ရေးသားသူ- မိုခါး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၇) မှ ကောက်နုတ်ဖော်ပြသည်။
ကျွန်မနာမည်က အေးမာ။ အသက်ကတော့ ၃၁ နှစ်ပေါ့။
ကျွန်မကို ဧရာဝတီတိုင်းက ရွာလေးတစ်ရွာမှာမွေးပြီးတော့ ၂၀၀၈ ခုနှစ် နာဂတ်မုန်တိုင်းဒဏ်ကြောင့် ကျွန်မတို့ရွာကြီး ပျက်စီးသွားပြီးနောက်မှာ အမေတို့နဲ့အတူ ရန်ကုန်မြို့ကို တက်လာခဲ့တယ်။ ရန်ကုန်မြို့ ဆိုပေမယ့်လည်း မြို့လယ်ခေါင်တော့မဟုတ်လှ။ မြို့စွန် လှိုင်သာယာလို့ခေါ်တဲ့ ကျွန်မတို့လို ဧရာဝတီတိုင်းက ပြောင်းရွေ့လာတဲ့ မိသားစုတွေအများဆုံးနေထိုင်တဲ့နေရာမှာ အိမ်သေးသေးလေးတစ်လုံးငှားပြီးနေကြတယ်။ အဲ့မြို့က အထက်တန်းကျောင်းမှာတက်ပြီး ၁၀ တန်းမအောင်တော့ ကျွန်မလည်းဆက်မတက်တော့ဘဲ အိမ်နားက အမျိုးသမီးတွေအများဆုံးလုပ်ကိုင်ကြတဲ့ အထည်ချုပ်စက်ရုံမှာအလုပ်စဝင်ခဲ့တယ်။
ကျွန်မအလုပ်စလုပ်တော့ ၂၀၁၂၊ ၂၀၁၃ ခုနှစ်ဝန်းကျင်၊ အဲ့ခေတ်ကာလ လစာအများကြီး ရတာမဟုတ်ပေမယ့်လည်း ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းက လောက်ငှနေသေးတယ်ပြောရမယ်၊ လောက်ငှတယ် ဆိုပေမယ့်လည်း သူများတွေလို ရွှေတွဲလွှဲ ငွေတွဲလွှဲဘဝကို အိပ်မက်တောင် မမက်ရဲပေါင်။ ဒါပေမယ့် သူများဆီက နေ့ပြန်တိုးနဲ့ မချေးရတာနဲ့တင် ကျွန်မကတော့ ကျေနပ်နေပြီ။ အခုဆိုလုပ်သက်ကလည်း များလာပြီဆိုပေမယ့် ကျွန်မမှာ တခြားအလုပ်လည်း မပြောင်းနိုင်ဘူး။ ဒီစက်ရုံအလုပ်သမားဘဝမှာပဲ ရှိသေးတယ်။
၂၀၁၅ ခုနှစ်နောက်ပိုင်းလောက်ကတော့ အစိုးရကောင်းကောင်းခေတ်ဆိုတော့ ကျွန်မတို့တွေ လုပ်ခလစာပိုကောင်းမလား၊ ကျွန်မတို့အလုပ်သမားအခွင့်အရေးတွေ ဘာတွေအတွက်မျှော်လင့်ချက်တွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့်လည်း ကျောမွဲကတော့ ကျောမွဲဘဝပါပဲ။စက်ရုံတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေ အဲ့ခေတ်ကလည်း ကြုံရတာပဲ၊ အဲ့ခေတ်ကတော့ စီခနဲဆို အေးမာတို့ စက်ရုံရှေ့က ဆန္ဒပြပွဲတွေမှာ ပါပြီးသားပဲ။
အဲ့တုန်းကဆို မီဒီယာသမားတွေကလည်းသတင်းကြားတာနဲ့ ရောက်ရောက်လာကြတာ၊ ကျွန်မဆို လည်း မဖြေတက်ဖြေတက်နဲ့ သူတို့အင်တာဗျူးမေးရင် ရှေ့ဆုံးကဖြေတာပဲ။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တောင်းတာပဲ။ ကျွန်မတော့မကြောက်ပါဘူး။ ဒီလိုပဲ ရတဲ့လစာနဲ့ ရှင်သန်နေထိုင်ရင်းနဲ့ ကျွန်မဘဝမှာ တခါမှမသိဘူး မမြင်ဘူးတဲ့ အာဏာသိမ်းတာနဲ့ ကြုံရတယ်။
