုယ်ကျိုးစီးပွားများကို ကန့်သတ်ခြင်း၊ စစ်တပ်ကိုယ်စားပြုခွင့်ကို လျှော့ချခြင်း၊ ပြည်သူ့မူဝါဒနှင့် ဥပဒေတွင် စစ်တပ်၏ အခန်းကဏ္ဍကို ကန့်သတ်ခြင်းတို့ကို ပြုလုပ်ရပါမည်။

၄။ အကူးအပြောင်းကာလဆိုင်ရာ တရားမျှတမှုနှင့် ပြန်လည်သင့်မြတ်ရေး

တန်ပြန်တော်လှန်ရေးကို ကာကွယ်ရန် အကူးအပြောင်းကာလဆိုင်ရာ တရားမျှတမှုကို သင့်လျော်စွာ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ဤအရာတွင် လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ခံစေခြင်း၊ ကျူးလွန်ခံရသူများအတွက် လျော်ကြေးပေးခြင်း၊ ပြန်လည်သင့်မြတ်ရေးပရိုဂရမ်များနှင့် သမိုင်းအမှန်ကို မှတ်တမ်းတင်ခြင်းတို့ ပါဝင်နိုင်ပါသည်။ သို့သော် လက်စားချေခြင်းနှင့် အစုလိုက်အပြုံလိုက် ဒဏ်ပေးခြင်း များကို ရှောင်ကြဉ်ရန် အရေးကြီးပါသည်။

၅။ ရှင်းလင်းသော ဆက်သွယ်ရေးနှင့် ပွင့်လင်းမြင်သာမှု

တော်လှန်ရေးအစိုးရသည် ၎င်း၏ ဆုံးဖြတ်ချက်များ၊ မူဝါဒများနှင့် အကျိုးရလဒ်များကို ပွင့်လင်းမြင်သာစွာ ဆက်သွယ်ရန် လိုအပ်ပါသည်။ ပြည်သူ့ထောက်ခံမှုရရှိရန် ပွင့်လင်းမြင်သာမှုသည် မရှိမဖြစ်လိုအပ်ပြီး အစိုးရအပေါ် ယုံကြည်မှုကို တည်ဆောက်ရန် အရေးကြီးပါသည်။

၆။ အရပ်ဖက်လူ့အဖွဲ့အစည်းကို အားကောင်းစေခြင်း

အရပ်ဖက်အဖွဲ့အစည်းများ၊ လွတ်လပ်သော မီဒီယာနှင့် ဒီမိုကရေစီအင်စတီကျူးရှင်းများကို အားပေးခြင်းသည် တန်ပြန်တော်လှန်ရေးဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။ အဖွဲ့အစည်းများ၊ စုပေါင်း လုပ်ဆောင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီယဉ်ကျေးမှုကို မြှင့်တင်ပေးပြီး တန်ပြန်တော်လှန်ရေးများကို ကာကွယ်ရန် ကူညီပေးပါသည်။

၇။ ကျယ်ပြန့်သော နိုင်ငံတကာဆက်ဆံရေးများ တည်ဆောက်ခြင်း

နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်ခြင်းသည် တန်ပြန် တော်လှန်ရေးကို တားဆီးရန် အထောက်အကူဖြစ်စေပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒီမိုကရေစီ နိုင်ငံများနှင့် ဆက်ဆံရေး၊ စီးပွားရေးဆက်ဆံရေးများနှင့် ဒီမိုကရေစီဆိုင်ရာ ကတိကဝတ်များသည် အပြင်မှ ထောက်ခံမှုကို ဖန်တီးပြီး တန်ပြန်တော်လှန်ရေးများအတွက် ကုန်ကျစရိတ်ကို မြှင့်တင်ပေးပါသည်။

