ရေးသားသူ-Liliane

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။
 


နိဒါန်း
-----

တော်လှန်ရေးဟူသည် မတရားမှုများကို တရားမျှတသည့်လုပ်ရပ်များ ဖြစ်လာအောင် အပြောင်းအလဲ လုပ်ခြင်း ဖြစ်သည်။ တော်လှန်ရေးကိုယ်၌က တရားမှုကို ရှာဖွေခြင်း ဖြစ်သည်။ တော်လှန်ရေး၏ အပြောင်းအလဲကာလတွင် တရားဥပဒေစိုးမိုးမှုသည် အလွန်အားနည်းတတ်သည်။ မတရားမှုများက အခွင့်အရေးယူကာ ပေါ်လာတတ်သည်။စစ်ကောင်စီမှ ပြည်သူများအပေါ်တွင်လည်းကောင်း၊ တော်လှန် အင်အားစုများအကြားတွင်လည်းကောင်း၊ တော်လှန်ရေးအင်အားစုနှင့် ပြည်သူအကြားတွင်လည်းကောင်း ဖြစ်ပေါ်နေသော ပြစ်မှုများကို အပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိဘဲ အပြစ်ပေးနိုင်အောင် ကြိုးပမ်းခြင်းသည် တော်လှန်ရေးအတွက် လိုအပ်သော အဆင့်တစ်ခု ဖြစ်သည်။

တချိန်တည်းတွင် တော်လှန်ရေးကာလအတွင်း အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားဖိနှိပ်မှုများကို တုံ့ပြန်ရာတွင် “မည်သို့၊ မည်ပုံ တရားမျှတမှုကို ဖော်ဆောင်သင့်သလဲ” သည် တော်လှန်ရေးအတွက် ထပ်ဆင့်မေးခွန်းပင် ဖြစ်သည်။

 
တရားမျှတမှု၏ အခြေခံစံတန်ဖိုးများ
------------------------------

တော်လှန်ရေး၏ အနှစ်သာရဖြစ်သည့် လူအချင်းချင်း ခွဲခြားမှု၊ ဖိနှိပ်မှု၊ ဖယ်ကျဉ်မှုကို တွန်းလှန်ရာတွင် အောက်ပါ အခြေခံစံတန်ဖိုးများကို ထည့်သွင်းစဉ်းစားရပါမည်။
 
၁။ ဂုဏ်သိက္ခာ (Dignity)

လူသားတိုင်းသည် မိမိတို့၏ ဂုဏ်သိက္ခာအရ လေးစားခံပိုင်ခွင့်ရှိသည်။ တရားမျှတမှုစနစ်သည် ကျူးလွန်ခံရသူများ၊ ကျူးလွန်သူများနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ဂုဏ်သိက္ခာကို အလေးထားရမည်။ မည်သည့်အခြေအနေတွင်မဆို လူသားမဆန်သော ဆက်ဆံမှုများကို ရှောင်ကြဉ်ရမည်။

၂။ တန်းတူညီမျှမှု (Equality)

တရားမျှတမှုစနစ်သည် လူတိုင်းကို တန်းတူညီမျှစွာ ဆက်ဆံရမည်။ လူမျိုး၊ ဘာသာ၊ လိင်၊ နိုင်ငံရေး ယုံကြည်ချက် စသည်တို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုရ။ ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူဖြစ်ရမည်။

၃။ တာဝန်ခံမှု (Accountability)

မတရားမှုကျူးလွန်သူများသည် ၎င်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံရမည်။ ရာထူးအဆင့်အတန်း၊ နိုင်ငံရေးကြွယ်ဝမှု၊ စစ်တပ်နှင့်ဆက်နွယ်မှုများကြောင့် တာဝန်ခံမှုမှ ကင်းလွတ်ခွင့်မရှိစေရ။

၄။ ဥပဒေစိုးမိုးရေး (Rule of Law)

တရားမျှတမှုသည် လူတစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်စု၏ ဆန္ဒအလျောက် မဟုတ်ဘဲ၊ ဥပဒေနှင့်အညီ ဖြစ်ရမည်။ လူများကို ဥပဒေနှင့်အညီသာ စစ်ဆေးစီရင်ရမည်ဖြစ်ပြီး၊ လူအုပ်စုဖြင့် တရားစီရင်ခြင်း၊ ဥပဒေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင့်သုံးခြင်းမျိုး မဖြစ်စေရ။

