(အမရာ မှ ရေးသားပြုစုသည်။)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၏ မနက်ခင်း သည် တခြားသောမနက်ခင်းများနှင့်မတူ တိတ်ဆိတ်မှုက ကြီးစိုးနေပြီး အမျိုးအမည် မဖော်ပြနိုင်သည့် စိမ်းသက်သက်ခံစားချက်များက လေထုထဲတွင် ရောထွေးနေသည်။ အိပ်ရာမှာနိုးလာသည့်အချိန် သူငယ်ချင်းဖြစ်သူထံ ဖုန်းခေါ်ကြည့်သောအခါ ဖုန်းလိုင်းက ခေါ်မရတော့။ ဖုန်းတခုခုချို့ယွင်းနေသည်ဟုသာ တွေးထင်ပြီး သူငယ်ချင်းဖြစ်သူအိမ်သို့ စက်ဘီးဖြင့် ထွက်လာခဲ့သည်။
သူငယ်ချင်းအိမ်ရောက်သည့်အခါ တုန်လှုပ်ခြောက်ခြားဖွယ် သတင်းဆိုးက ကြိုဆိုခဲ့သည်။ ထိုအချိန်တွင် ဘာလုပ်လို့၊ ဘာကိုင်ရမှန်း မဆုံးဖြတ်နိုင်အောင် ပြာယာခတ်နေမိခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ပြည်သူတွေ ကြုံတွေ့ ခဲ့ရသည့် အာဏာသိမ်းမှုမနက်ခင်းကို အသက် (၂၃) နှစ်အရွယ် မချောစုစံသည်လည်း ထိတ်ထိတ်လန့်လန့်နှင့် ဖြတ်သန်းခဲ့ရသည်။
ထိုမနက်ခင်းတွင် မချောစုစံသည် မုံရွာရှိလူငယ်များဆုံရပ်ဖြစ်သည့် မုံရွာလူငယ်စင်တာကို ထွက်လာ ခဲ့ပြီး ဘာဆက်လုပ်ကြမလဲကို သူငယ်ချင်းမိတ်ဆွေများနှင့် တိုင်ပင်ခဲ့ကြသည်။ ဖေဖော်ဝါရီလ (၂) ရက်နေ့ တွင် လူမှုကွန်ရက်မှတဆင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် သံပုံးတီးကမ်ပိန်းများကို စတင်လှုံ့ဆော်သည့် နေရာက စတင်ပါဝင်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် မုံရွာမြို့ပေါ် လူထုသပိတ်တိုက်ပွဲများ ကတဆင့် တော်လှန်ရေး ခရီးကြမ်းကို လျှောက်လှမ်းခဲ့လေသည်။ ပြောက်ကျားသပိတ်များ၊ လူထုသပိတ်များ၊ လူထုစည်းရုံးရေးများတွင် ရှေ့တန်းက ပါဝင်ခဲ့သည်။ သပိတ်များဖြိုခွင်းခံရမှုများနှင့် အကြိမ်ကြိမ်ကြုံခဲ့ရသော် လည်း ကံတရားမျက်နှာသာပေးနေသေးသဖြင့် ယနေ့အချိန်ထိ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်နေခဲ့သည်။
တိမ်းခိုသည့်နေရာဝင်စီးခံရသည့် အဖြစ်အပျက်သည် အဆိုးရွားဆုံးအတွေ့အကြုံ ဖြစ်သည်။ ထိုနေ့က အစည်းအဝေးလုပ်မည့်နေရာကို ဝင်ဆီးခံရခြင်းဖြစ်သည်။ ထွက်ပြေးရန် ကြိုးစားခဲ့ရာ သေနတ်ဖြင့် လှမ်းပစ် ခံခဲ့ရသည်။ ကံကောင်းလှသောကြောင့် သေနတ်မမှန်ဘဲ ဖမ်းဆီးထားသည့် လူများစုရာတွင် အချိန်အတော် ကြာ ထိုင်နေခဲ့ရသည်။ ထို့နောက် စစ်ကောင်စီတပ်သားများ တခြားတဖက်ကို အာရုံရောက်နေချိန်တွင် ထပ်မံထွက်ပြေးရာ လွတ်မြောက်ခဲ့သည်။
