ရေးသားသူ-Liliane



အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 


နိဒါန်း
-----


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသော အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ အာဏာသိမ်းယူခဲ့သည်။ ထိုစစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာပြည်သူများသည် အဘက်ဘက် မှ စုပေါင်းဆန့်ကျင်ခဲ့ကြပြီး မြန်မာ့နွေဦးတော်လှန်ရေးကို မွေးဖွားခဲ့သည်။

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးနှင့် လူမှုရေးစသည့် မတူညီသော နယ်ပယ်များမှ စစ်အုပ်စုကို တိုက်ခိုက်ရန် ဘက်စုံမဟာဗျူဟာ များကို အသုံးပြုခဲ့သည်။ ဤတော်လှန်ရေးသည် ၂၁ရာစုတွင် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ရာတွင် မည်သို့သော မဟာဗျူဟာများသည် ထိရောက်မှုရှိကြောင်းကိုလည်း လေ့လာနိုင်သည်။

 
မြန်မာ့နွေဦးတော်လှန်ရေး ပြောင်းလဲလာပုံအဆင့်ဆင့်
--------------------------------------------


အဆင့် - ၁ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (ဖေဖော်ဝါရီ - ဧပြီ ၂၀၂၁)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ပထမဆုံးလုပ်ရပ်မှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဖြစ်သည်။ ဤအဆင့်တွင် တော်လှန်ရေး၏ အဓိကမဟာဗျူဟာမှာ_
အာဏာဖီဆန်လှုပ်ရှားမှု (CDM) - အစိုးရဝန်ထမ်းများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ဘဏ် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက အလုပ်ခွင်မှ နှုတ်ထွက်ခြင်းဖြင့် စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ရပ်တန့်စေရန် ကြိုးစားခဲ့ကြသည်။

လူထုဆန္ဒပြပွဲများ - မြို့ကြီးများနှင့် ကျေးလက်ဒေသများတွင် လူသန်းပေါင်းများစွာသည် အကြမ်းမဖက်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပြီး၊ သုံးလက်ညှိုးထောင်ခြင်း၊ အိုးခေါက်သံများဖြင့် ဆန္ဒပြခြင်းစသည့် အမှတ်သင်္ကေတများဖြင့် ဆန္ဒပြခဲ့ကြသည်။

သပိတ်မှောက်မဟာဗျူဟာ - စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို သပိတ်မှောက်ခြင်းဖြင့် စစ်အစိုးရ၏ ဝင်ငွေရင်းမြစ်များနှင့် ဂုဏ်သိက္ခာကို ဖြတ်တောက်ခဲ့ကြသည်။

ဤကာလတွင် မြန်မာပြည်သူများသည် မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်လှုပ်ရှားမှုနှင့် ဂျင်းရှပ်စနစ် (Gene Sharp) ၏ အကြမ်းမဖက်တော်လှန်ရေးသီအိုရီများမှ သင်ခန်းစာများကို အသုံးချခဲ့ကြသည်။ သို့သော် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများကြောင့် ဤမဟာဗျူဟာသည် အကန့်အသတ်ဖြင့်သာ အောင်မြင်မှု ရရှိခဲ့သည်။


အဆင့် -၂ အကူးအပြောင်းကာလနှင့် ခုခံကာကွယ်ရေးမဟာဗျူဟာ (ဧပြီ - ဩဂုတ် ၂၀၂၁)

စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများနှင့် အရပ်သားများကို သတ်ဖြတ်မှုများကြောင့် တော်လှန်ရေးသည် ပိုမိုစုဖွဲ့လာပြီး ကာကွယ်ရေးမဟာဗျူဟာများကို ပိုမိုအသက်ဝင်လာစေခဲ့သည်။

ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း - မိမိဒေသကို ဒေသခံများကိုယ်တိုင် ခုခံကာကွယ်ကာ ဒေသတွင်းအုပ်ချုပ်မှုများ စတင်ကျင့်သုံးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း - ရွေးကောက်ခံကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှတဆင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် NUG ကို ဖွဲ့စည်းခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ဖွဲ့စည်းခြင်း - နိုင်ငံတစ်ဝှမ်းတွင် လူငယ်များနှင့် စစ်တပ်မှထွက်လာသော တပ်ဖွဲ့ဝင်များသည် PDF များကို စတင်ဖွဲ့စည်းခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် မဟာမိတ်ဖွဲ့ခြင်း - အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် PDF များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အကူအညီပေးခြင်း စတင်ပြုလုပ်ခဲ့ကြသည်။


အဆင့် - ၃။ ပြည်လုံးကျွတ်တော်လှန်ရေး (ဩဂုတ် ၂၀၂၁ - ယနေ့ထိ)

တော်လှန်ရေး၏ တတိယအဆင့်သည် ပိုမိုကျယ်ပြန့်သော လက်နက်ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲလာခဲ့ပြီး၊ အဓိကမဟာဗျူဟာများမှာ-
ဗဟိုချုပ်ကိုင်မှုမရှိသော ပြည်သူ့စစ် - PDF များသည် ဗဟိုထိန်းချုပ်မှုစနစ်အောက်တွင် မရှိဘဲ၊ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ရန် လွတ်လပ်ခွင့်ရှိသည်။

မြို့ပြစစ်ဆင်ရေးနှင့် ပြောက်ကျားစစ်များ - မြို့ပြနှင့် ကျေးလက်ဒေသများတွင် စစ်အစိုးရ၏ အင်စတီ  ကျူးရှင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်အစိုးရအောက်ရှိ ရုံးများနှင့် အုပ်ချုပ်ရေးများကို အလစ်ငိုက်တိုက်ခိုက်ခြင်း။

စီးပွားရေးစစ်ဆင်ရေး - စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို ဆက်လက်သပိတ် မှောက်ခြင်း၊ အခွန်မပေးရေးလှုပ်ရှားမှုများနှင့် စစ်အစိုးရ၏ ငွေပင်ငွေရင်းများကို ဖြတ်တောက်ရန် စီးပွားရေးလှုပ်ရှားမှုများ။

နယ်မြေသိမ်းစစ်ဆင်ရေးများ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ကျယ်ပြန့်သော စစ်ဆင်ရေးများကို စတင်ခဲ့ ကြသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ပထမဆုံးကြီးမားကျယ်ပြန့်သည် နယ်မြေသိမ်း၊ မြို့သိမ်းစစ်ဆင်ရေးတစ်ခု ဖြစ်ပြီး၊ နယ်မြေ အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်အစိုးရ၏ ထိန်းချုပ်မှုကို သိသိသာသာ လျော့နည်းစေခဲ့သည်။ ထိုနောက်ပိုင်းတွင် နယ်မြေသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများမှ မြို့ပေါင်း (၉၀) ဝန်းကျင် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်သည်။

 
တော်လှန်ရေးကာလနှင့်အတူ ပြောင်းလဲလာသော မဟာဗျူဟာများ
------------------------------------------------------


၁။ နိုင်ငံရေးမဟာဗျူဟာ ပြောင်းလဲမှု

ကနဦးကာလ- တော်လှန်ရေးစတင်ချိန်တွင် နိုင်ငံရေးမဟာဗျူဟာသည် ရွေးကောက်ပွဲရလဒ်ကို ပြန်လည်ရရှိရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြန်လည်လုပ်ဆောင်ရေး ဟူသော ဦးတည်ချက် ရှိခဲ့သည်။

လက်ရှိကာလ- ပြင်းထန်သော တုံ့ပြန်မှုများနှင့် တော်လှန်ရေးပြောင်းလဲမှုနှင့်အတူ နိုင်ငံရေး မဟာဗျူဟာလည်း ပြောင်းလဲလာခဲ့သည်။ လက်ရှိတွင် NUG နှင့် တော်လှန်ရေးအင်အားစုများသည်-
  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး
  • ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး
  • တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားရှိရေး
စသည့် မဟာဗျူဟာများကို ပြောင်းလဲကျင့်သုံးလာခဲ့သည်။