၅။ သောကပရိဒေဝများကို အသိအမှတ်ပြုခြင်း (Recognition of Suffering)

တရားမျှတမှုစနစ်သည် ကျူးလွန်ခံရသူများ၏ နာကျင်မှု၊ စိတ်ဒဏ်ရာနှင့် ဆုံးရှုံးမှုများကို အသိအမှတ် ပြုရမည်။ ၎င်းတို့၏ အသံကို နားထောင်ပေးခြင်း၊ ၎င်းတို့၏ အတွေ့အကြုံများကို မှတ်တမ်းတင်ခြင်း၊ အများပြည်သူရှေ့မှောက်တွင် အသိအမှတ်ပြုခြင်းတို့ ပါဝင်သည်။
 
တရားမျှတမှုအမျိုးအစားများ
------------------------

၁။ ပြစ်ဒဏ်ပေးသော တရားမျှတမှု (Retributive Justice)

ပြစ်ဒဏ်ပေးသော တရားမျှတမှုသည် ရာဇဝတ်မှုကျူးလွန်သူများကို သင့်လျော်သော ပြစ်ဒဏ်ပေးခြင်း ဖြင့် တရားမျှတမှုကို ရှာဖွေသည့်နည်းဖြစ်သည်။ ဤအမြင်အရ ရာဇဝတ်မှုကျူးလွန်သူများသည် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အပြစ်ပေးခံရသင့်သည်ဟု ယူဆသည်။ တော်လှန်ရေးကာလတွင် ယခင်အုပ်ချုပ်သူများ၏ မတရားမှုများအတွက် တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ပေးခြင်းတို့သည် ဤနည်းလမ်းတွင် ပါဝင်သည်။

၂။ ပြန်လည်ထူထောင်သော တရားမျှတမှု (Restorative Justice)

ပြန်လည်ထူထောင်သော တရားမျှတမှုသည် ကျူးလွန်ခံရသူများ၏ နာကျင်မှုကို သက်သာစေရန်၊ ကျူးလွန်သူများကို လူ့အဖွဲ့အစည်းတွင် ပြန်လည်ပေါင်းစည်းစေရန်နှင့် လူမှုဆက်ဆံရေးများကို ပြန်လည် တည်ဆောက်ရန် ရည်ရွယ်သည်။ ဤချဉ်းကပ်နည်းတွင် ကျူးလွန်ခံရသူများ၏ လိုအပ်ချက်များကို ဦးစား ပေးခြင်း၊ ကျူးလွန်သူများက မိမိတို့လုပ်ရပ်အတွက် တာဝန်ယူခြင်း၊ ထိခိုက်နစ်နာမှုများကို ပြန်လည် ကုစားခြင်းတို့ ပါဝင်သည်။

၃။ ပြန်လည်ဖြည့်ဆည်းပေးသော တရားမျှတမှု (Reparative Justice)

ပြန်လည်ဖြည့်ဆည်းပေးသော တရားမျှတမှုသည် မတရားမှုကြောင့် ထိခိုက်နစ်နာခဲ့ရသူများအား ပစ္စည်းဥစ္စာ၊ ငွေကြေး သို့မဟုတ် အခြားနည်းလမ်းများဖြင့် ပြန်လည်ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ဥပမာ - သိမ်းဆည်းခံခဲ့ရသော မြေယာများ ပြန်လည်ပေးအပ်ခြင်း၊ နစ်နာကြေးများ ပေးအပ်ခြင်း စသည်တို့ဖြစ်သည်။

၄။ ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice)

ကူးပြောင်းရေးကာလ တရားမျှတမှုသည် ပဋိပက္ခများ သို့မဟုတ် ဖိနှိပ်သော အုပ်ချုပ်မှုစနစ်များမှ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေသော လူ့အဖွဲ့အစည်းများတွင် အတိတ်က ကျူးလွန် ခဲ့သော စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများဖြစ်သည်။ ဤတွင် အမှန်တရားရှာဖွေရေးကော်မရှင်များ ဖွဲ့စည်းခြင်း၊ အာဏာရှင်စနစ်ကိုယ်စားပြုသော အဖွဲ့အစည်းများကို ဖျက်သိမ်းခြင်း၊ ဖွဲ့စည်းပုံပြုပြင်ခြင်းတို့ ပါဝင်သည်။
 
လက်ရှိအခြေအနေတွင် ချိုးဖောက်ခံနေရသည့် လူ့အခွင့်အရေးများနှင့် ရာဇဝတ်မှုများ
--------------------------------------------------------------------