၂၀၂၁ ခုနှစ် အစောပိုင်းမှာကတည်းက ဖမ်းဝရမ်းထုတ်ခံထားခဲ့ရသော်လည်း ဝင်ရောက်ဖမ်းဆီးသည့် စစ်သားများက လူကိုသေချာမသိခြင်း၊ လူအများကြားရောထွေးနေခြင်းကြောင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပြောက်ကျားသပိတ်လှုပ်ရှားမှုများ ခပ်စိပ်စိပ်ထွက်လာကြချိန်တွင် သပိတ်လူငယ်များ၏ချိတ်ဆက်မှု၊ တွေးခေါ်မှုများဖြင့် အမျိုးသမီးများသီးသန့်ပါဝင်သည့် သပိတ်များတွင်လည်း ပါဝင်ခဲ့သည်။ ထိုမှတဆင့် အမျိုးသမီးမဟာမိတ်အင်အားစုကိုလည်း တက်ကြွလှုပ်ရှားသူ အမျိုးသမီးများဖြင့် စုစည်းခဲ့ကြသည်။
လက်ရှိအချိန်သည် အမျိုးသမီးများ ကို တဆင့်နိမ့်ဆက်ဆံမှုကို တိုက်ထုတ်ရန် အကောင်းဆုံး အချိန်ဖြစ်သည်ဟု တွေးဆမိသည့်အတွက် အမျိုးသမီးသပိတ်များကို တောက်လျှောက် ဦးဆောင်ခဲ့သည်။
နွေဦးတော်လှန်ရေး၏ အစောပိုင်းကာလ လူထုလှုပ်ရှားမှုများမှအစ အသက်ပေးဆပ်ကြသည့် ဖြစ်ရပ်များအထိ အမျိုးသမီးများ၏ရဲရင့်မှုနှင့် အမျိုးသမီးများ၏တန်းတူပါဝင်မှုသည် အားလုံးမျက်မြင်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရိုးရာဓလေ့နှင့် ယဥ်ကျေးမှုအခြေအနေများတွင် အမျိုးသမီးများအား တဆင့်နိမ့် ဆက်ဆံမှုကို တိုက်ထုတ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု တွေးဆမိသည့်အတွက် အမျိုးသမီးသပိတ် များကို တောက်လျှောက် ဦးဆောင်ခဲ့သည်။
သို့သော် အမျိုးသမီးတစ်ဦးအတွက် ထပ်ဆင့်စိန်ခေါ်ချက်များစွာကို ရင်ဆိုင်ခဲ့ရသည်။ “ဒီအမျိုးသမီး လုံခြည်အလံကို လွှင့်ထူရမှာကို ဘုန်းနိမ့်မှာ စိုးကြတယ်။ အမျိုးသမီးထဘီကလည်း အလံဆိုတာ လက်ခံတယ်။ ဒါပေမယ့် အဲ့ထဘီက အသစ်ဖြစ်ရမယ်၊ ထဘီအလံလွှင့်မယ်ဆိုရင် အဲ့ထဘီက အသစ်ပဲဖြစ်ရမယ်၊ ဝတ်ပြီးသား မဖြစ်ရဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ကျွန်မတို့ကို အတွေးလေးတွေနဲ့တားတာမျိုးတွေ လုံခြည်အသစ်ပဲ သုံးပေးရမယ် ဆိုတဲ့ပုံစံမျိုးတွေ” မချောစုစံက ကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောင်း ပြောပြခဲ့သည်။
တော်လှန်ရေးကာလ အချိန်တခုကြာလာသည့် ယခုအခါတွင် အတွေးအမြင်များ တဖြေးဖြေး ပြောင်းလဲလာကြပြီ ဖြစ်သည်။ လုံချည်အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ အဝတ်စတခုသာဖြစ်သည်ဟု အတွေးအမြင်ပြောင်းလဲလာစေရန်၊ အမျိုးသမီးများနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာများ၊ အတွေးအခေါ်များကို ပြောဆိုဟောပြောမှုများကြောင့် အမျိုးသမီးများကိုယ်တိုင် အယူအဆအလွဲများကို နားလည်လာကြသည်။ သို့သော် ထိုပြောင်းလဲမှုသည် ရာနှုန်းပြည့်မဖြစ်သေးပေ။
ထို့ပြင် အမျိုးသမီးတစ်ဦးအနေဖြင့် တော်လှန်ရေးလှုပ်ရှားမှုများကို အမျိုးသားများနှင့်တန်းတူ ဆောင်ရွက် ရာတွင်လည်း အမျိုးသမီးဖြစ်ခြင်းအပေါ် ခွဲခြားဆက်ဆံမှုများနှင့်လည်း ရင်ဆိုင်ရသည်။ အမျိုးသားများ သပိတ်ခေါင်းဆောင်များနှင့်တန်းတူ တော်လှန်ရေးအလုပ်များလုပ်ခြင်း၊ အတူတူတိမ်းရှောင် နေထိုင်ရသည့်အခါ သပိတ်ဦးဆောင်နေသည့် အမျိုးသမီးများသည် ယောကျာ်းများနှင့်တရုန်းရုန်း၊ အိန္ဒြေမရှိဘူး ဟူသည့် ဝေဖန်မှု၊ အမြင်မကြည်မှုများနှင့်လည်း ရင်ဆိုင်ရသည်။ အမျိုးသမီးသပိတ်များထွက်မည်ဆိုသည့် အချိန်တွင်လည်း ဘာကြောင့်ထွက်မှာလဲ၊ မလိုအပ်ဘူးဆိုသည့်ပုံစံဖြင့် တားမြစ်မှုများနှင့်လည်း ကြုံတွေ့ရ သည်။