 
၂။ စစ်ရေးမဟာဗျူဟာ ပြောင်းလဲမှု

ကနဦးကာလ- ကနဦးတွင် အကြမ်းမဖက်ဆန္ဒပြမှုများသာ ရှိခဲ့ပြီး၊ စစ်ရေးချဉ်းကပ်မှုများ မရှိခဲ့ပေ။

လက်ရှိကာလ- စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများအပြီးတွင် စစ်ရေးမဟာဗျူဟာများ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ဒေသတွင်းခုခံမှုများမှသည်၊ တောတွင်းပြောက်ကျား၊ မြို့ပြ ပြောက်ကျားစစ်များ၊  မြို့ပြစစ်ဆင်ရေးနှင့် နယ်မြေသိမ်းစစ်ပွဲ၊ မြို့သိမ်းတိုက်ပွဲကြီးများအထိ ထိုးဖောက်နိုင်ခဲ့သည်။ မော်စီတုန်း၏ ပြည်သူ့စစ်ပွဲသီအိုရီအရ ပြည်သူလူထုထံမှ အကူအညီရယူခြင်း၊ ရန်သူထံမှ လက်နက်ရယူခြင်းနှင့် ကျေးလက်ဒေသများမှ စတင်တိုက်ခိုက်ပြီး မြို့ကြီးများဆီသို့ လျှောက်လှမ်းသည့် မဟာဗျူဟာကို အသုံးပြုလာခဲ့သည်။


၃။ စီးပွားရေးမဟာဗျူဟာ ပြောင်းလဲမှု

ကနဦးကာလ- တော်လှန်ရေးစတင်ချိန်တွင် စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ စစ်အစိုးရကို အခွန်မပေးရေးနှင့် ဘဏ်များမှ ငွေများထုတ်ယူခြင်းကဲ့သို့သော စီးပွားရေး ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိကာလ- စစ်တပ်နှင့်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်နေကြသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကိုပါ သပိတ်မှောက်လာကြသည်။ တော်လှန်ရေးရန်ပုံငွေများကိုလည်း ပိုမိုရှာဖွေလာနိုင်ကြသည်။ စစ်တပ်မှ ထိန်းချုပ်ထားသော ဘဏ်များကို အသုံးပြုခြင်းမှ နွေဦးဘဏ်ကဲ့သို့ တော်လှန်ရေးဘဏ်များမှ တဆင့် ငွေများကို လွှဲပြောင်းလာနိုင်သည်။


၄။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးမဟာဗျူဟာ ပြောင်းလဲမှု

ကနဦးကာလ- တော်လှန်ရေး၏ ပထမကာလတွင် လူမှုကွန်ရက်များနှင့် မီဒီယာများကို အသုံးပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းထံ သတင်းအချက်အလက်များ ဖြန့်ဝေခဲ့သည်။

လက်ရှိကာလ- စစ်အစိုးရ၏ အင်တာနက်ဖြတ်တောက်မှုနှင့် ဆက်သွယ်ရေးကန့်သတ်ချက်များ ကြောင့် ပြည်တွင်းအခြေအနေများကို မျက်ခြေမပြတ်သိနိုင်ရန်နှင့် ပြည်သူများကို သတင်း အချက်အလက်ပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းကြသည်။ လက်ရှိအချိန်အထိ အာဏာသိမ်း စစ်တပ်မှ ပြည်သူကို သတင်းအမှောင်မချနိုင်သေးပေ။


လက်ရှိအသုံးပြုနေသော မဟာဗျူဟာများ၏ အားသာချက်များ
----------------------------------------------------