အမေစုနဲ့ သမ္မတကြီးတို့ကိုဖမ်းသွားတယ်တဲ့ ကျွန်မဖြင့် အဲ့နေ့က ထမင်းစားလို့တောင် မဝင်ဘူး။ငူငူငိုင်ငိုင်ကြီး။ ဘာလုပ်ရမှန်းလည်း မသိဘူး။ အင်တာနက်တွေဘာတွေလည်းမရတော့ အဲ့နေ့ကစက်ရုံကို သွားပေမယ့် အလုပ်ထဲလည်းစိတ်မပါနေဘူး။ အဲ့ဒါနဲ့ (၆) ရက်နေ့ ဆန္ဒပြကြမယ် လှည်းတန်းမှာတဲ့ ကျွန်မတို့စက်ရုံသွားတဲ့လမ်းမှာပဲ အဲ့သတင်းကြားတာနဲ့ ကျွန်မသူငယ်ချင်းတွေနဲ့ လှည်းတန်းကိုသွားကြတယ်။
လှည်းတန်းရောက်တော့အို လူတွေမှအများကြီးပဲ၊ စက်ရုံဆန္ဒပြပွဲတွေ ခဏခဏကျွန်မပါဖူးပေမယ့် ဒီလောက်လူများတဲ့ ဆန္ဒပြပွဲတော့ ကျွန်မခုမှ ပါဖူးတယ်။ကြက်သီးတွေလည်းထပေါ့၊ တဖက်က ထမင်းချိုင့် ကိုင်ထားတဲ့ခြင်းနဲ့ တဖက်က လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်သံတွေကို အသံဝင်တဲ့အထိ အော်ခဲ့တယ်။ အဲ့အချိန်တုန်းက အာဏာသိမ်းထားတာကို ခဏလေးနဲ့ပြန်ရမယ်လို့ ကျွန်မထင်ခဲ့မိတယ်။ အဲ့နေ့က ပြန်ရောက်တော့ မောမောနဲ့ တချိုးထဲအိမ်ပျော်သွားခဲ့တယ်။
နောက်ရက်တွေလည်း သွားတော့သွားပေမယ့် ၂ လပိုင်းကုန်လောက်ကျ စစ်တပ်က သေနတ်နဲ့ပစ်တဲ့သတင်းတွေကြားတော့ ကျွန်မတို့သိပ်မထွက်ရဲတော့ဘူး။ နောက်ပိုင်းအဖမ်းအဆီးတွေလည်း ကြမ်းလာတော့ ကျွန်မ လည်း လှူသင့်တဲ့နေရာကိုရတဲ့လစာ မရှိမယ့်ရှိမယ့်ကြားက လှူပြီးတိုးတိုးတိတ်တိတ်ပဲ နေလာခဲ့တယ်။ တချို့ကျွန်မတို့ စက်ရုံက အလုပ်သမားခေါင်းတွေဆို အဖမ်းခံရတာ၊ ထောင်ကျတာတွေလည်း ရှိတယ်။ ဒီလိုနဲ့နေလာရင်းနဲ့ စီးပွားရေးကပိုကြပ်လာတယ်။ကိုဗစ်တုန်းကလည်း အလူးအလိမ့်ပဲ။
တချို့ စက်ရုံကအလုပ်သမလေးတွေဆို လိင်အလုပ်သမ လုပ်ငန်းကိုပြောင်းသွားတဲ့သူတွေရှိတယ်လို့တောင် ကျွန်မ ကြားတယ်။ ခေတ်ကမကောင်းတော့ လုပ်ခလစာတိုးဖို့ကလည်း ထီပေါက်သလောက်ကို ခဲရင်းတဲ့ကိစ္စ ဖြစ်လာတယ်။ ကုန်ဈေးနှုန်းကလည်းမိုးထိနေပြီ ဒီကြားထဲ အလုပ်သွားအလုပ်ပြန် ခိုးဝှက်တဲ့လူတွေက ဘာမှကိုမလုံခြုံတာ၊ အကုန်လုံးကိုကြောက်နေရတယ်။
နောက်တမျိုး စစ်မှုထမ်းဥပဒေကလည်းထွက်တော့ ကျွန်မသူငယ်ချင်းတွေဆို သူတို့မောင်တွေ၊ ရည်းစားတွေ၊ယောကျာ်းတွေ ပါမှာစိုးလို့ ငိုကြယိုကြနဲ့ အကုန်လုံးကစိုးတထိတ်ထိတ်တွေပါပဲ။ နောက်ပိုင်း အမျိုးသမီးတွေလည်း စစ်မှုထမ်းရမယ်တဲ့ ဒီသတင်းကြားတော့ တချို့တက်နိုင်တဲ့ စက်ရုံအလုပ်သမတွေက နိုင်ငံခြားထွက်ဖို့ ပြင်ကြတယ်။ တက်နိုင်တဲ့သူဆိုတာက ငွေချေးပြီး သွားနိုင်ကြသူတွေဖြစ်တယ်။ ပွဲစားနဲ့ ထိုင်းကို အောက်လမ်းကသွားတာတို့ ပတ်စပို့လုပ်ပြီး ဒူဘိုင်းတို့ အိုမန်တို့မှာ ကလေးထိန်းအလုပ်တို့ ခေတ်စားတယ်။