တော်လှန်ရေးကာလအတွင်း ပြည်သူအများ ရင်ဆိုင်နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ နှင့် ရာဇဝတ်မှုများကို အောက်ပါအတိုင်း ခြုံငုံနိုင်သည်။

၁။ အသက်ရှင်သန်ခွင့် ချိုးဖောက်ခံရခြင်း

ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် သေနတ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခြင်း၊ စစ်ကောင်စီမှ ရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားများကို သတ်ဖြတ်ခြင်းတို့သည် အသက်ရှင်သန်ခွင့်ကို ချိုးဖောက်သည့် ရာဇဝတ်မှုများဖြစ်သည်။ တော်လှန်ရေးအင်အားစုများမှ ဒလန်ဟု သေချာမဆုံးဖြတ်နိုင်သေးနိုင်ခင်မှာ ပြည်သူအချို့ကို သတ်ဖြတ်ခြင်း၊ စစ်သုံ့ပန်းများကို သတ်ခြင်းသည် အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရာမြောက်သည်။

၂။ တရားလက်လွတ် ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း

နိုင်ငံရေးအကျဉ်းသားများအား တရားဝင်စွဲချက်တင်ခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းတို့သည် တရားမျှတသော တရားခွင်ရရှိခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။ ပြည်သူများကို နိုင်ငံရေးယုံကြည်ချက်အပေါ် အခြေခံပြီး ပစ်မှတ်ထားဖမ်းဆီးခြင်း သည်လည်း ဤခေါင်းစဉ်တွင် အကြုံးဝင်သည်။ တော်လှန်ရေးအင်အားစုအနေဖြင့်လည်း ပြည်သူများကို စစ်တပ်ကို အားပေးထောက်ခံသည့် ခိုင်လုံသော သက်သေမရှိဘဲ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းသည် တရားလက်လွတ်ဖမ်းဆီး နှိပ်စက်ခြင်းပင်။

၃။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့် ချိုးဖောက်ခံရခြင်း

လူမှုကွန်ရက်စာမျက်နှာများကို ပိတ်ပင်ခြင်း၊ သတင်းမီဒီယာများကို ဖိနှိပ်ခြင်း၊ အင်တာနက် ဖြတ်တောက်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြရန် ကြိုးပမ်းသူများကို အကြမ်းဖက်ဖြိုခွင်းခြင်းတို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။

၄။ ပစ္စည်းဥစ္စာများ သိမ်းယူခံရခြင်း

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း၊ နိုင်ငံရေး အကျဉ်းသားများ၏ ဘဏ်အကောင့်များကို ပိတ်ပင်ခြင်း၊ ဆန္ဒပြပွဲများတွင် ပါဝင်သည့် ရပ်ကွက်/ကျေးရွာများ ကို ဒဏ်ပေးသည့်အနေဖြင့် ပစ္စည်းဥစ္စာများ သိမ်းယူခြင်းတို့သည် ပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သည်။

၅။ အစုလိုက်အပြုံလိုက် အပြစ်ပေးခံရခြင်း

ရပ်ရွာတစ်ခုလုံးကို ပစ်မှတ်ထား၍ အပြစ်ပေးခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ စားနပ်ရိက္ခာများ ဖြတ်တောက်ခြင်းတို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်သည့် ရာဇဝတ်မှုများ ဖြစ်သည်။

၆။ နေ့စဉ်နဲ့အမျှ ထပ်ဆင့်ကြုံတွေ့နေရသောလူ့အခွင့်အရေးချိုးဖောက်မှုများ

            စစ်ရှောင်ပြည်သူများ၊ တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုများကို ကြုံတွေ့နေရသလို၊ တော်လှန်ရေးအင်အားစုအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ကြရသည်။ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုသည် တော်လှန်ရေးအင်အားစု အချင်းချင်းကြား တွေ့ရများသော လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်။
 
တရားမျှတမှုရရှိအောင် လုပ်ဆောင်ရမည့် နည်းလမ်းများ
----------------------------------------------

၁။ တာဝန်ခံမှုကို ဦးစားပေးခြင်း

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို ကျူးလွန်သူများကို တာဝန်ခံစေရမည်။ ဤတွင် ပြည်တွင်းတရားရုံးများမှတဆင့် တရားစွဲဆိုခြင်း၊ နိုင်ငံတကာရာဇဝတ်မှုခုံရုံးသို့ လွှဲပြောင်းခြင်း၊ နိုင်ငံတကာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ အခြားနိုင်ငံများ၏ တရားရုံးများတွင် တရားစွဲဆိုခြင်းတို့ ပါဝင်နိုင်သည်။
 