လက်ရှိအချိန်တွင် မြန်မာ့နွေဦးတော်လှန်ရေးသည် တဖြည်းဖြည်း တိုးတက်လာသော အောင်မြင်မှုများကို စတင်တွေ့မြင်နေရပြီဖြစ်သည်။ ဤအပိုင်းတွင် အသုံးပြုနေသော မဟာဗျူဟာများ၏ အားသာချက်များကို ဆွေးနွေးသွားမည်။

၁။ ဗဟိုချုပ်ကိုင်မှုနည်းသောနိုင်ငံရေး၊ စစ်ရေး၏ အားသာချက်များ

ရုတ်ချည်းဖမ်းဆီးရန် ခက်ခဲခြင်း- PDF နှင့် အခြားတော်လှန်ရေးအဖွဲ့များသည် ဗဟိုချုပ်ကိုင်မှုမရှိဘဲ ဆောင်ရွက်ခြင်းကြောင့် ခေါင်းဆောင်များ ဖမ်းဆီးခံရပါက တစ်ခုလုံး ပြိုလဲသွားခြင်းမရှိပေ။

ဒေသအလိုက် အခြေအနေနှင့် သင့်လျော်သော မဟာဗျူဟာများ ချမှတ်နိုင်ခြင်း- တော်လှန်ရေး အဖွဲ့များသည် ဒေသအလိုက် အခြေအနေများကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

စစ်အစိုးရ၏ ထောက်လှမ်းရေးကို ပိုမိုခက်ခဲစေခြင်း- ဆက်သွယ်ရေးနှင့် တိုက်ခိုက်ရေး နည်းဗျူဟာများကို စစ်အစိုးရမှ လျင်မြန်စွာ ဖော်ထုတ်ရန် ခက်ခဲစေသည်။


၂။ ညွန့်ပေါင်းမဟာဗျူဟာ၏ အားသာချက်

မြန်မာ့နွေဦးတော်လှန်ရေး၏ အဓိကအားသာချက်တစ်ခုမှာ စုပေါင်းခေါင်းဆောင်မှု ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားကာကွယ်ရေးတပ်ဖွဲ့များနှင့် NUG တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်-

ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ မျှဝေနိုင်ခြင်း- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နှစ်ပေါင်းများစွာ စစ်ရေးအတွေ့အကြုံနှင့် မြန်မာ့တပ်မတော်တိုက်ပွဲဝင်နည်းဗျူဟာများကို နားလည်ထားမှုတို့ကို အသုံးချနိုင်ခဲ့ သည်။

လူသားအရင်းအမြစ်နှင့် လက်နက်ခဲယမ်းများ ပေါင်းစပ်အသုံးပြုနိုင်ခြင်း- အဖွဲ့အစည်းများ ပေါင်းစပ်ခြင်းဖြင့် လိုအပ်သော အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ ခွဲဝေအသုံးပြုနိုင်ခဲ့သည်။

ထိရောက်သော နယ်မြေထိန်းချုပ်နိုင်ခြင်း- မဟာမိတ်ဖွဲ့စည်းမှုကြောင့် ယခင်ကထက် ပိုမို ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့သည်။

ပိုမိုကျယ်ပြန့်သော နိုင်ငံရေးတရားဝင်မှု- တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပေါင်းစည်းခြင်းဖြင့် ပိုမို ကျယ်ပြန့်သော တရားဝင်မှုကို ရရှိခဲ့သည်။


၃။ စီးပွားရေးနှင့် ဆက်သွယ်ရေးမဟာဗျူဟာများ၏ အားသာချက်

နိုင်ငံတကာထောက်ခံမှုနှင့် ဖိအားပေးမှုများရရှိခြင်း- တော်လှန်ရေးအဖွဲ့များသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို ထိရောက်စွာ ချဉ်းကပ်နိုင်ခဲ့ပြီး စစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဖိအားများကို အတိုင်းအတာတစ်ခုအထိ ပေးနိုင်ခဲ့သည်။