ကျွန်မကတော့ ငွေလည်းမချေးနိုင်တော့ နိုင်ငံခြားအိမ်မက်ကိုလည်း စွန့်လွှတ်ထားတယ်။ ပြန်ကြားရတာတော့ တချို့လည်းအဆင်ပြေကြတယ်။ တချို့လည်း နှိပ်စက်ခံရတာတို့ လူကုန်ကူးခံရတာတို့လို သတင်းသဲ့သဲ့ကြားတယ်။ ကျွန်မလေ ဒါတွေအကုန်လုံးက စစ်တပ်ကြောင့်လို့ ယုံကြည်တယ်။ ကျွန်မမှာသာ ပိုက်ဆံအများကြီးရှိရင်လေ ရသမျှ ထောက်ပို့ပဲလုပ်ပစ်ချင်တာ၊ အခုက ခြိုးခြိုးခြံခြံနဲ့ဆိုတော့ ထမင်းစားဖို့တောင် အနိုင်နိုင်ရယ်၊ ဒါပေမယ့် ကျွန်မ OT ရတဲ့ထဲက နည်းနည်းကိုတော့ အဲ့ဘက်ကို လှူဖြစ်တယ်။
စက်ရုံကလည်း လုပ်သာလုပ်နေရတာ တခုခုပြသနာဖြစ်ပြီဆို သမဂ္ဂတွေကလည်း အရင်လောက်အားမကောင်းတော့ ကျွန်မတို့လိုအလုပ်သမားတွေကို မကူညီနိုင်ဘူး။ အဲ့တော့ အလုပ်ရှင်နဲ့ သူတို့ရဲ့လက်ပါးစေတွေက ဆိုးချင်တိုင်းဆိုးနေတာ၊ မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင် ဆိုတဲ့အပေါက်မျိုး။
စစ်တပ်ကြောင့်တမျိုး ကုန်ဈေးနှုန်းကတမျိုးနဲ့ တစ်ပူပေါ်နှစ်ပူဆင့်ရတဲ့ကြားထဲ ငလျင်ကလည်း လှုပ်သေး။ ကျွန်မဖြင့်ကြောက်လိုက်တာ ငလျင်လှုပ်ပြီးထဲက စိတ်ဖြောင့်ဖြောင့်နဲ့တောင်မအိပ်နိုင်ဘူး။ အိမ်တွေပြိုသွားတဲ့သူတွေဆို ဘယ်လောက်များသောကရောက်လောက်မလဲ။ ခေတ်ကလည်းမကောင်းတော့ ကယ်ဆယ်ရေးလည်း သေချာမလုပ်နိုင်။
ဒါတွေမြင်တိုင်းကြားတိုင်း အာဏာသိမ်းထားတဲ့စစ်တပ်ကိုပဲ ကျွန်မဖြင့် ကျိန်ဆဲနေမိနေတော့တာပဲ။ စက်ရုံမှာအလုပ်လုပ်နေရင်း ငလျင်ကြီးသာလှုပ်ရင် ဘယ်အပေါက်ကပြေးမလဲ။ မတက်နိုင်ဘူး။ သေတနေ့မွေးတနေ့ပဲမလား။ ဒီထက်ဆိုးပြီးလည်း ကျွန်မတို့လောက် ကံဆိုးတာ ရှိပါ့ဦးမလား။
ကြောက်လို့ဆိုပြီး အလုပ်ကလည်းမသွားလို့မရ ငလျင်ထက် ကြောက်ဖို့ကောင်းတဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။ အခုဆိုလည်း ရှင်သန်ရတာစိတ်ဆင်းရဲစရာတွေကများလွန်းလွန်း ဘယ်ဟာကို ပထမထားပြီး စိတ်ညစ်ရ ဘယ်ဟာက နောက်ဆုံးထားပြီး စိတ်ညစ်ရမှန်းတောင် ကျွန်မမှာဖြင့် မခွဲတက်တော့ဘူး။ ဒါပေမယ့် ကျွန်မမှာ ထွက်ပေါက်တော့ရှိတယ်။ စစ်တပ်မရှိရင် ကျွန်မတို့အရင်လို လွတ်လွတ်လပ်လပ်ရှင်သန်ရတဲ့ ဘဝတွေပြန်ရမယ်လို့ ကျွန်မကတော့ ယုံကြည်နေသေးတယ်။
အဲ့လိုနေ့မျိုး ကျွန်မ မသေခင်မြန်မြန်ရောက်လာပါစေလို့ ဆုတောင်းနေမိတယ်။
ကျွန်မတို့က ဒုက္ခပေါ် ဒုက္ခပြန်ဆင့်နေရတဲ့ဘဝမဟုတ်လား…။
အမျိုးသမီးအသံအမျိုးသမီးအားမာန် စာစဉ် အမှတ်(၇) ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင်။
https://drive.google.com/file/d/1bYrwUV79wkNmbMY61EmLFSUt3BuPl0Kn/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media