၂။ အမှန်တရားဖော်ထုတ်ရေးကော်မရှင်များ ဖွဲ့စည်းခြင်း

အမှန်တရားဖော်ထုတ်ရေးကော်မရှင်များသည် ကျူးလွန်ခံရသူများအား ၎င်းတို့၏ အတွေ့အကြုံများ ကို မျှဝေနိုင်ရန် နေရာတစ်ခု မျှဝေပေးခြင်း၊ အဖွဲ့အစည်းဆိုင်ရာ မတရားမှုပုံစံများကို မှတ်တမ်းတင်ခြင်း၊ အလားတူဖြစ်စဉ်များ နောင်တွင် ထပ်မံမဖြစ်ပွားစေရန် အကြံပြုချက်များ ပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင် သည်။

၃။ ပြန်လည်ကုစားမှုနှင့် လျော်ကြေးပေးခြင်း

နစ်နာသူများအတွက် ပြန်လည်ကုစားမှုများတွင် နစ်နာကြေးငွေပေးခြင်း၊ ပိုင်ဆိုင်မှုများ ပြန်လည် ပေးအပ်ခြင်း၊ ဆေးဝါးကုသမှုပံ့ပိုးခြင်း၊ ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ ပါဝင်နိုင်သည်။ ထို့အပြင် အစုလိုက်အပြုံလိုက် လျော်ကြေးပေးခြင်း (Collective Reparations) ဖြင့် ထိခိုက်ခံရသော လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ပံ့ပိုးခြင်းတို့လည်း ပါဝင်နိုင်သည်။

၄။ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး

တရားမျှတမှုကို ရေရှည်ထိန်းသိမ်းရန် အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ ဤတွင် လုံခြုံရေးတပ်ဖွဲ့များ ပြုပြင်ပြောင်းလဲခြင်း၊ တရားရေးစနစ် ပြုပြင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းတို့ ပါဝင်နိုင်သည်။ ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သော အစိုးရအရာရှိများကို ရာထူးမှ ဖယ်ရှားခြင်း (Vetting) လည်း ပါဝင်နိုင်သည်။

၅။ ပြည်သူလူထု ပါဝင်မှုကို အားပေးခြင်း

တရားမျှတမှုဖြစ်စဉ်တွင် ပြည်သူလူထု၏ ပါဝင်မှုသည် အလွန်အရေးကြီးသည်။ ဤတွင် ဒေသခံရပ်ရွာ လူထုနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပါဝင်မှုကို အားပေးခြင်း၊ ပြည်သူလူထုအား တရားမျှတမှုဆိုင်ရာ အသိပညာပေးခြင်းတို့ ပါဝင်သည်။ ဤသို့ ပြည်သူလူထု ပါဝင်မှုသည် တရားမျှတမှုဖြစ်စဉ်၏ တရားဝင်မှုနှင့် ရေရှည်တည်တံ့မှုကို ပိုမိုအားကောင်း စေသည်။
 
တော်လှန်ရေးအင်အားစုများမှ ကျူးလွန်မှုများကို တရားမျှတရှိအောင် လုပ်ဆောင်ခြင်း
---------------------------------------------------------------------

တော်လှန်ရေးကိုယ်တိုင်က တရားမျှတမှုအတွက် တိုက်ပွဲဝင်နေချိန်တွင် မိမိတပ်ဖွဲ့များက ကျူးလွန် သော ရာဇဝတ်မှုများကို တာဝန်ယူ၊ တာဝန်ခံရန် အထူးအရေးကြီးပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေး၏ တရားဝင်မှုကို ခိုင်မာစေခြင်း၊ အနာဂတ်တွင် တည်ဆောက်မည့် နိုင်ငံအတွက် စံနမူနာကို သတ်မှတ်ပေးခြင်း၊ ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေခြင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို ရရှိစေခြင်း စသည့်အကျိုးကို ရရှိနိုင်သည်။