ဒီဂျစ်တယ်နည်းပညာရေကန်များကို ဖြတ်ကျော်နိုင်ခြင်း- VPN နှင့် ဂြိုဟ်တုအင်တာနက်ကဲ့သို့သော နည်းပညာဖြေရှင်းချက်များမှတစ်ဆင့် စစ်အစိုးရ၏ ဆက်သွယ်ရေးကန့်သတ်ချက်များကို ကျော်လွှား နိုင်ခဲ့သည်။

ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုခြင်း: ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုခြင်းဖြင့် တော်လှန်ရေးရန်ပုံငွေ များကို ထိရောက်စွာ လွှဲပြောင်းနိုင်ခဲ့ပြီး စစ်အစိုးရ၏ ငွေကြေးထိန်းချုပ်မှု ကန့်သတ်ချက်များကို ရှောင်ရှားနိုင်ခဲ့သည်။


၄။ ဒေသန္တရအုပ်ချုပ်ရေးများ တည်ဆောက်ခြင်း၏ အားသာချက်

ပြည်သူလူထု၏ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း- လွတ်မြောက်နယ်မြေများတွင် ပညာရေး၊ ကျန်းမာရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။

စစ်အစိုးရ၏ တရားဝင်မှုကို ယိုယွင်းစေခြင်း- ပြည်သူလူထုကို ဝန်ဆောင်မှုများပေးခြင်းဖြင့် စစ်အစိုးရ၏ အုပ်ချုပ်ရေးစနစ်ကို အစားထိုးနိုင်ကြောင်း ပြသနိုင်ခဲ့သည်။
တော်လှန်ရေးအတွက် "လမ်းပြမြေပုံ" တည်ဆောက်နိုင်ခြင်း- စစ်အစိုးရကျဆုံးပြီးနောက် အကူးအပြောင်းကာလတွင် အသုံးပြုမည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအစီအစဉ်များကို စမ်းသပ် အသုံးပြုနိုင်ခဲ့သည်။

 
မဟာဗျူဟာ ဟာကွက်များ
-----------------------


မြန်မာ့နွေဦးတော်လှန်ရေး၏ သိသာထင်ရှားသော အောင်မြင်မှုများရှိခဲ့သော်လည်း၊ မဟာဗျူဟာ ဆိုင်ရာ ဟာကွက်များလည်း ရှိခဲ့သည်။ ဤအပိုင်းတွင် အဓိကဟာကွက်များကို လေ့လာသုံးသပ်သွားမည်။


၁။ နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများ

ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များ မတူညီခြင်း- အဖွဲ့အသီးသီးသည် တော်လှန်ရေးအတွက် မတူညီသော ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များ ရှိကြသည်။ ညှိနှိုင်းဆောင်ရွက်ရမည့် အဖွဲ့များစွာ ရှိခြင်းကြောင့် တစ်ခါတစ်ရံတွင် ဆုံးဖြတ်ချက်ချမှတ်ရာ၌ နှေးကွေးခဲ့သည်။
ခေါင်းဆောင်မှုဆိုင်ရာ ပြိုင်ဆိုင်မှုများ- NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားအဖွဲ့များ အကြား တစ်ခါတစ်ရံတွင် ခေါင်းဆောင်မှုဆိုင်ရာ ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည်။

ဒေသန္တရအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံအားနည်းခြင်း - တပြည်ထောင်စနစ် အားကောင်းခဲ့သော တိုင်းပြည်အနေဖြင့် လက်ရှိကာလတွင် စိုးမိုးနယ်မြေများ၌ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်သောအခါ နိုင်ငံရေးစနစ်သစ်အပေါ် သိမှုအားနည်းခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းကြောင့် များစွာစိန်ခေါ်မှု ဖြစ်စေသည်။ လက်ရှိကာလတွင် လိုအပ်နေသော နည်းပညာအကူအညီများကိုလည်း ရရှိရန် အလှမ်းဝေးနေဆဲဖြစ်သည်။
 