၈။ ဒီမိုကရေစီသဘောတရားနှင့် နိုင်ငံသားဖြစ်မှုပညာရေး

လူထုတွင် ဒီမိုကရေစီတန်ဖိုးများ၊ နိုင်ငံသားတာဝန်ဝတ္တရားများနှင့် နိုင်ငံရေးစနစ်၏ လုပ်ဆောင်ပုံ များကို သေချာစွာနားလည်စေရန် သင်ကြားပို့ချခြင်းသည် တန်ပြန်တော်လှန်ရေးကို ကာကွယ်ရန် အရေးကြီး ပါသည်။ အားလုံးပါဝင်သော ဒီမိုကရေစီယဉ်ကျေးမှုသည် တန်ပြန်တော်လှန်ရေးအတွက် ကာကွယ်မှုကို ပေးစွမ်းပါသည်။

၉။ အားလုံးပါဝင်နိုင်သော လူမှုရေးနှင့် ယဉ်ကျေးမှုမူဝါဒများ

လူနည်းစုအုပ်စုများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးအုပ်စုများ အပါအဝင် လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်စုအားလုံးကို အသိအမှတ်ပြုပြီး ပါဝင်စေသော မူဝါဒများသည် တန်ပြန်တော်လှန်ရေး ဖြစ်ပွားစေသော ခွဲခြားမှုကို လျော့ပါးစေနိုင်ပါသည်။

၁၀။ ညီညွတ်သောခေါင်းဆောင်မှုကို ထိန်းသိမ်းခြင်း

တော်လှန်ရေးအပြီးတွင် ခေါင်းဆောင်များကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် အရေးကြီးပါသည်။ အုပ်စုခွဲများကြား ပြိုင်ဆိုင်မှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်မှုများသည် ပြည်သူများကြား ယုံကြည်မှုကို ထိခိုက်စေပြီး တန်ပြန်တော်လှန်ရေးအတွက် ဖိတ်ခေါ်မှုတစ်ခုဖြစ်နိုင်ပါသည်။
 
နိဂုံး
----

တော်လှန်ရေးတစ်ခု အောင်မြင်ရန်မှာ မြင်သာသော ဆန့်ကျင်ဘက်အုပ်စုကို အောင်နိုင်ရုံနှင့် မလုံလောက်ပေ။ ဖြစ်ပေါ်လာနိုင်မည့် တန်ပြန်တော်လှန်ရေးများကို တွေးဆနိုင်ရန်နှင့် ကြိုတင်ကာကွယ် နိုင်ရန် လိုအပ်သည်။ တော်လှန်ရေးသည် လျင်မြန်ပြီး အခြေခံကျသော ပြောင်းလဲမှုကို အလိုရှိသော်လည်း၊ တန်ပြန်တော်လှန်ရေးကို ကာကွယ်ရန် ဟန်ချက်ညီသောချဉ်းကပ်မှု၊ ချင့်ချိန်စဉ်းစားမှုနှင့် စနစ်တကျ စီစဉ်ထားသောပြောင်းလဲမှုများလည်း လိုအပ်ပါသည်။ အပြောင်းအလဲ၏ အရှိန်အဟုန်နှင့် အတိုင်းအတာကို ကိုင်တွယ်နိုင်သော စနစ်တစ်ခုတည်ဆောက်ရန်၊ အားလုံးပါဝင်သော လူမှုအသိုက်အဝန်းတစ်ခုဖန်တီးရန်နှင့် တော်လှန်ရေး၏ အခိုင်အမာအကျိုးကျေးဇူးများကို ပြည်သူအားလုံးက ခံစားရရှိစေရန် အရေးကြီးပါသည်။

​တော်လှန်ရေးရလဒ်ကို ပြောင်းပြန်လှန်စေနိုင်မည့် တန်ပြန်တော်လှန်ရေးများ မဖြစ်လာအောင် ကြိုတင်ကာကွယ်နိုင်ခြင်းဖြင့် ရေရှည်တည်တံ့သော အပြောင်းအလဲကို ရရှိစေမည် ဖြစ်ပါသည်။ တန်ပြန် တော်လှန်ရေးသည် တော်လှန်ရေးကို အပြင်ကနေသာမက အတွင်းစည်းကနေပါ ဖြိုချနိုင်သောအရာ ဖြစ်သည်ကိုလည်း သတိပြုအပ်ပါသည်။