တော်လှန်ရေးအင်အားစုများက ကျူးလွန်နိုင်သော ရာဇဝတ်မှု အမျိုးအစားများမှာ (၁) အရပ်သားများအပေါ် တိုက်ခိုက်မှုများ၊ (၂) စစ်အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက် ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း၊ (၃) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ (၄) ကလေးစစ်သားစုဆောင်းခြင်း၊ (၅) လုယက်ခြင်းနှင့် ဓားပြတိုက်ခြင်း၊ (၆) အကြောင်းမဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်သည်။
 
တော်လှန်ရေးအင်အားစုအတွင်းအပြစ်ဒဏ်ပေးရန် နည်းလမ်းများ
----------------------------------------------------

၁။ ကိုယ်ပိုင်တာဝန်ခံမှုယန္တရားများ တည်ဆောက်ခြင်း

တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတပ်ဖွဲ့များအတွင်း စည်းကမ်းထိန်းသိမ်းရေးနှင့် တာဝန်ခံမှု ယန္တရားများ၊ လွတ်မြောက်နယ်မြေအခြေစိုက်တရားရုံးများကို တည်ဆောက်သင့်ပါသည်။ ရှင်းလင်းသော ကျင့်ဝတ်စည်းမျဉ်းများနှင့် လုပ်ငန်းဆောင်ရွက်မှု စံလုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊ စစ်ရေးစည်းကမ်းနှင့် လူသားချင်းစာနာမှုဥပဒေဆိုင်ရာ သင်တန်းများ ပေးခြင်း၊ လွတ်လပ်သော တိုင်ကြားမှုလုပ်ငန်းစဉ်များ တည်ဆောက်ခြင်း၊ တပ်တွင်း စစ်ခုံရုံးစနစ် ထူထောင်ခြင်းနှင့် ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးခြင်း တို့ကို လုပ်ဆောင်ရမည်။

၂။ ကြားကာလတရားရေးယန္တရားများ ထူထောင်ခြင်း

တော်လှန်ရေး အောင်မြင်သည့်အခါ သို့မဟုတ် လွတ်မြောက်နယ်မြေဒေသများကို စိုးမိုးအုပ်ချုပ်နိုင် သည့်အခါ ကြားကာလတရားရုံးများ တည်ထောင်ခြင်း၊ အရပ်သားနှင့် စစ်ဘက်ဆိုင်ရာတရားစီရင်ရေးစနစ်များ ခွဲခြားထားရှိခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားမျှတသော တရားစီရင်ရေးလုပ်ငန်းစဉ်များ ကျင့်သုံး ခြင်း၊ စွပ်စွဲခံရသူများအတွက် ဥပဒေအကျိုးဆောင်ပိုင်ခွင့်ကို အာမခံခြင်းများကို လုပ်ပေးရမည်။

၃။ နိုင်ငံတကာဥပဒေ ကျင့်သုံးခြင်း

တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာကြောင်း ပြသရန် လိုအပ်သည်။ ဂျီနီဗာကွန်ဗင်းရှင်းကို လေးစားလိုက်နာကြောင်း ထုတ်ပြန်ကြေညာခြင်း၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) နှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုခြင်း၊ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာသော အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ လုပ်ဆောင်ချက်များကို စောင့်ကြည့်ခွင့်ပြုခြင်းများ လုပ်ရမည်။

၄။ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်များ

တော်လှန်ရေးပြီးဆုံးပြီးနောက် ကြားကာလအမှန်တရားရှာဖွေရေးကော်မရှင်များ ဖွဲ့စည်းကာ ကျူးလွန်သူများကို ဝန်ချတောင်းပန်ခွင့်နှင့် ပြုပြင်ခွင့်ပေးခြင်း၊ ကျူးလွန်ခံရသူများအတွက် လျော်ကြေးပေး သည့်စနစ်များ တည်ထောင်ခြင်း၊ ရပ်ရွာအခြေပြု တရားမျှတမှုဖြစ်စဉ်များ အားပေးခြင်းများကို ဆက်လက် လုပ်ဆောင်ရမည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့တပ်ဖွဲ့များက ကျူးလွန်သော ရာဇဝတ်မှုများကို တာဝန်ခံ အပြစ်ဒဏ်ပေးခြင်းသည် ရေရှည်တွင် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် မရှိမဖြစ် လိုအပ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် တော်လှန်ရေး၏ ဂုဏ်သိက္ခာနှင့် တရားဝင်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရားမျှတမှုသည် အဖွဲ့အစည်းတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဖြစ်ကြောင်း သက်သေပြသရာရောက်ပါသည်။
 