၂။ စစ်ရေးဆိုင်ရာ စိန်ခေါ်ချက်များ

စစ်ရေးမဟာဗျူဟာကိုကျွမ်းကျင်မှုအားနည်းခြင်း - လက်နက်ကိုင်တော်လှန်ရေးကို အဓိကလမ်းစဉ် အဖြစ် ရွေးချယ်မှုသည် တော်လှန်ရေးတွင် ပါဝင်သူအားလုံး ဆက်လက်တိုက်ပွဲဝင်နိုင်ရန် အကန့် အသတ် ဖြစ်စေသည်။ စစ်ရေးမဟာဗျူဟာမကျွမ်းကျင်မှုသည်လည်း အဓိက စိန်ခေါ်ချက်ဖြစ်သည်။
ဘဏ္ဍာရေးကန့်သတ်ချက်များ - တိုက်ပွဲများ ဆက်လက်ရှည်ကြာလာသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့ များသည် ငွေကြေးလိုအပ်ချက်များနှင့် ရင်ဆိုင်ရသည်။

လက်နက်နှင့် ခဲယမ်းလိုအပ်ချက်များ- PDF များနှင့် တော်လှန်ရေးတပ်ဖွဲ့များသည် လက်နက်နှင့် ခဲယမ်းလိုအပ်ချက်များနှင့် ရင်ဆိုင်ရသည်။

နည်းပညာနှင့် သင်တန်းရရှိမှု ကန့်သတ်ချက်များ- တိုက်ပွဲဝင်စွမ်းရည်တိုးတက်ရန် လိုအပ်သော သင်တန်းများ ရရှိရန် အခက်အခဲရှိသည်။

နယ်စပ်ဧရိယာများသို့ ထွက်ပေါက်ကန့်သတ်ချက်များ- တပ်ဖွဲ့အများစုသည် နယ်စပ်ဒေသများမှ ဝေးကွာသော နယ်မြေများတွင် လှုပ်ရှားရသည့်အတွက် လိုအပ်သော အထောက်အပံ့များ ရရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်။


၃။ သတင်းအချက်အလက်နှင့် ဝါဒဖြန့်ချိရေးဆိုင်ရာ ဟာကွက်များ

သတင်းလျင်မြန်စွာပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲခြင်း - ဗဟိုချုပ်ကိုင်မှုမရှိသော ဖွဲ့စည်းပုံကြောင့် သတင်းအချက်အလက်များကို လျှို့ဝှက်ထားရန်နှင့် ဖြန့်ဖြူးရန်ကြားတွင် ကိုင်တွယ်ထိန်းချုပ်ရ ခက်ခဲသည်။ သတင်းပေါက်ကြားမှုကြောင့် ထိခိုက်ခဲ့ရသောအခြေအနေများလည်း ရှိသည်။  

နိုင်ငံတကာမီဒီယာအာရုံစိုက်မှု ဆုံးရှုံးခြင်း - တော်လှန်ရေးစတင်ပြီး အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံတကာမီဒီယာများ၏ အာရုံစိုက်မှု လျော့နည်းလာခဲ့သည်။

စစ်အစိုးရ၏ လုပ်ကြံသတင်းများနှင့် ဝါဒဖြန့်ချိရေးကို တုံ့ပြန်ရာတွင် စိန်ခေါ်မှုများ- စစ်အစိုးရသည် အာဏာသိမ်းပြီးနောက် ပြည်တွင်းနှင့် နိုင်ငံပိုင်သတင်းမီဒီယာများကို ထိန်းချုပ်ခဲ့ပြီး၊ တော်လှန်ရေး သမားများကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ရန် ကြိုးပမ်းနေသည်။