တခါတွင် လူမှုလုပ်ရှားရေးအတွက် အဖွဲ့ကိုယ်စား ဒေသခံခေါင်းဆောင်တစ်ဦးနှင့်သွားတွေ့ရာတွင် အသက်အရွယ်အရ ငယ်လွန်းခြင်း၊ အမျိုးသမီးဖြစ်ခြင်းကြောင့် စကားမပြောလိုကြောင်း၊ အဖွဲ့ထဲက အမျိုးသား များနှင့်သာ ပြောလိုကြောင်း၊ အမျိုးသမီးတစ်ဦးနှင့်နိုင်ငံရေးကိစ္စများမဆွေးနွေးလိုသည့် ပုံစံဖြင့် ခါးခါးသီးသီး ငြင်းဆိုမှုမျိုးကို သူမကြုံတွေ့ခဲ့ရဖူးသည်။
တော်လှန်ရေးကာလ သုံးနှစ်ကျော်အကြာတွင် တချို့အတွေးအခေါ် များ ပြောင်းလဲလာပြီ ဖြစ်သော်လည်း၊ တချို့သော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် အမျိုးသမီးများအပေါ် စိတ်ရင်းစေတနာအမှန်ဖြင့် လေးစားခြင်းမျိုးမဟုတ်သေးဘဲ လူ့အသိုင်းအဝိုင်းတွင် လူယဥ်ကျေးသဖွယ် ဖြစ်ချင်သည့်အတွက် အပေါ်ယံလေးစားမှုများလည်းရှိ သည်။
တော်လှန်ရေးအောင်မြင်မှုသည် စစ်ရေးတခုထဲဖြင့် အနိုင်ရမည် မဟုတ်ဘဲ လူထုတော်လှန်ရေးဖြစ်သည့်အတွက် လူထုအားဖြင့်သာ အောင်မြင်မည်ဖြစ်သည်ဟုလည်း ယုံကြည်ထားသူ ဖြစ်သည်။
မုံရွာမြို့ပေါ်က သပိတ်လှုပ်ရှားမှုများကတဆင့် တော်လှန်ရေးအရွေ့၏ ဆင့်ကဲပြောင်းလဲမှုတိုင်းတွင် ကျရာတာဝန်ကို ပခုံးထမ်းတင်ခဲ့သည်။ အညာဒေသ စစ်ရေးအားကောင်းလာချိန်တွင်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များကို နိုင်ငံရေးအသိပညာ၊ ဗဟုသုတမျှဝေသည့် လုပ်ငန်းစဉ်များ၊ လူငယ်များကိုစုစည်းကာ တော်လှန်လူငယ်စွမ်းဆောင်ရည်မြင့်သင်တန်း၊ လူထုစည်းရုံးရေးနည်းနာ၊ ဖက်ဒရယ်ဒီမိုကရေစီနှင့်ပတ်သက် သည့် သင်တန်းများကို ဆောင်ရွက်နေသည်။
တော်လှန်ရေးအောင်မြင်မှုသည် စစ်ရေးတခုထဲဖြင့် အနိုင်ရမည် မဟုတ်ဘဲ လူထုတော်လှန်ရေးဖြစ်သည့်အတွက် လူထုအားဖြင့်သာ အောင်မြင်မည်ဖြစ်သည်ဟုလည်း ယုံကြည် ထားသည်။ တဆက်ထဲမှာလည်း အတွေးအခေါ်တော်လှန်ရေးကိုလည်း ဆင်နွှဲနေရသောကြာင့် လူထုသပိတ် လှုပ်ရှားမှုများတွင် ရှေ့တန်းကပါဝင်နေရခြင်း ဖြစ်သည်။
စစ်ကောင်စီကို ရင်ဆိုင်နေသည့် သုံးနှစ်တာကာလသည် လူမှုဘဝရှင်သန်မှုတွင် အလှည့်အပြောင်း များစွာဖြင့် ရင်ဆိုင်ခဲ့ရသလို စိတ်ပိုင်းဆိုင်ရာအရလည်း အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရသည်။ မိသားစုများ နှင့် ခွဲခွာရခြင်း၊ ရဲဘော်ရဲဘက်များ ကျဆုံးထိခိုက်ခြင်း၊ အိုးအိမ်မီးရှို့ခံရမှုများ၊ လေယာဥ်ဗုံးကျဲမှုများကို