တရားမျှတမှု ဖော်ဆောင်ရာတွင် ရင်ဆိုင်ရသော စိန်ခေါ်မှုများ
-------------------------------------------------

၁။ လုံခြုံရေးစိန်ခေါ်မှုများ

တော်လှန်ရေးကာလအတွင်း တရားမျှတမှုအတွက် တောင်းဆိုသူများသည် ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်ခံရနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်။ သက်သေများနှင့် ကျူးလွန်ခံရသူများအား ကာကွယ်ပေးရန် လုံခြုံရေးအစီအမံများ လိုအပ်သည်။

၂။ အရင်းအမြစ်ကန့်သတ်ချက်များ

တရားမျှတမှုလုပ်ငန်းစဉ်များသည် အချိန်နှင့် အရင်းအမြစ်များစွာ လိုအပ်သည်။ တော်လှန်ရေး ကာလအတွင်း လုံလောက်သောထောင်များ၊ တရားရေးပညာရှင်များ မရှိနိုင်ပေ။ နယ်စပ်ဒေသနှင့် အခြားနိုင်ငံတွင် တရားမဝင်ရွေ့ပြောင်းနေထိုင်ကြသော ပြည်သူများသည် တရားရုံးများကို လက်လှမ်းမှီရန် ပိုခက်ခဲသည်။

၃။ ပြန်လည်သင့်မြတ်ရေးနှင့် တရားမျှတမှုကြား ဟန်ချက်ညီစေခြင်း

တရားဥပဒေစိုးမိုးမှုအားနည်းသောကာလတွင် အပြစ်ဒဏ်ပေးမှုကနေ လက်တုံ့ပြန်မှုစက်ဝန်းကို ဖြစ်စေနိုင်သည်။ လုံလောက်အောင် အပြစ်ဒဏ်မပေးနိုင်ဘဲ ခွင့်လွှတ်ကြေးပေးခြင်းကို စဉ်းစားရနိုင်သည်။

၄။ နိုင်ငံရေးဆန္ဒ မရှိခြင်း

တော်လှန်ရေးပြီးဆုံးပြီးနောက် အာဏာရလာသော အုပ်စုများတွင် တရားမျှတမှုအတွက် လုပ်ဆောင်ရန် နိုင်ငံရေးဆန္ဒ မရှိနိုင်ပါ။ အကူးအပြောင်းကာလ နိုင်ငံရေးအရေးနှိုးဆော်မှု၊ ပြည်သူလူထု၏ ဖိအား၊ နိုင်ငံတကာ၏ ပံ့ပိုးမှုတို့သည် အရေးကြီးပါသည်။

 
နိဂုံး
----

တော်လှန်ရေးကာလတွင် တရားမျှတမှုဖော်ဆောင်ခြင်းသည် ရှုပ်ထွေးနက်နဲပြီး ခက်ခဲသော လုပ်ငန်းစဉ်ဖြစ်သည်။ တရားမျှတမှုဆိုသည်မှာ ရာဇဝတ်သားများကို ပြစ်ဒဏ်ပေးခြင်းသာမဟုတ်ဘဲ၊ ကျူးလွန်ခံရသူများ၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း၊ လူ့အဖွဲ့အစည်းတွင် ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်းတို့လည်း ပါဝင်သည်။

တရားမျှတမှုဖြစ်စဉ်တွင် ကျူးလွန်ခံရသူများ၏ အသံကို ဦးစားပေး နားထောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ လိုအပ်ချက်များကို တုံ့ပြန်ပေးရမည်။ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများ၊ လူသားချင်းစာနာမှုဥပဒေများကို လေးစားလိုက်နာကာ တရားမျှတမှုကို ဖော်ဆောင်ရမည်။ တရားမျှတမှုမရှိသော တော်လှန်ရေးသည် ရေရှည်တည်တံ့နိုင်မည် မဟုတ်ပါ။

တရားမျှတမှုသည် အတိတ်က မတရားမှုများကို ဖြေရှင်းရန်သာမက၊ အနာဂတ်တွင် အလားတူမတရားမှုများ ထပ်မံမဖြစ်ပွားစေရန်လည်း အရေးကြီးသည်။ တော်လှန်ရေးကာလ တွင် တရားမျှတမှုကို ဖော်ဆောင်နိုင်အားခြင်းဖြင့် ပိုမိုတရားမျှတပြီး ဒီမိုကရေစီနည်းကျသော လူ့အဖွဲ့အစည်း သစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။


အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media