 
၄။ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲ စိန်ခေါ်မှုများ

တော်လှန်ရေးပင်ပန်းမှု (Revolution Fatigue)- တော်လှန်ရေးကြာရှည်လာသည်နှင့်အမျှ လူထုအကြား စိတ်ပင်ပန်းမှုနှင့် အားလျော့လာမှုများ ဖြစ်ပေါ်လာသည်။

ပြည်သူများအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ- တော်လှန်ရေးရလဒ်ကြောင့် ပြည်သူများ၏ ဘဝလုံခြုံရေးအပေါ် ထိခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
တော်လှန်ရေးအတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ- စစ်ရေးလှုပ်ရှားမှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုသည် တော်လှန်ရေး၏ တရားဝင်မှုကို ထိခိုက်စေသည်။

 
၅။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ

ဒုက္ခသည်နှင့် စစ်ဘေးရှောင်အရေအတွက် တိုးလာခြင်း: စစ်ဆင်ရေးများ တိုးမြှင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာပြီး၊ အိုးအိမ်ပျက်စီးမှုလည်း အလွန်းမြင့်တက်လာသည်။  လူသားချင်းစာနာထောက်ထားမှုကို လုံလောက်အောင် မလုပ်ဆောင်နိုင်ပေ။ အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကဲ့သို့သော ထိခိုက်လွယ်သော အုပ်စုများအတွက် ထိခိုက်မှုများ ပိုမိုကြီးမားလာသည်။

အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်း - စစ်ရေးအရှိန်မြှင့်တက်လာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးကဲ့သို့ အရေးပေါ်လိုအပ်ချက်ကို မဖြည့်တင်းပေးနိုင်တော့ပေ။

 
နိဂုံး
-----


နွေဦးတော်လှန်ရေးသည် ယခင်ကမတွေ့ကြုံခဲ့ဖူးသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြား လွန်ဆွဲလျက် ရှိသည်။ ယနေ့အချိန်ထိ ကြည့်မည်ဆိုပါက ဤတော်လှန်ရေးသည် ဘက်ပေါင်းစုံမှ ချဉ်းကပ်ထား သော မဟာဗျူဟာမျိုးစုံကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများမှ စတင်ခဲ့ပြီး ကျယ်ပြန့်သော လက်နက်ကိုင်တော်လှန်ရေးအထိ တိုးတက်ပြောင်းလဲလာခဲ့သည်။၂၀၂၅ ခုနှစ်သည် စစ်ရေးအောင်ပွဲများနှင့်အတူ နိုင်ငံရေးအောင်မြင်မှုကို ရရှိရန် ကြိုးပမ်းနေဆဲကာလ ဖြစ်သည်။ ထို့နောက်တွင် လုပ်ဆောင်ရမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးသည် နောက်ထပ်ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။

အနာဂတ်တွင် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် တော်လှန်ရေး အင်အားစုများအကြား စည်းလုံးညီညွတ်မှု ဆက်လက်ထိန်းသိမ်းနိုင်ခြင်းနှင့် ပိုမိုချိတ်ဆက်နိုင်ခြင်း၊ နိုင်ငံတကာထောက်ခံမှု တိုးမြှင့်ရရှိခြင်း၊ အရင်းအမြစ်များကို စနစ်ကျစွာ အသုံးပြုနိုင်ခြင်းနှင့် တော်လှန်ရေး ကာလရှည်ကြာလာသည် နှင့်အမျှ ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း တို့အပေါ် လုံးဝ မှီတည်နေပေလိမ့်မည်။

​နွေဦးတော်လှန်ရေးကာလအတွင်း ပြောင်းလဲလာသော တိုးတက်မှု၊ ဆုတ်ယုတ်မှု များကို အသိသတိရှိခြင်းသည် အောင်ပွဲအတွက် အထူးလိုအပ်သည်။ ပြောင်းလဲလာသော အခြေအနေ၊ ပေးထားချက်များအပေါ် အကောင်းဆုံးမဟာဗျူဟာရေးဆွဲနိုင်ခြင်းဖြင့် နွေဦးတော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း။            ။



အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media​