သတင်း တွေကတဆင့် မြင်ရကြားရသလို၊ ကိုယ်တိုင်လည်း မြေပြင်မှာရှိနေသည့်အတွက် စိတ်ထိခိုက်မှုများနှင့် ဖြတ်သန်းခဲ့ရသည်။ ထိုအခြေအနေများ၊ စိတ်ခံစားချက်များကို နောင်လာနောင်သားများကို မကြုံစေချင်တော့ ဘူး ဆိုသည့်ဆုံးဖြတ်ချက်ဖြင့် ပြန်အားယူခဲ့သည်။ ဒါ့အပြင် တော်လှန်ရေး ဘက်တော်သားအချင်းချင်းတွင် ဖြစ်ပွားနေသည့် ပွတ်တိုက်မှုများ၊ ပဋိပက္ခများကလည်း စိန်ခေါ်မှုများဖြစ်သည်။
စစ်အာမသိမ်းခင် ကျောင်းသူဘဝတွင် မုန့်ဖိုးမှန်မှန်မရမည်နှင့် စာမေးပွဲမဖြေနိုင်မည်က ဘဝ၏ အကြီးမားဆုံးပြသနာများဖြစ်ခဲ့သော်လည်း တော်လှန်ရေးကာလအတွင်းတွင် ဘဝသင်ခန်းစာများကို သုံးနှစ် အမြန်သင်တန်းတက်ရောက်ရသကဲ့သို့ ဘဝအတွေ့အကြုံသစ်များ ရရှိခဲ့သည်။ ယခင်က လုပ်ဆောင်ရမည့် အစီအစဉ်များကို ကြိုတင်တွေးတောထားခဲ့သော်လည်း လက်ရှိတွင် ပစ္စုပ္ပန်ကို တည့်တည့် ရှုရမြင်တတ်လာခဲ့ သည်။
အာဏာမသိမ်းခင်က ဝါသနာပါသည့် ခရီးသွားလုပ်ငန်းကိုလုပ်ကိုင်မည်ဟု စိတ်ကူးထားခဲ့ဖူးသည်။ သက်ကြီး ရွယ်အိုအဖိုးအဖွားများနှင့် ကလေးငယ်များကိုစောင့်ရှောက်သည့် လုပ်ငန်းများလည်း ဆောင်ရွက်ရန် စိတ်အားထက်သန်ခဲ့သည်။ မင်းသမီးဖြစ်ချင်သည့် စိတ်ကူးသည် ငယ်ဘဝအိပ်မက်ဖြစ်ပြီး နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းနှင့် ခရီးသွား ဘလော့ရိုက်ကူးခြင်းကို စိတ်ဝင်စားလာခဲ့သည်။ တော်လှန်ရေးပြီးဆုံးချိန်တွင် အိမ်ပြန်ချင်ပြီး မိသားစုနှင့် ဖြတ်သန်းချင်သည်ကတော့ အဖြစ်ချင်ဆုံးဆန္ဒ ဖြစ်သည်။
ဖေဖော်ဝါရီလ (၆) ရက်နေ့က စတင်ခဲ့သည့် တော်လှန်ရေးခရီးမှသည် ယနေ့အချိန်အထိ မြောက်မြား လှသည့်တာဝန်များကို ထမ်းဆောင်နေရသည်။ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဒုဥက္ကဌ၊ မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏အဖွဲ့ဝင်၊ အမျိုးသမီးမဟာမိတ်အင်အားစု၏ အဖွဲ့ဝင်အဖြစ် လှုပ်ရှား ဆောင်ရွက်နေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းလူထုလှုပ်ရှားမှုများ၊ စစ်ဘေးရှောင်ကူညီရေးစသည့် လုပ်ငန်းများတွင် ပါဝင်နေပါသည်။
အမျိုးသမီးတစ်ဦးအနေဖြင့် နိုင်ငံရေး၏အရွေ့ကို ပါဝင်ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ၊ ခွဲခြားမှုများဖြင့် ယနေ့ထိတိုင် မျက်နှာချင်းဆိုင် ကြုံတွေ့ခဲ့ရပါသည်။ အမျိုးသားတစ်ဦး လျှောက်လှမ်းသည့် နိုင်ငံရေးခရီးထက် အမျိုးသမီးတစ်ဦး လျှောက်လှမ်းရသည့် နိုင်ငံရေးခရီးလမ်းသည် မမြင်ရသည့် အတားအဆီး များ၊ ဓလေ့ထုံးတမ်းများဖြင့် ပြည့်နှက်နေလေတော့သည်။ ။
တော်လှန်ရေးပြီးဆုံးချိန်တွင် အိမ်ပြန်ချင်ပြီး မိသားစုနှင့် ဖြတ်သန်းချင်သည်ကတော့ အဖြစ်ချင်ဆုံးဆန္ဒ ဖြစ်သည်။